Friday, November 4, 2016

ပျံသန်းနေတဲ့ လူ - မင်းနဒီခ

ပျံသန်းနေတဲ့ လူ

(၁)
"လူတစ်ယောက် ပျံ သွားတယ် ဖေဖေ"
"ဟုတ်လား သမီး ဘယ်ကို ပြန်သွားတာလဲ"
"မဟုတ်ဘူးလေ ဖေဖေ ပြန်သွားတာ မဟုတ်ဘူး ပျံသွားတာကို ပြောတာ"
(ကျွန်တော် ရယ်လိုက်တယ်။ )
" သမီးရယ် ပျံရအောင် လူက အတောင်ပံမှ မရှိတာ။"
"ဖေဖေရယ် ရုပ်ရှင်ထဲက Superman လည်း အတောင်ပံ မရှိဘူးလေ"
"အဲဒါက ရုပ်ရှင်လေ သမီးရဲ့ နိုင်ငံခြားရုပ်ရှင်တွေဆိုတာ သူတို့ စိတ်ကူးယဉ် ဇာတ်လမ်းရေးပြီး အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ထားတာ"
" ဟင် ဟို တခါဖေဖေ ပြောတော့ ရုပ်ရှင်ထဲက အကြောင်းအရာတွေဟာ တကယ့်အဖြစ်အပျက်တွေကို အခြေခံထားတာ ဆို"
" သြော် သမီးရယ် အဲဒီလို တကယ့်အဖြစ်အပျက်လည်း ရှိတယ်။ စိတ်ကူးယဉ်တာလည်း ရှိတယ် သမီးရဲ့ Superman က စိတ်ကူးယဉ်ဇာတ်လမ်းကြီး"
"အဲဒါဆို လူက မပျံဘူးလား"
"မပျံဘူး"
"သမီးက တကယ်ပြောတာ ဖေဖေရဲ့ လူတစ်ယောက်ပျံသွားတာ သမီးတွေ့လိုက်တယ်"

 (၂)

" မောင်ရေ လူ တစ်ယောက် ပျံ နေတယ် ဆို"
" သမီး ပြောတာလား ဘယ်က ကြားလာတာလဲ"
" မဟုတ်ဘူး။ မြို့ထဲမှာ လူတွေ မိုးပေါ် ဝိုင်းကြည့်နေတာ တွေ့လိုက်လို့ ကားတွေလည်း ကျပ်နေတာနဲ့ 'မ' လည်း ဆင်းမကြည့်မိဘူး"
"မဖြစ်နိုင်ပါဘူး ဘယ်လိုလုပ် လူက ပျံ မလဲ နည်းနည်း စဉ်းစားကြည့်ပါဦး သူများ ယောင်တိုင်း လိုက်ယောင်မနေနဲ့"
" ယောင်တာ မဟုတ်ဘူးလေ လမ်းသွားရင်း သတင်းကြားလို့ တွေ့လိုက်လို့ ပြောမိတာလေ မောင်များ သိ မလားလို့ မေးကြည့်တာ ပြီးတော့ ဒီဘက်နှစ်ထဲ ထွက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း လူစွမ်းကောင်းတွေ ပျံတတ်တဲ့ လူတွေချည်းပဲ ရိုက်နေကြတာဆိုတော့လေ တကယ်များ ပျံနေကြပြီလားလို့"
" အာ လူစွမ်းကောင်း ဇာတ်ကားတွေက ဖျော်ဖြေရေးသက်သက် ရိုက်ကြတာ ဘယ်လိုလုပ် အပြင်မှာ တကယ်ဖြစ်မလဲ မိန်းမရဲ့"
" မသိဘူးလေ မောင်ပဲ ပြောဖူးတာပဲ တစ်ချို့ဇာတ်ကားတွေက နိမိတ်ကြိုဖတ်သလိုပဲ အပြင်မှာ တကယ်ဖြစ်လာတတ်တယ် ဆိုလို့လေ"
" ဒါက သဘာဝဘေးတို့ ဘာတို့ ဖြစ်ခဲ့ဖူးတာတွေ ရှိလို့ ပြောတာလေ လူကတော့ ဘယ်လိုလုပ် ပျံ မလဲ"
" ဒါဆို လူက တကယ် မပျံဘူးလား"
" မပျံဘူး"

 (၃)
" ဟေ့ကောင် လူ တစ်ယောက် ပျံ နေတယ်ဆိုတဲ့ သတင်းက သေချာလားဟ"
"လာပြန်ပြီ တစ်ယောက် ဖုန်းဘီလ်တွေ ပေါနေရင်လည်း ငါ့ကို နည်းနည်းလွှဲပေးလိုက် "
" ဟာ တကယ်ပြောနေတာက ဖေ့ဘုတ်ပေါ်မှာ အဲ့သတင်းတွေ တက်လာလို့ မင်းကို လှမ်းဆက်မေးကြည့်တာ"
"ဟာကွာ ဖေ့ဘုတ်ပေါ်က သတင်းတွေများ မင်းမို့လို့ ယုံစားလို့ စဉ်းစားကြည့်ပေါ့ကွာ လူက ဘယ်လိုလုပ် ပျံမလဲ ဓါတ်ပုံတွေ ပါလား"
"ဓာတ်ပုံတွေ မပါဘူးကွ ဖေ့ဘွတ်ပေါ်တော့ အဲဒီ သတင်းက ဒီနေ့အပြည့်ပဲ မင်းက စာလေးကဗျာလေး ရေးတော့ သိများ သိမလားလို့လေ"
"အာ စာရေးတာနဲ့ လူ ပျံတာနဲ့ ဘာဆိုင်လို့လဲကွာ စာရေးတာက ကိုယ့်ခံစားချက်၊ သိမှုဘာညာပေါ့ အဲဒါကို ရေးတာ လူ ပျံတာကတော့ ငါ ဘယ်လိုလုပ် သိမလဲဟ"
"မဟုတ်ဘူးလေကွာ အခု ငါတို့ကြည့်နေတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေက မင်းတို့ စာရေးဆရာတွေက အရင် ဇာတ်လမ်းရေးတာလေ တကယ်ဖြစ်လာနိုင်တာလား ငါက အဲဒါ သိချင်တာ"
"မဖြစ်နိုင်ဘူး လူက ဘယ်လိုမှ မပျံနိုင်ဘူး"
" ငါလည်း အဲလို ထင်တာပါပဲ လူက မပျံနိုင်ဘူး သေချာတယ်နော် ငါ စတေးတပ် တင်လိုက်ဦးမယ်"
" တင်လိုက် လူက မပျံနိုင်ဘူး"

(၄)
 “လူ တစ်ယောက် ပျံ နေတယ်”
“လူ တစ်ယောက် ပျံ နေတယ်”
“လူ တစ်ယောက် ပျံ နေတယ်”
တဖြည်းဖြည်းနှင့် “လူ တစ်ယောက် ပျံ နေတယ်” ဆိုသည့် သတင်းသည် အင်တာနက်သတင်းတွင် ပျံ့နှံ့ လာသည်။ လူတစ်ယောက်ပျံနေတယ် ဆိုသည့် စတေးတပ်များအောက်တွင် တစ်ယောက်တစ်မျိုး ကွန့်မန့်တွေ ရေးကြ သည်။ တကယ် မြင်လိုက်ကြတဲ့သူတွေလည်း များလာသည်။ တကယ်မမြင်လိုက်ရသူတွေက မဖြစ်နိုင်ဘူးဆိုသည့် ကွန့်မန့် တွေ ပြန်ရေးကြသည်။ ဘာဖြစ်ဖြစ် ဆဲမည် ဆိုသည့် သူများသည်လည်း ထိုစတေးတပ်များအောက်တွင် ဝိုင်းဆဲရေး ကြသည်။ အဆိုပါ ဆဲရေးတိုင်းထွာသည့် ကွန့်မန့်များအောက်တွင် အဆိုပါ ပျံသန်းနေသည့်လူအား ပူဇော်ကန်တော့ သင့်သည်ဟု ရေးသားကြသည်။ ပျံသန်းနေသည့် လူသည် လူမဟုတ်၊ တခြားကမ္ဘာက ဂြိုလ်သားတစ်ယောက် ဖြစ်နိုင် သည်ဟုလည်း ရေးကြသည်။ တစ်ချို့ကလည်း နိုင်ငံတော်၏ လျှို့ဝှက်တီထွင်မှု စမ်းသပ်ချက်ဖြစ်နိုင်သည်ဟုလည်း ရေးကြ သည်။  ပျံသန်းမှုသည် မြန်ဆန်လွန်းသဖြင့် မည်သူမှ ဓာတ်ပုံရိုက်ယူလို့ မရခဲ့ကြ။ ဓာတ်ပုံမှတ်တမ်းမရှိသဖြင့် မယုံကြည်ကြ သူများလည်း ပိုများပြားလာသည်။ ထိုသို့ဖြင့် ဖေ့ဘုတ်ပေါ်တွင် အဖွဲ့တွေ ကွဲကုန်ကြသည်။ ပျံသန်းနေသောသူများ Fan Page တွေ ထောင်ကြသည်။ ချက်ချင်း Like တွေ ထောင်သောင်းချီ တက်လာသည်။ တဖက်ကလည်း ပျံသန်းမှုများ ရပ် ဟူသော Page များ ဖွင့်ကြသည်။ ချက်ချင်းပင် Like တွေ ထောင်သောင်းချီ တက်သွားသည်။
မြို့ထဲမှာလည်း လူတွေ ရုတ်ရုတ်သည်းသည်းဖြစ်လာသည်။ မြို့လယ်ခေါင် ပျံသန်းနေသော လူအား စောင့် ကြည့်ရန် လူတွေ စုရုံးရောက်ရှိနေကြသည်။ ကားလမ်းမဘေးတွင် ရပ်ထားသော ကားများ၊ ဆိုင်ကယ်များ ဖြင့် တန်းစီ ပြည့်ကျပ် နေသည်။ လူအများ စုရုံး စုရုံးဖြစ်လာသည်နှင့် တပြိုင်နက် လမ်းဘေးဈေးသည်များ ချက်ချင်း ရောက်လာ ကြသည်။ ရေသန့်ဗူးရောင်းဆိုင်တွေ၊ ဟမ်ဘာဂါဆိုင်တွေ၊ ထမင်းလိပ်ဆိုင်တွေ၊ ဆေးလိပ် ကွမ်းယာသည်တွေ စသည်ဖြင့် လမ်းဘေးပလက်ဖောင်းပေါ်တွင် အချိန်ခဏလေးနှင့် ပြည့်လာသည်။ မြို့လယ်ခေါင်သည် ကွမ်းတံတွေးများ၊ အမှိုက် များဖြင့် စတင်ညစ်ပတ်လာသည်။ သိပ်မကြာခင်မှာပဲ မြို့တော်သန့်ရှင်းရေးပရိဟိတအဖွဲ့တွေ ဖွဲ့ပြီး ဗီနိုင်းတွေ လာချိတ်ဆွဲ ကြသည်။ သိပ်မကြာခင်မှာပဲ ပတ်ဝန်းကျင်ညစ်ညမ်းမှုကင်းစင်ရေးအဖွဲ့တွေ ဖွြဲ့ပီး ရောက်လာကြသည်။ သိပ်မကြာခင်မှာပဲ တမြို့လုံးရှိ ယာဉ်ထိန်းရဲများသည် အခြားလမ်းဆုံများတွင် မီးပွိုင့်များအား အော်တိုအလုပ်လုပ်စေပြီး မြို့လယ် ပလက် ဖောင်းဘေးရှိ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား ရှင်းလင်းရန် ရောက်ရှိလာသည်။ လူအုပ်ကြီးသည် ယာဉ်ထိန်း ရဲများ အလုပ် လုပ်နေပုံကို ဓာတ်ပုံမှတ်တမ်းတင်ကြသည်။ ပြီးတော့ ဖေ့ဘုတ်ပေါ်တင်ကြသည်။ ပျံသန်းနေသောလူသည် ယခုထိ ပေါ်မလာသေး။ လူတွေ တဖြည်းဖြည်း များလာပြီး မှောင်စပြုလာသည်။ ထိုအချိန်တွင် ပျံသန်းနေလူကို မြို့စွန် ဘက်မှာ တွေ့လိုက်တယ် ဆိုသည့် သတင်း ဖေ့ဘုတ်ပေါ်တွင်တက်လာသည်။ မြို့လယ်ခေါင်မှ လူများသည် ချက်ချက် မြို့စွန်ဘက်သို့ အမြန်လိုက်ကြသည်။ လူအုပ်ကြီးသည် မြို့လုံးကျွတ်ဆန္ဒပြသလို အရေးအခင်းဖြစ်သလို ဆူညံစွာ ရွေ့လျား သွားကြသည်။ မြို့စွန်ဘက်သို့ မလိုက်ဘဲ မြို့လယ်ခေါင်တွင်ပင် ဇွဲကောင်းကောင်းဖြင့် ဆက်လက် စောင့်ဆိုင်း နေသည့် လူများကလည်း ရှိသေးသည်။ တဖြည်းဖြည်းနှင့် အမှောင်ထုသည် ကြီးစိုးလာသည်။ ညနက်တော့ မြို့လယ်ခေါင် တွင် စောင့်ဆိုင်းနေသည့် လူများ တစ်ယောက် နှစ်ယောက်စသာ ရှိတော့သည်။

(၅)
မြို့တော်ဝန်သည် အရေးပေါ် အစည်းအဝေးတရပ်ကို ခေါ်လိုက်သည်။ ပျံသန်းနေသော လူ သည် ပြဿနာ တစ်ရပ် ဖြစ်လာသည်။ ထိုလူသည် နိုင်ငံတော် လုံခြုံရေးနှင့် သက်ဆိုင်လာနိုင်သည်။ နိုင်ငံခေါင်းဆောင်များ၏ အသက် အန္တရာယ်အထိ စိုးရိမ်စရာ ရှိလာနိုင်သည်။ ပျံသန်းနေသောလူ အကြောင်းကို အခုအချိန်ထိ ဘယ်သူမှ မသိကြသေးသလို ထိုလူ၏ ဓာတ်ပုံကိုလည်း အခုအထိ မည်သူတစ်ဦးတစ်ယောက်မှ မရရှိကြ။ မှတ်တမ်းမတင်နိုင်ကြ။ ကာကွယ်ရေး ဦးစီးချုပ်သည် အရေးပေါ်ကြုံတွေလာနိုင်သည့် စစ်ပွဲတစ်ပွဲအတွက် ပြင်ဆင်သလိုမျိုး သူ၏ စစ်တပ်ကို အဆင်သင့်ဖြစ်နေ စေရန် ပြင်ဆင်ထားသည်။ သို့သော် ထိုနေ့က ပျံသန်းနေသော လူအကြောင်း သတင်းတွေ ထပ်မကြားရ။
နောက်တစ်ရက်ရောက်တော့ မြို့လယ်ခေါင်တွင် လူအများ ရောက်ရှိလာကြပြန်သည်။ လူများသည် သူတို့ ဖုန်း ဟမ်းဆက်လေးများကို ထုတ်ခါ ပျံသန်းနေသော လူ၏ သတင်းအချက်အလက်များကို စောင့်ဆိုင်းနေကြသည်။ မြို့တော် ဝန်သည် မြို့လုံခြုံရေးအတွက် စစ်တပ်ကို မြို့လယ်ခေါင်တွေ နေရာယူတပ်စွဲစေလိုက်သည်။ လူအုပ်ကြီးသည် ကောင်းကင် ပေါ် မော့ကြည့်လိုက်၊ ဖေ့ဘုတ်ပေါ် သတင်းအချက်အလက်တွေ ရှာကြည့်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ ပျံသန်း နေသောလူ၏ မည်သည့်သတင်းအချက်မှ အင်တာနက်ပေါ်သို့ ထပ်မံ တက်မလာသလို ပျံသန်းနေသောသူကို ဘယ်သူမှ ထပ်မံ မတွေ့ရှိတော့။ ဒိလိုနှင့် သုံးလေး ငါးရက်ကြာသည့်အခါ ပျံသန်းနေသာ လူ အကြောင်း စိတ်ဝင်စားသူများ တော်တော်လျော့သွားသည်။ မြို့ရှိ လူအများသည် စိတ်ပျက်လက်ပျက်ဖြင့် သိချင်စိတ်၊ မြင်ချင်စိတ်ကို မျိုသိပ် ထားလိုက်ကြရသည်။ ထိုသို့ဖြင့် ရက်၊ လများ ကုန်ဆုံးပြီး နှစ်သို့ တိုင်ခဲ့သည်။ လူတစ်ယောက်ပျံနေတယ် ဆိုသည့် သတင်း သည်  1 Year Memory အဖြစ် Facebook ပေါ်တွင် သတင်းပြန်တက်လာသည်။ အချိန်အတန်ကြာ မေ့ထားခဲ့သော မြို့တော် အတွင်းရှိ လူများသည် ပျံသန်းနေသော လူ အကြောင်း သတိပြန်ရလာသည်။ ထိုစဉ်တုန်းက အတွေ့အကြုံကို ပြန်ရေးတင်ကြသည်။ ထိုသို့ဖြင့် တစ်နှစ်ပြီး တစ်နှစ် Facebook တွင် Memory အဖြစ် ပြန်တက် လာတတ်သော ပျံသန်း နေသော လူအကြောင်း စတေး တပ်များက လွဲ၍ ပျံသန်းနေသော လူအကြောင်း နောက်ထပ် ဘာသံမှ မကြားရတော့ပေ။
(၆)
နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဆောင်းဝင်စဖြစ်သဖြင့် ညသည် အမှောင်ကို စောစီးစွာ ဆွဲခြုံလိုက်သည်။ မနက်တုန်းဆီက ဝတ်ထားရှိသော အပေါ်ဝတ်အင်္ကျီကို ချွတ်ချလိုက်သည်။ ကောင်းကင်တွင် ပျံသန်းဖို့ Superman လို ဝတ်ရုံ ဝတ်ထားဖို့ မလိုပါ။ ငှက်တွေလို အတောင်ပံများ ရှိနေဖို့ မလိုပါ။ ပျံသန်းချင်စိတ် ရှိနေဖို့သာ လိုပါသည်။ ယခု ကျွန်တော် မြို့လယ်ခေါင်သို့ တခါ ပြန်ရောက်ရှိလာပြီ ဖြစ်သည်။ မြို့သည် လွန်ခဲ့သော နှစ်များစွာအတွင် ပိုမို ဖွံ့ဖြိုးလာသည်။ ကားတွေ ပိုမိုများပြားလာသည်။ ဟွန်းတီးသံတွေ ပိုမို ဆူညံလာသည်။ နီယွန်မီးများအလင်းဖြင့် မြို့သည် သူ့အမှောင်ကို ဖုံးကွယ်ထားသလို မြို့ပြသည် မွန်းကျပ်သိပ်သည်းမှုများဖြင့် မောဟများ ဖုံးလွှမ်းနေသည်။ အခု မြို့လေး၏ ကောင်းကင်ထဲမှာ ကျွန်တော် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာကလို မြို့လေး၏ ကောင်းကင်မှာ ကျွန်တော် တခါပြန်ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ကျွန်တော် ပျံသန်းနေသည်။ အထိန်းအချုပ်မဲ့၊ အကန့်အသတ်မဲ့၊ လွတ်လပ်စွာ၊ ပျော်ရွှင်စွာ ကျွန်တော် ပျံသန်းနေလိုက်သည်။ လေသည် ကောင်းကင်တွင် တဟူးဟူးတိုက်ခတ်နေသည်။ မျောပါနေသော တိမ်မျှင်စ များကို ထိုးခွဲ ဖြတ်သန်းပစ်လိုက်သည်။ မြို့လယ်ခေါင်မှ မြို့စွန်အနှံအထိ ကျွန်တော် စိတ်လိုလက်ရ ပျံသန်းပစ်လိုက်သည်။ ကျွန်တော့်စိတ်သည် ပျံသန်းမှုနှင့် အတူ ကြည်လင်ရှင်းသန့်နေသည်။ မြင့်သည် ထက် မြင့်အောင် ကျွန်တော် အားပါးတရ ပျံသန်းလိုက်သည်။ ပျံသန်းနေရင်းဖြင့်ပင် သမီးလေးကို သတိရလိုက်မိသည်။ တစ်နေ့နေ့တွင် မြို့လေးရဲ့ ကောင်းကင်ပေါ်မှာ ကျွန်တော့်လိုမျိုး ကျွန်တော့်သမီးကို ပျံသန်းနေစေချင်မိသည်။

(၇)
            မနက်မိုးလင်းတော့ သမီးက ပြောသည်။
"မနေ့ညက လူတစ်ယောက် ပျံ သွားတာတွေ့လိုက်တယ် ဖေဖေ"
"ဟုတ်လား သမီး ဘယ်ကို ပြန်သွားတာလဲ"
"မဟုတ်ဘူးလေ ဖေဖေ ပြန်သွားတာ မဟုတ်ဘူး ပျံသွားတာကို ပြောတာ"
ကျွန်တော် အားပါးတရ ရယ်နေလိုက်မိသည်။


မင်းနဒီခ

၅၊ ၁၁၊ ၂၀၁၆

Tuesday, November 1, 2016

ခေတ်ပြိုင်နွားကျောင်းသား ကဗျာ (၅)ပုဒ် - မင်းနဒီခ

ခေတ်ပြိုင်နွားကျောင်းသား
--------------------------------
ကျွန်တော်ဟာ လူညံ့ပါ ။
ကျွန်တော်ဟာ
ကိုမင်းကိုနိုင်လို ကဗျာမရေးတတ်။ 
ကိုမြအေးလို ဝတ္ထုမရေးတတ်။
ကိုကိုကြီးလို အင်တာဗျူးမဖြေတတ်။
ဇာဂနာလိုလည်း ကတုံးနဲ့ မနေတတ်။
မိုးသီးဇွန်လိုလည်း ကားပေါ်တက် မရပ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ ။
၈၈ တုန်းက ကျွန်တော် လူကြီးမဖြစ်သေးက စလို့။
လွတ်လပ်ရေးမရခင် ကျွန်တော် မမွေးသေးတာကလွဲလို့။
ကျွန်တော်ဟာ လူညံ့ပါ။ ပန်းချီမဆွဲတတ်။
ဓါတ်ပုံမရိုက်တတ် ။သီချင်းမဆိုတတ် ။
နိုင်ငံရေးမလုပ်တတ် ။ ပြက်လုံးမထုတ်တတ်။ မဲမလိမ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။
ဇေယျာလင်းလိုလည်း အယ်လ်ပီမရေးတတ်။
အောင်ရင်ငြိမ်းလိုလည်း နီယိုမတွေးတတ်။
မောင်ချာလီလို လှလှပပမဆဲတတ်သလို။
ကိုကျော်သူလို ပရဟိတမလုပ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။ ဖေ့ဘွတ်မသုံးတတ်။ အွန်းလိုင်းမထိုင်တတ်။
အီးမေးလ်မပို့တတ်။ အင်္ဂလိပ်စာမဖတ်တတ်။
တရုတ်စာမဖတ်တတ်သလို ကုလားစာလည်း မဖတ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။သေနတ်မပစ်တတ်။ တရားမဟောတတ်။
ဘောလုံးမကန်တတ်သလို ဂေါက်မရိုက်တတ်။
မင်းသားမလုပ်တတ်သလို လူကြမ်းလည်း မလုပ်တတ်။
ကျွန်တော်ဟာ လူညံ့ပါ။
အခု ကိုယ့်ထမင်းကိုယ်စားဖို့
သူများသိမ်းထားတဲ့ လယ်တစ်ကွက်မှာ ကြီးတော်နွား အလကားကျောင်းနေတယ်။
မင်းနဒီခ
(၂၅၊ ၁၁၊ ၂၀၁၂)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား- ၂
--------------------------------
လွှင့်ထားတဲ့ အလံကို ပြန်ရုတ်လိုက်ရမလား
ထမင်းတစ်နပ်လျော့စားရမလား
လောကဓံက မီးမဆွဲတဲ့ ထင်းစိုလို တဖျစ်ဖျစ်မည်လို့
ခြေထောက်တွေ ညောင်းလည်း မရပ်ရဲဘူး
မီးနီတွေ့တိုင်း စောင့်ခဲ့ရတဲ့ မိနစ်တွေ စက္ကန့်တွေ
နှစ်ပေါင်းက နှစ်ဆယ်လား ခြောက်ဆယ်လား
အလွမ်းက သက္ကရာဇ်တွေ ဘယ်လောက်ဖြိုဖြို
သတိရတိုင်း ဆေးလိပ်လည်းတို နေလည်းညိုပေါ့
ဒီအရပ် ဒီဇာတ်နဲ့ နာမည်ပြောင်းလည်း
ပြဇာတ်အဟောင်းကြီးပဲ ပြန်ပြန်ကြည့်နေရ
တစ်ခန်းလည်း မရပ် နှစ်ခန်းလည်း မရပ်
ဖိနပ်ပြတ်နဲ့ ခွေးငတ်လား
တောင်ပံကျိုးဇရက်နဲ့ ခံတွင်းပျက်ကြောင်လား
စာလုံးလေးငါးလုံးကို ကျောင်းသုံးစာအုပ်ထဲ ထည့်ဖို့
အသံထွက်ကို ကီးကြောင်နေဆဲ ဒိုရေမီဖာဆို
ဒီလိုနဲ့
မှိတ်ထားတဲ့ ဖယောင်းတိုင်လေးကို ပြန်ထွန်းလိုက်ပါတယ်
လည်နေတဲ့ အဝိုင်းလေးကို ထိုင်ငေး
ကလေးတစ်ယောက်အော်ပြေးသွားတဲ့ ငြိမ်းချမ်းရေးဟာစားစရာတစ်ခုလား
ကိုင်ထားတဲ့ လက်နက်ကို ချလိုက်တယ်
လွှင့်ထားတဲ့ အလံကို ပြန်ရုတ်လိုက်တယ်
ထမင်းတစ်နပ်အတွက်
ကျွန်တော်ကို ခုန်အုပ်လိုက်တဲ့ ထမ်းပိုးမှာ နွားဟာ သူလယ်ကွင်းသူ ပြန်လွမ်းလို့
အမေကျော်ပြီးလွမ်းဖို့ဒွေးတော်ပျောက်နေတယ်။
မင်းနဒီခ
(၂၂၊ ၂၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား- ၃
--------------------------------
ခေတ်က မကောင်းလို့ ကျောင်းပို့လည်း လက်ခံမယ့်သူမရှိတော့
ကိုယ့်အားကိုယ်ကိုး ကိုယ်ကျိုးနဲ့ နိုင်ငံတည်
ကိုကြီးကျော်ပလီလွန်းလို့
ကိုယ့်မြေမှာ ကိုယ့်ရေမှာ ပထွေးအဖေခေါ်ရမယ့် ဇာတ်သိမ်း
ကိန်းကြီးခန်းကြီးဝါးရင်းတုတ်ကိုင်လက်များ
နီးရာဓါးဆွဲ သမိုင်းမှာ သွေးရဲခဲ့ သူများ
ရာဇဝင်ဟာ သွေးစွန်ခံထမ်းတင်ထားတဲ့ ပခုံးနဲ့
ပြတိုက်ထဲမှာပဲ ရုပ်လုံးကြွလို့
မြစ်လည်း ကျိုးခဲ့ပြီ ချောင်းလည်းကောခဲ့ပြီ
တောင်လည်း မြေစာပုံဖြစ်ခဲ့ပြီ
ဂျွန် ငါတို့ပင်လယ်ဆီ ဘယ်လိုသွားမလဲ
အသံဟာ
တိတ်ဆိတ်ခြင်းရဲ့ သိမ်းပိုက်ခံထားရသူလို မွန်းကျပ်ပိတ်လှောင်လို့
အခု စကားတွေလည်း မပီတော့ဘူး အသားတွေလည်း မညိုတော့ဘူး
စာမေးပွဲဖြေမယ့် ကျောင်းသားက ဖယောင်တိုင်းထွန်း စာကျက်နေချိန်
မြို့ရိုးဟာ တရုတ်ဖြစ်မီးလုံးတွေနဲ့ လှလို့ ပလို့
ငါဟာ ဒီမြို့သားပါလို့ ကျိန်ပြောလည်း ငါဖယ်ပေးခဲ့ရတာပါပဲ တဲ့
ဘီးပေါက်နေတဲ့ စက်ဘီးတစ်စီးရဲ့ စကားသံမှာ
သူ့ကိုယ်သူ မတလတံဆိပ်ကပ်ထားတဲ့ ဆိုင်ကယ်က ရယ်တယ်
တောင်စွယ်မရှိလည်း နေက ကွယ်တာပါပဲ ကြီးတော်ရယ်
ပလွေတစ်ချောင်းကိုင်ရင်း စောင့်နေခဲ့တာပါ
ကျုပ်နွား ဘယ်သူကျောင်းသလဲ။
မင်းနဒီခ
(၆၊ ၃၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား - ၎
--------------------------------
အဆင်က လှတယ် အကွက်က မပြောင်းဘူး
မမြင်ရ မကြားရ မပြောရ မဆိုရနဲ့ အသားကျနေတဲ့ ခေတ်ကြီးထဲ
ပါးစပ်ဆိုင်းတီးတိုင်း ထ ထ ကနေတဲ့ မင်းသားတွေ
ကိုယ့်ကိုယ် ကိုယ် လက်ခမောင်းခတ် တောင်ကြောင်လက်ပတ်နဲ့ ဇာတ်ရူးတွေ
အနာသက်သာစေချင်လို့ ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းမိတာပါ
လူမျိုး ဘာသာမရွေး စားသုံးနိုင်ပါသည် တံဆိပ်နဲ့
အခုလောင်နေတဲ့ မီးက
ဘက်မလိုက်ဘူး လူမရွေးဘူး နေရာမရွေးဘူး ဘာသာမရွေးဘူး
လောင်စရာနောက် လောင်စာထပ်ပစ်ပေးတတ်တဲ့ သမိုင်းနဲ့
ခေတ်အဆက်ဆက်ရိုင်းခဲ့တာတွေ မေ့လိုက်ကြတော့မလား
လင်ဆိုးမယား သားဆိုးအမေလို ဖြစ်နေတဲ့ နိုင်ငံမှာ
အမေ့မျက်ရည်ကျဖို့ ထပ်လုပ်ကြဦးမှာလား
အမေးနွားကျောင်းသားပါ
အဖြေ ဘုရားအလောင်းဖြစ်စေဖို့ ဆုတောင်းရင်း
မျက်လုံးကို ဖွင့် နားကိုစွင့်လိုက်တယ်
ညည်းသံ ညူသံ အော်ဟစ်သံကြား
သေနေတဲ့ အလောင်းကောင်က မီးလောင်ညှော်နံ့နဲ့
ခုတ်ပြတ်ရှရာပရပွ ခန္ဓာကိုယ်က တစစီ
ကိုယ့်အသက်ကိုယ်တောင် မမှီလိုက်တဲ့ ကြောက်ရွံ့ထိတ်လန့်မှုနဲ့
ဘဝတစ်ခုက ဘဝတစ်ခုကို ထိုးကျွေးတဲ့ အလောင်းအစားမှာ
ဘာကြောင့် အစားခံရသူက ခင်ဗျားနဲ့ ကျွန်တော် အတူတူဖြစ်နေခဲ့သလဲ
လူ လူချင်း မေတ္တာထားဖို့ ဗြဟ်မစိုတရားကို စာလုံးပေါင်းသတ်ပုံ ပြင်ပေးပါ
အမှန်နဲ့ အမှားခွဲခြားတတ်ဖို့ တပ်ထားတဲ့ မျက်မှန်ကို ပါဝါတိုးပါ
ခလောက်လေး ဒိုးဒိုးဒေါင်ဒေါင်
ပျို့တို့မောင် ယာမလုပ်တယ်
ဝါးခုတ်တဲ့တောင်စွယ်နေမကွယ်ခင် ခဏလေး
ကိုယ့်ခြံ ကိုယ့်နွား ကိုယ့် သားသမီးမို့ သူခိုးဈေးနဲ့ ရောင်းလိုက်တယ်။
မင်းနဒီခ
(၂၃၊ ၃၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃
ခေတ်ပြိုင်နွားကျောင်းသား -၅
--------------------------------
အလင်းဟာ ရောက်လာပြီလို့ ပြောတာပဲ
တစ်နေ့ တစ်နေ့ ဘယ်နေ့လဲဆိုတဲ့ သံသယမေးခွန်းမှာ
ငါတို့ဟာ ပိတ်ထားခံရတဲ့ မျက်လုံးတွေနဲ့ နေသားတကျ
အမှောင်မှောင်နဲ့ မည်းမည်း မသဲမကွဲရယ်သံ
မီးခွက်မထွန်းလည်း ပြဿနာဟာ သူ့အလင်းသူရှာပြီး သူမီးသူပြန်ရှို့လို့
လူကို ညှို့တယ် လမ်းကို ညှို့တယ် မာယာ
ပွင့်လင်းမြင်သာမှုဟာ
စိန်ခြူးကြာညောင်ပတ်ပျိုးနဲ့
မျှော်တော်ယောင်သီချင်းကို ရောသမလုပ်နေတုန်း
မျက်လှည့်ဆရာဟာ ဘင်သံ တဒိန်းဒိန်းထုတယ်
သေတ္တာထဲက ထွက်လာမယ့်တစ်စုံတစ်ရာကိုမျှော်ရင်း
ငါတို့ဟာ မိုးစုန်းစုန်းချုပ်ခဲ့ရတဲ့ညတွေဖြစ်လို့
မနက်ဖြန်ဆိုတာ
ကြိုးအယောင်ဆောင်ထားတဲ့ မြွေလား
မြွေယောင်ဆောင်ထားတဲ့ ကြိုးလား
အိုးမဲမသုတ်လည်း အိမ်ကြက်ချင်းခွပ်ကြတဲ့ ခေတ်ကြီးထဲ
လက်ခုပ်သံတောင်းနေတဲ့ ဇာတ်ရူးတွေ
ကမ္ဘာမကြေဘူးပြောလည်း ကမ္ဘာက ကြေခဲ့ပေါ့
တရားနဲ့ ဖြေရင်း တရားနဲ့ သေရတဲ့ သူရဲကောင်းတံဆိပ်မှာ
သွေးစွန်းခဲ့တဲ့ အလံတွေကတော့ လေထဲ တဖျတ်ဖျတ်လွင့်လို့
ငါတို့ မှားခဲ့ကြ ငါတို့ မှန်ခဲ့ကြ
ပြန်မရနိုင်တဲ့ လျော်ကြေးမှာငါတို့ လက်သီးဆုပ်တွေ ပြေခဲ့ကြ
ခေတ်အဆက်ဆက် ခေါင်းငုံ့ခံခဲ့ရတဲ့ အသီးအပွင့်မှာ
နတ်စိမ်းတစ်ပါးလို အငွေ့ရှူရင်း ငါတို့ကျေနပ်ခဲ့ကြရ
အားမတန်လို့ လျော့ချပေးလိုက်ရတဲ့ မာန်နဲ့
နွားရှေ့ ထွန်ကျူးလည်း ထယ်ရေးညက်ရင်ပြီးတာပါပဲ ကြီးတော်ရယ်
ရွာပြင်ဇရပ်မှာ အေးအေးလူလူထိုင်ရင်း
ကမ္ဘာကြီးကိုနားစွင့်ထားတဲ့နွားကျောင်းသား
အခုစားမြုံ့ပြန်နေတဲ့ ပါးစပ်မှာ
ပြောမထွက်တာတွေ အမြုပ်တစီစီထလို့။
မင်းနဒီခ
(၆၊ ၄၊ ၂၀၁၃)
Instyle, ဇူလိုင်၊ ၂၀၁၃

နောက်တစ်ရက် တနင်္လာနေ့များ - မင်းနဒီခ

နောက်တစ်ရက် တနင်္လာနေ့များ

ကျည်ဆံက ငါ့နောက်စေ့ကနေ ဖောက်ဝင်ပြီး နဖူးကနေ ထွက်သွားတယ်
ငါမသေဘူး နာကျင်မှုလေးတောင် ငါမခံစားရ ငါ ဒူးမထောက်
ငါဟာ မြေမြှုပ်မှိုင်းတွေကြားကနေ လမ်းလျှောက်လာတယ် 
ငါ့အနောက်မှာ တစ်လုံးပြီး တစ်လုံးပေါက်ကွဲနေတဲ့ မိုင်းတွေ
ငါ ဗုံးခိုကျင်းတွေပေါ် တက်ပြီး မတ်တပ်ရပ်လိုက်တယ်
မိုးရွာပြီးစကောင်းကင်က သက်တန့်ကို ငေးဖို့
လက်ဖြောင့်သေနတ်သမားရဲ့ ပစ်ကွင်းထဲမှာ ငါရောက်နေတာ ငါသိတယ်
ငါ အားပါးတရရယ်လိုက်တော့ ကျည်ဆံရဲ့လားရာဟာ လာရာလမ်းကနေ ပြောင်းသွား
တင့်ကား အစင်းစင်းအောက်က ကြေမွသွားတဲ့ ပန်းခင်းလေးထဲမှာ
ရှင်သန်မွှေးမြနေဦးမယ့် ပန်းတစ်ပွင့်ကို ငါရှာတယ်
ကလေးတို့ရဲ့ ဆရာမခေါင်းပေါ်မှာ နူးညံ့စွာ ပန်ပေးချင်လို့
လေယာဉ်ပေါ်က ပစ်လိုက်တဲ့ စက်သေနတ်ကျည်ဆံတွေဟာ
ငါ့အပေါ်မှာ အေးမြတဲ့ မိုးစက်မိုးပေါက်တွေလို ရွာကျလို့
မိုးရွာရင် မိုးရေချိုးမယ်သီချင်းကို ငါဆိုရင်း ငါပြေးလွှားတယ် ပျော်မြူးတယ်
အိမ်ပေါက်ဝမှာ အမေက တုတ်တစ်ချောင်းနဲ့ စောင်မျှော်နေမလား ငါတွေးမိသေးတယ်
လေယာဉ်ပစ်အမြောက်တွေငါ့အပေါ် ပိကျမလာခင်
သေနတ်ထိပ်ဖျားမှာ လှံစွပ်တပ်ထားတဲ့ ရန်သူက ငါ့ကို ချောင်းမြောင်းလုပ်ကြံတယ်
လှံဖျားဟာ အသွားရှစ်လက်မ ကျော်ကျော်ရှည်ပြီး ငါ့အရေပြားကို ဖောက်ဝင်လို့ တွားသွားတယ်
ငါ မသေဘူး ငါ့ခန္ဓာကိုယ်က ဆယ့်လေးလက်မရှိတယ်
ငါ အနည်းငယ် ဝနေလို့ ဝိတ်ချဖို့ လိုမလား
စစ်သားဆိုပေမယ့် ငါက ခြေသံမလုံ ငါစီးတဲ့ ဖိနပ်က သစ်သားခုံဖိနပ်
ငါ့ရန်သူကို အသံပေးခြောက်လှန့်ပြီးမှ ငါ သတ်ချင်တာ
ငါ့လက်ထဲမှာ အခုငါရေးနေတဲ့ ကဗျာတစ်ပုဒ်ဟာ အပြာရောင်သွေးသံရဲရဲကျလို့
ငါဟာ စွန့်ဝံ့ စွန့်စားသူ သူရဲကောင်း ငါဟာ တိုင်းပြည်ကို လမ်းခုလတ်မှာ မထားခဲ့တဲ့ ကယ်တင်ရှင်
ငါ့စခန်းကို ငါသိမ်းပြီး ငါ့အလံကို ငါစိုက်လိုက်တယ်
ကင်မရာမီးတွေ တဖျတ်ဖျတ် လက်ခုတ်သံတွေ တဖြောင်းဖြောင်း
ငါ့အလောင်းမြေကျတဲ့ နေ့က ငါမျက်ရည်မကျတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေလိုက်တယ်
အားလုံးကို ကျေးဇူးတင်ပါတယ် ငါ စစ်ထဲ ပြန်သွားလိုက်ပါဦးမယ်
မင်းနဒီခ
(၁၂၊ ၉၊ ၂၀၁၄)

မြို့ထဲကို တင့်ကားတွေ ဖြတ်သွားတယ် - မင်းနဒီခ

မြို့ထဲကို တင့်ကားတွေ ဖြတ်သွားတယ်
________________________________


အဲဒီတော့ လူတွေ အကုန်လုံး လမ်းမပေါ် ထွက်ကြည့်ကြတယ်
စစ်သားတွေဟာ စစ်ကားပေါ်မှာ ထိုင်ပြီး လိုက်ပါလာကြတယ်
တုတ်တုတ်မျှ မလှုပ် ကျောက်ရုပ်ကြီးများလို
လိုက်ခ်သောင်းချီရတဲ့ ဆယ်လီကြီးများလို
သက်ပြင်းချသံဟာ ရပ်ကြည့်နေတဲ့ လူအုပ်ကြီးဆီကနေ ထွက်ပေါ်လာတယ်
မြို့အထွက်မှာ တံတားတစ်စင်းရှိတယ်
စစ်ကားအမိုးတွေဟာ တံတားအပေါ်ဘောင်နဲ့ မလွတ်အောင်မြင့်တယ်
တံတားဘောင်တွေကို ဖြတ်ပစ်မလား စစ်ကားအမိုးတွေကို ဖြုတ်ချမလား
သီအိုရီအရဆိုရင်တော့ ကားဘီးတွေကို လေလျော့ပြီး သူတို့ ဆက်သွားကြမှာပေါ့
အခုတော့ မဟုတ်ဘူး
သူတို့ဟာ တံတားကို မဖြတ်ကူးတော့ဘဲ စစ်ကို မြို့ထဲ ခေါ်လိုက်တယ်
စစ်ဟာ တံတားအောက်ကနေ ခေါင်းငုံ့ပြီး မြို့ထဲကို ဝင်လာတယ်
စစ်ဟာ ပိတ်ထားတဲ့ ရှော့ပင်းပလာဇာကို ကြည့်ပြီး ခေါင်းကို ဖြေးဖြေးချင်း ခါတယ်
တကယ်တမ်းကျတော့ စစ်ဟာ သူ ပတ်နေကျ ခါးပတ်မေ့လာလို့ ဝင်ဝယ်ချင်တာ
စစ်ဟာ ညဈေးတန်းထဲ လျှောက်လည်တယ်
တစ်ထောင်ဖိုးသုံးခွေ ရောင်းတဲ့ နိုင်ငံခြားဇာတ်ကားတွေ ဝင်ရွေးတယ်
စစ်က သူလာတဲ့မြို့မှာ ဒီလို ခွေဆိုင်တွေ မရှိတော့ဘူးလို့လည်း ညည်းသေးတယ်
စစ်က ပျော်နေလိုက်ပုံများ မြို့အနှံ့ ဆိုင်ကယ်တစ်စီးနဲ့ လျှောက်လည်လို့
သူ ဘာကြောင့် ရောက်နေတယ်ဆိုတာကိုတောင် သတိမရ
စစ်သားတွေဟာ စစ်ကို ကြည့်ပြီး သူတို့ ဘာဆက်လုပ်ရမလဲဆိုတဲ့ အမိန့်ကို စောင့်နေတယ်
စစ်က သူတို့ကို တိုက်မှာလား သူတို့က စစ်ကို တိုက်မှာလား
တစ် အဆင်သင့် နှစ် နေရာ ယူ သုံး ပစ်နိုင်ပြီ
ကလေးတစ်ယောက်က ပလတ်စတစ်သေနတ်လေးကိုင်ပြီး စစ်နဲ့ စစ်သားတွေကြား အော်ပြီး ပြေးလာတယ်
အမိန့်စောင့်နေတဲ့ စစ်သားတွေဟာ သူတို့သေနတ်ကို ပစ်ဖို့ လက်ညှိုးလေး ကွေးလိုက်တယ်
သေနတ်မောင်းတင်သံကြားတော့ စစ်ဟာ သူ့ကိုယ်သူ ပြန်သတိရလာတယ်
စစ် အစစ်ဖြစ်ပြီလား
အဲဒီနေ့က မြို့ထဲကို တင့်ကားတွေ ဖြတ်သွားတယ် တကယ်။

မင်းနဒီခ
၁၉၊ ၁၀၊ ၂၀၁၆

Dead End - မင်းနဒီခ

Dead End

သေဆုံးသွားသူတို့ဟာ အားကျစရာ
ငါတို့ဟာ သူတို့အကြောင်း အခုထိ တခုတ်တရ ပြောလို့ကောင်းတုန်း
သူတို့ဟာ ငရဲမှာ သူတို့ဟာ ကောင်းကင်ဘုံမှာ အဲဒီလို
ငါတို့ဟာ မြင်နိုင်တာလည်း မဟုတ်ဘဲ
ငါတို့ဟာ ကြားနိုင်တာလည်း မဟုတ်ဘဲ
ဆုတွေ တောင်းပေးကြ
ပစ်ပစ်ခါခါတွေ ထပ်သတ်ပစ်ကြ
သေဆုံးသွားသူတို့ဟာ အားကျစရာ
ငါတို့ကို ဘာမှ မတုံ့ပြန်တော့တာ တခုတည်းနဲ့ကို
သူတို့ဟာ အားကျစရာ
ငါတို့ဟာ သူတို့ကို အခုထိ ချစ်နေတုန်း
ငါတို့ဟာ သူတို့ကို အခုထိ မုန်းနေတုန်း
အဲဒီနဲ့ တစ်နေ့မှာ ငါတို့ဟာ သူတို့ကို မေ့သွားမှာ
ငါတို့ကိုတော့ သူတို့က သေပြီးကတည်းက မေ့သွားတာ အသေအချာ
ဒီလောကကို အနိုင်နဲ့ ပိုင်းသွားသူတွေလို
သေခြင်းဟာ အဆုံးလည်း မဟုတ် အစလည်း မဟုတ်
သေဆုံးသွားသူတို့ဟာ အားကျစရာ
ငါတို့ဟာ အားကျစိတ်နဲ့ပဲ ရပ်တန့်ငေးမောကြည့်နေခဲ့ရတာ
သူရဲ​ကောင်း တစ်ယောက်ကို ဦးညွတ်အသိအမှတ်ပြုပေးကြသလိုမျိုး။
မင်းနဒီခ
၅၊ ၁၀၊ ၂၀၁၆

ရေပိုက်ခေါင်းထဲက မြွှေ - မင်းနဒီခ

ရေပိုက်ခေါင်းထဲက မြွှေ - မင်းနဒီခ


(၁)
အဲဒီနေ့က အိမ်ပြန်ရောက်တော့ အိမ်သားတွေ စုစုရုံးရုံးနဲ့ အိမ်အောက်ထပ် ရေချိုးခန်းဝမှာ ဝိုင်းအုံနေကြတယ်။ ဘယ်သူ ဘာများဖြစ်တာလဲဆိုပြီး ကိုယ်လည်း ပြာပြာသလဲ မေးမိတော့ ရေချိုးခန်းထဲ မြွှေတွေ့လို့ တဲ့။ မြွေဆိုတဲ့ အသံ ကြားတာနဲ့ ကျွန်တော့်မှာ ကြက်သီးထပြီး ရင်တွေ ခုန်နေပြီ။ အခု ရှိသေးလား ဆိုတော့ မရှိတော့ဘူး တဲ့။ ဘယ်ဘက် ထွက်ပြေးသွားလဲ ထပ်မေးကြည့်တော့ ချိုးရေထွက်တဲ့အပေါက်ကနေ ရေပိုက်လိုင်းထဲ ဝင်သွားတာ တဲ့။ အဲဒါ ပြန်မထွက် လာသေးလို့ ဝိုင်းကြည့်နေကြတာ တဲ့။ အဲဒါနဲ့ ရေချိုးခန်းကနေ ရေဆိုးတွင်းသွားရာ ပိုက်လိုင်းတလျှောက် တဒေါက်ဒေါက် လိုက်ခေါက်ကြည့်လိုက်တယ်။ ဘယ်နေရာများ တစ်ပြီး နောက်ပြန်လှည့်လာမလဲ။ ဒါမှမဟုတ် ရေဆိုးတွင်းထဲ လျောလျော ရှူရှူ ထွက်ချသွားမလားပေါ့။ အဲဒါနဲ့ ရေဆိုးတွင်းထဲ အဖုံးလှပ်ကြည့်တော့လည်း မြွေအရိပ်အရောင်နဲ့ တူတာ ဆိုလို့ ကြိုးစလေးတစ်စ တောင် မတွေ့ဘူး။ ဒါဆို အဲဒီမြွေ ရေပိုက်လိုင်းထဲမှာပဲ ရှိနေဦးမှာ သေချာတယ်။ ရေချိုးခန်းက မီးဖိုခန်းနဲ့ တဆက်တည်းရယ်။ လူရှိနေရင် အဲဒီမြွှေ ပြန်လာမယ် မထင်ဘူး။ ဒါနဲ့ပဲ ဒီနေ့တော့ ရေချိုးခန်း မသုံးနဲ့ဦးဆိုပြီး ရေချိုးခန်း တံခါးကို ပိတ်ထားလိုက်တယ်။ တကယ်လို့များ အဲဒီမြွှေပြန်လာရင် အလွယ်တကူ ပြန်ရှာတွေ့အောင်လို့လေ။

(၂)
ဒီလိုနဲ့ တစ်နာရီကြားတစ်ခါလောက် ရေချိုးခန်းတံခါးကို အသာလှပ်ပြီး ချောင်းကြည့်တော့လည်း မြွှေမင်းသားက ပေါ်တော်မူမလာဘူး။ ခက်တာက အိမ်သာနဲ့ ရေချိုးခန်းက တွဲထားတာ။ အလေးအပင်မပြောနဲ့ အပေါ့အပါးသွားဖို့ကို ဘယ်သူမှ အရဲစွန့်မဝင်ရဲဘူးလေ။ အဲဒီညက အိမ်အပေါ်ထပ်က ရေချိုးခန်း၊ အိမ်သာကိုပဲ တန်းစီစနစ်နဲ့ သုံးရတယ်။ တစ်ညလုံးလည်း ရေပိုက်လိုင်းထဲရောက်နေတဲ့ မြွှေအကြောင်းပဲ စကားပြောဖြစ်နေကြတယ်။ ဒီမြွေက ရေချိုးခန်းထဲ ဘယ်လိုလုပ် ရောက်နေတာလဲပေါ့။ ဘယ်သူအရင် စမြင်တာလဲဆိုတော့ ပန်းရံဆရာက စမြင်တာတဲ့။ သူ့တောင် လှမ်းပြီး ပေါက်လို့ အမြန်ရှောင်လိုက်ရတယ် ပြောတာပဲ။ ဒါဆို မြွေဆိုးပေါ့။ ကျွန်တော်တို့ အိမ်လေးက အခုမှ ဆောက်လုပ်ပြီးစ လေးပဲ ရှိသေးတယ်။ လူနေဖြစ်ရုံ အကြမ်းထည်အဆင့်ပဲ ရှိသေးတယ်။ နံရံဆေးတွေ ဘာတွေ မသုတ်ရသေးဘူး။ ပရိ ဘောဂပစ္စည်းတွေ ဘာတွေ မထည့်ရသေးဘူး။ ပန်းရံလက်သမားအပိုင်းကလည်း အချောလက်စသပ်နေတဲ့ အဆင့်ပေါ့။ အဲဒီမှာ ပန်းရံဆရာက မြွှေတွေ့တာနဲ့ တုတ်ချောင်းလေးနဲ့ တို့ပြီး ရေချိုးခန်းအပြင်ထုတ်ဖို့ ကြိုးစားပေမယ့် ကိုယ်တော်ချော မြွေက ရေထွက်ပိုက်ထဲ တန်းနေအောင် ဝင်သွားတော့တာပဲ တဲ့။ ကိုယ်တွေကသာ စိုးတထိတ်ထိတ်နဲ့ ဖြစ်နေတာ သူတို့ ရယ်လို့ မောလို့ သူ့တို့ အလုပ်တွေ သူတို့ ဆက်လုပ်လို့။ ညနေမှောင်ရီပြိုးတာနဲ့ သူ့တို့ပန်းရံပစ္စည်းတွေ လက်သမား ပစ္စည်းတွေ သိမ်းဆည်းပြီး ပြန်သွားကြတယ်။ ကျွန်တော်တို့ မိသားစုပဲ အခုညသန်းခေါင်အထိ ရေချိုးခန်းတံခါးကို ဖွင့်လိုက် ပိတ်လိုက်နဲ့ အရိပ်တကြည့်ကြည့်။

(၃)
မနက် အိပ်ယာနိုးတော့ သမီးနဲ့ ဇနီးက ကျောင်းသွားဖို့ အလုပ်သွားဖို့ အဆင်သင့်ဖြစ်နေကြပြီ။ ကျွန်တော် တစ်ယောက်တည်း အိပ်ယာထနောက်ကျလို့။ မျက်နှာသစ်ဖို့ ပြင်ဆင်လိုက်တာနဲ့ အောက်ထပ်က ရေချိုးခန်းကို သတိရ မိတယ်။ သကောင့်သားမြွေ ရေချိုးခန်းထဲ ပြန်ရောက်နေပြီလား။ ဒါမှမဟုတ် ဘိုထိုင်အိမ်သာပေါက်ထဲ ဝင်ခွေနေမလား။ ရေချိုးခန်းတံခါးကို အသာလှပ်ပြီး ချောင်းကြည့်တော့ ဘာမှ မတွေ့။ နောက်ဆုံး မရဲတရဲနဲ့ ရေအိမ်အဖုံးလေး အမြန်လှပ်ပြီး ခြေလှမ်းကို အမြန်ပြန်နောက်ဆုတ်။ ခြေထောက်တဖက် တံခါးအပြင်ဘက်ထုတ်ထားပြီး ကိုယ်ကို အသာလေးကိုင်းပြီး အိမ်သာပေါက်ထဲ ငုံ့ကြည့်လိုက်တယ်။ အိမ်သာပေါက်ထဲလည်း ဘာမှမရှိ။ ဒါဆို တညလုံးကို ဒင်းမြွေ ရေပိုက်လိုင်းထဲကနေ ထွက်ပုံမရဘူး။ ဒါနဲ့ တံခါးကို အသာပြန်ပိတ်ထားလိုက်တယ်။ ဖွင့်ထားလို့ ကိုကိုမြွှေက ရေချိုးခန်းထဲကနေ ထွက်လာပြီး အိမ်ထဲ လျှောက်သွားနေရင် ခက်ရချည်ရဲ့။ ပြီးတော့ ဆောက်လက်စအိမ်လေးမို့ စာအုပ်ပုံတွေ၊ အရုပ်ထုပ်တွေ၊ အဝတ် ဟောင်းအိတ်တွေ၊ တိုလီမုတ်စပစ္စည်းတွေနဲ့ ခိုချင် အောင်းချင်စရာ နေရာအပြည့်။ သမီိးလေးက ကျောင်းဆင်းတာနဲ့ ဒီအခန်း ထဲပဲ လှည့်ကစားနေရရှာတာ။ မတော် သမီးလေးနဲ့ မြွှေနဲ့ ပက်ပင်းတိုးပြီး သူလန့် ကိုယ်ကြောက်နဲ့ အန္တရာယ် ပြုနေမှဖြင့်ကိုယ်ကျိုးနည်းရချည်ရဲ့လေ။ ဒါနဲ့ အိမ်လေးပြီးစီးအောင် အချောထည်လာလုပ်ပေးကြမယ့် ပန်းရံလက်သမား ဆရာတွေကိုလည်း အသေအချာမှာရတယ်။ ရေချိုးခန်းတံခါးကို ဖွင့်မထားဖို့။ ပြီးတော့ မကြာခဏ ဖွင့်ကြည့်ပြီး ခြေဗွေပါတဲ့ အဲဒီမြွေကို မောင်းထုတ်ပေးဖို့။ မှာတော့ မှာခဲ့တာပဲ။ အလုပ်ထဲ ရောက်တော့လည်း စိတ်က ရေချိုးခန်းထဲပဲ ရောက် နေတယ်။ သမီးလေး ကျောင်းက ပြန်ရောက်ရင် အဲဒီရေချိုးခန်းနား မသွားဖို့၊ တံခါးမဖွင့်ဖို့ ဖုန်းဆက်မှာရတယ်။ ဒီလိုနဲ့ ညနေရုံးဆင်းလို့ အိမ်ပြန်ရောက်တော့ မေးကြည့်မိတယ်။ သူတော်ကောင်းမြွေကြီး ထွက်သွားပြီလား လို့လေ။ တအိမ် လုံးက ခေါင်းခါကြတယ်။ အလုပ်သမားတွေကလည်း မတွေ့မိဘူး ပြောတာပဲ။ ဒီလိုနဲ့ အိမ်အပေါ်ထပ်မှာပဲ ညစာ စား လိုက်ကြတယ်။ တီဗီဖွင့်ထားပေမယ့် တီဗီချယ်နယ်လိုင်းက ဘာတွေ ပြနေမှန်းကို စိတ်ဝင်စားလို့မရ။ မနက်ဖြန် ရေပိုက်ပြင် သမားခေါ်ပြီး အဲဒီရေပိုက်လိုင်းကို ဖြတ်ထုတ်ပစ်ရမလားလို့ မိန်းမနဲ့ တိုင်ပင်မိတယ်။ သူကတော့ အေးအေး ဆေးဆေး ဖြစ်နေပြီ။ ကျွန်တော်က သူ အဲဒီလို စိုးရိမ်စိတ်မရှိတာကို သဘောမကျ။ ကိုယ့်အိမ်ရေပိုက်လိုင်းထဲ မြွေတစ်ကောင် ရောက်နေတာ ဒီထက်တော့ သူစိုးရိမ်သင့်တယ်လို့ ထင်တာပဲ။

(၄)
တစ်ညလုံးလည်း အိပ်လို့ မရဘူး။ ဘေးမှာ ဇနီးနဲ့ သမီးက အိပ်မက်လှလှတွေတောင် မက်ကောင်းလို့ နှစ်နှစ် ခြိုက်ခြိုက်။ ကိုယ်က အိပ်မရလေ အိပ်ကောင်းနေကြတဲ့ သူတို့ကို ကြည့်ပြီး မကျေမနပ်ဖြစ်လေပဲ။ ကိုယ့်အိမ် ရေပိုက်လိုင်းထဲ မြွေရှိနေတယ်ဆိုတဲ့ အသိက မြွေဆိုတဲ့အသံကြားရင်ကို ရင်တုန်ပန်းတုန် ထိတ်လန့်တတ်တဲ့ ကျွန်တော့် အတွက် ဘောင်းဘီခါးပတ်ထဲ မြွေထည့်ပတ်ထားရသလိုပဲ။ တနုံ့နုံ့ တရှုံ့ရှုံ့ ခံစားရခက်လှည်ချည့်။ ဒီလိုနဲ့ အိပ်ယာထဲ ဟိုလှည့်ဒီလှည့်နဲ့ ပြီးခဲ့တဲ့ လများဆီက ဖတ်ခဲ့ဖူးတဲ့ သတင်းတစ်ပုဒ်ကို သတိရလိုက်တယ်။ အမျိုးသားတစ်ဦးရဲ့ မတော်ရာ ကို မြွေကိုက်ခံရတဲ့သတင်း။ လ အတိအကျတော့ မမှတ်မိတော့ဘူး။ ဒီနှစ်ထဲပဲ သေချာတယ်။ ဒါနဲ့ အင်တာ နက်မှာ လိုက်ရှာဖတ်မိတော့ အားပါးပါး ထွက်ကျလာလိုက်တဲ့ သတင်းတွေ မနည်းပါဘူး။ ရိုးရိုးမြွေပွေး မြွေဟောက်တောင် မက ဘူး။ စပါးကြီးလို၊ စပါးအုံးလို မြွေတွေအထိ ပါသေးတယ်။ အဲဒီထဲက ထိုင်းသတင်းတစ်ပုဒ်ဆိုရင် " ထိုင်းနိုင်ငံက အမျိုးသား တစ်ဦးဟာ အိမ်သာ တက်နေတုန်း မတော်ရာကို မြွေကိုက်ခံလိုက်ရပါတယ်။ အိမ်သာ ရေဆင်းပိုက်ထဲက ကိုးပေလောက် အရှည်ရှိတဲ့ စပါးအုံးမြွေကြီးဟာ အိမ်သာတက်နေတဲ့ Attaporn Boonmakchuay ရဲ့ အမျိုးသား လိင်တံကို ကိုက်ခဲ့တာပါ။ နာရီဝက်လောက် မြွေ နဲ့ ရုန်းကန်ခဲ့ရပြီး အော်ဟစ် အကူအညီတောင်းတဲ့အတွက် အိမ်နီးနားချင်းတွေကလည်း ဓားတွေ ကြိုးတွေ နဲ့ အပြေးလာကူခဲ့ကြပါတယ်။ နောက်ဆုံး မြွေကြီး ရဲ့ ခေါင်းကို ကြိုးနဲ့ တုတ်၊ အိမ်သာတံခါး နဲ့ တွဲချည်ခဲ့ပြီး မြွေကြီး ခဏ အားကုန်တဲ့ အချိန်မှာမှ ကိုက်ထားတဲ့ မေရိုးကနေ လွတ်အောင် ရုန်း နိုင်ခဲ့တာပါ။ ၃ စင်တီမီတာလောက် ရှိတဲ့ ဒဏ်ရာကို ချုပ်ခဲ့ရပြီး ပြန်ကောင်းမှာပါလို့ ဆရာဝန်တွေက ပြောပါတယ်။ အိမ်သာတွင်းထဲက မြွေကိုတော့ အိမ်သာကို ဖျက်ပြီး ဆွဲထုတ်ခဲ့သလို အသက်ရှင်ရက် တောထဲ ပြန်လွှတ်ခဲ့ပါတယ်။" ဘုရား၊ ဘုရား။ ပါးစပ်ကတောင် အသံထွက်ပြီး ဘုရားတမိတယ်။ ကိုယ်သာ ဆိုရင် ဆိုတဲ့အတွေးက ကြက်သီးတဖြန်းဖြန်းထမိတဲ့ အထိ လန့်မိပါရဲ့။ အဲဒီလို လန့်ရတဲ့အထဲ ရယ်စရာတွေကလည်း ပါသေးတယ်။ အဲဒီသတင်းနဲ့ တဆက်တည်း ဖေ့ဘုတ်ခ်ပေါ်မှာ အိမ်သာတက်နည်း ပုံတွေ တက်လာလိုက်တာ။ အိမ်သာတက်ရင် သေနတ်ပါ ယူသွားတဲ့ ထိုင်းစစ်သား တို့။ မြွေကြောက်တတ်သူများအတွက် အိမ်သာတက်နည်းတို့ စုံလို့ စေ့လို့။ တစ်ယောက်တည်း ရယ်နေလို့ အိပ်ပျော်နေတဲ့ ဇနီးက နိုးလာပြီး မျက်စောင်း လှမ်းထိုးတာ ခံလိုက်ရတယ်။ ပြီးတော့ တဖက်လှည့်ပြီး ပြန်အိပ်ပျော်သွားပါလေရော။ ကိုယ့်မှာသာ တစ်ယောက်တည်း မျက်စိကြောင်ပြီး ကျန်ခဲ့ရပြန်ရော။ မျက်စိကြောင်ပြီး အိပ်မရတော့ နားထဲ လေချွန်သံလိုလို၊ မြွေတွန်သံလိုလိုနဲ့ ဘာတွေကြားလို့ ကြားနေမှန်းကို မသိတော့။ ခက်ပြီ။

(၅)
မောင်မင်းကြီးသား မြွေကြောင့် အိပ်ရေးပျက်ရတာ များလာတော့ လူက နုံးချိလာပြီ။ တအိမ်လုံးကလည်း အဲဒီမြွှေ အကြောင်း စိတ်ထဲ တစိုးတစိမှ ခိုးလို့ခုလု မဖြစ်ကြတော့။ ရေပိုက်လိုင်းထဲမှာလည်း မရှိလောက်တော့ဘူး။ လွတ်ရာ ကျွတ်ရာ သွားလောက်ပါပြီလေ လို့ ပြောကြပါတယ်။ ကျွန်တော်ကတော့ အဲဒီလို မထင်။ ရေပိုင်းလိုင်းကို သူတွင်းထင်ပြီး အောင်းနေတယ်လို့ပဲ ထင်တယ်။ ဒီရက်ပိုင်း မုန်တိုင်းအဖျားခတ်မှုကြောင့် မိုးများထားတော့ အိမ်ပတ်ဝန်းကျင်တစ်ခုလုံး စိုစွတ်နေတာတော့ အမှန်ပဲ။ ဒီလိုရာသီဥတုနဲ့ ပတ်ဝန်းကျင်က ဘသားချော မြွေတို့ အကြိုက်။ မြန်မာနိုင်ငံမှာ နှစ်တိုင်း နှစ်တိုင်း လူတစ်သောင်းလောက် မြွေကိုက်ခံနေရပြီး အဲဒီအထဲက ဆယ်ရာခိုင်နှုန်းလောက်က သေဆုံးကြတယ်လို့လည်း ဖတ်ဖူးတယ်။ ဘယ်လိုမြွေတွေကြောင့် အဲဒီလို သေဆုံးတဲ့အထိ ဖြစ်သလဲဆိုတော့ မြွေပွေးနှင့် မြွေဟောက်ကြောင့်က အများဆုံး။ မြွေပွေးအဆိပ်က လူ့ခန္ဓာကိုယ်သွေးခဲတဲ့ စနစ်ကို ထိခိုက်ပျက်စီးစေလို့ မြွေပွေးအကိုက်ခံရရင် သွေးမတိတ်ဘဲ ဦးနှောက်၊ အစာလမ်းကြောင်းတွေမှာ သွေးယိုစိမ့်တဲ့အပြင် ဆီးထဲမှာသွေးပါပြီး ကျောက်ကပ်ပျက်စီးပြီး သေတတ်တာမျိုး။ မြွေဟောက် အကိုက်ခံရရင်ကျတော့ အာရုံကြော စနစ်ကို ထိခိုက်တာကြောင့် လူနာကမှိန်းလာပြီး အာရုံခံစားမှုမရှိတော့ဘဲ ထုံကျင်လာမယ်။ ပြီးတော့ အာရုံကြောတွေ ပျက်စီး ကြွက်သား လှုပ်ရှားမှုအားပျော့ အဆုပ်ကိုပါ ထိခိုက်လာ၊ ပြီးတော့ အသက်ရှူကျပ်ပြီး သေဆုံးတတ်တယ်။ အခု ကျွန်တော့်အိမ်ရေပိုက်လိုင်းထဲ ရောက်နေငနတဲ့ မြွေက မြွေပွေးလား၊ မြွေဟောက်လား၊ မြွေဆိုးလား။ မြွေကောင်းလား။ ကျွန်တော်မသိ။ အဲဒီလို တွေးကြည့်တာနဲ့တင် ကြောက်ဖို့ကောင်းနေပြီ။ အဲဒီမြွေ ထွက်လား မထွက်လားတော့ မသိ။ ရေချိုးခန်းတံခါးက မနက်လင်းကတည်းက ပွင့်နေပြီ။ ဘာမှ မထူးခြားပေမယ့် ကျွန်တော်ကတော့ အဲဒီရေချိုးခန်းကို မသုံးရဲသေး။ ဇနီးနဲ့သမီးကိုလည်း မသုံးဖို့ ကျွန်တော် ပြောထားတာပဲ။ ဒါပေမယ့် ကျွန်တော် အိပ်ယာမထခင်ကတည်းက ဇနီးက အဲဒီရေချိုးခန်းမှာ ရေချိုးပြီးနေပြီ။ သူ့မှာ စိုးရိမ်စိတ်ကလေး တစ်စက်မှ မရှိတဲ့အပြင် သူက ပြောသေးတယ်။ " မောင်ရယ် တဲ့ အဲဒီလောက် စိုးရိမ်မနေပါနဲ့ တဲ့။ အမေတို့အိမ်မှာတုန်းကဆို အိပ်နေတုန်း ခြေထောက်ပေါ်ကတောင် ဖြတ်သွားဖူးတယ် တဲ့။ မရီးဖြစ်သူကလည်း ပြောတယ်။ ဒီအိမ်မှာတော့ အမြဲတမ်း ဖြတ်သွားဖြတ်လာ လုပ်တတ်တဲ့ လင်းမြွေကြိးတစ်ကောင် ရှိတယ် တဲ့။ အဲဒီ လင်းမြွေကြီးက ခြံအရှေ့ဘက်ထောင့်ကနေ လာပြီး အိမ်အလယ်ခေါင်ကနေ ဖြတ်တယ်။ ပြီးတော့ ဧည့်ခန်းထိုင်ခုံအောက်ကနေ အိမ်အပြင်ဘက်ထွက်ပြီး ခြံရဲ့ အနောက်မြောက်ဘက်ထဲ ထွက်သွားတာပဲ တဲ့။ သူ လာတာ တစ်ယောက်ယောက်မြင်တာနဲ့ နီးစပ်ရာ ထိုင်ခုံ၊ ကုတင်ပေါ် ခြေထောက်လေးသာ တင်ထားလိုက်။ သူ့လမ်းနဲ့ သူ သွားတာပဲ။ ဘယ်သူ့မှ အန္တရာယ်မပေးဘူး တဲ့။ သူတို့ ဘယ်လို ပြောပြော ကျွန်တော့် အိမ်ရေပိုက်လိုင်းထဲမှာ မြွေတစ်ကောင် ရှိနေတယ်ဆိုတဲ့ အသိက ကျွန်တော့်ကို စိုးရွံ့ထိတ်လန့် နေစေတုန်းပဲ။

(၆)
            မြွေကို ဘယ်တုန်းက စကြောက်လဲတော့ မသိဘူး။ မှတ်မိသလောက် အရွယ်ကစပြီး မြွေဆိုရင် လန့်နေမိတာ အမှန်ပဲ။ တစ်ချို့ မြွေကြောင့် ကိုယ်တိုင်မဟုတ်တောင် ကိုယ့်နီးစပ်ရာတစ်ယောက်ယောက် ထိခိုက်ဆုံးရှုံးဖူးလို့၊ အန္တရာယ် ရှိလို့မို့ ကြောက်တယ်။ တစ်ချို့က မြွေရဲ့ တွန့်လိမ်ရှည်မျောပျော့အိမှုအပေါ်မှာ အူယားပြီး ကြောက်တာ။ အန္တရာယ်ရှိလို့ ဆိုတာမျိုးထက် မျက်မြင်မသတီလို့ကို ရွံကြောက်ကြီး ကြောက်တယ်။ တစ်ချို့ဆို မြွေမြင်ရင် အလာဂျစ်ဖြစ်သလို အသားတွေ ပူလာတာမျိုး၊ ယားလာတာမျိုးဖြစ်ပြီး ကြောက်တာ၊ အဲလိုလူမျိုးက မြွေဓာတ်ပုံတောင် ကြည့်လို့မရဘူး ပြော တာပဲ။ ကျွန်တော်ကျတော့ တစ်မျိုး။ ခုနက ကြောက်တတ်တာတွေအကုန်လုံးကို စုပြီး ကြောက်တတ်တာ။ ဘယ်နည်းနဲ့ ကြောက်ရ ကြောက်ရ ဆိုသလိုမျိုးပဲ။ တိရိစ္ဆာန်ရုံသွားပြီဆို အစက မြွေရုံဘက် လုံးဝမသွားဘူး။ ပြီးခဲ့တဲ့ တစ်ခေါက် နှစ်ခေါက်ကမှ သမီးက ဇွတ်အတင်းပူဆာလို့ ကြောက်ကြောက်နဲ့ လိုက်ပြဖူးတယ်။ သမီးရှေ့တော့ မကြောက်ချင်ယောင် ဆောင်ရတာပဲ။ တကယ်တမ်းကျတော့ ကိုယ်က သေချာမကြည့်ဘူး။ ခေါင်းမော့ထားတာ။ သမီးက ဖေဖေရယ် မြွေက ဘယ်မှာလဲ မေးရင်တောင် မှန်ခန်းထဲ လက်ညှိုးလျှောက်ထိုးပြီး သမီးရဲ့ ဟိုနားမှာလေ မတွေ့ဘူးလားလို့ ရွှီးရတာ။ သူ့အမေကတော့ ကျွန်တော် ကြောက်တတ်တာသိလို့ ဘယ်တော့မှ သူပဲ လိုက်ပို့မယ် မပြောဘူး။ ကျွန်တော် ကြောက် နေတာ၊ ကျွန်တော်ရွှီးနေတာ အဝေးကနေ ကြည့်ပြီး ထိုင်ဟားတာ။ ကျွန်တော်ကလည်း ကျွန်တော်ပဲ။ မြွေသာ တုန်နေအောင် ကြောက်တာ။ မြွေများ တွေ့လိုက်ရင် ကိုယ်ကချည်း ထိပ်ဆုံးကပဲ။ ရှေးရေစက်ပြောရမလားတောင် မသိ လောက်အောင် ခဏတိုင်း ပက်ပင်းတွေ့တာပဲ။ တွေ့ဆို အရင်လူပျိုတုန်းက မိဘအိမ်ရှေ့မှာ လယ်ကွင်းက သုံးလေးကွင်း ရှိတယ်။ မိုးစပြီဆိုတာနဲ့ လယ်ကွင်းဘေးမှာ မြက်ရိုင်းတွေဆိုတာ တောထလို့။ ညဆို ကိုယ့်အိမ်ရှေ့ကိုယ် လက်နှိပ်ဓာတ်မီး ပါမှ သွားဖြစ်တယ်။ ည အပေါ့အပါးထလည်း လက်နှိပ်မီးနဲ့ ဖယောင်းတိုင်နဲ့ မီးခြစ်နဲ့။ အဲဒီလို နေခဲ့ရတာ။ အဲဒီကနေ အလုပ်စလုပ်တော့ အလုပ်နဲ့နီးပြီး သွားလာရအဆင်ပြေအောင် သူငယ်ချင်းတွေ စုပြီး အိမ်ငှားနေတယ်။ အဲဒီအိမ်က ရေနီမြောင်းဘေးမှာ။ မိုးများလို့ ရေနီမြောင်းရေများလျှံရင် ရေနဲ့အတူ အဲဒီ ကိုရှည်မျောတွေက ပါလာတတ်၊ တင်ကျန်နေ တတ်တာ။ တစ်ညတုန်းက ဘယ်လောက်များ ကြောက်စရာ ကောင်းလိုက်သလဲဆိုရင် သူငယ်ချင်းတွေ အကုန်လုံးက သူ့အခန်းနဲ့သူ အိပ်မောကျ နေကျပြီ။ ကျွန်တော်တစ်ယောက်တည်း ဧည့်ခန်းက နှစ်ယောက်ထိုင်ခုံမှာ အိပ်ရင်း ဗီဒီယိုခွေ ကြည့်နေတာ။ နှစ်ယောက် ထိုင်ခုံကလည်း ကြမ်းပြင်နဲ့ နှစ်ပေတောင် မကွာလှဘူးရယ်။ အဲဒီမှာ တရှပ်ရှပ် တရှပ်ရှပ်နဲ့ အသံကြားရပါလေရော။ ပထမတော့ ဗီဒီယိုက အသံနဲ့ သိသိ သာသာမကြားမိဘူး။ နောက်တော့ အသံက ပိုကျယ် လာတယ်။ သိသိသာသာ ကြားလာရတယ်။ နောက်တော့ အသံက တရှပ်ရှပ်နဲ့ တအားနီးကပ်လာသလို ကြားလာရတယ်။ အသံကို ကိုယ့်အောက်က ဆိုတာလည်း သိနေတော့ အဲဒီ နှစ်ယောက်ထိုင်ခုံပေါ် အိပ်နေရာကနေ ခေါင်းကို ထိုင်ခုံအောက် ထည့်ပြီး ငုံ့ကြည့်လိုက် တာ။ အား . . .။ ငန်းတော်ကြား မြွေကြီး။ အကြီးကြီးပဲ။ သူ ကိုယ်လုံးနဲ့ ကျွန်တော့်မျက်နှာနဲ့ ခြောက်လက်မလောက်ပဲ ကွာတယ်။ အခု ပြန်တွေးမိတာ တောင် ကြက်သီးထပြီး ကိုယ်တွေပူလာသလိုပဲ။ အဲဒီလိုလည်း တွေ့လိုက်ရော အော်ပြီး ပြေးတာ တစ်အိမ်လုံး၊ တစ်ရပ်ကွက်လုံး နိုးရောပဲ။ အိမ်ရှေ့အိမ်က အဒေါ်ကြီးက ပြောတယ်။ သားရေ အဲဒါ နတ်မြွေကြီး၊ သူတော်ကောင်း မြွေကြီးတဲ့။ သူရှိရင် မြွေဆိုးမလာဘူး ပြောတာပဲ။ ဘာပဲပြောပြော ကျွန်တော့် တစ်သက်တာမှာ အဲဒီလောက် ကြောက်တာ အဲဒီတစ်ခါပဲ ရှိတယ်။ အခုလည်း အိမ်ရေပိုက်လိုင်းထဲက ကောင်နဲ့ ကျွန်တော်နဲ့ ထိပ်တိုက်တွေ့ရင် ဘယ်လိုဖြစ်ဦးမလဲ မသိဘူး။ ကြောက်တာတော့ စံချိန်တင်ရင် တင်ရပါစေ။ ကြောက်မှာပဲ။

(၇)
            ဒီလိုနဲ့ နောက်တစ်ရက်ကျတော့ ရေပိုက်သမားရောက်လာပြီး ရေလှောင်ကန်ထဲက ရေတွေ အကုန်လုံးကို ဖွင့်ချပစ်လိုက်တယ်။ အဲဒီရေအားနဲ့ ရေပိုက်လိုင်းတလျှောက် ဘယ်လိုသတ္တဝါမှ ကပ်ကျန်မနေနိုင်ဘူးလို့လည်း သူက ပြောသေးတယ်။ ပြီးတော့ အားပြင်းတဲ့ မော်တာနဲ့ ရေပန့်ဆင်ပြီး ဘဒိုမြွှေဝင်သွားတဲ့ ရေထွက်ပေါက်ထိပ်ကနေ ပက်လိုက်တယ်။ အဲဒီလို မော်တာရေပန့်ကနေ ပက်ထုတ်လိုက်တဲ့ ရေတွေဟာ ရေဆိုးကန်ထဲက တလဟော အရှိန်ပြင်းပြင်းနဲ့ ကျနေတယ်။ ကျွန်တော် ရေဆိုးကန်ပေါ်ကနေ ထိုင်ပြီး မကြောက်မလန့် ရပ်ကြည့်နေတယ်။ မြွေနဲ့တူတာဆိုလို့ ဘယ်လိုမြွေတစ်ကောင်မှ ကျွန်တော်မတွေ့။ မတွေ့လို့ ကျေလည်း မကျေနပ်။ ရေပိုက်သမားက ရေပိုက်လိုင်းတစ်လျှောက်ဆက်ထားတဲ့ ပိုက်ဆက်တွေကို ဖြုတ်တယ်။ ပြီးတော့ အားပြင်းတဲ့ ကွန်ပရက်ဆာရေပန်းနဲ့ မှုတ်တယ်။ ပြီးတော့ ကျွန်တော့်ကို ရယ်ပြီး ပြောတယ်။ အစ်ကို စိတ်ချလက်ချသာ အိပ်ပါတော့ တဲ့။ ဘာကောင်မှ ရေပိုက်လိုင်းထဲမှာ မရှိတော့ပါဘူး တဲ့။ ရေပိုက်သမားဟာ ရေပိုက်ဂျွိုင်းဆက်တွေကို အသေအချာပြန်တပ်စစ်ဆေြး့ပီး ပြန်သွားတယ်။
 ကျွန်တော် မရယ်နိုင်ဘူး။ ဒါဆို အဲဒီကောင်က ဘယ်ရောက်သွားတာလဲ။ ပန်းရံဆရာပြောတော့ အဲဒီ ရေပိုက် လိုင်းထဲ ဝင်သွားတာ သေချာတယ်။ လက်သမားဆရာကလည်း သေချာမြင်လိုက်တယ်လို့ ထောက်ခံတယ်။ တစ်ခုပဲ။ အဲဒီ ရှည်ရှည်မျောမျောကောင် အောက်ထပ်ရေချိုးခန်းကနေ အပေါ်ထပ်ရေချိုးခန်းကို တက်သွားတာနေမှာ။ ခဏနေရင် အပေါ်ထပ် ရေချိုးခန်းကို တံခါးပိတ်ထားဖို့ တစ်အိမ်လုံးကို မှာထားရဦးမယ်။ ကျွန်တော့်အိမ် ရေပိုက်လိုင်းထဲမှာ ဒီမြွေ ရှိကို ရှိနေတယ်။

မင်းနဒီခ
၃၁၊ ၁၀၊ ၂၀၁၆



ခင်ဗျားသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ - မင်းနဒီခ

ခင်ဗျားသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ


           
မှတ်မှတ်ရရ ပထမဆုံး ဆေးလိပ် စသောက်သည့်နေ့ကို ကျွန်တော်မှတ်မိနေသည်။ သီတင်းကျွတ်ဘုရားပွဲတော် ဖြစ်သည့် ကျောက်တော်ကြီးဘုရားပွဲဈေးတန်းမှ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် အတွင်းမှာဖြစ်သည်။ မင်းလွင်၊ နေလင်း ဖြိုးနှင့် ကျွန်တော် စုစုပေါင်းသုံးယောက်ဖြစ်သည်။ ဖီးဆင့်စက်ဘီးနှစ်စီးနှင့် ဘုရားပွဲဈေးတန်းတလျှောက် ကျွန်တော်တို့ လျှောက်စီးကြသည်။ မလိုင်ကရေကရာဆိုင်များရှေ့တွင် ရပ်ပြီး မုန့်အမြည်းတောင်းစားကြသည်။ ဆိုင်ထိုင်သည့် ကောင်မ လေးများကို စနောက်ကြသည်။ ပြီးတော့ ပွဲဈေးတန်းလက်ဖက်ရည်ဆိုင်လေးရဲ့ ချောင်ကျကျစားပွဲမှာ Acid ၏ စတင်ခြင်း အခွေကို အပြန်အလှန်ဖွင့်ခိုင်းပြီး နားထောင်ကြသည်။ လက်ဖက်ရည်နှင့် ဆေးလိပ်ငွေ့တထောင်းထောင်းဖြင့်။ ဒီအထိ သိပ်မထူးခြားသေးဟု ဆိုလျှင် ဖြစ်နိုင်ပါသည်။ ထူးခြားသည်မှာ ကျွန်တော်တို့ ဝတ်ဆင်မှုဖြစ်သည်။ အချိန်က ကျောင်း တက်ချိန်၊ ဝတ်ထားသည်က ကျောင်းစိမ်းပုဆိုးနဲ့ ကျောင်းအကျီအဖြူ။ သုံးယောက်စလုံး ဆင်တူ။ လူတိုင်းက ကျွန်တော် တို့ကို ကျောင်းပြေးပြီး ဆေးလိပ်ခိုးသောက်နေသော ကျောင်းသားဆိုးလေးများဟု ထင်သည်။ မဟုတ်ပါ။ ကျွန်တော်တို့က မကြာသေးခင် လပိုင်းအတွင်းကမှ ဆယ်တန်းအောင်ထားသော တက္ကသိုလ်ကျောင်းသားလောင်းများဖြစ်ပါသည်။ အထက် တန်း ကျောင်းသားဘဝကို နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့်၊ ကျောင်းဝတ်စုံအဖြူအစိမ်းကို နောက်ဆုံးနှုတ်ဆက်သည့် အနေဖြင့်၊ တေပေခဲ့သည့် ကျောင်းသားဘဝကို နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် သုံးယောက်တိုင်ပင်ပြီး ဘုရားပွဲဈေး တန်းသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝတ်ဆင်ရခြင်း၊ ထို့သို့ ကျောင်းပြေးသည့် ကျောင်းသားဆိုးများဟု အထင်ခံ ရခြင်းကို ကျွန်တော်တို့ လိုလားနှစ်သက်စွာ လက်ခံခဲ့ကြသည်။ မှတ်မှတ်ရရ ထိုနေ့က ကျွန်တော် ပထမဆုံး ဆေးလိပ် သောက်ခဲ့ပါသည်။ ကျွန်တော် ပထမဆုံးသောက်သည့် ဆေးလိပ်မှာ ငွေနဂါးတံဆပ် ဖက်ကြမ်း ဆေးလိပ်ဖြစ်ပါသည်။ ကျွန်တော့်ကို ပထမဆုံးဆေးလိပ်သောက်တတ်အောင် သင်ပေးသူမှာ မင်းလွင် ဖြစ်ပါသည်။

“ကျည်ကဒ်ထဲက ကျည်ဆံတစ်တောင့်ကို ဆွဲထုတ်လိုက်သလို
စီးကရက်ဘူးထဲက စီးကရက်တစ်လိပ်ကို ဟန်ပါပါထုတ်
ပါးစပ်ပြောင်းဝမှာ အသာအယာတပ်
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”

“လန်ဒန်လား။ ငါးသုံးလုံးလား။ ငွေနဂါးလား။ အနီရောင်ပတ္တမြားလား
နေခြည်လား။ မအေးမေလား။ မာဘိုရိုလား။ဒူးယားလား
ဘယ်လိုအရသာရှိလဲ
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”

ကျွန်တော်တို့ သုံးယောက်ထဲတွင် နေလင်းဖြိုးက သမ္ဘာအရင့်ဆုံးဖြစ်သည်။ သူသည် ရာဘကို သိသည်။ မုန့်လို့ ခေါ်သည့် အဖြူရောင်ဆေးလုံးလေး ဝယ်ရမည့်နေရာကို သိသည်။ ထို အဖြူရောင်ဆေးပြားလေးအား ရေနွမ်းကြမ်းဖြင့် သောက်ပြီး ချောင်ကျကျတစ်နေရာရာတွင် ငြိမ်သက်မိန်းမောနေရတာမျိုးကို သူလုပ်တတ်သည်။ Lucky Strike တစ်ဗူးကို သူ့အိမ်က မသိအောင် ဝယ်ပြီး သောက်နိုင်သည်။ မင်းလွင်နှင့် ကျွန်တော်ကတော့ ဘဝချင်း နီးသည်။ နှစ်ယောက်စလုံး မပြည့်စုံ။ မပြည့်စုံနွမ်းပါးသဖြင့် သူများတွေ ဆိုးသလောက် ကျွန်တော်တို့ မဆိုးနိုင်၊ သူများကဲသလောက် ကျွန်တော်တို့ မကဲနိုင်။ ကိုယ့်အထွာနှင့် ကိုယ် ဆိုးခဲ့၊ ကဲခဲ့၊ လူငယ်ဘကျောင်းသားဘဝကို ဖြတ်သန်းခဲ့သည်။ ဆယ်တန်းကို ပြင်ပဖြေ မလုပ်နိုင်၊ ကျူရှင်မတတ်နိုင်သဖြင့် အခမဲ့ကျူရှင်သင်ပေးသော ဆရာ ဦးဇော်မြင့်ထံမှာ သင်္ချာ၊ ဖီးဆစ်၊ ကမ်မက်စတြီ စသည့် ဘာသာရပ်များကို ကျွန်တော်တို့ သွားတက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကျွန်တော်တို့ ဆယ်တန်းကို နှစ်ပေါက် အောင်မြင်ခဲ့ကြသည်။ ထိုပျော်ရွှင်မှုဖြင့်ပင် တက္ကသိုလ်မတက်ခင်စပ်ကြား ကျွန်တော်တို့ အပျော်ကို ဆက်လက် ဆွဲဆန့်ခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်နှစ်ခန့်က ဖြစ်မည် ထင်ပါသည်။ Facebook တွင် ငယ်သူချင်းကြီး မင်းလွင်နှင့် ပြန်ဆုံရသည်။ သူက တွေ့တွေ့ခြင်းပြောသည်။ “ဟျောင့် မင်းကို ဆေးလိပ်သောက်နည်းသင်ပေးခဲ့တဲ့ ငါ ဆေးလိပ်ပြတ်သွားပြီကွ” ဟု ကွန်မန့်ရေးလာသည်။ ကျွန်တော်က သူ့ကွန်မန့်အောက်မှာ ထပ်ရေးလိုက်သည်။ “ အေး အဲဒီနေ့က ငါ ဘယ်လိုဖြစ်တာလဲ မှတ်မိသေးလား” ဟု ရေးလိုက်သည်။ သူက ပြန်ရေးသည်။ “ အဲဒီနေ့က မင်း ဆေးလိပ်မူးပြီး အန်တာလေ”။ ဟုတ်သည်။ အဲဒီနေ့က ပွဲဈေးတန်းမှ အပြန် မင်းလွင်၏ ဖီးဆင့်စက်ဘီးနောက်တွင် ထိုင်လိုက်ရင်း ကျွန်တော် တဝေါဝေါ အန်မိသည်။ ပထမဆုံးစသောက်သည့် ဆေးလိပ်ငွေ့များ၏ ဒဏ်ကို ကျွန်တော် မခံနိုင်ခဲ့။ တစ်ကိုယ်လုံး ဇောချွေးများ ထွက်ပြီ့း အန်သည်။ ထို့နောက် သူ့စက်ဘီးနောက်တွင် ကျွန်တော် မှေးလိုက်ရင်း အိမ်ကို ရောက်အောင်ပြန်နိုင်ခဲ့သည်။ အဲဒီ နောက် တွင် မင်းလွင်၊ နေလင်းဖြိုးနှင့် ကျွန်တော်တို့ သိပ်ပြီးးမဆုံဖြစ်ကြတော့။ နောက်ပိုင်း မဆုံဖြစ်ကြသည့်အပြင် တက္ကသိုလ် ရောက်တော့ မေဂျာမတူကွဲပြားစွာဖြင့် ကျွန်တော်တို့ ကွဲကွာခဲ့ကြသည်။ မင်းလွင်ကိုတော့ ကောင်းမွန်စွာ ကျွန်တော် ပြန်ဆုံ ခဲ့ရပြီ။ နေလင်းဖြိုးကိုတော့ အခုထိ ကျွန်တော် မတွေ့ရသေး။
တက္ကသိုလ်စတက်တော့ ကျွန်တော် ဆေးလိပ်တော်တော် သောက်တတ်ပြီ။ Lucky Strike, 555, Mild Seven, Marlboro, London, Vegas, Red & Blue, Blue Diamond, Benson & Hedges, Dunhill, Nine, Red Ruby စသည်ဖြင့် ဆေးလိပ်တံဆိပ်ပေါင်းစုံအောင် သောက်ဖြစ်ခဲ့သည်။ စွဲစွဲမြဲမြဲသောက်ဖြစ်တာက LONDON နှင့် Red Ruby ဖြစ်သည်။ ကျောင်းလွယ်အိတ်ထဲတွင် ဆေးလိပ်ဗူးနှင့် မီးခြစ်အမြဲတမ်း ဆောင်ထားသည်။ တက္ကသိုလ်မှာ ကျွန်တော်တို့ အဖွဲ့က ယောင်္ကျားလေး လေးယောက်နှင့် မိန်းကလေး ရှစ်ယောက်ခန့် ပါသောအဖွဲ့ ပူးပေါင်းမိသည်။ ထိုယောက်ျားလေး များ ထဲတွင်မှ ဆေးလိပ်အများဆုံး သောက်ဖြစ်သူက ကျွန်တော် ဖြစ်သည်။ ကျန်သူငယ်ချင်းများက နာမည် ပျက်ရုံလောက် ဆေးလိပ်သောက်ခြင်း ဖြစ်သည်။ တစ်ရက်လျှင် ဆေးလိပ်တစ်ဗူး လောက်ကုန်အောင် သောက်သော ကျွန်တော့်ကို မိန်းကလေး သူငယ်ချင်းများ အားလုံးက တားကြသည်။ သို့သော် ကျွန်တော်က စွဲလမ်းမှုတစ်ခုဖြစ်နေသည့် ဆေးလိပ်ကို လျှော့သောက်ဖို့ မကြိုးစားမိခဲ့။ ထိုစဉ်က ဆေးလိပ်သောက်ချင်သည့် စိတ်မှာ စတိုလ်လုပ်ချင်တာလည်း ပါသည်။ ဆေးလိပ် ကို ဟန်ပါပါ ဖွာရှိုက် လိုက်ရတာ၊ မီးခိုးငွေ့တွေကို ခေါင်းလေးမော့ပြီး မှုတ်ထုတ်ပစ်လိုက်ရတာ ကျွန်တော် နှစ်သက်ခဲ့ သည်။ ကျောင်းတက်နေဆဲမှာပဲ ဆေးကုမ္ပဏီတစ်ခုမှာ ကျွန်တော်အလုပ် ရခဲ့သည်။ ကုမ္ပဏီဂိုဒေါင်မှာ ပစ္စည်း ထုတ်သွင်း၊ စာရင်းလုပ်ရသည့် အလုပ် ဖြစ်သည့်အတွက် ဆေးလိပ်သောက်ချိန် နည်းသွား သော်လည်း ထမင်းစားချိန်၊ ကားဂိတ် များသို့ ပစ္စည်းပို့ချိန်များတွင် ဆေးလိပ်ကို ပိုသောက်ဖြစ်သည်။ ထို့နောက် ဂိုဒေါင်အကူကနေ Marketing ပိုင်းရောက်တော့ ရုံးခန်းပြင်မှာ အလုပ်ပြန်လုပ်ရသဖြင့် အရင်လို ဆေးလိပ် ပြန် သောက် ဖြစ်လာသည်။
ဆေးကုမ္ပဏီမှာပဲ ကျွန်တော် ချစ်သူတစ်ယောက်ပိုင်ဆိုင်ခွင့်ရခဲ့သည်။ အဆိုပါချစ်သူ၏ ပထမဆုံး ပညတ်တော် တစ်ပါးမှာ ဆေးလိပ်မသောက်ရဘူး ဖြစ်သည်။ သူ့ရှေ့မှာ သူ့စကားကို ကျွန်တော် နားထောင်ခဲ့ပါသည်။ သူ့ကွယ်ရာတွင် ဆေးလိပ်၏ စွဲဆောင်ဖျားယောင်းမှုနောက်မှာ ကျွန်တော် ခေါင်းညိမ့်နာခံမိခဲ့သည်။ ကုမ္ပဏီတစ်ခုတည်းဖြစ်သဖြင့် မနက် မိုးလင်းရုံးတက်ချိန်မှ ညနေရုံးဆင်းချိန်အထိ အမြဲတမ်းလိုလိုတွေ့နေရသည်။ ကျွန်တော်က ဆေးလိပ်မသောက်ဘဲ မနေ နိုင်၊ သူမက ကျွန်တော်ဆီက ဆေးလိပ်နံ့ရသည်နှင့် စိက်ကောက်တော့သည်။ ထိုသို့ဖြင့် ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ် လိုက်၊ ပြန်ချစ်လိုက်ဖြင့် မင်္ဂလာဆောင်ပွဲလေး ဆင်နွဲခဲ့ကြပါသည်။ ဘွဲ့ရပြီးချိန်နှင့် အိမ်ထောင်မကျမီ ကြားကာလ နှစ်များ တွင် ကျွန်တော့်ဘဝတွင် ကြီးမားသည့် အပြောင်းအလဲ၊ အချိုးအကွေ့တစ်ခုဖြစ်ပေါ်ခဲ့သည်။ ထိုအပြောင်းအလဲသည် ကျွန်တော် ကဗျာဆရာတစ်ယောက်အဖြစ် စာပေလောကထဲ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။ ယခင် အထက်တန်း ကျောင်းသားဘဝကတည်းက ရှိနေသော ကဗျာပိုးသည် ၂၀၀၅ ခုနှစ် ဆရာမောင်ကြည်သာ(တောင်တွင်း)၊ ဆရာ မောင်စိုး သစ် (မန္တလေး)တို့နှင့် ဆုံတွေ့ပြီးနောက်ပိုင်း ကဗျာကို ပိုတန်ဖိုးထားတတ်လာ၊ ကဗျာဆရာဘဝကို ပိုမြတ်နိုး တတ်လာ စေကာ ကဗျာဆရာအဖြစ် ရဲရဲဝံ့ဝံ့ ခံယူကာ တစိုက်မတ်မတ် ကဗျာနှင့် နေထိုင်၊ ကဗျာဖြင့် ရှင်သန်၊ ကဗျာဖြင့် ဘဝကို ဖြတ်သန်းလာစေခဲ့သည်။ ကဗျာဆရာဆိုပေသည့် အရက်မကြိုက်သည့် ကဗျာဆရာမို့ ဆေးလိပ်ကိုပဲ ပိုမို သောက်မိခဲ့ စေသည်။ ညပိုင်းကဗျာတစ်ပုဒ်ကို တည်ဆောက်နေချိန်၊ စာတစ်ပုဒ်ကို အာရုံစိုက်ဖတ်နေချိန်များမှာ ကျွန်တော့် လက်ထဲ တွင် ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ် ရှိနေခဲ့သည်။ ဆေးလိပ်တွေ အသောက်လွန်သဖြင့် ခေါင်းတွေ မကြာခဏ ကိုက်တတ် လာပြီ။ နည်းနည်းနေမကောင်းဖြစ်တာကိုပင် ချောင်းဆိုးက မပျောက်ဖြင့် ဆေးပေါင်းစုံအောင် သောက်ပြီး ကုသနေရ တတ်ပြီ။ အဆိုးဆုံးက နေ့စဉ်လိုလို အချိန်ပိုင်းခေါင်းကိုက်တတ်လာခြင်းပင်ဖြစ်သည်။ ဘဝမှာ ပထမဆုံးအကြိမ် ဆေးလိပ် ဖြတ်ချင်စိတ်ပေါ်ပေါက်ခဲ့မိသော နေ့များ။ ထိုဆေးလိပ်ဖြတ်ချင စိတ်များဖြင့်ပင် ဆေးလိပ် အကြောင်းရေးထားသော ကဗျာ များကို ပြန်ညွှန်းဖွဲ့ပြီး “ခင်ဗျားသောက်နေတဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ” ဟု မေးခွန်းကို ခေါင်းစဉ် တင်ရေးဖြစ်ခဲ့သည်။

“မောင်သာနိုးမီးညှိပေးတဲ့ မာရင်ဆောရက်စကူးရဲ့ ဆေးလိပ်လား
မောင်ယုပိုင်ရဲ့ ကလဲ့စားချေတတ်တဲ့ ဆေးလိပ်လား
ဥတ္တရာအောင်ရဲ့ လျော့ရင်း လျော့ရင်းဖြတ်သွားရမယ့် ဆေးလိပ်လား
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”

“ခင်ဗျားဟာ ကိုယ်တိုင်မီးလောင်ပြီး မီးလောင်ခြင်းကိုလည်း အားပေးတဲ့သူ
ခင်ဗျားနံဘေးကလူဟာ သူ့မျက်နှာကို တစ်ဖက်ကိုလွှဲလို့
ခင်ဗျား ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကို သိလား
ဆေးလိပ်သောက်ပြီး သေဆုံးတဲ့ လူအရေအတွက်ထက်
ဆေးလိပ်ငွေ့ရှူပြီး သေဆုံးတဲ့ လူအရေအတွက် ပိုများတာ ကြားဖူးလား
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”
         
          မေလ ၃၁ နေ့အား ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး မှ ၁၉၈၇ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သည်။  မြန်မာဈေးကွက်တွင် ၁၉၉၀ ပြည့်လွန်နှစ်များက တံဆိပ် ၁၀ မျိုးမှ ၁၅ မျိုးသာရှိခဲ့သော်လည်း လက်ရှိ စီးကရက် တံဆိပ် ၆၂ မျိုး ရောင်းချလျက်ရှိသည်။ အရှေ့တောင်အာရှ ဆေးရွက်ကြီးထိန်းချုပ်ရေး မဟာမိတ်အဖွဲ့ (SEATCA) မှ မြန်မာ ကိုယ်စားလှယ် ဒေါ်မေမြတ်ချိုက မြန်မာနိုင်ငံတွင် အမျိုးသားများ ဆေးလိပ်သောက်သုံးမှုမှာ British American Tobacco (BAT)  မြန်မာနိုင်ငံမှ မထွက်ခွာမီ ၂၀၀၃ တွင် ၄၈.၆ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်းလာပြီး နိုင်ငံခြားကုမ္ပဏီကြီးများ ပြန်ဝင်လာသည့် ၂၀၁၃ တွင် ၄၆.၈ ရာခိုင်နှုန်းသို့ ပြန်တက်လာကာ ပြီးခဲ့သည့်နှစ် ၂၀၁၅ တွင် ၆၀ ရာခိုင်နှုန်းအထိ သိသာစွာ မြင့်တက်လာသည်ဟု ဆိုသည်။ အမျိုးသမီးများ ဆေးလိပ်သောက်သုံးနှုန်းမှာ ၂၀၁၃ တွင် ၁၃.၇ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၅ တွင် ၁၈ ရာခိုင်နှုန်းထိ မြင့်တက်လာသည်ဟု ဆိုသည်။ ၂၀၁၄ ခုနှစ် ကျန်းမာရေးဝန်ကြီးဌာန စစ်တမ်းအရ မြန်မာတနိုင်ငံလုံး၏ ၂၆.၁ ရာခိုင်နှုန်းဆေးလိပ်သောက်သုံးကြသည်ဟု သိရသည်။ ကမ္ဘာတဝှမ်း နေ့စဉ် ဆေးလိပ်သောက်သုံးတဲ့ အရွယ်ရောက်ပြီးသူပေါင်း သန်းပေါင်း ၇၄၀ လောက် ရှိနေသည်ဟု လည်း ဖတ်ရသည်။ ကျွန်တော် ဆေးလိပ်စွဲ ကာစ က ဆေးလိပ်ဗူးများပေါ်တွင် အသက် ၁၈ နှစ်အောက် ဆေးလိပ်မရောင်းရ စာတမ်းသာ ထည့်သွင်းထားသော်လည်း ယခုမူ ဆေးလိပ်ဗူးများပေါ်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် ဆေးလိပ် ဗူးတွင် သတိပေးရုပ်ပုံနှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာကို ကျန်းမာရေးဝန်ကြီးဌာနက လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ပြီး ခြောက်လပြည့်သည့် စက်တင်ဘာ ၁ ရက် တွင် အာဏာ စတင်သက်ရောက်ပြီ ဖြစ်ကြောင်း သတိ ပေးကြေငြာချက် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အတွက် သတိပေး ရုပ်ပုံနှင့် စာသားများကို ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းဘူးခွံများ၏ ရှေ့နောက်မျက်နှာပြင် ဧရိယာ ၇၅ ရာခိုင်နှုန်း ထက် မနည်းစေဘဲ ပုံနှိပ် ဖော်ပြရမည်ဖြစ်ကြောင်း၊ အန္တရာယ် နည်းပါးစေသည်ဟု ထင်စေနိုင်သော Low tar ၊ Light၊ Ultra၊ Mild စသည့် စကားလုံး၊ တံဆိပ်၊ အမှတ်အသား လက္ခဏာများကို ဖော်ပြခြင်း မပြုရန်လည်း တားမြစ်ထားကြောင်း သိရသည်။

“ခင်ဗျားခြေထောက်အောက်မှာ ကျည်ဆံခွံတွေ ပြန့်ကျဲလို့
ခင်ဗျားမျက်စိရှေ့မှာ အပြစ်မဲ့လူတွေ အတုံးအရုံးသေဆုံးလို့
နောက်ဆုံးသိရတဲ့ အသေခံအကြမ်းဖက်သမားဟာ ခင်ဗျားလား
အထီးကျန်ခြင်းအမည်တပ်ထားတဲ့ အိပ်ခန်းမှာ
ဆေးလိပ်ဟာ ခင်ဗျားရဲ့ လစ်ဗင်းတူဂဲလ်သား အဖော်မွန်တစ်ယောက်လား

ကျွန်တော် သေဖော်ညှိတာပါ
ကျေးဇူးပြုပြီး မီးတစ်တို့လောက်
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ။”

           ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စီးကရက်များကြောင်း ၈ စက္ကန့်လျှင် လူတစ်ဦး သေစေလျှက်ရှိသည်။ ကမ္ဘာတဝှမ်း တွင် ဆေးလိပ်ကြောင့် သေဆုံးနေရသူ တစ်နှစ်လျှင် ၆ သန်းခန့်သေဆုံးနေပြီး ၂၀၃၀ ပြည့်နှစ်တွင် သေဆုံးသူ ရှစ်သန်း ကျော်အထိ တိုးလာမည်။ ယခုရာစုနှစ်အကုန်တွင် ဆေးလိပ်ကြောင့် သေဆုံးသူပေါင်း သန်းတစ်ထောင်ကျော် ရှိလာနိုင် သည်ဟု တွက်ဆထားကြသည်။ ကမ္ဘာပေါ်တွင် ဆေးလိပ် မသောက် သော်လည်း ဆေးလိပ်ငွေ့ကို နေ့စဉ်ရှူရှိုက်နေ ရသဖြင့် ရရှိလာသော ရောဂါများကြောင့် နှစ်စဉ်လူခြောက်သိန်းကျော် သေဆုံးနေကြောင်း သိရသည်။ ဆေးလိပ်ကိုယ်တိုင် မသောက်ဘဲ အငွေ့ကြောင့် ရောဂါရပြီး သေဆုံးသူ အားလုံး၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများ ဖြစ်ပြီး (၃)ပုံ၊ (၁)ပုံ နီးပါးသည် ကလေးများ ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ ဖြင့် ဆေးလိပ်ငွေ့ကြောင့် သေဆုံးသူများ စာရင်းကို ပထမဆုံး လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။ သုတေသီများက ကလေးများသည် ဆေးလိပ်သောက်သူများနှင့် နီးကပ်စွာ ရှိနေခြင်းသည် အလွန်အန္တရာယ်ကြီးကြောင်း သတိပေး ပြောဆိုထားသည်။ ထို့အပြင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဆေးလိပ် မသောက်သော်လည်း ဆေးလိပ်ငွေ့ကြောင့် ရောဂါရရှိနိုင်မှု အခြေအနေသည် (၅၀)ရာခိုင်နှုန်း ပိုဆိုးကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာပေါင်းစုံကြောင့် သေဆုံးမှုများတွင် ဆေးလိပ်က အဓိကတရားခံဖြစ်သည်။ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ အရိုးချဉ်ဆီ၊ သွေးကင်ဆာ အစရှိသည်တို့လည်း ပါဝင်သည်။ အမေရိကန်နိုင်ငံမှာ ဆေးလိပ်ကြောင့် သေဆုံးသူ တစ်နေ့လျှင် ၁၃၀၀ ခန့်ရှိသည်ဟု သိရသည်။
မာဘိုရိုစီးကရက်ကြော်ငြာမင်းသား Eric Lawson တစ်ယောက် ၂၀၁၄ ဇန်နဝါရီ ၁၀ ရက်က ဆုံးပါး သွားသည့် သတင်းဖတ်လိုက်ရသည်။ သူသည် မာဘိုရိုလ်ကြော်ငြာမင်းသားတွေထဲမှ လေးယောက်မြောက် ဆေးလိပ် ကြောင့် သေဆုံးသူဖြစ်သည်။ ကောင်းဘွိုင်ဦးထုပ်ဆောင်းထားပြီး စီးကရက်လက်ကြားညှပ်ထားသည့် သူ့၏ စတိုင်လ် ကို ကျွန်တော် နှစ်သက်ခဲ့ဖူးသည်။ အဆိုပါ ပိုစတာကိုလည်း ကျွန်တော့်လူငယ်ဘဝ အိမ်ဝင်းထရံကြားတွင် ဝါးခြမ်းလေးများနှင့် ထိုးပြီး ကပ်ထားဖူးခဲ့သည်။ လွန်ခဲ့သော နှစ်များမှ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်ကြည့်လျှင် ဆေးလိပ်ငွေ့ တထောင်းထောင်းကြားမှ ကဗျာတစ်ပုဒ်ရေးဖြစ်ဖို့ အားထုတ်နေသူ မင်းနဒီခကို နေ့စဉ်နီးပါး ပြန်တွေ့ ရမည်ဖြစ်သည်။ ဟင်းမွှေသည့် ယောင်းမသည် ဟင်း၏ အရသာကို မသိသကဲ့သို့ပင် စာပေအသိဖြင့် ရလာသည့် ဆေးလိပ်ဆိုးကျိုးများကို ကဗျာတစ်ပုဒ်ရေးဖွဲ့ဖြစ်ရုံလောက်သာ အသုံးချခဲ့ပြီး ဆေးလိပ်တကယ်ဖြတ်ရန် အားမထုတ် ဖြစ်ခဲ့။ “အရက်မသောက်ဘူး၊ မူးယစ်ရမ်းကားမလုပ်ဘူး၊ သူများသားမယား မပစ်မှားဘူး။ မကောင်းတာ ဆိုလို့ ကျွန်တော် ဆေးလိပ်လေးပဲ သောက်ဖြစ်တာပါဗျာ” ဆိုသည့် စကားကို ဆေးလိပ်ဖြတ်ရန် သတိပေးသည့် သူများအား ကျွန်တော် ထပ်ခါ ထပ်ခါဆင်ခြေပေးခဲ့သည်။ တိတိကျကျပြောရလျှင် ၁၉၉၈ အောက်တိုဘာ မှ ၂၀၁၅ ဇူလိုင်လ အထိ ဆယ့်ခုနှစ်နှစ် နီးပါး ကျွန်တော် ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ဖြစ်ခဲ့သည်။ ကျွန်တော့်ကို ဆေးလိပ်ဖြတ်စေခဲ့သူ၊ ဆေးလိပ်ပြတ်စေခဲ့သူမှာ မြင့်မိုရ်တောင်ဦးမကကျူးတဲ့ မိဘတွေ မဟုတ်။ ဘဝတစ်ခုလုံးပုံအောပြီး ပေးဆပ်ချစ်ခဲ့ရသူ အိမ်သူသက်ထားဇနီးမယားကြောင့် မဟုတ်။ ကျွန်တော့်ရဲ့ တုနှိုင်းမဲ့ ရတနာလေး၊ ကျွန်တော့် ဘဝအဆက်ဆက်ရဲ့ သံသရာ စမ်းရေအေး သမီးလေး ပိုးပိုးကြောင့်ပဲ ဖြစ်သည်။
သမီးလေး မွေးကတည်းက ကိုယ့်ဆေးလိပ်ငွေ့ကြောင့် သမီးလေးကို ကျန်းမာရေး မထိခိုက်စေရဟု ကျွန်တော်ဆုံးဖြတ်ကာ သမီးလေးနှင့် အဝေးဆုံးနေရာမှာသာ ဆေးလိပ်သောက်ဖြစ်သည်။ အိမ်ခန်းထဲမှာ ဘယ်တော့မှ ကျွန်တော် ဆေးလိပ်မသောက်။ ခြံဝန်းထဲမှာ လမ်းလျှောက်ရင်း သောက်သည်။ စာဖတ်ရင်း သောက်ဖြစ်သည်။ အတတ်နိုင်ဆုံးတော့ အိမ်မှာ ဆေးလိပ်မသောက်ဖြစ်အောင် ကြိုးစားခဲ့ပေမယ့်လည်း မရ။ ထမင်းစားပြီး တစ်လိပ်၊ ကော်ဖီသောက်ပြီး တစ်လိပ်၊ စာဖတ်ဖြစ်ရင် တစ်လိပ်၊ ကဗျာတစ်ပုဒ်ပြီးလျှင် တစိမ့်စိမ့်ပြန်ဖတ်ရင် တစ်လိပ်၊ ကဗျာတစ်ပုဒ်ရေးဖို့ တွေးနေပြီဆိုလျှင် ကဗျာမပြီး မချင်း တစ်လိပ်ပြီး တစ်လိပ်။ ကျွန်တော် ဆေးလိပ်သောက်တာမြင်လျှင် သမီးက ကျွန်တော့်အနားရောက်လာသည်။ ကျွန်တော်ကလည်း သမီးလာတာမြင်လျှင် လက်ထဲက ဆေးလိပ်ကို ပစ်ချပြီး မသောက်ချင်ယောင်ဆောင်ရသည်။ ထိုသို့ ကျွန်တော် ပြုလုပ် ဟန်ဆောင်သည်ကို သမီးက သဘောကျသည်။ နောက်ပိုင်းတွင် ကျွန်တော်ဆေးလိပ်သောက်တာ မြင်လျှင် သမီးက စိတ်ဆိုးတတ်လာသည်။ ကျွန်တော်ကလည်း ကျွန်တော်ပင်။ သမီးလေး၏ ဖခင်အပေါ် စိုးရိမ်စိတ်ကို ငဲ့ကြည့် မပေးနိုင်ခဲ့။ သမီးလေးအပေါ် လိမ်ညာဟန်ဆောင်ဖို့ပဲ စိတ်ကူးမိခဲ့သည်။ သည်လိုနှင့် ၂၀၁၅ ဇူလိုင်လ၏ ညတစ်ညမှာ ကျွန်တော် ဆေးလိပ်ကို စတင်ဖြတ်ခဲ့ပါသည်။
ထိုညက ကျွန်တော် အက်ဆေးတစ်ပုဒ်ရေးဖြစ်သည်။ ထိုအက်ဆေးရေးပြီးသွားတော့ ကဗျာဆောင်းပါး တစ်ပုဒ် ထပ်ရေးဖြစ်သည်။ သည်လိုမျိုး ဆက်တိုက်စာရေးဖြစ်သည့်ညမျိုးကား ဖြစ်တောင့်ဖြစ်ခဲမို့ အတွေးကွန့်မြူးရာ နောက် ကျွန်တော် လိုက်ပါရေးဖွဲ့ရင်း ည နှစ်နာရီနီးပါးလောက်တွင် ကဗျာဆောင်းပါး လက်စသတ်နိုင်ခဲ့သည်။ စာရေးပြီးတော့ စိတ်လက်ပေါ့ပါးစွာနဲ့ ဆေးလိပ်သောက်ရင်း ရေးပြီးစာများကို ပြန်ဖတ်ဖို့ ဆေးလိပ်ဗူးထားနေကျ နေရာကို လက်လှမ်းမိသည်။ ဆေးလိပ်ဗူးက မရှိ။ ဆေးလိပ်ဗူးက အသစ်။ ညနေကမှ ကျွန်တော် တစ်လိပ် ထုတ် သောက်ထားသေးသည်။ စားပွဲခုံအောက်တွေ၊ စာအုပ်စင်ပတ်ချာလည်တဝိုက်၊ ကုတင်ဘေးစားပွဲ၊ ရုံးလွယ်အိတ်ထဲ၊ အိမ်ရှေ့ထိုင်နေကျ ထိုင်ခုံလေးနား စသည်ဖြင့် တစ်အိမ်လုံး နှံ့နေအောင် ရှာကြည့်သည်။ ဆေးလိပ်ဗူးနှင့် တူတာဆိုလို့ တစ်လိပ်တစ်လေတောင်မှ မတွေ့။ ရှာမတွေ့လေ ဆေးလိပ်က ထပ်သောက်ချင်လေဖြစ်သည်။ ဆေးလိပ်သောက်ချင်သည့် ယင်း က ကျွန်တော့် တစ်ကိုယ်လုံး သွေးတွေကို ဆူဝေလာစေသည်။ ဒေါသတွေလည်း ဖြစ်လာသည်။ ဒီအချိန်မှတော့ အနီးအနားတစ်ဆိုင်မှလည်း မဖွင့်တော့။ သို့နှင့် မနက်က တံမြက်စည်းလှဲထားသော သစ်ပင်ခြေရင်း အမှိုက်ပုံထဲမှာ တဖွာစာ၊ နှစ်ဖွာစာ ကျန်လို ကျန်ငြား လိုက်ရှာမိသော်လည်း ကံဆိုးရွားစွာ တစ်တိုတလေမှ မတွေ့။ နောက်ဆုံး ရေတစ်ခွက် ဝဝ သောက်ကာ အိပ်ပစ်လိုက်ခြင်းဖြင့် ကျွန်တော် ကိုယ့်စိတ်ကို မနည်းထိန်းကာ အိပ်ယာဝင်ခဲ့သည်။ စိတ်ထဲမှာ စာအုပ်စင်ပေါ်တင်ထားသည့် ဆေးလိပ်ဗူးကိုသာ မြင်နေမိသည်။
မနက် မိုးလင်းလင်းချင်း ဆေးလိပ်ဗူးတွေ့မိသေးလားဟု ဇနီးသည်ကို မေးမိသည်။ ဇနီးသည်ကလည်း မတွေ့ဘူးလေ။ သိမ်းလည်း မသိမ်းဘူးဟု ပြောသည်။ သည်လိုနှင့် အိပ်ယာမနိုးသေးသည့် သမီးလေးကို နိုးပြီး ထပ်မေးသည်။ သမီး ဖေဖေ့ ဆေးလိပ်ဗူး တွေ့လား ဆိုတော့ သမီးက ဘာမှ မပြော။ ဒါဆို သေချာပြီ။ သမီးက မဟုတ်တာလုပ်ထားလျှင် ငြိမ်သက်ပြီး ဝန်ခံတတ်သည်။ ဟုတ်လည်း မပြော၊ မဟုတ်ဘူးလည်း မပြော။ အခု ငြိမ်နေပုံအရတော့ သူ ဆေးလိပ်ဗူးကို တစ်ခုခု လုပ်လိုက်တာဖြစ်မည်။ သမီးကို ထပ်မေးသည်။ သမီး ဖေဖေ့ကို အမှန်အတိုင်းပြောနော်။ ဖေဖေ စိတ်ဆိုးနေတာ။ သမီး သိလား။ ဆေးလိပ်ဗူး ဘယ်မှာလဲ။ လွင့်ပစ်လိုက်တာလား ဆိုတော့ သမီးက အိပ်ယာထဲက ထပြီး အလူမီနီယံနှင့် ပြုလုပ်ထားသည့် ဘုရားစင်ရှေ့ကို သွားသည်။ ကျွန်တော် သူ့နောက်က အသာလေး လိုက်ကြည့်သည်။ ဘုရားစင်အောက်တွင် ဗီရိုသေးသေးလေး ရှိသည်။ ထိုဗီရိုသေးသေး လေးရှေ့မှာ မီးပူဇော်ဖို့ ဖယောင်းတိုင်သေးထုပ်တွေ စီထပ်ထားသည်။ သမီးသည် အဲသည့် ဖယောင်းတိုင်ထုပ်တွေကို ဖယ်သည်။ နောက် ဗီရိုလေးရဲ့ နောက်ဆုံးချောင်ကျကျနေရာထဲသို့ လက်နှိုက်ပြီး ယူလိုက်သည်။ ပြီးတော့ ကျွန်တော့် ကို လာပေးသည်။ သူ့လက်ထဲမှာ တစ်လိပ်လျော့နေသော Red Ruby ဆေးလိပ်ဗူးအသစ်တစ်ဗူး။ ကျွန်တော် စိတ်ဆိုးလွန်းစွာဖြင့် သမီး၏ တင်ပါးနှင့် ခြေသလုံးကို အားပါးတရ ရိုက်ပစ်လိုက်မိသည်။ သမီးသည် နာကျင်စွာ ငိုသည်။ နာလောက်အောင် အရိုက်ခံရသော်လည်း ထွက်ပြေးမသွား။ ငိုပြီးတော့ စကားတစ်ခွန်း ပြောသည်။ သမီးက ဖေဖေ သေသွားမှာ စိုးလို့ဟု ငိုပြီးတော့ ပြောသည်။ သူ့စကားဆုံးတော့ ကျွန်တော် ဆွံ့အသွားသည်။ ပြီးတော့ ကျွန်တော် သမီးကို ဖက်ပြီး အားပါးတရ ငိုမိသည်။ ကျွန်တော်တို့ သားအဖကို ဘေးက ကြည့်နေသည့် ဇနီးကလည်း ငိုသည်။ ကျွန်တော့်အသက်အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတဲ့ ငါးနှစ် သမီးလေးကို နာကျင်အောင် ရိုက်လိုက်မိသည့် ကျွန်တော့်ကို ကျွန်တော် နာကျည်းမိသည်။ ကိုယ့်ကိုယ်ကိုယ် တစ်ခုခုလုပ်ပစ်ဖို့ ကြိုးစားတော့ ဇနီးဖြစ်သူက ဆွဲထားသည်။ ကျွန်တော် စိတ်တည်ငြိမ်သွားသည့်အခါ သမီးကို တိုးတိုးလေး ပြောလိုက်မိသည်။ သမီးအတွက် ဖေဖေ ဒီနေ့က စပြီး ဆေးလိပ်ဖြတ်ပါမယ် သမီးရယ် လို့။ ပြီးတော့ လက်ထဲက ဆေးလိပ်ဗူးကို ရေဆိုးမြောင်းထဲ လွှင့်ပစ်လိုက်သည်။ ထိုနေ့က စပြီး ကျွန်တော် ဆေးလိပ်တစ်လိပ်မဆိုထားနဲ့၊ ဆေးလိပ်တစ်ဖွာတောင် မဖွာဖြစ် အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ခဲ့သည်။ ဆေးလိပ်ဖြတ်နိုင်ခဲ့သည်။
ဆေးလိပ်ပြတ်သွားပြီ ဆိုတာ အပြောလွယ်သလောက် ခက်ခဲစွာ ကျွန်တော် ဖြတ်တောက်ခဲ့ရပါသည်။ အဆိုးဝါးဆုံးအချိန်တွေလို့ ပြောလို့ရသည့် ထမင်းစားပြီးချိန်၊ လက်ဖက်ရည်သောက်ပြီးချိန်၊ မိုးအေးအေး၊ ဆောင်း အေး အေးရာသီတွေ၊ အထူးသဖြင့် ကိုယ့်ရှေ့ဖြတ်ပျံလာတဲ့ ဆေးလိပ်ငွေ့တွေကို ရှောင်ရတာက အစ ကောင်တာမှာ တင်ထားတဲ့ ဆေးလိပ်ဗူးတွေ တွေ့မြင်နေရတာအဆုံး ကျွန်တော် ခက်ခဲပင်ပန်းစွာ မသောက်မိအောင် ရှောင်နိုင် ခဲ့သည်။ ဆေးလိပ်စဖြတ်သည့် အစောပိုင်းလများအတွင်း ဒေါသဖြစ်လွယ်သည်။ မောပန်းလွယ်သည်။ အသေးအဖွဲ လေးများကအစ စိတ်အလိုမကျဖြစ်နေတတ်သည်။ ဘယ်သူနှင့်မှ စကားများများမပြောချင်။ ဟန်ဆောင်ရယ်မော နှုတ်မဆက်ချင်။ တတ်နိုင်သမျှ အိမ်ထဲကနေ အပြင်မထွက်ဖြစ်အောင် နေခဲ့သည်။ ဆေးလိပ်သောက်သူများနှင့် တဝိုင်းချင်း မထိုင်ဖြစ်အောင် ရှောင်ခဲ့သည်။ ဆေးလိပ်ငွေ့များနှင့် ဝေးရာမှာ လွတ်အောင် နေဖို့ ကြိုးစားခဲ့သည်။ ယခုရောက်နေ့သည့် သက်တမ်းတဝက်လောက် အသက်ပေးချစ်ခဲ့ရသည့် ဆေးလိပ်ကို ကျွန်တော် ဖြတ်ဖို့ ပင်ပန်းခဲယဉ်းလွန်းစွာ ကြိုးစားခဲ့သည်။ ယခု ကျွန်တော့် အိပ်ကပ်တစ်နေရာမှာ မီးခြစ်တစ်လုံးတစ်လေမျှ ရှိမနေတော့။ ကျွန်တော့် လက်တကမ်းမှာ ဆေးလိပ်တစ်လိပ်မျှ မရှိတော့။ ကျွန်တော့် အကျီ အိပ်ထောင်ထဲမှာ ဆေးလိပ် ဆေးမှုန် တွေ ကပ်ကျန်မနေတော့။ ဆေးလိပ်ပြတ်ပြီး တစ်နှစ်ပြည့်သည့်နေ့မှာ ပြာနှမ်း မဲခြောက်နေသည့် ကျွန်တော့် နှုတ်ခမ်းတွေ ပြန်စိုပြေလာတာ သတိထားမိသည်။ စားကောင်း အိပ်ကောင်းဖြစ်ပြီး ကိုယ်ခန္ဓာက နည်းနည်း ဝလာသည်။ ခေါင်းမကိုက်တာ ကြာပြီဟု သတိထားမိသည်။ လေးလံထိုင်းမှိုင်းမှုမျိုး မရှိ တော့။ လုပ်ငန်းပိုင်းဆိုင်ရာ စကားပြောဆိုရာတွင် ရဲဝံ့လာသည်။ ကိုယ့်ပါးစပ်က ဆေးလိပ်နံ့ထွက်မှာမျိုး စိုးရိမ်စိတ် မရှိတော့။ ကျွန်တော့် ဆေးလိပ်ငွေ့ကြောင့် အန္တရာယ်ဖြစ်လာနိုင်သည့် ဆေးလိပ်မသောက်သည့် ပတ်ဝန်းကျင် ကို ကယ်တင်နိုင်ခဲ့သည်ဟု ပြောလို့ရပြီ။ ကျွန်တော်ဟာ ကိုယ်တိုင်မီးလောင်ပြီး သူများကိုပါ မီးလောင်စေသည့်  အသေခံအကြမ်းဖက်သူ တစ်ယောက် မဟုတ်တော့။ ကျွန်တော် သေဖော်ညှိတာပါ။ မိတ်ဆွေ မီးလေး တစ်တို့လောက် ဆိုပြီး မီးခြစ် ပျောက်နေသူ တစ်ယောက် မဟုတ်တော့။ ကျွန်တော်ဟာ သမီးလေးပေးတဲ့ အလင်းရောင်နဲ့ ကိုယ့်အသက်ကိုယ် ဆေးလိပ်လက်ထဲက ပြန်ဆယ်ယူနိုင်ခဲ့တဲ့ မင်းနဒီခဖြစ်ခဲ့ပါပြီ။ တစ်နေ့မှာ ကျွန်တော့်ကို ဆေးလိပ်သောက်နည်း သင်ပေးခဲ့တဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့ရင် ကျွန်တော် စကားတစ်ခွန်းပြောချင်မိသည်။
“ ငါလည်း ဆေးလိပ်ပြတ်သွားပြီ” ဟု။
         
မင်းနဒီခ
၁၊ ၁၁၊ ၂၀၁၆

(ကျန်းမာရေးအချက်အလက်ကိုးကား- ဆေးလိပ်နှင့်ဆေးရွက်ကြီးဆိုင်ရာ သတင်းအချက်အလက်များ Pages၊ The Ladies New Journal၊ Eleven Media Group)။

Thursday, June 9, 2016

အပန်းဖြေဖို့ ကျွန်တော်ရောက်သွားတဲ့ ပန်းခြံ



အပန်းဖြေဖို့ ကျွန်တော်ရောက်သွားတဲ့ ပန်းခြံ

စာအုပ်အမည်                       - ပန်းခြံ အပန်းဖြေခြင်း
ရေးသူ                              - စံညိမ်းဦး
ထုတ်ဝေသည့်ကာလ               - မတ်လ၊ ၂၀၁၆
ထုတ်ဝေသည့်တိုက်                 - နှစ်ကာလများ



           

            ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမတိုင်ခင်အထိ မန္တလေးကဗျာဆရာတွေထဲက ကဗျာစာအုပ်အထုတ်စေချင်ဆုံးလူ (၂)ဦး ရှိပါတယ်။ တစ်ယောက်က ကိုကျောက်လို့ ကျွန်တော်တို့ ချစ်စိတ်နဲ့ ခေါ်ကြတဲ့  ခင်ဇော်မြင့်၊ နောက်တစ်ယောက်က (ကို) စံညိမ်းဦး။ ကျောက်လုံးနဲ့ ကျောက်တိုင်။ သလင်းဦးနဲ့ အိမ်အိုညီ။ ၉၀ ခုနှစ် နောက်ပိုင်းမှာ ကဗျာလောကထဲ အတွဲညီညီ၊ အကဲညီညီနဲ့ လမ်းဖောက်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ဦး။ ၉၀ မော်ဒန်ကဗျာအကြောင်းပြောရင် ဘယ်လိုမှ ချပ်လှပ်ထားလို့ မရတဲ့ ကဗျာဆရာနှစ်ဦး။ ခင်ဇော်မြင့်အကြောင်းပြောရင် စံညိမ်းဦးပါလာသလိုပဲ။ စံညိမ်းဦးအကြောင်းပြောမယ်ဆိုရင် ခင်ဇော်မြင့်ဆီ ရောက်သွားနိုင်တာပါပဲ။ အဲဒီလောက်ထိ တွဲခဲ့ကြသလို ၁၉၉၃ ခုနှစ်မှာ သလင်းဦး၊ အိမ်အိုညီ ကလောင် တွေနဲ့ “အင်ကြင်းရောင် ပင်လယ်သေကမ်းခြေ” ဖယောင်းလက်ရေးစာအုပ်လည်း တွဲထုတ်ခဲ့ဖူးတာပါ။
            ၂၀၁၀ စာပေစီစစ်ရေးဖြေလျော့ပြီးနောက်ပိုင်း ကဗျာစာအုပ်တွေ အုံနဲ့ကျင်းနဲ့ တစ်နှစ်ကို အုပ်တစ်ရာကျော် ထွက်ခဲ့ကြပေမယ့်  ထူးထူးခြားခြား သူတို့နှစ်ဦးစလုံးက ကဗျာစာအုပ်ထုတ်ဖို့ လုံးဝစိတ်မဝင်စားကြ။ ကဗျာစာအုပ် ထုတ်ဖို့ ပြောရင်လည်း ဘုကလန့်တွေ ပြန်ကြားရတာသာ အဖတ်တင်မယ်။ သူတို့က တုတ်တုတ်မျှ မလှုပ်ကြ။ ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ခင်ဇော်မြင့်၊ စံညိမ်းဦးတို့၏ ကဗျာတွေ ကောင်းခဲ့၊ နာမည်ကြီးခဲ့တာ မှန်ပေမယ့် ဒီနေ့ခေတ် လူငယ်တွေနဲ့ အဆက်ပြတ်နေတာ ကြာပြီ။ မဂ္ဂဇင်းစာမျက်နှာများပေါ်တွေမှာ ပုံနှိပ်ဖြတ်သန်းခဲ့တဲ့ သူတို့ရဲ့ ကဗျာတွေက ဒီနေ့မှာ ပြန်ရှာ ဖတ်ဖို့ ခက်ခဲနေပြီ။ အသိမ်းအဆည်းကောင်းသူ၊ တန်ဖိုးထားသူတစ်ချို့တွေဆီမှာပဲ ရှိနိုင်တော့တဲ့ အခြေအနေမျိုး။ သူတို့ နှစ်ဦး၏ ကဗျာတွေကို စုစုစည်းစည်းပြန်လည်သိမ်းဆည်းမှတ်တမ်းထားရှိဖို့က ကဗျာစာအုပ်အဖြစ်နဲ့သာ ပြန်လည် ထွက်ရှိ လာဖို့က အကောင်းဆုံး။ ဒါကြောင့်လည်း ဆုံဖြစ်တိုင်း ကဗျာစာအုပ်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ၂၀၁၅၊ ဇူလိုင်မှာ (ကို) ခင်ဇော်မြင့်ရဲ့ ကဗျာစာအုပ် “ ကဗျာ ၂၁ ပုဒ်” ထွက်လာပြီး ၂၀၁၆၊ မတ်လမှာ (ကို)စံညိမ်းဦးရဲ့ “ပန်းခြံ အပန်းဖြေခြင်း” တို့ဆက်တိုက်ထွက်ရှိလာပါတယ်။  
            “ပန်းခြံ အပန်းဖြေခြင်း” မှာ ပိတောက်မြေ မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၅ မှာ ဖော်ပြခဲ့တဲ့ ဆရာဇော်ဇော်အောင်ရဲ့ အက်ဆေးကိုပါ ပြန်လည်ထည့်သွင်း ဖော်ပြပေးထားတဲ့အပြင် မောင်သင်းခိုင်၊ မောင်မှိုင်းလွင်(အင်းဝ)၊ ညိုမင်းထက်၊ ထက်တည်မြင့်၊ ဟိန်းမြတ်ဇော်၊ ခင်ဇော်မြင့်၊ မောင်ရှင်စော၊ ဝေးခေါင်၊ အိုအောင်၊ နိုင်းနိုင်၊ ဇော်ဝေ တို့ရဲ့ အမှတ်တရ အရေးအသားတွေကိုပါ တခုတ်တရနေရာပေးဖော်ပြထားလို့ ပိုကျေနပ်ရပါတယ်။ ဒီလိုအမှတ်တရ အရေးအသား တွေဟာ ကဗျာရေးဖော်အချင်းချင်း၊ သူငယ်ချင်းမိတ်ဆွေညီအစ်ကို အချင်းချင်းရဲ့ စံညိမ်းဦးအပေါ်ထားတဲ့အမြင်၊ ချစ်ခင်စိတ်တွေကို ပေါ်လွင်စေတဲ့အပြင်  စံညိမ်းဦးပုံရိပ်ကို စလိုက်မီးထိုးပေးထားသလိုပါပဲ။ ဒီနေရာမှာ နှစ်သက်လို့ (ကို)ခင်ဇော်မြင့်ရဲ့ အရေး အသားအနည်းငယ်ကို ပြန်ဖော်ပြလိုက်ပါရစေ။

လေယာဉ်ပျက်ကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူတွေကို ရှာနေတာ။

မြေစာပုံကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူတွေကို ရှာနေတာ

သံယောဇဉ်တွေကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူ အချစ်တွေကို ရှာနေတာ။

ကံကော်ပန်းတွေကို ရှာနေတာ မဟုတ်ဘူး
ကျန်ရစ်သူ ဝတ်ဆံတွေကို ရှာနေတာ။

သူ့ကဗျာတွေက
အဲ့လို ကဗျာတွေ။
           
            (ခင်ဇော်မြင့်)


             ဒီကဗျာစာအုပ်မှာ စံညိမ်းဦးလို့ ဆိုလိုက်တာနဲ့ တွဲပါလာတတ်တဲ့ ကဗျာတွေဖြစ်တဲ့ နတ်စိမ်း၊ တမိုးသားလုံး အေးပြည့်ပြည့်၊ တောကြောင် စတဲ့ ကဗျာတွေအပါအဝင် ကဗျာ ပုဒ်ရေ(၈၀)နဲ့ ကဗျာဆရာရဲ့ ကိုယ်ရေးအကျဉ်းကိုပါ ဖော်ပြထားတဲ့အတွက် ပန်းခြံဟာ ကဗျာဖတ်သူအတွက် စံညိမ်းဦး ဘာလဲ၊ စံညိမ်းဦးဘယ်လဲဆိုတာ အနီးစပ်ဆုံး ခန့်မှန်းနိုင်မယ့်အပြင် ခေတ်ပေါ်ကဗျာ အရွေ့နဲ့ ခေတ်ပေါ်ကဗျာရဲ့အလှဓာတ် ကိုပါ ခံစားသိရှိနိုင်မှာဖြစ်ပါတယ်။ “ပန်းခြံ အပန်းဖြေခြင်း” ဟာ စံညိမ်းဦးရဲ့ ဘဝဖြတ်သန်းမှု၊ စံညိမ်းဦးရဲ့ ချစ်ခြင်းတရားနဲ့ နာကျင်မှု၊ စံညိမ်းဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ သမိုင်းဖြတ်သန်းမှု စတာတွေကိုပါ စုစည်းဖော်ပြထားတဲ့ အတ္ထုပတ္တိ ကဗျာစာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
            ပန်းခြံထဲက ကဗျာတွေကို အသေအချာဖတ်ကြည့်တဲ့အခါ ကဗျာရဲ့ နောက်ခံအခင်းအကျင်းတွေဟာ စုံလင် လှတာကို တွေ့ရပါတယ်။ ‘ဖီးနစ်မြို့’၊ ‘ကြပ်ပြင်’၊ ‘ရန်ကုန်’၊ ‘လှည်းတန်းမှာ ၈/၁၀’၊ ‘သတိရခြင်းများစွာဖြင့်(၂)’၊ ‘ကြယ်ဝင်စား’၊ ‘မှန်ထဲက ရွှေငါးလေး’၊ ‘ညိုမင်းထက်’၊ ‘ကမီးကလော်ဒဲလ်အတွက် တေး’၊ ‘ရေနံချောင်းကန်တော့ချိုး’၊ ‘ကျောက်ဆည်ည’၊ ‘လှန့်ချင်း’၊ ‘ငါ့အတွက် မျက်ရည်မကျပါနဲ့ ဗမာပြည်’ စတဲ့  တစ်ဦးတစ်ယောက်၊ မြို့တစ်မြို့၊ နေရာတစ်ခုခု၊ အဖြစ်အပျက်တစ်ခု စတဲ့ တစ်ခုခုကို ဦးတည်ပြီး ရေးထားတဲ့ ကဗျာတွေ။  ‘ညီမလေးနဲ့ တမြို့စီ တနယ်စီ’၊ ‘တမိုးသားလုံး အေးပြည့်ပြည’့်၊ ‘မီးဖိုချောင်’၊ ‘ဝိုင်အမ်ဘီသခင်တင်ပြောခဲ့တဲ့ အချစ်အကြောင်း’၊ ‘မင်းမရှိတဲ့ မီးပုံပွဲ’၊ ‘အမြိုက်ကလေး’  စတဲ့ ချစ်ခြင်းဖွဲ့ ကဗျာတွေ။ ‘နတ်စိမ်း ၂၅’၊ ‘နေ့ခင်းဆွေးဆွေး’၊ ‘ကဖေးဆိုင်နေ့ရက်များ’၊ ‘ချည်တိုင်’ တို့လို ပုဂ္ဂလ ခံစားမှုဗဟိုပြုကဗျာတွေနဲ့ ‘ကွမ်းရွက် လေးတွေလို စိမ်းစိမ်းစိုမနေတဲ့ ကွမ်းယာဆိုင်’၊ ‘အဆင်မပြေမှု’၊ ‘စာခြောက်ရုပ်’၊ ‘ဂွာရာနီကား’၊ ‘ဝင်္ကပါ’ တို့လို လူ့အဖွဲ့ အစည်း ဗဟိုပြုကဗျာတွေ။ အဲဒီလို စုံလင်လှတဲ့ ကဗျာနောက်ခံ အကြောင်း အရာတွေဟာ ပန်းခြံထဲမှာ တစ်နေရာပြီး တစ်နေရာ လျှောက်ကြည့်နေရသလို ကဗျာတစ်ပုဒ်ချင်းစီဟာ ရသတစ်မျိုးစီနဲ့ လာရောက်အပန်းဖြေနေသူကို ဖမ်းစားထားမှာပါ။
            ကဗျာတွေအကုန်လုံးကို အသေအချာဖတ်ကြည့်ပြီးတဲ့အခါ ကျွန်တော့်ကို ဖမ်းစားနိုင်ဆုံးနဲ့ စိတ်ညွှတ်နူးမှုကို အပေးနိုင်ဆုံးဟာ ကဗျာတစ်ပုဒ်ချင်းစီရဲ့ အဆုံးသတ်တွေမှာ အသုံးပြုလေ့ရှိတဲ့ စကားလုံးချိတ်တွဲမှုနဲ့ နိမိတ်ပုံ သင်္ကေတ တွေဟာ တသသဖြစ်အောင် စွဲမက်စေပါတယ်။ ဥပမာ-

နှုတ်ဆက်ပါတယ်
ပြီးတော့လည်း ပြန်လာခဲ့တယ် (ချည်တိုင်)

ကြားပါစ
ဘယ်လိုအနုပညာမျိုးမှ မလိုအပ်တော့တဲ့ နေ့တစ်နေ့
တစ်နေ့
ကမ္ဘာမြေပေါ် အရောက်လာခဲ့ဦးတော့မယ် (ဟောကိန်း)

နှစ်တွေက
ငါ့ကို ချွန်မြစေခဲ့ပြီ (နတ်စိမ်း ၃)

လျှာက ကန်းခဲ့မို့လို့
လူ့ဘုံအနှမ်းဟာ အရသာကွယ်ခဲ့ပေါ့ (အလွမ်းပျံရာသီ)

အခုတော့
လေ ကလည်း
အလံကို မလွင့်စေတော့ဘူးလေ (ငါ့အတွက် မျက်ရည်မကျပါနဲ့ ဗမာပြည်)

            နောက်ထပ်သတိထားမိတာ တစ်ခုက (ကို)စံညိမ်းဦးဟာ ကဗျာနောက်ခံအခင်းအကျင်းအလိုက် ကဗျာရဲ့ (Tone) ကို အနိမ့်သံ၊ အမြင့်သံ ပေါ်လွင်အောင် ဖန်တီးတည်ဆောက်ထားတတ်လေ့ရှိပါတယ်။ ထပ်ပြောကြည့်ရရင် နိုင်ငံရေး နောက်ခံကဗျာတွေမှာ တိုက်ရိုက်အဓိပ္ပာယ်ပေါ်လွင်အောင်ရေးဖွဲ့တတ်ပြီး ပုဂ္ဂလခံစားမှုနဲ့ လူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ကဗျာတွေမှာ ဆိုရင်တော့ ကဗျာရဲ့ အလှဓာတ်၊ နိမိတ်ပုံ၊ သင်္ကေတတွေကို အားကောင်းအောင် ဖန်တီးရေးဖွဲ့တတ်လေ့ ရှိတာပါပဲ။ ဖတ်ကြည့်ပါ။

အခု
အဲဒီ ငါတို့ မြေပုံ၊ ငါတို့သယံဇာတ
အဲဒီ ငါတို့မြစ်၊ ငါတို့တော
ပြီးတော့
ခင်ဗျားတို့
သိပ် မုဒိန်းကျင့်ချင်နေတဲ့ ‘တောင်’။

သရဲကြီးတော့ သဘက်
‘တောင်’ ကိုစားဖို့ သွားရည်တမြားမြား
သူခိုးကြီးတော့ ဓားပြ
‘တောင်’ကို မျိုဖို့ အလံတလူလူ။

အို . . . ထလော့ ငါတို့ . . .
ထကြ ထကြ
ခါးတောင်းကို မြှောင်အောင် ကျိုက်ကြ
ကြွက်သားကို လေပေါင်ဖြည့်ကြ။
            (လှန့်ချင်း ကဗျာမှ)


တလက်လက်အပြုံးတွေဟာ
နုံးနေတဲ့ နှလုံးအိမ်တွေကို
နှိုးခဲ့။

စစ်အာဏာရှင်တွေကို ထိုးဖို့ အစွယ်လည်းရှိ
စစ်ပလ္လင်ကို နုတ်ဖြိုဖို့ နှာမောင်းတွေလည်းရှိ
မတရားမှုမှန်သမျှကို နင်းခြေပစ်မယ့်
သူရဲကောင်း ဆင်တွေနဲ့မြို့ပါပဲ။

သြော်
မင်းဆိုးမင်းညစ်ကို
ဝမ်းရေးအစပ်ခံ ထုတ်ပေးခဲ့ဖူးတာဟာ
မတော်တဆ ဒဏ္ဍာရီသာ။
            (ကျောက်ဆည်ည ကဗျာမှ)

အခုတော့
ဘာမှ မရေးတော့တာသာ အနုပညာ။

ဟင်းလင်းပြင်ထဲ
ဂြိုဟ်တုဟာ မီးလောင်လို့။

ပင်လယ်ထဲ
မျှော်စင်ဟာ ကျီးပေါင်းတက်လို့

ကိန်းအောင်းသမျှ
အလွမ်းသာ ထီးနန်းစိုက်ခဲ့တဲ့ တစ်ကိုယ်စာ ဧရိယာ
ငွေလို
မျှော်လင့်ခြင်းလို သက်တံ့က
အနံ့ခုနှစ်မျိုးနဲ့ ကမ်းကုန်တယ်။
            (နတ်စိမ်း ၂၅ ကဗျာမှ)

အိမ်တိုင်းစေ့
မီးကွင်းဂမုန်းပင်လေးတွေ စိုက်ကြသလို
နာကျင်မှုအပေါင်းမှ
ကင်းလွတ်စေမယ့် ဂမုန်းပင်လေးများ
နှလုံးသားတိုင်းအပေါ် စိုက်ချင်မိ။

နာရီရဲ့ နှလုံးခုန်သံဟာ တရွှီရွှီနဲ့ နှာမှုတ်သံများဖြစ်ခဲ့
မိုးစက်တွေက မီးပွားနီနီဖြစ်ခဲ့
ကြယ်တွေက ညရဲ့ မြားအစင်းစင်းဖြစ်ခဲ့
ကဖေးဆိုင်က ဆေးရုံဖြစ်ခဲ့။
            (လူနာ ကဗျာမှ)

            စံညိမ်းဦးဟာ သူ့ခေတ်နဲ့ သူ လူငယ်ပါပဲ။ လူငယ်ဆိုတာတောင်မှ လမ်းသူရဲဆန်ချင်တဲ့၊ မိုက်ရူးရဲဆန်ချင်တဲ့ လူငယ်တစ်ယောက်အဖြစ် သူ့ကဗျာတွေက သက်သေပြနေတယ်။ စံညိမ်းဦးဟာ သူဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလကြီး တစ်ခုရဲ့ အဆင်မပြေမှုတွေ ကြားထဲ အဆင်ပြေတယ်လို့ ထ ထအော်နေတဲ့ လမ်းမကို အုတ်နီခဲနဲ့ ထုဖို့ ဝန်မလေးခဲ့တဲ့သူ။ အလိုမကျမှုတွေနဲ့ နေသားတကျဖြစ်နေတဲ့ လောကကြီးကို ငြီးငွေ့လို့ အရသာရှိတဲ့ အစာတွေကို အရသာခံမရတော့တဲ့ လျှာကို ဖြတ်ပစ်ဖို့ အားထုတ်ခဲ့တဲ့သူ။ ဘာမှကို မတတ်နိုင်တော့ပါဘူးကွာ ဆိုပြီး သေနတ်နဲ့ ကိုယ့်ကိုယ်ကို သတ်သေ သွားတဲ့ ပန်းခြံထဲက ကဗျာဆရာတစ်ယောက်အဖြစ် စိတ်ကူးခဲ့ဖူးသူ။ သူဟာ အဲဒီလို လူငယ်၊ အဲဒီလို ကဗျာဆရာ တစ်ယောက်။ သူ မိုက်ခဲ့တယ်။ သူ ရူးခဲ့တယ်။ သူ ရဲ ခဲ့ပါတယ်။ သူဖြတ်သန်းခဲ့တဲ့ သက္ကရာဇ်တွေမှာ သူရွေးချယ်ခဲ့တာ ကဗျာဆရာဘဝနဲ့ နိုင်ငံရေးလှုပ်ရှားသူ။ ၁၉၉၁ ရှစ်လေးလုံးသုံးနှစ်ပြည့် ကျောင်းသားလှုပ်ရှားမှုတွေကနေ ၂၀၁၅ ပညာရေး သပိတ်မှောက် ကျောင်းသားစစ်ကြောင်းနဲ့အတူ လက်ပံတန်းအထိ လိုက်ပါဝန်းရံပေးခဲ့တဲ့အထိ တတ်နိုင်တဲ့နေရာကနေ ပါဝင်ထမ်းပိုးခဲ့တဲ့ ကဗျာဆရာတစ်ယောက်။ ဒီကဗျာစာအုပ်ထဲမှာ မပါပေမယ့် “ပိတောက်ပွင့်သစ်မဂ္ဂဇင်း”ကပေးတဲ့ ‘ပြည်သူချစ်လျှင် ကမ္ဗည်းတင်မည်” ကဗျာဆုနဲ့ “ကျောက်ဆည်ဧရာဝတီကဗျာဝိုင်း”က ပေးတဲ့ ကဗျာဆု ကို ရရှိစေခဲ့တဲ့ “ကံ့ကော်ဝမ်းနည်းမှတ်တမ်း” ကဗျာရှည်ဟာ ကဗျာဖတ်သူ(သို့) ပြည်သူတစ်ဦးတစ်ယောက်က ဖတ်မိတဲ့အခါတိုင်း သွေး ပြန်နွေးစေတဲ့၊ ဆဲဗင်းဂျူလိုင်ကို ဘယ်တော့မှ မမေ့စေနိုင်တဲ့ ကဗျာရှည်ကောင်းတစ်ပုဒ်အဖြစ် ဖန်တီး အသက်ဝင်စေခဲ့ တာပါ။ ကဗျာစာအုပ်ထဲ မပါပေမယ့် အနည်းငယ်တော့ ဖော်ပြချင်မိပါတယ်။

တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ လက်မခံတဲ့ရပ်တည်ချက်နဲ့
ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ
ယုံကြည်ချက်အတွက်တွန်ကျူးသံမှာ
ဒီမှာ အကျဉ်းစခန်း
ဒီမှာ ငရဲခန်း
ဒီမှာ ဘဝ
ဒီမှာ အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ့
သင်တို့ရဲ့တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိုးတတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။
အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
အခု
ဘဝဖြိုအမုန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျဆုံးသွား အဓိပတိလမ်းကို အမျှဝေရမယ်။
ဒီမိုကရေစီနဲ့အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကို အမျှဝေရမယ်။
(ကံကော်ဝမ်းနည်းမှတ်တမ်း ကဗျာရှည်မှ)

            အဆုံးသတ်အနေနဲ့ ပြောရရင် “ပန်းခြံ အပန်းဖြေခြင်း”မှာ ကျွန်တော်တို့ဟာ ခေတ်ပေါ်ကဗျာရဲ့ အလှဓာတ်၊ နိုင်ငံရေးသိမှု၊ ကဗျာနောက်ခံအခင်းအကျင်းနဲ့ ကဗျာတည်ဆောက်မှု အတတ်ပညာ၊ စကားလုံးအချိတ်အဆက်နဲ့ စကားလုံး ရွေးချယ်မှု၊ နိမိတ်ပုံ၊ သင်္ကေတ အားကောင်းမှုတွေကြားထဲမှာ ကဗျာဆရာဖြတ်သန်းခဲ့ရတဲ့ ဖိနှိပ်ခံပြည်သူတွေရဲ့ အခြေ အနေ၊ ကျောင်းသားနဲ့ ပြည်သူကို အခြေမခံပဲ ရေးဆွဲထားတဲ့ အမျိုးသားပညာရေးဥပဒေအောက်က ယနေ့ခေတ် ပညာရေး၊ လက်ပံတောင်းတောင်၊ ဧရာဝတီ စတဲ့ သဘာဝသယံဇာတ ပျက်စီးဆုံးရှုံးမှုတွေအပေါ် ကဗျာဆရာရဲ့ ရပ်တည်မှု၊ လက် တစ်ဆုပ်စာအာဏာရှင်နဲ့ ရုန်းကြွလာတဲ့ လူထုသဘောထားအစစ်အမှန်၊ နှစ်လေးဆယ်ကျော် မငြိမ်းနိုင်သေးတဲ့ ပြည်တွင်း စစ်နဲ့ မရနိုင်သေးတဲ့ စစ်မှန်သော ငြိမ်းချမ်းရေး။ ဒါတွေ အားလုံးကို ကဗျာဆရာဟာ သူဖြတ်သန်းမှု၊ သူ့အတွေ့ အကြုံ၊ သူ့ ကြားနာမှုတွေကတဆင့် သူ့ ကဗျာအတတ်ပညာနဲ့ ပေါင်းစပ်ဖန်တီးပြီး ပန်းခြံတစ်ခုအဖြစ် တည်ဆောက် ထားခြင်းပဲ ဖြစ်ပါတယ်။ ‘ကဗျာဆရာဆိုတာ နှစ်မျိုးပဲ ရှိတယ်။ သမိုင်းသိစိတ် ရှိတဲ့ ကဗျာဆရာနဲ့ သမိုင်းသိစိတ်မဲ့တဲ့ ကဗျာဆရာ ´ လို့ ပြောဖူးခဲ့တဲ့ (ကို) စံညိမ်းဦးဟာ သူ့စကားအတိုင်းပဲ သမိုင်းသိစိတ်နဲ့ ရပ်တည်နေတဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပါတယ်။
            အနုပညာဟာ ပြည်သူ့အတွက်ပဲ ဖြစ်ဖြစ်၊ အနုပညာအတွက်ပဲ ဖြစ်ဖြစ်၊ ဘာအတွက်မှ မဟုတ်ဘူးပဲ ဖြစ်ဖြစ် သမိုင်းသိစိတ်ဆိုတဲ့ အချက်ကတော့ အနုပညာသမားတိုင်းအတွက် အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပတ်သက်နေဦးမှာပဲ။ ပန်းခြံဟာ ကျွန်တော့်အတွက်တော့ အပန်းဖြေနားနေစရာအတွက်သာမဟုတ် အတုယူလေ့လာ ရမယ့် ပြတိုက်တစ်ခုအဖြစ်ပါ အသက်ဝင်ခဲ့ပါတယ်။ အစားကောင်းစားရရင် မိတ်ဆွေကောင်းကို ချက်ချင်းသတိရမိသလို ပါပဲ။ နားခိုလေ့လာစရာနေရာကောင်းတစ်ခုကို တွေ့လို့ အခု ဒီစာကို ကျွန်တော်ရေးမိလိုက်ပါတယ်။ အပန်းဖြေဖို့ ကျွန်တော် ရောက်သွားတဲ့ ပန်းခြံမှာ ခင်ဗျားကိုလည်း အတူရှိနေစေချင်တာ တစ်ခုတည်းပါပဲ။ (ကို)စံညိမ်းဦးကိုလည်း အပန်းဖြေစရာ ပန်းခြံတွေ အထပ်ထည်တည်ဆောက်ရင်း တမိုးသားလုံး အေးပြည့်ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်။

မင်းနဒီခ
၉၊ ၆၊ ၂၀၁၆