Monday, May 29, 2017

ကွယ်လွန်သူတို့ တေးသွား



ကွယ်လွန်သူတို့ တေးသွား
————————————————
လေက တဝူးဝူးတိုက်နေတယ်
မရဏတရားဟာ ဆည်းလည်းလို တချွင်ချွင် မြည်လို့
သူရှိရာ အရပ်ဆီ ဦးတည်ပြီး မေတ္တာ ပို့တာပါပဲ
အကြမ်းဖက်မှုတွေဟာ စားပွဲအလယ်က ဟင်းပွဲလို တင့်တင့်တယ်တယ်
နောက်ထပ် ဘယ်လောက်ကြာဦးမယ်လို့ ကြားလိုက်သေးလား
မကြာတော့ဘူးဆိုတာကိုက နောက်ထပ် နည်းနည်းကြာဦးမယ်
ပြောနေရင်းနဲ့ပဲ အသံတွေ ပျောက် ပျောက်သွားတယ်
မြင်နေရင်းနဲ့ပဲ မျက်လုံးတွေ ကျွတ် ကျွတ်သွားတယ်
အနိဋ္ဌာရုံတွေဟာ မြင်ဖူးမှ ယုံစဖွယ်
ဆွဲဖြုတ်စရာကို လည်ပင်းမရှိတော့တဲ့ ကိုယ်ပိုင်အမှတ်အသားဆွဲကြိုးတွေ
လက်ကျန်ရှင်းတမ်းမှာ လက်က တစ်ဖက်တည်း ကျန်နေရကောင်းလား
အသားစိုင်တွေဟာ အသက်ရှိစဉ်ကအတိုင်း လတ်ဆတ်နေတုန်းပဲ
လေက အခုနလို တဝူးဝူးဆက်တိုက်နေတုန်း
သွေးညှီနံ့တွေဟာ ပင်လယ်ကို ဖြတ်ကျော် ပျံသန်းလာတယ်
စာအိတ်တွေထဲ မဖတ်ချင်တော့တဲ့ စာတွေ ထည့်ပိတ်လိုက်တဲ့နေ့တွေကို ငါမုန်းတယ်
ဆုတောင်းခန်းမှာ ဖယောင်းတိုင်မီးတွေက လုပ်ကြံထားသလို တဖျစ်ဖျစ် ထတောက်တယ်
အဲဒီနေ့က စလို့ ဘယ်သူမှ ကဗျာရေးဖို့ မပြောကြတော့ဘူး
သီချင်းသံတွေကိုတော့ အတိုင်းသား ကြားနေရသေးတယ်
သေလွန်ပြီးသူတို့ရဲ့ ဓမ္မတေးတွေအလား
သံပြိုင်လိုက်ဆို ညီညီညာညာ 
ဘယ် ညာ ဘယ် ညာ။

မင်းနဒီခ
၂၇၊ ၄၊ ၂၀၁၇

ကြယ်သီးတွေက ငါတို့ကို လုံခြုံစေတယ်

ကြယ်သီးတွေက ငါတို့ကို လုံခြုံစေတယ်
————————————————
လက်တစ်ဖက်က ကြယ်သီးကို ကိုင်တယ်
နောက်လက်တစ်ဖက်က ကြယ်သီးပေါက်ကို ကိုင်တယ်
အသာအယာပဲ ငုံ့ကြည့်နေစရာမလိုဘဲ လျောလျောရှူရှူ
အဲဒီလို ငါတို့ တစ်ယောက်ဘဝထဲ တစ်ယောက် ခေါင်းဝင်လျိုလိုက်ကြ
နေသားတကျဖြစ်ဖို့ အရေးကြီးသလို ပြုတ်ထွက်မသွားဖို့လည်း အရေးကြီးတာပါပဲ
ကြယ်သီးရောင်စုံတွေကို ငါကြိုက်တယ်
အပြင်ပန်းလှသယောင်နဲ့ ကျွတ်ဆတ်ကျိုးကြေလွယ်တဲ့ ကြယ်သီးတွေလည်း ရှိမှာပါပဲ
ရွေးချယ်ခွင့်တွေဟာ ငါတို့ကို ပြန်မရွေးချယ်ခင် လက်ဦးမှု ရယူလိုက်ကြ
ကြယ်သီးပေါက်တွေဟာ သူတို့ ဂုဏ်သိက္ခာ သူတို့ အဆင့်အတန်းကို ဖော်ပြတယ်
ချည်သားတွေ နိုင်လွန်သားတွေ ပိုးသားတွေဟာ အပေါ်ယံပဲ
တကယ့်အတွင်းသားက ကြယ်သီးတွေ
ကြယ်သီးတွေဟာ ငါတို့ ယုံကြည်မှုကို ပိုမြင့်တက်စေတာ ယုံရဲ့လား
ကောင်းကင်ဘုံဆီတောင် ရောက်သွားနိုင်မယ့် ကြယ်သီးပေါက်တွေ
ကြယ်သီးတွေ တပ်ပြီး တရားဓမ္မကို အားထုတ်ကျင့်ကြံကြ
ကြယ်သီးတွေမပါတဲ့ အင်္ကျီဟာ မျက်နှာပြောင်နဲ့ မိန်းမတစ်ယောက်လိုပဲ ကြည့်ရတာ ဖီးလ်ကျဲတယ်
တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်ဖို့ ကြယ်သီးတွေကို တပ်လိုက်
ကြယ်သီးတွေဟာ တစ်နေ့မှာ ကောင်းကင်ဆီ ပျံတက်သွားကြမှာ အသေအချာ
ပြီးတော့ ကောင်းကင်မှာ တလက်လက်တောက်ပရင်း
ကြယ်သီးမတပ်သူများကို တရားစီရင်မှာ
ကမ္ဘာပျက်ပြီးနောက်တစ်နေ့မှာ ကြယ်သီးတွေဟာ
ကမ္ဘာသစ်ကို တည်ဆောက်ဖို့ ပြန်လာကြဦးမှာ
ဗရမ်းဗတာတွေပါဟယ်လို့ ကွန်မန့်မှာ ရေးဦးမလို့လား
ကြယ်သီးတွေက မင်းကို ဟဟ ပဲ ပြန်ရေးပေးလိမ့်မယ်
ဖြုတ်ထားတဲ့ ကြယ်သီးတွေကို ပြန်တပ်လိုက်ပါ
နေ့ရက်တိုင်းမှာ ကြယ်သီးတွေက ငါတို့ကို လုံခြုံစေပါတယ်။

မင်းနဒီခ
၂၈၊ ၄၊ ၂၀၁၇

ရုပ်အရှင်

ရုပ်အရှင်
—————
ရုပ်ရှင်တွေ ကြည့်တိုင်း ငါ့မိန်းမက ငါ့ကို ရိုက်တယ်
ငါစိတ်မဆိုးဘဲ ဂျိုကာ့ရဲ့ ရယ်နေတဲ့ နှုတ်ခမ်းကို ငါ့ပါးစပ်ပေါ်မှာ ထပ်ဆွဲပစ်လိုက်တယ်
ကြောက်စရာမလိုပါဘူး ဒီမှာ လင်းနို့လူသားမရှိတာ ငါသိတယ်
သေနတ်တစ်လက်လောက်တော့ လိုချင်တယ်
လူဆိုးဆိုတာ အချိန်မရွေး ကိုယ့်ဆီ လူစုလူဝေးနဲ့ ရောက်လာနိုင်တယ် မဟုတ်လား
ခေတ်ကြီးတစ်ခုလုံး သူရဲကောင်းထပ်ပေါ်မလာတာ ရုပ်ရှင်တွေ အားနည်းလို့ဖြစ်တာ
သစ်ရွက်တွေ ကြွေတာ ရိုက်ပြမယ်
နွေ မိုး ဆောင်း တစ်ကဒ်ချင်း ပြောင်းရိုက်တာ ပြမယ်
အသက်ကြီးဖို့ လွယ်ကူတာ ရုပ်ရှင်ထဲမှာပဲ ရှိတယ်
ငိုရင်လည်း ခဏပေါ့ ပြီးရင် ပျော်ရမှာ
ရာဇဝတ်ဘေးဆိုတာ ရုပ်ရှင်ထဲမှာ ဘယ်တော့မှ ပြေးမလွတ်ဘူး
နောက်ခံတီးလုံးနဲ့ ပျော်စရာသီချင်းနဲ့
ထိတ်လန့်ခြောက်ခြားစရာဆိုလည်း အထူးပြုလုပ်လုပ်ချက်တွေပဲလေ
ရုပ်ရှင်ထဲက ငါပြန်ထွက်လာတော့ စူပါမန်းရဲ့ ဝတ်ရုံပါလာတယ်
ငါ့မိန်းမ ပျော်အောင် ပြလိုက်တော့ ဝတ်ရုံကို ခန်းစီးလုပ်ပစ်တယ် အေးရော
ဒါနဲ့ နောက်တစ်ခါ ဘီလီလင်းကို ခေါ်ပြီး မိတ်ဆက်မပေးရဲတော့ဘူး
အဲ့ကောင် ငါ့မိန်းမ အော်ငေါက်သံကြားရင် သွေးပျက်ပြီး တပ်က ထွက်ပြေးမှာ စိုးလို့
ဒါနဲ့ပဲ ငါဟာ ငါ့မိန်းမ အိပ်ပျော်မှ ရုပ်ရှင်တွေ ခိုး ခိုးကြည့်ရတယ်
လာလာလန်းထဲက တေးရေးဆရာကို ငါ့ကဗျာတစ်ပုဒ်ရွတ်ပြတာ သူမသိဘူး
ဖြူရီဇာတ်ကားထဲက ဂျာမန်စစ်သားတစ်ယောက်က ငါပဲဆိုတာ သူမသိဘူး
တိတ်ကမ်း ဇာတ်လမ်းတွဲတိုင်းမှာ သမီးလေးကို ကယ်ဖို့ သဲလွန်စတွေ ချပေးတာ ငါပဲ
နေရှင်နယ်ထရက်ရှားထဲက ရေအောက်မြှုပ်သွားတဲ့ ရွှေတုံးတစ်တုံး ငါ ကောက်ရသလိုနဲ့ ဝှက်ယူထားတယ် သိလား
နောက်ဆုံး ငါ ည ည မအိပ်ဘဲ ငါ့ရပ်ကွက်လုံခြုံအောင်
တိုက်ပေါ်ဆုံးထပ်က စောင့်ကြည့်ပေးနေတယ်ဆိုတာတောင်
ငါ့မိန်းမ မသိဘူးရယ်
သူသိတာ ရုပ်ရှင်တွေကြည့်တိုင်း ငါ့ကို ရိုက်ချင်နေတာပဲ
ဆိုးတဲ့ကလေးတစ်ယောက်လို ငါကလည်း ငါပဲ
ငါ့ မိန်းမဘယ်လောက်ရိုက်ရိုက် ရုပ်ရှင်တွေကြည့်နေဆဲ
စူပါမန်းရဲ့ ဝတ်ရုံခန်းစီးစကို ဖြုတ်ပြီး တိုက်ပေါ်က ခုန်ချဖို့ ကြံနေဆဲ။

မင်းနဒီခ
၂၊ ၅၊ ၂၀၁၇

ကိုဆံရှည်

ကိုဆံရှည်
——————
ဆံပင်တွေ ရှည် ရှည် လာနေတာသတိထားမိတာ ကြာပြီ
ဆံပင်ရှည်ဆေးတွေလည်း တခါမှ ငါ မသုံးဖူးပါဘူး
ဆံပင်တွေ ရှည်လာသလို စိတ်တွေ ရှည် လာရင်ကောင်းမယ်
ဆံပင်ရှည်ရှည် ကောင်မလေးတွေကို ငါ ငမ်းခဲ့သလို
အခု ငါ့ဆံပင်ရှည်တွေကို တစ်ယောက်ယောက် ငမ်းနေလေမလား
ဆံပင်တွေကို ငါချစ်ပါတယ် ဒါပေမယ့် ဦးခေါင်းနဲ့ တွဲလျက်တော့ ရှိဖို့လိုတာပေါ့
ကြမ်းပြင်ပေါ် ငြိကပ်နေတဲ့ ဆံချည်ထွေးတွေကိုတော့ ငါမုန်းတယ်
ငါ့ဆံပင်တွေကို မညှပ်ဘဲ ထားရင် ဘယ်လောက်ထိ ရှည်လျားလာလိမ့်မလဲ
ငါမြင်ယောင်ကြည့်မိတယ်
ရာပန်ဇယ်မင်းသမီးလေးလို ရွှေရောင် လက်လက်ထနေတဲ့ ငါ့ဆံပင်တွေလေ
ပြီးတော့ ငါ့ဆံပင်တွေကို ခိုစီးပြီး တွယ်တက်လာမယ့် လူတစ်ယောက်
ငါမျှော်လင့်တယ်
ငါ့ဆံပင်တွေဟာ ရှည်လျားလွန်းလို့ လူတိုင်း ဝိုင်းကြည့်နေကြမယ့်အဖြစ်
ဂူးလ်ဆာ့ရှ်မှာ ငါ့ဆံပင်ကို ကြည့်ဖို့ အရှာခံရဆုံး ဖြစ်လာမယ်
ဖြတ်သွားဖြတ်လာ ဆံပင်ရှည်ရှည်မိန်းကလေးတစ်ယောက်တွေ့ရင်
မျက်စိတဆုံး ဆံဖျားတဆုံး တမေ့တမော ကြည့်ဖူးတာ ငါသတိရ
ပြောရင်းနဲ့ ပွန်းဆိုဒ်တွေမှာ Long Hair တို့ Hairjob တို့ ရိုက်ရှာခဲ့တာ ငါသတိရ
အခုနေများ အခြားသူတို့ အဲ့လိုရှာရင် ငါ့ဆံပင်တွေများ ပါနေဦးမလား
ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်ကို
သူ့ဆံပင်တွေကြားထဲ ရည်းစားစာထည့်ပေးဖူးတယ်
ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်ရဲ့ ဆံစတွေကို အသာအယာဖြီးသင်ပေးခဲ့ဖူးတယ်
ရွှေရောင်ပင်လယ်တခုလို လှိုင်းထနေတဲ့ ဆံပင်ရှည်ရှည်တွေ
တောင်ကျရေတံခွန်လို ဖြောင်စင်းညွှတ်အိနေတဲ့ ဆံပင်ရှည်ရှည်တွေ
အခု ငါ့ဆံပင်တွေ ရှည် ရှည်လာတာ သမားရိုးကျဟုတ်ပါ့မလား
ဆံသဆရာက သူ့ဆိုင်ရှေ့က ဖြတ်လျှောက်တိုင်း ငါ့ကို သတိပေးတယ်
ခင်ဗျား ဆံပင်တွေ ရှည်လာပြီ နော် တဲ့
အဲဒီလို ကြားတိုင်း ငါ အလန့်တကြား ထွက်ပြေးခဲ့လိုက်မိ
ဆံသဆရာဟာ အမဲလိုက်မုဆိုး သားကောင်တွေ့သလို ငါ့ဆံပင်တွေကို တကြည့်ကြည့်
ဒီလိုနဲ့ ငါဟာ လူတွေနဲ့ တဖြည်းဖြည်းကင်းကွာလာ
ဒီလိုနဲ့ ငါဟာ ငါ့ဆံပင်ကို လူတွေ မမြင်အောင် ဖုံးကွယ်ထားမိလာ
ငါဟာ နေ့အခါ ကမ်းနဲ့ ဝေးတဲ့ပင်လယ် အယောင်ဆောင်လို့
ငါဟာ ညအခါ တောနက်ထဲက ရေတံခွန် အယောင်ဆောင်လို့
လူတွေ ငါ့ဆံပင်အကြောင်း မေ့သွားလောက်တဲ့အထိ ငါ့ဆံပင်တွေ ငါ ဖြီးသင်ယုယလို့။

မင်းနဒီခ
၂၊ ၅၊ ၂၀၁၇