Thursday, September 25, 2014

ဆက်​သွယ်​မှုဧရိယာအတွင်းက ကဗျာဆရာ

ဆက်သွယ်မှုဧရိယာအတွင်းက ကဗျာဆရာ

စာအုပ်အမည်            ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေး
ရေးသူ                      ဟံလင်း
ထုတ်ဝေသည့်ကာလ   ဇူလိုင်လ၊ ၂၀၁၄
ထုတ်ဝေသည့်တိုက်     ကျော်မွှေး စာပေ



 ရန်ကုန်က ကဗျာဝိုင်းလေးတစ်ခုမှာ ဟံလင်းကို စတွေ့တော့ ကျွန်တော် တော်တော်အံ့သြသွားတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ကျွန်တော် မျှော်လင့်ထားတဲ့ ပုံစံနဲ့ အတော့်ကို ဆန့်ကျင်ဘက်ဖြစ်နေလို့ပါပဲ။ အင်တာနက် ဖေ့ဘွတ်ခ်ပေါ်မှာ သူက ဆန်းသစ်လိုစိတ်ရှိတဲ့၊ တီထွင်လိုစိတ်ရှိတဲ့၊ အသစ်ကို ဖန်တီးချင်စိတ်ရှိတဲ့ တော်လှန်ကြောင်တစ်ကောင်။ နောက်ပြီး တော့ Contemporary Poetry ကို စိတ်ဝင်စားသူ၊ နိုင်ငံတကာကဗျာတွေကို ဘာသာပြန်တင်ပြသူ၊ Digital Poetry ကို မြန်မာကဗျာလောကနဲ့ ဆက်စပ်ပေးချင်သူ။ ပြီးတော့ ၀တ်ပုံ၊ နေပုံထိုင်ပုံ၊ စကားပြောပုံကအစ  ခေတ်လူငယ် ဆန်ဆန်နဲ့ ဂျစ် ကန်ကန်ဖြစ်နိုင်မယ်လို့ အထိ ထင်ထားခဲ့တာပါ။ အဲ့ဒီတုန်းက  သူ့လက်ထဲမှာ ထီးတစ်လက်နဲ့၊ ဟန်ပန်က သိမ်သိမ်မွေ့မွေ့၊ စကားပြောပုံက တိုးတိုးသက်သက် ညင်ညင်သာသာ၊ သူ့ကို ကြည့်ရတာ ကဗျာဆရာတစ်ယောက်ထက် ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးနဲ့ ပိုတူနေသလားပဲ။ ဒုတိယအကြိမ်တွေ့တော့ မန္တလေးမှာ။ မှတ်မှတ်ရရ ၂၀၁၄ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားမှာ။ အဲဒီပွဲမှာ သူ ကဗျာတစ်ပုဒ် ရွတ်ခဲ့တယ်။ ကဗျာပွဲပြီးတော့ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်မှာ ကျွန်တော် တို့ စကားတွေ ပြောဖြစ်ကြတယ်။ မန္တလေးကဗျာလောကကို သူသဘောကျပုံရပါတယ်။ နောက်ထပ် ကျွန်တော်တို့ လူချင်းမဆုံဖြစ်တော့။
 ကဗျာစာအုပ်တစ်အုပ် သူလုပ်နေတယ်ဆိုတာ သိရတော့ ကျွန်တော် ၀မ်းသာမိတယ်။ ဖေ့ဘွတ်ခ်မှာ ဖတ်နေရတဲ့ သူ့ကဗျာတွေကို ကျွန်တော် စိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာကဗျာ အခင်းအကျင်းဟာ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား ကနေ ဒီနေ့ခေတ်အထိ သူ့နည်းသူ့ဟန် စဉ်ဆက်မပြတ်ရွေ့လျားနေခဲ့တာ အားလုံးအသိပါပဲ။ အငြင်းပွား စရာ အခေါ်အဝေါ်၊ ခေတ်ပေါ်/ခေတ်ပြိုင်ကိစ္စ၊ သီအိုရီသဘောတရား စတာတွေ ခဏဘေးဖယ်ထားလိုက်ပါဦး။ ဒီကနေ့ မြန်မာကဗျာဟာ ကဗျာစာကြောင်းလိုင်းစီပုံ၊ ဖွဲ့စပ်ပုံ၊ ပုံသဏ္ဌာန်တည်ဆောက်ပုံ၊ နိမိတ်ပုံသုံးစွဲပုံများကအစ ပင်မရေစီး ခေတ်ပေါ်ကဗျာဟန်နဲ့ ကွဲပြားခြားနာလာတာ အမှန်ပါပဲ။ အဲဒီလိုခေတ်ပေါ်ကဗျာအရွေ့မှာ အွန်လိုင်းကဗျာဆရာတွေရဲ့ လှုပ်ရှားမှု၊ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို ဘယ်လိုမှ မေ့ထားလို့ မရပါဘူး။ အဲဒီလို လှုပ်ရှားပါဝင်ပတ်သက်သူ တွေထဲမှာ ဟံလင်းဟာ တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။
ဟံလင်းက Digital Poetry ကို မြန်မာလူငယ်ကဗျာဆရာတွေနဲ့ မိတ်ဆက်ပေးခဲ့တယ်။ အွန်လိုင်းနဲ့မဂ္ဂဇင်းစာမျက် နှာတွေမှာ Digital Poetry နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ဘာသာပြန်ရေးတယ်။ ရုပ် မြင် သံ ကြား ကဗျာကို ကျွန်တော် စကြိုက်မိတာက စာသားသက်သက် တည်ဆောက်မှုကဗျာထက် Vedio Effect နဲ့ သူ့တင်ပြမှုကို အရင်ကြိုက်မိတာပါ။ ကဗျာတစ်ပုဒ်ကို ပုံနှိပ်စာသားနဲ့၊ အသံထွက်ရွတ်ဖတ်မှုနဲ့သာ တလျောက်လုံးရင်းနှီးကျွမ်းဝင်လာခဲ့တဲ့ ကျွန်တော့်အတွက် တော့ သူ့အားထုတ်မှုတစ်ခုဖြစ်တဲ့ ရုပ် မြင် သံ ကြား (Digital Poem) ဟာ ကဗျာရဲ့မူလအရသာကို ပိုမိုကျယ်ပြန့်သွားစေ ပါတယ်။  နောက်ထပ်ပြောရရင် လူငယ်ကဗျာဆရာတစ်ယောက်ဟာ ကဗျာရေးခြင်းသက်သက်ထက် ကဗျာဆိုင်ရာသဘော တရားတွေ၊ ကဗျာနည်းနာ သီအိုရီသဘောတရားတွေကို ရင်းနှီးထိတွေ့ လေ့လာရေးသားနေတာကို ကျွန်တော် ပိုမိုနှစ်သက် သဘောကျမိတာပါ။
အခု ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေး မှာ ကဗျာ (၃၈) ပုဒ် ထည့်သွင်းထားပါတယ်။ အမှာစာ ရေးပေးသူက ဆရာ နိုင်မွန်အောင်သွင်ပါ။ ဆရာနိုင်မွန်အောင်သွင်က သူဖြတ်သန်းခဲ့ရသော လူငယ်ဘ၀နဲ့ ဟံလင်း ဖြတ်သန်းနေသော လူငယ်ဘ၀ကို ယှဉ်တွဲရေးပြထားပါတယ်။ နောက်တစ်မျိုးပြောရရင် မျိုးဆက်တစ်ဆက်လောက်ခြားနေတဲ့ ကဗျာဆရာ နှစ်ယောက်ရဲ့  ကဗျာနဲ့ ခေတ်အမြင်၊ ခေတ်အမြင်နဲ့ ကဗျာတည်ဆောက်ပုံ၊ကဗျာအပေါ် ဖြတ်သန်းပုံ၊ ကဗျာအပေါ်ရူးသွပ်ပုံ၊ ကဗျာနဲ့ နေထိုင်ပုံ စတာတွေကို ကျွန်တော်တို့ မှတ်သားသိရှိရလိုက်တဲ့ အမှာစာတစ်ခုပါပဲ။ ဆရာ နိုင်မွန်အောင်သွင်က အမှာစာရဲ့ နောက်ဆုံးပိုဒ်မှာ ဒီလိုဆိုပါတယ်။
` ကျွန်တော့်ကဗျာများမှာ ကျွန်တော့် ဖြတ်သန်းမှုနှင့် အတွေးအခေါ်များ ပါရှိနေနိုင်သလို ဟံလင်း ကဗျာများမှာ လည်း ဟံလင်းရဲ့ အရွေ့နှင့် ခံယူချက်/ခံစားချက်များကို တို့ထိနိုင်လိမ့်မည်ဟု ထင်သည်။ ကိုယ်ခံအားကောင်းဖို့ ကိုယ်တိုင် ဖြည့်ဆည်းကြရလိမ့်မည်။ မည်သူမဆို မိမိတို့ ကဗျာများကို ကဗျာစာအုပ်အဖြစ် စုစည်းထုတ်ဝေလိုက်ပါက မိမိတို့၏ ပုံရိပ် သည် ပိုမိုထင်ရှားပြတ်သားလာမည်ဟု ယုံကြည်သည်။ ဟံလင်းကို လူငယ်ကဗျာအဖြစ်နှင့်ကော၊ Facebook ပေါ်က ကလောင်ရှင် အဖြစ်ကော အသိအမှတ်ပြုလေးစားပါသည်။´
ဟံလင်းရဲ့ ကဗျာတွေကို ဖတ်ရတာ တစ်ချို့ကဗျာတွေက လွယ်ကူရိုးရှင်းပြီး ကဗျာရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကို ရရှိနိုင်ပေမယ့် တစ်ချို့ကဗျာတွေကတော့ ဖတ်ရ/ နားလည်မှုတည်ဆောက်ရ ခက်ခဲတဲ့ ကဗျာတွေလည်း ပါပါတယ်။ ဒါဟာလည်း ကဗျာဖတ်သူရဲ့ ကဗျာအပေါ်သိမှုအကျယ်အ၀န်းနဲ့ ကဗျာဖတ်မှုသိပ်သည်းဆအပေါ်မူတည်နေမယ်လို့လည်း ထင်ပါတယ်။ များသောအားဖြင့် ကဗျာဖတ်သူအများစုဟာ ကဗျာကပေးတဲ့ တိုက်ရိုက်အဓိပ္ပာယ်နဲ့ နားလည်မှုလွယ်ကူစေတဲ့ ကဗျာတွေကို ပိုမိုအာရုံစူးစိုက်လေ့ရှိပြီး ဖတ်ရခက်ခဲတဲ့ (တစ်ခါတလေ တမင်နားလည်ရခက်ခဲအောင် ပြုလုပ်ထားတဲ့) ကဗျာ တွေကို အလွယ်ဖတ်/ကျော်ဖတ် ပစ်လေ့ရှိတတ်ပါတယ်။ အခု ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေး ထဲမှာတော့ ဟံလင်း ဟာ တမင်တကာကို အဲဒီလို ကဗျာအမျိုးအစားနှစ်ခုကို သမမျှတအောင် ထည့်သွင်းပြီး ကဗျာဖတ်သူကို ဆွဲခေါ်လိုက်/ ဆောင့်တွန်းလိုက် လုပ်ထားသလား ထင်မှတ်ရလောက်အောင်ပါပဲ။
ဒီလို ကဗျာများကြားထဲမှ ဟံလင်း၏ ကဗျာတည်ဆောက်ပုံစိတ်ကူးတစ်ခုကို ကျွန်တော်သတိထားမိတာ တစ်ခု ရှိပါ သေးတယ်။ အဲဒါကတော့ ကဗျာဆရာဟာ တည်ငြိမ်မှုနဲ့ မတည်ငြိမ်မှု၊ ငြိမ်သက်မှုနဲ့ လှုပ်ရှားမှု။ တနည်းပြောရရင် အပူနဲ့ အအေး၊ အငြိမ်နဲ့ အလှုပ် စတာတွေကို သွေးအေးအေးနဲ့ ဆက်စပ်ချိတ်တွဲတည်ဆောက်တတ်ပုံပါပဲ။ ငှက်ကြည့်ဆရာ ကဗျာမှာ အပိုင်း နှစ်ပိုင်း ကို တွေ့ရတယ်။ ပထမပိုင်းမှာကဗျာဆရာဟာ သူ့ရောက်ရှိနေတဲ့ အပေါ်စီးမြင်ကွင်းကို အသုံးချပြီး ရေးထားတယ်။ သူရဲ့ အပေါ်စီးမြင်ကွင်းတွေကနေ တည်ငြိမ်အေးဆေးစွာ သူ စဉ်းစားတွေးတောမှုများ။ သူမြင်တွေ့နေရတာ တွေဟာ သူနဲ့ တိုက်ရိုက်မသက်ဆိုင်သလို သေခြင်းတရားကိုတောင်မှ သူက သွေးအေးအေးနဲ့ စဉ်းစားတယ်။ နောက် တစ်ပိုင်းက မတည်ငြိမ်မှု။ သူရဲ့ အပေါ်စီးမြင်ကွင်းကနေ သူတိုက်ရိုက်ကြုံတွေ့ရင်ဆိုင်လိုက်ရတော့မယ့် ပြဿနာ။ သူ လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ စိုးရိမ်စိတ်တွေ ဖြစ်လာတယ်။  သူ့မိသားစု၊ သူ့ပတ်ဝန်းကျင်၊ သူ့ဆွေမျိုး အသိုင်းအ၀ိုင်းနဲ့ ကိုယ်တိုင်ရင်ဆိုင်ရလာနိုင်တဲ့ သေခြင်းတရားမှာ သူ့ရဲ့ ရောက်ယှက်ခတ် ပူလောင်မှု။

`လူချင်းမတိုက်မိကြပေမယ့်
ထီးချင်းတော့ တိုက်မိကြရရှာတယ်

ထပ်မြင့်တိုက်ပေါ်ကနေ ခုန်ချပြီး
ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားနေသူကို
ဝိုင်းကယ်မယ့်သူတွေ မလာခင်
မြန်မြန်ခုန်ချစေချင်ကြရမယ်´

 . . . . . .
 . . . . . .

`ကြောင်တွေကို အိမ်ထဲ ထည့်ထားဖို့ ပြောရပြီ
ဘေးအိမ်တွေ ရဲစခန်းနဲ့ ဘုန်းတော်ကြီးတို့ဆီ
အမြန်ဆုံးအကြောင်းကြားဖို့ ပြောရပြီ
စိတ်မပူဖို့ စိတ်ကို အေးအေးထားဖို့
ငှက်တွေ ရောက်မလာမီ
သူအရောက်ပြန်လာနေပါပြီ´
(ငှက်ကြည့်ဆရာ ကဗျာမှ)

`အစတုန်းကတော့
စိတ်ရှည်လက်ရှည် စောင့်နေကြသေးတယ်
ဆေးမညီမှာ စိုးတဲ့ မျက်နှာထားတွေနဲ့
ဆောင့်ကြောင့်ထိုင်ပြီးပေါ့

. . . . .

`မပြောမဆိုနဲ့ ကားပေါ်ခုန်တက်ပြီး ၀ူးခနဲ မောင်းထွက်သွားကြတယ်

 မှုတ်လက်စဆေးတွေ
 လမ်းတလျှောက် လေထဲ လွင့်မဆုံး´
( ကုန်တင်ကား ကဗျာမှ)

ကုန်တင်ကား ကဗျာမှာတော့ ကဗျာဆရာဟာ ဆေးမှုတ်သူ။ သူဆေးမှုတ်နေတဲ့ ကားက ကုန်တင်ကား။ ကားအနီး ၀န်းကျင်မှာ ကားမောင်းသူ၊ ကားစပယ်ရာ စသဖြင့် ဆောင့်ကြောင့်ထိုင်လို့။ ပထမတော့ တည်တည်ငြိမ်ငြိမ်၊ နောက် အလျင်လိုလာ။ နောက်ဆုံး ကားပေါ်ခုန်တက် ၀ူးကနဲ မောင်းထွက်သွား။ ဆေးမှုတ်သူ ကဗျာဆရာဟာ မှုတ်လက်စ ဆေးတွေဟာ လမ်းမတလျောက် လေထဲ မဆုံးအောင် လွင့်နေတာကို  ငေးကြည့်ကျန်ခဲ့တယ်။ ကုန်တင်ကားက အလှုပ်။ ဆေးမှုတ်သူက အငြိမ်။ နာကျင် ပျော်ရွှင် မှာလည်း နာကျင်မှုနဲ့ ပျော်ရွှင်မှုကို ဒွန်တွဲလို့၊ ရောယှက်လို့။ တလှည့်စီ။ မတူညီမှုနှစ်ခုကို ယှဉ်တွဲချိတ်ဆက်လိုက်ပြန်တယ်။ လင်ငယ် ကဗျာမှာလည်း သူ့တည်ဆောက်ထားပုံက တစ်ခန်းရပ် ပြဇာတ်ဆန်ဆန်။ လင်ကြီးနဲ့ လင်ငယ်။ မူလအခြေအနေကနေ ချက်ချင်းဆိုသလို ပြောင်းလဲသွားတဲ့ အဓိပ္ပာယ် သတ်မှတ်မှု၊ ကာမသူရဲကောင်းတစ်ယောက်ကနေ လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ စက်ဆုပ်ရွံ့ရှာဖွယ် အိမ်ထောင်ရေးဖောက်ပြန်သူ လင်ငယ် အဖြစ်။ နောက်ထပ်တစ်ပုဒ်ဖြစ်တဲ့ ဟယ်လီကော်ပတာ ကဗျာကတော့ ကြောက်မက်နာကျင်ထိတ်လန့်ဖွယ်ရာ ကဗျာတစ်ပုဒ်။ အဲဒီမှာလည်း ဟယ်လီကော်ပတာက အလှုပ်၊ H စာလုံးပုံ ရဲဘော်တွေက အငြိမ်။

ဟယ်လီကော်ပတာဟာ
တော်တော်နဲ့ကို ဆင်းမလာ

ငါ့ရဲဘော်အလောင်းတွေကို
ငါ စီပေးလိုက်ရတယ်

H စာလုံးပုံ။
(ဟယ်လီကော်ပတာ ကဗျာမှ)

ဘယ်လောက်ဝေးဝေး ဆက်သွယ်ရေး ကဗျာစာအုပ်ထဲကနေ နောက်ထပ်ထူးထူးခြားခြား မှတ်မိနေတဲ့ ကဗျာတွေ ကတော့ ရုပ်ပွားတော်မြတ် က ဆူရီယာယ်လစ်ဆန်ဆန် ကြည်နူး/ကြည်ညိုဖွယ်ရာ ကဗျာတစ်ပုဒ်၊ ငါ ရေမွှေးဆွတ်တိုင်း က လူပျိုပေါက်ကလေးတစ်ယောက်လို ပျော်ရွှင်ကျေနပ်နှစ်သိမ့်မှု။ ရုပ် မြင် သံ ကြား မှာ ကဗျာဆရာရဲ့ အထီးကျန်ဆန်မှု၊ အလို မကျမှုနဲ့ စိတ္တဇဆန်မှု အခင်းအကျင်း။ ပက်လက်ကုလားထိုင် မှာ ကဗျာဆရာရဲ့ အထီးကျန်မှု၊ မရေမရာမှုနဲ့ ထိတ်လန့် ကြောက်ရွံ့မှု စတာတွေကို ကဗျာဖတ်သူအများစုက အလွယ်တကူဖမ်းဆုပ်နိုင်မှာဖြစ်ပေမယ့် ကဗျာဖတ်သူကို ဆောင့်တွန်း ခံရနိုင်ချေရှိတဲ့ ကဗျာတွေလည်း အများအပြားပါဝင်နေပါသေးတယ်။

`မီးပွားများ ပျံ့နှံ့နေသည် မီးတုတ်ကို ယမ်းနေသဖြင့် လိုလေသေးမရှိအောင်
တစ်စထက် တစ်စ သိမ်းသွင်း အကဲခတ်စောင့်ကြည့်နေ အခြေအနေကို
ကျောခိုင်းထားသော ကျပ်တိုက်ထားသော တဖြည်းဖြည်း နီရောင်သန်း
နေရောင်ဟပ်ကာ ၀င်းလက်စွာ တွဲလောင်းကျ လက်ဝါးကပ်တိုင် မျက်စိကျိန်း´
(အလောင်း၏ ရှည်လျားသော ဆံပင်များကို တစ်ပင်ပြီး တစ်ပင် ကဗျာမှ)

`ခေါက်ရိုးကျိုးနေတဲ့
နံ့သာဖြူ ယပ်တောင်လေးဘေးမှာ
နံရံကို ထုရိုက် ကုတ်ခြစ်နေတဲ့
ကြောင်တစ်ကောင်

အစာအဟာရဟာ
သူတစ်ပါး အသွေးအသား
ရှင်သန်မှုဟာ
သူတစ်ပါး အသက်ဓာတ်´
(ပတ်ဝန်းကျင်က စုန်းမလို့ ယိုးစွပ် ကဗျာမှ)

ဒီလို ခက်ခဲတဲ့ ကဗျာတွေထဲမှာ Collage ကဗျာနှစ်ပုဒ်ဖြစ်တဲ့ အလောင်း၏ ရှည်လျားသော ဆံပင်များကို တစ်ပင်ပြီး တစ်ပင်၊ ပတ်ဝန်းကျင်က စုန်းမလို့ ယိုးစွပ် ကဗျာတွေဟာလည်း ကဗျာဖတ်သူကို နားလည်မှု/ သိမှုတည်ဆောက်ရ ခက်ခဲစေဦးမှာ ဖြစ်ပါတယ်။ Collage ကဗျာတွေရဲ့ ထုံးစံအတိုင်း ကဗျာဆရာဟာ သူဖတ်ထားတဲ့(သို့) သူနှစ်သက်တဲ့ စာအုပ်ထဲက စာသားတွေကို ရည်ရွယ်ချက်ရှိရှိ (သို့) အစီအစဉ်ကျနမှုမဲ့စွာ ကောက်ယူချိတ်တွဲပြီး ကဗျာအသစ်တစ်ပုဒ် အဖြစ် ဖန်တီးထားတာတွေ ဖြစ်တတ်ပါတယ်။ မူလစာအုပ်မှာ ယုတ္တိရှိရှိ/ အစီအစဉ်ကျနပြေပြစ်ညီညွတ်မှု ရှိကောင်း ရှိနိုင်ပေမယ့် ကဗျာဆရာကောက်ယူချိတ်တွဲဖန်တီးလိုက်တဲ့ ကဗျာတစ်ပုဒ်ဟာ မူလအကြောင်းခြင်းရာ အချက်အလက် ပြေပြစ်မှုတွေကို ပြန်လည်ချေဖျက် အဓိပ္ပာယ်မဲ့သွားစေနိုင်လို့ပါပဲ။ ဒီထက်ပိုပြီး ကဗျာဆရာမျှော်လင့်ထားတတ်တာက မူလယုတ္တိဖြစ်စဉ်သဘောတရားနဲ့ မတူညီတဲ့ အခြားအဓိပ္ပာယ်တစ်ခုခုကို ရရှိသွားစေချင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကဗျာဆရာဟာ သူနှစ်သက်တဲ့ စာကြောင်းတွေ၊ ဒါမှမဟုတ် ကျပန်း စာကြောင်းတွေကို ကောက်ယူ၊ တဖန် ပြန်လည် ချိတ်တွဲပြီး ဖန်တီးပစ်တယ်။ ဒါဟာ ကဗျာဆရာရဲ့ ကဗျာတည်ဆောက်မှုအခိုက်အတန့်ခဏငယ်အတွင်းမှာပဲ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက် အခြေအနေကို လိုက်ပြီး ကဗျာရဲ့ လားရာဟာ ပြောင်းလဲသွားတတ်တာကြောင့် သာမန်ကဗျာ ဖတ်သူတွေ အနေနဲ့ဆိုရင်တော့ ခက်ခဲတဲ့ ကဗျာတွေအဖြစ် ရင်ဆိုင်သွားရနိုင်ပါတယ်။
တော် မတော် စမ်းဝတ်ကြည့်လိုရပါတယ်၊ တကယ်တမ်းက ဒီလို (Please don’t try these at home. Not good for kids) ကဗျာတွေကတော့ ကဗျာဆရာရဲ့ စကားလုံးတွဲစပ်တည်ဆောက် (Fragment & Juxtaposition) ပြုလုပ်ထားတဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ကဗျာဖတ်သူဟာ အဲဒီလို ကဗျာထဲမှာ စုစည်းညီညွှတ်တဲ့ အဓိပ္ပာယ်ကို လိုက်ရှာနေရင် မောပါလိမ့်မယ်။ ဒီလိုကဗျာတွေဟာ ကဗျာဖတ်သူရဲ့ အသိစိတ်ကို နောက်ကျောကနေ ပုတ်လိုက်၊ ပြန်ပုန်းကွယ်နေလိုက်နဲ့ ကဗျာဖတ်မှုဖြစ်စဉ်ကို ကသိကအောင့်နေစေမှာလည်း အမှန်မှာပဲ။ ဒါဆိုရင် ဒီလို ခက်ခဲတဲ့ ကဗျာတွေက ကဗျာဖတ်သူကို ဘာတွေပြန်ရရှိစေမှာလဲ ပေါ့။ ကျွန်တော်အထင်ပြောရရင် ကဗျာဆရာဟာ ဒီလိုအစဉ်မကျတဲ့/ ပြေပြစ်ညီညွှတ်မှုမရှိတဲ့ စာကြောင်းတွေကို ချိတ်တွဲပေါင်းစပ်လိုက်ခြင်းအားဖြင့် ရရှိလာမယ့် ကျိုးကြောင်းဆက်စပ်မှုအမျိုးမျိုး၊ အဓိပ္ပာယ်အမျိုးမျိုးနဲ့ ဒီလိုမတူညီတာတွေချိတ်တွဲခြင်းက ထွက်ပေါ်လာတဲ့ မတူညီခြင်းညီညွှတ်မှုတစ်ခုခုကနေ အခြားသိမှုတစ်ခုခုကို ရစေချင် တာမျိုးလည်း ပါမှာပါ။ သေချာတာကတော့ ကဗျာကို အပေါ်စီးကနေကြည့်ပြီး ဟိတ်ကြီးဟန်ကြီးနဲ့ ဖတ်ရတာမျိုး မဟုတ် တော့ဘဲ ကဗျာဖတ်သူကိုယ်တိုင် ကဗျာထဲကို ထဲထဲဝင်ဝင် ၀င်ရောက်ပူးပေါင်းရတော့မယ့် ဖြစ်စဉ်မျိုးပါပဲ။ တနည်းအားဖြင့် ပြောရရင် ပျော်စရာကောင်းပါတယ်။ ဒီလိုကဗျာတွေဟာ တစ်ကြိမ်လောက်ဖတ်ရုံနဲ့ မလုံလောက်ဘဲ တစ်ကြိမ်ဖတ်ရင် သိမှုတစ်ခု၊ နောက်တစ်ကြိမ်ဖတ်ရင် နောက်တစ်ခုနဲ့ ကဗျာဖတ်သူရဲ့ သိမှုအမြင်ကျယ်ဝန်းသလောက် ကဗျာဟာ ခုန်ပေါက် နေမယ် ဆိုတာပါပဲ။
နောက်ထပ် ကဗျာဖတ်သူရင်ဆိုင်ရမယ့် ကဗျာတွေကတော့ လဲကျသွားတဲ့ စက်ဘီးဟာ အရှိန်သေ လည်နေ ဘီးတွေ ဆက်လက်၊ လူနံ့ရတာနဲ့ လျပ်စစ်တံခါးက အလိုအလျောက် ပွင့်သွား၊ နည်းပညာအခြေခံ က္ကုတ္ထိယ၊ ရွေ့ရွေ့ မရွေ့ရွေ့ တွန်းတွန်း ရွှေ့ ဆို ၊ ဓာတ်ပုံထဲ အမြဲမပါတဲ့လူ ဘောလ်ပန်ယူဆွဲထည့် ၊ ရေခဲသေတ္တာပေါ်က သံလိုက်၊ ခုမှ မြင်ရ ကြားရပေမယ့် အရင်က ဒါမျိုး မြင်ဖူးတွေ့ဖူးသလို၊ စန္ဒယားခလုတ်တွေ တဖြည်းဖြည်း အကုန်ဖြူ၊ လူနာတင်လှည်း စတဲ့ ကဗျာတွေပဲ ဖြစ်ပါတယ်။

သူ့ vedio ကို ကြည့်အပြီးမှာ
သူ့ slapping တွေ tapping တွေ
Rhythm drive တွေ percussive effect တွေအပြင်
သူ့ကိုယ်ပိုင် technique စစ်စစ်တွေဖြစ်တဲ့
rim shot တွေ bongo hit တွေကိုပါ
ကျွန်တော်ကြုံတွေ့ခဲ့လိုက်ရတယ်
Shock အကြီးကြီး ရသွားခဲ့တယ်
(Baritone Guitar ကဗျာမှ)

Jimi Hendrix ထိုင်ငိုသွားတယ်။ Stevie Ray Vaughan ထိုင်ငိုသွားတယ်။ Eric Johnson ထိုင်ငိုသွားတယ်။ Kerry King ထိုင်ငိုသွားတယ်။ Robert Johnson ထိုင်ငိုသွားတယ်။ Kirk Hammett ထိုင်ငိုသွားတယ်။ Steve Vai ထိုင်ငိုသွားတယ်။ Stu Hamm ထိုင်ငိုသွားတယ်။ Victor Wooten ထိုင်ငိုသွားတယ်။ Richie Sambora ထိုင်ငိုသွားတယ်။ Slash ထိုင်ငိုသွားတယ်။ Eric Clapton ထိုင်ငိုသွားတယ်။ Robben Ford ထိုင်ငိုသွားတယ်။ John Mayer ထိုင်ငိုသွားတယ်။
( ငါ့ ကဗျာတွေကို ငါ ဂစ်တာနဲ့ တီးပစ်လိုက်တဲ့အခါ ကဗျာမှ)

Baritone Guitar ၊ ငါ့ ကဗျာတွေကို ငါ ဂစ်တာနဲ့ တီးပစ်တဲ့အခါ စတဲ့ ကဗျာတွေကတော့ ကဗျာဆရာရဲ့ အခြားဘ၀အစိတ်အပိုင်းများစွာထဲက သိမှုနဲ့ တည်ဆောက်ထားတဲ့ ကဗျာတွေပဲ ဖြစ်တယ်။ တနည်းပြောရရင် ကဗျာဆရာရဲ့ သူကျွမ်းကျင်ရာနယ်မြေတစ်ခုထဲကို ကဗျာဖတ်သူကို ဆွဲခေါ်သွားမယ့် ကဗျာတွေပါ။ ကျွန်တော့်အမြင်အရတော့ ဒီလိုကဗျာ တွေဟာ ပညာတတ်ချောက်ကမ်းပါးထဲ ကဗျာဖတ်သူကို ပြုတ်ကျသွားစေနိုင်တဲ့ ကဗျာတွေလို့လည်း မြင်ပါတယ်။ ကဗျာ ဖတ်သူဟာ သူမကျွမ်းကျင်တဲ့ နယ်မြေထဲမှာ သူမရင်းနှီးတဲ့ အခေါ်အဝေါ်တွေ နည်းပညာတွေ အမည်နာမတွေနဲ့ ရှုပ်ထွေးပြီး ကဗျာဖြစ်မှုလမ်းကြောင်းကနေ ချော်ထွက်သွားနိုင်တဲ့ ကဗျာတွေလို့ ထင်ပါတယ်။
ဆရာ နိုင်မွန်အောင်သွင်ရဲ့ အမှာစာထဲကလိုပါပဲ။ ` တကယ်တမ်းကျတော့ သူ့ကဗျာတွေက ဘယ်ကဗျာက ပိုကောင်းသည်၊ ပိုညံ့သည် သိပ်ခွဲခြားပြလို့ မရနိုင်ပေမယ့် ဟံလင်း ကဗျာတွေဆိုတာကတော့ သိသာနေပါပြီ၊ ဟံလင်း မှာ ကိုယ်ပိုင်ဟန် ရှိနေပါပြီ။´ အဆုံးသတ်ပြောရရင် ဟံလင်းရဲ့ ကဗျာတွေက ကျွန်တော်တို့ကို အာရုံလှုပ်ခတ်မှု တစ်ခုခု ပေးနေခဲ့တာ သေချာပါတယ်။ ကြိုက်ခြင်း၊ မကြိုက်ခြင်းမှာ ကဗျာဖတ်သူနဲ့သာ တိုက်ရိုက် သက်ဆိုင်သည့် ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်မပြောလို။ ကျွန်တော်သိမှုအခြေအနေရှိသလောက် သူ့ကဗျာတွေက ကျွန်တော့်ကို ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ဟံလင်းက ကဗျာကို အားစိုက်ရေးသားသူ၊ ကဗျာ ဆိုင် ရာ စိတ်ဝင်စားသူ၊ ကဗျာလောကဝန်းကျင်ကို တိုးတက်ဖွံ့ဖြိုးစေလိုသူ၊ မြန်မာကဗျာခရီးရှည်ဖြတ်သန်းမှုမှာ အရွေ့ တစ်ခု အတွက် ပူးပေါင်းလှော်ခတ်သူ လှေထိုးသား။ ဟံလင်းကဗျာများကို ကျွန်တော် ဆက်လက်မျှော်လင့်မိပါတယ်။ ဟံလင်း ကဗျာများ ဆက်လက်ရေးသားပြီး ကဗျာအကျိုးသယ်ပိုးထမ်းရွက်နိုင်ပါစေလို့ ဆုတောင်းလျှက်။

မင်းနဒီခ
(၂၄၊ ၉၊ ၂၀၁၄)