Monday, April 18, 2016

ကျွန်တော်နှင့် ခေတ်ပြိုင်ကဗျာခံစားမှု



ကျွန်တော်နှင့် ခေတ်ပြိုင်ကဗျာခံစားမှု
       
        ခေတ်ပြိုင်ကဗျာအကြောင်းမပြောခင် ခေတ်ပေါ်အကြောင်း နည်းနည်းပါးပါးတော့ ပြောရပါမယ်။ ခေတ်ပေါ်ကဗျာကတော့ ရှင်းပါတယ်။ ၁၉၇၀ မိုးဝေကဗျာခေတ်ကနေ စတင်ခဲ့ပြီး ၁၉၉၀ ၀န်းကျင်တ၀ိုက်မှာ အားအကောင်းဆုံးဖြစ်ခဲ့တဲ့ ကဗျာအများစုကို ဆိုလိုတာပါပဲ။ ဒီနေ့ခေတ်အထိလည်း အားကောင်းမောင်းသန် ရေးနေ၊ ဖော်ပြနေတုန်းပါပဲ။ ခေတ်ပေါ်ကဗျာ တနည်းပြောရရင် ပင်မရေစီး ကဗျာပေါ့။ ပင်မရေစီးဟန်ဆိုတဲ့ နေရာမှာလည်း အကြောင်းအရာ ၊ ပုံသဏ္ဍာန်တင်ပြပုံ၊ ဘာသာ စကားအဖွဲ့အနွဲ့ စတာတွေအပြင် ဆရာ မြဇင် တင်ပြခဲ့တဲ့ မော်ဒန်ကဗျာ ယေဘုယျလက္ခဏာ တွေလည်း ပါဝင်ပါတယ်။
           ခေတ်ပေါ်ကဗျာတည်ဆောက်မှုမှာ ကဗျာရေးသူဟာ မိမိရဲ့အတွင်းစိတ်ခံစားမှု(၀ါ) ငါ ဗဟိုပြုအရေးအသား၊ ပြင်ပကနေ ရိုက်ခတ် ထိတွေ့လာတဲ့ အသိတရား၊ ခေတ်စနစ်နဲ့ မြို့ပြအာရုံခံစားမှု စတာတွေပေါ်မှာ မူတည်ပြီး ကဗျာတစ်ပုဒ်ကို တည်ဆောက် ပါတယ်။ စကားလုံးသုံးစွဲခြင်းနဲ့ တည်ဆောက်ပုံမှာ ကဗျာဆရာရဲ့ ပါရမီအခံရှိမှုအပေါ်မူတည်ပြီး လှပပြေပြစ်မှုရှိခဲ့သလောက် ဘာသာစကားကို ကြားခံမီဒီယာအဆင့်ထက်ပိုမိုပြီး မသုံးစွဲခဲ့တာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာဟာ တစ်ပုဒ်လုံး ပြေပြစ် ညီညွှတ်တဲ့ စီးဆင်းမှုရှိတယ်။ ကဗျာဓါတ်ကို ဆုပ်ကိုင်ထားတယ်။
           ခေတ်ပေါ်ကဗျာနဲ့အတူ ဒီဘက်နှစ်များမှာ အပြိုင်အားကောင်းဖြစ်ထွန်းလာတဲ့ ကဗျာတွေကိုလည်း သတိထားမိပါတယ်။ အများစုတွေ့ရှိရတဲ့ ခေတ်ပြိင်ကဗျာတွေကတော့ Expremental, Hybrid, Collage, Lauguage, Conceptual, Prose Poetry နဲ့ အတွေ့ရနည်းတဲ့ ခေတ်ပြိုင် ကဗျာတွေကတော့ Flart, Digital, Performent, Installation Poetry စတာ တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ခေတ်ပြိုင်ကဗျာ (Comtemporary Poetry) ဆိုတာ ပင်မရေစီး ခေတ်ပေါ်ကဗျာ အလွန် ၂၀၀၀ ၀န်းကျင်နောက်ပိုင်းများ အများဆုံး ရေးဖွဲ့လာကြတဲ့ ကဗျာအများစုကို ဆိုလိုတာပါ။ ခေတ်ပြိုင် ဆိုတဲ့ စကားလုံးကို သုံးရတာ ပြဿနာတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပြိုင်ဆိုတာ အချိန်ကာလကို ပြောတာလား။ ကဗျာဆိုင်နာ နည်းနာတက္ကနိတွေကို ပြောတာလား။ လက်ရှိအချိန်မှာ အသက်အရွယ်နဲ့ မဆိုင်ဘဲ အတူတကွဖြတ်သန်းနေတဲ့သူတွေကို ပြောတာလား စသဖြင့် မေးခွန်းတွေ ထုတ်စရာရှိနိုင်တဲ့အပြင် ပုံသဏ္ဍာန်၊ အကြောင်းအရာ၊ တင်ပြပုံ၊ ဘာသာစကား သုံးစွဲမှုပေါ်မှာလည်း မေးခွန်းတွေ များစွာရှိပါတယ်။ သြစတြေးလျကဗျာဆရာ လူးဝစ္စအာမန်ကတော့  Contemporary Poetry ဆိုတာ အချိန်ကာလတစ်ခုခု၊ ခေတ်ကာလ တစ်ခုခုအပေါ်မှာ မူတည်တာမဟုတ်ဘဲ အရေးအသား/ ပြုလုပ်မှုအနေအထားပေါ်မှာ အမှီပြုခေါ်ဆိုတယ်လို့ ဆိုပါတယ်။ ကျွန်တော် တစ်ယောက်တည်းအနေနဲ့ ပြောရရင်တော့ ပင်မရေစီးဟန်နဲ့ ကင်းလွတ်လာတဲ့ ကဗျာအများစုကို ခေတ်ပြိုင်ကဗျာ စာရင်းထဲမှာ ထည့်ချင်ပါတယ်။ ဒါဟာ အကြမ်းထည် ဆန်ကောင်းဆန်နိုင်ပေမယ့် အချိန် ကာလကြာမြင့်လာတာနဲ့အမျှ ကွဲပြားခြားနားပိရိသေသပ်တဲ့ ခေတ်ပြိုင်ကဗျာတွေကို တွေ့လာနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
           ခေတ်ပြိုင်ကဗျာမှာတော့ ကဗျာရေးသူဟာ ကဗျာတစ်ပုဒ်လုံးမှာ ခေတ်ပေါ်ကဗျာဟန်ရဲ့ ဖွဲ့စည်းပုံနည်းစနစ်တွေကို အများစု ဆန့်ကျင် လာတာကို တွေ့ရပါတယ်။ ကဗျာထဲမှာ ငါ ဗဟိုပြုအရေးအသားကို ရှောင်ကြဉ်တယ်။ အကယ်၍ ကဗျာထဲမှာ ငါ ဆိုတာ ပါလာရင်လည်း အဲဒီ ငါဟာ ကဗျာရေးသူငါကို ရည်ညွှန်းတာမျိုး မဟုတ်ဘဲ ကဗျာထဲက ငါ ကိုသာ ဆိုလိုရင်းဖြစ်တယ်။ နောက်ပြီး ကဗျာတစ်ပုဒ်ထဲမှာ ငါ များစွာကို ထည့်သွင်း ရေးဖွဲ့ပြီး အပြိုင်အဖွဲ့တွေကို ရောနှောတင်ပြတာမျိုးအထိ တွေ့ရပါတယ်။ အဲဒါကြောင့် ခေတ်ပြိုင် ကဗျာတွေမှာ single Voice ထက် Multivoice တွေကို ပိုမိုတွေ့ရှိရပါတယ်။  ဆရာမောင်ပြည့်မင်း ရဲ့ `ယခုမှစ တစ်ဝက်ဆီ´ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ ဘယ်နေရာ ဘယ်ရှုထောင့်ကနေ ပါဝင်ပတ်သတ်နေတယ်ဆိုတာကအစ စဉ်းစားစရာပါပဲ။ ဒါ့အပြင် ကွင်းစကွင်းပိတ်ထဲက (ခင်ဗျား) ဆိုတဲ့သူဟာ ကဗျာ ဖတ်သူလား။ အခြားတစ်စုံတစ်ယောက်လား။

ယခုမှစ တစ်ဝက်စီ

ခင်ဗျားဗျာ ကျွန်တော့်နေရာက စဉ်းစားကြည့်ပါ
ပျော်ရွှင်နေဆဲ ဆဲဆိုခံလိုက်ရသလို
အစ်ကို ညီလေးနေရာက ခံစားကြည့်ပါအစ်ကိုရာ
မဖြစ်နိုင်တဲ့ ဘ၀နှစ်ခု သူမ ဘာလို့ ပေါင်းစပ်ချင်ရတာလဲ
(ဒီနေရာမှာ ခင်ဗျားဝင်ရပြီ)
ပြန်လည်ချေပခြင်းကြားကြီးနဲ့ ရေကိုယူ
အိုးကို မတုနဲ့ မောင်တို့ရာ
ဖြစ်တတ်တာတွေလည်း ဖြစ်ကို ဖြစ်တတ်လွန်း
မဖြစ်နိုင်တာတွေကလည်း ဖြစ်ကို ဖြစ်မလာနိုင်ပါ
( ခင်ဗျား ၀င်ပါရပြန်ပါပြီ)
ပစ်ချလိုက်ရမလား၊ ပစ်ချလိုက်ရမလား ဆိုတဲ့အသံ
ဘယ်သူတုန့်ပြန်ခဲ့ဖူးပါသလဲ
ကိုယ်က ပစ်သာ ချလိုက်စမ်းပါဗျာ၊ ပစ်သာ ချလိုက်စမ်းပါဗျာ
အဲဒီလို တုန့်ပြန်ဖူးပါရဲ့၊ ရွှေထုပ်ကြီးလိုချင်လို့ပါ
(ခင်ဗျား ၀င်ပတ်သက်ရဦးတော့မယ်)
သစ်ခုတ်သမားဟာ ဘ၀တစ်သက်တာ ဗီလိန်ပါ
လမ်းဘားဂျက်ဟာ လူကြမ်းသရုပ်ဆောင်ပါ
သားကို ဆိုင်ကယ်ကယ်ရီမလုပ်စေချင်ဘူး
သမီးကို အဲဒီဆိုင်မှာ သီချင်းမဆိုစေချင်ဘူး
ခဏလေးပါ ခဏလေးပါ
နေပွင့်လာရင် ပျော်စရာပါ
ခဏလေးစောင့်ပါ ၀င်သူများအားလုံးပျော်ရမှာ။

                                      မောင်ပြည့်မင်း

          ထပ်ပြောရရင် ခေတ်ပြိုင်ကဗျာတွေဟာ ကဗျာဆိုင်ရာ နည်းနာအမျိုးမျိုးကို ထည့်သွင်းရောစပ် ပြုလုပ်လာတာကိုလည်း တွေ့ရှိ ရပါတယ်။ အများစု သုံးနှုန်းကြတာတော့ Laugage, Concept, Collage စတာတွေကို အများဆုံး ရောစပ်အသုံးပြုပြီး ထူးခြားတဲ့ Hybrid, Expremental Poetry တွေကို ပြုလုပ်လာပါတယ်။ ခေတ်ပြိုင်ကဗျာရေးသူအများစုဟာ Making ကို လက်ခံယုံကြည်ကြသူတွေပါပဲ။ ကဗျာဆိုတာ ပြုလုပ်ခြင်းပဲ ဖြစ်တယ်ဆိုတာကို မကြာခဏပြောပါတယ်။ လက်တွေ့ဖန်တီးပြပါတယ်။ ကဗျာဆရာ လင်းရမ္မာ ရဲ့` ကားသင်္ဘော´ ဆိုတဲ့ ကဗျာထဲမှာဆိုရင် ကဗျာဆရာဟာ Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကနေ ရရှိလာတဲ့ သတင်းအချက်အလက်တစ်ခုနဲ့ ကဗျာကို အစပြုတည်ဆောက်လိုက်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက Facebook ဆိုတဲ့ လူမှုကွန်ယက်မီဒီယာကရရှိတဲ့ သတင်းဆိုတာ ယုံကြည်လို့ ရနိုင်မလား။ သေချာရဲ့လား။ နောက်တစ်ခုက ဝေလကား တဲ့။ ကျွန်တော်တို့ပုံမှန်ကြားဖူးနေကျစကားလုံးက ရေကျချိန် ကုန်းပေါ်မှာ တင်ကျန် နေရစ်ခဲ့တဲ့ ဝေလငါး။ အခု ကဗျာဆရာ သုံးထားတာက ဝေလကား ဆိုတော့ Wales ပြည်နယ်က တင်ပို့လာတဲ့ကားများ ဖြစ်နေမလားပေါ့။ ဘာသာစကားတည်ဆောက်မှုအရ မှန်ကန်သလိုရှိနေတဲ့အပြင် ဖြစ်နိုင်ချေအမျိုးမျိုးနဲ့ ကဗျာဆရာဟာ ကဗျာဖတ်သူကို ပထမဆုံး စာကြောင်း မှာတင် အလုပ်လုပ်စေပါတော့တယ်။ နောက်ထပ်တွေ့ရမှာက ခေတ်ပြိုင်လူမှုအဖွဲ့အစည်းအတွင်းက ပြဿနာတွေ၊ ထိတ်လန့်အံ့သြစရာ တွေကို အဆက်အစပ်မဲ့ ချိတ်တွဲယှက်ဖောက်ထားတဲ့ စကားတွေပါပဲ။ ကျွန်တော်တို့ နေ့စဉ်ကြားနေ မြင်နေရတဲ့ စာသားတွေ စကားလုံး တွေကိုပဲ ကဗျာဆရာက ဆက်စပ်တည်ဆောက်ပြီး ကဗျာတစ်ပုဒ်ပြုလုပ်သွားခြင်းပါပဲ။

ကားသင်္ဘော

ဆိပ်ကမ်းမှာ သောင်တင်နေတဲ့ ဝေလကားတွေကို ယမန်နေ့ နံနက် ၉း၂၈ က အပြီးသတ် ပင်လယ်ဆီ ပြန်ပို့
Source: Facebook.com

အာခေါင်ခြစ်ပြီး ဒိုးနတ်ပေါ် ဖြူးပေးလိုက်တယ်
ရလာတဲ့ လိုအပ်ချက် အသေးစားတွေဟာ ခြေမှာ တွဲနေတဲ့ အကြီးစားဗုံးသီး
ထူးဆန်းအံ့ဖွယ် ၀က်ဘ်သတင်းတွေဟာ Google Reader ပေါ်ဆက်တိုက် ခုန်တက်နေဆဲ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
တစ်မိနစ်စာ မျက်စိမှိတ်လို့ အားပြန်ယူတိုင်း
သေဆုံးသွားတဲ့ ဆဲ ကုဋေကုဋာ
လက်မည်းကြီးဟာ ကြောက်စရာပါ
အိမ်သာတက်လည်း ငါပဲ
ရွှံ့တွေကိုင်လည်း ငါပဲ
ထမင်းစားတော့လည်း ငါပဲ
အမယ်လေး လက်မည်းကြီး လက်မည်းကြီး
မည်းနက်ပြောင်မှောင် မဟူရာ ပိတုန်းရောင် ကေသာထနေတဲ့ သူ့ဆံသားလေးတွေ
အာရုံကြောအားနည်းလာတဲ့ ရင်ခုန်ဖွယ်အချိန်လေးတွေ
ဇာတ်လမ်းသွား ဂိမ်းထဲက အတွဲလိုက်ထွက်လာတဲ့ ကျည်ဆံတွေ
ကိုသြဒိနိတ်ပွိုင့်တွေ အသေအချာချိန်ပြီး ခေါင်းနဲ့ပစ်တိုက်လိုက်
ခြေနဲ့ ကန်ကျောက်လိုက်
ဆိပ်ကမ်းမှာတင် သောင် နေသေးတဲ့ ဝေလကားတွေ
အ၀လွန်လာတဲ့ ကမ္ဘာကြီးမှာ သေစရာ သေရာတွေ အများကြီး
ဒီနေ့ မင်းကို ငါ သတ်ရလိမ့်မယ်
ကျော်ပစ်လည်း အလွတ်ရနေတဲ့ ဇာတ်လမ်း။

                                                          လင်းရမ္မာ

           နောက်တစ်ခုက ခေတ်ပြိုင်ကဗျာရေးသူတွေဟာ ဘာသာစကားရဲ့ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေကို အကျိုးရှိရှိ အသုံးပြုပြီး ကဗျာ ဖတ်သူကို လမ်းပြပါတယ်။ ကဗျာဖတ်သူဟာ ကဗျာရဲ့အနက်အဓိပ္ပာယ်ကို စုပ်ယူလိုရင်းကနေ ကဗျာဆရာရဲ့ ဘာသာစကားသုံးစွဲမှု၊ စကားလုံးဆော့ကစားမှု၊ ထင်ယောင်ထင်မှား ဖြစ်စေမှုတွေနောက်ကိုလိုက်ရင်း ကဗျာရဲ့အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်သွားတာမျိုး တွေ တွေ့ရပါတယ်။ ဒါဟာ ကဗျာဖတ်သူကို အလုပ်ပေးခြင်း (၀ါ) ကဗျာရဲ့ အပြင်ဘက်က သိမှုဆီကို အရောက်သွားစေလိုခြင်း လည်း ဖြစ်တယ် လို့ ထင်မိပါတယ်။ နောက်ထပ်မြင်မိတာက ခေတ်ပြိုင်ကဗျာတွေမှာ သုံးစွဲလေ့ရှိတဲ့ ပိုင်းစစိတ်မွှာခြင်း ( Fragmentation)  နဲ့  တွဲစပ်ချိတ်ယူခြင်း (Juxtaposition) တွေပါပဲ။ ခေတ်ပြိုင်ကဗျာတွေဟာ Collage ပြုလုပ် ခြင်းကို စိတ်ဝင်စားတယ်။ မတူကွဲပြားခြားနားတဲ့ အကြောင်းအရာတွေ၊ မြင်ကွင်းတွေ၊ သတင်းအချက်အလက်တွေကို စုစည်းပြီး အဲဒီအရာတွေနဲ့မသက်ဆိုင်တဲ့ အကြောင်းအရာနယ်ပယ် တစ်ခုဆီကို အရောက် ပို့ချင်တာမျိုးကို တွေ့ရပါတယ်။


နစ်မြှပ်ခြင်း

အရင်ဦးဆုံး ရေပူစီဖောင်းလေးတွေ မျက်စိထဲမြင်ယောင်မိတယ်
နောက် the Piano စန္ဒယားကြီးနဲ့ အတူ ဖောက်ပြန်တဲ့ မယားဖြစ်သူကို ရေထဲ နစ်မြှပ်စေတဲ့ ပြကွက်
သံတန်ချိန်ပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ Titanic
သင်္ဘောကြီး  တအိအိရေထဲ နစ်သွားပုံ မြင်ကွင်းတွေဟာ သရုပ်ပေါ်လွန်းပြီး
မမြင်ရတဲ့ အဖြစ်အပျက်တွေရဲ့ နစ်မြှပ်ခြင်းခေါင်းစဉ်အောက် သွင်းယူနိုင်ဖွယ်ရာ
ကျုပ်က အ တယ်၊ န တယ်၊ ထူ တယ်၊ ထိုင်း တယ်
အဲဒီမှာ စကားပုံတွေ ကားထွက်လာတယ်
ဗူးတောင်းနစ်၍ ဇောင်းခြမ်းပေါ်တယ်တဲ့ ပတ္တမြားမှန်ရင် နွံမှာ ဘယ်နစ်မလဲ
ဝါးနဲ့သာ ကူထိုးလိုက်တော့ ရေနစ်နေသူကို အသာကလေး မယူသွားကာ
ထူးချွန်အောင်မြင်သူရဲ့ ဘ၀ဇာတ်လမ်း
ဟေ့ ဒီမှာ ရာသီဥတုအခြေအနေတွေနဲ့ စပ်လျဉ်းလာရင် ငှက်တွေကိုသာ ရွေးလိုက်ပါ
၁၀ ရက်လောက် စမ်းသုံးကြည့်ပါ နှစ်မျိုးလုံး ရှိနေတာကို နှစ်သက်ပါ
ဂျွန်ဟင်နရီဖာ့သည် ပိုးကောင်များကို ကျောက်ပန်းတောင်းနယ် ဆားတုံးရွာ ဒေါ်ဗုံတုတ် ပုရပိုက်အမှတ် ၂ အရ ကိုလှရွှေတို့က ကျွန်တော့်ကို ခင်မင်သည်ဟု ယူဆပါတယ်ဟု ယူဆပါတယ်ဟု ယူဆပါတယ် တဖြည်းဖြည်းနစ်ဆင်းသွားလိုက်တာ ပြဿနာစုံလုံးကို သိမ်းကျုံးပြီး ဆွဲနစ်လိုက်မတတ် ရေပူပေါင်းလေးတွေ ပလုံစီလိုက်ကာ လူထုနဲ့ အတော်ကို ကင်းကွာနေတဲ့အပြင် ခြေသလုံးအိမ်တိုင် တစ်ပူပေါ်နှစ်ပူ ဆင့်သတဲ့ သိပြီ လောကကြီးဟာ လုံးဝစိတ်ဝင်စားစရာ မကောင်းတဲ့အပြင် တော်တော်ပျင်းစရာကောင်းပေတာပဲ တဲ့

                                                                                                ခင်အောင်အေး

           ခေတ်ပြိုင်ကဗျာဟာ ကဗျာဖတ်သူကို အမြဲတမ်းမေးခွန်းတွေ ထုတ်တယ်။ ကဗျာရေးသူဟာ အရာရာ တစ်ထစ်ချ အမှန်တရားလို့ မယူဆဘဲ အရာရာကို သံသယအမြင်နဲ့ပဲ ကြည့်ပါတယ်။ ကဗျာဆရာဟာ သူရေးလိုက် တဲ့ အချက်အလက်တွေကို အမှန်လို့ မယူဆစေချင်ဘူး။ ကဗျာဖတ်သူ ကိုယ်တိုင် သိမှုတည်ဆောက်စေတယ်။ ပုံသဏ္ဍာန်အနေနဲ့ ပြောရရင်လည်း ခေတ်ပြိုင်ကဗျာဟာ ယနေ့လက်ရှိ အများဆုံး တွေ့နေရတဲ့ အလျားလိုက် စာမျက်နှာ အပြည့်စီတဲ့ ပုံသဏ္ဍာန်ကို အများဆုံးတွေ့ရှိရပြီး အဲဒီပုံသဏ္ဍာန်ဟာ Prose Poem ကနေ မြစ်ဖျားခံတယ် လို့လည်း ယူဆမိပါတယ်။ ဒါပေမယ့် အဲဒီလို အလျားလိုက် အပြည့်စီလိုက်တာနဲ့ ခေတ်ပြိုင်ကဗျာ ဖြစ်သလားဆိုတဲ့ မေးခွန်းပါ။ မဆိုင်ပါဘူး။ အထက်မှာ ကျွန်တော်လက်လှမ်းမီသလောက် ချပြပေးခဲ့တဲ့ ကဗျာတွေဟာ ခေတ်ပြိုင်ကဗျာတွေပါပဲ။ ခေတ်ပေါ်ကဗျာမှာ သူ့ရဲ့ အလှဓါတ် ရှိသလိုပဲ ခေတ်ပြိုင်ကဗျာဟာလည်း သူ့ရဲ့ ခေတ်ပြိုင်ဖြစ်မှု သီးခြား အလှဓါတ်တွေ ရှိနေပါတယ်။ ဒါကြောင့် တစ်ချို့ကဗျာဆရာတွေ လက်ရှိ ရေးသားနေတဲ့ ခေတ်ပြိုင် ကဗျာတွေမှာ ပုံသဏ္ဍာန်အရပဲ ပြောင်းလဲမှုရှိတဲ့ ခေတ်ပေါ်ကဗျာတွေအဖြစ်လည်း ရောနှောပါဝင်နေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်ကဗျာနဲ့ ခေတ်ပြိုင်ကဗျာရဲ့ သိသာခြားနားတဲ့ အလှဓါတ်ကတော့ ဘာသာစကားအပေါ် လက်ခံသုံးစွဲခြင်းပါပဲ။ ဥပမာ-ဇေယျာလင်း၊ လူဆန်း၊ လူလန်းတို့ရဲ့ ကဗျာတွေကို ဖတ်ကြည့်ရင် ဘာသာစကားဆန်းပြားစွာ သုံးစွဲထားတာတွေ၊ ဘာသာစကား လက်တစ် လုံး ခြား လုပ်တာတွေ၊ ဘာသာစကားအပေါ် မေးခွန်းထုတ်ထားတာတွေအများကြီးကို ဖတ်မိမှာပါ။ အခု ကျွန်တော် တင်ပြထားတာတွေ အားလုံး က ကျွန်တော်လေ့လာမိသလောက် ကျွန်တော်ပြန်တည်ဆောက်ထားတဲ့ သိမှုသက်သက်ပါပဲ။ ခေတ်ပြိုင်ကဗျာဆိုတာ ဒီထက် ပိုမိုကျယ်ပြန့် နက်ရှိုင်းပါတယ်။ ခေတ်ပေါ်ကဗျာ စတင်တည်ဆောက်စကာလမှာ ခက်ခဲပင်ပန်းခဲ့သလိုပဲ ခေတ်ပြိုင်ကဗျာလမ်းကြောင်းဟာ လွယ်ကူချောမွေ့ လိမ့်မယ်လို့တော့ မထင်ပါဘူး။ အထက်က ဖော်ပြခဲ့တဲ့ ကဗျာတွေနဲ့ စာသားတွေက ကျွန်တော့်သိမှုအနည်းငယ်ရှိသလောက်နဲ့ ချဉ်းကပ်ကြည့် မိခြင်းသက်သက်ပါပဲ။  လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ခေတ်ပြိုင်ကဗျာကို ဘယ်လိုချဉ်းကပ်မလဲ။ ဘယ်လို နားလည်မှု တည်ဆောက်မလဲ။ ဘယ်အချိန် ကာလအထိ ခေတ်ပြိုင်ကဗျာရဲ့ လွှမ်းမိုးဖမ်းစားမှုကို ခံနေရဦးမလဲဆိုတာ ဒီဘက်နှစ်များမှာ ကိုယ့်ကိုယ်ကို မေးမိတဲ့ မေးခွန်းများပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းနဒီခ

(ကိုးကား။           ။ ဖြစ်နိုင်ချေရှိသော ခေတ်ပြိုင်မြန်မာကဗျာအလားအလာ- ဇေယျာလင်း)

ရေဦးမဂ္ဂဇင်း၊ အမှတ် ၄၊ ၂၀၁၅


သိမှု၊ ဥာဏ်ပညာနဲ့ အရှိတရား



သိမှု၊ ဥာဏ်ပညာနဲ့ အရှိတရား

            ကဗျာဟာ ဘယ်လိုအနေအထားမျိုးမှာ ရောက်ရှိလာတတ်ပါသလဲ။ ထမင်းစားရင်းနဲ့၊ လမ်းလျှောက်ရင်းနဲ့၊ စကားပြောရင်းနဲ့၊ အိပ်ပျော်နေရင်းနဲ့၊ အခြားသော အကြောင်းတမျိုးမျိုးနဲ့ဖြစ်စေ၊ ဘယ်လိုအနေအထားအမျိုးမျိုးနဲ့ ဖြစ်ဖြစ် ကဗျာဟာ ရောက်လာတတ်ပါတယ်။ တစ်ခုပါပဲ။ ကဗျာလာတဲ့အခါ ကျွန်တော်တို့ ဘက်မှ အဆင်သင့်ဖြစ်နေဖို့တော့ လိုမှာပေါ့။ အခုလည်း တရားတစ်ပုဒ်နာရင်းနဲ့ ကဗျာနဲ့ ပတ်သက်လို့ တွေးဖြစ်တာလေး ရေးဖြစ်မိပါတယ်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကိစ္စမရှိတော့ပါဘူး။ ဘယ်အရာမှ မမြဲဘူးမဟုတ်လား။ အဲဒီလို မမြဲတဲ့အရာတွေထဲမှာ ကဗျာလည်း ပါပါတယ်။ ပုဂံခေတ်ဦးကနေ စတင်ခဲ့တဲ့ မြန်မာကဗျာဟာ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ ပျို့၊ မော်ကွန်း၊ ဧချင်း၊ အိုင်ချင်း၊ တျာချင်း၊ ကာချင်း၊ လေးချိုး၊ ဒွေးချိုး၊ တေးထပ်၊ ဘောလယ် ကနေ ဒီကနေ့ခေတ် မော်ဒန်၊ ပို့စ်မော်ဒန်၊ ခေတ်ပေါ်၊ ခေတ်ပြိုင်၊ Conceptual, LANGUAGE, Flarf, Digital, Slam, Installtion, Performance, Visual, Contemporary အထိ အဆင့်ဆင့် ပြောင်းလဲ ရွေ့လျားလာခဲ့တာလည်း မျက်မြင်ပါပဲ။ ဒီအထဲကမှ ခေတ်ကာလအလိုက် ပြောင်းလဲလာတဲ့ ကဗျာ ပုံသဏ္ဍာန် အမျိုးမျိုး၊ ကဗျာနည်းနာတက္ကနစ် အမျိုးမျိုးအပေါ်မှာ ကဗျာရေးသူ၊ ကဗျာဖတ်သူတွေလည်း ပြောင်းလဲလာခဲ့ပါတယ်။ အခုအချိန်ထိ ဂန္ထဝင် ကဗျာမှ နှစ်သက်သူ၊ ခေတ်ပေါ် ကဗျာမှ နှစ်သက်သူ၊ ခေတ်ပြိုင်ကဗျာမှ နှစ်သက်သူ စသည်ဖြင့် ရှိနိုင်သလို ဂန္ထဝင်၊ လေးလုံးစပ်၊ ခေတ်ပေါ်၊ ခေတ်ပြိုင်မခွဲခြားဘဲ ကဗျာမှန်သမျှ နှစ်သက်လက်ခံသူ၊ တန်ဖိုးထားသူတွေလည်း ရှိနေနိုင်ဦးမှာပါ။ ကဗျာနဲ့ ပတ်သက်လို့ ခေတ်တိုင်းမှာလည်း သူ့ပြဿနာနဲ့သူ ရှုပ်ထွေးခဲ့၊ ဖြေရှင်းခဲ့၊ ရင်ဆိုင်ခဲ့၊ ကျော်ဖြတ်ခဲ့ရတာလည်း အမှန်ပါပဲ။
ဒီနေရာမှာ ကဗျာနဲ့ ကဗျာဖတ်သူကြားက အကွာအဝေးကို ပြန်ကောက်ချက်ဆွဲရရင် ကဗျာအမျိုးအစားတစ်ခုဟာ သူ စတင် ပေါ်ပေါက်ဖြစ်ထွန်းရာ  သူ့ခေတ်ကာလတုန်းဆီက ကဗျာဖတ်သူအတွက် ခက်ခဲကောင်း ခက်ခဲခဲ့မှာ မှန်ပေမယ့် ဆယ်စုနှစ်တစ်ခုစာ ဖြတ်သန်း အပြီးမှာ အဲဒီ ကဗျာအမျိုးအစားဟာ ကဗျာဖတ်သူနဲ့ အကျွမ်းတဝင် ဖြစ်သွားပြီး လွယ်ကူတဲ့ ကဗျာတွေအဖြစ် ပြောင်းလဲရွေ့လျားလာပါတယ်။ ဒါဟာ ကဗျာဖတ်သူရဲ့ ကဗျာဖတ်ကျင့်နဲ့ ဆိုင်ပြီး ကဗျာဆရာဟာ ကဗျာဖတ်သူရဲ့ ရှေ့ကနေ ဆယ်စုနှစ်တခုစာအထိ ကြိုမြင်နိုင်တဲ့သူတွေ အဖြစ်ရောက်ရှိစေပါတယ်။ ဒါက အရေးအသားနဲ့ တင်ပြပုံအပိုင်းကို ကျွန်တော်မြင်မိ တွေးမိတာလေးပါ။ ဒီအတွေးကို နည်းနည်း ထပ်ချဲ့ ကြည့်မိတဲ့အခါ ကဗျာရေးသူတွေကို သရုပ်မှန်ကဗျာရေးသူ၊ မော်ဒန်ကဗျာရေးသူနဲ့ ပို့စ်မော်ဒန်ကဗျာရေးသူတွေအဖြစ် ထပ်ပြီး ပိုင်းခြား ကြည့်မိပါသေးတယ်။
သရုပ်မှန်ကဗျာရေးသားသူတွေဟာ လက်တွေ့အရှိတရားဆီ ရောက်အောင် သူတို့ပတ်ဝန်းကျင်ရဲ့ အထိအတွေ့ ရိုက်ခတ်မှု မြင်သိမှု တွေကတဆင့် စာပေအနုပညာတစ်ရပ်အဖြစ် စာ/ ကဗျာဖတ်သူဆီကို တိုက်ရိုက်ပေးပို့တယ်။ အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်သလို ဖန်တီး ဖွဲ့နွဲ့ တည်ဆောက်တယ်။ ဦးတည်ချက် ရည်ရွယ်ချက် တစ်ခုခုနဲ့ ပန်းတိုင်တည်ဆောက်ပြီး အဲဒီပန်းတိုင်ကို ရောက်အောင်သွားလေ့ ရှိတယ်။ ဇာတ်ပေါင်းရင် ဘယ်သူဘုရားလောင်းလဲ ဆိုတဲ့ မျှော်လင့်ချက်တွေ သင်ခန်းစာတွေ အဘိဓမ္မာတွေကို သဘာဝကျကျ ထည့်ပေးတယ်။ တကယ်တမ်းကျတော့ အဲဒီအရာတွေ အားလုံးဟာ ရှိပြီး ဖြစ်ပြီးသားတွေပဲ။ တနည်းပြောရရင် ဖတ်သူကို အရှိတရားဆီ ရောက်အောင် သတိပေးတာပါပဲ။ လွယ်လွယ်ပြောရရင် ဒါမျိုးတွေ ရှိနေတယ်လို့ လက်တို့လိုက်တာပါပဲ။ အမြင်သာဆုံးထုတ်နှုတ်ပြရရင် ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာတွေဟာ အထင်ရှားဆုံးဥပမာတွေပဲ ဖြစ်တယ်။ ဒီအထဲကမှ ရုပ်ရှင်၊ သီချင်းအဖြစ် ဆင့်ကဲပြောင်းလဲ အောင်မြင်ခဲ့တဲ့ “ပန်းပန်လျက်ပဲ” ကို ပြန်ဖော်ပြချင်ပါတယ်။ ဆရာ ဇော်ဂျီ ရေးဖွဲ့ခဲ့တဲ့ ဇာတ်ကောင် ဗေဒါပန်းလေးဟာ အပြင်လောကမှာ အမှန်တကယ်ရှိနေ၊ မြင်နေရတဲ့ အရှိတရားဖြစ်ပါတယ်။ ဒါကို ဆရာက သူ့ရဲ့ ကဗျာအတတ်ပညာနဲ့ ရေးဖွဲ့ ဖန်တီးပြလိုက်ပါတယ်။ ဒါကို ကဗျာဖတ်သူ ကျွန်တော်တို့က သိမှုပြန်လည်တည်ဆောက်ပြီး လောကဓံနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်ပြီး ကဗျာထဲက ရလာတဲ့ အလင်းပွင့်မှုကို ရယူကြရတာပါ။ ပြန်ဖတ်ကြည့်ပါ။

ညိုပြာပြာ လတာပြင့် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ။
မြှုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တစ်လံကွာ လှိုင်းအကြွှ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ၊ ဗေဒါက တစ်ပင်ထဲ။
အယက် အကန် ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက် ပဲ။ ။

(ဆရာဇော်ဂျီ)
တက္ကသိုလ်အိုးဝေမဂ္ဂဇင်း(၁၉၆၀)

            နောက်တစ်ပုဒ်အနေနဲ့လည်း ဆရာကြည်အောင်ရဲ့ လူတစ်ယောက် မျောက်တစ်ကောင်ကဗျာကို ထုတ်နှုတ်ပြချင်ပါသေးတယ်။ နောက်ထပ်လည်း ဒီလိုသရုပ်မှန်ကဗျာတွေ အများကြီး ဖတ်ခဲ့ရဖူးတာကို ပြန်အမှတ်ရကြပါလိမ့်မယ်။

စည်းနဲ့ ဗျောက်
ချွင် ခေါက်
မျောက်ကား
မင်းသား
တေး ဟစ်ကြော်
လမ်းပေါ်သွား
လူကား
သူတောင်းစား။

(ကြည်အောင်)
၁၉၇၈

           မော်ဒန်(ဝါ) ခေတ်ပေါ်ကဗျာရေးသူတွေကျတော့ သိမှုကို အခြေခံတယ်။ သူတို့ဟာ သူတို့သိထားသမျှတွေကို ဘယ်တော့မှ တိုက်ရိုက်မပြောဘူး။ သူတို့ဟာ အရှိတရားက သက်သက်၊ သိမှုက သက်သက်လို့ အမြဲတွေးတယ်။ တကယ်လည်း ဟုတ်နေတာပါပဲ။ သိမှု တိုင်းဟာ အရှိတရားမဖြစ်နိုင်သလို တကယ့်အရှိတရားတိုင်းကိုလည်း ဗုဒ္ဓမြတ်စွာဘုရားကလွဲလို့ အလုံးစုံ သိနိုင်တဲ့သူ မရှိသေးဘူး။ ဒီတော့ မော်ဒန်သမားတွေဟာ သိမှုကို ချဲ့ထွင်ပြီး လမ်းကြောင်းအမျိုးမျိုးနဲ့ အရှိတရားကို ချဉ်းကပ်တယ်။ မော်ဒန်သမားတွေဟာ အရာရာကို သံသယအမြင်နဲ့ မေးခွန်းထုတ်တယ်။ ဒီတစ်ခုဟာ ဒါအပြင် နောက်ထပ်တစ်ခုမဖြစ်နိုင်ဘူးလား ဆိုတာမျိုးလည်း စဉ်းစားတယ်။ မော်ဒန် သမားတွေရဲ့ ဝေဝါးထွေပြားမှုနဲ့ မသိစိတ်က ထွက်ကျလာတတ်တဲ့ စကားလုံးတွေဟာ အရှိတရားဆီကိုပဲ ဦးတည်သွားတာတော့ သေချာ ပါတယ်။ မော်ဒန်သမားတွေဟာ စနစ်တကျသေချာမှုကို သဘောမတူဘူး။ အရာအားလုံးဟာ ဖရိုဖရဲဖြစ်နေတယ်။ ဥာဏ်ပညာ ရင့်သန်လာ တာနဲ့အမျှ နောက်ထပ်ကမ္ဘာတစ်ခုကို ရှာဖွေနေသလိုမျိုး နောက်ထပ်တိုးဝင်လာမယ့် သိမှုတစ်ခုခုကို မျှော်လင့်နေတယ်။ မော်ဒန် သမားတွေဟာ ဒါတွေကို စာ/ ကဗျာ/ အခြားအနုပညာတစ်ရပ်ရပ်နဲ့ Art Work တစ်ခုခုဖန်တီးတဲ့ အခါမှာလည်း ဘယ်တော့မှ ပန်းတိုင်ကို မဖော်ပြဘူး။ ခံစားချင်သူက ကိုယ့်ဘာသာတည်ဆောက်ယူရတယ်။ ခံစားသူရဲ့ သိမှုရှိသလောက်ပဲ မော်ဒန်လက်ရာတွေဟာ ပန်းတိုင် အဖြစ် သတ်မှတ်လို့ ရတယ် ဆိုရမလိုပါပဲ။ ဒါကြောင့် မော်ဒန်လက်ရာတွေဟာ ခံစားသူသိမှု နည်းပါးရင် နည်းပါးသလောက် နားလည်ဖို့ ခက်ခဲလေ့ ရှိနေတာကိုလည်း တွေ့ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် မော်ဒန်သမားတွေရဲ့ နောက်ဆုံးဆန္ဒကလည်း အရှိတရားဆီကိုပါပဲ။ မော်ဒန်(ဝါ) ခေတ်ပေါ်ကဗျာတွေကို ထုတ်နှုတ်ပြရရင်တော့ အများကြီးရှိနေမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ခေတ်ပေါ်ကဗျာရဲ့ ယေဘုယျ အချက် အလက်တွေကိုက ထွေပြားတယ်။ ရိုးရိုးစင်းစင်းမဟုတ်။ သိပ်သည်းတယ်။ ကျဲတဲတဲမဟုတ်။ ကျယ်ကျယ်ဝန်းဝန်းလွှမ်းခြုံတယ်။ မကျဉ်းမြောင်း။ ရိပ်ကာဝဲကာပြောတယ်။ တိုက်ရိုက်မပြော။ဧကန်သဘောတရားဆောင်တယ်။ ပြုအပ်တဲ့ တရားမဆောင်။ အကွက်သဘော ဆောင်တယ်။ မျဉ်းသဘောကို မဆောင်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။ ခေတ်ပေါ်ကဗျာထဲကမှ ထင်ရှားတဲ့ကဗျာတွေဖြစ်တဲ့ ဆရာ မောင်လေးအောင်ရဲ့ နစ်ကဆင်နှင့် စစ်တုရင်ကစားခြင်း၊  ဆရာ မောင်ချောနွယ်ရဲ့ ငါး၊ ဆရာ လှသန်းရဲ့ နွေဦးက ဘယ်တော့မွေးမှာလည်း ကဗျာတွေကို ထုတ်နှုတ်ပြချင်ပါတယ်။

ညက
အိပ်မက်ထဲမှာ
ငါ... နစ်ကဆင်နဲ. စစ်တုရင်ကစားတယ်။
နစ်ကဆင်ဟာ
မာတနီသောက်လိုက်
ဆေးပြင်းလိပ်ဖွာလိုက်
ဒိန်ခဲစားလိုက်
စစ်တုရင်ရွှေ.လိုက်...။
ငါ.ပုလင်းထဲမှာ
ကောက်ညှင်းအရက် ဆယ်ပက်
ခပေါင်းတစ်ဗူး
ခြူးတစ်လိပ်နဲ.။
နစ်ကဆင်
အရင်ရွှေ.ကတည်းက အမှား
အလကားပဲ...။
နစ်ကဆင်ရဲ. 'ကင်း '
ငုရင်သီဘင်း တော်လှန် ' ကွင်း' နဲ.ချက်တယ်
ဘယ်ပြေးထွက်မလဲ...။
(မောင်လေးအောင် / နစ်ကဆင်နှင့် စစ်တုရင် ကစားခြင်း ကဗျာမှ)
မိုးဝေမဂ္ဂဇင်း

တစ်ဘဝလုံးလိုလို
ငါးရယ်လို့ တစ်ကောင်တစ်လေမှ မမိ
ကြည့်
မိမယ့် မိတော့ စကြဝဠာကြီး
အပေါ်ဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တန့်ဖြစ်သွား
ငါ့ကို ပြန်မျှားခဲ့ပေါ့။

( မောင်ချောနွယ်/ ငါး ကဗျာမှ)

ငါတို့ရှာဖွေခဲ့တဲ့ အနွေးဓာတ်
ငါတို့ရဲ့ သွေးအေးမှုများ
ငါတို့ ကိုယ့်ကိုယ်ကိုယ် ပြန်နွှေးနေရတဲ့ နေ့တွေ
ဒါနဲ့ နွေဦးက ဘယ်တော့ မွေးမှာလဲ။

ငါတို့ရဲ့ ချဉ်ခြင်းတပ်မှုများ
ငါတို့ရဲ့ အပူအစပ်ရှောင်ခဲ့ပုံများ
ငါတို့ရဲ့ နေ့စေ့လစေ့ သန္ဓေသား
ဒါနဲ့ နွေဦးက ဘယ်တော့ မွေးမှာလဲ။

ငါတို့ ဆုံးရှုံးခဲ့တဲ့ နှောင်ကြိုးများ
ငါတို့ ဆင်းသက်မိတဲ့ ထောင်ချောက်များ
ငါတို့ ပိတ်မိသွားတဲ့ နှောင်အိမ်များ
ဒါနဲ့ နွေဦးက ဘယ်တော့ မွေးမှာလဲ။

ငါတို့ရဲ့ မျက်ရည်ပေါက်ကြီးငယ်များ
နွေဦးက ဘယ်တော့ မွေးမှာလဲ။
ငါတို့ စတေးခဲ့တဲ့ နေ့စွဲများ
နွေဦးက ဘယ်တော့ မွေးမှာလဲ။
ငါတို့ရဲ့ချွေးများ
နွေဦးက ဘယ်တော့ မွေးမှာလဲ။

(လှသန်း/ နွေဦးက ဘယ်တော့မွေးမှာလဲ)
ချယ်ရီ၊ ဧပြီ၊ ၂၀၀၁

ပို့စ်မော်ဒန်ကဗျာရေးသူတွေ၊ ခေတ်ပြိုင် Contemporary ကဗျာရေးသူတွေကရော ဘယ်လိုလဲ ဘယ်ထိသွားမှာလဲလို့ တွေးမိတဲ့ အခါ သူတို့ မျှော်လင့်တာကလည်း အရှိတရားပါပဲ။ ဒါပေမယ့် သူတို့လိုချင်တဲ့ အရှိတရားက တစ်မျိုးဖြစ်တယ်။ မော်ဒန်ဝါဒရဲ့ သိမှုဆိုင်ရာ တည်ဆောက်ချဲ့ထွင်မှုကို ငြင်းဆန်တယ်။ သိမှုဆိုင်ရာတည်ဆောက်မှု အဆောက်အဦအပြင်ဘက်က လက်ရှိကမ္ဘာကို လိုချင်တယ်။ ဥပမာ- လူတစ်ယောက် ရပ်နေတယ်။ ဒါ တကယ်မဟုတ်ဘူး။ ယာယီရပ်နေတာပဲ ဖြစ်တယ်။ စားပွဲပေါ်မှာ ဖန်ခွက်တစ်လုံး ရှိနေတယ်။ အစစ်အမှန် မဟုတ်ဘူး။ စားပွဲရော ဖန်ခွက်ရော ယာယီပဲ။ ပို့စ်မော်ဒန်သမားတွေဟာ သူတို့လက်ရာတွေကို ဗဟိုချက်မဲ့စေတယ်။ သိမှုကို အတွင်းကျကျ တည်ဆောက်ပြီး ပို့စ်မော်ဒန် လက်ရာတွေကို ပြုလုပ်တယ်။ တကယ်ရှိနေတဲ့ အရာတွေရဲ့ နောက်ကွယ်က အရှိတရားကို ဖော်ထုတ်ဖို့ ကြိုးစား တယ်။ ပို့စ်မော်ဒန်လက်ရာတွေဟာ သိမှုကို လက်လွတ်စပယ် ဘယ်တော့မှမဖန်တီးဘူး။ စနစ်တကျအတည်ပြုထားတဲ့ သိမှုတွေနဲ့ တည်ဆောက်တယ်။ မသိစိတ်ဆိုတာ ပို့စ်မော်ဒန်သမားတွေမှာ မရှိဘူး။ နောက်တစ်ခုက မေးခွန်းတွေ။ ပို့စ်မော်ဒန်သမားတွေဟာ အဖြေ မရှိတဲ့ မေးခွန်းတွေ လက်ရှိအဖြေနဲ့ မလုံလောက်တော့တဲ့ မေးခွန်းတွေကို နှစ်သက်တယ်။ အရှိတရားရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာ ပို့စ်မော်ဒန်သမားတွေ အသိချင်ဆုံးမေးခွန်းပဲ။

ပြွတ်သိပ်ကျပ်ညျပ်နေတဲ့ လူ့အဖွဲ့အစည်းအစွန်အဖျားမှာ ရှေးဟောင်းရာဇဝင်ဘတ်စ်ကား
ဆင်ခြင်မှုအဓိကဝါဒနီးပါးနဲ့ ဖွဲ့စည်းထားတဲ့
(ဘာပဲဖြစ်ဖြစ်) အခုထိ မမွေးသေး
အသက်ပိုရှည်ဖို့ အရေးကြီးတယ် သြဝါဒလိုလို အမိန့်လိုလို
‘သာမန်ဘဝတွေကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်ဝါဒ ၉/၁၁’
အဲဒီလိုဆို ကဗျာကြီးဟာ မှောင်လိုက်မယ့် ဖြစ်ခြင်း

‘ကျွန်တော်ဟာ သူရဲကောင်းမဟုတ်ရိုး အမှန်ပါ’ဟု ဝန်ခံကြောင်း
ဥရောပဟာ အရေိကန်ကို အကြွေးတင်သလို
သူ့လောဘဟာ သေအထိ ကံကို အကြွေးတင်တယ်
မကိုင်တွယ်ရသေးတဲ့ အပြဲကြီးတွေ စိတ္တလူမှု
အင်အားမဲ့စွာ လက်ပိုက်မကြည့်ရင်
ကျောခိုင်းထွက်ခွာသွားရတယ် ရဝမ်ဒါ/ ကုလသမဂ္ဂ

ဘတ်စ်ကားပေါ်မှာလည်း ဗုံးဖောက်ခွဲကြတယ်
မိန်းကလေးတွေကိုလည်း နှာခေါင်းဖြတ်ပစ်တယ်
မွေးကင်းစကလေးငယ်တွေကိုလည်း
သေခြင်းချိုချို တိုက်ကျွေးတယ်

(ဇေယျာလင်း/ Your World Today ယနေ့ သင့်ကမ္ဘာ ကဗျာမှ)
ကဗျာဆိုတာပြုလုပ်ခြင်း၊ ၂၀၁၀

နေ့သည် လင်းလွန်းလှသည်။ အားစိုက်ရာ မရ။ အချိန်ဆက် ရွေ့နေဆဲမှာ ကြာ။
ပိုက်ဆံတွေ ပျက်ပြီ။ ရေဒီယို နာရီ စက်ပစ္စည်းများ နည်းတူ။
ရေခဲသေတ္တာထဲ အဆီခဲခဲ အနံ့မဲမဲခေတ်ကြီး
နေနှင့် ရှည်ကြာ မြက်ဖျားအဝါ
သစ်ရွက်တွေဟာ မပွင့်သေးတဲ့ ပန်းများ။

စိတ်ပါဝင်စားမှု ပြောင်းလဲရန် လိုအပ်သမျှ မျဉ်းကြောင်းများ
ရေးခြစ်ကြည့်ပါ
မှန်မှန် အားလုံးက မတူ။ မတူနိုင်။
ဖြစ်နိုင်ချေတစ်ခု၏နောက်ဆက်တွဲ အနာဂတ်များ
ချဉ်းကပ်ပုံအခြေခံ အထိုင်ထားတာကစ၍
ပထမလတွင် ယခုနှစ်နှင့် မနှစ်က။ ပြီးတော့ မပြောင်း။ ပြောင်းရန်မလိုဟု ယူဆထားပုံ
သူ့ကို မထိရ။ နောက် အဆက်အစပ်ပြတ်။

(ကျော်ဇောခိုင်/ နေ့များ။ နေထိုင်ခြင်းကဗျာမှ)
ကြာပန်းနှင့် နီသော ဇီဝဗေဒ၊ ၂၀၁၅

ငါတို့လက်တွေဟာ
ကိုယ့်လိင်တံတွေကို ဆုပ်ချင်ဆုပ်
ဒါမှမဟုတ်
သံဆူးကြိုးတွေကို မလွှတ်တမ်းဆုပ်လို့
မရဏကမ္ဘာဆီ

အတူသွားဖို့
ကတ်(Kurt) က

ငါတို့ကို ဖိတ်ခေါ်ခဲ့တယ်
ဂစ်တာကို ဘယ်လက်နဲ့တီး
ပြီးရင် သေနတ်မောင်းကို
ညာလက်နဲ့ဖြုတ်
လူငယ်ဘဝရဲ့

အနှစ်ချုပ်ကတော့
ဒီလောက်ပါပဲ
အလံတော်ကြီးအောက်မှာပဲ
ငါတို့ဂစ်တာတွေကို ထားရစ်ခဲ့တယ်
ငါတို့ဘဝတွေကိုတော့

သဲပူပူထဲမှ လိပ်ဥများပမာ
လက်ကြီးတစ်ဖက်က နှိုက်ယူသွားခဲ့တယ်
သင်၏ အဖဘုရားသခင် နိုင်ငံတော်။

(အောင်ခင်မြင့်/ နိုင်ငံတော်သီချင်း ၁၄ )

ဖော်ပြထားတဲ့ ခေတ်ပြိုင်ကဗျာသုံးပုဒ်ရဲ့ ကဗျာစာသားအချို့နဲ့ ကဗျာဖွဲ့ပုံ၊ ကဗျာလိုင်းဖြတ်ပုံ၊ အသုံးပြုထားတဲ့ စကားလုံးတွေကို အသေအချာ ဖျင်ဖျက်ပြီး တည်ဆောက်ကြည့်မယ်ဆိုရင် ပို့မော်ဒန်ကဗျာရေးသူ(သို့) ခေတ်ပြိုင်ကဗျာရေးသူတွေရဲ့ ကဗျာအပေါ်မှာ သိမှု တည်ဆောက်ပုံ၊ ပြင်ပလောကအရှိတရားတစ်ခုအပေါ်မူတည်ပြီး ကဗျာပြုလုပ်ပုံ၊ ကဗျာဖတ်သူအပေါ် မေးခွန်းထုတ်ပုံ၊ ကဗျာထဲမှနေ ပြင်ပလောကအရှိတရားကို လက်ခံထားပုံ စတဲ့ ကဗျာကပေးတဲ့၊ ပြောပြနေတဲ့ သိမှု၊ အရှိတရားတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ သူ့ချည်းပဲ တော့ မဟုတ်ပါဘူး။ ဥာဏ်လေးတော့ ကူရမှာပါ။ ကဗျာတွေဖတ်ရတာ ပျော်စရာကောင်းပါတယ်။ ကဗျာဟာ တစ်ခုခုကို ပေးမယ်လို့ ခင်ဗျား ယုံကြည်မထားပါနဲ့။ ကဗျာဆီကနေ တစ်ခုခုကို ရတော့မယ်လို့လည်း ခင်ဗျား မျှော်လင့်မထားပါနဲ့။ ကဗျာဟာ သိမှု၊ အရှိတရားနဲ့ ဥာဏ်ပညာ ရဲ့ ကြားက စကားလုံးတည်ဆောက်ထားမှုတစ်ခုသာ ဖြစ်ပါတယ်။ သေချာတာကတော့ အရှိတရားနောက်မှာ ရှိနေတာ မရှိခြင်းပဲ။ နတ္ထိပဲ။ ဗုဒ္ဓ ဟောကြားခဲ့တဲ့ မမြဲခြင်းဆိုတာ ပို့စ်မော်ဒန်သမားတွေ ရှာနေတဲ့ ပြဿနာပဲ။ အားလုံးဟာ ယာယီပဲ ။ အရာအားလုံးဟာ မမြဲခြင်းပဲ။ မှားချင်လည်း မှားနိုင်တယ်။ မှန်ချင်လည်း မှန်နိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ကဗျာနဲ့ ပတ်သက်သမျှ အစစအရာရာ တွေးကြည့်မိယုံ သက်သက်မျှသာပါပဲ။

မင်းနဒီခ
၁၉၊ ၄၊ ၂၀၁၆