Wednesday, March 30, 2016

သစ်တစ်ပင်အောက်မှာ ဝါးတစ်ပင်အောက်မှာ ကဗျာ





စာအုပ်အမည်                               - ထန်းရွက်တဲ နဲ့ ဝါးရုံပင်ရိပ်
ရေးသူ                                        - Any Way ကဗျာဝိုင်းတော်သားများ
ထုတ်ဝေသည့်ကာလ                      - ဇွန် ၊ ၂၀၁၁
ထုတ်ဝေသည့်တိုက်                       - Friday Reading Workshop

            “ထန်းရွက်တဲနဲ့ ဝါးရုံပင်ရိပ်”။ ဒီစာအုပ်လေးအကြောင်းကို ရေးရမည်ဆိုတော့ ဒီစာအုပ်လေး၏ နောက်ခံသမိုင်း ကြောင်းကို ပြန်စဉ်းစားမိသည်။ တကယ်တမ်းကျတော့ ဒီစာအုပ်လေး၏ နောက်ခံသမိုင်းကြောင်းသည် ကျွန်တော့်  ကဗျာ ဆရာ ဘဝနောက်ခံသမိုင်းကြောင်းဖြစ်သည်။ Any Way Café ဆိုသည့် နန်းတော်ရှေ့ဘောလုံးကွင်းမြောက်ဘက်က ထန်းရွက်မိုးတဲလေးများဖြင့် ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်လေးသည် ကျွန်တော့်ကဗျာဆရာဘဝ စတင်ရာ ဖြစ်သ လို Any Way ကဗျာဝိုင်း စတင်မြစ်ဖျားခံရာနေရာလေးလည်းဖြစ်သည်။
            မှတ်မှတ်ရရ ၂၀၀၅ ခုနှစ်ဆောင်းဦးကာလတွင် (ဦးလေး)ဦးဂျစ်တူး၏ မိတ်ဆက်ပေးမှုဖြင့် ဆရာမောင်ကြည်သာ (တောင်တွင်း)၊ မောင်စိုးသစ်(မန္တလေး)တို့နှင့် မိတ်ဖွဲ့ခွင့်ရခဲ့သည်။ ဆရာတို့ကို ကျွန်တော်ရေးထားသည့် ကဗျာလေးတွေ ပြကြည့်သည်။ ကဗျာဖြစ် မဖြစ် အစမ်းသပ်ခံခဲ့သည်။ မှတ် အတိုက်ခံခဲ့သည်။ ဆရာတို့၏ လမ်းညွှန်မှု၊ ပြင်ဆင်တည့်မတ် ပေးမှု၊ ထိန်းကြောင်းပဲ့ပြင်ပေးမှုတို့ဖြင့် ကျွန်တော့်ကဗျာဆရာဘဝကို မီးစာမြှင့်ခဲ့သည်။ ထိုစဉ်က ကျွန်တော်တို့ ထိုင်သည့် လက်ဖက်ဆိုင်က နန်းရှေ့ဈေးရုံကြီးလှေကားထစ်များအောက်မှာ ဖွင့်လှစ်ရောင်းချသည့် မိုးအလင်းဖွင့်သည့် လက်ဖက်ရည် ဆိုင်လေး။ ထိုဆိုင်လေးမှာ ထိုင်ရင်း နောက်ထပ်မိတ်ဖွဲ့ရသည်က မောင်သစ်ဦး(မြစ်ခြေ)နှင့် ရဲရင့်ပိုင်အောင်။ ကျွန်တော်တို့ လေးယောက်သား ညနေတိုင်း ထိုအလင်းဆိုင်လေးတွင် တစ်ဦးအလုပ်ပြန်ချိန် တစ်ဦးစောင့်ရင်း ကဗျာဝိုင်းဖွဲ့ခဲ့ကြသည်။ ကဗျာတွေ ဖတ်ခဲ့၊ ရေးခဲ့၊ ပြင်ခဲ့၊ မဂ္ဂဇင်းတိုက်များဆီ ပေးပို့ခဲ့ကြသည်။ ညနေ ၆ နာရီလောက်ကနေ ည ၁၁ နာရီလောက်ထိ ကဗျာနဲ့ ပတ်သက်သမျှ ကြုံခဲ့သမျှ၊ ကြားခဲ့ရသမျှတွေကို ဆရာများထံမှ ကျွန်တော်တို့ နာယူမှတ်သားခွင့်ရခဲ့သည်။ သည်လိုနှင့် ရက်တွေကြာလာသည့်အခါ ကဗျာဝိုင်းလေး သတ်သတ်မှတ်မှတ်လုပ်ချင်သည့် စိတ်ဖြင့် Any Way Café ဆိုင်လေးကို ကျွန်တော်တို့ ရွေးချယ်ခဲ့ကြသည်။ မှတ်မှတ်ရရ ၂၀၀၅ ဒီဇင်ဘာ တနင်္ဂနွေရက်များမှာ ဆရာ မောင်ကြည်သာ (တောင်တွင်း)၊ မောင်စိုးသစ်(မန္တလေး)၊ မောင်သစ်ဦး(မြစ်ခြေ)၊ ရဲရင့်ပိုင်အောင်နှင့် ကျွန်တော်တို့ ငါးဦးသား စတင်ခဲ့ ကြသည်။ နောက်တော့ တနင်္ဂနွေ ပရီးမီးယားလိဂ်နှင့် တိုက်ဆိုင်နေသဖြင့် ၂၀၀၆ နှစ်ဦးပိုင်းလောက်ကစပြီး အပတ်စဉ် သောကြာနေ့ကို ကျွန်တော်တို့ ပြောင်းပြီး ဝိုင်းဖွဲ့ခဲ့ကြသည့်အပြင် မန္တလေးမြို့ရှိ စာရေးဆရာကြီးများ၊ ကဗျာဆရာကြီးများကို သွားရောက်ဖိတ်ကြားကာ ကဗျာဝိုင်းလေးကို အရှိန်မြှင့်ခဲ့ကြသည်။ ထိုသို့ဖြင့် ကဗျာဝိုင်းလေးသို့ ဆရာ မင်းတင်ထွဏ်း၊ ဆရာ ကောင်းဇော်၊ ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်)၊ ဆရာ အနီမောင်၊ ဆရာတော် တက္ကသိုလ်တေဇာလင်း စသည့်ဖြင့် မန္တလေးမြို့ခံ စာရေးဆရာကြီးများသည် ဒီနေ့ထက်ထိ ကဗျာဝိုင်းပင်တိုင်စာရေးဆရာကြီးမားအဖြစ် ဆက်လက်ပါဝင် စုစည်းမိခဲ့ကြသည်။  ကဗျာဝိုင်းစတင်သည့်အချိန်က ညနေ ၇ နာရီခန့်ကနေ ဆိုင်ပိတ်ချိန် ည ၁၁ နာရီဝန်းကျင် အထိ ဖြစ်သည်။ ကျွန်တော်တို့ ကဗျာဝိုင်းလေးသည် ဆရာကြီးများ၏ ထိန်းကွပ်မှုများဖြင့် တစ်ယောက်ကဗျာရွတ်ချိန်၊ စကား ပြောနေချိန်တွင် အာရုံစိုက်နားထောင်ပေးရသည်။ စကားကြားဖြတ်မပြောရ။ လေးလေးစားစားနားထောင် ပေးရသည့် အပြင် ကလောင်သက်နုသည်ဖြစ်စေ ရင့်သည်ဖြစ်စေ ကဗျာဝိုင်းသို့ တက်ရောက်လာသူတိုင်း တစ်ခုခုတော့ ပြောဆိုရ သည်။ ကဗျာဝိုင်းတွင် တစ်ပတ်တစ်ခါ ကွယ်လွန်ဆုံးပါးသွားပြီဖြစ်သည့် ရှေးစာဆိုကြီးများ၏ အတ္ထုပတ္တိနှင့် စာဆို၏ လက်ရာများကို အလှည့်ကျပြောခဲ့ကြသည့်အပြင် ဒီတစ်ပတ်ပြီး နောက်တစ်ပတ်အတွက် ကဗျာ တစ်ပုဒ် ခေါင်းစဉ်ပေးကာ အိမ်စာလုပ်လေ့ရှိသည်။ တနည်းအားဖြင့် ကဗျာရေး၊ စာရေးပျင်းလေ့ရှိသည့် စာရေးဆရာ၊ ကဗျာဆရာများအတွက် မဖြစ်မနေ စာရေးဖြစ်စေရန် လှုံ့ဆော်ပေးခြင်းလည်း ဖြစ်သည်။ ခေါင်းစဉ်တစ်ခုကိုတည်ပြီး လူအများဝိုင်းရေးကြသည် ဆိုသော်ငြား ကဗျာတစ်ပုဒ်တည်ဆောက်ပုံ၊ ကဗျာနောက်ခံအကြောင်းအရာ၊ ကဗျာပုံသဏ္ဍာန်စသည်တို့မှာ တစ်ဦးနှင့် တစ်ဦးမတူညီကြပေ။ ထို့ပြင် ခေါင်းစဉ်ပေးထားသည့်ကဗျာကို မရေးဖြစ်ဘဲ အခြားခေါင်းစဉ်နှင့် ကဗျာတစ်ပုဒ်ပုဒ် ရရှိသွား တတ်တာကြောင့် ခေါင်းစဉ်ပေးပြီး ကဗျာရေးခြင်းသည် ကဗျာနှိုးစက်တစ်ခုလည်း ဖြစ်သည်။ ထိုသို့ ကဗျာဝိုင်းက ရေးခိုင်း သည့်ခေါင်းစဉ်ကို စဉ်းစားရေးလာသည့် ကဗျာများအား လူစုံပြီဆိုတာနှင့် ရွတ်ကြ၊ ဖတ်ကြသည်။ ထိုကဗျာများကို စုစည်း ကာ လိုက်ဖက်သည့် မဂ္ဂဇင်းများသို့ ပို့ပေးသည့်တာဝန်ကို ဆရာ မောင်ကြည်သာ (တောင်တွင်း)၊ ဆရာ မောင်စိုးသစ် (မန္တလေး)တို့က တည်းဖြတ်ကာ ကျွန်တော်က စာတိုက်ကနေတဆင့် ပို့ပေးခဲ့သည်။ ထိုသို့ဖြင့် မဂ္ဂဇင်း စာမျက်နှာများ ထက်တွင် ပုံနှိပ်ဖော်ပြခြင်းမခံဖူးသေးသည့် မင်းနဒီခတို့၊ ရဲရင့်ပိုင်အောင်တို့သည် ကဗျာဆရာအဖြစ် လူလားမြောက်ခဲ့ရခြင်း ဖြစ်သည်။
            Any Way ကဗျာဝိုင်းလေးသည် တစ်ပတ်ထက် တစ်ပတ် ပိုမို အားကောင်းလာသည်။ တစ်ပတ်ထက် တစ်ပတ် ပိုမိုရင်းနှီး၊ ပိုမိုငြင်းခုန်၊ ပိုမိုချစ်ကြည်လာကြသည်။ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်လည်း Any Way ကဗျာဝိုင်းကပေးသည့် ခေါင်းစဉ်ကဗျာများကို ပိုမိုမြင်တွေ့လာရသည်။ အဆိုပါ မဂ္ဂဇင်းပါရှိသည့် Any Way ခေါင်းစဉ်ကဗျာများကို ဆယ်ပုဒ် ပြည့်တိုင်း စုစည်းပြီး ပန်းဖလက်ကလေးထုတ်ကာ အပတ်စဉ်ကဗျာဝိုင်းတွင် အမှတ်တရဝေငှဖြစ်ခဲ့သည်။ မြင်ကွင်း (၁၀)က နေ မြင်ကွင်း (၄၀) အထိ စုစည်းဖြစ်ခဲ့သည်။ ထိုသို့ဖြင့် Any Way ကဗျာဝိုင်းလေးသည် လူသိများ ထင်ရှားလာသည့် အလျောက် စောင့်ကြည့်လေ့လာသူများလည်း ရှိလာခဲ့သည်။ မိမိတို့ အနီးအနားစားပွဲဝိုင်းများသို့ လာထိုင်ကာ အသံ ဖမ်းယူခြင်း၊ ကဗျာဝိုင်းသို့လာရောက်သူများအား နာမည်စာရင်းမှတ်ထားခြင်း၊ စောင့်ကြည့် အကဲခတ်ခြင်းများကို မသိမသာ ရော၊ သိသိသာသာရောပါ လုပ်လာခဲ့ကြသည်။ Any Way ကဗျာဝိုင်းအနေဖြင့်လည်း ကိုယ့်စာပေ အလုပ် ကိုယ်လုပ်ခြင်း ဖြစ်သဖြင့် နည်းနည်းမှ မထိတ်လန့်ခဲ့၊ နောက်မဆုတ်ခဲ့။ သို့သော် ၂၀၀၇၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး စတင် သည့်အခါတွင်တော့ ကဗျာဝိုင်းကို ယာယီခေတ္တခဏ ရပ်နားပြီး တိုင်းပြည်အခြေအနေကို နားစွင့်ခဲ့သည်။
ထို့နောက် ၂၀၀၈ ခုနှစ်တွင် နန်းဦးလွင်ရပ်ရှိ မိသားစုကဖေးသို့ စာပေဝိုင်းလေးကို ပြောင်းရွှေ့ပြီး ပြန်လည် စတင်ခဲ့သည်။ မိသားစုကဖေးတွင်တော့ မိမိတို့စာပေဝိုင်းလေးသည် ညအချိန်မဟုတ်တော့။ ကဗျာဝိုင်းကို မနက်ဆယ်နာရီ ဝန်းကျင်လောက်ကနေစပြီး နေ့လည် တစ်နာရီလောက်ထိ ဝိုင်းဖွဲ့ဖြစ်ခဲ့သည်။ ယခင်နေရာနှင့် အလှမ်းနည်းနည်းဝေးသွား တာရော၊ အချိန်အပြောင်းအလဲကြောင့်ရော ဖြစ်မည်ထင်သည်။  တက်ရောက်သည့် လူအင်အားလည်း Any Way ကဗျာ ဝိုင်းလောက် လူမများတော့သော်လည်း ကဗျာလှုပ်ရှားမှု၊ ကဗျာဆိုင်ရာပြောဆိုဆွေးနွေးမှု၊ နိုင်ငံရေး၊ စီးပွားရေးအခင်း အကျင်းများ စသည်ဖြင့် မိသားစုကဖေးကဗျာဝိုင်းသည်လည်း စာပေအနုပညာအားထုတ်မှုအပိုင်းတွင် လျော့ပါးသွားမှု မရှိဘဲ ဆက်လက်အားကောင်းခဲ့ပါသည်။
            ၂၀၀၉ ခုနှစ်၊  မေလတွင် ဆရာအနီမောင်၏ ဦးဆောင်စီစဉ်မှုဖြင့် Any Way ကဗျာဝိုင်းတော်သားများအပါအဝင် မန္တလေးမြို့ရှိ ကဗျာဆရာများအား အတတ်နိုင်ဆုံးစုစည်းကာ ကဗျာဆရာ(၇၂)ဦး၏ ကဗျာ(၇၂)ပုဒ်ကို မန္တလေးမြို့တည် နန်းတည် အနှစ်(၁၅၀)ပြည့်အထိမ်းအမှတ် ကဗျာစာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။
            “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” သည် Any Way ကဗျာဝိုင်းတော်သားများ၏ ဒုတိယမြောက်စုစည်းမှု၊ ဒါမှမဟုတ် (၅)နှစ်ပြည့်အမှတ်တရ ဟုပြောလျှင်လည်း ရနိုင်ပါသည်။ မန္တလေး အနှစ်(၁၅၀)ကဗျာစာအုပ်သည် မန္တလေးဖွဲ့ ကဗျာများ ကိုသာ သီးသန့် စုစည်း ထားသဖြင့် ကန့်သတ်မှုရှိခဲ့သည်။ “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” တွင်တော့ ကဗျာအကြောင်းအရာ ကို ကန့်သတ်မထားသည့်အပြင် ကဗျာပုံသဏ္ဍာန်၊ ကဗျာရေးဟန်၊ ရတု၊ လေးချိုး၊ ခေတ်ပေါ်/ခေတ်ပြိုင် စသည်ဖြင့် မိမိ ကြိုက်နှစ်သက် သလို လွတ်လပ်စွာရေးဖွဲ့ထားသည့် ကဗျာများကို စိတ်ကြိုက်စုစည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” ကဗျာစာအုပ်၊ တနည်းအားဖြင့် Any Way Café နှင့် မိသားစုကဖေး ကဗျာဝိုင်းအဖွဲ့သား များ၏ ကဗျာလက်ရာများသည် နှီးဒေါင်းလန်းဖြင့် တည်ခင်းကျွေးမွေးသည့် ထမင်းဝိုင်းတစ်ဝိုင်းလို ကဗျာဖတ်သူကို အရသာစုံလင်စွာဖြင့် တစ်နေရာတည်းမှာ တည်ခင်းဧည့်ခံပေးသလို ဖြစ်သည်။ အရသာရှိခြင်း၊ ကြိုက်နှစ်သက်ခြင်းသည် စားသုံးသူ(ဝါ) ကဗျာဖတ်သူ၏ အပိုင်းဖြစ်သည်။ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ တည်ခင်းသူများ(ဝါ) ကဗျာဝိုင်းတော်သားများအနေဖြင့် အသေအချာအားထုတ်ထားသည်ကိုတော့ အာမခံနိုင်ကြောင်း ကျွန်တော်ပြောပြ လိုပါ သည်။

“ ဒီမှာ ငါတို့ရဲ့ အိပ်မက်တွေရှိတယ်။ ဒီမှာ ငါတို့ရဲ့ လင်းပွင့်မှုတွေရှိတယ်။ ဒီမှာ ငါတို့လက်တွေက စီးမျောတဲ့ ကဗျာတွေ ရှိတယ်။ ဒီမှာ ငါတို့ရဲ့ ရင်ခုန်သံများ ဖလှယ်လို့ ရတယ်။ ဒီမှာ ငါတို့ရဲ့ အနုပညာသားရဲတွင်းကို ခုန်ဆင်းဖို့ မီးညှိကြတယ်”
(မောင်ကြည်သာ (တောင်တွင်း)၏ အမှာစာမှ)

            “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” ကဗျာစာအုပ်တွင် ဆရာမောင်သင်းပန်၊ ဆရာမောင်ကြည်သာ(တောင်တွင်း)၊ ဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်) တို၏ အမှာစာများနှင့်အတူ ကဗျာဆရာ(၃၂)ယောက်၏ ကဗျာ(၇၂) ပုဒ် ထည့်သွင်းဖော်ပြ ထားသည်။ ကဗျာအကြောင်းအရာများကို ပြန်သုံးသပ်ကြည့်ရလျှင် တကိုယ်ရေပုဂ္ဂလခံစားမှုဖွဲ့၊ မိသားစုဖွဲ့၊ ချစ်ခြင်းဖွဲ့၊ နိုင်ငံရေး၊  လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ ကဗျာဝိုင်းအကြောင်း၊ “အတောင်မဲ့သော”၊ “အနှစ်”၊ “ကျောကပ်နာရီ” တို့လို ခေါင်းစဉ်ပေးရေးသည့် ကဗျာများ စသည်ဖြင့် စုံလင်လှသလို လေးလုံးစပ်ကာရန်စနစ်ဖြင့် ရေးသော ကဗျာ၊ ခေတ်ပေါ် ကဗျာ၊ စမ်းသပ်ကဗျာ စသည်ဖြင့် ကဗျာပုံသဏ္ဍာန်လည်း စုံလင်လှသည့် ကဗျာစုစည်းမှုစာအုပ်လေးတစ်အုပ်လည်း ဖြစ်ခဲ့သည်။ ထို့ပြင် “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” သည် လူကြီးမှ လူငယ်သို့ ကဗျာလက်ဆင့်ကမ်းခြင်း (သို့) ကလောင် သစ်လူငယ်များကို နေရာပေးခြင်းလည်း ဖြစ်သည်။ Any Way Café  ကဗျာဝိုင်း၏ မျိုးဆက်သစ်လူငယ်ကဗျာဆရာများကို ဝါရင့်ကဗျာဆရာကြီးများဖြင့် ဝန်းရံပွဲထုတ်ခြင်းလည်း ဖြစ်သည်။
            “ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” တွင် ဆရာမောင်ကြည်သာ(တောင်တွင်း)က သူ၏ ‘လက်ဆောင်(၂)’ ကဗျာကို ဤသို့ဖွဲ့ခဲ့သည်။ ကျွန်တော်တို့ရှေ့က အနုပညာကို ဖန်တီးခဲ့သူများ၊ အနုပညာလက်ရာတစ်ခုအဖြစ် ချန်ရစ်ထားနိုင်ခဲ့သူ များ၏ ဂုဏ်ကျေးဇူးကို မမေ့လျော့ဖို့၊ ရှေးရှေးစာဆိုတို့၏ အနုပညာလက်ရာတို့ကို ပြန်လည်ဖော်ကျူးအသိအမှတ်ပြုဖို့၊ လူငယ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းသယ်ဆောင်သွားဖို့ သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရှေ့က လူများ
သူတို့ရှိခဲ့ကြောင်း သက်သေပြနိုင်ခဲ့ရဲ့
ဒီမှာ ပန်းချီ
ဒီမှာ ပန်းပု
ဒီမှာ ကဗျာ
ဒီမှာ စာ
သူတို့ အသက်ရှင်မှုမှာ မြင့်မြတ်ခဲ့”

            ဆရာ မောင်သင်းပန်ကတော့ ကဗျာတစ်ပုဒ်တည်းဖြင့် သိင်္ဂါရ ရသ၊ ကရုဏာ ရသ၊ သန္တရသတို့ကို ပေါ်လွင် အောင် “စံပယ်တွေ မပွင့်မီဇာတ်လမ်း” ဖြင့် အော်ပရာခင်းပြလိုက်သည်။ အရာရာအားလုံးသည် ကြိုတင်မျှော်လင့်ထား သည့်အတိုင်း ဇာတ်တိုက်ထားသလို၊ ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသလို ဒီအခန်းပြီး ဒီအခန်းလာမည်ဆိုသည်ကို ကြိုသိနေရသည်။ တခါတရံ တကယ့်လက်တွေ့ဘဝသည် စိတ်ကူးယဉ်ရုပ်ရှင်များထက် ပိုပြီး ဇာတ်ညွှန်းတိကျနေလွန်းခဲ့ သည်။ ကိုယ့်ဒဏ်ရာကိုယ် လျှာနှင့်သပ်ပြီး နာကျင်မှုကို ဖြေသိမ့်နေရသူချင်းအတူတူ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အားပေးနေရခြင်းသည်လည်း မင်္ဂလာတစ်ပါးပင်ဖြစ်သည်မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ ကိုယ်တာဝန်ယူထား သည့် ကိုယ့်အခန်းကိုယ် လှအောင် ကနေရသူများမို့ သူ့လည်း နွံထဲက ဆွဲမထုတ်နိုင်၊ ကိုယ့်ခြေထောက် ကိုယ်လည်း နွံထဲချမဆင်းပေးနိုင်သည့် ဇာတ်လမ်း။ “စံပယ်တွေ မပွင့်မီ ဇာတ်လမ်း” သည် ဇာတ်လမ်းသက်သက်သာ ဖြစ်ပါသည်။

“မျှော်လင့်ထားတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ
မျှော်လင့်ထားတဲ့ ပုံမှန်ဆိမ့်ဆိမ့်တွေ ကိုယ်စီနဲ့
မျှော်လင့်ထားတဲ့ မီးခိုးဖြူဖြူ ပါးပါးလျလျတွေထဲမှာ
မျှော်လင့်ထားတဲ့ ပြပွဲလေးတွေ ကြည့်နေကြတယ်
မမျှော်လင့်ဘဲ ပန်းသုံးပွင့် ရောက် ရောက်လာပြီး
မမျှော်လင့်ဘဲ မျက်ဝန်းနက်လေး ထောင့်ကပ်ထားပြီး
မမျှော်လင့်ဘဲ စကားသံသဲ့သဲ့တွေ ကြားနေရတယ်
‘ဒီမှာရှင့်
ကျွန်မတို့ကသာ ရှင်တို့ကို အမြဲအားပေးနေရကြတာ
ကျွန်မတို့ကို ကျတော့’
ကျွန်တော်တို့ရဲ့ မျှော်လင့်ထားတဲ့ ပြပွဲလေးထဲမှာ
မျှော်လင့်ထားတဲ့ ပြဇာတ်တိုကလေးတွေ တိုးတိုးလာပါတယ်”
           
ဆရာမောင်သင်းပန်သည် သူ့ရှေ့ရောက်လာသည့် ပြည့်အလှပဂေး နှင်းဆီမလေးသုံးပွင့် ကြည့်ပြီး ကဗျာအဖြစ် ဖွဲ့လိုက်ခြင်းဖြစ်သည်။ တနည်းပြောရလျှင် သက်ရှိကဗျာ။ ဆရာ မိုသျှန်းကျတော့ သူ့ရှေ့တွင် ရှိသော ဓါတ်ဗူးတစ်လုံးကို ကဗျာဖွဲ့ပြသည်။ တနည်းပြောကြည့်ရလျှင် သက်မဲ့ကဗျာ။ ကဗျာခေါင်းစဉ်ကိုက ‘ဓါတ်ဗူး’။

“အပူနဲ့ဈေးဦးဖောက်ရင်
အပူရဲ့ သတ္တိကို
နာရီပေါင်းများစွာ သိမ်းဆည်းသိုလှောင်ပေးနိုင်တယ်

အအေးနဲ့ ဈေးဦးဖောက်ရင်
အအေးရဲ့ သတ္တိကို
နာရီပေါင်းများစွာ သိမ်းဆည်းသိုလှောင်ပေးနိုင်တယ်

အပူဖြစ်စေ အအေးဖြစ်စေ
ဈေးဦးဖောက်တာကိုပဲ သစ္စာခံမယ်”

          ဆရာမောင်သင်းပန်က သက်ရှိ ကြည့်ပြီး ကဗျာဖွဲ့လိုက်သလို ဆရာ မိုသျှန်းက သက်မဲ့ကို ကြည့်ပြီး ကဗျာဖွဲ့ ခဲ့သည်။ ဆရာ ထွဏ်းသွေးအိမ်ကျတော့ နည်းနည်းထူးဆန်းသည်။ မြင်နေရသည့် မြင်ကွင်းကို မျက်နှာလွဲပြီး ကဗျာဖွဲ့ လိုက်သည်။ ကဗျာခေါင်းစဉ်က ‘ဆူးလေစေတီတော်’။

“နောက်ကျိနေတဲ့ အာရုံကို စုစည်းပြီး
ရင်ပြင်တော်ပေါ်ကနေ လမ်းပေါ်ငေးကြည့်မိတော့
ကားနှစ်စင်းတိုက်မိမလို ဖြစ်သွားတယ်
အမှား အမှန်
တရားတာ မတရားတာ
အသံတွေ ထွက်ပေါ်လာတာ နားမထောင်တော့ဘဲ
ဘုရားကို ပြန်အာရုံပြု
သြော်
ဘဝမှာ
အားကိုးစရာဆိုလို့
ဆုတောင်းခြင်း တစ်မျိုးပဲ ရှိပါတော့တယ်။
“ထန်းရွက်တဲနှင့် ဝါးရုံပင်ရိပ်” သည် ၁၉၇၀ မိုးဝေကဗျာခေတ်မှ ဝါရင့်ကဗျာဆရာကြီးများ၊ ယနေ့ခေတ် ၁၉၉၅- ၂၀၀၀ ခုနှစ် မဂ္ဂဇင်းများပေါ်တွင် လစဉ်ပုံနှိပ်ဖြတ်သန်းနေသော လူငယ်ခေတ်ပေါ်ကဗျာဆရာများ၊ ၂၀၀၅ ခုနှစ်နောက်ပိုင်း အပျံသင်စအရွယ် ကောင်းကင်ထဲ လွှင့်တင်ပေးခံရသည့် ကလောင်သစ်လူငယ်များ၏ ကဗျာများကို စုစည်းထားခြင်း ဖြစ်သည်။ သူ့ခေတ်နှင့်သူ လူငယ်လည်း လူငယ်အလျောက် ဆန်းသစ်ချင်သည်။ ဖွဲ့နွဲ့ချင်သည်။ ဆရာမောင်ကြည်သာ (တောင်တွင်း)ကတော့ ကဗျာဝိုင်းမှ လူငယ်များကို မကြာခဏပြောလေ့ရှိသည့် စကားတစ်ခွန်းမှာ “ ဂန္ထဝင်ကို မသိလည်း ကဗျာရေးလို့ ရတယ်။ ဒါပေမယ့် သိရင် ပိုကောင်းတယ်၊ ဒါကြောင့် လေ့လာပါ၊ သင်ယူပါ၊ အားထုတ်ပါ၊ ”ဟု ဖြစ်သည်။ ဒီကနေ့လူငယ်တွေ ဘယ်လိုကဗျာတွေ ရေးကြမလဲ၊ ဒီကနေ့ခေတ် ကဗျာကို ဘယ်လိုတွေးကြမလဲ။ ကလောင်သစ် လူငယ် ကဗျာဆရာလေးများ၏ ကဗျာအာရုံခံစားမှုဟာ ဘယ်လိုအကြောင်းအရာတွေ အပေါ်မှာ တည်ရှိနေပါသလဲ။ ကဗျာသည် ခေတ်ကာလအပိုင်းအခြားတစ်ခုကို စကားလုံးအနုပညာဖြင့် မှတ်တမ်းတင်ထားအပ်သည့် သမိုင်းဖြစ်သည်။ ကြီးကြီး ကျယ်ကျယ်ပြောရလျှင် လူငယ်တွေ သမိုင်းကို ကဗျာနှင့် မည်သို့ မှတ်တမ်းတင်ခဲ့ပါသလဲ ဆိုသည်ကို သိခွင့်ရရှိနိုင်သည့် မှတ်တမ်းစာအုပ် တစ်အုပ်လည်း ဖြစ်နိုင်ပါသည်။ မြန်မာကဗျာသည် ပုဂံခေတ်မှနေ၍ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေကဗျာ၊ ခေတ်ပေါ်ကဗျာမှသည် ယနေ့ခေတ်ပြိုင်ကဗျာအထိ ကိုယ်ပိုင်ဟန်ဖြင့် စဉ်ဆက်မပြတ်ရွေ့လျားစီးဆင်းလာခဲ့သည်။ ဒီကနေ့ ခေတ်သည် လူငယ်များ၏ လက်ထဲတွင် ရှိသည်။ လူငယ်များသည် ခေတ်ကိုသာ ပြောင်းလဲနိုင်သည် မဟုတ်။ အနုပညာ လက်ရာများကိုလည်း ပြောင်းလဲနိုင်ရမည်။ သို့မှသာ အနုပညာသည် ရေသေ မဟုတ်ဘဲ တသွင်သွင်စီးဆင်းနေသည့် မြစ်တစ်စင်း ဖြစ်နေပေလိမ့်မည်။

ဂွာနာတာမို အကျဉ်းထောင်အကြောင်း ခင်ဗျားပြောတယ်
မြောက်ကိုရီးယားစားနပ်ရိက္ခာအကြောင်း ခင်ဗျားပြောတယ်
ချီလီငလျင်အကြောင်း ခင်ဗျားပြောတယ်
အီရန် နယူးကလီးယားပြဿနာအကြောင်း ခင်ဗျားပြောတယ်
အိန္ဒိယ ဇီးရိုးရူပီးအကြောင်း ခင်ဗျားပြောတယ်
ယိုးဒယားရှပ်နီအကြောင်း ခင်ဗျားပြောတယ်
ကိုအိဇုမိနဲ့ ယာကူဇူနီနိဗ္ဗာန်အကြောင်း ခင်ဗျားပြောတယ်
မော်စကို မြေအောက်ဘူတာရုံနဲ့ ချေချင်းညာသူပုန်အကြောင်း ခင်ဗျားပြောတယ်
(မောင်သစ်ဦး(မြစ်ခြေ) - ရွာကျော်ခဲပစ် ကဗျာမှ)

နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ပုံတူမျိုးပွား မိတ္တူများ
ကျွန်တော်များ ကုမ္ပဏီမှ အသစ်ထပ်မံထုတ်လုပ်ထားသော ဘာသာစကားကုန်ကြမ်းပစ္စည်းအမျိုးအစား
ဝေဖန်အကြံပြုစာတမ်းများ ဆက်ဆက်ရေးသားပေးပို့တိုက်ခိုက်ကြပါရန်
ကမ္ဘာ့ငွေကြေးအပြောင်းအလဲနှင့် ဈေးနှုန်းအတက်အကျ
သုံးစွဲရ အဆင်ပြေလျှင် စာဖတ်သူကို ပြောလိုက်ပါ
သုံးစွဲရအဆင်မပြေလျှင် အသုံးပြုသူ အယ်ဒီတာမင်းကို ပြောပါ
အဲဒီအတိုင်း ဆက်ဆက် တခဲနက်အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များ
ဝါကျွတ်ကာလ၊ ခရစ္စမတ်နှစ်သစ်ကူးနှင့် သင်္ကြန်အထူးလျော့ဈေးရောင်းပွဲတော်
အခုနောက်ဆုံးပေါ်အရေးအသားများကို အရောင်းပြခန်းများမှာ စတင်ချိတ်ဆွဲပြသလိုက်ပါပြီ
စားသုံးသူကိုယ်တိုင် ပါဝင်ထုတ်လုပ်ခံစားရရှိကြရမည့် အကျိုးအမြတ်အနာဂတ်
လာ ကိုယ့်တံဆိပ် ကိုယ်ကပ် ရှေ့ဆက်လက်တွဲသွားရအောင်။
            (မင်းနဒီခ - ဈေးကွက်လိုအပ်ချက်အရ ထုတ်လုပ်လိုက်သည့်ကုန်ပစ္စည်းအမျိုးအစား ကဗျာမှ)

ဘဝနဲ့ဆန္ဒ အံလွဲနေတာ ရယ်စရာ ပြက်လုံးလား
ရွာနေတဲ့ မိုးတွေကို ခေါင်းငုံခံထားရတယ်
ပြည့်ဖို့ မလွယ်တဲ့ အိုးတစ်လုံးဟာ ကျွန်တော်ပဲဖြစ်တယ်
နောက်ဆုံးတော့
အိုးလေးရဲ့ မျှော်လင့်ချက်တွေ တစစီကျကွဲ
ည ည အိပ်လို့လည်း မပျော်တော့ဘူး
            (ရဲရင့်ပိုင်အောင် - အသက်ရှူကျပ်နေတဲ့ မြစ် ကဗျာမှ)
           
            အောင်မြင်ခဲ့သည်ဖြစ်စေ၊ မအောင်မြင်ခဲ့သည်ဖြစ်စေ ၂၀၀၆ ခုနှစ်၊ ဇွန်လတွင် သတ်သတ်မှတ်မှတ် ကဗျာဝိုင်း စာဝိုင်းအဖြစ် စတင်နိုင်ခဲ့သော Any Way Café ကဗျာဝိုင်းလေးသည် ယခုနှစ် ဇွန်လတွင် ဆယ်နှစ်သက်တမ်းသို့ တိုင်ခဲ့ပြီ ဖြစ်သည်။ ထိုဆယ်နှစ်သက်တမ်းတွင်ပင် ကဗျာဝိုင်းလေးသည် နေရာသုံးလေးနေရာရွေ့ပြောင်း ပြုလုပ်ခဲ့ကြရသလို ထို ဆယ်နှစ်သက်တမ်းတွင်ပင် ကဗျာအရွေ့၊ နိုင်ငံရေးအရွေ့၊ အုပ်ချုပ်သူလူတန်းစားအရွေ့များ ဖြစ်ပေါ်လာခဲ့သည်။ ထို ဆယ်နှစ်သက်တမ်းအတွင်းတွင်ပင် ကျွန်တော်တို့သည် နိုင်ငံရေးအရှုပ်အထွေးများစွာ ကြုံတွေ့ခဲ့ရသည်။ ရွှေဝါရောင် တော်လှန်ရေးဖြင့် တဖန်လူထုအုံကြွခဲ့ကြသည်။ လယ်ယာမြေ သိမ်းဆည်းမှုပြဿနာများဖြင့် ခံပြင်းဒေါသ ထွက်ခဲ့ရသည်။ ကျောင်းသားသပိတ်ပညာရေးစစ်ကြောင်းကို ထောက်ခံ အားပေးခဲ့ကြသည်။ လျှပ်စစ်မီး ပြဿနာ၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများ၊ ၅၉(စ) ဖယ်ရှားရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေး စသည့် ပြဿနာများ။ မဲပေးပိုင်ခွင့် အရှုပ်အထွေးများနှင့် ကြိုတင်မဲ မပွင့်လင်းမမြင်သာမှုများ စသည်ဖြင့် နောက်ဆုံးတွင် လက်သန်းလေး တစ်ချောင်းဖြင့် ကိုယ်မလိုချင်သည့်အစိုးရအား တောက်ထုတ်ပြီး ကိုယ်လိုချင်သည့်အစိုးရအား ကိုယ်တိုင်မဲပေးရွေးချယ် နိုင်ခဲ့ကြပြီ ဖြစ်သည်။ နိုင်ငံရေးအခြေအနေအရ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သလို ကဗျာအနုပညာပိုင်းတွင်လည်း ခေတ်ပေါ်/ခေတ်ပြိုင် အသုံးအနှုံး၊ Contemporary Poetry ကဗျာအရွေ့၊ ကဗျာဆရာနှင့် ကဗျာစာအုပ်ဈေးကွက် စသည်ဖြင့် အပြောင်းအလဲများစွာကို ကျွန်တော်တို့ ကြုံတွေ့ဖြတ်သန်းခဲ့ကြရသည်။
            ကဗျာဝိုင်းလေးတစ်ဝိုင်း ဆယ်နှစ်သက်တမ်းတစ်ခုအထိ တောင့်ခံဖြတ်သန်းနိုင်ဖို့သည်မှာ တကယ်တမ်းတော့ ခက်ခဲလွန်းလှသည်။ ထိုကဗျာဝိုင်းတွင် ကျွန်တော်တို့ ငြင်းခုန်ခဲ့ကြသည်။ ထိုကဗျာဝိုင်းတွင် ကျွန်တော်တို့ စိတ်ဆိုးဒေါသ ဖြစ်ခဲ့ကြသည်။ ထိုကဗျာဝိုင်းတွင်ပင် ကျွန်တော်တို့ ပိုရင်းနှီးချစ်ခင်ခဲ့ကြသည်။ ထိုကဗျာဝိုင်းတွင်ပင် ကျွန်တော်တို့ တစ် ယောက်ကို တစ်ယောက် ဖေးမကူညီခဲ့ကြသည်။ ယခု ထိုကဗျာဝိုင်းလေး ဆယ်နှစ်ပြည့်ခဲ့ပြီ။ အတိတ်သည် နာကျင်စရာ များကိုပင် လွမ်းမောစေတတ်သည့် အစွမ်းရှိသည်။ ကြည်နူးဖွယ်အတိတ်များဆိုလျှင် ဘယ်ရွေ့ဘယ်မျှ ပိုပြီး လွမ်းဆွတ် တမ်းတစေမည်မသိ။ ထိုစဉ်က ကဗျာရူးသွပ်ဆိပ် ငယ်ထိပ်တက်နေသော ကဗျာဆရာဖြစ်ချင်ရှာသည့် လူငယ်လေး တစ်ယောက်ကို ကျွန်တော် ပြန်မြင်ယောင်နေမိသည်။ ထိုလူငယ်လေးသည် ညအလင်းဆိုင်လေး၏ စားပွဲတစ်နေရာတွင် ထိုင်ပြီး တစုံတယောက်ကို စောင့်မျှော်နေသည်။ ထိုတစုံတယောက်သည် သူ တန်ဖိုးထားလေးစားသော ကဗျာဆရာ တစ်ယောက်ဖြစ်နိုင်သလို ထိုလူငယ်လေးသည် ခင်ဗျားလည်း ဖြစ်နိုင်သည်။ ကျွန်တော်လည်း ဖြစ်နိုင်သည်။
            အရာရာဖြစ်နိုင်ချေရှိနေသော ဒီမိုကရေစီခေတ်ကြီးထဲတွင် ကျွန်တော်တစ်ခုပဲ ဆုတောင်းချင်ပါသည်။ “Any Way Café ကဗျာဝိုင်း သက်တော်ရာကျော် ရှည်ပါစေ၊ Any Way Café ကဗျာဝိုင်း သက်တော်ရာကျော် ရှည်ပါစေသတည်း” ဟု။

                                                                                                          မင်းနဒီခ
                                                                                                          ၃၁၊ ၃၊ ၂၀၁၄

Sunday, March 27, 2016

ထုတ်​​ဝေသူများအ​ကြောင်း

ထုတ်-ဝေ- သူ- များ အကြောင်း

စာအုပ်အမည်           - ထုတ်ဝေသူများ
ရေးသူ                     - ရတုသစ်၊ မောင်ရေခဲ၊ နေသစ်လူ၊ ဇာနည်သွေး(ပလိပ်)၊ ခင့်မိုးခင်
ထုတ်ဝေသည့်ကာလ   - မတ်လ၊၂၀၁၆
ထုတ်ဝေသည့်တိုက်    - PICA Media Publishing House



 ၂၀၁၆၊ ဇန်နဝါရီလကနေ အခု မတ်လ ၂၁ ကမ္ဘာ့ကဗျာနေ့အထိ ထွက်ရှိလာတဲ့ ကဗျာစာအုပ်စုစုပေါင်းကို ကျွန်တော်လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းအရ အုပ်ရေ ၈၀ ဝန်းကျင်လောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီအရေ အတွက်က အရင်နှစ်ထွက်ရှိသမျှ ကဗျာစာအုပ်အရေအတွက်ရဲ့ တဝက်လောက်ရှိနေပြီလို့ ပြောလို့ရပါတယ်။ ကဗျာရေးသူ တွေ များပြာလာတာနဲ့အမျှ ကဗျာစာအုပ်တွေ ထွက်ရှိမှုလည်း မြင့်မားလာတဲ့သဘောပါပဲ။ ၂၀၁၀ ခုနှစ်နောက်ပိုင်း စာပေ စီစစ်ရေး ဖြေလျော့ပြီးတဲ့နောက် ထွက်ရှိလာတဲ့ ကဗျာစာအုပ်ဆိုတာ တစ်နှစ်တစ်နှစ်ကို အုပ်ရေတစ်ရာကျော် အထက် မှာပါပဲ။ Facebook Social Network ပေါ်ပေါက်လာခြင်းဟာလည်း ကဗျာစာအုပ်ဖြစ်ထွန်းတိုးတက်မှုရဲ့ တစိတ်တပိုင်း အဖြစ် သတ်မှတ်လို့ရပါတယ်။ ကဗျာဝါသနာပါသူ၊ ကဗျာရေးသူအများစုဟာ ဖေ့စ်ဘွတ်ခ်ကိုယ်ပိုင်စာမျက်နှာမှာ ဘယ် အယ်ဒီတာ၊ ဘယ်အစည်းအတားကိုမှ ဖြတ်ကျော်စရာမလိုဘဲ ကိုယ့်ကဗျာကို စိတ်ကြိုက်ရေးသားခွင့်၊ တင်ပြခွင့်ရရှိထားတဲ့ အပြင် ကိုယ့်ကဗျာကိုယ် စာအုပ်တစ်အဖြစ်ဖန်တီးရာမှာလည်း စာပေကင်ပေတိုင်လို့ စာပေလောကသားတွေ သတ်မှတ် ခေါ်ဝေါ်ခဲ့ကြတဲ့ စာပေစီစစ်ရေးကို တင်စရာ၊ စောင့်စရာမလိုအပ်ဘဲ ဒီကနေ့ ပုံနှိပ်စက်တင်ပြီး မနက်ဖြန် စာအုပ် ဖြစ်နိုင်တဲ့ ခေတ်ကို ဖြတ်သန်းခွင့်ရနေတာလည်း အခွင့်အရေးတစ်ခုပါပဲ။ ဒီလို ကဗျာဖြစ်ဖို့ လွယ်ကူမှု၊ စာအုပ်ဖြစ်ဖို့ လွယ်ကူမှု တို့ ကြောင့် မျိုးဆက်သစ်ကဗျာဆရာအချို့ဟာ မဂ္ဂဇင်းစာမျက်နှာဖြတ်သန်းမှုကို အရင်ခေတ်များဆီကလို အားစိုက်ထုတ်မှု နည်းသွားသလို ကိုယ့်ကဗျာအပေါ် ကိုယ်ဆန်းစစ်သေချာမှုတွေ လျော့နည်းသွားတာကိုလည်း မြင်နေရပါတယ်။ ဒါဟာ အချိန်ကာလက စစ်ချသွားမယ့်အရာတစ်ခုဖြစ်ပေမယ့် လက်ရှိအနေအထားမှာတော့ ကဗျာဆရာနဲ့ ကဗျာစာအုပ် အရေ အတွက်ဟာ ဖောင်းပွလွန်းနေသလိုပါပဲ။ ဒါက ကဗျာဆရာနဲ့ ကဗျာစာအုပ်အပိုင်းပေါ့။
နောက်တစ်ပိုင်းက ကဗျာစာအုပ် ရောင်းမရတဲ့ ပြဿနာ။ ကဗျာစာအုပ်တစ်အုပ်လုပ်မယ်ဆို အနည်းဆုံး သုံးသိန်း ကနေ ငါးသိန်းဝန်းကျင် ကုန်ကျစရိတ်ရှိပါတယ်။ မိတ်ဆက်ပွဲလုပ်ရင် တစ်သိန်းကနေ နှစ်သိန်းအတွင်းကုန်မယ်။ ဖြန့်ချိရေး စရိတ်၊ သယ်ယူစရိတ်နဲ့ တွက်လိုက်ရင် မနည်းပါဘူး။ ဖြန့်ချီရေးကလည်း နယ်မြို့လေးတွေအထိ ပျံ့ပျံ့နှံ့နှံ့ဖြန့်ချိဖို့ မလွယ် ကူသလို ဖြန့်နိုင်ခဲ့ရင်တောင် ငွေပြန်ကောက်ရဖို့ ခက်ခဲပါတယ်။ နောက်တစ်ခုထပ်ပြောရရင် ကဗျာဆရာအများစုက ငွေကြေးမပြည့်စုံတဲ့သူ များပါတယ်။ ကဗျာဆရာဆိုတာ စာပေ၊ ပန်းချီ၊ ဂီတ၊ ရုပ်ရှင်၊ သဘင် စတဲ့ အနုပညာအသီးသီးမှာ အနုပညာကြေးအနည်းဆုံးစာမူခကိုသာ လက်ခံပြီး ကဗျာချစ်စိတ်နဲ့ ရပ်တည်နေကြရတာ များပါတယ်။ လူဦးရေ သန်း ခြောက်ဆယ်ကျော်ရှိတဲ့ နိုင်ငံမှာ ကဗျာစာအုပ်တစ်အုပ် ပုံနှိပ်တဲ့ အရေအတွက်က အုပ်ရေ ငါးရာ ဆိုတာ အများဆုံး ပါပဲ။ အဲဒီအထဲကမှ ကဗျာစာအုပ်အနည်းဆုံး အုပ်ရေ ၃၀၀ နဲ့ ၄၀၀ ဝန်းကျင်ရောင်းရမှ ငွေရင်းပြန်ရပြီး နောက်တစ်အုပ် အတွက် ပြန်စုနိုင်မှာပါ။ အခုဖြစ်နေပုံက ကဗျာစာအုပ်ထွက်တာနဲ့ လက်ဆောင်ပေးရမယ့် အုပ်ရေက ၁၅၀ လောက် ရှိနေ တတ်ပါ တယ်။ အဲဒီလက်ဆောင်အရေအတွက်သာ ရောင်းရမယ်ဆိုရင် နောက်ထပ် ၁၅၀ ရောင်းပြီး နောက်တစ်အုပ် ထွက်နိုင်မှာ ပါ။ လက်ရှိ ကဗျာရေးသူတိုင်း ကဗျာစာအုပ်တစ်အုပ်သာ ဝယ်၊ ဘယ်ကဗျာဆရာမှ မကုန်တဲ့ စာအုပ်ရှိမှာ မဟုတ်ပါဘူး။ ကဗျာစာအုပ်တစ်အုပ်တန်ဖိုး ၁၅၀၀/၂၀၀၀ ဆိုတာ ဒီဘက်ခေတ်ထဲ မပြောပလောက်တဲ့ ပမာဏပါပဲ။ ပြီးခဲ့တဲ့နှစ်က ကဗျာဆရာ တိုးနှောင်မိုးရဲ့ “ဖြစ်ကြောင်းကုန်စင်သမိုင်းကြောင်း” ကဗျာရှည်စာအုပ်ကို မိတ်ဆက်ရောင်းချခြင်းလို့ တွေ့ လိုက်ရတော့ ဝမ်းသာမိတယ်။ မိတ်ဆက်လက်ဆောင်ပေးခြင်းမဟုတ်လို့ပါ။ ဒီအလေ့အထလေး ဆက်လက် ထွန်းကားပြီး ကဗျာစာအုပ် မရောင်းရခြင်းမှ ကင်းဝေးပါစေလို့လည်း ဆုတောင်းခဲ့မိပါသေးတယ်။ ဒီတော့ ကဗျာဆရာနဲ့ ကဗျာစာအုပ် အချိုးညီမျှပေမယ့် ကဗျာကိုတန်ဖိုးထားမှုနဲ့ ကဗျာစာအုပ်ရောင်းချရမှု အချိုးမညီမျှတာဟာ ပြန်သုံးသပ်သင့် တဲ့ ပြဿနာ တစ်ခုပါပဲ။
အခု မတ်လ၂၁၊ ကမ္ဘာ့ကဗျာနေ့မတိုင်ခင် ထွက်လာတဲ့ ကဗျာစာအုပ်တွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ကဗျာ စာအုပ်ရှိပါတယ်။ ကဗျာစာအုပ်အမည်က “ထုတ်ဝေသူများ”။ ဒါဟာကဗျာစာအုပ်လောကကို ကဗျာစာအုပ်နာမည်နဲ့တင် စတင်သရော်လိုက်တာပါပဲ။ ရေးသူတွေက “ ရတုသစ်၊ မောင်ရေခဲ၊ နေသစ်လူ၊ ဇာနည်သွေး(ပလိပ်)နဲ့ ခင့်မိုးခင်။ နောက် တခုက “ခေတ်ဖော် ကဗျာများ” လို့လည်း အသေအချာအထူးပြုထားပါသေးတယ်။ ရှေ့မှာ ကဗျာဆရာ လင်းခါးက သူ့ရဲ့ “ ခေတ်က ရိုက်စစ်တော့ ကဗျာတွေ ထွက်လာတယ်” ကဗျာစာအုပ်မှာ “ခေတ်မှိုင်၊ ခေတ်ယိုင်၊ ခေတ်ကွိုင်ကဗျာများ” လို့ တမင်တကာ ဖော်ပြထားသလိုပဲ အခု “ထုတ်ဝေသူများ” ကဗျာစာအုပ်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖော်ပြထားတာကို တွေ့ရပါ တယ်။ ဒီနေရာမှာ ဘာကိုထည့်စဉ်းစားဖို့ လိုလာပြီလဲဆိုတော့ မြန်မာကဗျာလောကမှာ ဂယက်ရိုက်ခဲ့တဲ့၊ ဂယက် ရိုက်နေ ဆဲဖြစ်တဲ့ ခေတ်ပေါ်/ခေတ်ပြိုင် ပြဿနာကိုပါ လှမ်းသရော်လိုက်ခြင်းလား။ ဒါမှမဟုတ် လက်ရှိဖြတ်သန်းနေရတဲ့ ခေတ်ကြီး ရဲ့ မပွင့်လင်း မမြင်သာမှုတွေကို ဖော်ထုတ်တင်ဆက်ခြင်းပဲလား ဆိုတာပါပဲ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်လို ထုတ်ဝေသူ တွေလဲ။ ဘယ်လို ခေတ်ဖော်ကဗျာတွေလည်း ဆိုတာပေါ့။
ပထမဆုံးတွေ့ရတာကို ကဗျာဆရာ ရတုသစ်ရဲ့ ကဗျာ(၁၂)ပုဒ်ပါ။ “ထုတ်ဝေသူများ” ထဲမှာ ကဗျာရေးအား အကောင်းဆုံးနဲ့ ကဗျာပုံသဏ္ဍာန်မျိုးစုံအောင် ရေးဖွဲ့တတ်လေ့ရှိသူတစ်ယောက်ပါပဲ။ အခု ဒီစာအုပ်ထဲမှာတော့ ရတုသစ် ဟာ ခေတ်ပြိုင်ဟန်ကဲတဲ့ ကဗျာတွေကို ရှောင်ထားပြီး ပင်မရေစီးခေတ်ပေါ်ကဗျာဟန်တွေချည်းသက်သက် ထည့်သွင်း ပုံနှိပ်ထားပါတယ်။ နောက်တခုက ဒီကဗျာစာအုပ်ထဲက ကဗျာတွေဟာ ရတုသစ်ရဲ့ ဘဝဖြတ်သန်းမှုအပြောင်းအလဲ၊ လူမှု ပတ်ဝန်းကျင်အပြောင်းအလဲကို အများကြီးဖော်ပြနေတဲ့ ကဗျာတွေလို့ဆိုရင်လည်း ရနိုင်သလို ရတုသစ်နဲ့ လောကဓံ ထိတွေ့မှု၊ နာကျင်မှု၊ ညည်းညူမှု၊ အဆီအငေါ်မတည့်မှု၊ အဆင်မပြေလွဲချော်မှုများကို ဖွင့်ဟဝန်ခံထားတဲ့ ကဗျာတွေလို့ လည်း ပြောလို့ ရနိုင်ပါတယ်။ “ကျန်းမာရေးမကောင်းတဲ့နေ့၊ ကျန်းမာရေးမကောင်းတဲ့နေ့ (၂)၊ ညနေများ၊ မပြတ်မသားညနေ၊ ညနေ ပြီးတော့ ညနေ” စတဲ့ ကဗျာတွေမှာ ရတုသစ်ဟာ သူ့ကဗျာတွေကို သူ့နေထိုင်ရာပတ်ဝန်းကျင်အနီးအနားက သူ့နေ့စဉ် ဖြတ်သန်းမှုတွေ အပေါ်မှာပဲ ကဗျာကို ရိုးရှင်းလှပစွာ ရေးဖွဲ့သွားတာကို တွေ့ရပြီး သူ့အကြောင်း အတွင်းကျကျ သိနေသူ တစ်ယောက်အတွက်ဆိုရင် ကဗျာတွေဟာ ပိုမိုနာကျင်စရာကောင်းနေမှာ အမှန်ပဲဖြစ်တယ်။ သူ့ကဗျာတွေထဲက ထိထိရှရှအရှိဆုံး ကဗျာတစ်ပုဒ်ကို ပြပါဆိုရင်တော့ “အရုပ်သည်ကြီး” ကို ညွှန်းချင်ပါတယ်။ စစ်သားဟောင်းတစ်ယောက်ရဲ့ နေဝင်ချိန်ဖြတ်သန်းမှုကို ရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်ပါ။ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ မြင်တွေ့နေရလေ့ရှိတဲ့ စစ်ရဲ့ ဘေးထွက်ထုတ်ကုန်တစ်ခုကို ကဗျာနဲ့ ပြန်တင်ပြလိုက်ခြင်းပါပဲ။ နောက်ဆုံးပြောချင်တာကတော့ ရတုသစ်ရဲ့ ကဗျာတွေ ကို ဖတ်မိတဲ့အခါ သမိုင်းဖတ်စာ ကဗျာစာအုပ်ထဲက ဆရာအောင်ချိမ့်ရဲ့ ကဗျာတပိုင်းတစကို သတိရမိတယ်။ “ ရွှေတိဂုံ စေတီမြတ် ကုန်းတော်မှ အဆင်း လောကမြေပူကို တန်းနင်းတာပဲ” ဆိုတဲ့ စာသားလေးပါ။ ရတုသစ်က ရဟန်းဘဝကနေ လူ့ဘဝဆီ ပြန်ဆင်းလာတဲ့ ကဗျာဆရာတစ်ယောက်။ လူ့ဘဝဆိုတာ လောကမြေပူပါပဲ။ သူ့ပူလောင်မှုဟာ ကျွန်တော့်တို့ရဲ့ ပူလောင်မှု ဖြစ်ခဲ့ရပါတယ်။

“အသက်ရှူသွင်းတာက အစ
ကမောက်ကမနိုင်ခဲ့ပုံများ
အိပ်ရာဝင်ဖို့ မစဉ်းစားဖြစ်ဘဲ
ဖြစ်သလို အိပ်ပျော်သွားတတ်တဲ့ ညတွေ
ပြေရာပြေကြောင်းတွေးကြည့်လိုက်တဲ့အခါ
ချုပ်ရိုးအထုံးလေးတွေ သိပ်များလာသလိုလို
လောကဓံကို မထီတရီပြုံးပြတတ်ခဲ့ပြီ”
(ရတုသစ်/ အကြပ်အတည်းများ ကဗျာမှ)

“နံရံဆိုတာ
လုံခြုံဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူး
လက်သီးနဲ့ ထိုးဖို့၊ ခေါင်းနဲ့တိုက်ဖို့၊
တံတွေးနဲ့ထွေးဖို့
ပြီးတော့ အရာဝတ္ထုတစ်ခုခုနဲ့
ပစ်ပေါက်ရိုက်ခွဲဖို့လည်း ဟုတ်တယ်
နံရံတစ်ခုကို ငါဆေးခြယ်
ဆေးသားနီနီလေးပါကွယ်”
 (ရတုသစ်/ ထွက်ပေါက် ကဗျာမှ)

 နောက်ဖော်ပြထားတဲ့ ကဗျာဆရာက မောင်ရေခဲ။ ကဗျာ(၁၃)ပုဒ် ထည့်သွင်းဖော်ပြထားပါတယ်။ ကဗျာရေးအား ကောင်းတဲ့ ရဟန်းတပါးအဖြစ် မြင်တွေ့နေရသလို စုပေါင်းထုတ်ဝေတဲ့ ကဗျာစာအုပ်တွေ၊ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ စတင်မြင်တွေ့လာရတဲ့ ကဗျာဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ သုံးလေးကြောင်းကဗျာတိုလေးနဲ့ ပင်မရေစီးခေတ်ပေါ် ကဗျာ ဟန်ကို အရေးများပြီး စမ်းသပ်ပြောင်းလဲရေးဖွဲ့လိုစိတ်ရှိနေတဲ့ ကဗျာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ကဗျာတို တွေမှာတော့ ရေးဖွဲ့ပုံကျစ်လစ်မှုရှိပေမယ့် ရိုးရှင်းလွန်းအားကြီးတော့ အားမရသလို ဖြစ်မိတာလေးတစ်ခုပါပဲ။ ဖော်ပြထား တဲ့ ကဗျာတွေအရ ရေးဖွဲ့တဲ့ ကဗျာနောက်ခံအကြောင်းအရာစုံလင်ပြီး မိသားစုကဗျာတွေမှာ ပိုအားသာမှုရှိပြီး ကဗျာအလှ ဓာတ်ကို ပိုမိုဖမ်းဆုပ်နိုင်တာ တွေ့ရပါတယ်။ ထိရှရတဲ့ ကဗျာတစ်ပုဒ်ကို အစဆွဲထုတ်ရရင် “အမေ ရထားတက်ချိန်” ကဗျာ ပါပဲ။ ခွဲခွာချိန်တွေဟာ အမြဲတမ်းနာကျင်ထိခိုက်ရတာမှန်ပေမယ့် အမေနဲ့သား၊ ရဟန်းနဲ့ ရဟန်းအမေ ရထားတက်ချိန် စင်္ကြန်လမ်းလေးမှာ ပြောမကုန်တဲ့စကား “တွေ့တုန်းလေး ပြောရတာပါ သားရယ် တဲ့လေ”။ မိခင်တစ်ယောက်ရဲ့ ရင်ထဲ ကျွန်တော် ရောက်သွားခဲ့ပါတယ်။

“ပြန်လိုက်ဦး အမေ
ပြန်လိုက်ဦး
ငါ့သားက အမေ့အတွက်
မသေထမင်း မသေဟင်းပဲ ဆိုပြီး
လွမ်းလိုက်တော့ အမေ
အမေလာတိုင်း မမေ့တတ်တဲ့
ကောက်ညှင်းထုပ်နဲ့ ဌာပနာထုပ်
ကိုယ့်မျက်ရည် ကိုယ်သုတ်လို့
အမေပါသွားတဲ့ ရထားခြေရင်းမှာပေါ့”
 (မောင်ရေခဲ/ အမေရထားတက်ချိန် ကဗျာမှ)

 နောက်ထပ် ဖတ်ရတဲ့ ကဗျာဆရာက နေသစ်လူ။ ကဗျာပုဒ်ရေက ၁၂ ပုဒ်။ သူသည်လည်း ဒီနေ့မဂ္ဂဇင်း စာမျက် နှာများမှာ အတွေ့ရများလာတဲ့ ရဟန်းကဗျာဆရာတစ်ဦးပဲ ဖြစ်ပါတယ်။ ကဗျာအရေးကျဲပေမယ့် ရေးဖြစ်တဲ့ ကဗျာတိုင်းကို လှအောင်ရေးဖွဲ့နိုင်တဲ့ ကဗျာဆရာပါပဲ။ သူ့ကဗျာတွေဟာ ချစ်မြတ်နှစ်သက်စရာကောင်းနေတတ်ပါတယ်။ သူ့နဲ့ တွေ့တိုင်း ချက်ချင်းသတိရမိတဲ့ ကဗျာက “နေသစ်လူတို့ အမေ”ပါပဲ။ အမေဖွဲ့ကဗျာတွေ များစွာရှိတဲ့အထဲကမှ “ အဖေသေတော့ ကလေးငါးယောက်၊ အသက်(၃၀)၊ လှသွေးကြွယ်မုဆိုးမ၊ တဖက်လပ်သွားတဲ့ ထမင်းစားပွဲထဲ၊ လူစားမသွင်းခဲ့ဖူး” ဆိုတဲ့ အဖွဲ့ဟာ ဒီနေ့လို ခေတ်ပျက်ကြီးထဲမှာ တစ်ယောက်တည်း ရုန်းကန်းရတော့မယ့် မိခင်တစ်ယောက်ရဲ့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ သားသမီးများအပေါ်ထားရှိလိုက်တဲ့ ချစ်ခြင်းတရားပါပဲ။ ဒီကဗျာစာအုပ် ထဲမှာတော့ နေသစ်လူဟာ အတွင်း အဇ္ဈတ္တကို ဖွဲ့တဲ့ ကဗျာတွေ ( စိတ်ကိုင်းဖျား၊ ရနံ့ဝေးပစ္စုပ္ပန်၊ တဖြည်းဖြည်းစိမ်း၊ စိတ်ကို ကပ်/ဖြတ်/ခွာ၊ သဲထွင်းအက္ခရာ၊ ရှိခြင်း မရှိခြင်း)နဲ့ ပြင်ပဗဟိဒ္ဓကို ဖွဲ့တဲ့ကဗျာတွေ (နေသစ်လူတို့အမေ၊ ပေါ့ပေါ့ပါးပါး၊ ရယ်လိုက်ရတာ ရပ်မရ၊ မနိုးတဲ့ နေ့တစ်နေ့၊ ငိုနေသူတစ်စုံတစ်ယောက်၊ ဒီလိုပါပဲ) ကို လှလှပပ ရောစပ်ထည့်သွင်း ပုံနှိပ်ပေးထားပါတယ်။

“ငါတို့က လ အရောင်နဲ့ စာမဖတ်ခဲ့ရဘူး
ညအမှောင်နဲ့ အသားကျချင်သူတွေ
ရယ်လိုက်ရင် ပေါ့သွားမယ်လို့
ဘယ်သူ တရားသေမိန့်လိုက်လဲ
ငိုလိုက်ရင်လည်း ပေါ့သွားတာပဲ”
 (နေသစ်လူ/ ပေါ့ပေါ့ပါးပါး ကဗျာမှ)

“ဝမ်းနည်းမှုကို သဲပေါ်ရေးပြီး
ပျော်ရွှင်မှုကို ကျောက်တုံးပေါ် ခြစ်ပါတဲ့
အမှတ်သည်းခြေကြီးလွန်းသူမှာ
ငိုရင်လည်း ဒီစိတ်၊ ရယ်ရင်လည်း ဒီစိတ်နဲ့
သဲခုံလေးပေါ်
ပြင်လိုက်ဖျက်လိုက်
လက်ရေးလက်သား။”
 (နေသစ်လူ/ သဲထွင်းအက္ခရာ ကဗျာမှ)

 နောက်ထပ်ဖတ်ရတဲ့ ကဗျာဆရာက ဇာနည်သွေး(ပလိပ်)။ ထည့်သွင်းဖော်ပြထားတဲ့ကဗျာက ၁၂ ပုဒ်။ ကဗျာတွေ မဖတ်ရသေးဘဲ မာတိကာ အရင်ဖတ်ကြည့်မိတော့ ပေးထားတဲ့ ကဗျာခေါင်းစဉ်တွေကို အားမရ။ (ဥပမာ - အိပ်မက်ကဗျာ၊ အချစ်၊ နေ့သစ်၊ ကွမ်းရွက်၊ ရန်ကုန်၊ မဝံ့မရဲ၊ အဖြူအစိမ်း)။ အဲဒီအထဲကမှ အိပ်မက်ကဗျာလို ခေါင်းစဉ်မျိုးကို ရှောင်ရမှာ ဖြစ်ပါတယ်။ လေးဖြူရဲ့ နာမည်ကြီးစီးရီးတစ်ခုရဲ့ Title ဖြစ်နေတဲ့အပြင် လူသိများထင်ရှားလွန်းတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်နေ လို့ပါ။ ဖော်ပြထားတဲ့ကဗျာ ၁၂ ပုဒ်မှာ ချစ်ခြင်းမေတ္တာဖွဲ့ကဗျာ ၆ ပုဒ်ထည့်သွင်းထားပြီး ကဗျာအားလုံးအား ရိုးရိုးရှင်းရှင်း ဖွဲ့နွဲ့ထားတာကို တွေ့ရပါတယ်။ ကိုယ့်တစ်ယောက်တည်းဖတ်ဖို့ဆိုရင် ကဗျာတစ်ပုဒ် ဖြစ်ဖို့ဆိုတာ လွယ်ကူပါတယ်။ ကဗျာ ဖတ်သူတွေရဲ့ ရင်ထဲထိ ကဗျာတစ်ပုဒ် တင်ကျန်နေရစ်ဖို့ကတော့ မလွယ်ကူပါဘူး။ ကဗျာဆရာတစ်ယောက်မှာ အရှိသင့် ဆုံးက ရိုးသားမှုဖြစ်ပေမယ့် ကဗျာတစ်ပုဒ်အဖြစ်ပြုလုပ်ဖန်တီးမယ်ဆိုရင်တော့ ထိုက်သင့်တဲ့ အနက်သိုဝှက်မှု၊ စကားလုံး တန်ဆာဆင်မှု၊ ကျစ်လစ်တဲ့ ဝါကျတည်ဆောက်မှုနဲ့ ကဗျာတစ်ပုဒ်လုံးကို တည်ဆောက်ထားတဲ့ ရစ်သမ်၊ ကဗျာတစ်ပုဒ်ရဲ့ အလှဓာတ်ကိုတော့ မဖြစ်မနေ ရရှိအောင် ဖန်တီးရမှာပဲ ဖြစ်ပါတယ်။ ကဗျာရေးသူတွေ များစွာတိုးပွားလာတဲ့ ဒီကနေ့လို ခေတ်ကြီးမှာ သူလိုကိုယ်လိုအားထုတ်ရင် သူလိုကိုယ်လို ကဗျာတွေပဲ ဖြစ်နေမှာကိုတော့ စေတနာစကားဆို လိုက်ပါရစေ။

“တဒင်္ဂပျော်ရွှင်မှုလေးထဲ
ရင်ခုန်သံကို
အဆုံးထိ နှစ်ထားလိုက်တယ်
ဆံနွယ်လေးတွေ
လွင့်ဝဲသွားတာက စလို့
သစ်ရွက်လေးတွေ ကြွေလွင့်သွားတဲ့အထိ
အရာရာမှာ
အနုပညာမြောက်တဲ့ အပြုံးတွေနဲ့
အလှပဆုံး ကဗျာတစ်ပုဒ်ကို
သိမ်မွေ့ညွှတ်နူးဖွယ် ထုဆစ်ခဲ့ကြ”
 (ဇာနည်သွေး(ပလိပ်)/သူနဲ့အတူ ကဗျာမှ)

 နောက်ဆုံးတစ်ယောက်ကတော့ ထုတ်ဝေသူများရဲ့ ထုတ်ဝေသူ။ ကဗျာဆရာမ “ခင့်မိုးခင်”။ ထည့်သွင်းထားတဲ့ ကဗျာက ၁၃ ပုဒ်။ လူလတ်ပိုင်းရောက်နေပေမယ့် ကဗျာစရေးစ ကလောင်သစ်လေးတစ်ယောက်လို ကဗျာအပေါ် ရူးလို့ မိုက်လို့ ကောင်းဆဲ။ လူငယ်တွေနဲ့အပြိုင် ကဗျာနဲ့ ပတ်သက်လာရင် သွေးဆူနေမြဲ။ သတိထားမိသလောက်တော့ မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် အတွေ့ရနည်းပါတယ်။ စာမူပို့အား နည်းသလားတော့ မပြောတတ်။ ထည့်သွင်းထားတဲ့ ကဗျာ အများစုကတော့ သမားရိုးကျဆန်တယ်။ စကားလုံးဆန်းသစ်မှုအားနည်းပါတယ်။ ရေးဖွဲ့တင်ပြပုံ အဆန်းတကြယ် မတွေ့ရ ပေမယ့် ထူးထူးခြားခြားနှစ်သက်မိတဲ့ ကဗျာ ၂ ပုဒ်ကတော့ “ဖိုက်တာငါး”နဲ့ “ဆက်သွယ်ရေး”။ “ဖိုက်တာငါး” ကဗျာမှာ ကဗျာနောက်ခံနယ်ပယ်ထူးခြားမှုကို ရရှိလိုက်သလို “ဆက်သွယ်ရေး” ကဗျာမှာ ကြည်နူးမှုနဲ့ ကဗျာအလှဓာတ်ကို ရလိုက် လို့ ကျေနပ်ရပါတယ်။

“ငါးဖြစ်ရင်တောင် ကြည်လင်အေးမြ စိမ်းမြမြရေထဲမှာ
တသွင်သွင် စီးနေတဲ့ စမ်းချောင်းလေးထဲမှာ
ပျော်ပါးမြူးထူးရင်း ကူးခတ်နေချင်တာ
အချုပ်အနှောင်အဟန့်အတား ဘယ်သူက ခံချင်မှာလဲ
ဆန္ဒဆိုတဲ့အရာကို ဖိနှိပ်ထားလို့ကတော့
အုံကြွမှုဆိုတာ နေပူပြင်းထဲက ဝါဂွမ်းပုံလို
ကြုံရဆုံရ လူ့ဘဝဇာတ်ခုံမှာ
ကပြနေရတဲ့ ဇာတ်လမ်းတွေက
သွေးညှီနံ့က တထောင်းထောင်း
ယင်တွေက တလောင်းလောင်း”
 (ခင့်မိုးခင်/ ဖိုက်တာငါး ကဗျာမှ)

“ရှည်ရှည်ဝေးဝေး ဘာစာတွေမှ ရေးမနေချင်ပါဘူး
လွမ်းတယ်ဆိုတာလေးပဲ ချရေးမယ်
လေယာဉ်စာအိတ်လေးထဲ စာလွှာထည့်ပိတ်ပြီး
ဆယ့်ငါးပြားတန် တံဆိပ်ခေါင်းလေး အသေအချာကပ်လို့
မြန်မာ့ဆက်သွယ်ရေးရုံးရှေ့က
စာတိုက်ပုံးနီနီလေးထဲကတဆင့် ပေးပို့လိုက်မယ်
ရည်ရွယ်သူထံ နောက်ကျမှ ရောက်ရင်လည်း
အလွမ်းတွေဟာ မပုပ်မသိုးလတ်ဆတ်နေမှာ
တကယ့်ကို အသေအချာ”
 (ခင့်မိုးခင်/ ဆက်သွယ်ရေး ကဗျာမှ)

 ထုတ်ဝေသူများ ကဗျာစာအုပ်တစ်အုပ်လုံးကို ပြန်သုံးသပ်ရရင် ကဗျာအပေါ်နှစ်နှစ်ကာကာရှိပြီး ကဗျာအလုပ်ကို တစိုက်မတ်မတ်လုပ်နေကြသူတွေရဲ့ ကဗျာတွေဖြစ်လို့ ကျေနပ်မိပေမယ့် ကဗျာဆရာတစ်ယောက်ချင်းစီရဲ့ အားအကောင်း ဆုံးကဗျာတွေ စုစည်းမှုမဖြစ်ခဲ့တာလေးတစ်ခုကိုတော့ အားမလိုအားမရဖြစ်မိတယ်။ ဘာဖြစ်လို့ ဒီလိုရေးရသလဲ ဆိုတော့ ထုတ်ဝေသူများထဲက ကဗျာဆရာတွေရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာတွေမှာ တင်နေတဲ့ကဗျာတွေကို အမြဲတမ်း ဖတ်နေရလို့ပါပဲ။ စုပေါင်းရေးဖွဲ့တဲ့ကဗျာစာအုပ်တွေမှာ ပါဝင်ရတာ အရမ်းအန္တရာယ်များပါတယ်။ ကိုယ်တိုင် ရွေးချယ် ထည့်သွင်းလိုက်တဲ့ ကဗျာတွေဟာ ကဗျာရေးသူအများစုကြားထဲမှာ ထီးတည်းပေါ်လွင်နေမှာဖြစ်လို့ ကဗျာကောင်းနေရင် လည်း သိသာထင်ရှားနေသလို ကဗျာအားနည်းနေရင်လည်း သိသာထင်ရှားနေမှာပဲ ဖြစ်ပါတယ်။ ခေတ်ဖော်ကဗျာများနဲ့ ပတ်သက်ပြီးတော့ပြောရရင် ခေတ်စနစ်ဆိုးကြီးရဲ့ မပွင့်လင်းမမြင်သာတဲ့ အမှောင်ခေတ်ကို ဖွဲ့နွဲ့တဲ့ ကဗျာတွေထက် ပုဂ္ဂလ ခံစားဖွဲ့မှုကဗျာတွေ ပိုဖတ်လိုက်ရတဲ့အတွက် မျှော်လင့်ထားသလောက် ခေတ်ကို မဖော်ထုတ်နိုင်ခဲ့ဘူးလို့ပဲ ပြောရမလား။ ဘာပဲဖြစ်ဖြစ် ကဗျာမှာ ဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေ အများကြီးရှိနေပါသေးတယ်။ ဒီနေရာမှာ “ မင့်ကဗျာတွေ ကောင်းတာ မကောင်းတာ အရေးမကြီးပါဘူး။ မင်း ကဗျာတွေ ရေးနေတာ၊ ကဗျာဆရာဖြစ်ချင်နေတာကိုက ကောင်းလှ ပါပြီကွာ” လို့ အီလျာအာရင်ဘတ်ပြောခဲ့ဖူးတဲ့ စကားကို ပြန်ကိုးကားဖို့ လိုသလို ‘ထုတ်ဝေသူများ’ ရဲ့ 5 IN 1 အမှာစာ ကိုလည်း ပြန်ဖော်ပြဖို့ လိုလာပါတယ်။

“ကဗျာနဲ့ ဘယ်အထိရောက်ရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ မျှော်လင့်မိတာ တစ်ခုတော့ ရှိတယ်။ ကဗျာက ပေးမယ့် ကြည်နူးဆွတ်ပျံ့ဖွယ်ခံစားရမှုကို မျှဝေလိုခြင်းသက်သက်မျှသာပဲ။
. . . . . . . . . .. . . . . . . . . . . . . . . . . . . .
ကဗျာအပေါ်ယုံကြည်သက်ဝင်ရတာဟာလည်း လောကရဲ့အေးရာအေးကြောင်းတစ်ခုပါပဲ။ ခေတ်ကြီးကို တူးဖော်ပြီး ထုတ် ဝေလိုက်တဲ့ ကဗျာများမှာ အပြစ်မရှိပါဘူး။ ခံစားနိုင်စွမ်းရှိတဲ့ နှလုံးသားများမှ တဆင့် နောက်ထပ်နှလုံးသားများစွာဆီသို့ ကဗျာတွေ ရောက်ရှိသွားချိန်ဟာ တစ်ကမ္ဘာစာ ကြာချင်လည်း ကြာနိုင်ပါတယ်။ ကဗျာဟာ မပုပ်မသိုးပဲ ရေရှည်ခံတဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။”

 ဟုတ်ပါတယ်။ ကဗျာတစ်ပုဒ် ကဗျာဖတ်သူရင်ထဲ တည့်တည့်မတ်မတ်ရောက်ရှိနေရာယူဖို့ဆိုတာ ကဗျာဖတ်သူရဲ့ ဖြစ်တည်ဆဲ စိတ်အခြေအနေ၊ အချိန်ကာလ၊ နေရာ၊ ဒေသနဲ့ တိုက်ရိုက်သက်ဆိုင်သလို ကဗျာဖတ်သူကိုယ်တိုင် ကဗျာ ဓာတ်ခံရှိမှု၊ ကဗျာနဲ့ ရင်းနှီးကျွမ်းဝင်မှု၊ ကဗျာအပေါ် နှစ်လိုတန်ဖိုးထားမှု စတာတွေလိုအပ်မှာဖြစ်ပါတယ်။ ကဗျာတစ်ပုဒ် ရေးဖို့ မလွယ်ကူပါဘူး။ ကဗျာစာအုပ်တစ်အုပ်ဖြစ်ဖို့ ဆိုတာလည်း အခက်အခဲတွေ ရှိနေပါသေးတယ်။ ဒီထဲကမှ ကဗျာ စာအုပ်တစ်အုပ် ကဗျာဖတ်သူလက်ထဲ တိုက်တိုက်ဆိုင်ဆိုင်ရောက်ရှိဖို့ဆိုတာ ပိုမို ခက်ခဲမလွယ်ကူလွန်းလှတဲ့ ဒုလ္လဘပါပဲ။ ဒီအတွက် “ထုတ်ဝေသူများ”က သူတို့ရဲ့ ကဗျာစာအုပ်နောက်ဆုံးစာမျက်နှာမှာ နိဂုံးချုပ်အမှာလေးကို အောက်ပါအတိုင်း ထည့်သွင်းဖော်ပြထားပါတယ်။

နိဂုံးချုပ်အမှာ

ခင်ဗျားတို့ရဲ့အားပေးမှုက
ကျွန်တော်တို့အတွက်
ဆက်လက်ထွက်ရှိမယ့် ကဗျာစာအုပ်ပါပဲ

ထုတ်-ဝေ-သူ- များ

ဟုတ်ကဲ့ပါ။ ထုတ်ဝေသူများ ကဗျာကောင်းများ ဆက်လက်ရေးဖွဲ့နိုင်ပါစေ။ ရေးဖွဲ့တဲ့ ကဗျာတိုင်းလည်း ကဗျာ ဖတ်သူရင်ထဲ ရောက်ရှိပြီး ကဗျာစာအုပ်များအဖြစ် ဆက်ဆက်ထွက်ရှိလာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


မင်းနဒီခ
၂၃၊ ၃၊ ၂၀၁၆


Sunday, March 20, 2016

တစ် နေရာမှ တစ်နေရာရာ ဘယ်လဲ ဟဲ့ ခေတ်ပြိုင်ကဗျာ

တစ် နေရာမှ တစ်နေရာရာ ဘယ်လဲ ဟဲ့ ခေတ်ပြိုင်ကဗျာ



(က)ကဗျာအရွေ့

 ဒီနေ့ခေတ် ကဗျာလောကကို အသေအချာအကဲခတ်ကြည့်ရင် ကဗျာအရွေ့တစ်ခုဆီကို ဦးတည်နေတယ်လို့ ပြောရမလားပါပဲ။ Facebook ဆိုတဲ့ လူမှုကွန်ယက်ကြီးပေါ်ပေါက်လာတာဟာ ကဗျာ၊ ကဗျာဆရာနဲ့ ကဗျာဖတ်သူ ဆိုတဲ့ ဆက်စပ်တည်ဆောက်မှုအနေအထားကို အရင်ကထက်ပိုပြီး သမမျှတ သွားစေတယ်လို့လည်း ထင်ပါတယ်။ အဲဒီမှာ ကဗျာ ဆိုင်ရာ သိမှု/ ကဗျာဖတ်အား/ ကဗျာအပေါ် အာရုံဝင်စားမှု အနည်းငယ်ရှိတဲ့ ကဗျာဖတ်သူတွေကိုယ်တိုင် ကဗျာတွေ ပြုလုပ် ဖန်တီးလာတယ်။ အလွယ်ပြောရရင် ကဗျာဆရာဖြစ်မှုနှုန်း (၀ါ) ကဗျာဆရာ အရေအတွက် အဆမတန် များပြား လာသလို ကဗျာစာအုပ်တွေလည်း စာပေစီစစ်ရေးလွတ်လပ်မှုအနည်းငယ်နဲ့ ခေတ်အဆက်ဆက် မကြုံဖူးလောက်အောင် များများ စားစား ထွက်ရှိလာပါတယ်။ ကဗျာရေးသူ/ ကဗျာဆရာတွေ များပြားလာတာဟာ အာဏာရှင်တစ်ယောက်မွေးဖွားလာတာ မဟုတ်တဲ့အတွက် ၀မ်းသာဖို့ ကောင်းပါတယ်လို့ ဆရာ ခရမ်းပြာထက်လူ ဆိုခဲ့တဲ့အတိုင်းပါပဲ။ ကဗျာဆိုတဲ့ လမ်းကြောင်း ပေါ်မှာ ရေရှည် ဘယ်လောက်ထိ ဆေးသားခိုင်ခိုင်နဲ့ ရပ်တည်နိုင်မလဲ၊ ကဗျာအပေါ် ဘယ်လောက် ရိုးသားနိုင်သလဲ၊ ကဗျာနဲ့ ဘယ်လောက်ထိ လက်တွဲ ထားနိုင်မလဲဆိုတာကတော့ အချိန်ကာလက အဆုံးအဖြတ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကဗျာဟာ တာတိုပြေးလမ်း မဟုတ်ပါဘူး။ ကဗျာဟာ ဘ၀တစ်ခုလုံး အားသွန်ခွန်စိုက်နှစ်ပြီး ပြေးသွားရမယ့် တာဝေးပြေးလမ်း ဖြစ်ပါ တယ်။ ဘယ်သူ ဘယ်လောက် ပြေးနိုင်မလဲ။ ခင်ဗျား တစ်မိုင်ပြေးရင် ကဗျာဆိုတဲ့ ပန်းတိုင်ကလည်း တစ်မိုင်ထပ်ပြေးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကဗျာဟာ ရွေ့နေလို့ပါပဲ။
မြန်မာကဗျာသမိုင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ပုဂံခေတ် (ခရစ်နှစ် ၁၀၄၄ - ၁၂၉၈ )ကနေ ကိုလိုနီခေတ် (ခရစ်နှစ် ၁၈၈၆ - ၁၉၄၇) တစ်ပိုင်း၊ ခေတ်စမ်းကဗျာ (၁၉၃၀ - ၁၉၄၅)ကနေ ခေတ်ပေါ်ကဗျာခေတ်ဦး ( ၁၉၇၀ -၁၉၉၀)ထိတစ်ပိုင်း။ ခေတ်ပေါ်နှောင်းပိုင်း ( ၁၉၉၀ - ) ကနေ အခု ဒီဘက်နှစ်များ ခေတ်ပေါ်/ ခေတ်ပြိုင်၊ Contemporary အထိ ကဗျာဟာ ရွေ့နေတုန်းပါပဲ။ ဒီဘက်နှစ်များမှာ ပိုအားရစရာ ကောင်းတာကတော့ ကဗျာဆိုင်ရာနည်းနာ တက္ကနစ်တွေ ပိုမိုကျယ်ပြန့်လာတယ်။ နိုင်ငံတကာကဗျာဘာသာပြန်တွေ၊ နိုင်ငံတကာကဗျာစာအုပ်တွေ၊ ကဗျာဗေဒဆိုင်ရာ ဘာသာပြန် ရှင်းလင်းချက်တွေ စတဲ့ ကဗျာနဲ့ ပတ်သက်လို့ လေ့လာစရာ၊ အတုယူစရာ၊ အသစ်ဖန်တီးနိုင်စရာတွေ အများအပြား ရှိလာတာပါပဲ။ ကိုယ်တိုင် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားမယ်၊ ကဗျာနဲ့ ပတ်သက်လို့ လည်း စိတ်အားထက်သန်မှုရှိမယ်ဆိုရင် အင်တာနက်ပေါ်က Poetry Seminar, Poetry Workshop တွေမှာ နိုင်ငံတကာက လက်ရှိရေးသားနေတဲ့ ကဗျာဆရာတွေကိုယ်တိုင်နဲ့ အမြင်ချင်းဖလှယ် ဆွေးနွေးငြင်းခုံနိုင်တဲ့အပြင် နိုင်ငံတကာစာပေ ပွဲတော်တွေအထိ လက်လှမ်းမှီရင် သွားရောက်ဆွေးနွေးလေ့လာနိုင်ပါသေးတယ်။ ဒါဟာလည်း နည်းပညာပိုင်းဆိုင်ရာ တိုး တက်မှုနဲ့အတူ ကဗျာအရင်းအမြစ် ပြန့်ကားတိုးတက်လာမှုလည်း ဖြစ်ပါတယ်။ ကဗျာဆိုင်ရာသိမှု ဆင့်ကဲ တိုးတက် ပြောင်း လဲ လာတာနဲ့အမျှ ကဗျာဖတ်သူ လူ့အဖွဲ့အစည်းဟာလည်း တိုးတက်ပြောင်းလဲလာတာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ့်အယူ အဆနဲ့ ကိုယ်ပြောရရင် ခေတ်ပေါ်ကဗျာခေတ်ဦးတုန်းက နားလည်မှု ခက်ခဲစေခဲ့၊ အဓိပ္ပာယ်ေ၀၀ါးစေခဲ့တဲ့ ကဗျာတွေဟာ ခေတ်ပေါ်ကဗျာ နှောင်းပိုင်းမှာ နားလည်လွယ်တဲ့၊ ရှင်းလင်းတဲ့ သိမှုကို ပေးနိုင်တဲ့ ကဗျာတွေအဖြစ် ပြောင်း လဲလာခဲ့တယ်လို့ ဆိုရမှာပါပဲ။ ဒီကနေ့ ကဗျာဆရာတွေ ဖန်တီးနေတဲ့ ခေတ်ပြိုင်ဟန်ကဗျာတွေဟာလည်း အချိန်ကာလ အပိုင်းအခြားတစ်ခုမှာ ကဗျာဖတ်သူကို လွယ်ကူရှင်းလင်းသွားစေဦးမှာပဲ ဖြစ်ပါတယ်။
မြန်မာကဗျာဟာ ခေတ် အဆက်ဆက် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် အသံနဲ့ တဖြည်းဖြည်းချဲ့ထွင်လာခဲ့တဲ့ စာပေ အနုပညာတစ်ရပ်ဖြစ်ပါတယ်။ ခေတ်စနစ်ဆိုးတစ်ခုအောက်မှာ အချိန်ကြာမြင့်စွာ မွန်းကျပ်ပိတ်လှောင်ထားခံခဲ့ရပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖောက်ထွက်၊ အသစ်တည်ဆောက်ခဲ့၊ ကြိုးစားခဲ့ကြ ရပါတယ်။ ခေတ်စမ်း၊ စာပေသစ်၊ မိုးဝေ ကနေ Modern, Post Modern, LP, PLP, Neo, Conceptual, Flarf, Digital, Hybrid, Exprimental စတဲ့ ကဗျာဆိုင်ရာ နည်းနာ အရေးအသားတွေဟာ ကဗျာဆရာတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဆင့်ကဲတိုးတက်ပြောင်းလဲ ရွေ့လျားခဲ့ ကြပါတယ်။ ဒါပေမယ့် ခေတ်ပေါ်နှောင်းပိုင်း (၁၉၉၀) နောက်ပိုင်းကဗျာ အရွေ့ကတော့ အပြောင်းအလဲမြန်ဆန်တယ်၊ အတက်အကျ ကြမ်းတယ်လို့ ဆိုရလောက်အောင်ပါပဲ။ အောင်မြင်ပါရဲ့လားလို့ မေးလာရင်တော့ အပြည့်အ၀ မအောင်မြင်သေးဘူးလို့ ပြောရမယ် ထင်ပါတယ်။
 ခေတ်ပေါ်နှောင်းပိုင်းနောက်ပိုင်း ကဗျာနည်းနာအသစ်တွေ၊ ကဗျာဗေဒအသစ်တွေကို ကဗျာဆရာနဲ့ ကဗျာဖတ် သူ အနည်းငယ်လောက်ပဲ လက်ခံတယ်လို့ မြင်ပါတယ်။ သာမန်ကဗျာဖတ်သူကို မဆွဲဆောင်နိုင်တဲ့အတွက် မအောင်မြင် ဘူးလို့ ယူဆချင်တယ်။ သာမန်ကဗျာ ဖတ်သူဆိုတဲ့နေရာမှာလည်း ကဗျာဖတ်သူ (ပြည်သူ)ဟာ ခေတ်က ပေးတဲ့ အကျပ် အတည်း၊ စိတ်ပင်ပန်းမှု၊ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှု၊ လယ်မြေယာမြေပြဿနာ၊ ပညာရေးဖိနှိပ်မှု၊ အတွေးအခေါ်ပိတ်လှောင်မှု၊ အလုပ်အကိုင် အဆင်မပြေမှု၊ လုပ်အားခနည်းပါးမှု စတဲ့ အာဏာရှင်အုပ်ချုပ်သူ လူတန်းစား တစ်ရပ်က ပေးတဲ့ ဒုက္ခတွေကို နှစ်ပေါင်းများစွာ ခံစားရင်း အနုပညာခံစားနိုင်မှု `အား´ တွေ ယုတ်လျော့ခဲ့ရတယ်။ ပညာ တတ်လူတန်းစား နည်းပါးခဲ့ရတယ်။ အနုပညာဖန်တီးနိုင်စွမ်း/ ခံစားနိုင်စွမ်း မြင့်မားတဲ့သူတွေကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ဒီတော့ ခေတ်ပြိုင်အနုပညာမှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖန်တီးခံစားဖို့ မလွယ်ကူတာ၊ ကိုယ့် ကိုယ်ပိုင်အနုပညာဟန် အယူအဆအသစ်တွေနဲ့ ကမ္ဘာကို ထိုးဖောက်ဖို့ မလွယ်ကူတာတွေ ဖြစ်လာ တော့တာပါပဲ။ ဒါပေမယ့် ကိုယ့်အနုပညာကို ရပ်တန့်မနေဘဲ ရွေ့အောင် ရွှေ့နေရမှာ အနုပညာသမားတွေရဲ့ အလုပ်ပါပဲ။ ဒီကနေ့ လူငယ်ကဗျာဆရာတွေဟာ ပညာ တတ်အလွှာက ပိုမို ၀င်ရောက်လာတာကိုလည်း တွေ့ရပါတယ်။ အရင်ခေတ်များဆီက ကဗျာဆရာတွေရဲ့ လူနေမှုဘ၀ ပုံစံနဲ့လည်း ကွဲပြားခြားနားလာတယ်။ လူနေမှုဘ၀ပုံစံတွေ ကွဲပြားလာတာနဲ့အမျှ ကဗျာစကားလုံးရွေးချယ်ပုံ၊ ဖွဲ့စပ်ပုံ၊ တည်ဆောက်ပုံ၊ ကဗျာလာရာလမ်းကြောင်း၊ ကဗျာအကြောင်းအရာ စတာတွေ ကွဲပြား လာပါတယ်။ ကဗျာဆရာဟာ သူ့ပတ်ဝန်းကျင်၊ သူ့လေ့လာမှု၊ သူ့အပေါ်ရိုက်ခတ်လာတဲ့ အခိုက်ဓာတ် စတဲ့ အကြောင်း အရာတွေအပေါ် များသောအားဖြင့် သူ့ကဗျာကို တည်ဆောက်လေ့ရှိတဲ့အတွက် အချို့သောကဗျာဖတ်သူနဲ့ ဝေးကွာ သွားလေ့ ရှိတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ကဗျာဆရာဟာ သူ့ယုံကြည်ရာ အရေးအသားကို တစ်ဆင့်လျော့ချပေးလိုက်တဲ့ ကဗျာဆရာ တွေရှိသလို လုံးဝလျော့ချမပေးဘဲ ကဗျာဖတ်သူကိုသာ ရွေးချယ်ခိုင်းတဲ့ ကဗျာဆရာတွေလည်း ရှိပါတယ်။ ရှင်းရှင်းပြောရရင် ကဗျာ ဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်စဉ်းစားတဲ့ ကဗျာဆရာနဲ့ ကဗျာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်မစဉ်းစားတဲ့ ကဗျာဆရာ ပေါ့။
လက်ရှိမြန်မာကဗျာအခင်းအကျင်းကို ပြန်ကြည့်ရင်လည်း အကြမ်းအားဖြင့် ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပေါ် မဟုတ် သော ကဗျာများဆိုပြီး တွေ့နိုင်ပါတယ်။ ခေတ်ပေါ်ကတော့ ရှင်းပါတယ်။ ခေတ်ပေါ်ကဗျာရဲ့ စံသတ်မှတ်ချက်တွေနဲ့ ယေဘု ယျ လက္ခဏာတွေဟာ ခိုင်မာပြီးသား၊ အများလက်ခံပြီးသားဆိုတော့ ကဗျာအရွေ့တစ်ခုအဖြစ် နှစ်ကာလအပိုင်းအခြားနဲ့ တည်ရှိနေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့အတူ ဒီဘက်နှစ်များမှာ အပြိုင်အားကောင်းဖြစ်ထွန်းလာတဲ့ ကဗျာတွေ ကိုလည်း သတိထား မိပါတယ်။ အများစုတွေ့ရှိရတဲ့ ခေတ်ပြိင်ကဗျာတွေကတော့ Expremental, Hybrid, Collage, Lauguage, Conceptual, Prose Poetry နဲ့ အတွေ့ရနည်းတဲ့ ခေတ်ပြိုင် ကဗျာတွေကတော့ Flarf, Digital, Performance, Installation Poetry စတာ တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ခေတ်ပြိုင်ကဗျာ (Comtemporary Poetry) ဆိုတာ ပင်မရေစီး ခေတ်ပေါ်ကဗျာ အလွန် ၂၀၀၀ ၀န်းကျင်နောက်ပိုင်းများ အများဆုံး ရေးဖွဲ့လာကြတဲ့ ကဗျာအများစုကို ဆိုလိုတာပါ။ ခေတ်ပြိုင် ဆိုတဲ့ စကားလုံးကို သုံးရတာ ပြဿနာတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြိုင်ဆိုတာ အချိန်ကာလကို ပြောတာလား။ ကဗျာဆိုင်နာ နည်းနာတက္ကနိတွေကို ပြောတာလား။ လက်ရှိအချိန်မှာ အသက်အရွယ်နဲ့ မဆိုင်ဘဲ အတူ တကွဖြတ်သန်းနေတဲ့သူတွေကို ပြောတာလား စသဖြင့် မေးခွန်းတွေ ထုတ်စရာရှိနိုင်တဲ့အပြင် ပုံသဏ္ဍာန်၊ အကြောင်းအရာ၊ တင်ပြပုံ၊ ဘာသာစကားသုံးစွဲမှုပေါ်မှာလည်း မေးခွန်းတွေ များစွာရှိပါတယ်။ သြစတြေးလျကဗျာဆရာ လူးဝစ္စအာမန် ကတော့ Contemporary Poetry ဆိုတာ အချိန်ကာလတစ်ခုခု၊ ခေတ်ကာလ တစ်ခုခုအပေါ်မှာ မူတည်တာမဟုတ်ဘဲ အရေးအသား/ ပြုလုပ်မှု အနေအထား ပေါ်မှာ အမှီပြုခေါ်ဆိုတယ်လို့ ဆိုပါတယ်။ ကျွန်တော် တစ်ယောက်တည်းအနေနဲ့ ပြောရရင်တော့ ပင်မရေစီးဟန်နဲ့ ကင်းလွတ်လာတဲ့ ကဗျာအများစုကို ခေတ်ပြိုင်ကဗျာ စာရင်းထဲမှာ ထည့်ချင်ပါတယ်။ ဒါဟာ အကြမ်းထည် ဆန်ကောင်း ဆန်နိုင်ပေမယ့် အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ကွဲပြားခြားနားပိရိသေသပ်တဲ့ ခေတ်ပြိုင် ကဗျာတွေကို တွေ့လာနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
 ခေတ်ပြိုင်ကဗျာမှာတော့ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်လုံးမှာ ခေတ်ပေါ်ကဗျာဟန်ရဲ့ ဖွဲ့စည်းပုံနည်းစနစ်တွေကို အများစု ဆန့်ကျင်လာတာကို တွေ့ရပါတယ်။ ကဗျာထဲမှာ ငါ ဗဟိုပြုအရေးအသားကို ရှောင်ကြဉ်တယ်။ အကယ်၍ ကဗျာ ထဲမှာ ငါ ဆိုတာ ပါလာရင်လည်း အဲဒီ ငါဟာ ကဗျာရေးသူငါကို ရည်ညွှန်းတာမျိုး မဟုတ်ဘဲ ကဗျာထဲက ငါ ကိုသာ ဆိုလို ရင်းဖြစ်တယ်။ နောက်ပြီး ကဗျာတစ်ပုဒ်ထဲမှာ ငါ များစွာကို ထည့်သွင်း ရေးဖွဲ့ပြီး အပြိုင်အဖွဲ့တွေကို ရောနှောတင်ပြတာမျိုး အထိ တွေ့ရပါတယ်။ အဲဒါကြောင့် ခေတ်ပြိုင် ကဗျာတွေမှာ single Voice ထက် Multivoice တွေကို ပိုမိုတွေ့ရှိရပါတယ်။ ဥပမာ- ဆရာမောင်ပြည့်မင်း ရဲ့ `ယခုမှစ တစ်ဝက်ဆီ´ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ ဘယ်နေရာ ဘယ်ရှုထောင့် ကနေ ပါဝင်ပတ်သတ်နေတယ်ဆိုတာကအစ စဉ်းစားစရာပါပဲ။ ဒါ့အပြင် ကွင်းစကွင်းပိတ်ထဲက(ခင်ဗျား)ဆိုတဲ့သူဟာ ကဗျာ ဖတ်သူ လား။ အခြားတစ်စုံတစ်ယောက်လား ဆိုတာမျိုးပေါ့။
   ထပ်ပြောရရင် ခေတ်ပြိုင်ကဗျာတွေဟာ ကဗျာဆိုင်ရာ နည်းနာအမျိုးမျိုးကို ထည့်သွင်းရောစပ် ပြုလုပ်လာ တာကို လည်း တွေ့ရှိရပါတယ်။ အများစုသုံးနှုန်းကြတာတော့ Language, Concept, Collage စတာတွေကို အများဆုံး ရောစပ် အသုံးပြုပြီး ထူးခြားတဲ့ Hybrid, Expremental Poetry တွေကို ပြုလုပ်လာပါတယ်။ ခေတ်ပြိုင်ကဗျာ ရေးသူအများစုဟာ Making ကို လက်ခံယုံကြည်ကြသူတွေပါပဲ။ ကဗျာဆိုတာ ပြုလုပ်ခြင်းပဲ ဖြစ်တယ်ဆိုတာကို မကြာခဏ ပြောပါတယ်။ လက်တွေ့ဖန်တီးပြပါတယ်။ ကဗျာဆရာ လင်းရမ္မာ ရဲ့` ကားသင်္ဘော´ ဆိုတဲ့ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကနေ ရရှိလာတဲ့ သတင်းအချက်အလက်တစ်ခုနဲ့ ကဗျာကို အစပြု တည်ဆောက်လိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကရရှိတဲ့ သတင်းဆိုတာ ယုံကြည်လို့ ရနိုင်မလား။ သေချာရဲ့လား။ နောက်တစ်ခုက `ဝေလကား´ တဲ့။ ကျွန်တော်တို့ပုံမှန်ကြားဖူးနေကျစကားလုံးက ရေကျချိန် ကုန်းပေါ်မှာ တင်ကျန်နေရစ်ခဲ့တဲ့ `ဝေလငါး´။ အခု ကဗျာဆရာ သုံးထားတာက ဝေလကား ဆိုတော့ Wales ပြည်နယ်က တင်ပို့လာတဲ့ ကားများ ဖြစ်နေမလားပေါ့။ ဘာသာစကားတည်ဆောက်မှုအရ မှန်ကန်သလိုရှိနေတဲ့အပြင် ဖြစ်နိုင်ချေအမျိုးမျိုးနဲ့ ကဗျာ ဆရာဟာ ကဗျာဖတ်သူကို ပထမဆုံးစာကြောင်းမှာတင် အလုပ်လုပ်စေပါတော့တယ်။ နောက်ထပ်တွေ့ရမှာက ခေတ်ပြိုင် လူမှုအဖွဲ့အစည်းအတွင်းက ပြဿနာတွေ၊ ထိတ်လန့်အံ့သြစရာတွေကို အဆက်အစပ်မဲ့ ချိတ်တွဲယှက်ဖောက်ထားတဲ့ စကားတွေပါပဲ။ ကျွန်တော်တို့ နေ့စဉ်ကြားနေ၊ မြင်နေရတဲ့ စာသားတွေ စကားလုံးတွေကိုပဲ ကဗျာဆရာက ဆက်စပ် တည်ဆောက်ပြီး ကဗျာတစ်ပုဒ်ပြုလုပ်သွားခြင်းပါပဲ။
 နောက်တစ်ခုက ခေတ်ပြိုင်ကဗျာရေးသူတွေဟာ ဘာသာစကားရဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေကို အကျိုးရှိရှိ အသုံးပြုပြီး ကဗျာဖတ်သူကို လမ်းပြပါတယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့အနက်အဓိပ္ပာယ်ကို စုပ်ယူလိုရင်းကနေ ကဗျာ ဆရာရဲ့ ဘာသာစကားသုံးစွဲမှု၊ စကားလုံးဆော့ကစားမှု၊ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေနောက်ကိုလိုက်ရင်း ကဗျာရဲ့ အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတာမျိုးတွေ တွေ့ရပါတယ်။ ဒါဟာ ကဗျာဖတ်သူကို အလုပ်ပေးခြင်း (၀ါ) ကဗျာ ရဲ့ အပြင်ဘက်က သိမှုဆီကို အရောက်သွားစေလိုခြင်းလည်း ဖြစ်တယ်လို့ ထင်မိပါတယ်။ နောက်ထပ်မြင်မိတာက ခေတ်ပြိုင် ကဗျာတွေမှာ သုံးစွဲလေ့ရှိတဲ့ ပိုင်းစစိတ်မွှာခြင်း ( Fragmentation) နဲ့ တွဲစပ်ချိတ်ယူခြင်း (Juxtaposition) တွေ ပါပဲ။ ခေတ်ပြိုင်ကဗျာတွေဟာ Collage ပြုလုပ်ခြင်းကို စိတ်ဝင်စားတယ်။ မတူကွဲပြားခြားနားတဲ့ အကြောင်းအရာတွေ၊ မြင်ကွင်းတွေ၊ သတင်းအချက်အလက်တွေကို စုစည်းပြီး အဲဒီအရာတွေနဲ့မသက်ဆိုင်တဲ့ အကြောင်းအရာနယ်ပယ် တစ်ခုဆီ ကို အရောက် ပို့ချင်တာမျိုးကို တွေ့ရပါတယ်။
 ခေတ်ပြိုင်ကဗျာဟာ ကဗျာဖတ်သူကို အမြဲတမ်းမေးခွန်းတွေ ထုတ်တယ်။ ကဗျာရေးသူဟာ အရာရာ တစ်ထစ်ချ အမှန်တရားလို့ မယူဆဘဲ အရာရာကို သံသယအမြင်နဲ့ပဲ ကြည့်ပါတယ်။ ကဗျာဆရာဟာ သူရေးလိုက်တဲ့ အချက်အလက် တွေကို အမှန်လို့ မယူဆစေချင်ဘူး။ ကဗျာဖတ်သူ ကိုယ်တိုင်သိမှုတည်ဆောက်စေတယ်။ ပုံသဏ္ဍာန်အနေနဲ့ ပြောရရင် လည်း ခေတ်ပြိုင်ကဗျာဟာ ယနေ့လက်ရှိ အများဆုံးတွေ့နေရတဲ့ အလျားလိုက် စာမျက်နှာအပြည့်စီတဲ့ ပုံသဏ္ဍာန် ကို အများဆုံးတွေ့ရှိရပြီး အဲဒီပုံသဏ္ဍာန်ဟာ Prose Poem ကနေ မြစ်ဖျားခံတယ် လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် အဲဒီလို အလျားလိုက် အပြည့်စီလိုက်တာနဲ့ ခေတ်ပြိုင်ကဗျာ ဖြစ်သလားဆိုတဲ့ မေးခွန်းပါ။ မဆိုင်ပါဘူး။ ခေတ်ပေါ်ကဗျာမှာ သူ့ရဲ့ အလှဓာတ်ရှိသလိုပဲ ခေတ်ပြိုင်ကဗျာဟာလည်း သူ့ရဲ့ ခေတ်ပြိုင်ဖြစ်မှု သီးခြားအလှဓာတ်တွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ချို့ကဗျာဆရာတွေ လက်ရှိရေးသားနေတဲ့ ခေတ်ပြိုင်ကဗျာတွေမှာ ပုံသဏ္ဍာန်အရပဲ ပြောင်းလဲမှုရှိတဲ့ ခေတ်ပေါ်ကဗျာ တွေလည်း ရောနှောပါဝင်နေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာရဲ့ သိသာခြားနားတဲ့ အလှဓာတ် ကတော့ ဘာသာစကားအပေါ် လက်ခံသုံးစွဲခြင်းပါပဲ။ အခု ကျွန်တော် တင်ပြထားတာတွေ အားလုံးက ကျွန်တော် လေ့လာမိ သလောက် ကျွန်တော်ပြန်တည်ဆောက်ထားတဲ့ သိမှုသက်သက်ပါပဲ။ ခေတ်ပြိုင်ကဗျာဆိုတာ ဒီထက်ပိုမို ကျယ် ပြန့်နက်ရှိုင်း ပါတယ်။ ခေတ်ပေါ်ကဗျာ စတင်တည်ဆောက်စကာလမှာ ခက်ခဲပင်ပန်းခဲ့သလိုပဲ ခေတ်ပြိုင်ကဗျာလမ်းကြောင်းဟာ လွယ်ကူ ချောမွေ့လိမ့်မယ်လို့တော့ မထင်ပါဘူး။

(ခ)ေယဘုယ်လကၡဏာမ်ား

 ၁၉၆၀ အနောက်နိုင်ငံတွေမှာ မော်ဒန်ဝါဒ ကျဆုံးပြီး ပို့စ်မော်ဒန်ဝါဒတွေ ထွန်းကားတဲ့ အချိန်ကျမှ ကျွန်တော်တို့ ဆီမှာ မော်ဒန်ကို စတင်တွေ့ရှိခဲ့ပါတယ်။ မော်ဒန်(၀ါ) ခေတ်ပေါ်ကဗျာဟာ ဆရာမောင်သာနိုးဘာသာပြန်တဲ့ ထင်းရှူးပင်ရိပ်နဲ့ ဆရာ မင်းသုဝဏ်အိမ်မှာ ပြုလုပ်ခဲ့တဲ့ သပြေညိုဝပ်ရှော့ကနေ မြစ်ဖျားခံပြီး ဆက်လက်စီးဆင်းပါတယ်။ ၁၉၆၉ ခုနှစ်မှာ ဆရာမြဇင်က မော်ဒန်ကဗျာ(၀ါ) ခေတ်ပေါ်ကဗျာရဲ့ ယေဘုယျလက္ခဏာတွေကို ခေတ်ပေါ်ကဗျာ ကြေညာစာတမ်း အဖြစ် ငွေတာရီ မဂ္ဂဇင်းမှ တဆင့် အောက်ပါအတိုင်းချပြခဲ့ပါတယ်။ ခေတ်ပေါ်ကဗျာဟာ -
 ၁။ ထွေပြားတယ်။ ရိုးရိုးစင်းစင်းမဟုတ်။
 ၂။ သိပ်သည်းတယ်။ ကျဲတဲတဲမဟုတ်။
 ၃။ ကျယ်ကျယ်ဝန်းဝန်းလွှမ်းခြုံတယ်။ မကျဉ်းမြောင်း။
 ၄။ ရိပ်ကာဝဲကာပြောတယ်။ တိုက်ရိုက်မပြော။
 ၅။ ဧကန်သဘောတရားဆောင်တယ်။ ပြုအပ်တဲ့ တရားမဆောင်။
 ၆။ အကွက်သဘောဆောင်တယ်။ မျဉ်းသဘောကို မဆောင်။
 မော်ဒန်နောက်ပိုင်း ပို့စ်မော်ဒန်ခေတ်ဦးလည်းရောက်ရော မော်ဒန်တုန်းက ကျွန်တော်တို့ သိထားတာတွေ အားလုံး ဟာ ပြောင်းပြန် ဖြစ်သွားတယ်။ ကဗျာပုံသဏ္ဍာန်က ဂငယ်ပုံဖြစ်သွားတယ်။ ကဗျာထဲ ထည့်ထားတဲ့ စကားလုံးတွေ ဝါကျတွေ ကို အဲဒီ အပေါက်ကြီးထဲကနေ ကဗျာဖတ်သူက ပြန်လိုက်ကောက်ပြီး သိမှုကို တည်ဆောက်ယူရတယ်။ ကဗျာ ဖတ်သူရဲ့ အလုပ် ပိုများလာတယ်။ ခက်လာတယ်။ ကဗျာဖတ်သူကိုယ်တိုင် ဘာတွေသိထားလဲဆိုတာကိုပါ ကဗျာဆရာက ပြန်မေးခွန်း ထုတ်လာတယ်။ ဒီဘက်ပိုင်း Comtemporary တွေကျတော့ မော်ဒန်ရော ပို့မော်ဒန်ကိုပါ ဆန့်ကျင်တယ်။ စကားလုံး သုံးစွဲမှု ရိုးရှင်းအောင် အားထုတ်လာတယ။် တစ်ချို့ Hybrid တွေမှာကတော့ အားလုံးယူ သုံးတယ်။ ရောရေးတာ ရှိတယ်။ အဓိက ပြောချင်တာက မော်ဒန်ကိုနားလည်မှ ပို့စ်မော်ဒန်ကို နားလည်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်ဒန်ရဲ့ ယေဘုယျလက္ခဏာ တွေကိုသိမှ ပို့စ်မော်ဒန်က မော်ဒန်ကို ဘယ်လိုဆန့်ကျင်တာ သိမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ မော်ဒန်၊ ပို့စ်မော်ဒန်ကို သိမှ Comtemporary ကို ပိုနားလည်မှာဖြစ်တယ်။ ပို့စ်မော်ဒန်သမားတွေက ဖြစ်နိုင်ချေတွေကို တန်ဖိုးထားတယ်။ ဥပမာ တစ် ဂဏန်းကို သုံးမယ်ဆိုရင် မော်ဒန်က အဲဒီတစ်ဂဏန်းရဲ့ တစ်သီးပုဂ္ဂလဂုဏ်ရည်ကို ရည်ညွှန်းပြီး သုံးလိုက်တယ်။ ပို့စ်မော်ဒန် သမားကတော့ အဲဒီတစ်ဟာ သုညကနေ တိုးတက်တာလား။ နှစ် ကနေ လျော့သွားတာလား။ အဲဒီလို စဉ်းစားတယ်။ Hybrid တို့ Expremental တို့ကတော့ ပို့စ်မော်ဒန် နှောင်းပိုင်းကာလာတွေပေါ့။ အကြမ်းအားဖြင့် စမ်းသပ်ကဗျာတွေပါပဲ။ ရိုးရိုး ရှင်းရှင်းထပ်ပြောရရင် ခေတ်ပေါ်ကဗျာက အတွင်းကနေ အပြင်ကို ထွက်တယ်။ ခေတ်ပေါ်နောက်ပိုင်း ကဗျာအမျိုးအစား တွေကတော့ အပြင်ကနေ အတွင်းကို သွားတယ်။ တစ်ချို့ဟာတွေက စာသိထက် သညာသိ က ပိုကောင်းတယ်။ အခု ကျွန်တော်ပြောနေတာတွေကိုက ပို့စ်မော်ဒန်အယူအဆအရ စာသားတွေ၊ စကားလုံးတွေပဲ။ သိမှု မဟုတ်သေးဘူး။ တကယ့် သိမှုက ကိုယ်တိုင်ကို တည်ဆောက်ယူရတာ။ အခုဖတ်လိုက်လို့ သိလိုက်တာကို သိမှုလို့ မခေါ်သေးဘူး။ ကိုယ်တိုင် တည် ဆောက်ပြီးမှ ဒါက ဘာလို့၊ ဒါက ဘယ်လို စသဖြင့် လုပ်ယူရတာ။ ပို့စ်မော်ဒန်က ခံစားမှုထက် တည်ဆောက်မှုကို ဦးစားပေး တယ်။ မော်ဒန်မှာ အများအားဖြင့် ပုဂ္ဂိုလ်ရေးနာကျင်မှု၊ ပတ်ဝန်းကျင်၊ မေတ္တာဘွဲ့ စသဖြင့် တစ်စုံတရာကို ဦးတည်မှု ရှိတယ်။ တနည်းပြောရရင် ပန်းတိုင်ရှိတဲ့ ကဗျာတွေများခဲ့တယ်။ မော်ဒန်နောက်ပိုင်း ကဗျာတွေ ကတော့ ပန်းတိုင်ကို စိုက်ယူ ရတယ်။ ပြောရရင် ပို့စ်မော်ဒန်သမားတွေအကြိုက်ဆုံးက ဖရိုဖရဲဖြစ်မှုတွေပဲ။ မော်ဒန်ရဲ့ Form ပုံစံနဲ့ Content အကြောင်း အရာပိုင်း အားကိုးမှုကို ဆန့်ကျင်တယ်။ ပို့စ်မော်ဒန်ရဲ့ အဓိကလက္ခဏာတွေကို အကြမ်းအားဖြင့်-
 ၁။ ဖြစ်ဆဲ တည်ဆဲ ရောက်ဆဲခဏတာအချိန်လေးကို ဂရုစိုက်တယ်
 ၂။ စာသားပြေပြစ်စီးဆင်းမှုကို ဆန့်ကျင်ပြီး ပိုင်းစစိတ်မွှာဖြတ်တောက်ပစ်ရတာကို သဘောကျတယ်။
 ၃။ အဖြောင့်သဘောအဓိပ္ပာယ်တွေကို အချိုးဖျက်တယ်။
 ၄။စာသားစကားလုံးတွေကိုအထပ်ထပ်ဆင်ခြင်တယ်။
 (ဥပမာ-ရှေ့ကစကားလုံးကို နောက်စကားလုံးက ပြန်ပြီး မေးခွန်းထုတ်တာမျိုး)
၎။ မော်ဒန်ဟာ သိမှုဗေဒကို အခြေခံတယ်ဆိုရင်
ပို့စ်မော်ဒန်ဟာ အဲဒီသိမှုကနေရလာတဲ့ အရှိတရား Reality ကို အခြေခံ တယ်။

(ဂ)ခေတ်ပြိုင်ကဗျာ ဘယ်လဲ

 မြန်မာကဗျာအရွေ့အနေနဲ့ဆိုရင် ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ စတင်အားကောင်းခဲ့တဲ့ ခေတ်ပြိုင်ကဗျာရဲ့ ယေဘုယျ လက္ခဏာတွေကို စတင်သတ်မှတ်သင့်ပြီလို့ ထင်မိပါတယ်။ မြန်မာခေတ်ပြိုင်ကဗျာဟာ အသေအချာရှိခဲ့ပါတယ်။ ရှိနေပါ တယ်။ ဒါပေမယ့် ခေတ်ပြိုင်ကဗျာရဲ့ လက်ရှိသွားနေတဲ့ လမ်းကြောင်းဟာ အီ စပြုနေပြီလို့ ထင်ပါတယ်။ အခု ၂၀၁၅ ခုနှစ်ဝန်းကျင် ကဗျာရေးဖွဲ့နေကြတဲ့ လူငယ်/ လူလတ်ပိုင်း ကဗျာဆရာ တွေဟာ Modern, Post Modern, LP, PLP, Neo, Conceptual စတဲ့ ကဗျာနည်းနာတက္ကနိတွေကို ငြင်းဆန်လာတယ်လို့ ထင်ရတယ်။ ပုံသဏ္ဍာန်အရ အပြား/ လေးထောင့် ကွက် စီထားတဲ့ ကဗျာတွေ အရေးနည်းလာတယ်။ စကားလုံး/ ဘာသာစကား ဆော့ကစားမှုတွေ နည်းလာတယ်။ အဲဒီလို ရေးဟန်တွေကို ငြီးငွေ့မှု မြန်ဆန်လာတယ်လို့ ပြောရမလားပဲ။ စာကြောင်းရှည်တွေတော့ သုံးနေကြသေးတယ်။ ရိုးရှင်းမှု ဆီကို ပြန်ဦးတည်လာတယ်။ ခက်ခဲအောင် တမင်လုပ်မရေးတော့ဘဲ မတော်တဆလောက်ပဲ ပါလာတော့တယ်။ ဘာတွေ ပိုကောင်းလာသလဲလို့ ကျွန်တော့်အမြင်ပြောရရင် ကဗျာဖတ်သူဆီ ကူးစက်မှုမြန်ဆန်လာတယ်။ အကြောင်းအရာ ဆန်းသစ် မှုနောက်ကို လိုက်လာတယ်လို့ မြင်တယ်။ ဒါကြောင့် မြန်မာကဗျာအရွေ့မှာ မြန်မာခေတ်ပြိုင်ကဗျာဟာ ဘာလဲဆိုတာနဲ့ မြန်မာခေတ်ပြိုင်ကဗျာ ဘယ်လဲဆိုတာတွေအတွက် မြန်မာခေတ်ပြိုင်ကဗျာရဲ့ ယေဘုယျအချက်အလက်တွေကို မြို့တွေ အလိုက် ကဗျာဝပ်ရှော့တွေ၊ ဆီမီနာတွေ ကျင်းပပြီး ဖော်ထုတ်သင့်ပါတယ်။ အနှေးနဲ့ အမြန်ဆိုသလို ဒီကနေ့ မြန်မာကဗျာ အရွေ့ဟာ ခေတ်ပြိုင်ကဗျာကို ဆန့်ကျင်တော်လှန်ပြီး အသစ်အသစ်သော ကဗျာတွေကို စမ်းသပ်ရေးဖွဲ့ရင်း တည်ဆောက် နေကြဦးမှာပဲ ဖြစ်ပါတယ်။ နည်းပညာခေတ်ကြီးထဲမှာ ကဗျာဟာ နည်းပညာအကူအညီနဲ့ ဘယ်လို စမ်းသပ်မှုတွေ၊ ဆန်းသစ် မှုတွေနဲ့ ကြုံရဦးမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။
အဆုံးသတ်အနေနဲ့ ပြောရရင် ဒီဘက်နှစ်များ ၂၀၁၂ နှောင်းပိုင်းမှာ စာပေလွတ် လပ်ခွင့်အနည်းငယ် ပြန်ပေးလာပါ တယ်။ လွတ်လပ်ခွင့် အနည်းငယ် ရလာတဲ့အလျောက်လည်း ကဗျာဆရာတွေက သွေးတိုးစမ်းရေးကြတယ်။ ပိုမို တိုက်ရိုက် ဆန့်ကျင်ပြီး ရေးကြည့်တယ်။ ခေတ်ကာလနဲ့ ကဗျာအရွေ့အရလည်း ပင်မရေစီး ခေတ်ပေါ်ကဗျာဟာ အရင်ကထက် အလင်္ကာတွေ၊ နိမိတ်ပုံတွေ လျော့ရေးလာကြတာလည်း ပါတယ်။ ခေတ်ပေါ်/ ခေတ်ပြိုင်ကဗျာဟန် ရောထွေးမှုတွေ၊ ကဗျာ ဆိုင်ရာ နည်းနာအသစ်တွေ ပေါ်လာတယ်။ ဒါဟာ အုပ်ချုပ်သူလူတန်းစားအနေ အနည်းငယ်အလျော့ပေးမှုအပေါ်မှာ ကဗျာ ဆိုင်ရာသိမှု/ ဖြစ်ထွန်းမှုတွေ တိုးတက်လာတယ်လို့ ပြောရမှာပါပဲ။ ဘယ်လိုပဲ ကဗျာဟန်တွေ ပြောင်းလဲသွားပါစေ၊ အကြောင်းအရာတွေ ပြောင်းလဲနေပါစေ။ ပြည်သူ အလိုမရှိတဲ့၊ ပြည်သူကို မတရားဖိနှိပ်တဲ့ အစိုးရရှိနေသရွေ့၊ ပြည်သူ လိုလားတဲ့ ခေါင်းဆောင် မအုပ်ချုပ်သရွေ့တော့ ပြည်သူ့ အတွက်ဆိုတဲ့ ကဗျာတွေက ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ဒါက တစ်ပိုင်း ပါ။ ပြည်သူလိုလားတဲ့ ပြည်သူ့အရေး ရှေးရှုတဲ့ ခေါင်းဆောင်အုပ်ချုပ်ခဲ့ရင် မြန်မာစာပေနဲ့ ကဗျာလောကဟာ စာပေ တိုးတက်ရေး တစ်ခုတည်းကိုပဲ ကြည့်ပြီး ရှေ့ဆက်တိုးရမှာဖြစ်တဲ့အတွက် နိုင်ငံတကာစာပေ/ ကဗျာလောကကို ဒီထက်ပို ထိုးဖောက် ၀င်ရောက်လာနိုင်မယ်။ ကဗျာဆိုင်ရာသိမှုတွေ၊ အမြင်တွေ၊ ယဉ်ကျေးမှုတွေ ဖလှယ်လာနိုင်မယ်။ နောက်ပြီး ကဗျာဖတ်သူ ဘက်ကလည်း အာဏာရှင် အစိုးရလက်ထက်မှာ ဖိနှိပ်ထားခဲ့တဲ့ ပညာရေး အသိအမြင်တွေ ပြန်လည် နိုးကြားလာမှုနဲ့အတူ ကဗျာခံစားနိုင်စွမ်းတွေ တိုးတက်လာမယ်။ ဆန္ဒပြစရာ၊ လမ်းထလျှောက်စရာ၊ တရားရုံးချိန်း သွားစရာ မရှိတော့တဲ့အတွက် စာဖတ်ချိန်၊ ကဗျာဖတ်ချိန်တွေ ပိုရလာပါ။ ကဗျာဖတ်သူတွေရဲ့ အသိအမြင် ဗဟုသုတတွေ မြင့်မား လာတာနဲ့အမျှ ကဗျာ ရေးသားဖန်တီးသူတွေကလည်း ကဗျာအရွေ့၊ ယဉ်ကျေးမှုအရွေ့၊ နည်းပညာ အရွေ့ပေါ် မူတည်ပြီး ကဗျာအရွေ့အသစ်တွေ ဖော်ဆောင်လာနိုင်မယ်လို့ ထင်ပါတယ်။
မြန်မာကဗျာ ဆက်လက်စီးဆင်းပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းနဒီခ

ကိုးကား။
၁။ မင်းခက်ရဲ - ပို့မော်ဒန် စာပေသမိုင်း
၂။ ဇေယျာလင်း - ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာများ
၃။ နောက်ဆက်တွဲ ကဗျာများ
(၁) ယခုမှစ တ၀က်စီ - မောင်ပြည့်မင်း
(၂) ကားသင်္ဘော - လင်းရမ္မာ
(၃) နစ်မြှပ်ခြင်း - ခင်အောင်အေး


ယခုမှစ တစ်ဝက်စီ

ခင်ဗျားဗျာ ကျွန်တော့်နေရာက စဉ်းစားကြည့်ပါ
ပျော်ရွှင်နေဆဲ ဆဲဆိုခံလိုက်ရသလို
အစ်ကို ညီလေးနေရာက ခံစားကြည့်ပါအစ်ကိုရာ
မဖြစ်နိုင်တဲ့ ဘ၀နှစ်ခု သူမ ဘာလို့ ပေါင်းစပ်ချင်ရတာလဲ
(ဒီနေရာမှာ ခင်ဗျားဝင်ရပြီ)
ပြန်လည်ချေပခြင်းကြားကြီးနဲ့ ရေကိုယူ
အိုးကို မတုနဲ့ မောင်တို့ရာ
ဖြစ်တတ်တာတွေလည်း ဖြစ်ကို ဖြစ်တတ်လွန်း
မဖြစ်နိုင်တာတွေကလည်း ဖြစ်ကို ဖြစ်မလာနိုင်ပါ
( ခင်ဗျား ၀င်ပါရပြန်ပါပြီ)
ပစ်ချလိုက်ရမလား၊ ပစ်ချလိုက်ရမလား ဆိုတဲ့အသံ
ဘယ်သူတုန့်ပြန်ခဲ့ဖူးပါသလဲ
ကိုယ်က ပစ်သာ ချလိုက်စမ်းပါဗျာ၊ ပစ်သာ ချလိုက်စမ်းပါဗျာ
အဲဒီလို တုန့်ပြန်ဖူးပါရဲ့၊ ရွှေထုပ်ကြီးလိုချင်လို့ပါ
(ခင်ဗျား ၀င်ပတ်သက်ရဦးတော့မယ်)
သစ်ခုတ်သမားဟာ ဘ၀တစ်သက်တာ ဗီလိန်ပါ
လမ်းဘားဂျက်ဟာ လူကြမ်းသရုပ်ဆောင်ပါ
သားကို ဆိုင်ကယ်ကယ်ရီမလုပ်စေချင်ဘူး
သမီးကို အဲဒီဆိုင်မှာ သီချင်းမဆိုစေချင်ဘူး
ခဏလေးပါ ခဏလေးပါ
နေပွင့်လာရင် ပျော်စရာပါ
ခဏလေးစောင့်ပါ ၀င်သူများအားလုံးပျော်ရမှာ။

     မောင်ပြည့်မင်း

ကားသင်္ဘော

ဆိပ်ကမ်းမှာ သောင်တင်နေတဲ့ ဝေလကားတွေကို ယမန်နေ့ နံနက် ၉း၂၈ က အပြီးသတ် ပင်လယ်ဆီ ပြန်ပို့
Source: Facebook.com

အာခေါင်ခြစ်ပြီး ဒိုးနတ်ပေါ် ဖြူးပေးလိုက်တယ်
ရလာတဲ့ လိုအပ်ချက် အသေးစားတွေဟာ ခြေမှာ တွဲနေတဲ့ အကြီးစားဗုံးသီး
ထူးဆန်းအံ့ဖွယ် ၀က်ဘ်သတင်းတွေဟာ Google Reader ပေါ်ဆက်တိုက် ခုန်တက်နေဆဲ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
တစ်မိနစ်စာ မျက်စိမှိတ်လို့ အားပြန်ယူတိုင်း
သေဆုံးသွားတဲ့ ဆဲ ကုဋေကုဋာ
လက်မည်းကြီးဟာ ကြောက်စရာပါ
အိမ်သာတက်လည်း ငါပဲ
ရွှံ့တွေကိုင်လည်း ငါပဲ
ထမင်းစားတော့လည်း ငါပဲ
အမယ်လေး လက်မည်းကြီး လက်မည်းကြီး
မည်းနက်ပြောင်မှောင် မဟူရာ ပိတုန်းရောင် ကေသာထနေတဲ့ သူ့ဆံသားလေးတွေ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
ဇာတ်လမ်းသွား ဂိမ်းထဲက အတွဲလိုက်ထွက်လာတဲ့ ကျည်ဆံတွေ
ကိုသြဒိနိတ်ပွိုင့်တွေ အသေအချာချိန်ပြီး ခေါင်းနဲ့ပစ်တိုက်လိုက်
ခြေနဲ့ ကန်ကျောက်လိုက်
ဆိပ်ကမ်းမှာတင် သောင် နေသေးတဲ့ ဝေလကားတွေ
အ၀လွန်လာတဲ့ ကမ္ဘာကြီးမှာ သေစရာ သေရာတွေ အများကြီး
ဒီနေ့ မင်းကို ငါ သတ်ရလိမ့်မယ်
ကျော်ပစ်လည်း အလွတ်ရနေတဲ့ ဇာတ်လမ်း။

       လင်းရမ္မာ

နစ်မြှပ်ခြင်း

အရင်ဦးဆုံး ရေပူစီဖောင်းလေးတွေ မျက်စိထဲမြင်ယောင်မိတယ်
နောက် the Piano စန္ဒယားကြီးနဲ့ အတူ ဖောက်ပြန်တဲ့ မယားဖြစ်သူကို ရေထဲ နစ်မြှပ်စေတဲ့ ပြကွက်
သံတန်ချိန်ပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ Titanic
သင်္ဘောကြီး တအိအိရေထဲ နစ်သွားပုံ မြင်ကွင်းတွေဟာ သရုပ်ပေါ်လွန်းပြီး
မမြင်ရတဲ့ အဖြစ်အပျက်တွေရဲ့ နစ်မြှပ်ခြင်းခေါင်းစဉ်အောက် သွင်းယူနိုင်ဖွယ်ရာ
ကျုပ်က အ တယ်၊ န တယ်၊ ထူ တယ်၊ ထိုင်း တယ်
အဲဒီမှာ စကားပုံတွေ ကားထွက်လာတယ်
ဗူးတောင်းနစ်၍ ဇောင်းခြမ်းပေါ်တယ်တဲ့ ပတ္တမြားမှန်ရင် နွံမှာ ဘယ်နစ်မလဲ
ဝါးနဲ့သာ ကူထိုးလိုက်တော့ ရေနစ်နေသူကို အသာကလေး မယူသွားကာ
ထူးချွန်အောင်မြင်သူရဲ့ ဘ၀ဇာတ်လမ်း
ဟေ့ ဒီမှာ ရာသီဥတုအခြေအနေတွေနဲ့ စပ်လျဉ်းလာရင် ငှက်တွေကိုသာ ရွေးလိုက်ပါ
၁၀ ရက်လောက် စမ်းသုံးကြည့်ပါ နှစ်မျိုးလုံး ရှိနေတာကို နှစ်သက်ပါ
ဂျွန်ဟင်နရီဖာ့သည် ပိုးကောင်များကို ကျောက်ပန်းတောင်းနယ် ဆားတုံးရွာ ဒေါ်ဗုံတုတ် ပုရပိုက်အမှတ် ၂ အရ ကိုလှရွှေတို့က ကျွန်တော့်ကို ခင်မင်သည်ဟု ယူဆပါတယ်ဟု ယူဆပါတယ်ဟု ယူဆပါတယ် တဖြည်းဖြည်းနစ်ဆင်းသွားလိုက်တာ ပြဿနာစုံလုံးကို သိမ်းကျုံးပြီး ဆွဲနစ်လိုက်မတတ် ရေပူပေါင်းလေးတွေ ပလုံစီလိုက်ကာ လူထုနဲ့ အတော်ကို ကင်းကွာနေတဲ့အပြင် ခြေသလုံးအိမ်တိုင် တစ်ပူပေါ်နှစ်ပူ ဆင့်သတဲ့ သိပြီ လောကကြီးဟာ လုံးဝစိတ်ဝင်စားစရာ မကောင်းတဲ့အပြင် တော်တော်ပျင်းစရာကောင်းပေတာပဲ တဲ့

           ခင်အောင်အေး