Friday, April 8, 2016

ဟိုးရှေးရှေးတုန်းက ဇာတ်လမ်း

ဟိုးရှေးရှေးတုန်းက ဇာတ်လမ်း

မတရားဘူးထင်ရင်
လောကကြီးကို ခေါင်းနဲ့ တိုက်
လမ်းမအလယ်မှာ
လူမိုက်လုပ်နေတဲ့ ကောင်လေးတစ်ယောက်
သူ့အကြည့်တစ်ချက်အောက်မှာ
ဒူးထောက်ယဉ်ကျေးတတ်ခဲ့တယ်။


မဆုံနိုင်ရင်လည်း
ဝေးသွားလိုက်ပေါ့
ချစ်တဲ့စိတ်နဲ့ ရဲ ခဲ့တယ်
လူငယ်ဘ၀ရဲ့ သန်းခေါင်ယံဟာ
သူ့အကြောင်းနဲ့ ညဥ့်နက်တယ်
သူ့အကြောင်းနဲ့ မိုးလင်းတယ်။

သူ့နာမည်လေးကို
မြေကြီးပေါ်မှာ တုတ်နဲ့ခြစ်မိတာ
သူ့အရိပ်လေးနောက်မှာ
လူလစ်တုန်း ခိုးရပ်ကြည့်မိတာ
သူ့မမြင်ကွယ်ရာမှာ
သူ့အသံလေးခိုးနားထောင်မိတာ
ဒါအချစ်လားလို့ မေးရင်
ဒါအချစ်ပဲလို့ ကျွန်တော်ဖြေမယ်။

ဂျင်းဘောင်းဘီခြေထောက်ဖျားက
စုတ်ဖွာနေတဲ့ ချည်မျှင်စတွေကို နှစ်သက်ခဲ့သလိုမျိုး
တေလေတစ်ယောက်ရဲ့ လမ်းသွယ်အချိုးအကွေ့မှာ
နာနာကျင်ကျင်အလွမ်းနဲ့
ကိုယ့်ကိုယ်ကို ဖြားယောင်းရင်း
ချစ်ခြင်းတရားကို ခိုးယူပေါင်းသင်းခဲ့မိပေါ့။

မုန့်လည်းမကျွေးပါနဲ့
အရုပ်လည်းမပေးပါနဲ့
မချစ်ဘူးဆိုရင်
အလိုမပြည့်တဲ့ ကလေးတစ်ယောက်လို
အခန်းထောင့် အမှောင်လေးမှာ
တိတ်တိတ်လေးငိုပါရစေ။

နားထဲ စူးဝင်လာတဲ့ ဂီတဆိုတာလည်း
အလိုမတူရင်
ဆူညံလွန်းလှတယ်မဟုတ်ပါလား
မဆုံနိုင်ခြင်းက
ဂစ်တာကြိုးတွေကို ကိုက်ဖြတ်ပစ်လိုက်ကြတဲ့အခါ
မနီးစပ်နိုင်ခြင်းက
ဂစ်တာအိုးကို ရိုက်ခွဲပစ်လိုက်ကြတဲ့အခါ
သံစဉ်မရှိတဲ့ညဟာ
လမကွယ်ဘဲ မှောင်ခဲ့ဖူးတယ်။

မယုံရင်လည်း ပုံပြင်လို့ပဲ မှတ်ပါ
နှစ်ကိုယ်တူချစ်သမျှဇာတ်ဝင်ခန်းဟာ
မချစ်နိုင်တာထက်
မဖြစ်နိုင်တာ ခက်တဲ့အကြောင်းနဲ့ စတယ်
အဲဒီနေရာမှာ
သူမဟာ ဗီလိန်
သူမဟာ လူကြမ်း
ထမင်းရည်အတူလျှက်ဖို့ မပြောဘူး
တဲအိုပျက်အတူနေဖို့ မပြောဘူး
မျက်ရည်တွေ တသွင်သွင်စီးကျရင်း
ကျွန်မကို ထားခဲ့လိုက်ပါ
ကျွန်မကို မေ့လိုက်ပါ
အလွတ်ကျက်ခဲ့တဲ့ ဒိုင်ယာလော့ခ်တွေကို
လက်တန်းရွတ်ပြီး
ပြုတ်ကျတော့မယ့် ကျွန်တော့်ကို
လွှတ်ချလိုက်တယ်။

ဆုတောင်းပြည့်ချင်ပေမယ့်
ကြယ်တွေကို မကြွေခိုင်းရက်လို့
ခေါင်းငုံ့ထားပါတယ်
တေလေလေးတစ်ယောက်ရဲ့ အသည်းကွဲမှတ်တမ်း
ဒီဇာတ်လမ်းနဲ့ ဒီအခန်း
အနမ်းနဲ့ ဇာတ်သိမ်းဖူးတယ်။
မင်းနဒီခ
၁၂၊ ၂၊ ၂၀၁၄

No comments:

Post a Comment