Saturday, January 30, 2016

လူ​ ​မျှော်​ချင်း လန်း ​ကျောက်​စာ

လူ မျှော်ချင်း လန်း ကျောက်စာ

စာအုပ်အမည်- မျှော်ချင်းကျောက်စာ
ရေးသူ - လူလန်း
ထုတ်ဝေသည့်ကာလ- ၂၀၁၆၊ ဇန်န၀ါရီ
ထုတ်ဝေသည့်တိုက်- ကျော်မွှေး

လူလန်းဟာ ၁၉၈၇ ခုနှစ်လောက်ကတည်းက ကဗျာများကို စတင်ရေးဖွဲ့ခဲ့ပြီး ၁၉၉၅ ရောက်မှ မြားနတ်မောင် မဂ္ဂဇင်းမှာ စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ ကဗျာဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ခေတ်ပေါ်ကဗျာ ခေတ်ဦးကို ကောင်းကောင်းသိမှီလိုက်တဲ့သူတစ်ဦးဖြစ်ပြီး ခေတ်ပေါ်ကဗျာအမြောက်အမြားကိုလည်း ရေးဖွဲ့ခဲ့သူတစ်ဦးလည်း ဖြစ်တယ်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအရ သူ့ကဗျာတွေဟာ ပုံနှိပ်စာမျက်နှာနဲ့ ထိတွေ့ဆက်သွယ်မှု နည်းခဲ့ပေမယ့် သူနဲ့ ကဗျာ အဆက်အသွယ်မပြတ်တောက်ခဲ့တာ၊ ကဗျာအပေါ်ထားတဲ့ သူရဲ့ စမ်းသပ်တီထွင်လိုစိတ်နဲ့ အသစ်ဖန်တီး ရေးသား ချင်စိတ် တွေ ပြတ်တောက်မသွားခဲ့တာတော့ ၀မ်းသာစရာ ကောင်းလွန်းပါတယ်။
လူလန်းဟာ ၂၀၁၃ မှာ ပထမဆုံးကဗျာစုစည်းမှုအဖြစ် ` စက်ခေါင်းအသစ်တင်ထားတဲ့ မြို့ပတ်ရထားပေါ်မှာ လူလန်းကို တော်ပါတော့တွေနဲ့အတူ တွေ့လိုက်ပါသလား´ နဲ့ ကဗျာရှည် ၈ ပုဒ်စုစည်းထားတဲ့ `ပြောင်းတယ် လဲတယ် ဆိုတာ အမျိုးမျိုး ´ ကဗျာစာအုပ်၊ နောက် ၂၀၁၄ မှာ ဒုတိယမြောက် ကဗျာစုစည်းမှုဖြစ်တဲ့ `တင်ဆက်သူများအကြောင်း´၊ ၂၀၁၅၊ ဖေဖော်ဝါရီမှာ ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀)ပြည့် အတွက် ရည်ရွယ်ရေးသားထားတဲ့ `ကောင်းချီးသြဘာ ငိုချင်း´ ကဗျာရှည်လုံးချင်း စတဲ့ ကဗျာစာအုပ်(၄) အုပ် ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အခု ဒီစာအုပ်က ငါးအုပ်မြောက် ထွက်ရှိ လာတာဖြစ်ပြီး ကဗျာရှည် ၂ ပုဒ်လို့ ပြောရမလား။ ဒါမှမဟုတ် ကဗျာစီးရီး ၂ ပုဒ် စုစည်းမှုလို့ ပြောရမလားပါပဲ။ ကဗျာစီးရီးလို့ ဆိုရင်လည်း လူလန်းရဲ့ `မျှော်ချင်းကျောက်စာ´ ကဗျာ စီးရီးရေးဖွဲ့မှုဟာ ဆရာ ခင်အောင်အေးရဲ့ ဘီအာရ်၊ ဆရာ အောင်ခင် မြင့်ရဲ့ နိုင်ငံတော်သီချင်း၊ ဆရာ မောင်ဒေးရဲ့ ရုပ်ရှင်ကဗျာများ၊ ဆရာ ကိုထက်(ရေဦး)ရဲ့ မျက်ရည်၊ ဆရာ အောင်ပြည့်စုံရဲ့ ဂေါက်သီးရိုက်ခြင်း စတဲ့ ကဗျာစီးရီးရေးဖွဲ့မှုနဲ့ မတူညီပါဘူး။ မျှော်ချင်းနဲ့ ကျောက်စာ စတဲ့ ခေါင်းစဉ်တစ်ခုမှာ အပိုဒ်ပေါင်း/ အပုဒ်ပေါင်း ၄၀ စီနဲ့ ဖွဲ့စည်းထားတယ်။ မျှော်ချင်းကျောက်စာမှာ ကဗျာတပုဒ်ချင်းစီအဖြစ် သီးခြားစီ ဖတ်မယ် ဆိုရင်လည်း သီးခြားအဓိပ္ပာယ်တည်ဆောက်မှု တစ်မျိုးစီ ရရှိနိုင်မှာ ဖြစ်ပြီး ကဗျာပိုဒ်တွေ အဖြစ် တဆက်တည်း မနားတမ်း ဖတ်ပြီးတော့ လည်း စုစည်းထားတဲ့ အဓိပ္ပာယ်တည်ဆောက်ထားမှုကို ရနိုင်မှာ ဖြစ်ပါတယ်။
လူလန်းဟာ စမ်းသပ်မှုတွေကို စိတ်ဝင်စားသူ၊ ကဗျာအပြောင်းအလဲနဲ့ ကဗျာအရွေ့အပေါ်မှာ အမြဲတမ်း စီးမျော လိုက်ပါနေလေ့ရှိသူ၊ ကဗျာနည်းနာတက္ကနစ်တွေနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် လေ့လာနိုင်စွမ်းရှိပြီး အဆိုပါ ကဗျာနည်းနာ တက္ကနစ်တွေအပေါ်မှာလည်း မေးခွန်းထုတ် ဆန်းစစ်ပိုင်းခြားတတ်လေ့ရှိသူ တစ်ဦးဖြစ်ပါတယ်။ အခု ဒီစာအုပ်နာမည်မှာ `မျှော်ချင်း´ ဆိုတာကို တွေ့လိုက်တော့ ကျနော် အရမ်းစိတ်ဝင်စားသွားတယ်။ လူလန်းဟာ တောင်ငူခေတ်၊ ညောင်ရမ်း ခေတ် တို့ဆီမှာ ထွန်းကားခဲ့တဲ့ အန်ချင်း၊ အဲချင်း၊ တျာချင်း၊ အိုင်ချင်းတွေဆီကိုများ ပြန်သွားချင်နေပြီလား။ ဒါမှမဟုတ် ခေတ်ပြိုင်ကဗျာအရွေ့ရဲ့ အပြောင်းအလဲမြန်ဆန်မှု၊ ငြီးငွေ့လွယ်ကူလာမှုတွေအပေါ်မှာ အရွဲ့များ တိုက်ချင် လို့လား စတဲ့ မေးခွန်းတွေနဲ့ သူ့ကဗျာတွေကို စဖတ်ဖြစ်ပါတယ်။ လမ်းကြုံလို့ မှတ်သားထားရသမျှထဲက ပြန်ကောက်ရရင် အဏ်ချင်း(အန်ချင်း)ကဗျာအမျိုးအစားကတော့ စာဆိုရှင်ရဲ့ ဘ၀ကြေးမုံပြင်ကို အရိပ်ထင်ဟပ်စေတဲ့ စာပေ ရေးဖွဲ့ဟန် ဖြစ်ပါတယ်။ တျာချင်းကဗျာကတော့ တျာသံကို အခြေခံရေးဖွဲ့ရတဲ့ သီချင်းကဗျာ တစ်မျိုးဖြစ်ပြီး ညောင်ရမ်းခေတ်မှာ သက်ဦးဆံပိုင်ပဒေသရာဇ်အရေးဖွဲ့ဆိုမှုကနေ ဆင်းရဲသားပြည်သူများရဲ့ ဘ၀နဲ့ခံစားချက်များကို ဦးစားပေးဖွဲ့ဆိုတဲ့ ကဗျာ အမျိုးအစားဖြစ်ပြီး အဲချင်းကတော့ `အဲ´သံနဲ့ချီ `အဲ´ဟူသောအသံချပြီး အစုအဝေးနဲ့ ရွတ်ဆိုရတဲ့ ကဗျာအမျိုးအစား ဖြစ်ပါတယ်။ အိုင်ချင်းကဗျာမှာတော့ အရေး အဖွဲ့အားဖြင့် လေးလုံး တစ်ပိုဒ် ရကန်သွား၊ အဲချင်းကဗျာ အသွားလိုမျိုး ငါးလုံး၊ ခြောက်လုံး၊ ခုနှစ်လုံးတစ်ပိုဒ်ယူပြီး ပြန်ဂဟပ်စပ်နည်းနဲ့ ကာရန်ယူကာ ရေးသားရတဲ့ ကဗျာမျိုး ဖြစ်ပါတယ်။ အချီတွေမှာ များသောအားဖြင့်` ချစ်တဲ့ သူငယ်လေ၊ သူငယ်ချင်းကောင်း ယောင်းမတို့ရေ´ဆိုတဲ့ အာလုပ်စကားကို အဖွင့် ရေးသားတတ် ပေမယ့် အာလုပ်စကား မချီထားတဲ့ အိုင်ချင်းကဗျာတွေကိုလည်း ညောင်ရမ်းခေတ်မှာ အများအပြား တွေ့ရတယ်လို့ မှတ် သား ရပါတယ်။
အခု မျှော်ချင်းမှာ အကြောင်းအရာပိုင်းအနေနဲ့ ဘာသွားတိုက်ဆိုင်သလဲဆိုတော့ အန်ချင်းတွေမှာ တွေ့ရလေ့ရှိတဲ့ ကဗျာဆရာရဲ့ တစ်ဦးပုဂ္ဂလခံစားချက်၊ မျှော်လင့်ချက်နဲ့ အတိတ်ကာလရဲ့ဖြစ်ပျက်တည်ရှိမှုကို လွမ်းဆွတ်မှန်းမျှော်မှု။ ဒီလို ဆိုရင် လူလန်းဟာ ရေးဟန်စနစ်ကို အပြောင်းအလဲပြုလုပ်ထားတဲ့ ခေတ်ပြိုင် အန်ချင်းတစ်ပုဒ်ကို ဖွဲ့ဆိုလိုက်တာလား။ တစ်ခုတော့ ရှိပါတယ်။ လူလန်းရဲ့မျှော်ချင်းတွေဟာ သူတစ်ဦးတည်နဲ့ သက်ဆိုင်တဲ့၊ သူ့တစ်ယောက်တည်းကိုသာ ကိုယ်စား ပြုတဲ့ ပုဂ္ဂလခံစားချက်၊ မျှော်လင့်ချက်နဲ့ လွမ်းဆွတ်မှန်းမျှော်မှုတွေ မဟုတ်ပါဘူး။ သူ ရေးဖွဲ့ထားတဲ့ မျှော်ချင်းတွေဟာ ဒီကနေ့ ခေတ် အောက်ခြေလူတန်းစားတွေကို ကိုယ်စားပြုတယ်။ ကျေးလက်နေ တောင်သူလယ်သမားတို့ရဲ့ ဘ၀ကို ကိုယ်စားပြု တယ်။ ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားလူငယ်တွေကို ကိုယ်စားပြုတယ်။ နောက်ဆုံး တကမ္ဘာလုံးက တောင်းဆိုနေတဲ့ ငြိမ်းချမ်းရေး ဆိုတာကို ကိုယ်စားပြုတယ်။ ဒီကနေ့ မျက်မှောက်ခေတ်မှာ ပြည်သူလူထု တရပ်လုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းတွေကို ကိုယ်စားပြုနေပါတယ်။

`ယာ ကုန်ရင် နွား နွား ကုန်တော့ လုပ်အား
အဖေ့ခေတ်ရောက်မှ ညံ့ရမှာလား
သွားလေသူ မယ်ဒေါင်း ဆို
သူ့သမီးကို ဒေါ်စု လို ရှုမဝ
မျှော်ချင်းကို အောင်နိုင်ရေး သီချင်းလုပ် ဆိုကြ´
(မျှော်ချင်း အပိုဒ် ၇ မှ)

`အကြမ်းဖက်သူကို နှိမ်နှင်းမယ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြမ်းဖက်မယ်
အများစုအတွက် အနည်းစုကို ထိန်းချုပ်တယ် ဖျောက်ဖျက်တယ် လူတွေ သေတယ်
အမဲလိုက်သေနတ်နဲ့ ခေတ်ဟာ လွတ်နေတဲ့ ရွှေသမင် ဖြစ်တယ်
လူတွေသေတယ် မသေဘဲ ကျန်နိုင်တာ မျှော်ချင်းလား´
(မျှော်ချင်း အပိုဒ် ၂၂ မှ)

`ရောင်နီထဲ ခေါင်းလောင်းသံ ချိုဟည်း အဝေးပြေး ကျောင်းတော်များ
ရဲတိုက်ထဲ ကျီးကန်းတွေ ပျံဝဲလို့ ဖေဖော်ဝါရီဟာ
နိုင်းလောက်အထိ အမြစ်ကို လှန်စတမ်း
တစ်ယောက်တစ်လက်များပါပဲ
မျှော်ချင်းကို ဒဏ်ကြေဆေးတွေ လူးလို့ ရွှေပြည်တော် ရောင်ရမ်း´
(မျှော်ချင်း အပိုဒ် ၃၀ မှ)

`စစ်ပွဲတွေ ဆက်ဖြစ်နေရတာ
လက်နက်စက်ရုံအလုပ်သမားတွေ အတွက်ပါ´ တဲ့
စားပွဲဝိုင်းကိုယ်စီမှာ အသားစအဖြေတွေနဲ့ ဧည့်ခံလျှက်
မျှော်ချင်းဟာ မြစ်ပွားနာ ဖြစ်တယ်´
(မျှော်ချင်း အပိုဒ် ၃၈ မှ)

မျှော်ချင်း ကဗျာစုတွေဟာ ဒီကနေ့ခေတ်ကြီးရဲ့ ခေတ်ပြိုင်အာရုံခံစားမှုကို ရေးဟန်အသစ်စမ်းသပ်မှုတွေ၊ စကားလုံးအတွဲအစပ် အသစ်တွေနဲ့ ချပြတာပဲ။ ဒီထက်ပိုပြောရရင် အသစ်ဖန်တီးထားတဲ့ ခေတ်ပြိုင်အန်ချင်းတွေပဲ။ လူလန်းဟာ ရိုးရာကဗျာပုံစံကို ရေးဟန်အသစ်နဲ့ ပြန်လည် တည်ဆောက်ထားခြင်းပဲ ဖြစ်တယ်။ စကားမစပ်ထည့်ပြောရရင် အခု ၂၀၁၅ ခုနှစ်ဝန်းကျင် ကဗျာရေးဖွဲ့နေကြတဲ့ လူငယ်/ လူလတ်ပိုင်း ကဗျာဆရာ တွေဟာ Modern, Post Modern, LP, PLP, Neo, Conceptual စတဲ့ ကဗျာနည်းနာ တက္ကနိတွေကို ငြင်းဆန်လာတယ်လို့ ထင်ရတယ်။ ပုံသဏ္ဍာန်အရ အပြား/ လေးထောင့်ကွက်စီထားတဲ့ ကဗျာတွေ အရေးနည်းလာတယ်။ စကားလုံး/ ဘာသာစကား ဆော့ကစားမှုတွေ နည်းလာ တယ်။ အဲဒီလို ရေးဟန်တွေကို ငြီးငွေ့မှု မြန်ဆန်လာတယ်လို့ ပြောရမလားပဲ။ စာကြောင်းရှည်တွေတော့ သုံးနေကြ သေးတယ်။ ရိုးရှင်းမှုဆီကို ပြန်ဦးတည်လာတယ်။ ခက်ခဲအောင် တမင်လုပ်မရေးတော့ဘဲ မတော်တဆလောက်ပဲ ပါလာ တော့တယ်။ ဘာတွေ ပိုကောင်းလာသလဲလို့ ကျွန်တော့်အမြင်ပြောရရင် ကဗျာဖတ်သူဆီ ကူးစက်မှုမြန်ဆန်လာတယ်။ အကြောင်းအရာ ဆန်းသစ်မှု နောက်ကို လိုက်လာတယ်လို့ မြင်တယ်။
လူလန်းရဲ့ အရင်တုန်းက ရေးဟန်တွေဖြစ်တဲ့ အသံစီးဆင်းမှုတွေ၊ စကားလုံးတစ်လုံးချင်းစီရဲ့ သီးခြားအဓိပ္ပာယ် သက်ရောက်မှုတွေ၊ သံတူကြောင်းကွဲ လုံးကောက်တွေ၊ Fragment ပြုလုပ်ထားတဲ့ စာသားတွေ၊ အသံတူ (သို့) အဓိပ္ပာယ်တူ စကားလုံး ဆက်စပ်မှုကနေ အခြားလိုင်းတစ်လိုင်းကို ခုန်ကူးတတ်တာတေကို ဒီကဗျာစုတွေမှာ တော်တော့်ကို အနည်း အပါးသာ အသုံးပြုထားတာကို တွေ့ရပါတယ်။
များသောအားဖြင့် လူလန်း အရင်ရေးဖွဲ့ခဲ့တဲ့ ကဗျာအများစုဟာ ကဗျာဖတ်သူနဲ့ အသားကျနေတဲ့ Lyric ကဗျာ များလို ပန်းတိုင်ကို အလွယ်တကူ သွားလို့ရတာမျိုးမဟုတ်ပါဘူး။ စကားလုံးတစ်လုံးစီရဲ့ အဆင့်ဆင့်ဂယက်အနက် ခွဲဖြာထွက်ရှိမှု၊ မူလစကားလုံးရဲ့ သီးခြားအဓိပ္ပာယ်၊ သိမှုနယ်ပယ်ချဲ့ထွင်ဖို့နဲ့ ကိုယ်တိုင်ပါဝင် အားထုတ်ဖို့ ချပြထားသော စကားလုံးအခင်းအကျင်းတွေ၊ ကဗျာနဲ့ ကဗျာဖတ်သူဟာ ခံစားသူနဲ့ ဖျော်ဖြေခံ ပုံစံမျိုးမဟုတ်ဘဲ ကဗျာထဲမှာ ကဗျာ ဖတ်သူကို တသားတည်း ရှိနေစေလိုမှုတွေ၊ ကဗျာစာလုံးတစ်လုံးနဲ့ တစ်လုံးပေါ် ဒါမှမဟုတ် စာကြောင်းတစ်ကြောင်းနဲ့ တစ်ကြောင်းအပေါ် သိသိသာသာ Overlaping ပြုလုပ်ထားရှိမှုတွေ၊ ကဗျာဖတ်သူ ရယူခံစား နေတဲ့ အနေအထားတစ်ခုကို မထင်မှတ်တဲ့ လမ်းကြောင်း ပြောင်းလဲစေမှုတွေ စတာတွေနဲ့ လူလန်းဟာ သူ့ရဲ့ ပါးနပ်မှု၊ စကားလုံးကြွယ်ဝ ကျစ်လစ်မှုတွေနဲ့ အတူ ကဗျာဖတ်သူကို ကဗျာ့အပြင်ဘက်ဆွဲခေါ်သွားတတ်တဲ့ ကဗျာရေးသူ တစ်ယောက် လည်း ဖြစ်ပါတယ်။
အခု မျှော်ချင်းကျောက်စာမှာကျတော့ လူလန်းဟာ ကဗျာဖတ်သူကို အာရုံတစ်ခုတည်းကိုသာ စူးစိုက်စေလိုတဲ့ သဘောကို တွေ့ရတယ်။ ကဗျာဖတ်သူဟာ ကဗျာဆရာ ချပြထားတဲ့ မတူကွဲပြားတဲ့ လမ်းအသွယ်သွယ်ကနေ နောက်ဆုံး လမ်းဆုံးမှာ ပန်းတိုင်တစ်ခုထဲဆီကိုပဲ ပြန် ပြန်ရောက်နေတယ်။ ကဗျာဆရာဟာ ကဗျာဖတ်သူကို အာရုံပျံ့လွင့်မသွားအောင် ကဗျာတိုင်းရဲ့ နောက်ဆုံးစာကြောင်းတွေကနေ ပြန်ဆွဲ ခေါ်ယူတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင် မျှော်ချင်းဟာ ကဗျာဆရာရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ်။ ကဗျာဖတ်သူရဲ့ နောက်ဆုံးမျှော်လင့်ချက်လို့လည်း ကဗျာဆရာက ဆိုလိုချင်ဟန်တူပါတယ်။
ကျောက်စာမှာလည်း ဒီအတိုင်းပါပဲ။ လူလန်းဟာ သူ့အဘိဓမ္မာ နဲ့သူ၊ သူ့ကဗျာဆိုင်ရာသိမှုနဲ့သူ ကဗျာကို အလေး အနက်ဆင်ခြင်သုံးသပ်ပြီး ကဗျာဖြစ်ထွန်းတိုးတက်မှု လမ်းကြောင်းပေါ်မှာ အစဉ်တစိုက် ရပ်တည် ရေးဖွဲ့နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ လူလန်းဟာ ကဗျာဖတ်သူအတွက် ခက်ခဲတဲ့ ကဗျာတည်ဆောက်မှုပုံသဏ္ဍာန်ထဲနေ ကဗျာဖတ်သူ အတွက် နားလည်မှု/ သိမှု တည်ဆောက်ရတာ ရိုးရှင်းလွယ်ကူတဲ့ ကဗျာတွေဆီ ဘာဖြစ်လို့ ဦးလှည့်နေတာလဲ။ တနည်းပြောရရင် ပန်းတိုင်ကို ကဗျာဖတ်သူက တည်ဆောက်ယူရတဲ့ ခေတ်ပြိုင်ကဗျာအခင်းအကျင်းတွေထဲမှာ ပန်းတိုင်ကို တိတိကျကျ ချပေးပြီး ကဗျာဖတ်သူကို ရောက်အောင်သွားစေတဲ့ ကဗျာတွေ ဘာလို့ ရေးဖွဲ့ခဲ့တာလဲ။ ခက်ခဲတဲ့ ကဗျာ/ ပန်းတိုင်မဲ့တဲ့ ကဗျာတွေဟာ ကဗျာဖတ်သူနဲ့ အလှမ်းဝေးသွားတယ်လို့ ခံစားမိလို့လား။ ဒါမှမဟုတ် ကဗျာဆရာက ကဗျာဖတ်သူဆီ ခြေတစ်လှမ်းပြန်နောက်ဆုတ်ပေးလိုက်တာလား။ ဒီလိုပြောလို့ လူလန်းရဲ့ ကဗျာတွေဟာ ကဗျာရဲ့တန်ဖိုး၊ စံနှုန်းတွေ လျော့ချသွားတယ်လို့တော့ ကျွန်တော် မဆိုလိုပါဘူး။ ခက်ခဲတဲ့ ကဗျာတည်ဆောက်မှုအနေအထားကနေ ရိုးရှင်းလွယ်ကူပြီး နားလည်ရလွယ်ကူလာတဲ့ ကဗျာဆီ ရွေ့လာတာကိုပဲ ပြောချင်မိတာပါ။ ထပ်ပြောရရင် လူလန်းရဲ့ ကဗျာအစုအဖွဲ့တွေဟာ တစ်ပိုဒ်ချင်းစီမှာကို သီးခြားအဓိပ္ပာယ်ဖော်ဆောင်မှုတွေ ရှိနေပြီး ကဗျာတွဲအဖြစ် စုစည်းလိုက်တဲ့ အခါမှာလည်း ပြေပြစ် ညီညွှတ်မှု အလှတရားတွေ ရှိနေတာကို တွေ့ရပါတယ်။ လူလန်းရေးထိုးထားတဲ့ ကျောက်စာတွေဟာ ပြန်ဖျက်ဆီးလို့ မရနိုင်အောင်၊ ပြောင်းလဲဖန်တီးလို့ မရနိုင်အောင် ပြုလုပ်ထားတဲ့ ကျောက်စာတွေပဲ ဖြစ်တယ်။ နေ့တဓူဝ ကျနော်တို့ ရင်ဆိုင်ဖြတ်သန်းကုန်ဆုံးသွားတဲ့အချိန်ကာလတိုင်းရဲ့ အပြုအမူတွေဟာ ကျနော်တို့ ရေးထိုးလိုက်တဲ့ ကျောက်စာတွေပဲ ဖြစ်တယ်။ ကျနော်တို့ ချန်ရစ်ထားခဲ့ရမယ့် သမိုင်းပဲ ဖြစ်တယ်။ ပျော်ရွှင်ကြည်နူးစရာတွေ၊ နာကျင်ကြေကွဲစရာတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေ၊ လက်နက်ကိုင်အနိုင်ကျင့်နှိပ်စက်ဗိုလ်ကျခဲ့မှုတွေ စတဲ့ ဖျောက်ဖျက်မရတဲ့ အဖြစ်အပျက်တွေဟာ ကျောက်စာချပ်တွေအဖြစ် အချိန်ကာလက သိမ်းဆည်းထားပေးမှာဖြစ်တယ်။ နောက်လူတွေ ပြန်တူးဖော်ကြတဲ့အခါ ကျနော် တို့ ရေးထိုးခဲ့တဲ့ သမိုင်းဟာ ကျနော်တို့အကြောင်းကို ကောင်းကောင်းဆိုးဆိုး ပြန်ပြောပြနေမှာပဲ ဖြစ်ပါတယ်။

`လရောင်ထဲ မြင်းရိုင်းတွေ ခုန်ပေါက်နေတဲ့ မြင်ကွင်းဟာ တို့ရှေ့တည့်တည့်ကမ်းမှာလား
လရောင်က အမေ့လို ဆန်ဆီဆား တန်းစီ မထုတ်ဖူးခဲ့ဘူး
မမလေးလိုလည်း နေပူကြဲထဲ အစာငတ်ခံ သပိတ် မနွှဲဖူးပါဘူး
မြင်းရိုင်းတွေက အဖေ့လို ကဗျာတစ်ပုဒ်အတွက်နဲ့ ဆိတ်ဖလူးပန်းနံ့ မရှူခဲ့ရဖူးဘူး
အကိုကြီးလိုလည်း ခွပ်ဒေါင်းအလံ မ၀င့်ဖူးသေးဘူး အသစ်ကာလများ´
(ကျောက်စာ အပိုဒ် ၁ မှ)

`လူတစ်ခု ပူမှုရယ်တဲ့ အသင်္ချေဆိုလား
သာရေး နာရေးတွေ အပြင် အမျိုးဘာသာဆိုတာလည်း တရေး
ဟိုးတစ်ခါလို လိုအပ်မှ အမိန့်နာခံပေါ့
ညည ကျမ အိပ်မရတော့ဘူး အကို
အအိပ်အနေနည်းလည်း ကျောက်စာထဲ ပါရဲရင် အိုကေပါ´
(ကျောက်စာ အပိုဒ် ၃ မှ)

ဒီလိုနဲ့ပဲ ၅ နှစ်ကြာ ကာလမြစ်ဟာ တာရိုးကျော် သဲသောင်များပို့သ
မျက်နှာ အပွင့်ဆိုင်ချိန်မှာသာ အောက်ပိုင်းသေ ခြေထောက်တွေကို မေ့ထား
ဖြည်းဖြည်းသက်သာ အက်ကွဲကြောင်း လျှာတွေကို ပထမလုဘက် ဖာတယ်
ရေဗူးအခွံတွေထဲ သောက်ရေ ရှာတယ် ရေတွင်းတူးတယ် ရေကြည်နှောက်တယ်
ရေမထွက် ကျင်းဟောင်းလေးမှာ လေမရှူအလောင်းသစ်ကို မြှုပ်တယ်
ကျား မ မကွဲ ဦးခေါင်းခွံ ၅ လုံးကို ထပ်မံတွေ့ရှိတယ်´
(ကျောက်စာ အပိုဒ် ၈ မှ)

`ကမ္ဘာကြီးက ကျဉ်းတယ်ဆို မိသားစုတွေကို ညစာအတူ ပြန်စားခွင့်တွေ ပေး
ကားကြီးပေါ် ပါသွားတဲ့ သံတိုင်တံခါးတွေကို ပြန်ဖွင့်ပေး
သေနတ်ပစ်ဖောက်လွှတ်ရာက ပျံရင်းသေရတဲ့ ချိုးငှက်လေးတွေကို ပြန်လျှော်ပေး
မြို့ရှောင်လမ်းရှိရာကိုမှ မြို့ဟာ အတိအကျ ရောက်ရောက်လာရသည့်ပမာ
အသစ်တပ်ဆင်နေရ သဂြိုဟ်စက်ကြီးကို ကျောက်စာလည်း မနိုင့်တနိုင်´
(ကျောက်စာ အပိုဒ် ၁၃ မှ)

`မိသားစုလို ချန်ထားခဲ့သူကို ကျန်ရစ်သူတွေ လွမ်းလို
အမိုးအကာ မလုံမလဲနဲ့ အရိုးတင်အရေမှာ
ကျောက်စာဟာ ခိုက်ခိုက်တုန် ငန်းဖျားနေလည်း
အလံတွေမှာ အနီရောင် ကဲမြဲ ကဲလို့´
(ကျောက်စာ အပိုဒ် ၂၀ မှ)

လူလန်းဟာ သူ့ရဲ့ ` မျှော်ချင်း ကျောက်စာ´ကို ဘာသာစကားအဆောက်အဦတည်ဆောက်မှုအပေါ် အခြေခံကာ ပန်းတိုင်တစ်ခုတည်ဆောက်ဖန်တီးပြီး ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အရင်ရေးသားနေကျ ကဗျာတွေလောက် ကဗျာဖတ်သူ အတွက် ခက်ခဲမှုမရှိနိုင်လောက်ဘူး ဆိုပေမယ့် အခုကဗျာတွေကတော့ ကဗျာဖတ်သူကို သူရေးဖွဲ့ထားတဲ့ စကားလုံး တွေက ပြန်လှန်မေးခွန်းထုတ် ဦးနှောက်စားစေဦးမှာပဲ ဖြစ်ပါတယ်။ ကဗျာစကားလုံးအသုံးပြုပုံ၊ ကဗျာလိုင်းတစ်လိုင်းနဲ့ တစ်လိုင်း ကူးဆက် ချိတ်တွဲသွားပုံ၊ ခေတ်ပြိုင်ဟန်ကဗျာအရေးအသားများကြားထဲ ကျေးလက်ပြည်သူသုံး စကားလုံးများ ညှပ်ယူ ချိတ်တွဲ Collage ပြုလုပ်သွားပုံ စတာတွေဟာ ယနေ့ခေတ်ကာလအခင်းအကျင်းများကြားထဲက ကဗျာဖတ်သူကို မေးခွန်းတွေ တရစပ်ဖြေခိုင်းနေဦးမှာ ဖြစ်ပါတယ်။ ဥပမာ-

`ကိုယ့်ဆီလာတဲ့ အိပ်မက်တွေကိုတောင်မှ
စိတ်ကြိုက်ရွေးချယ်ခွင့်မရှိတဲ့ ကမ္ဘာကြီးထဲ
စောင့်ကြည့်ခံ အစေ့အနေအထားနဲ့
ငါတို့မှာ ရေသောက်မြစ် ကျန်သေးလား´

`ငှက်ကလေးတွေ မှန်ပြတင်းကို တိုးရင်းတိုက်ရင်း
ထွက်ပေါက်မှာ သွေးသံတရဲရဲ ပေစွန်းရ
နှင်းဆီဟာ ဖြူဖတ်ဖြူရော်နဲ့ လှမှာလား´

`မြင့်တက် နယ်ချဲ့ ရေနှုတ်မြောင်းများ ရှင်လား ကျမလား
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသော အလင်းများ
ဘုရား ဘုရား ကျမတို့ သတ်ဖြတ်ပစ်ခဲ့တာ အမှောင်ပါနော်´

`မအိုခင် သွေးတစက်စက်တွေ ဒယီးဒယိုင် ဖြားယောင်းနေသေးလား
တဟီးဟီးတဟားဟား ဆာလောင်ခြောက်လှန့်ကို မိဘနှစ်ပါး ခံနိုင်လို့လား
အလျားလိုက် ဘွားကနဲ ဗဟို ထိန်းချုပ်ရေးဌာနဆိုတာ မြင်မိသလား
တာဝေးပစ် ဒုံးခွင်း ဒုံးပစ်စင်လို ဝရံတာ လက်ရမ်းကို မှီလိုက်တာလား
တိကနဲ ပြတ်သွားတဲ့ ခေါင်းနောက်မှာ ဆုတံဆိပ်ပြားပါသွားတာ သေချာလား´

အဆုံးသတ်အနေနဲ့ ပြောရရင် လူလန်းရဲ့ `မျှော်ချင်းကျောက်စာ´ သူ့ရဲ့ လေ့လာဆန်းစစ်မှု၊ အားထုတ်မှုနဲ့ ကဗျာအပေါ် ချစ်မက်စိတ်၊ တီထွင်ဖန်တီးစမ်းသပ်ရေးသားလိုစိတ်တွေအပြင် ဒီကနေ့ နိုင်ငံရေးအခင်းအကျင်းအားပြိုင်မှု၊ အသွင်ပြောင်းအာဏာရှင်အစိုးရလက်အောက်က ပြည်သူ့အသံကို တူးဖော်မှု၊ ဒီကနေ့ ပြည်သူလူထုရဲ့ အနာဂတ် မျှော်လင့်ချက်နဲ့ ခေါင်းဆောင်သစ်လိုလားမှု စတာတွေကိုပါ ကဗျာတွေနဲ့ ခင်းကျင်းတင်ဆက် ပေးစေခဲ့ တာပဲ ဖြစ်ပါတယ်။ ဆရာ လူလန်း ကျန်းမာပါစေ။ ဆရာလူလန်းရဲ့ မျှော်ချင်းမှာ ဆရာလူလန်း မျှော်မှန်းထားတဲ့ ကျောက်စာ ကို ရေးထိုးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျား။

မင်းနဒီခ
၁၇၊ ၁၀၊ ၂၀၁၅

ကဗျာဆရာ မင်းနဒီခနဲ့ အင်​တာဗျူး - Perfect Magazine အယ်​ဒီတာအဖွဲ့



  • ဆရာမင်းနဒီခ  မင်္ဂလာပါ။ ပထမဆုံးစလိုက်ချင်တာက ကဗျာဆရာတစ်ယောက်အနေနဲ့ မိသားစုနဲ့ကဗျာဆရာကြားက နားလည်ဖြတ်သန်း နေထိုင်မှုကို သိချင်ပါတယ်။


 ဒီနေရာမှာ ကျွန်တော်ကံကောင်းလွန်းခဲ့ပါတယ်လို့ ပြောရမှာပါပဲ။ တကယ်တော့ မိသားစုဘ၀နဲ့ ကဗျာဆရာဘ၀ Work Life Balance ဖြစ်ဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေတစ်ရပ်ပါပဲ။ ကဗျာဆရာအပိုင်းအနေနဲ့ အရင်ပြောရရင် ကဗျာ ဆရာတစ်ယောက်အဖို့ ကဗျာရေးခြင်း၊ ကဗျာဆိုင်ရာလေ့လာခြင်း၊ အခြားစာပေဖတ်ရှုလေ့လာခြင်း၊ ကဗျာစာအုပ်ထုတ်ခြင်း၊ ကဗျာဆိုင်ရာစာပေပွဲတော်တွေမှာ ပူးပေါင်းပါဝင်ခြင်း၊ ကဗျာဆရာဘ၀မှာ ခိုင်ခိုင်မာမာ ရပ်တည်ခြင်း စတဲ့ အပိုင်းတွေပါပြီး မိသားစုဘ၀မှာတော့ ချစ်ခြင်းမေတ္တာ၊ နားလည်ဖေးမမှု၊ အလုပ်အကိုင်၊ စားဝတ်နေရေး၊ ကျန်းမာရေးစရိတ်၊ နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအ၀ိုင်းသဟဇာတဖြစ်မှုနဲ့ အနာဂတ်ပူပန်မှုကင်းဝေးရေးစတဲ့ အပိုင်းတွေလို့ အကြမ်းဖျင်း တွေးလို့ ရပါတယ်။ ကဗျာဆရာအပိုင်းအနေနဲ့ ပြောရရင် ကဗျာတစ်ပုဒ်ဖြစ်ဖို့ ကျွန်တော်တို့ အချိန်တစ်ခု ပေးရပါတယ်။ တခါတလေ ကဗျာလာဖို့ ထိုင်စောင့်ရသလို ကဗျာဆီကို ကိုယ်က သွားရတာလည်း ရှိတယ်။ အဲဒီလို အချိန်တွေမှာ ကျွန်တော်ဟာ တစ်ယောက်တည်း ထီးတည်းနေရတာ၊ တွေးတောရတာကို နှစ်သက်တယ်။ ဒါတွေကို ကျွန်တော့်ဇနီးနဲ့ သမီးက နားလည်ပေးခဲ့တယ်။ ကျွန် တော် စာရေးဖို့ ထိုင်လိုက်တာနဲ့ သမီးနဲ့ အမေက ကျွန်တော် အနှောင့်အယှက် မဖြစ်စေမယ့်နေရာ တစ်ခုမှာ သွားနေလေ့ ရှိတယ်။ နောက်တစ်ခု ကဗျာဆိုင်ရာတွေ လေ့လာဖို့၊ အခြား သိမှတ်ဖွယ်ရာ၊ ရသဆိုင်ရာ စာအုပ် စာတမ်း ၀ယ်စုရတာတွေ၊ ငွေရင်းတောင် ပြန်မရနိုင်တဲ့ ကဗျာစာအုပ်ထုတ်ခြင်းလို ကိစ္စတွေမှာ ကြုံတွေ့ရတဲ့ ငွေကြေး ဆုံးရှုံးမှုတွေ၊ ကဗျာပွဲတော်တွေ၊ အခမ်းအနားတွေမှာ လူရော စိတ်ရော ပူးပေါင်းပါဝင်မိတဲ့အခါ မိသားစုအရေး လှည့်မကြည့်မိတဲ့ နေ့ရက်တွေ စတဲ့ မိသားစု အပေါ်မှာ လျစ်လျူရှုမိသလိုဖြစ်ခဲ့တဲ့ နေ့ရက်တွေ ရှိပါတယ်။ ဒါတွေကိုလည်း မိသားစုက နားလည်ပေးတဲ့အပြင် ကိုယ့် အထွာနဲ့ကိုယ် ကဗျာဖတ်သူဆီ ပို့ပေးချင်တဲ့ ကဗျာစာအုပ်တွေအတွက် ကုန်ကျစရိတ်ကိုလည်း မနှမြောဘဲ ထုတ်ပေးခဲ့ ပါတယ်။ ဒီထက်ပိုတာကတော့ စာမရေးဖြစ်တဲ့ရက်တွေများလာရင်ကိုပဲ စာရေးဖို့ တွန်းအားပေး ပြောဆိုမှု တွေ ရှိခဲ့ပါတယ်။ ကဗျာဆရာတစ်ယောက်ရဲ့ ဇနီးဖြစ်ရတာ သူကျေနပ်ခဲ့တယ်။ သူတတ်နိုင်သလောက် ပါရမီဖြည့် ပေးတယ် လို့ ကျွန်တော် ယူဆမိတယ်။ ကျွန်တော့်အနေနဲ့ တဖက်က မိသားစုဘ၀ကိုလည်း အောင်မြင်ချင်တဲ့အခါ ကိုယ့်ရဲ့ စာရေး စာဖတ်အချိန်တွေ ကို သူတို့ အိပ်မော ကျချိန်တွေဘက်ကို တဖြည်းဖြည်းပြောင်းယူတယ်။ သူတို့နဲ့ ညနေခင်းတေ၊ွ ညဦးပိုင်းတွေ၊ အလုပ် နားရက်တွေမှာ အချိန်ပိုပေးပြီး ပျော်ရွှင်မှု တည်ဆောက်တယ်။ မိသားစုဘ၀မှာ အရေးအကြီးဆုံး ဖြစ်တဲ့ နားလည်မှုဟာ ကျွန်တော်တို့ မိသားစုကြားမှာ တကူးတက တည်ဆောက်နေစရာမလိုဘဲ အလိုလိုဖြစ်တည်နေကြတာဟာ ကျွန်တော့် ကဗျာဘ၀ကို ပိုပြီး ခိုင်မာစေခဲ့တာပဲ ဖြစ်ပါတယ်။


  • “ပိုးသားရောင် ပင်လယ်လမ်း”ကဗျာ စာအုပ်မှာ ကဗျာဖတ်သူအနေနဲ့ အပိုင်း ၃ ပိုင်းကို မြင်မိပါတယ်။ `မိုး´ကဗျာက စလို့ `မိသားစုကဖေးရဲ့ လွတ်နေသောထိုင်ခုံလေးတစ်လုံးအကြောင်း´။`ကျွန်တော်ပြောချင်တဲ့ပါးစပ်ကြီးအကြောင်း´ ကနေ `အချစ်တေးကို နားစွင့်ခြင်း´။ `နာရီစားသူများ´ ကနေ `ဘယ်ဈေးဟာသင့်အမေးလဲ`ထိ။ အဲဒါ တမင်တကာ စီစဉ် ခင်းကျင်းတင်ဆက်မှုတွေလို့ ကျွန်တော်ထင်တယ်။ အဲဒီအကြောင်း နည်းနည်းပြောပြနိုင်မလား။


 ပိုးသားရောင် ပင်လယ်လမ်းဟာ ကျွန်တော့်ရဲ့ ပထမဆုံးတစ်ကိုယ်တော် ကဗျာစုစည်းမှုစာအုပ်ပါပဲ။ ၁၉၉၇ ခုနှစ် ၀န်းကျင်လောက်တည်းက ကဗျာစာရေးခဲ့ပေမယ့် ပုံနှိပ်ဖြတ်သန်းမှုခရီးကိုတော့ ၂၀၀၅ မှ စလှမ်းဖြစ်ခဲ့ပါတယ်။ ပိုးသားရောင် ပင်လယ်လမ်းဟာ အဲဒီ ၂၀၀၅ ကနေ ၂၀၁၂ အထိ ကျွန်တော့်ကဗျာစုစည်းမှုပါပဲ။ ဒီစာအုပ်မှာ ကဗျာ စီထားပုံနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ရေးဖြစ်တဲ့ ရက်စွဲအလိုက်ပါပဲ။ တစ်ပုဒ်နဲ့တစ်ပုဒ် လွဲမယ်ဆိုရင်တောင် ရက်ပိုင်း လေးတွေလောက်ပဲ ဖြစ်လိမ့်မယ်။ ကဗျာဖတ်သူအနေနဲ့ မြင်မိတဲ့ အခန်း ၃ ခန်းဆိုတာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ပြောင်းလဲသွားတဲ့ ကျွန်တော့် ရေးဟန်ပြောင်းလဲမှုများ ဖြစ်နေမလားပဲ။ ၂၀၀၅ မှာ ဆရာ မောင်ကြည်သာ (တောင်တွင်း) နဲ့ ဆရာမောင်စိုးသစ် (မန္တလေး)တို့နဲ့ စတင်မိတ်ဆွေဖြစ်ခွင့်ရခဲ့တော့ ကျွန်တော်ရေးထားတဲ့ ၂၀၀၅ ရှေ့ပိုင်းကဗျာတွေ ပြဖြစ် တယ်။ အဲဒီမှာ ဆရာတို့က ဘာပြောလဲဆိုတော့ ` မင်းနဒီခ တဲ့ မောင်ရင့် ကဗျာတွေက ကဗျာဖြစ်နေပါပြီကွ တဲ့။ မဂ္ဂဇင်းပို့ဖို့ပဲ ကျန်တော့ တယ်´ `မဂ္ဂဇင်းပို့တယ်ဆိုတဲ့နေရာမှာလည်း ဘယ်မဂ္ဂဇင်းက ဘယ်လို ကဗျာတွေ နှစ်သက်တယ်၊ ဘယ်မဂ္ဂဇင်းက နိုင်ငံရေး အားသန်တဲ့ ကဗျာကြိုက်တယ်၊ ဘယ်မဂ္ဂဇင်းက အနုအလှ အဖွဲ့အနွဲ့လေးတွေ ကြိုက်တယ် စသဖြင့် အကြံပေးတယ်။ ပြီးတော့ ကဗျာကို ရေးတာကိုတော့ ကြိုက်သလိုရေး၊ မဂ္ဂဇင်း ကိုတော့ ရွေးပြီးပို့ တဲ့။ ဒီလိုနဲ့ ကျွန်တော်လည်း ရေးပြီးသားထဲ က ကဗျာလေးတွေ ကိုယ်တိုင်လည်းရွေး၊ ဆရာတွေ ကိုလည်း ရွေးပေးဖို့ တောင်းဆိုပေါ့။ အဲဒီမှာ ဆရာတွေက ဘာပြောလဲ ဆိုတော့ `မောင်ရင့် အရင်ရေးပြီးသား ကဗျာတွေကို အမှတ်တရသာ သိမ်းထားလိုက်တော့´။ ကဗျာက ရွေ့နေပြီ။ ပင်မ ရေစီး ခေတ်ပေါ်ကဗျာကနေ အခြား ကဗျာအရွေ့တစ်ခုကို စနေပြီ ဆိုတာ ဆရာတွေက မြင်တယ်။ အဲဒီတော့ သူတို့ အနှစ် နှစ် အလလ စုဆောင်းထားတဲ့အထဲက ဖတ်သင့်တဲ့ စာအုပ်အဟောင်းတွေ၊ ကဗျာဆိုင်ရာစာတမ်းတွေ၊ စာအုပ်တွေ ပေးဖတ် တယ်။ ထွက်လာတဲ့ ကဗျာ စာအုပ်အသစ်တွေ၊ ကဗျာဆိုင်ရာစာအုပ်တွေကိုလည်း ကျွန်တော်တို့ ၀ယ်ကြတယ်။ ၂၀၀၅ ကနေ ၂၀၁၂ အထိ ကျွန်တော့်အပေါ် လွှမ်းမိုးခဲ့တဲ့ စာအုပ်တွေကို ပြန်ကြည့်ရင် ၂၀၀၅မှာ` အလှပဆုံးစကားလုံး၊ L=A=N=G=U=A=G=E P=O=E=T=R=Y နှင့် အခြားကဗျာဗေဒများ (ဇေယျာလင်း)၊ တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော် ဒန် အနုပညာဆီသို့ (အောင်ခင်မြင့်)၊ ၂၀၀၆ မှာ သရဖူဆောင်းပါးများ (ဇော်ဇော်အောင်)၊ အနန္တကို မလိုချင်ဘူး ကြာသ ပတေးကိုပဲ လိုချင်တယ် (ဇေယျာလင်း)၊ ၂၀၀၇ မှာ အဓိပ္ပာယ်မဲ့ပြဇာတ်(အောင်ခင်မြင့်)၊ ဂျွန်အက်ရှ်ဘရီ နိဒါန်း၊ ကဗျာရေးသူ ကို ထုတ်လုပ်ခြင်း(ဇေယျာလင်း)၊ အဲဒီကျွန်းမြို့လေးမှာ မြေပုံအပြောင်းအလဲနဲ့ (မောင်ယုပိုင်)၊ ၂၀၀၉ မှာ သူပဲအကြမ်း သူပဲ အချော (မိုးဝေး)၊ ချားလ် ဘန်းစတိုင်းန် အင်တာဗျူး/အရေးအသားများ၊ ကဗျာဘ၀ရှာတော်ပုံ( ဇေယျာ လင်း)၊ ၂၀၁၁ မှာ ကင်းရှင်းတဲ့စိတ်ရဲ့ နှုတ်တိုက်ချပေးမှု စာကြောင်းရေ လေးဆယ့်ငါ့း(ခင်အောင်အေး)၊ ၂၀၁၂ မှာ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာများ စတဲ့ စာအုပ်တွေဟာ ကျွန်တော့်အပေါ်မှာ အလွှမ်းမိုးခဲ့ဆုံးပါပဲ။ ဒါကြောင့် ကျွန် တော့် `ပိုးသားရောင် ပင်လယ်လမ်း´ ကဗျာစုစည်းမှုဟာ နှစ်ကာလအလိုက် ကျွန်တော့်အပေါ် ရိုက်ခတ်လွှမ်းမိုးတဲ့ ကဗျာ ဆိုင်ရာစာအုပ်တွေ၊ ကဗျာအရေးအသားတွေကြောင့်ပဲ စာအုပ်တစ်အုပ်ထဲမှာကို မတူညီတဲ့ ရေးဟန်တွေနဲ့ ကွဲပြား နေတယ် လို့ ဆိုရမယ် ထင်ပါတယ်။


  • နောက် ၂၀၁၄၊ နိုဝင်ဘာ မှာ ထွက်ရှိလာတဲ့ “ပလတ်စတစ်ဆာဂျရီ” ကဗျာစာအုပ်အကြောင်းနဲ့ ဆရာမင်းနဒီခရဲ့ အပြင် နေထိုင်မှုဘဝကနေ ကဗျာတစ်ပုဒ်ဖန်တီးမှု ချဉ်းကပ်ပုံနဲ့ ဆရာ့ရဲ့ မည်သို့ ရွေ့လျားခဲ့ပုံကို သိချင်ပါတယ်။ ကဗျာတစ်ပုဒ် ရေးသားမှုမှာ ခံစားမှု နဲ့ idea ကို ဘယ်လိုတွဲစပ်သုံးပါသလဲ။ သို့မဟုတ် ခံစားမှု အလျင်အတိုင်း ချရေးပါသလား။ idea ကိုပဲ အဓိက ထားသုံးပါသလား။


 `ပလတ်စတစ်ဆာဂျရီ´ က `ပိုးသားရောင်ပင်လယ်လမ်း´ ရဲ့အဆက်လို့ ပြောရင်ရမယ်ထင်တယ်။`ပိုးသားရောင် ပင်လယ်လမ်း´မှာ မထည့်ဖြစ်ခဲ့တဲ့ ကဗျာအနည်းငယ်ကလွဲလို့ ၂၀၁၂ ကနေ ၂၀၁၄ အတွင်း ရေးဖြစ်ခဲ့တဲ့ ကဗျာ စုစည်းမှု ပါပဲ။ ဒီစာအုပ်ထဲက ကဗျာတွေနဲ့ ရေးဖြစ်တဲ့ ရက်စွဲတွေအရ ကြည့်ရင် ကျွန်တော့်အနေနဲ့ ပင်မရေစီး ခေတ်ပေါ် ကဗျာဟန်နဲ့ ရေးတဲ့ကဗျာတွေနဲ့ ပင်မရေစီးခေတ်ပေါ်ကဗျာဟန်နဲ့ ကွဲပြားနေတဲ့ ကဗျာတွေဆိုပြီး နှစ်ပိုင်းကွဲထွက်နေမယ်ထင်တယ်။ တစ်ချို့ကဗျာတွေမှာ ပင်မရေစီးဟန်နဲ့ ရေးဖြစ်ခဲ့ပြီး ကျန်တဲ့ ကဗျာအများစုကတော့ Contemporary Poetry အောက်က Experimental, Hybrid, Collage, Conceptual စတဲ့ ခေတ်ပြိုင်ကဗျာနည်းနာတွေကို မသိစိတ်နဲ့ရော၊ သိစိတ်နဲ့ပါ အသုံးပြု ခဲ့တယ်လို့ ပြောရမှာပါပဲ။ သေချာတာကတော့ ဖွဲ့စပ်ကဗျာတွေရော၊ ပင်မှည့်ကဗျာတွေရော ရောနှောပါဝင်ခင်းကျင်းထားတဲ့ ကဗျာစာအုပ် တစ်အုပ်ပါပဲ။ ကဗျာအများစုရဲ့အကြောင်းအရာကတော့ ဒီကနေ့ကျွန်တော်တို့အပေါ်လာရိုက်ခတ်တဲ့ လူမှုရေး၊ နိုင်ငံရေး အခင်းအကျင်းကို ကဗျာတစ်ပုဒ်အဖြစ် တည်ဆောက်ပြုလုပ်ခြင်းပါပဲ။ ဒီနေရာမှာ ကိုယ့်အပေါ်လာရိုက်ခတ်တဲ့ အကြောင်းအရာကို ဘယ်လိုရေးမလဲ၊ ဘယ်လိုတည်ဆောက်ပြုလုပ်မလဲဆိုတဲ့ အပိုင်းတွေ ပါလာတယ်။ တစ်ချို့ကဗျာ တွေကတော့ စ၀င်လာတည်းက ခေတ်ပေါ်ကဗျာရဲ့ ရစ်သမ်တွေ၊ နမိတ်ပုံတွေနဲ့ စာကြောင်းတစ်ကြောင်းချင်းစီအလိုက် ပထမတစ်ကြောင်းပြီးရင် နောက်တစ်ကြောင်းအလိုလိုလိုက်တဲ့ Expressionism ဆန်ဆန်ရေးဖွဲ့လို့ရအောင်ကို အစီအစဉ် တကျ ၀င်ရောက်လာတယ်။ `ငြိမ်းချမ်းရေးမိခင်´၊ ` ဒီကဗျာကို ကျွန်တော်ဆက်ရေးမယ်´၊`အငေး´၊ `နှင်းဆွတ်ဆွတ် လမ်း´၊`ရန်ကုန်´၊ `ပိုးပိုး (သို့မဟုတ်)ဆိုမိတဲ့ သီချင်း´ စတဲ့ကဗျာတွေဟာ အဲဒီလိုနည်းနဲ့ ချက်ချင်း ချရေးဖြစ်ခဲ့တဲ့ ကဗျာတွေပါပဲ။ ကဗျာတစ်ပုဒ်အဖြစ် ပြီးဆုံးသွားပြီလို့ သတ်မှတ်လိုက်တဲ့အခါမှာတောင် အသံအချိတ် အဆက်၊ နိမိတ်ပုံ ယူထားပုံ၊ စာကြောင်းလိုင်းပိုင်းဖြတ်ပုံတွေကအစ ပြန်ပြုပြင်စရာမလိုလောက်အောင်ကို စနစ်တကျ ရရှိခဲ့တဲ့ ကဗျာမျိုး တွေပေါ့။ `တိရိစ္ဆာန်ဥယျာဉ်သွားရအောင်´၊`အရုပ်တွေနဲ့ကစား´၊ `မိမိပျောက်ဆုံးခြင်း´၊ `တယ်လီဖိုးဘီးယား´၊ `ကျီးကန်း နှစ်ကောင်နဲ့ တနင်္ဂနွေနေ့လည်ခင်း ကိုယ်အလုပ်ရှုပ်နေပုံ´ စတဲ့ ကဗျာတွေကျတော့ အဲဒီလို မဟုတ်တော့ဘူး။ အသေအချာ ပြန်တည်ဆောက်ယူရတယ်။ စာသားလိုင်းစီဖြတ်တောက်ပုံ၊ ကော်လာ့ဂ်ျပြုလုပ်ခံမူလ စာသားရှာဖွေမှု၊ ကောက်ရစာသား ထည့်သွင်းမှု စတာတွေကအစ ကဗျာတစ်ပုဒ်လုံးကို အစအဆုံး ဖျင်လိုက်ဖျက်လိုက် ပြန်တပ်ဆင်လိုက်နဲ့ ကိုယ်စိတ်ကျေနပ် လောက်တဲ့ ကဗျာဖြစ်မှုတစ်ခုဖြစ်တဲ့အထိ တည်ဆောက်ရတယ်။ `မင်းနဒီခ ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် ကဗျာများ အတွက်´ ကဗျာဆိုရင် ကုန်စည်ပြပွဲတစ်ခုမှာ ကားရောင်းပြပွဲတစ်ခုက ပေးတဲ့ ကြော်ငြာပန်းဖလက်ပေါ်က ကားနဲ့ ပတ်သက် တဲ့ စာသားတွေနေရာမှာ ကဗျာဆိုင်ရာစကားလုံးတွေ အစားထိုးပြုလုပ်ပြီး တည်ဆောက်ထားတဲ့ ကဗျာဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်စီသွားရာလမ်းကတော့ ကျွန်တော့်စိတ်အခြေအနေနဲ့ ကဗျာရောက်ရှိ လာရာလမ်းအမျိုးမျိုးပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲရေးဖွဲ့ဖြစ်ပါတယ်။ အကြမ်းဖျင်းပြောရရင် ခံစားမှုကလာတဲ့ ကဗျာတွေကို ပင်မရေစီး ခေတ်ပေါ်ကဗျာဟန် နဲ့ အများဆုံးရေးဖွဲ့ဖြစ်ပြီး Idea ကလာတဲ့ ကဗျာအပေါ်မှာတော့ Contemporary နည်းနာတွေနဲ့ ပိုမိုဖွဲ့စပ်ဖြစ်ပါတယ်။


  • ဆရာ မင်းနဒီခ အနေနဲ့ ကဗျာတစ်ပုဒ်ရေးသားဖြစ်မှုနဲ့ တစ်ခြားကဗျာဆရာများရဲ့ ကဗျာစာအုပ်တွေပေါ် ချဉ်းကပ် ဆောင်ပါး ရေးသားမှုနဲ့ ဘယ်လိုကွာခြားပါသလဲ။ ကဗျာချဉ်းကပ်ဆောင်ပါများကနေ ကိုယ် မရေးဖြစ်သေးတဲ့ ကဗျာ/ ရေးဖို့ တည်ထား တဲ့ ကဗျာတွေ ဒါမှမဟုတ် ရေးလက်စ ကဗျာတွေ အပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိပါသလဲ။


 တော်တော်ကွာတယ်လို့ ပြောရမှာပါပဲ။ ကိုယ်ရေးတဲ့ ကဗျာတစ်ပုဒ်အပေါ်မှာ ကိုယ်နဲ့ပဲ တိုက်ရိုက် သက်ဆိုင် တယ်။ ကျွန်တော် အာရုံခံစားလို့ ရသလို၊ ကျွန်တော်နှစ်သက်သလို ကဗျာကို ရေးလို့ ရတယ်။ ကိုယ့် သိမှုရှိသလောက် ကဗျာကို တည်ဆောက်ရေးဖွဲ့လိုက်ရုံနဲ့ ကဗျာအဖြစ် အဆုံးသတ်လို့ရတယ်။ ကဗျာကောင်းခြင်း၊ ဆိုးခြင်းကတော့ ကျွန်တော်နဲ့ ကဗျာဖတ်သူပဲ သက်ဆိုင်တယ်။ ကဗျာစာအုပ်ဆောင်းပါးတွေကျတော့ အဲဒီလို မရဘူး။ တစ်ချို့ကဗျာ စာအုပ်တွေဆိုရင် ကျွန်တော့်လေ့လာသိမှုအားနည်းနေတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့ ကဗျာအမျိုးအစားတွေ ပြန်လေ့လာရတယ်။ ကဗျာထဲမှာ သုံးထားတဲ့ အသုံးအနှုန်း၊ စကားလုံးတွေ ကအစ အသေအချာပြန်ပြီး နားလည်မှု/သိမှု တည်ဆောက်ယူရတယ်။ ကျွန်တော် ကဗျာမှတ်စုဖိုင်တွေ ပြန်ဖွင့်ရတယ်။ အရေးခံ ကဗျာဆရာရဲ့ နောက်ခံလူမှုဘ၀၊ ကဗျာဖြတ်သန်းမှု၊ ကဗျာအပေါ်စိမ့်ဝင်မှု၊ ကဗျာဆရာရဲ့ အနာဂတ်ကဗျာပြုလုပ်နိုင်မှု အလားအလာ။ ပြောရရင် ကဗျာစာအုပ်ထဲက ကဗျာကိုတင်မဟုတ်ဘူး။ ကဗျာ ဆရာရဲ့ အတိတ်နဲ့ ရှေ့ဆက်ဖြစ်နိုင်ချေကိုပါ ကျွန်တော့်ဆောင်းပါး ဖတ်သူကို အသိပေးချင်တယ်။ တကယ်ဆို ကဗျာစာအုပ် ခံစားမှုပဲ ပြောပြော၊ ဖတ်ညွှန်းပဲပြောပြော၊ ကဗျာစာအုပ်ချဉ်းကပ်သုံးသပ်မှုပဲဆိုဆို ကျွန်တော်အတွက်ကတော့ ကြောက် ကြောက်နဲ့ ရေးခဲ့ရတာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မြင်းထိန်းငတာလို ပုဆိုးတစ်ကွင်းလက်ဆောင်ပေးပြီး နောက်မရေး ပါနဲ့ကွာလို့ အပြောခံရမလား။ ဒါမှမဟုတ် ကျွန်တော့်သိမှုအတိုင်းအတာအနည်းငယ်နဲ့ ရေးမိတဲ့ ဆောင်းပါးတစ်ပုဒ်ဟာ ကဗျာစာအုပ်ထဲက ကဗျာတွေရဲ့ ထူးခြားလေးနက်မှုကို သိမ်ငယ်သွားစေမလား စတဲ့ အတွေးတွေဟာ ဆောင်းပါးတစ်ပုဒ် ရေးမိတိုင်း ကျွန်တော့်ကို ခြောက်လှန့်ပါတယ်။ ဒီလိုဆောင်းပါးတွေဆိုတာ ကဗျာဖြတ်သန်းမှု ရင့်ကျက်မှု၊ ကဗျာဆိုင်ရာ နည်းနာဗေဒတွေကို ကျွမ်းကျင်မှု၊ နိုင်ငံတကာ ကဗျာဗေဒတွေနဲ့ နှိုင်းယှဉ်သုံးသပ်နိုင်မှု၊ အကောင်းအဆိုး ဝေဖန်သုံးသပ်နိုင်မှု စတဲ့ ကဗျာစာပေပညာရှင်ပိုင်းကသာပိုပြီး လုပ်သင့်တဲ့ အနေအထားပါ။ ဒါဆို ဘာဖြစ်လို့ ကျွန်တော်လုပ်တာလဲ။ ကျွန်တော် ၀ါသနာပါလို့ လုပ်တာပါလို့ ဖြေချင်ပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ ကဗျာစာအုပ်တွေရဲ့ ကဗျာဆရာတွေဟာ ကျွန်တော်နဲ့ ထိတွေ့ရင်းနှီး ဆက်ဆံဖူးတဲ့သူတွေ၊ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်နှစ်သက်ဖူးတဲ့ကဗျာတွေဖြစ်ပြီး ကဗျာဆရာရဲ့ ဖြစ် တည်မှုနဲ့ ဘ၀ကိုလည်း အသေအချာသိထားတဲ့သူတွေပဲ များပါတယ်။ ကျွန်တော်မရေးရဲ/ မရေးနိုင်တဲ့ ကဗျာစာအုပ်တွေ အများကြီးပါပဲ။ ဒါကြောင့် ကျွန်တော်ရေးဖြစ်တဲ့ကဗျာစာအုပ်ခံစားမှုဆောင်းပါးတိုင်းမှာ အသေအချာလေ့လာ အားထုတ်ပြီး ကဗျာဆရာနဲ့ ကဗျာကို ပေါ်လွင်အောင်၊ ကဗျာဖတ်သူစိတ်ထဲ ကဗျာစာအုပ်ထဲက ကဗျာတွေ ကူးစက်သွားအောင်၊ တနည်း ပြောရရင် ကျွန်တော့်သိမှု ကြွက်တစ်ထွာလောက်ကို ဝေမျှပေးတဲ့သဘောပါပဲ။ ဒီလိုဆောင်းပါးတွေ ရေးသားမှုက ကျွန်တော် ရဲ့ ကဗျာပြုလုပ်မှု အနေအထားမှာ ကောင်းတဲ့ သက်ရောက်မှုတွေပဲ ပေးပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ထွက်သမျှ ကဗျာစာအုပ်တွေကို တစ်ပုဒ်မှ မလွတ်တမ်းဖတ်ဖြစ်စေတယ်။ ဖတ်ပြီးရင်လည်း အသေအချာ အားထုတ်ပြီး အဓိပ္ပာယ် နားလည်မှု၊ ကဗျာဆိုင်ရာသိမှုတစ်ခုခုကို တွေးတောမိစေတဲ့အတွက် မိမိကိုယ်တိုင် ကဗျာရေးသားရာမှာလည်း အသေအချာ ပြန်စိစစ် သုံးသပ်ပြီးမှ ကဗျာတစ်ပုဒ်ကို အဆုံးသတ်မိစေတဲ့အတွက်ပါ။

  • ကဗျာချဉ်းကပ်ဆောင်းပါးတွေ ရေးဖြစ်တဲ့အခါ ဘယ်လို ကဗျာအမျိုးအစားတွေကို လက်တွေ့ပါသလဲ။ ရေးခဲ့သမျှ ကဗျာ စာအုပ် ချဉ်းကပ်ဆောင်းပါးတွေမှာ ဘယ်ကဗျာစာအုပ်ကို အားအရဆုံးဖြစ်ပါသလဲ။ ဘာကြောင့် အားရကျေနပ်မှု ဖြစ်ခဲ့သလဲ ဆိုတာ ဖြေပေးစေချင်ပါတယ်။


 ဘယ်ကဗျာစာအုပ်ကို အားအရဆုံးဖြစ်သလဲဆိုတာထက် ဘယ်ကဗျာစာအုပ်က ပိုအားစိုက်ထုတ်ရေးခဲ့ရသလဲ ဆို တာပဲ ဖြေချင်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဖတ်ရခက်ခဲတဲ့ ကဗျာတွေအများဆုံး ထည့်သွင်းထားတဲ့ ကဗျာစာအုပ်တွေ ပါ ပဲ။ ပြောရရင် ပင်မရေစီးခေတ်ပေါ်ကဗျာနောက်ပိုင်း ခေတ်ပြိုင်ကဗျာရေးဟန်အများဆုံး စုစည်းထားတဲ့ ကဗျာစာအုပ် တွေလို့ ပြောရမလားပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခေတ်ပြိုင်ကဗျာ (Contemporary Poetry) ဟာ ဒီဘက်ခေတ် ကဗျာဆရာ အများစုရေးဖွဲ့လာတဲ့ရေးဟန်တစ်ခုပြီး ခေတ်ပြိုင်ကဗျာနည်းနာတွေဟာလည်း ကဗျာဖတ်သူကို အလုပ်များစွာ လုပ်စေ တယ်။ ကဗျာထဲမှာ ကဗျာဖတ်သူကိုယ်တိုင် ထဲထဲဝင်ဝင် ပူးပေါင်းအားထုတ်စေတယ်။ အဲဒီလိုကဗျာတွေကို သေသေချာချာ ဖတ်ဖို့၊ ဆောင်းပါးထဲမှာ ကောက်နှုတ်ဖော်ပြဖို့အတွက်ဆိုရင် ကျွန်တော့် သိမှုအနည်းငယ်နဲ့ မလုံလောက်ဘူး။ အဲဒီတော့ လိုအပ်တဲ့ စာအုပ်စာတမ်းတွေ ကျွန်တော် ပြန်ရှာရတယ်။ လေ့လာရတယ်။ လေ့လာပြီး အဲဒီကဗျာဆိုင်ရာနည်းနာတွေကို နားလည်မှု/သိမှု တည်ဆောက်ရတယ်။ ရလာတဲ့ နားလည်မှု/ သိမှုနဲ့ ကဗျာကို ပြန်ချဉ်းကပ်ပြီး ဆောင်းပါးထဲမှာ ကိုးကား ထုတ်နှုတ်ဖော်ပြရတယ်။ ပြောရရင် ကျွန်တော်အတွက် ခက်ခဲတဲ့ ကဗျာစာအုပ်တိုင်းဟာ ကျွန်တော့်အတွက် သိမှုတစ်ခု တိုးစေတဲ့အတွက် ပိုကျေနပ်အားရမိတယ်လို့ ပြောပါရစေ။


  • ခေတ်ပြိုင်ကဗျာ နဲ့ပက်သက်ပြီး နည်းနည်းပြောပေးလို့ ရမလား။ ခေတ်ပြိုင်ကဗျာလို့ သိသာစေတဲ့ အချက်အလက်တွေ ရှိပါ သလား။ ခေတ်ပြိုင်ဆိုတာ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူမှုရေး အခင်းအကျင်းတွေကို Form နဲ့ရေးတာ၊ ဥပမာ စာလုံးလိုင်းစီခြင်း၊ ကဗျာ အပြား FORM လုပ်ခြင်း တွေကို ခေတ်ပြိုင်လို့ ခေါ်ပါသလား။ ခေတ်ပြိုင်ကဗျာတွေ ကဗျာဖတ်သူနဲ့ ရင်းနှီးလာဖို့ အချိန်ဘယ်လောက်ကြာဦးမလဲ။


 အများစုတွေ့ရှိရတဲ့ ခေတ်ပြိုင်ကဗျာတွေကတော့ Experimental, Hybrid, Collage, Language, Conceptual, Prose Poetry နဲ့ အတွေ့ရနည်းတဲ့ ခေတ်ပြိုင် ကဗျာတွေကတော့ Flarf, Digital, Performent, Installation Poetry စတာ တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ခေတ်ပြိုင်ကဗျာ (Contemporary Poetry) ဆိုတာ ပင်မရေစီး ခေတ်ပေါ်ကဗျာ အလွန် ၂၀၀၀ ၀န်းကျင်နောက်ပိုင်းများ အများဆုံး ရေးဖွဲ့လာကြတဲ့ ကဗျာအများစုကို ဆိုလိုချင်တာပါ။ ခေတ်ပြိုင် ဆိုတဲ့ စကားလုံးကို သုံးရတာ ပြဿနာတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြိုင်ဆိုတာ အချိန်ကာလကို ပြောတာလား။ ကဗျာဆိုင်နာ နည်းနာတက္ကနိတွေကို ပြောတာလား။ လက်ရှိအချိန်မှာ အသက်အရွယ်နဲ့ မဆိုင်ဘဲ အတူတကွဖြတ်သန်း နေတဲ့သူတွေကို ပြောတာလား စသဖြင့် မေးခွန်းတွေ ထုတ်စရာရှိနိုင်တဲ့အပြင် ပုံသဏ္ဍာန်၊ အကြောင်းအရာ၊ တင်ပြပုံ၊ ဘာသာစကား သုံးစွဲမှုပေါ်မှာလည်း မေးခွန်းတွေ များစွာရှိပါတယ်။ သြစတြေးလျကဗျာဆရာ လူးဝစ္စအာမန်ကတော့ Contemporary Poetry ဆိုတာ အချိန်ကာလတစ်ခုခု၊ ခေတ်ကာလ တစ်ခုခုအပေါ်မှာ မူတည်တာမဟုတ်ဘဲ အရေးအသား/ ပြုလုပ်မှု အနေအထားပေါ်မှာ အမှီပြုခေါ်ဆိုတယ်လို့ ဆိုပါတယ်။ ကျွန်တော် နားလည်သလိုပြန်ပြောရရင်တော့ ပင်မရေစီးဟန်နဲ့ ကင်းလွတ်လာတဲ့ ကဗျာအများစုကို ခေတ်ပြိုင်ကဗျာ စာရင်းထဲမှာ ထည့်ချင်ပါတယ်။ ဒါဟာ အကြမ်းထည် ဆန်ကောင်း ဆန်နိုင်ပေမယ့် အချိန်ကာလကြာမြင့်လာတာနဲ့အမျှ ကွဲပြားခြားနားပိရိသေသပ်တဲ့ ခေတ်ပြိုင်ကဗျာတွေကို တွေ့ လာနိုင်မယ် လို့ မျှော်လင့်မိပါတယ်။
 ခေတ်ပြိုင်ကဗျာမှာတော့ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်လုံးမှာ ခေတ်ပေါ်ကဗျာဟန်ရဲ့ ဖွဲ့စည်းပုံ နည်းစနစ် တွေကို အများစု ဆန့်ကျင်လာတာကို တွေ့ရပါတယ်။ ကဗျာထဲမှာ ငါ ဗဟိုပြုအရေးအသားကို ရှောင်ကြဉ်တယ်။ အကယ်၍ ကဗျာထဲမှာ ငါ ဆိုတာ ပါလာရင်လည်း အဲဒီ ငါဟာ ကဗျာရေးသူငါကို ရည်ညွှန်းတာမျိုး မဟုတ်ဘဲ ကဗျာထဲက ငါ ကိုသာ ဆိုလိုရင်းဖြစ်တယ်။ နောက်ပြီး ကဗျာတစ်ပုဒ်ထဲမှာ ငါ များစွာကို ထည့်သွင်း ရေးဖွဲ့ပြီး အပြိုင်အဖွဲ့တွေကို ရောနှော တင်ပြတာမျိုးအထိ တွေ့ရပါတယ်။ အဲဒါကြောင့် ခေတ်ပြိုင် ကဗျာတွေမှာ single Voice ထက် Multivoice တွေကို ပိုမို တွေ့ရှိရပါတယ်။ ခေတ်ပြိုင်ကဗျာတွေဟာ ကဗျာဆိုင်ရာ နည်းနာအမျိုးမျိုးကို ထည့်သွင်းရောစပ် ပြုလုပ်လာတာ ကို လည်း တွေ့ရှိရပါတယ်။ အများစု သုံးနှုန်းကြတာတော့ Language, Concept, Collage စတာတွေကို အများဆုံး ရောစပ်အသုံးပြုပြီး ထူးခြားတဲ့ Hybrid, Experimental Poetry တွေကို ပြုလုပ်လာပါတယ်။ ခေတ်ပြိုင် ကဗျာရေးသူ အများစုဟာ Making ကို လက်ခံယုံကြည်ကြသူတွေပါပဲ။ ကဗျာဆိုတာ ပြုလုပ်ခြင်းပဲ ဖြစ်တယ် ဆိုတာကို မကြာခဏ ပြောပါတယ်။ လက်တွေ့ဖန်တီး ပြပါတယ်။ နောက်တစ်ခုက ခေတ်ပြိုင်ကဗျာရေးသူတွေဟာ ဘာသာစကားရဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေကို အကျိုး ရှိရှိ အသုံးပြုပြီး ကဗျာဖတ်သူကို လမ်းပြပါတယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့ အနက်အဓိပ္ပာယ် ကို စုပ်ယူလိုရင်းကနေ ကဗျာ ဆရာရဲ့ ဘာသာစကားသုံးစွဲမှု၊ စကားလုံး ဆော့ကစားမှု၊ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေ နောက်ကိုလိုက်ရင်း ကဗျာရဲ့ အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတာမျိုးတွေ တွေ့ရပါတယ်။ ဒါဟာ ကဗျာဖတ်သူကို အလုပ်ပေးခြင်း (၀ါ) ကဗျာရဲ့ အပြင်ဘက်က သိမှုဆီကို အရောက်သွားစေလိုခြင်းလည်း ဖြစ်တယ်လို့ ထင်မိပါတယ်။
 နောက်ထပ်မြင်မိတာက ခေတ်ပြိုင်ကဗျာတွေမှာ သုံးစွဲလေ့ရှိတဲ့ ပိုင်းစစိတ်မွှာခြင်း ( Fragmentation) နဲ့ တွဲစပ် ချိတ်ယူခြင်း (Juxtaposition) တွေပါပဲ။ ခေတ်ပြိုင်ကဗျာတွေဟာ Collage ပြုလုပ်ခြင်းကို စိတ်ဝင်စားတယ်။ မတူကွဲပြား ခြားနားတဲ့ အကြောင်းအရာတွေ၊ မြင်ကွင်းတွေ၊ သတင်းအချက်အလက်တွေကို စုစည်းပြီး အဲဒီအရာတွေနဲ့မသက်ဆိုင်တဲ့ အကြောင်းအရာနယ်ပယ် တစ်ခုဆီကို အရောက်ပို့ချင်တာမျိုးကို တွေ့ရပါတယ်။ ခေတ်ပြိုင်ကဗျာဟာ ကဗျာဖတ်သူကို အမြဲတမ်းမေးခွန်းတွေ ထုတ်တယ်။ ကဗျာရေးသူဟာ အရာရာ တထစ်ချ အမှန်တရားလို့ မယူဆဘဲ အရာရာကို သံသယ အမြင်နဲ့ပဲ ကြည့်ပါတယ်။ ကဗျာဆရာဟာ သူရေးလိုက်တဲ့ အချက်အလက်တွေကို အမှန်လို့ မယူဆစေချင်ဘူး။ ကဗျာ ဖတ်သူ ကိုယ်တိုင် သိမှုတည်ဆောက်စေတယ်။ ပုံသဏ္ဍာန်အနေနဲ့ ပြောရရင်လည်း ခေတ်ပြိုင်ကဗျာဟာ ယနေ့လက်ရှိ အများဆုံး တွေ့နေရတဲ့ အလျားလိုက် စာမျက်နှာ အပြည့်စီတဲ့ ပုံသဏ္ဍာန်ကို အများဆုံး တွေ့ရှိရပြီး အဲဒီပုံသဏ္ဍာန်ဟာ Prose Poem ကနေ မြစ်ဖျားခံတယ်လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် အဲဒီလို အလျားလိုက် အပြည့်စီလိုက်တာနဲ့ ခေတ်ပြိုင် ကဗျာ ဖြစ်သလားဆိုတဲ့ မေးခွန်းပါ။ မဆိုင်ပါဘူး။ ခေတ်ပေါ်ကဗျာမှာ သူ့ရဲ့ အလှဓာတ် ရှိသလိုပဲ ခေတ်ပြိုင်ကဗျာဟာလည်း သူ့ရဲ့ ခေတ်ပြိုင်ဖြစ်မှု သီးခြားအလှဓာတ်တွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ချို့ကဗျာဆရာတွေ လက်ရှိရေးသားနေတဲ့ ခေတ်ပြိုင်ကဗျာတွေမှာ ပုံသဏ္ဍာန်အရပဲ ပြောင်းလဲမှုရှိတဲ့ ခေတ်ပေါ်ကဗျာတွေအဖြစ်လည်း ရောနှောပါဝင်နေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာရဲ့ သိသာခြားနားတဲ့ အလှဓာတ် ကတော့ ဘာသာစကားအပေါ် လက်ခံ သုံးစွဲခြင်းပါပဲ။ ဥပမာ-(ဆရာ)ဇေယျာလင်း၊ လူဆန်း၊ လူလန်းတို့ရဲ့ ကဗျာတွေကို ဖတ်ကြည့်ရင် ဘာသာစကားဆန်းပြားစွာ သုံးစွဲထားတာတွေ၊ ဘာသာစကား လက်တစ်လုံးခြား လုပ်တာတွေ၊ ဘာသာစကားအပေါ် မေးခွန်းထုတ်ထားတာတွေ အများကြီးကို ဖတ်မိမှာပါ။ အခု ကျွန်တော် ပြောတာတွေအားလုံးက ကျွန်တော် လေ့လာမိသလောက် ကျွန်တော်ပြန် တည်ဆောက်ထားတဲ့ သိမှုသက်သက်ပါပဲ။ ခေတ်ပြိုင်ကဗျာဆိုတာ ဒီထက် ပိုမိုကျယ်ပြန့် နက်ရှိုင်းပါတယ်။ ခေတ်ပေါ်ကဗျာ စတင်တည်ဆောက်စကာလမှာ ခက်ခဲပင်ပန်းခဲ့သလိုပဲ ခေတ်ပြိုင်ကဗျာ လမ်းကြောင်းဟာ လွယ်ကူချောမွေ့လိမ့်မယ်လို့ တော့ မထင်ပါဘူး။


  • ကျွန်တော်တို့နိုင်ငံမှာကောင်းသော အုပ်ချုပ်သူ လူတန်းစားအသစ်ပြောင်းလဲသွားရင် (ဥပမာ- အများမျှော်လင့်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်ခဲ့ရင်) ဘယ်လိုကဗျာမျိုးတွေ ထွက်လာမလဲဆိုတာ စိတ်ဝင်စားပါတယ်။ ဆရာ ကိုယ်တိုင်ရော ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလဲ။ ဘယ်လို အကြောင်းအရာတွေ ရေးဖြစ်လာနိုင်မလဲ။


 အခု ဒီဘက်နှစ်များ ၂၀၁၂ နှောင်းပိုင်းမှာ စာပေလွတ် လပ်ခွင့်အနည်းငယ် ပြန်ပေးလာပါတယ်။ လွတ်လပ်ခွင့် အနည်းငယ် ရလာတဲ့အလျောက်လည်း ကဗျာဆရာတွေက သွေးတိုးစမ်းရေးကြတယ်။ ပိုမို တိုက်ရိုက် ဆန့်ကျင်ပြီး ရေးကြည့်တယ်။ ခေတ်ကာလနဲ့ ကဗျာအရွေ့အရလည်း ပင်မရေစီး ခေတ်ပေါ်ကဗျာဟာ အရင်ကထက် အလင်္ကာတွေ နိမိတ်ပုံတွေ လျော့ရေးလာကြတာလည်း ပါတယ်။ ခေတ်ပေါ်/ ခေတ်ပြိုင်ကဗျာဟန် ရောထွေးမှုတွေ၊ ကဗျာဆိုင်ရာ နည်းနာ အသစ်တွေ ပေါ်လာတယ်။ ဒါဟာ အုပ်ချုပ်သူလူတန်းစားအနေ အနည်းငယ်အလျော့ပေးမှုအပေါ်မှာ ကဗျာဆိုင်ရာသိမှု/ ဖြစ်ထွန်းမှုတွေ တိုးတက်လာတယ်လို့ ပြောရမှာပါပဲ။ ဘယ်လိုပဲ ကဗျာဟန်တွေ ပြောင်းလဲသွားပါစေ၊ အကြောင်းအရာတွေ ပြောင်းလဲ နေပါစေ။ ပြည်သူ အလိုမရှိတဲ့၊ ပြည်သူကို မတရားဖိနှိပ်တဲ့ အစိုးရရှိနေသရွေ့၊ ပြည်သူလိုလားတဲ့ ခေါင်းဆောင် မအုပ်ချုပ်သရွေ့တော့ ပြည်သူ့ အတွက်ဆိုတဲ့ ကဗျာတွေက ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ပြည်သူလိုလားတဲ့ ပြည်သူ့အရေး ရှေးရှုတဲ့ ခေါင်းဆောင်အုပ်ချုပ်ခဲ့ရင် မြန်မာစာပေနဲ့ ကဗျာလောကဟာ စာပေတိုးတက်ရေး တစ်ခုတည်းကိုပဲ ကြည့်ပြီး ရှေ့ဆက်တိုးရမှာဖြစ်တဲ့အတွက် နိုင်ငံတကာစာပေ/ ကဗျာလောကကို ဒီထက်ပို ထိုးဖောက် ၀င်ရောက်လာနိုင်မယ်။ ကဗျာဆိုင်ရာသိမှုတွေ၊ အမြင်တွေ၊ ယဉ်ကျေးမှုတွေ ဖလှယ်လာနိုင်မယ်။ နောက်ပြီး ကဗျာဖတ်သူ ဘက်ကလည်း အာဏာရှင် အစိုးရလက်ထက်မှာ ဖိနှိပ်ထားခဲ့တဲ့ ပညာရေး အသိအမြင်တွေ ပြန်လည်နိုးကြားလာမှုနဲ့အတူ ကဗျာခံစားနိုင်စွမ်းတွေ တိုးတက်လာမယ်။ ဆန္ဒပြစရာ၊ လမ်းထလျှောက်စရာ၊ ရုံးချိန်းသွားစရာမရှိတော့တဲ့အတွက် စာဖတ်ချိန်၊ ကဗျာဖတ်ချိန်တွေ ပိုရလာပါ။ ကဗျာဖတ်သူတွေရဲ့ အသိအမြင် ဗဟုသုတတွေ မြင့်မားလာတာနဲ့အမျှ ကဗျာ ရေးသားဖန်တီးသူတွေကလည်း ကဗျာအရွေ့၊ ယဉ်ကျေးမှုအရွေ့၊ နည်းပညာ အရွေ့ပေါ်မူတည်ပြီး ကဗျာအရွေ့တွေ ဖော်ဆောင်လာနိုင်မယ်လို့ ထင်ပါတယ်။


  • ခြောက်လုံးပတ်ကဗျာစာအုပ်နဲ့ ပတ်သက်လို့ ပါဝင်ရေးသားခဲ့တဲ့ ကဗျာဆရာတစ်ယောက်အနေနဲ့ ဘယ်လို ခံစားမှုတွေ၊ ၀င်စားမှုတွေ ရှိခဲ့သလဲ။ ပြီးတော့ မန္တလေးကဗျာ ပတ်ဝန်းကျင်အရွေ့ ကရော ဆရာ့ကို ဘယ်လို တို့ထိရိုက်ခတ် မြည်ဟီး စေခဲ့ပါသလဲ။


 မြန်မာကဗျာလောကမှာ ကဗျာဆရာတစ်ယောက်နာမည်ပြောလိုက်တာနဲ့ အခြားတစ်ယောက်ကိုပါ တွဲမြင်ရသည် အထိ တပူးတွဲတွဲချစ်ခင်ပေါင်းသင်းကြတဲ့ ကဗျာဆရာအတွဲတွေ အများကြီးရှိပါတယ်။ ဥပမာ- ဇေယျာလင်းလို့ ပြောလိုက်ရင် မိုးဝေး ကိုပါ တွဲမြင်ကြပါတယ်။ ရာမျိုးလို့ ပြောလိုက်ရင် သားဦး ကိုပါ တွဲမြင်ကြတယ်။ အဲဒီလိုပါပဲ။ ခြောက်လုံးပတ် ကဗျာ စာအုပ်ဟာ မန္တလေးကဗျာလောကမှာ ရှိနေတဲ့ ကဗျာဆရာ (၃)တွဲ စုစည်းမှုပါပဲ။ မန္တလေးမှာ စံညိမ်းဦးလို့ ပြောရင် ခင်ဇော် မြင့်ကို တွဲမြင်တယ်။ ထွဏ်းသွေးအိမ် လို့ပြောရင် မိုးရင့်ကြယ်ပါ မြင်တယ်။ အဲဒီလိုပဲ မောင်နိုင်လင်းဆိုရင် မင်းနဒီခ ပါလာ တယ်ပေါ့။ ဒီစာအုပ်က ကဗျာစုစည်းမှုထက် လူစုစည်းမှုလို့ ပြောရင်ပိုမှန်မလားပဲ။ တစ်ခုရှိတာက ဆယ်စုနှစ်တစ်ခုအတွင်း မှာရှိတဲ့မန္တလေးကဗျာမျိုးဆက်တစ်ဆက်ရဲ့ကဗျာရေးဟန်အပြောင်းအလဲ၊ ကဗျာတည်ဆောက်ပုံနဲ့ ကဗျာအကြောင်းအရာ၊ ရေးသူရှုထောင့် စတဲ့ မတူကွဲပြားမှုအလှတရားကိုတော့ ခြောက်လုံးပတ်မှာ ကြားရမှာ ဖြစ်ပါတယ်။


  • ပန်းချီပြပွဲတွေမှာ ဆရာ့ကို မကြာခဏတွေ့ဖြစ်တော့ တစ်ခုလောက်မေးချင်ပါတယ်။ ကဗျာဆရာတစ်ယောက်အနေနဲ့ ပန်းချီကားတွေဟာ ဆရာရဲ့ ကဗျာရေးသားတည်ဆောက်မှုနဲ့ ကဗျာအပေါ် ဘယ်လောက်ထိ ပြုစားမှုရှိပါသလဲ။ ဘယ်လို thinking မျိုးကို ရရှိစေသလဲ။


 ပန်းချီအနုပညာကို ကျွန်တော်အရမ်းစိတ်ဝင်စားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာနဲ့ယှဉ်ရင် ဘယ်တော့မှ နောက်ကျမကျန်ခဲ့တဲ့ခေတ်ပြိုင်အနုပညာဟာ ကျွန်တော်တို့ဆီမှာ ပန်းချီတစ်ခုပဲ ရှိပါတယ်။ ပန်းချီဟာ အမြင်အာရုံ သက် သက်နဲ့ လူမျိုး ဘာသာမရွေး ကူးစက်ခံစားဖို့ လွယ်ကူတယ်။ ကြားခံမီဒီယာမလိုဘူး။ ကဗျာမှာတော့ အဲဒီလိုမဟုတ်ဘူး။ ကဗျာမှာ အားကိုးစရာ စကားလုံးပဲရှိတယ်။ ပုံသဏ္ဌာန်ပိုင်းမှာ ကျွန်တော်တို့ ဘယ်လောက်သစ်နိုင်မှာလဲ။ အခုထိ ကဗျာဟာ ဘာသာစကားကို ကြားခံမီဒီယာအဆင့်ထိ ကျွန်တော်တို့ သုံးစွဲနေရတုန်းပါပဲ။ ဒါကြောင့် ပန်းချီပြပွဲတွေ၊ ပန်းချီကားတွေဆီ မကြာခဏ ကျွန်တော်ရောက်ဖြစ်တယ်။ ကျွန်တော်သိမှု ရှိသလောက်နဲ့ ကျွန်တော် အာရုံခံစားတယ်။ အနုပညာတစ်ခုဟာ အခြား အနုပညာတစ်ခုအဖြစ် ပုံသဏ္ဌာန်ကူးစက်ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်ယုံတယ်။ တကယ်ဆို ပန်းချီနဲ့ ပတ်သက်လို့ ကျွန်တော့်သိမှုက ဘာမှမရှိပါဘူး။ ဒါပေမယ့် ပန်းချီကားတွေကြည့်ပြီး ပန်းချီကားနဲ့ မသက်ဆိုင်တဲ့ (မသက် ဆိုင်ဘူးလို့ ထင်ရတဲ့) ကဗျာတွေ ကျွန်တော် ရခဲ့တာ ရှိပါတယ်။ ကျွန်တော့်အတွက် ပန်းချီနဲ့ ကဗျာကို ပထမဆုံး ကူးလူးခံစား တတ်စေခဲ့တာ ခင်ဝမ်းရဲ့ စိတ္တဇပန်းချီ စာအုပ်ပါပဲ။ ဒီစာအုပ်ကနေ ပန်းချီကားတစ်ချပ်ရဲ့ Key ဟာ ဘာလဲ။ ကဗျာတစ်ပုဒ်ရဲ့ Key ဟာ ဘာလဲဆိုတာ နားလည်ခဲ့ရတယ်။ အခု ကျွန်တော်တို့ ခေတ်ပြိုင်ကဗျာတွေထဲမှာ အသုံးပြုနေတဲ့ Abstract, Collage, Expressionism, Surrealism, Conceptual, Documentation, Minimalism စတဲ့ နည်းနာတက္ကနစ်တွေဟာ ပန်းချီမှာ အထင်ရှားဆုံးနဲ့ အစောဆုံး အသုံးပြုခဲ့ကြပြီးပြီ။ ကျွန်တော်တို့်ဆီမှာ အခုထိ အသစ်လုပ်နေတုန်းပဲ ရှိသေးတယ်။ ဒါကြောင့် ပန်းချီနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေ ကျွန်တော်လက်လှမ်းမှီသလောက် ၀ယ်ဖြစ်တယ်။ လေ့လာ တယ်။ အဲဒီကနေ ရလာတဲ့ သိမှုတွေဟာ ကျွန်တော့် ကဗျာရေးမှု/ ကဗျာမြောက်မှုတွေမှာ တနည်းမဟုတ် တနည်းနဲ့ လွှမ်းမိုး ရိုက်ခတ်မှု ရှိနေမှာ အမှန်ပါပဲ။ အကောင်အထည်ဖော်နိုင်တဲ့ အတွေးစိတ်ကူးမျိုး ရရှိတာထက် အကောင်အထည် ဖော်မပြ နိုင်တဲ့ ဥာဏ်အလင်းပွင့်မှုတစ်ချို့တလေတော့ ရရှိစေတယ်လို့ ပြောရမလားပါပဲ။


  • နောက် ဆရာက စကားပြေတွေ၊ အက်ဆေး တွေလည်း ရေးဖွဲ့နေသူတစ်ယောက်ဖြစ်တဲ့အတွက် ကဗျာနဲ့စကားပြေကြားမှာ ဆရာ့ရဲ့ ကူးလူးဖန်တီးဖြစ်တဲ့ အခန်း ကဏ္ဍကိုလည်း သိပါရစေ။


 စကားပြေတွေ၊ အက်ဆေးတွေ ရေးဖြစ်တာကတော့ အဓိကအားဖြင့် စိတ်အား၊ လူအား ရှိနေတတ်တဲ့အခါမျိုးမှာ ပိုရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော်နေ့စဉ်ရင်ဆိုင်ဖြတ်သန်းနေရတဲ့ နှစ်ဆယ့်လေးနာရီထဲမှာ ကဗျာအဖြစ်လာရိုက်ခတ်တဲ့ အာရုံ ၀င်စားမှုတွေ ရှိသလို စကားပြေ၊ အက်ဆေးအထိ ဖြန့်ရေးနိုင်မှ ပြည့်စုံမယ့် အခိုက်ဓာတ်ကလေးတွေလည်း ကြုံရပါတယ်။ ဥပမာပြောရရင် ပိတောက်ပင်ကြီးကို ရည်းစားစကားပြောခဲ့ရတဲ့ ` ဧပရယ်ပိတောက်ဖူး ရည်းစားဦး´လို၊ အခန်းလေးထဲ တစ်ယောက်တည်း လွမ်းဆွတ်ခြောက်ခြားတိတ်ဆိတ်မှောင်မဲမှုကို ရင်ဆိုင်နေရတဲ့ `တည်ခိုခန်း´လို၊ သုံးမရတော့တဲ့ ဒင်္ဂါး ပြားတွေ ရှာတွေ့မိတဲ့`ရေတွင်းဟောင်းကြီး´လို စတဲ့ စကားပြေတွေဟာ ကျွန်တော့်အတွက် ကဗျာနဲ့ မလုံလောက်လို့ စကား ပြေအဖြစ် ပြောင်းလဲတင်ပြမိတဲ့ အရေးအသားတွေပါပဲ။ ဒီနေရာမှာလည်း ကျွန်တော့်အပေါ် လွှမ်းမိုးထားတဲ့ စကားပြေ၊ ၀တ္ထု၊ အက်ဆေးဆရာတွေကတော့ ကိုငြိမ်း(မန္တလေး)နဲ့ နေမျိုးပါပဲ။ ကဗျာဓာတ်ခမ်းခြောက်လို့ပဲဖြစ်ဖြစ်၊ ကဗျာရေးရတာ ငြီးငွေ့ လာလို့ပဲဖြစ်ဖြစ် အဲဒီဆရာနှစ်ယောက်ရဲ့ ၀တ္ထုတိုတွေ၊ စကားပြေ အက်ဆေးတွေ ကောက်ဖတ်လိုက်တာနဲ့ စကားပြေတွေ ၊ အက်ဆေးတွေ ရေးချင်စိတ် ပြန်ပြန်ပေါ်လာပါတယ်။


  • အဆုံးသတ်မေးခွန်းအနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုကဗျာမျိုးတွေနဲ့ ဖြတ်သန်းဖို့ Planning ချထားတာတွေ ရှိပါသလား။ နောက်ပြီး ဒီရက်ပိုင်း ကိုယ်ရေးပြီး ကိုယ်ကြိုက်တဲ့ ကဗျာတစ်ပုဒ်လောက် ဖော်ပြပေးပါ။


 မရှိပါဘူး။ ကဗျာကို အကန့်အသတ်တစ်ခုထဲမှာ ချောင်ပိတ်မထားချင်ပါဘူး။ ကျွန်တော်ရေးချင်တဲ့ အကြောင်း အရာကို အဲဒီအချိန်မှာ ကျွန်တော်တင်ပြချင်တဲ့ ရေးဟန်နဲ့ ရေးဖို့ပဲ စိတ်ကူးထားပါတယ်။ ကဗျာနဲ့ပတ်သက်လို့ လေ့လာစရာ တွေက အတိတ်မှာရော အနာဂတ်မှာပါ အများကြီး ရှိနေပါတယ်။ ကဗျာဆိုင်ရာလမ်းကြောင်းတွေကလည်း အများကြီးပဲ။ ကဗျာကို ခင်ဗျားရွေးချယ်စရာမလိုပါဘူး။ ကဗျာက ခင်ဗျားကို ရွေးချယ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ကဗျာ ဆိုတဲ့ လမ်းကြောင်းပေါ်မှာ ရေရှည် ဘယ်လောက်ထိ ဆေးသားခိုင်ခိုင်နဲ့ ရပ်တည်နိုင်မလဲ၊ ကဗျာအပေါ် ဘယ်လောက် ရိုးသားနိုင်သလဲ၊ ကဗျာနဲ့ ဘယ်လောက်ထိ လက်တွဲထားနိုင်မလဲဆိုတာကတော့ အချိန်ကာလက အဆုံးအဖြတ် ပေးသွား မှာပဲ ဖြစ်ပါတယ်။ ကဗျာဟာ တာတိုပြေးလမ်းမဟုတ်ပါဘူး။ ကဗျာဟာ ဘ၀တစ်ခုလုံး အားသွန်ခွန်စိုက် နှစ်ပြီး ပြေးသွား ရမယ့် တာဝေးပြေးလမ်းဖြစ်ပါတယ်။ ဘယ်သူ ဘယ်လောက် ပြေးနိုင်မလဲ။ ခင်ဗျား တစ်မိုင်ပြေးရင် ကဗျာဆိုတဲ့ ပန်းတိုင် ကလည်း တစ်မိုင်ထပ်ပြေးမှာပဲ။ ကဗျာကို ခင်ဗျား Planning ချမှတ်ထားလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကဗျာဟာ ရွေ့နေလို့ပါပဲ။
 ကိုယ်ရေးပြီး ကိုယ်ကြိုက်တယ်ဆိုတာထက် ကိုယ်ရေးပြီး ခင်ဗျားတို့ကို ဖတ်ကြည့်စေချင်လို့ မကြာခဏ သတိရ နေမိတဲ့ ကဗျာတစ်ပုဒ်ရှိပါတယ်။ `တွေ့သည် ကဗျာ´ လို့ခေါင်းစဉ်ပေးထားပါတယ်။ ကဗျာကို တွေ့သလားလို့ ကျွန်တော့်ကို ပြန်ဖြေပေးပါ။ မေးခွန်းအားလုံးအတွက် ကျေးဇူးတင်ပါတယ်ဗျာ။

တွေ့သည်ကဗျာ

ခြားနှင့်လိုင်းများအတွက် အပြောင်းအလဲလုပ် အသုံးပြုပုံ သို့မဟုတ် ထို့ကြောင့်အသစ်အဓိပ္ပာယ်ကိုပေးခြင်း စာသားထည့်သွင်း သို့မဟုတ် ပယ်ဖျက်အားဖြင့် အခြားသတင်းရင်းမြစ်များမှစကားလုံးများ စာပိုဒ်တိုများနှင့်
တခါတရံ တစ်ခုလုံးကျမ်းပိုဒ်ယူပြီး ကဗျာအဖြစ်သူတို့ကို re framing ဒါကြောင့်အနုပညာအဖြစ်
ကန့်ကွက်ကြောင်းမေးခွန်း, အ လေ့လာသူ, အ ဗေဒပတ်ဝန်းကျင်နှင့် အနုပညာသည် အဘယ်သို့၏ အဓိပ္ပာယ်သို့ ခေါ်တော်မူအကျင့်ကို နေ့စဉ်သုံးလက်တွေ့ အနုပညာမျှော်လင့်မထားတဲ့ပေါင်းစပ်သို့မဟုတ် juxtapositions အတွက်အသစ်တခုအခြေအနေတွင် အတွင်းတင်ကြသောအခါ စီးပွားဖြစ် / သာမန်အမှုအရာအသစ် အဓိပ္ပာယ်ကိုပေးခြင်း အသစ်ပြန်လည်ပစ္စည်းများကို ထံမှနေသူများက ဖန်တီးရသော 'များအား' ၏အမြင်အာရုံအနုပညာ ဥပမာ တွေ့ရှိကဗျာတခုရဲ့ ဥပမာ 'ယန္တရားအပေါ် မူလတန်းစာချုပ်' ဒါကြောင့် မျှအင်အားသုံး သို့သော် တိကျစွာဖြောင့်သောရေပြင်ညီမျဉ်းတစ်ကြောင်းသို့၊ သို့သော်ဒဏ်ငွေကိုကြိုးဆန့်နိုင် ယနေ့ထို့နောက်သမျှသော ဝေဒနာကတဆင့်သွား၊ အရန်၊ သင်နှင့်ငါသည်တလျှောက်အဖွဲ့
ကျန်တဲ့ နှင့်အတူ အလွန်စိတ်ဆိုး ... သည်ဝန်ဆောင်မှုတပ်မှပျံသန်းကြ၊ ထိုမိသားစု။ သင်သိသောကြောင့်၊ ဒါဟာအနည်းငယ် corny အသံကိုပြုစေခြင်းငှာ၊ ပေလိမ့်မည်။ ဒါပေမယ့် ကျနော်တို့အလှဆုံးလပြည့်နေ့ ယနေ့ညရှိသည်။ ထိုအခွင့်ကိုယခုသွားသမျှကိုခံစားခြင်းလူအစုအဝေး။ သူတို့က Corny အသံကိုပြုစေခြင်းငှာ၊ ဆင့်ဆိုရမည်မှာ၊ သို့သော်လည်း ငါက တစ်ဦးအတိတ်နိမိတ်ကဲ့သို့ပင် တစ်ဦး၏ အချို့သော မျိုးတူရဲ့ နှစ်ဦးစလုံးသည် မိုးကောင်းကင်သို့တက် တက်နှစ်ဦးစလုံး။ ကိုယ့်လပြည့်နေ့သည်ကို မြင်လျှင်၊ ထို Thurman Munson ငါ့ကိုသတိရ, ထိုကြောင့်ပါပဲ။ တွေ့ရှိကဗျာမှ ကျိန်ဆို၊ ပူဇော်အင်တာနက်ကို ပထမဦးဆုံးတရားဝင်စာပေဂျာနယ်က တွေ့သည်ကဗျာပြန်လည်ဆန်းစစ်ခြင်း၊ ပေါ်ထွက်လာအဆိုပါသုံးလပတ်အလိုက်ဂျာနယ်၊ Marcel Duchamp ပန်းချီကား၊ ချားလ်စ် Manson ရဲ့တရားခွင်သက်သေခံချက်၊ AOL ကပြဌာန်းစာအုပ်ကနေယူ ၊ ရိုးရာ Centos နှင့်ကဗျာများတင်ဆက်ခဲ့သည့် ရှာဖွေရေးဒေတာ Emily Post ကိုရဲ့လောကဝတ်စာအုပ်များ၊ ဝီကီပီးဒီးယားဆောင်းပါးများ၊ ပုံစံ၏ Struck နှင့်အဖြူရောင်၏ the Elements, Wonder Woman ရုပ်ပြနှင့် လူရွှင်တော်-Dave Gorman မကြာခဏလူအွန်လိုင်းဖိုရမ်များအပေါ်ပြောဆိုကြပြီသော ထုံသောအမှုအရာကို အသုံးပြု၊ ဟာသတွေ့ရှိ ကဗျာ တွေ့သည်အရာဝတ္ထုကိုးကားချဲ့ထွင်ရန်အလို့ငှာအသာပုတ်ကိုလည်းကြည့်ပါ Wikipedia/Found Poetry/Google Translate/Uni Code Converter/New Document တွင်လည်း ပြန်ကြည့်ပါ

မင်းနဒီခ

Perfect Magazine, Feb.2016

Tuesday, January 5, 2016

မိသားစုရထားတွဲ​လေး

မိသားစုရထားတွဲ​လေး

(၁)
စိတ်ထဲ ရှိသလောက် အော်ဟစ်ပေါက်ကွဲ ပစ်လိုက်ချင်သည်။ သို့သော် ကိုယ်​ အတတ်နိုင်ဆုံး ပြုံးနေခဲ့ပါသည်။ ဟန်ဆောင်ကောင်းခြင်းသည် ကိုယ်​ သင်ယူလေ့လာခဲ့သော ဘာသာရပ်တစ်ခု မဟုတ်သည့်တိုင် ဖြတ်သန်းခဲ့သော အတွေ့အကြုံများအရ မသင်ကြားဘဲ တတ်မြောက်လာသော အရည်အချင်း တစ်ခုဖြစ်သည်။ စိတ်သည် ဆန်းကြယ်သည်။ တချိန်တည်းမှာပင် တစ်စုတစ်ခုကို ပိုင်ဆိုင်လိုစိတ်ပြင်းပြနေပြီး ထိုတချိန်တည်းမှာပဲ ထိုတစုံတခုကို စွန့်လွှတ်ပစ်ချထားလိုက်ချင်မိသည်။ ကိုယ်လိုချင်သော ဘဝတခုကို တည်ဆောက်ရတာ ခက်ခဲသည်။ ထိုထက် ကိုယ်မလိုချင်သော ဘဝတခုကို တည်ဆောက်ရတာ ပို၍ ခက်ခဲပင်ပန်းလွန်းသည်။ နေ့များ တဖြည်းဖြည်း ကုန်လွန်သွားကြသည်။ တချို့ သံယောဇဉ်များသည် ခိုင်မာမြဲမြံလွန်းခဲ့ပြီး တချို့ သံယောဇဉ်များသည် တဲနှောင်ရုန်းထွက် ပြတ်တောက် လွယ်ကြသည်။ တယောက်အကြောင်း တယောက်သိဖို့ အချိန်မည်မျှဆိုလျှင် လုံလောက်ပါမည်လဲ။ ၂၀၁၆ သည် ပျော်ရွှင်ခြင်းနောက်မှာ မပျော်ရွှင်ခြင်းကို သိုဝှက်ယူလာသည်။ မိတ်ဆွေ ကျေးဇူးပြု၍ ပျော်ရွှင်ခြင်းကို ကုန်အောင် မစားသုံးလိုက်ပါနှင့်။ ခဲဆံမကုန်ခင် ခဲဖျက်ကုန်သွားသော ခဲတံတစ်ချောင်း၏ အမည်မှာ မင်းနဒီခ မဖြစ်ဖို့ ဆုတောင်းရင်း လူလိမ္မာ ဖြစ်ဖို့ ကြိုးစားနေမိသည်။ ကဗျာတွေ ရေးချင်သေးသည်။ ကဗျာတွေ ဖတ်ချင်သေးသည်။ ကိုယ့်မျက်စိရှေ့မှာ ကိုယ့်သမီးငယ်လေး ရှင်သန်လူလားမြောက်တာ ငေးကြည့်နေချင်သေးသည်။ ဘဝက တိုတောင်းသည်။ သံသရာက ရှည်ကြာလွန်းသည်။ ဆုတောင်း မကောင်းပေမယ့် သံသရာတွင် ပြန်ဆုံချင်သည့် စာရင်းတွင် ကိုယ်ချစ်တဲ့သူများအမည်ကို ရေးခွင့်ပြုပါ။ ၂၀၁၆။ ကိုယ် တကောက်ကောက် လိုက်ခဲ့ပါမည်။ သွားလမ်းလည်း သာပါစေ။ လာလမ်းလည်း ဖြောင့်ပါစေသား။
(၂)
ကြမ်းတမ်းမယ်ဟု ထင်မှတ်ထားသော လမ်းများ ဖြောင့်ဖြူးခဲ့ပြီးနောက် ဖြောင့်ဖြူးမယ်ဟု ထင်မှတ်ထားသော လမ်းများ ကြမ်းတမ်းခဲ့သည်။ အဖေက တနေရာ၊ အမေက တနေရာ၊ သားသမီးများက တနေရာ ဝေးကွာခဲ့ဖူးပြီ။ ဝေးကွာခြင်းသည် လွမ်းဆွတ်တမ်းတခြင်းများ သီးပွင့်စေသည်။ သို့သော် မစားကောင်းသည့်အသီးများ စာရင်းတွင် ထို လွမ်းဆွတ်တသခြင်းလည်း ပါ ပါသည်။ နွား၊ ကျား၊ သိုး၊ မြင်း၊ ဝက်မှ ကြိုက်နှစ်သက်ရာ တိရိစ္ဆာန်များကို နံပါတ်စဉ်တပ်ပါ။ ပြီးမှ အဖြေကို ကြည့်ပါ။ မိသားစုကို ကိုယ်စားပြုသော တိရစ္ဆာန်မှာ မြင်း ကို သတ်မှတ်ထားကြောင်း ကိုယ်ကြိုသိမထားပါ။ ကိုယ် အစဉ်လိုက် ချရေးလိုက်သည်မှာ မြင်း၊ ကျား၊ နွား၊ သိုး၊ ဝက် ဖြစ်သည်။ ကံဆိုးစွာ ငွေကြေးကို ကိုယ်စားပြုသော တိရိစ္ဆာန်ကို နောက်ဆုံးမှာ ထားမိသည်။ ဤသို့ဖြင့် မိသားစုနှင့် ငွေကြေးမှာ အလှမ်းဝေးခဲ့သည်။ ကိစ္စတော့ မရှိပါ။ ကိုယ့်ကျင့်သိက္ခာနှင့် ချစ်ခြင်းမေတ္တာကို မိသားစုအနီးမှာ ထားခဲ့ခြင်းကို ကိုယ်ဘယ်တော့မှ နောင်တရမည်မဟုတ်ပါ။ ထိုနေ့က အင်တာနက်ဖိုက်ဘာဆက်ကြောင်းများ ပြတ်တောက်ခဲ့သည်။ တယောက်ကို တယောက်ဆက်သွယ်ဖို့ ခက်ခဲခဲ့သည်။ ဟောက်သံသဲ့သဲ့လေး ကြားနေသည့်တိုင်၊ အသက်ရှူငွေ့လေး တနွေ့နွေ့ ရနေသည်တိုင် တယောက်နှင့်တယောက် ဝေးခဲ့ကြပါသည်။ ညသည် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ မနက်ဖြန်သည် နေ့သားတကျ ရောက်လာဦးတော့မည်။ ရယ်သံများ ကြားရပေဦးမည်။ မနက်ခင်း လင်းလိုက်ပါ။ နေရောင်နဲ့အပြည့် ပျော်ရွှင်ခြင်းတွေ ခပ်ထည့်ချင်လို့ပါ။
(၃)
မြောက်ပြန်လေတွေ တိုက်နေသည်။ အေးစိမ့်မှုကို အခါမလပ် ခံစားနေရပြီ။ ဆောင်းရာသီသည် အလှည့်ကျ ရောက်လို့လာပြန်သည်။ ဒီနှစ်ဆောင်းသည် မနှစ်က ဆောင်းထက် ပိုအေးမည်လား။ အေးရော အေးပါမည်လား။ ခန့်မှန်းချက်များအား ငါးဆယ်ရာခိုင်နှုန်းသေချာစေချင်သည်။ ကျလာသော နှင်းစက်များကို ကားမီးရောင်တွင် ငေးကြည့်နေချင်သော်လည်း ကားဟွန်းတီးသံများက ဆူညံလျှက် ရှိသည်။ အိမ်ပြန်ချိန် ရောက်ပြီ။ လမ်းများထက် ကျပ်ညပ်နေသော ကိုယ်ပိုင်ကားများပေါ်မှ အိမ်ပြန်ချင်စိတ်နှင့် အများပြည်သူသုံး ဘတ်စ်ကားများပေါ်မှ အိမ်ပြန်ချင်စိတ်​သည် အတူတူပင်ဖြစ်လိမ့်မည်။ ပြန်ပါ။ အိမ်သို့ ရောက်အောင် ပြန်ကြပါ။ သင့်မိသားစုသည် သင့်အိမ်ပြန်ချိန်ကို စောင့်မျှော်နေကြသည်ဟု ရုပ်ရှင်ပိတ်ကားထက်တွင် ဖတ်လိုက်ရဖူးသည်။ တချိန်က ဖြစ်သည်။ အမြန်လမ်းမထက်မှ နေ့စဉ်ခြောက်လှန့်နေသော အိပ်မက်ဆိုးများကို မေ့လိုက်ပါ။ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ။ လက်ရှိဥပဒေအရ လမ်း၏ ညာဘက်မှ ကပ်မောင်းပါ။ ယာဉ်စည်းကမ်းလိုက်နာခြင်းထက် သင့်ကို ချစ်သောသူများအတွက် ကိုယ့်အသက်ကိုယ် တန်ဖိုးထားကြောင်း ပြပေးပါ။ နောင်တနှစ် ဆောင်းရာသီက သင့်အား ကြိုဆိုနေပါစေ။
(၅)
ခြိမ်းခြောက်မှုများသည် အသံတိုးလျှိုး ပါးလျနေသည်။ နို့ ပိုစို့ရဖို့ မငိုတတ်သည့်ကလေးအား မျက်ရည်ကျစေရမည်လား။ မော်မကြည့်ဝံ့သဖြင့် ဒူးထောက်ခစားခဲ့ပါသည်။ လောကဓံရှစ်ပါးတွင် ကောင်းသောလောကဓံက ကိုယ်နှင့် သူစိမ်းဆန်ဆန်၊ ဆိုးသော လောကဓံက ကိုယ်နှင့် တရင်းတနှီး။ ဤ ခရီး ဝေးခဲ့ပါသည်။ ချက်ကူ ချက်ကူ ချူ ချူ ဟု ရထားဥသြဆွဲသံ ကြားရသည်။ သမီးထံမှ ဖြစ်ပါသည်။ သမီးသည် ကိုယ့်​အား သူ့နောက်ကျောမှ အင်္ကျီစကို ဆွဲစေပြီး သူ့ ဘယ်ဘက်လက်ကို ရှေ့တန်းလိုက်သည်။ သူ့ ညာဘက်လက်ကို ခေါင်းပေါ် တင်ထားလိုက်သည်။ ချက်ကူ ချက်ကူ ချူ ချူ ချက်ကူ ချက်ကူ ချူ ချူ။ ရထား ထွက်ပြီ။ ရထားပေါ်တွင် ဒီအဖေနှင့် ဒီသမီး၏ ချစ်ခြင်းမေတ္တာပါသည်။ ဖခင်တစ်ယောက်၏ စေတနာနှင့် သမီးတယောက်၏ အနာဂတ်ပါသည်။ ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်း၊ ကိုးစားခြင်း၊ ယုံကြည်ခြင်းများ ပါသည်။ ရထားထွက်ပြီ။ အလံစိမ်းစိမ်းတွေ ထောင်ပြစရာမလိုပါ။ ထွက်ခွာလာသော ရထားနောက်မှာ တစိုက်မက်မက်လိုက်ပါဖို့သာ ကြိုးစားပါ။ ဆရာ မောင်ကြည်သာ(တောင်တွင်း)၏ ` ဘူတာနဲ့ ရထား´ ကဗျာထဲကလို ထွက်ခွာသွားတဲ့ ရထားလေးတွေ နောက် အမှီလိုက်ပေးပါ။ ရထား ထွက်​တော့မည်​။
(၅)
တဟားဟား ရယ်မောသံများသည် ရထားနောက်တွင် ကျန်နေရစ်ခဲ့သည်။ ပန်းတွေ ပွင့်ခဲ့သည်။ စမ်းရေ စီးခဲ့သည်။ ထို့အတူ အချိန်ကာလသည်လည်း တသွင်သွင် ဆက်လက်စီးဆင်းနေမြဲ ဖြစ်သည်။ ခုနှစ်ပေါင် ရှစ်အောင်စလေးသည် ရက်ပေါင်း တစ်ထောင့်ရှစ်ရာကျော်သည့်အခါ ပေါင်ခြောက်ဆယ်လေး ဖြစ်လာသည်။ အချိန်နှင့် ဒီရေသည် ဟေရာကလိုက်တပ်စ်ကို မစောင့်။ ကိုယ့်​ကို စောင့်သည်။ ကိုယ်​က ညနေ ငါးနာရီခွဲကို စောင့်သည်။ အိမ်​ပြန်​ချိန်​ကို ​စောင့်​သည်​။ အချိန်နှင့် ကိုယ့်​ကြားတွင် ဒီရေသည် တက်လိုက် ကျလိုက်။ ဒီရေနှင့်အတူ ကိုယ့်​ စိတ်ဓာတ်များသည်လည်း တက်လိုက် ကျလိုက်။ ညသည် တဖြည်းဖြည်း နက်လာပြီ။ ဆောင်းရာသီ၏ အေးစက်ထုံကျင်မှုသည် ခွေးလေခွေးလွင့်တို့၏ အူသံကို ဆွံ့အစေသည်။ ပိတ်မထားသော ဖန်မီးချောင်းဆီသို့ တဖက်ဖက်ရိုက်ကာ တိုးဝင်နေသော ပိုးဖလံတစ်ကောင်၏ အသံကို ကြားနေရသည်။ လူသားတို့၏ နေထိုင်ယဉ်ကျေးမှုတိုးတက်လာခြင်းသည် အင်းဆက်ပိုးတစ်ကောင်၏ အသက်ကို ကယ်တင်လိုက်နိုင်သည်ဟု ကြီးကြီးကျယ်ကျယ် အတွေးဝင်လာသည့်အခါ ထိုမီးခလုတ်ကို ကိုယ်​ ထပိတ်ပစ်​လိုက်သည်။ ညသည် ယခုအခါ မှောင်နှင့်မည်းမည်း။ မနက်တုန်းဆီက ခေါက်ထားသော စောင်ကို ဖြန့်ခြုံလိုက်သည်။ အနွေးဓာတ် ချက်ချင်းရောက်လာသည်။ တခါတလေ အနွေးဓာတ်ရန်​အတွက်​ ချက်ချင်းကောက်ခြုံလိုက်ဖို့ လိုအပ်နေသည့်အေးစက်မှုများ ကိုယ့်​အနားတွင် ကျန်ရှိနေသေးသည်။ ဘယ်တော့ခြုံဖြစ်မည်လဲ မပြောတတ်။ တချို့အေးစက်မှုများသည် နှစ်လိုဖွယ်ကောင်းတတ်ပြီး တချို့အေးစက်မှုများသည် နာကျင်ကိုက်ခဲစေတတ်သည်။ ပြီးပါပြီဟု စာတန်းထိုးလိုက်ရမည်လား။
(၆)
`အိမ်ထောင်တစ်ခုဆိုတာ တည်ဆောက်စဉ်သာ ခက်ခဲတာ၊ ပြိုကွဲ ဖျက်ဆီးဖို့ဆို အကြောင်းအရာတွေက လွယ်နေသလိုပါပဲ´
Facebook ပေါ်မှ ပန်းပွင့်ဟု အမည်ပေးထားသော ညီမငယ်တစ်ယောက်၏ လက်ရေးဖြစ်ပါသည်။ ကိုယ်​ (Like)လိုက်ခ် မနှိပ်ပေးခဲ့ပဲ ကျော်ခဲ့သည်။ သူ့သူငယ်ချင်းတစ်ယောက်၏ မိသားစုအရေးအပေါ် သူမ၏ စာနာမှုဖြစ်သည်။ သံဝေဂလည်း ဖြစ်နိုင်သည်။ လောကကြီး၏ ဖြစ်တည်ပျက် တရားအပေါ် ရှူရှိုက်လိုက်မိသည့် ပင့်သက်တစ်ချက်လည်း ဖြစ်နိုင်သည်။ တကယ်တမ်းကျတော့ သူ့သူငယ်ချင်းမှာ ကျွန်တော်လည်း ဖြစ်နိုင်သည်။ ခင်ဗျားလည်း ဖြစ်နိုင်သည်။ မတည်မြဲသော အကြောင်းတရားများသာ တည်မြဲကုန်ကြသည်။ ဆုပ်ကိုင်ထားသော လက်သီးများကို ဖြန့်လိုက်ပါ။ ဖြန့်ထားသော လက်ဖဝါးများဖြင့်သာ လက်ဆွဲနှုတ်ဆက်ခြင်းအမှုကို ပြုရာ၏။ ဖြန့်ထားသော လက်ဖဝါးများဖြင့်သာ ပေးကမ်းစွန့်ကြဲခြင်းအမှုကို ပြုရာ၏။ ဖြန့်ထားသော လက်ဖဝါးများဖြင့်သာ ကယ်တင်ခြင်းအမှုကို ပြုရာ၏။ ကမ်းပါးစွန်းပေါ်က ခြေတလှမ်းအတွက် နောက်ပြန်လှည့်ခြင်းဟာ ပို တန်ဖိုးရှိသည် မဟုတ်ပါလား။ နှလုံးသားကို သစ်နေအောင် သွေးပါ။ ချစ်ခြင်းဖြင့် တလက်လက်လင်းပါစေ။ ချိတ်ဆွဲရန် ပြင်ဆင်ထားသော ပြီးပါပြီ စာတန်းကို စတင်ခြင်းဟု ပြင်ရေးလိုက်ပါ။ အစ ကောင်းကောင်း မကောင်းကောင်း အနှောင်းသေချာနိုင်ပါစေ။
(၇)
ကာလအတန်ကြာ မေ့ထားခဲ့သော ဆုတောင်းခန်းများသည် နောက်ဆုံးတော့ ကိုယ့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသည်။ နာကျင်ကြေကွဲနေသည့် စိတ်သည် တပါးသူ၏ ကြေကွဲနာကျင်မှုများအပေါ် ကိုယ်ချင်းစာပေးရင်း ပါးလျတိုးသက်သွားသည်။ `ဂုဏ်ရည်မတူ´ရုပ်ရှင်ဇာတ်ကားထဲမှ ဘဝတွေကို ကြည့်ပြီး မျက်ရည်ကျနေသည့် မိတကွဲ ဖတကွဲ ကလေးမလေး `ချိုတကူး´လို ကိုယ့်ဒဏ်ရာ ကိုယ်မေ့ သူများဒဏ်ရာ လျှာနဲ့သပ်ပြီး သက်သာစေချင်နေမိသည်။ ကိုယ်ချင်းစာစိတ်သည် ကိုယ်တိုင်ကြုံတွေ့ရသည့်အခါ ပို၍ ရုပ်လုံးကြွစေသည်။ ဟိုးဝေးဝေးမှ ဆိုင်းသံ၊ ဗုံသံများ ကြား​နေရသည်။ အငြိမ့်ခန်းမတိုင်ခင် တခန်းရပ်ပြဇာတ်ဆီမှ ` ရိုးမြေကျရာသက်ပန်၊ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေသတည်း´ ဟု ကြားလိုက်မိသလို ရှိသည်။ ဆုတောင်းများ ပြည့်ပါစေ။ တွဲလက်များ မြဲပါစေ။ မန္တလေး ဆောင်းညများသည် မန္တလေး ပီပီသသ ချမ်းပြနိုင်လွန်းသည်။ ကိုယ့်ဘဝ မီးလင်းဖိုလေးဆီ ကိုယ်ပြန်မရောက်နိုင်သေးသည့် မိသားစုများအကြောင်း စဉ်းစားမိတိုင်း ချမ်းအေးမှုက အရိုးထဲထိ စိမ့်သွားသည်။ ဆောင်းသည် ချမ်းအေးမှုကို ကိုယ်စားပြုသည်ထက် အနွေးဓာတ်ကို မမေ့လျော့အောင် သတိပေးနေခြင်းလည်း ဖြစ်သည်။ တစ်ယောက်လက်ကို တယောက် အနွေးဓာတ်ရသည်အထိ ပွတ်သပ်ဆုပ်နယ်ပေးလိုက်ပါ။ အကြားအလပ်မဲ့ပါစေ။ လိုအပ်သည့်အခါ အသုံးပြုဖို့ သည်းခံခြင်းကို သင်ကြားပါ။ မပျော်ရွှင်ခြင်းများနောက်တွင် ပျော်ရွှင်ခြင်းသည် တခါပြန်ရောက်လာဦးမည်ပင် ဖြစ်သည်။ ရာသီစက်​ဝန်းသည်​ လည်​ပတ်​​နေသည်​။ သံသရာစက်ဝိုင်းသည်​လည်း လည်​ပတ်​​နေသည်​။ ထို့အတူ ​ပျော်​ရွှင်​ခြင်းနှင့်​ မ​ပျော်​ရွှင်​ခြင်း၊ ပိုင်​ဆိုင်​ခြင်းနှင့်​ စွန့်​လွှတ်​ခြင်း၊ တည်​​ဆောက်​ခြင်းနှင့်​ ပြိုကွဲခြင်း၊ ​တွေ့ဆုံခြင်းနှင့်​ ခွဲခွာခြင်း၊ ကြင်​နာခြင်းနှင့်​ နာကျင်​ခြင်း၊ ချစ်​ခြင်းနဲ့ မုန်းတီးခြင်း စသည့်​ စက်​ဝိုင်း​တွေ အများကြီး ကိုယ်​တို့ ဝိုင်းကြရပါလိမ့်ဦးမ​ည်​။ မည်​သို့ပင်​ဖြစ်​​စေ စို​သောလက်​များ မ​ခြောက်​ဖို့၊ ​ချည်​​သော ကြိုးများ တင်း​စေဖို့ ဆု​တောင်းရင်း သံသရာမပြတ်​သ​ရွေ့ မိသားစုဆိုသည့်​ အဖွဲ့အနွဲ့ကို ခန္ဓာအဆက်​ဆက်​ ဒီအတိုင်း​လေးပဲ ဆက်​ဖွဲ့ချင်​မိသည်​။ အိမ်​အပြင်​မှာ နှင်း​တွေ တဖွဲ့တနွဲ့ကျ​နေပါလိမ့်​မည်​။ အတိတ်​က ​ခြေရာများသည်​ နှင်းပွင့်​နှင်းစက်​တို့ ​အောက်​တွင်​ ဖုံးအုပ်​​ပျောက်​ကွယ်​ သွားကြပါလိမ့်​မည်​။ နှင်းများ​အောက်​ ​ပျောက်​ကွယ်​သွားမည့်​ ​ခြေရာများထက်​ နှင်းစက်​​တွေ​ပေါ် တဖန်​နင်း​လျှောက်​လာမည့်​ ​ခြေရာ​များ၏ လှပမှုကို ကြည့်​ရင်း ကိုယ်​တို့ ကြည်​နူးလိုက်​ကြရ​အောင်​လား။ ဖြန့်​ထားတဲ့ လက်​​တွေနဲ့ တ​ယောက်​ကို တ​ယောက်​ ချိတ်​တွဲရင်း ရထားတစင်းလို အတူတူ ခရီးဆက်​ကြပါစို့။ ချက်​ကူ ချက်​ကူ ချူ ချူ ချက်​ကူ ချက်​ကူ ချူ ချူ ချက်​ကူ ချက်​ကူ ချူ ချူ။

မင်းနဒီခ
၅၊ ၁၊ ၂၀၁၆