Friday, April 8, 2016

ချစ်ခြင်းဖွဲ့နှစ်များ

ချစ်ခြင်းဖွဲ့နှစ်များ

မနေ့ကလိုပဲ
သောက်ထားတဲ့ဆေးလိပ်နံ့ပျောက်အောင်
အာလုပ်ကျင်းမိတယ် လက်ဆေးမိတယ်
သူ့ရှေ့ရောက်ရင်
ကိုယ်ဟာ ကလေးတစ်ယောက်လို ခေါင်းငုံ့လို့
လူငယ်တစ်ယောက်လို အရူးအမူး ရင်ခုန်လို့
လူကြီးတစ်ယောက်လို နွေးထွေးယုယပေးချင်လို့
ချစ်လိုက်ရပုံများ
သူ့အရိပ်တောင် မနာလိုစိတ်နဲ့ ကိုယ်ဖြစ်ချင်နေမိတာ
သူပြောတဲ့ စကားတွေကို တစ်လုံးမကျန် အသံဖမ်းထားချင်မိတာ
သူဆံပင်ဖြောင့်တာ သူဆံပင်ကောက်တာက အစ
ကဗျာလှလှ ဖွဲ့ပြချင်မိတာ
သူရယ်တာ သူပြုံးတာ
သူ့ပါးပေါ်က မှဲ့နက်ကလေး လှုပ်ခါသွားတာက အစ
သူ့ထမီဖျားလေးခတ်လိုက်တာအဆုံး
ကိုယ့်နှလုံးသားကို အတုံးအရုံးကျဆုံး သွားစေတာ
အရာရာဟာ မနေ့ကလိုပဲ
ချစ်လားလို့ ခဏ ခဏ မေးမိတာ
သူအိပ်ပျော်ချိန် သူ့နဖူးလေး ဖွဖွနမ်းမိတာ
သူ ဓါတ်ပုံလေး ကိုယ့်ပိုက်ဆံအိတ်ထဲ ထည့်ထားမိတာ
ချစ်လိုက်ရပုံများ
အရာရာဟာ မနေ့ကလို
ကိုယ်ကျင်လည်ရာ ဘဝ
ကိုယ်ဖြတ်သန်းခွင့်ရတဲ့ အချိန်တိုင်းဟာ
သူရှိလို့ ပြည့်စုံတယ်
သူနဲ့မို့ ပျော်ရွှင်ရတယ်
ကိုယ်လိုချင်တဲ့ မိသားစုဘဝမှာ
ကိုယ်ရခဲ့တဲ့ ဇနီးနဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့ သမီးနဲ့
ကိုယ့်သွေး ကိုယ့်သား
ကိုယ့်ချစ်ခြင်းမေတ္တာ
နှစ်ရှည်ကြာလည်း
အရာရာဟာ မနေ့ကလိုပဲ
လတ်ဆတ်ဆဲ
သစ်လွင်ဆဲ။


မင်းနဒီခ
၃ ဧပြီ ၂၀၁၄

No comments:

Post a Comment