Wednesday, May 22, 2013

လည်ပြန်ငေး၍ လွမ်းနေမိသော တောင်ကုန်းအဟောင်းများ



လည်ပြန်ငေး၍ လွမ်းနေမိသော တောင်ကုန်းအဟောင်းများ

စာအုပ်အမည်                      တောင်ကုန်းအဟောင်းများ
ရေးသူ                               မောင်သိန်းဇော်
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ မတ်လ
ထုတ်ဝေသည့် တိုက်               စိတ်ကူးချိုချို

          `ကျွန်တော်တို့ရပ်တည်ရှင်သန်ရာဘ၀ခွင်တွေမှာ ရုပ်ပိုင်းအရ လှုပ်ရှားပေါ့ပါးနေကြပေမဲ့ တစ်ခါ တလေ စိတ် ဆိုတဲ့ အတွင်းပစ္စည်းက မမြင်နိုင်တဲ့ ထောင့်ချိုးလေးတစ်ခုမှာ မွန်းကျပ်ချင် မွန်းကျပ်နေမယ်။ ကျွန်တော် အဲဒီလို ထောင့်ချိုးလေးတစ်ခုမှာ မွန်းကျပ်နေတုန်း ကဗျာဆိုတဲ့ လူကြီးလူကောင်း (တနည်းအားဖြင့်) မိကောင်း ဖခင်နဲ့ စပြီး ဆုံတွေ့ခဲ့ရတာပါပဲ´
        `ကဗျာမှာတော့ ကျွန်တော် ဘယ်သူနဲ့မှ ညှိနှိုင်းဖို့ မလိုပါဘူး။ ကိုယ့်ညဏ်နဲ့ ကိုယ် ကြိုက်သလို အပင်စိုက်နိုင်ပါတယ်´` ကဗျာဟာ ကျွန်တော့်ဘ၀နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ စိတ်ကူးရမ္မက်တွေ အတွက် သီးသန့် နေရာရှာပေးခဲ့သူပါပဲ´
        `လောကနီတိတွေကိုပဲ ဖြစ်ဖြစ်၊ နာကျင်မှုတွေကိုပဲ ဖြစ်ဖြစ်၊ ဘ၀နဲ့ ပတ်ဝန်းကျင်ကနေ သူ့ဘာသူ အင်အားတစ်ခုထူထောင်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့ အစိုင်အခဲတွေကို ညဏ်နဲ့ ထုဆစ်ပြီး အလှဖန်ဆင်းတာ ကဗျာပါပဲ၊ ဘ၀နဲ့ ဒဿန လှပစွာစုစည်းမိလို့ ကဗျာတစ်ပုဒ်အမှန်တကယ်ဖြစ်လာခဲ့ပြီဆိုရင် အဲဒီကဗျာဟာ ခေတ်အဆက်ဆက် အသက်ရှင်နိုင်စွမ်းတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။´
           အထက်ပါ စကားများသည် (ဆရာ) မောင်သိန်းဇော် ပိတောက်ပွင့်သစ်မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေထားသော စကားလုံးများဖြစ်ပါသည်။ ကျွန်တော်က မောင်သိန်းဇော်၏ ကဗျာများကို စတင်သိကျွမ်းခဲ့တာ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်မဟုတ်၊ နှင်းရည်စက်လက်+ရှုမျှော်ခင်း ၂၁ကဗျာစာအုပ်ထဲတွင်မဟုတ်။ မန္တလေး ကျောက်တော်ကြီးဘုရားပွဲမှ ဇာတ်ရုံပေါ်တွင်ဖြစ်သည်။ ကျွန်တော့်အဖေက ဇာတ်မင်းသားလေးသိန်းဇော် ပရိ သတ် ။ အဖေတင်မဟုတ် အဘွား၊ကြီးတော်စသည့် ဆွေမျိုးများကလည်းဇာတ်မင်းသားလေးသိန်းဇော်ပရိသတ် စစ်စစ်။ ထို့ကြောင့် ကျွန်တော်ဆယ်နှစ်သားဝန်းကျင်လောက် ကတည်းက ဇာတ်ခုံမျာနှင့် ရင်းနှီးခဲ့သည်။ မောင်သိန်းဇော်က နှစ်ပါးသွားမကခင် ကဗျာရွတ်သည်။ ပြဇာတ်ကပြီး နှစ်ပါးသွားမထွက်ခင် အနားပေးသည့် အချိန်လေးသည် မောင်သိန်းဇော်ကဗျာရွတ်သည့် အချိန်ဖြစ်သည်။ ထိုအချိန်တုန်းက ကဗျာဆိုတာ ဘာမှန်း ကောင်းကောင်းမသိသေးသည့်အရွယ်ပေမယ့် မောင်သိန်းဇော်၏ ကဗျာရွတ်သံကို ကျွန်တော်နှစ်သက်သည်။ သောင်းထိုက်ကကျော် သီချင်းနှင့် မောင်သိန်းဇော်ကဗျာရွတ်သံသည် ကျွန်တော်စိတ်ကို ကလေးဘ၀မှ ယခု လက်ရှိအချိန်ထိ ဖမ်းစားထားနိုင်ဆဲပဲ ရှိသေးသည်။
၂၀၀၅ ခုနှစ် ကျွန်တော်ကဗျာများစတင်ပုံနှိပ်ဖော်ပြခွင့်ရလာသောအခါ ဆရာ မောင်ကြည်သာ( တောင် တွင်း) က ကျွန်တော့်ကို နှင်းရည်စက်လက်+ရှုမျှော်ခင်း ၂၁ ဆိုသည့် ကဗျာစာအုပ်လေးပေးဖတ်သည်။ ၂၀၀၁ ခုနှစ် တွင် စာပေလောကမှ ထုတ်ဝေခဲ့သည့် ကဗျာစာအုပ်။ ထိုစာအုပ်လေးထဲမှ ကဗျာတော်တော်များများမှာ ကျွန်တော့်ကဗျာမှတ်စုစာအုပ်လေးထဲတွင်လက်ရေးဖြင့်ကူးသိမ်းထားသည့်ကဗျာများဖြစ်သည့်အပြင် ကျွန်တော် နားယဉ်နေသောကဗျာများ။ ကျွန်တော်ကဗျာရေးဖို့ အာရုံစုစည်း မရသည့်အခါတိုင်း နှင်းရည်စက်လက်+ ရှုမျှော်ခင်း ၂၁ ကို ပြန်ဖတ်ပြီး ကဗျာဓါတ်များ ကူးလူးချိတ်ဆက်မိသည်။ တနည်းအားဖြင့် ကဗျာဓါတ်ဝတ်မှုံကူး ရသည်။ ခေတ်ပေါ်ကဗျာ၏ အရသာကို နှင်းရည်စက်လက်ရှုမျှော်ခင်းက ကျွန်တော့်ကို အပြည့်အ၀ပေးခဲ့သည်။ ကျွန်တော် နှစ်သက်စွဲလမ်းမိသော ခေတ်ပေါ်ကဗျာဆရာ သုံးယောက်ရှိသည်။ မောင်ချောနွယ်၊ နေမျိုးနှင့် မောင်သိန်းဇော်ဖြစ်သည်။ ခေတ်ပေါ်ကဗျာ၏အခိုက်ဓါတ်၊ အလှဓါတ်နှင့် ကဗျာဓါတ်ကို ထိုကဗျာဆရာ သုံးယောက် ထံမှ ကျွန်တော်ရရှိခဲ့သည်။ မောင်ချောနွယ်က နာကျင်မှုကို ဖွဲ့သည်။ နေမျိုးက ဆာလောင်မှုကို ဖွဲ့သည်။ မောင်သိန်းဇော်က မြင်ကွင်း(သို့မဟုတ်( ရှုခင်း)ကို ဖွဲ့သည်။ နှင်းရည်စက်လက်+ရှုမျှော်ခင်း ၂၁ ထဲမှ အပူသည်၊ ရှုမျှော်ခင်း၊ ရေတံခွန်ကြီးကို မီးရှို့မပစ်လိုက်ပါနဲ့၊ ဆွတ်ဆွတ်ဖြူအနမ်း၊ ဒုက္ခနဲ့ တည့်တည့်က နတ်သား စသည့်ကဗျာဆိုလျှင် အလွတ်ရသည်အထိ စိတ်ထဲစွဲလမ်းမိရသည့် ကဗျာများဖြစ်သည်။
ယခု တောင်ကုန်းအဟောင်းများ ဆိုသည့် ခေါင်းစဉ်နှင့် (ဆရာ)မောင်သိန်းဇော်၏ ကဗျာစာအုပ် တစ်အုပ် ၂၀၁၃၊ မတ်လတွင် ထွက်ရှိလာသည်။ ယခင်နှင်းရည်စက်လက် ရှုမျှော်ခင်းမှ ( ဆည်းလည်း၊ ရေချိုး ဆိပ်၊ ဒီ၊ အသစ်တဖန်၊ မီးဖွင့်လိုက်၊ ကောင်းကင်၊ ည၊ နေ့စွဲ) စသည့် ကဗျာ ၈ပုဒ် ပြန်လည်ထည့်သွင်း ဖော်ပြ ထားတာကို တွေ့ရှိရပြီး ကဗျာအသစ် ၁၇ ပုဒ် ပါဝင်ဖွဲ့စည်းထားရှိသည်။ ဆရာမုတ်သုန်၏ သရုပ်ဖော်ပန်းချီပုံများ နှင့်အတူ ဆရာ မောင်သာနိုး၏ အင်္ဂလိပ်ဘာသာပြန်လက်ရာအား မူရင်းကဗျာနှင့် တွဲဖက် ဖော်ပြထားသည်။ ကဗျာဆရာ ဇာတ်မင်းသားလေး ပွဲက သွားတော့ကဗျာပါသွားသည်။ ဇာတ်မင်းသားလေး ကဗျာဆရာ ပွဲက ပြန် တော့ကဗျာတွေကျန်ခဲ့သည်။ တောင်ကုန်းအဟောင်းများ ကဗျာစာအုပ်အောက်ခြေမှတ်စုများအရ ဇာတ်မင်း သားလေးသိန်းဇော်ပွဲက ဖျော်ဖြေသည့် မြို့ များတွင် ကဗျာဆရာမောင်သိန်းဇော်က ကဗျာတွေ ရေးဖြစ်ခဲ့သည်။ အောင်ပင်လယ်၊ အင်းစိန်၊ ရေတာရှည်၊ ရန်ကုန်၊ ဟင်္သာတ ၊ ပြည်၊ မန္တလေး၊ ရေနံချောင်း၊ သံတွဲ၊ ဧလာ၊ တောင်ငူ၊ သာကေတ၊ မိုးကောင်း၊ ထီးချိုင့်၊ ဟိုပင်၊ မြန်အောင်၊ မြောင်းမြ စသဖြင့် မြို့တွေလည်း စုံသည်။ နယ်လည်းစုံသည်။ ၁၉၈၆ မှ ၂၀၁၀ အထိ ကဗျာ ဆရာ ဖြတ်ကျော်ခဲ့သော တောင်ကုန်းများ၊ တောင်ကုန်း အဟောင်းများ။ လည်ပြန်ငေးတော့ လွမ်းမိ သည်။
` မိန်းမသားတစ်ယောက်
  မီးတောက်တစ်ခု
  လမ်းနဲ့ အစီအရီ
  အမြစ်က မြေကို တွယ်သလို
  လူ့ကမ္ဘာပေါ် သူနေထိုင်ပုံရဲရင့်
  မုန့်ကို ရောင်းမှာလား ?
  မီးကို ရောင်းမှာလား ?
  တစ်ဆောင်းလုံးနှစ်ထားတဲ့ ခေတ်ဆစ်ကို မရောင်းဘူး။
  လ၊ မှောင်လေ လှလေ
  နေ့တစ်နေ့ကို ပြန်အမ်းဖို့
  ကြယ်အကြွေတွေကို ရေတွက်ရင်း။´
( မီးနဲ့ လုပ်တဲ့မုန့်- ရေတာရှည်၊ ၂၀၀၀ ကဗျာမှ)  
ကျွန်တော်တို့  ဘုရားပွဲဈေးတန်းလမ်းလျှောက်တိုင်း တခုတ်တရ၀ယ်စားဖြစ်ခဲ့သည့် မုန့်။ မုန့်လေပွေ။ တူတုတ်ချောင်းကြီးနှစ်ချောင်းဖြင့် မီးတောက်တွေကြားထဲ လှည့်လိုက်၊ မှောက်လိုက်၊ လှန်လိုက်နှင့် မုန့်လေပွေ ပြုလုပ်နေသည်ကို ကြည့်ချင်တာနှင့်ပင် ကျွန်တော်တို့ စောင့်ဆိုင်းဝယ်ယူမိကြသည်။ ကဗျာဆရာကတော့ ကြည့်ရုံသက်သက်မဟုတ်၊ ကဗျာနှင့် ရေးသည်။ ကဗျာနှင့် မေးလိုက်သည်။ မုန့်ကို ရောင်းမှာလား။ မီးကို ရောင်း မှာလား တဲ့။ ထိုမေးခွန်းက ကဗျာ၏အလှဓါတ်ကို အမြင့်ဆုံးစွဲတင်လိုက်သလို ကဗျာဖတ်သူ၏ သိမှုနယ် ပယ် ကို ချဲ့ထွင်မိစေသည်။ ကျွန်တော်တို့ ဘ၀တွေလည်း ပိုမှောင်မှ ပိုလှခဲ့လေသလား။ မီးနဲ့ ရောင်းတဲ့ မုန့်ကို ၀ယ်ရင်း လ ကို ငေးမိသည်။

`ဆိုင်းဘုတ်တွေကို
 ကျွန်တော် အသေအချာဖတ်ခဲ့တယ်
 ဒါပေမယ့်
 ကျွန်တော့်ကိုတော့
 ဆိုင်းဘုတ်တွေက ဖတ်မကြည့်ကြဘူး။

 နေ့တစ်နေ့ရဲ့ အလျားအတိုင်း
 ချွေး၊ ခြေသံနဲ့ မှားယွင်းမှု
 တစက်စက်စိမ့်ဝင်
 အပေါ်မော့ကြည့်တော့ နေမွန်းတည့်။´
(အဆင်မပြေမှု နေ့တစ်ဝက်-၁၉၉၅၊ ရန်ကုန် ကဗျာမှ)
          မျှော်လင့်ထားသလောက်ပြန်မရနိုင်သည့်အရာများထဲတွင် နေ့စဉ်လူမှုဘ၀လည်းပါသည်။ အဆင်မပြေ မှုများနှင့် ချိန်းဆိုထားသော နေ့လည်ခင်းသည် အချိန်တိတိကျကျ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ ဆန္ဒနှင့် ဘ၀ထပ်တူမကျမှုသည် ကိုယ့်တစ်ယောက်တည်းကိုမှ လာလာစူးနေသည့် ဆူးတစ်ချောင်းမဟုတ်မှန်း အသိခက်ခဲ့သည်။ သည်လိုနှင့် ဆုတောင်းတွေ များခဲ့သည်။ သည်လိုနှင့် နေ့ညသည် ရှည်လျားခဲ့သည်။ သည်လိုနှင့် အလိုမပြည့်ခြင်းများကို လက်ခံရဲခဲ့သည်။ နေလည်ခင်း၏ အပူသည် ကိုယ့်ရင်ထဲက အပူထက် ပိုပြင်းနိုင်ဦးမလား။ သည်လိုနှင့် ဘ၀သည် ရှည်းလျားနေပါလိမ့်ဦးမည်။
` ဘ၀၌
  ရွတ်ဆိုခဲ့သမျှ မမေ့နိုင်
  ဘ၀၌
  မရွတ်ဆိုခဲ့ပေမယ့် ကြားနိုင်၊

  သေခြင်းတရားဆိုတာ
  ခဲရာခဲဆစ်မဟုတ်ပါဘူး၊
  ကိုယ့်ဘက်က
  လိုက်လျောနိုင်ဖို့ပဲ လိုပါတယ်။
( ကဗျာဆရာ- ၂၀၀၂၊ ရန်ကုန် ကဗျာမှ) 
မောင်ချောနွယ်က သေခြင်းတရားဆိုတာလေယာဉ်တစ်စီးကနေလေယာဉ်တစ်စီးပြောင်းစီးသလောက် ပါ တဲ့။ နေမျိုးက သေခြင်းတရားဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ် ဝေဒနာတွေက ဆေးဖက်ဝင်တယ် တဲ့။ လှသန်းကတော့ ကဗျာတွေရှင်ဖို့ကဗျာဆရာတွေ သေဖို့သာပြင်ပေတော့ တဲ့။ မောင်သိန်းဇော်ကတော့ သေခြင်း တရားဆိုတာ ကိုယ့်ဘက်က လိုက်လျောနိုင်ဖို့ပဲ လိုပါတယ် တဲ့။ ကဗျာဆရာဆိုတာ သေရမှာကြောက်တဲ့ လူမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ကြပြီ။ ကဗျာတွေ ဘယ်လိုရှင်သန်အောင် ပြုလုပ်နိုင်ကြမလဲ။ ကွယ်လွန် ဆုံးသွားတဲ့ ကဗျာဆရာတချို့ကတော့  မသေတဲ့ ကဗျာတွေ ရေးသားခဲ့ကြသည်။ ကျွန်တော်တို့ ကဗျာတို့ ကဗျာတွေရော ဘယ်လောက်ဆေးသားခိုင်ကြမည်လဲ။ ရွတ်ဆိုခဲ့သမျှ မမေ့နိုင်၊ မရွတ်ခဲ့ပေမယ့် ကြားနိုင်သော ကဗျာတွေကို မျှော်လင့်မိပါသည်။
`ကဗျာဆိုတာ နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက်စီးဆင်းနိုင်တဲ့ မြစ်ဖြစ်တယ်။ စကြ၀ဠာထဲမှာ (ဒါမှမဟုတ် ) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့၊ ကဗျာကို သြော် ဘယ်သူတွေများ ချစ်နိုင်ပါလိမ့်´ လို့ နှင်းရည်စက်လက်+ ရှုမျှော်ခင်း၂၁ မှာ ဆရာမောင်သိန်း ဇော် ရေးသားခဲ့သလိုပါပဲ။ ခေတ်အဆက်ဆက်ကြွင်းကျန်ရစ်ခဲ့တဲ့ တောင်ကုန်းအဟောင်းများကို ကျွန်တော်တို့ ချစ်ခဲ့ကြပါသည်။ ချစ်နေကြပါလိမ့်ဦးမည်။ ဆရာမောင်သိန်းဇော်လည်း တောင်ကုန်းအသစ်များပေါ်တွင် ကဗျာအသစ်များကို ပစ်ချမထားမိပါစေနဲ့ ဟုလည်း တိုးတိုးတိတ်တိတ် ဆုတောင်းနေမိသည်။

မင်းနဒီခ
၂၁၊ မေလ၊ ၂၀၁၃

ကျွန်တော်နှင့် အဘိုးဒိုင်ယာရီ



ကျွန်တော်နှင့် အဘိုးဒိုင်ယာရီ

အိပ်မက်များကို ကျွန်တော်စိတ်ဝင်စားသည်။ ညက မက်ခဲ့သော အိပ်မက်တစ်ခုကို မနက်အိပ်ယာနိုးချိန် တွင် ပြန်စဉ်းစားရင်း အိပ်ယာထဲ၌ လူးလိမ့်ပျင်းရိနေရခြင်းကို ကျွန်တော်နှစ်သက်ပါသည်။  ဆောင်းတွင်း အိပ်မက်များကိုတော့ ကျွန်တော်မုန်းသည်။ ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဟုလည်း  ကြားဖူးသည်။ ဆောင်းတစ္ဆေတစ်ကောင်၏ အေးမြချွန်ထက်သော လက်သည်းရှည်များနှင့် ပွတ်သပ်ချော့မြူနေသော အိပ်မက် များကို ကျွန်တော် မလိုချင်ခဲ့။ တစ်ချို့ဆောင်းအိပ်မက်များသည် ကျွန်တော်ပြန်မှတ်မိသလောက် မောပန်းနွမ်း နယ်ရသော အိပ်မက်များပင် ဖြစ်သည်။ အိပ်မက်ထဲတွင် ရန်ဖြစ်ဖူးသည်။ တစ်ယောက်နှင့် တစ်ယောက် လက်သီးနှင့် ထိုးဖို့ ကြိုးစားသော်လည်း လက်ကို အပေါ်မြှောက်လိုက်ဖို့ပင် တော်တော်ခက်ခဲနေခဲ့သည်။ တစ်ချို့ဆောင်းအိပ်မက်များတွင် မရောက်နိုင်တော့သည့်  ခရီးတစ်ခုကို ပြေးနေရသလိုပင်။ အားသွန်ခွန်စိုက် ပြေးနေသော်လည်း အိပ်ယာလန့်နိုးသည်အထိ ပန်းတိုင်မရောက်သေး။ တစ်ချို့ဆောင်းအိပ်မက်များကတော့ ခြောက်ခြားသွေးပျက်စရာ ကောင်းလွန်းလှသည်။ မှောင်မိုက်နေသောအခန်းတစ်ခုထဲတွင် ယိမ်းထိုးလှုပ်ရှား နေ သော အရိပ်မည်းများနှင့်။ ကိုယ်တစ်ယောက်တည်း ထီးတည်းသက်ရှိ။ ကြောက်လန့်တကြား အော်ဟစ်သော် လည်း မည်သည့် အသံမှ မထွက်။ မည်သို့ပင်ဖြစ်စေ အထိတ်တလန့်နှင့် နိုးလာရသော အိပ်မက်တစ်ခုအား ပြန်စဉ်းစားရသည်မှာလည်း ပို၍ပင် စိတ်ဝင်စားစရာကောင်းနေပြန်သေးသည်။ နွေအိပ်မက်များကတော့ သိပ်ပြီး မထူးဆန်းလှ။ အိပ်ယာထဲတွင် ဇောချွေးများပြန်ရင်း နိုးထလာရတတ်တာ များသည်။ မိတ်ဆွေ သင်မက်ခဲ့သော အိပ်မက်တစ်ခုကို သင်အစအဆုံးပြန်ပြောနိုင်ပါသလား။ အိပ်မပျော်သူ တစ်ယောက်အတွက်တော့ အိပ်မက် ဆိုတာ ရှိလာမည်မဟုတ်ပေ။ မျက်လုံးများဖွင့်လျက် မိုးလင်းသွားသော ညများအတွက် နှမြောမိသည်။ အရုဏ် တက်အိပ်မက်သည် ရှေ့ဖြစ်နမိတ်တစ်ခုအလား။ ကျွန်တော်အိပ်မက်သုတ္တံကျမ်းကို မဖတ်ဖူးပါ။ အိပ်မက် တွေကို နံပါတ်စဉ်ရေးထိုးထားသည့် နေ့စွဲလွန် ဒိုင်ယာရီတစ်အုပ်ကိုသာ ဖတ်ဖူးပါသည်။
 ရက်စွဲမမှတ်မိတော့သော တစ်နေ့တွင် ဟောင်းနွမ်းဆွေးမြေ့နေသော ပန်းရိုးမဒိုင်ယာရီ စာအုပ်လေး တစ်အုပ် အမေက ကျွန်တော်ကိုပေးခဲ့သည်။ အမေ့ရဲ့အဖေ၊ ကျွန်တော့်အဘိုး၏ နေ့စဉ်မှတ်တမ်း စာအုပ်။ ကျွန်တော်တို့ မိသားစုကတော့ အဘိုး၊ အဘွားကို အဖေကြီး၊ အမေကြီးဟုပဲ ခေါ်ကြသည်။ စာအုပ်အဖုံးတွင် ၁၉၈၁ခုနှစ် ပန်းရိုးမဒိုင်ယာရီဟု ရေးထားသည်။ နေ့စဉ်မှတ်တမ်းဆိုသော်လည်း ပြက္ခဒိန်ရက်စဉ်အလိုက် နေ့စဉ် ရေးသည်မဟုတ်။ စိတ်လိုလက်ရရှိသော နေ့များတွင်သာ ကိုယ့်ဘာသာကိုယ် ရက်စွဲထိုးပြီး ပြန်ရေး ထားခြင်း ဖြစ်သည်။ အဖေကြီးက လက်သမားလည်းလုပ်ဖူးသည်။ မာဇဒါကားလေးတစ်စီးပေါ်တွင် လက်လှည့်ဓါတ်စက် လေး တင်ပြီး နယ်လှည့်ကာ ထီလည်းရောင်းဖူးသည်။ ကားနောက်ခန်းတွင် ပိုးကြိုးလေးများဖြင့် ထီလက်မှတ် များအား တန်းစီ ချိတ်တွဲလျက်။ ကားရပ်သည့် နေရာတွင် ဓါတ်ပြားအချပ်ကြီးထည့်ထားသော ဓါတ်စက်ကြီးကို လက်ဖြင့်လှည့်က သီချင်းဖွင့်ရသည်။ ယနေ့ခေတ်တွင် မမြင်ရနိုင်တော့ပြီဖြစ်သည့် အပြင်အဆင်။ ထို့ပြင် အဘိုးက ဗေဒင်ဝါသနာပါသည်။ ဗမာတိုင်းရင်းဆေးနည်းများကိုလည်း မှတ်စုများဖြင့် တို့ထိထားတတ်သည်။ ဘာသာရေးလိုက်စားသည်။ ဒဂုံဦးစန်းငွေရေးသည့် သောတပန်စာအုပ်မှ ကောက်နှုတ်ချက်များ၊ စတုသစ္စဒီပနီ ကျမ်းမှ ကောက်နှုတ်ချက်များ။ တစ်ချို့နေရာများတွင် အိမ်ပုံစံငယ်အကြမ်းထည်များ ရေးဆွဲထားပြီး အချို့နေရာ များတွင် ဇာတာခွင် များ၊ အင်းကွက် များ။ တစ်နေရာတွင်တော့ သားသမီး၊ သားမက်ချွေးမတို့ ကန်တော့သော ငွေကြေးများနှင့် ပစ္စည်းများကို စာရင်းဇယားဖြင့် အသေအချာမှတ်တမ်းထားရှိပြီး ဘုရားလှူငွေ၊ မြေးမုန့်ဖိုး စသည့်ဖြင့် စာရင်းအတိအကျဖြင့် ၀င်ငွေထွက်ငွေ ပြုလုပ်ထားသည်။ မြေးမုန့်ဖိုးဆိုသည့် နေရာတွင် အများဆုံး တွေ့ရသည်မှာ ကျွန်တော့်နာမည်ဖြစ်သည်။ နောက်ထပ်အများဆုံးတွေ့ရသည့် ထွက်ငွေစာရင်းအမည်မှာ ဆေးလိပ်ဖိုး ဖြစ်သည်။ ကျွန်တော်မှတ်မိသလောက် အဘိုးသည် ဆေးလိပ်အရမ်းသောက်သည်။ အရက် မသောက်၊ မိန်းမ မရှုပ်၊ လောင်းကစားမလုပ်တတ်။ သို့ပေမယ့်  ဗွီဒီယိုအရမ်းကြည့်သည်။ ထိုစဉ်က ရပ်ကွက် ထဲမှ အခကြေးငွေဖြင့်ပြသသော ဗွီဒီယိုရုံတွင် သွားကြည့်ရခြင်းဖြစ်သည်။ အိမ်တိုင်းတွင် တီဗွီ၊ ဗွီဒီယိုအောက် စက် ရှိဖို့နေ နေသာသာ တရုတ်ကက်ဆက်လေး တစ်လုံးရှိလျှင်ပင် အတော်ဟုတ်နေသည့်ကာလ။ ဗွီဒီယိုရုံမှ ဘလက်ဘုတ် ပေါ်၌ မြေဖြူခဲများဖြင့် ဇာတ်ကား နာမည်ရေးပြီး ကြော်ငြာလေ့ရှိသည်။ `မင်းသားက သီဟနဲ့ တင်စိုး။ မင်းသမီးက စိုးမြတ်နဲ့ သူဇာ။ ဇာတ်ကား နာမည်ကတော့ အဖေပြန်လာမှ သိမယ်´ ဆိုသော ဟာသသည် ထိုခေတ်ကာလကို အမြဲတမ်းပြန်အမှတ်ရစေသည်။ ကျွန်တော်က ညနေဆိုလျှင် ထိုဇာတ်ကား ကြော်ငြာဘုတ်ကို သွားကြည့်ပေးရသည်။ ဗွီဒီယိုရုံမှ စစ်အက်ရှင်ဇာတ်ကြမ်းဟု ကြော်ငြာထားသော နေ့မျိုး ဆို လျှင် အဖေကြီးလက်ကို စွဲပြီး ဗွီဒီယိုရုံသို့ သွားကြည့်ကြသည်။ ရယ်စရာတစ်ခုအမှတ်ရမိပါသေးသည်။ အဖေကြီးက မျက်စိမကောင်း။ ပါဝါမျက်မှန်အထူကြီးတပ်ထားရသည်။ ဗွီဒီယိုသွားကြည့်ကြပြီဆိုလျှင် အဖေကြီး က ဘယ်တုန်းက တည်းက သိမ်းထားမှန်းမသိသော စစ်သုံးမှန်ပြောင်းကို လွယ်လာသည်။ ထို့နောက် ဗွီဒီယိုရုံ နောက်ဆုံးတန်းမှထိုင်ပြီး မှန်ပြောင်းဖြင့်ထုတ်ကြည့်သည်။ လွမ်းစရာကောင်းသလို ပျော်စရာလည်း ကောင်းခဲ့ သည့် ငယ်စဉ်ဘ၀များ။ အဖေကြီးက ကျွန်တော့်ကို အရမ်းချစ်သည်ဟု အမေက ပြောဖူးသည်။ ညတိုင်း အဖေကြီး ကျောပေါ် ကျွန်တော့်ကိုတက်နင်းခိုင်းရင်း ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်အကြောင်းတွေ ပြောပြ လေ့ရှိသည်။ဇာတ်ကြောင်း ရှည်ရင်ရှည်သလို ကျွန်တော်တို့မှာ အကြာကြီးနင်းရသည်။ နင်းပြီးလျှင် မုန့်ဖိုး ပေးမည်ဆိုတာ သိတော့ မနင်းချင် နင်းချင်နှင့် နင်းပေးတတ်တာကို ကျွန်တော် ပြန်သတိရမိပါသည်။ ထိုစဉ်က ဖေကြီးနင်းခိုင်းတာနှင့် ` ဖေကြီး ဇာတ်ပေါင်းရင် ဘယ်သူ ဘုရားလောင်းလဲ´ ဆိုသော မေးခွန်းကို ကျွန်တော် အရင်မေးပြီး ဇာတ်ကြောင်းကို မြန်မြန်ပြီးခိုင်းရသည်။
ကျွန်တော်ဆယ်တန်းသည့်နှစ်က အဖေကြီးဆုံးသွားသည်။ အဖေကြီးအကြောင်းကို ကျွန်တော် ထိုစဉ် က ဂဃနဏမသိခဲ့။ အဖေကြီးနှင့်ပတ်သက်လျှင် ကျွန်တော်မှတ်မိတာနည်းလွန်းသည်။ အခု ကျွန်တော့် လက်ထဲတွင် ရှိနေသော ဒိုင်ယာရီစာအုပ်လေးကိုလည်း အမေပေးခဲ့စဉ်က ကျွန်တော် မှတ်မှတ်ရရ သိမ်းဆည်း ထားခဲ့ခြင်းမရှိသည့်အပြင် စာအုပ်တစ်အုပ်လုံး နေရာလွတ်မကျန်အောင်ရေးသားထားသော ဒိုင်ယာရီစာအုပ် တစ်အုပ်ကို ဖတ်ကြည့်ဖို့ ကျွန်တော်စိတ်မ၀င်စားခဲ့။ တစ်နေ့ ကျွန်တော်စာအုပ်စင်ကို သန့်ရှင်းရေး လုပ်ရင်း ပြန်တွေ့မှ အသေအချာပြန်ဖတ်ကြည့်ခဲ့မိသည်။ ဒိုင်ယာရီလေးထဲမှ အမေကြီးနှင့် ပတ်သက်သော အိပ်မက် များ ကို ဖတ်မိသည်။ အိပ်မက်နံပါတ် တစ် မှ အိပ်မက် ၁၇၉ အထိမှတ်တမ်းရေးထားသည်။ ထိုအိပ်မက်များတွင် ချစ်ခြင်းတရား၊ လွမ်းဆွတ်တသမှု၊ သစ္စာ၊ ကြင်နာယုယမှု၊ နားလည်မှု၊ တာဝန်ယူမှု စသည်ဖြင့် အများကြီး တွေ့မြင်နေရသည်။ အဖေကြီးအကြောင်း ကျွန်တော်အက်ဆေးလေးတစ်ပုဒ်လောက် ရေးချင်မိသည်။ အဖေကြီး ၏ အမေကြီးအပေါ်ထားသော ချစ်ခြင်းနှင့် မေတ္တာတရားကို ကျွန်တော် ဘယ်လောက်ပုံဖော်နိုင်မည်လဲ။ ချစ်ခြင်း တရားကို စာဖွဲ့ဖို့ ကျွန်တော်မစွမ်းသာပါ။ ထို့ထက်ပို၍ မေတ္တာတရားကို စာဖွဲ့ကို ကျွန်တော်ပို၍ မစွမ်းသာပါ။ ထို့ကြောင့် အဖေကြီးကို သတိရမိသည့်အခါတိုင်း၊ သို့မဟုတ် ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားကို တသမိတိုင်း ထိုဒိုင်ယာရီစာအုပ်လေးကို ကျွန်တော်အထပ်ထပ်ပြန်ဖတ်မိသည်။ ဒိုင်ယာရီစာအုပ်လေးထဲမှ စာမျက်နှာများ သည် တစ်ချို့နေရာများတွင် စုတ်ပြဲနေပြီး အချို့နေရာများတွင် ပဲ့ကြွေနေခဲ့သည်။ အချို့စကား လုံးများသည် ဖောင်တိန်နစ်မှ မင်ပြာများ ပြန့်ထွက်စိုအိနေပြီး အချို့စာမျက်နှာများသည် ပြုတ်ထွက်နေခဲ့သည်။ ဒိုင်ယာရီ စာအုပ်တစ်အုပ်လုံး အဟောင်းနံ့ရနေပြီး အချို့နေရာများတွင်  မှိုများပင် တက်နေသယောင် ထင်ရ သည်။ သို့သော် ဒိုင်ယာရီစာအုပ်လေးထဲမှာ အိပ်မက်များသည် သစ္စာတရားကို အမြဲတမ်းသစ်လွင်နေစေပြီး ချစ်ခြင်း မေတ္တာတရားတို့ဖြင့် ထာဝရမွှေးထုံသင်းပျံ့နေပါသည်။ မိတ်ဆွေ သင့်မှာ အိပ်မက်များကို မှတ်တမ်းရေးထိုး ထားသော ဒိုင်ယာရီစာအုပ်တစ်အုပ်ရှိပါသလား။
` ၉၊၂၊၈၇ မီတာအသစ်လဲသည်။
  ၉၊၄၊၈၉ မထိုက်ဦး ဘ၀သစ်သို့ ပြောင်းလဲသည။်´
ညိုရင့်ဟောင်းနွမ်းနေသော စာမျက်နှာတစ်ရွက်၏ ထိပ်ပိုင်းတွင် ရေးထိုးထားသော စကားလုံး များဖြစ်သည်။ အိပ်မက်များ၏ အစသည် ဤနေ့ဤရက်မှ စတင်ခဲ့ပါသည်။ ` ၁၈၊ ၄၊၈၉ ယနေ့ အင်္ဂါနေ့ ။ မထိုက်ဦး သဂြိုဟ်ပြီးသော ရက်တစ်ပါတ်မြောက်နေ့လည်တွင် ကျွန်တော် အိပ်ပျော်သွားရာ မထိုက်ဦးအား သန့်ရှင်းစွာ ခုံတစ်ခုံပေါ်တွင် ထိုင်ပြီး ဆေးလိပ်သောက်၍ ကျွန်တော့်အား စကားနောက်ပြောင်ပြောပါသည်။ ပဌမအကြိမ်အိပ်မက်ဖြစ်ပါသည်။´။ အမေကြီးဆုံးတော့ ကျွန်တော်ရှစ်နှစ်သားအရွယ်။ တစ်အိမ်လုံးငိုနေတော့ ငိုချင်မိပေမယ့် မငိုတတ်ခဲ့။ ထိုနေ့က အဖေကြီးခါတိုင်းထက် ဆေးလိပ်တွေပိုသောက်ဖြစ်ခဲ့သလား။ ကျွန်တော် ဒိုင်ယာရီထဲမှာ ထပ်ရှာကြည့်မိလိုက်သည်။
` ယနေ့ဝါဆိုလ္ဆုပ် ၂ ရက်နေ့အ၀င် ည ၃ နာရီထိုးပြီးပြီ  န၀မအကြိမ်မြောက် မထိုက်ဦးကို အိပ်မက်ရပြန်ပါသည်။  အိပ်မက်ထဲတွင် ယ္ခင်အိမ်ဟောင်းကြီး၏ အနောက်ဖက် မီးဖိုကလေးကြားတွင် နွားဝင်လာလို့ ကျနော်ထွက်ရိုက်ရန် မထိုက်ဦးက ပြော၍ ကျနော်ထွက်ပြီး တုတ်နှင့် ရိုက်မည်အပြုတွင် နွားမဟုတ်တော့ဘဲ ကြောင်ကလေးရွှေဝါဖြစ်နေ၍  မရိုက်ဖြစ်တော့ဘဲ အိပ်တွင်းသို့ ၀င်ခါ  မထိုက်ဦးနှင့် ရယ်ရယ်မောမောစကားတွေပြောပြီးနေတာ ကျနော်ဝမ်းသာလိုက်တာ အလွန်ပါပဲ။ မထိုက်ဦးမသေဘဲ အကောင်းပဂတိအတိုင်း သက်ရှိအတိုင်း တွေ့ရပါသည်။ တညလုံးအိပ်မပျော်ဘဲ ၃ နာရီထိုးပြီး အိပ်ပျော်သွားမှ ထိုအိပ်မက်ကို မက်ပါသည်။´ကျွန်တော်တို့ ယခင်အိမ်ဟောင်းကြီးကို သတိရမိသည်။ အိမ်နောက်ဖေး မီးဖို ခန်းလေးသည် နေ့စဉ် နို့ထမင်းကျိုချက်သော မီးခိုးမှိုင်းများဖြင့် ကျပ်ခိုးစွဲမဲနက်နေသည်။ အိမ်ဝင်းက ပေတစ်ရာ ပတ်လည်လောက် ရှိမည်ထင်သည်။ ခြံဝင်းထဲတွင် တုတ်ခိုင်ကြီးမားသော မန်ကျည်းပင်ကြီးလည်း ရှိသည်။ ထို မန်ကျည်းပင်၏ကိုင်းဖျားတစ်ခုတွင် သံကြိုးနှင့်ချိတ်ဆွဲထားသောလွှဲဒန်းလေးတစ်ခုရှိသည်။ ပျဉ်ပြားကြီး တစ်ချပ် ဖြင့် ပြုလုပ်ထားသော ဆီးဆောတစ်ခုရှိသည်။ အိမ်နီးချင်းကလေးများနှင့် ကျွန်တော်တို့ မြေးများအတွက် အဖေ ကြီးပြုလုပ်ပေးထားသော ကစားကွင်းလေး။ နောက်ပိုင်းကျတော့ ထိုခြံဝင်းကို ထက်ပိုင်း ပိုင်းရောင်းလိုက်ပြီး အိမ်ဟောင်းကိုဖျက်ကာပျဉ်ထောင်နှစ်ထပ်အိမ်ကြီးတစ်လုံးဆောက်လိုက်သည်။အဖေကြီး၏အိပ်မက်တော်တော် များများတွင် ယ္ခင်အိမ်ဟောင်းကြီးဆိုသော စကားလုံးကို ကြိမ်ဖန်များစွာ ပါရှိတာကို တွေ့ရသည်။ အဖေကြီးနှင့် အမေကြီးတို့၏ ပျော်ရွှင်ကြည်နူးစရာကောင်းသော အတိတ်၏ အရိပ်များသည် အိမ်ဟောင်းကြီးထဲတွင် ကျန်ရှိ နေပါလိမ့်ဦးမည်။
` ၂၊ ၁၁၊ ၉၁ သီတင်းကျွတ်လဆုပ်(၁၀) နေ့။ ည ၁၀ နာရီကျော်လောက်တွင် မထိုက်ဦးအား ၁၂၄ ကြိမ်ရှိ အိပ်မက်တစ်ခုတွင် ကျနော်သည် စက်ဘီးဖရီးဝှီးခွေးသွားစိတ် တစ်ခုကို ကြေးညှော်များတိုက်ချွတ်၍ အိမ်အနီးမှ အသားပုံကြီးအနီးတွင် ထိုင်၍နေစဉ် မထိုက်ဦးတစ်ယောက် ဖန်မီးအိမ်လက်စွဲတစ်လုံးနှင့် ကျနော့်အား လိုက်၍ ရှာနေပါသည်။ ကျနော့ကို မတွေ့၍ ယ္ခုအိမ်ကြီးပေါ် တက်သွားသဖြင့် ကျနော်လည်း သူ့နောက်မှ အိမ်ပေါ်တက် သွားပြီးလိုက်ခဲ့ရာ အိမ်၏ အလည်ခေါင်တွင် မထိုက်ဦးတစ်ယောက် အိပ်နေပါသည်။ ကျနော်လည်း မထိုက်ဦးရဲ့ ညာဘက်မှ နေ၍ အိပ်လိုက်ရာ မထိုက်ဦးက ကျနော့်ဦးခေါင်းကို မပြီး သူ့ရဲ့ ဘယ်ဘက် လက်မောင်း ရင်း နားသို့ ကပ်တင်ပြီး တယုတယအိပ်စေပါသည်။ ၄င်းအိပ်မက်သည် ၂ ခါပြန်ဆက်၍ မက်ခြင်းဖြစ်သည်။´ ယုယကြင်နာ မှုဟာ အိပ်မက်ထဲထိ ရောက်လာသည်။ အမေကြီးက အဖေကြီးကို အရမ်းချစ်သည်လား။ ကျွန်တော်မသိတတ်။ အမေကြီးရှေ့မှောက်မှာ အဖေကြီးက ကလေးငယ်တစ်ယောက်လို ဖြစ်ခဲ့သည်ထင်သည်။ ထိုအိမ်မက်မျိုး ခုချိန် အဖေကြီးရှိနေသေးလျှင် ဆက်ကာ ဆက်ကာ မက်ပါစေဟု ဆုတောင်းမိသည်။
` ၂၀၊၅၊၉၂ ကဆုန်လ္ဆုပ် ၄ ရက် ဗုဒ္ဓဟူးနေ့ နံက် အ၀င် ၂ နာရီ မထိုးမှီ။ ဟိုယ္ခင်အိမ်ငယ်လေးအတွင်း ကျနော်သည်  မထိုက်ဦး၏ တဘက်ဘေးသို့ တိုးကပ်၍ အိပ်ပျော်နေသော မထိုက်ဦးကို ခြေရောလက်ပါ တင်လိုက်သောအခါ မထိုက်ဦးနိုး၍ အခင်းလေးသွားရန် ကျနော်နှင့် အတူထ၍ ဂလန့်ထိုးမထားသော အ၀င်တံခါးမှာ စေ့ရုံသာနေသောကြောင့် သူခိုးများ ၀င်လေသလားလို့ ထင်မိပါသည်။ ကျနော်တို့ နှစ်ယောက်လည်း အတူထွက်ပြီး ကြည့်ကြသည်။ အိပ်ရှေ့ဆင်ဝင်ပတ်လည်မှာ ထန်းရွက်တွေ ကာရံလို့ သပ်ရပ်စွာ မြင်ရသည်။ လူသူဟူ၍ တစ်ယောက်မှ မတွေ့ရ ။ ထို့နောက် ကျနော်က မထိုက်ဦး ရေတစ်ခွက်ပေးစမ်းပါဟု ပြောလိုက်သည်။ ရေအိုးစင်မှ ရေသောက်နေသော မထိုက်ဦးက ရေနှင့် ကျနော့်အား လှမ်းပက်လိုက်ပါသည်။ ၄င်းနောက် ကျနော်ကလည်း သောက်ရေခွက်အားလှမ်းယူပြီး ရေအကျန်နှင့် သူ့အားတဖန်  ပြန်ပျက်လိုက်ရာ သူ့မျက်နှာတစ်ခုလုံးရွှဲကုန်သည်ကို အိပ်ရာပေါ်မှာ အမေကြီးသိန်းက ကြည့်နေသည်။ ထိုအခိုက် အိမ်ရှေ့လမ်းမမှ ကုန်တင်ကားကြီးဖြတ်မောင်းသွားတာကြားရပြီး အိပ်ရာမှနိုးတော့ မနက် ၂ နာရီထိုးလုပြီ။ သူဝတ်ထားသော လုံချည်အင်္ကျီများမှာ သစ်လွင်နေသည်ကို လှလှပပမြင်တွေ့ရပါသည်´
` ၁၆၊ ဂ၊ ၉၂ ၀ါခေါင်လ္ဆုပ် ၃ ရက်၊ တနင်္ဂနွေနေ့ နံနက် ၄ နာရီ မထိုးသေးမှီ (၁၅၁)ကြိမ်မြောက် အိပ်မက်တွင် ယခင်ပဌမ အိမ်ကလေးထဲတွင် ကလေးများ အိပ်နေကြပါသည်။ ကောင်းကင်တွင် နီရဲသော မီးတောက်ကြီးနှင့် လေယာဉ်တစ်စင်းအရှေ့မှ အနောက်သို့ ပြင်းထန်စွာပျံသန်းလာပြီး စက်သေနတ်သံ ဗုံးသံများဖြင့် ဆူညံစွာ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် မထိုက်ဦးက အိမ်ကလေးနောက်ဖေးဘက်မှ နေ၍  ကျနော့ကို အော်ခေါ်ပြီး ကလေးများကို အိမ်တွင်းသို့ ၀င်၍ နိုးပြီး ခေါ်ဆောင်ရန် ပြောပါသည်။ ကျနော်လည်း အိမ်ထဲသို့ ရောက်လျှင် ရောက်ချင်း လေယာဉ်ပျံသည် ပေါက်ကွဲပျက်စီးပြီး မီးတောက် မီးလျှံများဖြင့် ကောင်းကင်မှ ထိုးကျသွားပါတော့သည်။ ကျနော်လန့်နိုးတော့ ကင်းတဲမှ သံချောင်းခေါက်သည် ၄ နာရီ´။ အဖေကြီးကဂျပန်ခေတ်ကိုမှီလိုက်သည်။ အမေ့ပြောစကားအရတော့ အဖေကြီးကအရမ်းသတ္တိကောင်း သည်ဟု ပြောသည်။ ဂျပန်ခေတ်အတွင်းက ဂျပန်စစ်သားတစ်ယောက်နှင့် ကားဝပ်ရှော့တစ်ခုမှာ ဘာအကြောင်းအရာက စဖြစ်မှန်းတော့ မမှတ်မိတော့။ ဂျပန်စစ်သားက ဗမာစကားမတတ် တတတ် နှင့် အဖေကြီးကို စိန်ခေါ်သည်။ မင်းတို့ ဗမာနှစ်ယောက်နဲ့ ငါတစ်ယောက်တည်းနဲ့ ချမယ်ဟု ပြောသည် ။ အဖေကြီးက စိတ်ဆတ်သည်။ ဒေါသ လည်း ကြီးသည်။ တကယ်တမ်းကျတော့ ထိုဂျပန်စစ်သားက ဂျူဒိုကျွမ်းကျင်သည်။ အဖေကြီးနှင့် သူ့သူငယ်ချင်း က အနာခံပြီး ၀င်လုံးသည်။ နောက်ဆုံးကျတော့ ထိုဂျပန်ခံလိုက်ရသည်။ နေရာတွင် ထိုင်ရာမထနိုင်တော့။ အဖေကြီးတို့လည်း နောက်တစ်ခါ ထိုဝပ်ရှော့ကို မသွားတော့ဟု ပြောသည်။ ထိုအကြောင်းတွေ ကျွန်တော်တို့ မိသားစုပြောပြောပြီး ရယ်မိသည်။ အဖေကြီးလည်း ဂျပန်နှင့် ရန်ဖြစ်ပြီး တစ်ပတ်လောက် ထမင်းစားမရအောင် ဖူးယောင်နေအောင် ခံလိုက်ရသည်။ ကိစ္စတော့ မရှိ။ အဖေကြီးက အမေကြီးရှေ့မှာ သူရဲကောင်းဖြစ်သည်။ ကျွန်တော်တို့ သားမြေးများအတွက် အားကိုးရာဖြစ်သည်။ အခက်အခဲ အတားအဆီးများရှေ့မှာ ရဲရဲမတ်မတ် ရပ်တည်ခဲ့သူ တစ်ဦး ဖြစ်ခဲ့သည်။
`၃၊၁၀၊ ၉၂ သီတင်းကျွတ်လ္ဆန်း ၇ ရက် စနေနေ့။ နံက်အာရုံတွင် (၁၅၇)ကြိမ်ရှိ  မထိုက်ဦးနှင့် ထမင်းလက်ဆုံစားရသည်ဟု အိပ်မက်ရ´`၇၊၁၀၊ ၉၂ သီတင်းကျွတ်လ္ဆန်း ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံက် ၄ နာရီ သာသာတွင် (၁၅၈)ကြိမ်ရှိ မထိုက်ဦးတစ်ယောက် ကျနော့အား ဈေးချိုမှ နေ၍ မျက်မှန်ကိုင်းတစ်ခုဝယ်ယူလာပြီး ပေးနေသည်။ ၄င်းကြည်နူးရွင်သာ သူ့မျက်နှာမှာ လမင်းပမာ သာသာထိန်ဝင်း အားရခြင်းဖြင့် ပျော်လို့နေသည်။ နောက်ပြောင်ဆော့ကစား၍ အသက်ရှိစင်ပမာမင် ထင်ယောင်မြင်သေး သူ့အမေး´` ၂၉၊ ၃၊ ၉၃ တံခူးလ္ဆန်း ၇ ရက် တနင်္လာနေ့အ၀င် ၄ နာရီမထိုးမှီ (၁၇၇)ကြိမ်ရှိ မထိုက်ဦးနှင့် အတူရှိနေသော်လည်း စကားမပြော တုံဏှိဘာဝေ ဖြစ်ရပုံ´` ၁၊ ၄၊ ၉၃  တံခူးလ္ဆန်း ၁၀ ရက် ကြသပတေးနေ့နံနက် ၄ နာရီခန့် (၁၇၈)ကြိမ်ရှိ မထိုက်ဦးကို အိပ်မက်ထဲတွင် မြင်တွေ့ရသော်လည်း စကားလုံးဝမပြောပါ။ ကျနော့ကုတင်ခြေရင်းတွင် ထိုင်၍ နေပါသည်။´
ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာသည် အိပ်မက်နံပါတ် (၁၇၉) တွင် ပြီးဆုံးသွားသည်။ အဖေကြီး ကွယ်လွန်ဆုံးပါသွားတော့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလထဲတွင် ဖြစ်သည်။ ထိုနေ့မနက် ကျွန်တော်အိပ်ယာ နိုးလာ သည့်အခါ အဖေကြီးဆုံးပြီဟု အမေက လာပြောသည်။ အမေ့မျက်ဝန်းများသည် ငိုထားလွန်းသောကြောင့် နီရဲ မို့အစ်နေသည်။ ကျွန်တော်အဖေကြီးကို ကန်တော့လိုက်သည်။ ထိုစဉ်ကလည်း စိတ်ထဲ ၀မ်းနည်းမိပေမယ့် ကျွန်တော်မငိုကြွေးဖြစ်ခဲ့ဟု ထင်ပါသည်။ ထိုနှစ်က နှင်းတွေ ယခင်နှစ်များထက် ပိုမကျခဲ့ပါ။ အဖေကြီးဆုံးတော့ မနက် ၄ နာရီခန့်ဖြစ်သည်။ မနက် ၂ နာရီနှင့် ၄ နာရီဝန်းကျင်ကြားတွင် အိပ်မက်မက်လေ့ရှိသော အဖေကြီး တစ်ယောက် ထိုနေ့မနက်က အမေကြီးကို အိပ်မက်မက်ခဲ့ပါသေးသလား။ မက်ခဲ့သည်ဖြစ်စေ မမက်ခဲ့သည် ဖြစ်စေ အဖေကြီးသည် ထိုအိပ်မက်ကို မှတ်တမ်းရေးထိုးနိုင်မှာ မဟုတ်တော့တာ သေချာခဲ့ပါသည်။ ထိုအိပ်မက် သည် အိပ်မက်နံပါတ်စဉ် ဘယ်လောက်ဖြစ်မည်လဲ။ အဖေကြီးတွင် နောက်ထပ်ဒိုင်ယာရီစာအုပ်တစ်အုပ် ရှိမရှိ ကျွန်တော်မသိပါ။ ရှိခဲ့လျှင်လည်း အမေကြီးပါဝင်သည့်အိပ်မက်များကို မှတ်တမ်းရေးထိုးထားမထား ကျွန်တော် မသိပါ။ အဖေကြီး၏ ဒိုင်ယာရီစာအုပ်ဟောင်းလေးကို စာအုပ်စင်ပေါ်တွင် သေချာစွာ ကျွန်တော် ပြန်တင်ထား လိုက်ပါသည်။ အမေကြီးကောင်းရာသုဂတိလားပါစေ။ အဖေကြီးလည်း ကောင်းရာသုဂတိလားပါစေ။

မင်းနဒီခ
၁၇၊ မေလ၊ ၂၀၁၃


လူနဲ့ ရထား ၀တ္ထု



လူနဲ့ ရထား ၀တ္ထု

        ကျွန်တော်တစ်ယောက် ဘူတာရုံလေးထဲ ရောက်နေသည်ဆိုပါစို့။ ကျွန်တော်မြင်နိုင်သော မြင်ကွင်းများ မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ခရီးသွားလက်မှတ်တစ်စောင်ရဖို့ တန်းစီနေသော လူတန်းများ
၂။ ကလေးငယ်တစ်ယောက်အား ချီပိုးထားသည့် တောင်းရမ်းနေသော ကလေးငယ်တစ်ယောက်
၃။ ခရီးသည်စောင့်ဆိုင်းနေသော အငှားယာဉ်မောင်းများ
၎။ ခြေပစ်လက်ပစ်ထိုင်နေသည့် ကုန်ထမ်းသမ
၅။ ဘယ်ဝယ်ဘယ်ဆီ ထွက်ခွာမည်မသိသော ရထားတစ်စင်း
၆။ လေများတ၀ူးဝူးတိုက်ခတ်နေသည့်အခါ လှုပ်ခတ်နေသည့် အလံတော်
၇။ အသံများ
မြင်ကွင်းမှာ ထိုထက်ပိုပါသေးသည်။ သို့သော် ကျွန်တော်ဆက်မရေးချင်တော့ပါ။ အထက်ပါ မြင်ကွင်း များသည် ကျွန်တော့်အတွက် ၀တ္ထုတစ်ပုဒ်ရေးဖို့ လုံလောက်နေပြီဖြစ်သည်။ ကျွန်တော် လောဘကြီးသူ တစ်ယောက် မဟုတ်ပါ။ လူတချို့တလေအတွက် တပ်မက်လောက်စရာ ဖြစ်နေလောက်သော အရာများသည် ကျွန်တော့် အတွက် တစ်ချက်ငဲ့ကြည့်ရုံလောက်သာ အသုံးဝင်သည့်အရာများဖြစ်ကြောင်း အခွင့်အခါသင့်လျှင် သင့်အား ပြောပြချင်သည်။ ကျွန်တော့်တန်ဖိုးနည်းအတ္တအား ဘယ်ဘက်အိပ်ကပ်ထဲမှ ထုတ်မကြည့်ဖြစ်ခဲ့တာ လည်း ကြာခဲ့ပြီဖြစ်သည်။

၁။ ခရီးသွားလက်မှတ်တစ်စောင်ရဖို့ တန်းစီနေသော လူတန်းများ
          သံတိုင်တန်းများ ကာရံထားသော လူတစ်ယောက်စာလမ်းကျဉ်းလေးတစ်လျှောက် လူများတိုးဝှေ့ တန်းစီနေကြသည်။ ထိုသူများသည် လက်ထဲတွင် မှတ်ပုံတင်ကိုယ်စီကိုင်ဆောင်လျှက် ငိုက်မြည်းနေကြသည်။ ထိုလူများသည် ဘယ်အချိန်ကတည်းက လာရောက်တန်းစီနေပါသလဲ။ ထိုပြင် ဘယ်ကို ခရီးဆက်ကြမည်လဲ။ ထိုမြို့လေးမှတဆင့် ရောက်ရှိမည့်မြို့တွေ ဘယ်လောက်များများရှိမည်လဲ။ အစိမ်းရောင်ဆိုင်းဘုတ်လေး ထက် မှာ အဖြူရောင်ဆေးသားများသည် ဆေးများကွာနေပြီးေ၀၀ါးလျှက် ရှိနေသည်။ လက်တစ်ဖက်ဝင်ပေါက်လေး အထက်၌ ချိတ်ဆွဲထားသော ၀ှိုက်ဘုတ်လေးတွင် လက်မှတ်ကုန်ပြီဆိုသည့် စာလုံးများကို မညီမညာရေးထား သည်ကို လှမ်းမြင်နေရသော်လည်း  လူအများသည် ထိုစာလုံးများကို ယုံကြည်မှုမရှိသည့်အလား အလု အယက် တိုးဝှေ့နေကြသည်။ လက်မှတ်ကောင်တာတစ်ဖက်တွင် လက်မှတ်ရောင်းသည့် လူဝကြီးသည် ရှေ့ချထားသော လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်လိုက် လူတန်းကြီးကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ခေါင်းခါလိုက် လုပ်နေ သည်။ လက်တစ်ဖက်စာဝင်ပေါက်လေးထဲမှ တခါတခါထွက်ပေါ်လာသော ဒီနေ့အတွက် လက်မှတ်ကျန်သေး လား ဆိုသည့် မေးခွန်းများကို စိတ်မရှည်စွာဖြင့် လူဝကြီးသည် အဖြူရောင်ဝှိုက်ဘုတ်လေး ကိုသာ လက်ညှိုး တွင်တွင်ထိုးပြနေလေသည်။ ထိုအချိန်တွင် ဘူတာအတွင်းမှ ရထားဥသြဆွဲသံတစ်ချက်ကြားလိုက်သည်။ ထွက်ခွာရန် ငါးမိသာလိုတော့သည် မဟုတ်ပါလား။ ရထားဥသြသံဆုံးသည်နှင့် တန်းစီနေသော လူတချို့ စိတ်ပျက်လက်ပျက်နှင့် ခေါင်းငိုက်စိုက်ကျကာ လှည့်ပြန်သွားကြသည်။ ဇွဲကောင်းသော လူတစ်ချို့ကတော့ ထုံပေပေနှင့် လက်မှတ်မရလျှင် မပြန်ဘူးဟု သံဓိဌာန်ချထားသည့်အလား ရပ်စောင့်နေပြန်သည်။ သူတို့မျက်လုံး များသည် လူဝကြီးကို ကြည့်နေကြသည်။ လက်မှတ်ရောင်းသည့်လူဝကြီးဆီမှ သနားကြင်နာသည့် လက်မှတ် လေးတစ်စောင်ရလိုရငြား မျှော်လင့်နေကြခြင်းလည်းဖြစ်သည်။ လူဆိုသည်မှာ မျှော်လင့်ချက်နှင့် အသက်ရှင်နေ သလို ထိုမျှော်လင့်ချက်နှင့်ပင် ပြန်သေဆုံးနေရခြင်းလည်း ဖြစ်သည်ဟုသော စကားလုံးများကို စာအုပ်တစ်အုပ် ထဲတွင် ကျွန်တော်ဖတ်ခဲ့ဖူးတာ သတိရမိသည်။ မည်သူရေးသားသော မည်သည့်စာအုပ်ဖြစ်သည်ကိုတော့ ကျွန်တော် သတိမရတော့။ ကျွန်တော် သည်ဘူတာရုံလေးကို စရောက်ကတည်းက အတိတ်မေ့နေတာဟု ဘူတာထဲတွင် အမှိုက်ကောက်သည့် အမျိုးသမီးတစ်ဦးပြောတာ ကြားဖူးသည်။ ကိစ္စတော့ မရှိပါ။ အတိတ်ကို မေ့ခြင်းသည် အနာဂတ်ကို သတိမရခြင်းလောက် မဆိုးဘူးဟု တစ်စုံတစ်ယောက်အား ပြောပြချင်ပါသည်။

၂။ အိပ်ပျော်နေသောကလေးငယ်အား ချီပိုးထားသည့် တောင်းရမ်းနေသော ကလေးငယ်တစ်ယောက်
        ထိုကလေးနှစ်ယောက်ကို ကျွန်တော်သတိထားမိနေသည်မှာ ကြာပြီဖြစ်သည်။ ထိုကလေးနှစ်ယောက် သည် ဘယ်အချိန်ကတည်းက ထိုဘူတာထဲတွင် ရောက်နေမှန်းမသိ။ ကျွန်တော် အိပ်ယာနိုး၍ မျက်စိနှစ်လုံး ဖွင့်လိုက်သည့်အချိန်တွင် သူတို့နှစ်ယောက်ရောက်နေကြပြီဖြစ်သည်။ အသားအရေညစ်ထေးထေးနှင့် နွမ်းဖတ် နေသော စွပ်ကျယ်လက်ပြတ်လေးသည် သူတို့နှစ်ယောက်၏ ယူနီဖောင်းဖြစ်သည်။ အိပ်ပျော်နေသော ကလေး ငယ်သည် အသက်တစ်နှစ်ဝန်းကျင်လောက်အရွယ်ရှိပြီး နေ့စဉ်ချီပိုးတောင်းရမ်းနေသော ကလေးငယ် သည် ခုနှစ်နှစ် ရှစ်နှစ်အရွယ်ဝန်းကျင်သာ ရှိဦးမည်။ သူတို့မှာ အမေတော့ ရှိမှာ သေချာပါသည်။ သူတို့ အမေသည် တစ်ယောက်တည်းလား။ နှစ်ယောက်လားတော့ ကျွန်တော် မသိနိုင်။ မေးကြည့်ဖို့လည်း စိတ်မ၀င် စားပါ။ သူတို့ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးမိသည်။  အမေ ။ ဟုတ်သည်။ ကျွန်တော်တွင် အမေရှိပါ လိမ့်မည်။ ရှိနေပါလိမ့်ဦးမည်။ ရှိချင်မှလည်း ရှိပါဦးတော့မည်။ အမေရှိလျှင် ကျွန်တော် အမေရှိရာသို့ သွားချင်မိ ပါသည်။ သူတို့ကို မြင်တိုင်း အမေ့ကို သတိရမိသလို အမေကလည်း ကျွန်တော့်ကို သတိရပါဦးမည်လား။ ရုတ်တရက် ကျွန်တော့်ရှေ့သို့ ငါးဆယ်တန်အနွမ်းလေးတစ်ရွက် လွင့်ဝဲရောက်ရှိလာသည်။ ကျွန်တော် ကောက် ယူမည်ပြုသောအခါ ထိုကလေးက အပြေးအလွှားရောက်လာကာ ကျွန်တော်ထက် ဦးအောင်ကောက်ယူ လိုက်သည်။ ထို့နောက် ကျွန်တော့်ကို မကြည်သလို ကြည့်ကာ `ပိုက်ဆံလိုချင်ရင် ကိုယ့်ဘာသာ ကိုယ် တောင်းလေ´ ဟု မကြားတကြားပြောသွားသည်။ ကျွန်တော်အားပါးတရ ရယ်မောလိုက်သည်။ ထိုသို့ အားပါးတရ ရယ်မောလိုက်သည့်အခါ ၀မ်းဗိုက်ထဲမှ ဟာတာတာနှင့် အရမ်းမောပန်းသွားသလို ခံစားလိုက် ရသည်။ ကျွန်တော် ထမင်းမစားဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ထိုစကားလုံးကို ကျွန်တော်အသုံးမပြုလိုပါ။ ထိုစကားလုံးသည် ကျွန်တော်နှင့် နီးစပ်ရာ ပတ်ဝန်းကျင်တွင် မကြာခဏကြားနေရသဖြင့် ရိုးအီနေသော စကားလုံးအဟောင်းကြီးဖြစ်သည်။ ဖြစ်နိုင်လျှင် ကမ္ဘာကြီးတစ်ခုလုံးတွင် မည်သူမှ ပြောကြားခြင်းမရှိဖူးသော စကားလုံးတစ်လုံးဖြင့် ဆာလောင်ခြင်းကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုပါသည်။

၃။ ခရီးသည်စောင့်ဆိုင်းနေသော အငှားယာဉ်မောင်းများ
          ရေသောက်ဆင်းလာသော သမင်ငယ်တစ်ကောင်ကို အမဲဖျက်ရန်ချောင်းမြောင်းနေသည့် ၀ံပုလွေ တစ် အုပ်အား ခင်ဗျားမြင်ဖူးပါလား။ ကျွန်တော်မြင်ဖူးသည်။ ဘူတာရုံပိုင်ကြီးအခန်းထဲမှတခါတရံပြတတ်သောရုပ်ရှင် ဇာတ်လမ်း(သို့မဟုတ်) ဒစ်ကားဗားရီးချန်နယ်တွင် ဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်များနှင့် ဆင်တူသည့် မြင်ကွင်းများကိုမူ ကျွန်တော့်အတွက် ရိုးအီနေလောက်အောင် နေ့စဉ် မကြာခဏ မြင်တွေ့ခွင့်ရခဲ့ပါသည်။ ထိုအချက်မှာ ဘူတာရုံပိုင်ကြီးထက် ကံကောင်းသည့်အချက်လည်းဖြစ်သည်။ ကျွန်တော်ရောက်ရှိနေသော ဘူတာလေးသို့ ရထားတစ်နေ့ သုံးကြိမ်ဆိုက်ရောက်သည်။ ထိုသို့ ရထားဆိုက်သည့်အချိန်တိုင်း ထိုဘူတာ လေးသို့ ဆင်းလာသော ခရီးသည် တစ်ယောက်နှစ်ယောက်ကို ထိုအငှားယာဉ်မောင်းမားက အလုအယက် ဆွဲခေါ်လေ့ရှိကြသည်။ တခါတလေ ခရီးဆောင်အိတ်က အငှားယာဉ်တစ်စီး၊ ခရီးသည်က အငှားယာဉ်တစ်စီး နှင့် တကွဲတပြား။ တခါတလေ အငှားယာဉ်မောင်းအချင်းချင်း ခရီးသည်လုရင်း ရန်ဖြစ်ကြတာမျိုးလည်း ရှိသေး သည်။ ထိုအခါမျိုးတွင် ခရီးသည်မှာ သူတို့ ရန်ဖြစ်တာ ၀င်ဖျန်ဖြေရင်း အခြားကားတစ်စီးစီးကို ငှားသွားလေ့ ရှိသည်။ ထိုအငှားယာဉ်မောင်းများထဲမှ တစ်ယောက်၏ နာမည်မှာ လူမိုက်ဇော်ထွန်းဖြစ်သည်။ လူမိုက်ဇော်ထွန်း ဟု အဘယ်ကြောင့် ခေါ်ဆိုကြသည်ကိုလည်း ပြောပြချင်ပါသေးသည်။ လွန်ခဲ့သောနှစ်များက ခရီးသည်တစ်ဦး သည် ဇော်ထွန်းကားပေါ်တွင် ပိုက်ဆံအိတ်တစ်လုံး မေ့ကျန်သွားသည်။ ထိုပိုက်ဆံအိတ်ထဲတွင် ငွေသိန်းဂဏန်း နှင့် ငွေသိန်းပေါင်းများစွာတန်ဖိုးရှိသော ကျောက်စိမ်းတစ်လုံးပါရှိသည်။ သို့သော် ဇော်ထွန်းသည် ပိုင်ရှင်ကို ဆက်သွယ်ပြီး ပြန်ပေးလိုက်သည်။ ထိုလူငယ်လေး၏ သစ္စာရှိမှုကို ဘယ်သူမှ တလေးတစား တန်ဖိုး ထားရမှန်း မသိကြ။ တန်ဖိုးမထားသည့်အပြင် ဇော်ထွန်းအား လူမိုက်ဟု သမုတ်ကြသည်။ ထိုအချိန်ကတည်းက ဇော်ထွန်း ကို လူမိုက်ဟု ခေါ်ကြသည်။ ထိုသို့ဖြင့် လူမိုက်ဇော်ထွန်းဟု အမည်တွင်ခဲ့သည်။ ကမ္ဘာကြီးသည်  မိမိဝင်ရိုး ပေါ်တွင် နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းပြီး နေကို လှည့်ပတ်နေသည်ဟု  ကလေးတစ်ယောက်၏ စာကျက်သံကို ကြားဖူးသည်။ ထို့ကြောင့် ကမ္ဘာကြီးသည် တစ်ခါတရံ ဘေးတစ်စောင်းကြီးဖြစ်နေသည်။ တစ်ခါတရံ ပြောင်းပြန်ကြီးဖြစ်နေသည်။ တချို့အမှန်တရားများသည် ကမ္ဘာကြီးတိမ်းစောင်းသည့် အခါမျိုးတွင် တိမ်းစောင်း၍ တချို့ အမှန်တရားများသည် ကမ္ဘာကြီးနှင့်အတူ ပြောင်းပြန်ကြီးဖြစ်နေသည်။ မိုးပြိုမှာစိုး၍ ကောင်းကင်ကို ခြေကန်ထားသော တစ်တီတူးများ၏ ဦးနှောက်ကို ကျွန်တော်လေးစားပါသည်။ ကမ္ဘာကြီး၏ ကမောက်ကမဖြစ်မှုများကိုပြန်တည့်ရန် ကင်းမြီးကောက်ထောင်ကျင့်နေသော ကျွန်တော့်ကို အရူးဟု မည်သူက သမုတ်ခဲ့ပါသလဲ။

၎။ ခြေပစ်လက်ပစ်ထိုင်နေသည့် ကုန်ထမ်းသမ
          ထိုအမျိုးသမီးသည် ဘူတာရုံမှပေးသော အင်္ကျီအပြာနှင့်ထမီကို တိုတိုဝတ်ထားလေ့ရှိသည်။ သူမသည် ထိုဘူတာလေးသို့ ကုန်ပစ္စည်းအချို့လာရောက်ပို့ဆောင်သော ကုန်တင်ရထားကို အမှီပြုပြီး အလုပ်လုပ်ကိုင် သည့် အမျိုးသမီးဖြစ်သည်။ ထိုဘူတာလေးတွင် ယခင်ကကုန်ထမ်းသမားကြီးများရှိသော်လည်း ကုန်ပစ္စည်း အ၀င် နည်းခြင်း၊ ကုန်တင်တွဲရထားသည် ညနက်သန်းခေါင်မှသာ ထိုဘူတာလေးသို့ ဆိုက်ရောက်လေ့ ရှိခြင်းတို့ ကြောင့် မည်သူမှ ကြာကြာမလုပ်ကိုင်ကြပေ။ ယခုသူမသည် ဘူတာပလက်ဖောင်းတွင် ခြေပစ်လက်ပစ် ထိုင် နေသည်။ သူမနှင့် မလှမ်းမကမ်းတွင် ဘူတာသံကိုင်းကို ကြိုးချည်၍ ပုဆိုးစုတ်ဖြင့် ပြုလုပ်ထားသော ပုခက် တစ် လုံးရှိသည်။ ထိုပုခက်ထဲတွင် နို့စို့ကလေးငယ်တစ်ယောက် ရှိသည်။ ထိုနို့စို့ကလေးသည်သူမ၏ သွေးသားရင်း မဟုတ်။ ထိုဘူတာကို ပိုင်ဆိုင်သော မြို့လေးသို့ အပူလှိုင်းပြင်းထန်စွာဖြတ်သွားသော နွေဦးပေါက်နှစ်တစ်နှစ် က သူမသည် ဘူတာသို့မည်သူလာရောက်စွန့်ပစ်သွားမှန်းမသိသော ထိုကလေးကို ကောက်ယူမွေးစားခဲ့သည်။ ထို့ပြင် သူမထိုင်နေသည့် အနီးအနားတွင် ကားတာရာခွေတပ်ထားသည့် လှည်းစုတ်တစ်စီးလည်း ရှိသည်။ ကုန်ပစ္စည်းများတင်ပြီး ပါဆယ်ဌာနသို့ ပို့ရန် သူမအသုံးပြုသော တွန်းလှည်းလည်းဖြစ်သည်။ ကုန်တင်ရထားဝင် ချိန်ဖြစ်သည့် ညနက်ချိန်တိုင်း သူမသည် ကလေးငယ်ကို ချီပိုး၍ ထိုဘူတာလေးထဲသို့ ရောက်လာသည်။ ဘူတာသံကိုင်းတွင် အမြဲတစေချိတ်ဆွဲထားသည့် ပုခက်လေးထဲတွင် ကလေးငယ်ကို ထည့်ကာ ကုန်ပစ္စည်း များကို စစ်ဆေးသည်။ ထို့နောက် ပါဆယ်ဌာန၀န်ထမ်းနှင့် စကားပြောသည်။ ထို့နောက် အိပ်ပျော်နေသော ကလေးငယ်ကို ပြန်ချီပိုးကာ သူမသည် အမှောင်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားတတ်သည်။ ညစဉ်ညတိုင်း မြင်တွေ့နေရသော်လည်း ကျွန်တော့်အတွက် ရိုးအီမသွားသည့် မြင်ကွင်းဖြစ်သည်။ ယခု ထိုကုန်ထမ်းသမ အမျိုးသမီးသည် ဘူတာပလက်ဖောင်းပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေသည်။ သူမနှင့် မလှမ်းမကမ်းတွင် ဘူတာသံကိုင်းကို ကြိုးချည်၍ ပုဆိုးစုတ်ဖြင့် ပြုလုပ်ထားသော ပုခက်တစ်လုံးရှိသည်။ သို့သော် ထိုပုခက်ထဲတွင် ကလေးငယ်မရှိတော့။ ထိုဘူတာလေးကို ပိုင်ဆိုင်သော မြို့လေးသို့ အအေးလှိုင်းပြင်းထန်စွာ ဖြတ်သန်းသွား သည့် ညတစ်ညတွင် ကလေးငယ် သေဆုံးသွားခဲ့သည်။ သို့သော် သူမထိုင်နေသော အနီးအနားတွင် ကားတာ ယာခွေတပ်ထားသော တွန်းလှည်းစုတ်တစ်စီးတော့ ရှိနေပါသေးသည်။ လောကကြီးသည် ပူသည့်အခါ ပူသည်။ အေးသည့်အခါ အေးသည်။ လောကကြီးအလိုကို လိုက်လွန်းသောလူများသည် လောကကြီး၏ ကလူကျီစယ်မှု ကို ခံရသည်။ ထို့ကြောင့် ကျွန်တော်သည် အမြဲတစေ လောကကြီးကို အရွဲ့တိုက်ခဲ့မိပါသည်။

၅။ ဘယ်ဝယ်ဘယ်ဆီ ထွက်ခွာမည်မသိသော ရထားတစ်စင်း
        အချိန်အခါမဟုတ် ရထားတစ်စင်းသည် ထိုဘူတာလေးသို့ ရောက်ရှိလာသည့်နေ့က ကျွန်တော် အိပ်ပျော်နေပါသည်။ ရထားမဆိုက်ခင် အချက်ပေးခေါင်းလောင်းထိုးသံကိုလည်း ကျွန်တော် မကြားလိုက်မိ။ သို့သော် ဘူတာသို့ ရထားဆိုက်လိုက်သည်နှင့် ကျွန်တော် ညင်သာစွာ နိုးထလာမိသည်။ ထိုရထားသည် ခါတိုင်းတွေ့နေကြ ရထားများလို အိုမင်းရင့်ရော်နေခြင်းမရှိ။ ခရီးသည်များ၊ လက်မှတ်စစ်များ၊ တွဲဗိုလ်များစသည့် ရထားပေါ်ရှိ လူအများ၏ မျက်နှာများသည်လည်း ပြုံးပျော်ရွင်ကြည်နူးနေကြသည်။ ရထားပေါ်တွင် ရက်ဆား ရောင်းသည့်သူများ၊ ဒဏ်ကြေဆေးရောင်းသည့်သူများ ၊ ထမင်းရောင်းသည့်သူများဖြင့် ရွှင်လန်းတက်ကြွစွာ စည်ကားနေသည်။ သူတို့မျက်နှာများကို ကြည့်ရင်း အပျော်သည် ကျွန်တော့်ထံသို့ ကူးစက်လာသည်။ ရထား သည် ခါတိုင်းထက် အချိန်ပိုမိုရှည်းလျားစွာ ရပ်နေမိသည်ဟု ထင်မိသည်။ ထိုအချိန်တွင် ကျွန်တော်ရှေ့သို့ ရထားလက်မှတ်တစ်စောင် လွင့်ဝဲရောက်ရှိလာပါသည်။ ကျွန်တော်လှမ်းကောက်မည် ပြုပြီးမှ ဘေးဘီကို တစ်ချက်ငဲ့ကြည့်မိပါသည်။ ထိုလွင့်ဝဲကျလာသော ရထားလက်မှတ်ကလေးကို မည်သူမှ စိတ်မ၀င်စားကြ။ ကျွန်တော် ရထားလက်မှတ်လေးကို ကောက်ယူလိုက်မိသည်။ ကျွန်တော့်လက်ထဲမှ ရထားလက်မှတ်သည် ကျွန်တော့်ရှေ့သို့ ရောက်နေသည့် ရထားအတွက်ဖြစ်သည်။ ကျွန်တော်အရမ်းစိတ်လှုပ်ရှားသွားသည်။ ကျွန်တော့်ဘ၀တစ်သက်တာတွင် ခရီးသွားရန် တစ်ခါမှ စိတ်မကူးမိသလို ရထားလက်မှတ်တစ်စောင်ရဖို့လည်း အိပ်မက်ထဲတွင်ပင် မမက်ဖူးခဲ့။ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။ ရထားက ထွက်ခွာရန် သူ့ဥသြကို သာယာညှင်းသွဲ့စွာ ဆွဲလိုက်သည်။ ကျွန်တော် ရထားပေါ်သို့ တက်လိုက်သည်။ ရထားပေါ်မှာ လူများက ကျွန်တော်ထိုင်ခုံနေရာကို လမ်းညွှန်ပေးကြသည်။ ရထားသည် စတင်ထွက်ခွာခဲ့ပြီဖြစ်သည်။ သို့သော် ဘယ်ဝယ်ဘယ်ဆီမသိ။

၆။ လေများတ၀ူးဝူးတိုက်ခတ်နေသည့်အခါ လှုပ်ခတ်နေသည့် အလံတော်
          ရထားပေါ်မှ နေ၍ ဘူတာရုံလေးအား လည်ပြန်ကြည့်မိသည့်အခါ ဘူတာရုံလေးခေါင်မိုးပေါ်မှ လေများ တ၀ူးဝူးတိုက်ခတ်နေသည့်အခါ လှုတ်ခတ်နေသည့် အလံတော်အား တွေ့ရသည်။ ဘူတာလေးတွင် ကျွန်တော် ရှိခဲ့စဉ်က အဘယ်ကြောင့် အပေါ်မော့မကြည့်ဖြစ်ခဲ့ပါလိမ့်ဟု ကျွန်တော် ပြန်မတွေးချင်တော့ပါ။ ထို့ပြင် ထိုသို့ လေများ တ၀ူးဝူးတိုက်ခတ်နေသည့်အခါ လှုပ်ခတ်နေသည့်အလံတော်အကြောင်းဖွဲ့ဆိုစရာ စကားလုံးများ ကျွန်တော့်တွင် မရှိ။

၇။ အသံများ
          အသံများသည် တကယ်တော့ ကြားရုံသာ ကြားရနိုင်သည် မဟုတ်။ မြင်နိုင်သည်။ မြင်လို့ ရနိုင်ပါသည်။ မိတ်ဆွေစကားလုံးများအဖြစ်ကျွန်တော်ချမရေးပြတော့ပါ။ ခင်ဗျားရင်ထဲမှပြောနေသောအသံများကိုကျွန်တော် မြင်နေရပါသည်။ ကျွန်တော်မြင်ခြင်းမမြင်ခြင်းထက် ခင်ဗျားကိုယ် ခင်ဗျားပြန်မြင်နိုင်ဖို့ပဲ လိုအပ်ပါသည်။

မင်းနဒီခ
၂၂၊ မေလ၊ ၂၀၁၃