Wednesday, September 30, 2015

မနီကလေးအကြောင်း - မင်းနဒီခ



မနီကလေးအကြောင်း



`မနီကလေး ဘယ်ကလာ
အိမ်က ထွက်လို့လာ

မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား´

၁၉၇၈
အမေက သမီးဖြစ်သူကို ကဗျာသင်ပေးနေတယ်
သမီးက အမေသင်ပေးတဲ့အတိုင်း
အမူအယာလုပ်ပြီး ကဗျာကို လိုက်ဆိုလို့။

`စာသင်ကျောင်းက ဘာတွေသင်
စာရေး စာဖတ်သင်

စာရေး စာဖတ် ဘာလုပ်ဖို့
မနီကလေး လိမ္မာဖို့´

၂၀၁၅
အမေက သမီးဖြစ်သူကို ကဗျာသင်ပေးနေတယ်
သမီးက အမေသင်ပေးတဲ့အတိုင်း
ကဗျာကို လိုက်ဆိုရင်း အမူအယာလုပ်လို့။

ဆေးလိပ် တိုခဲ့ပြီ
နေလည်း ညို ခဲ့ပြီ
မနီကလေးဟာ စာသင်ကျောင်းကိုသွားနေတုန်းပဲ
မနီကလေးဟာ လိမ္မာဖို့ စာသင်နေဆဲပဲ
နှစ်များ၊ စနစ်များ၊ ခေတ်များ စီးဆင်းသွားကြပြီ
အမေက သမီးထံသို့
သမီးကနေ မြေးထံသို့
ကဗျာများ ဆက်လက်စီးဆင်းနေဆဲ
နောင်နှစ်များစွာထိ စီးဆင်းမြဲပေါ့။

(ဆရာတင်မိုးသို့ အမှတ်တရ ဂါရ၀)
မင်းနဒီခ
(၂၇၊ ၉၊ ၂၀၁၅)

ငါ့မိသားစုကို အခါမလပ် ငါကာကွယ်နေရတယ်- မင်းနဒီခ



ငါ့မိသားစုကို အခါမလပ် ငါကာကွယ်နေရတယ်

နှင်းတွေ တရှုံ့ရှုံ့ ကျနေတာ ဝမ်းနည်းစရာတောင် ကောင်းပါရဲ့
အဝါရောင်မီးခိုးတွေဟာ အိမ်နံရံကြားကနေ တိုးထွက်လာတယ်
မြင်းရိုင်းဖြူဖြူတွေ ကစုန်ပေါက်ပြေးလာသလို လူးလူးလွန့်လွန့်နဲ့
အပေါ်ဝတ် ချည်သားအင်္ကျီဟာ အနွေးဓာတ်ကို ဆုပ်ယူဖို့ ငြင်းဆန်တယ်
အရင်က ဒီလို ညတွေဆို တစ်ယောက်ကို တစ်ယောက်
အနွေးဓာတ်ပေးလို့ ငါတို့ ချစ်မှုပြုခဲ့ကြဖူးတာပေါ့
ခြုံစောင်တွေဟာ ငါတို့ခြေရင်းမှာ အထပ်ထပ်ပုံတိုက်လို့ ပန်းနုရောင် နှင်းဆီတစ်ပွင့်လို
အခုတော့ ခေါင်းလောင်းပန်းတွေဟာ သေခြင်းကို ကိုယ်စားပြုလို့ လှုပ်ယမ်းနေကြတယ်
လူဦးရေ နှစ်သန်းလောက် အိပ်မောကျနေတဲ့ မြို့လေးထဲ
ကိုယ့်သက်ပြင်း ချသံဟာ ကျယ်လောင်လွန်းနေခဲ့သလား
ခန်းစီးစတွေဟာ ပြတင်းပေါက်ကို ကွယ်နေတုန်းမှာပဲ ငါ့အခန်းတံခါးကို ပိတ်လိုက်တယ်
ဒီအမှုဟာ ငါထင်ထားတာထက် ပိုခက်ခဲ ပိုရှည်ကြာ ပိုဖြေရှင်းရဦးမှာပါပဲ
လေးကြိမ်မြောက် ရုံးချိန်းဟာ နောက်တစ်ပတ်တနင်္လာတိတိကို သတ်မှတ်လိုက်တယ်
ကိုယ်နံ့သင်းသင်းလေးဟာ ကိုယ်နံဘေးက ဖြတ်လျှောက်သွားသလို
နာရီကို ကြည့်မိတယ်။ ကိုယ်ပြန်မလာတဲ့ နေ့တွေဆီု သူဘယ်လိုများနေမှာပါလိမ့်
ကြောင်လိမ်လှေကားတွေဟာ တရစ်ချင်း တရစ်ချင်းနဲ့ မိုးသားထဲ တိုးဝင်ပျောက်ကွယ်သွားတယ်
ခေါ်သံတွေဟာ ကြယ်လို တလက်လက် လင်းလို့ တောက်တောက်ပပ
လာပါ။ ကိုယ့်ဘေးနားမှာ ထိုင်ပါ။ ပန်းသစ်တော်တွေရဲ့ အရည်ရွှမ်းမြမှုတွေနဲ့အတူ
အားရနှစ်လိုစွာ တစ်ယောက်ကို တစ်ယောက်ပွေ့ဖက်ထားရအောင်
ငြီးငွေ့မှုတွေ ကိုယ့်ကို လာ မပတ်သက်ခင် ခဏလေး ကိုယ်ကြည်နူးပါရစေ
ခါးပတ်ကြိုးတွေက တစ်ပတ်အတွင်းမှာပဲ ပိုရှည်ထွက်လာတယ်
ခြေဖျား လက်ဖျားတွေဟာ အေးခဲထုံကျင်လို့ သတိလစ်မေ့မျောသွားမတတ်
လက်အိတ်တွေကို စွပ်လိုက်တယ်။ အခု ချွတ်ထားတဲ့ ခြေအိတ်က ဘယ်သူ့ပိုင်ဆိုင်မှုလဲ
အသေးစားအာမခံကုမ္ပဏီကို ချက်ချင်းဆက်သွယ်လိုက်တယ်
တယ်လီဖုန်းနံပါတ်တွေတဆင့် ဆက်သွယ်ထားတဲ့
ကြိုးတန်းတလျောက် အဖြောင့်သွားတဲ့ စကားလုံးတွေ
ချစ်ခြင်းမေတ္တာဟာ ခေါင်းလောင်းမထိုးဘဲ အသံတွေ ဆူညံမြည်ကြွေးလို့
ကြုံတွေ့နေရတဲ့ အဖြစ်တွေ၊ အပျက်တွေ၊ ဘဝတွေ၊ ဘဝတွေ
လမ်းဟာ ငိုက်မြည်းနေတုန်းပါပဲ အရုဏ်တက်ချိန်ဟာ နောက်ကျကျန်ရစ်နေတုန်းပါပဲ
လက်တွေဟာ တစ်ဖက်ကို တစ်ဖက် နီးနီးကပ်ကပ်ဆုပ်ကိုင်ဖျစ်ညှစ်လိုက်တယ်
အနွေးဓာတ်ဟာ သွေးကြောတလျှောက် စီးဆင်းလာတယ်
မောဟိုက်ပင်ပန်းကြည်နူးကျေနပ်မှုရဲ့ အနံအလျားမှာ
သွေးစက်တွေဟာ ဖြူလွလွ အိပ်ယာခင်းတွေပေါ် စွန်းထင်းလို့
ကိုယ်အော်ပြောချင်မိတယ်။ ကိုယ့်စိတ်နောက်ကို ကိုယ် မလိုက်နိုင်ခဲ့ဘူးလို့
တိတ်တိတ်ကလေး ဝေးဝေးက တနင်္ဂနွေ
ဓမ္မတေးတွေဟာ အခန်းကျဉ်းလေးထဲ ပြည့်လျှံလို့ပေါ့ တစ်မနက်ခင်း
လမ်းမီးတိုင်တွေဟာ မီးလင်းနေတုန်းပဲ။     

မင်းနဒီခ
(၂၈၊ ၉၊ ၂၀၁၅)

Friday, September 25, 2015

စာအုပ်​စင်​​ပေါ်မှာ - မင်းနဒီခ

စာအုပ်စင်ပေါ်မှာ

စာအုပ်စင်ပေါ်ကို အရုပ်တစ်ရုပ်ငါ တင်ထားမိ
ဒီအရုပ် ဘယ်အချိန် စာအုပ်ကို လှန်ဖတ်ကြည့်လိုက်မလဲလို့ စဉ်းစားရင်း
ခဏခဏ ငါပြန်ချောင်းကြည့်။

ခြများ
ဖုန်များ
စာအုပ်များ
စာအုပ်စင်ကလေးပေါ်။

စာအုပ်စင်ပေါ်က စာအုပ်တွေကို မော့မော့ကြည်တတ်တဲ့ ကြောင်တစ်ကောင်ရောက်လာတော့ ငါအံ့သြရ
အဲဒီကြောင်က စာအုပ်အနှောင့်တွေကို သေသေချာချာဖတ်ပုံရတယ်
သူငေးကြည့်နေတာ အကြာကြီးမှ တကယ်အကြာကြီး
သူလိုချင်တဲ့ စာအုပ်က စာအုပ်စင်မှာ ရှိ မရှိ မသေချာ
နောက်တော့ အဲ့ဒီကြောင် ပြန်သွားတယ်
သူ့အမြီးကို ကြမ်းခင်းနဲ့ လွတ်အောင်မလို့ တိတ်တိတ်ကလေး။

စာအုပ်စင်ပေါ်က ဖုန်တွေကို ရေစိုအဝတ်နဲ့ သန့်ရှင်းရေးလုပ်ဖို့
အမေက ပြောတယ်
ဖုန်တွေလေ စာအုပ်စင်လေးပေါ်မှာ
တစ်မှုန်ပေါ် တစ်မှုန်ထပ်လို့ မြင်မကောင်း ကြည့်မကောင်း
ငါ အဝတ်စုတ်တစ်ခု ရေစွတ်လိုက်တယ် ပြီးတော့
စာအုပ်စင်ပေါ်က ဖုန်တွေကို သုတ်လိုက်တယ်
အဝတ်စုတ်လေးပေါ် အထပ်ထပ်ကပ်ပါလာတဲ့ဖုန်တွေ
သူတို့ကိုကြည့်ပြီး ငါသနားရ
ဘယ်လိုစာလေးတစ်လုံးမှ သူတို့ မဖတ်ဖြစ်ခဲ့ကြ။

တခါတခါ စာအုပ်စင်လေးကိုကြည့်ပြီး ငါစဉ်းစားတယ်
သူတို့ အနေကျပ်ရှာမလား
စာအုပ်တစ်အုပ်ကို ငါဖတ်နေချိန် နောက်တစ်အုပ်က ငြိုငြင်သွားမှာလား
ဒါမှမဟုတ် အားငယ်နေရှာမလား
ဒီလိုနဲ့ ငါစာအုပ်တွေကို ထုတ်မဖတ်ဖြစ်တော့တာ။

တစ်ခါက ငါ အတွေးလွန်ဖူးတယ်
စာအုပ်တစ်အုပ်ကြားထဲ သစ်စေ့လေးတစ်စေ့ညှပ်ပြီး စိုက်ပျိုးမိသေးတယ်
အဲဒီသစ်စေ့လေးက စာလုံးတွေကို စားသုံး
စာရွက်သားတွေကို မြေဆီလွှာလို စုပ်ယူ
အချိန်တန်ရင် စာအုပ်ပင်လေးဖြစ်ပြီး စာလုံးလေးတွေများ ဖြစ်လာမလားလို့
ဒီလိုနဲ့ တစ်နေ့ အဲဒီသစ်စေ့လေး ပျောက်သွားတယ်
ဘယ်နေရာမှ ငါပြန်ရှာမတွေ့လို့
စာရွက်တွေပြန်လှန်ကြည့်မိတဲ့အခါ အဲ့ဒီစာရွက်မှာ
သစ်စေ့ သစ်စေ့ သစ်စေ့ ဆိုတဲ့ စာလုံးတွေ စာမျက်နှာတိုင်းပြည့်နေတာ
ငါ တော်တော် အ ကြောင်း ငါကိုယ် ငါပြန်သိခဲ့လိုက်တယ်
ငါ စာ တွေ တော်တော်များများဖတ်ဖို့ လိုသေးတယ်။

အခု စာအုပ်စင်ပေါ်မှာ စာအုပ်တွေ ပြည့်လို့
စာအုပ်စင်ပေါ်တင်ဖို့ စာအုပ်တွေ ငါဝယ်ဖြည့်လို့
ခပ်တည်တည်နဲ့ငါ စာအုပ်စင်ပေါ် တက်ထိုင်ကြည့်ရင်း စိတ်ကူးလို့
ခပ်တည်တည်နဲ့ ငါ စာအုပ်တွေကြား လက်ပစ်ကူးလို့
အရုပ်တစ်ရုပ်လို ကြောင်တစ်ကောင်ရဲ့ အကြည့်ကို မထီမဲ့မြင်ပြုလို့
ခြတွေ၊ ဖုန်တွေ၊ စာအုပ်တွေကြား စာအုပ်စင်ပေါ်မှာ။

မင်းနဒီခ
(၉၊ ၅၊ ၂၀၁၅)
နှင်းဆီဖြူ ဂျာနယ်၊ အမှတ် ၇၊ ၂၂၊ မေ၊ ၂၀၁၅