Saturday, June 22, 2013

ဝလုံးဒါန်းလေး စီးရအောင်



ဝလုံးဒါန်းလေး စီးရအောင်

စာအုပ်အမည်                      ၀လုံးဒါန်း ကလေးကဗျာများ
ရေးသူ                               မောင်စိမ်းသစ်
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ ဇွန်လ
ထုတ်ဝေသည့် တိုက်               ဇေယျတု

          ကလေးကဗျာဟု ကြားလိုက်သည်နှင့် ဆရာကြီးမင်းသုဝဏ်နှင့် ဆရာတင်မိုးကို ကျွန်တော်အရင်ဆုံး သတိရမိသည်။ ကျွန်တော်တို့ မွေးကင်းစရွယ် ကဗျာဆိုတာ ဘာမှန်းမသိခင်ကတည်းက ဆရာမင်းသုဝဏ်၊ ဆရာတင်မိုး တို့၏ကလေးကဗျာဖြင့် ကြီးပြင်းခဲ့ရသည်။ မိုးများရွာလို့ လမ်းမပေါ် ကလေးသဘာဝထွက် ကစားရင်း နှုတ်တိုက်အလွတ်ရနေသည့် ဆရာမင်းသုဝဏ်၏ သပြေသီးကောက်ကို သံပြိုင်ရွတ်ခဲ့ကြသည်။ ခရာဆူးခြုံ ဆိုသည့် အဓိပ္ပာယ်ကို နားမလည်ပေမယ့် မျှော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့ဟု အော်ရင်း ကဗျာရွတ်ရတာကိုက အားမာန်တွေရှိလာသလို ခံစားခဲ့ရသည်။ လယ်ကွင်းတွေ ယာခင်းတွေထဲရောက်လျှင် ဆရာကြီး၏ လယ်စောင့် တဲ ကဗျာလေးကို ရွတ်မိသည်။ ၀ါတွင်းကာလ အဘိုးအဘွားမိဘများနဲ့ ဥပုဒ်ဇရပ်သွားသည့်အခါ၊ ဘုန်းကြီး ကျောင်းသို့ ဆွမ်းချိုင့်ပို့သွားသည့်အခါ ဆွမ်းအုပ်နီနီ အမေရွက်လို့ အစချီ ဥပုဒ်စောင့် ကလေးကဗျာ။ ညအိပ် ရာဝင်လို့ အိပ်ယာပေါ်ကစားကြသည့်အခါတောင်မှ ဆရာကြီး၏ ခေါင်းအုံးကြီး ကဗျာ စသည်ဖြင့် ဆရာကြီး မင်းသုဝဏ်၏ ကလေးကဗျာများမှာ ကျွန်တော်တို့ဘ၀တွင် အရေးအကြီးအခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။ ဆရာ မင်းသုဝဏ်သည် ကလေးကဗျာစာအုပ်အဖြစ် မောင်ထွေးဖို့ကဗျာများမှ အမည်ပြောင်း ထုတ်ဝေခဲ့တဲ့ မောင်ခွေးဖို့ ကဗျာများ၊ မောင်ခွေးဖို့နဲ့ မထွေးဖို့ ကဗျာများ၊ ငှက်ကလေးတွေ စသည့်ကဗျာစာအုပ်များ အပြင် ကလေးပုံပြင် ပေါင်း များစွာကိုလည်း ရေးသားထုတ်ဝေခဲ့ပါသည်။
ကလေးကဗျာနှင့် ပတ်သက်ပြီး နောက်ထပ် ကျေးဇူးရှိသူတစ်ဦးမှာ ဆရာတင်မိုးဖြစ်သည်။ ဆရာကြီး မင်းသုဝဏ်၏ ကလေးကဗျာများအား နှုတ်တိုက်အာဂုံဆောင် အလွတ်ရနေမိသလို ဆရာတင်မိုး၏ ထီးကလေး နဲ့မနီသည်လည်း ကျွန်တော်ကလေးဘ၀မှ ယခုသမီးလေးတစ်ယောက်ရဲ့ အဖေဖြစ်သည်အထိ စွဲစွဲမြဲမြဲ မှတ်မိ နေသည့်ကဗျာ။ ကျောင်းနေရွယ်မရောက်ခင် မူကြိုတန်းများတွင် ဆရာတင်မိုး၏ ယုန်ကလေးက နားရွက်ထောင် ပညာရှိယောင်ယောင်၊ ကြောင်ကလေးက လက်သည်းဖွက် ချောင်းလိုက်ရတဲ့ ကြွက် စသည့် ကလေး ကဗျာလေးများဖြင့် အမူအယာများပြုလုပ်ပျော်ရွင်စွာ သင်ကြားခွင့်ရခဲ့သည်။ သူငယ်တန်းကျောင်းသားဘ၀ ရောက်သည့်အခါ ဆရာတင်မိုး၏ ကလေးကဗျာများနှင့် ပိုမိုရင်းနှီးကြရသည်။ က ကလေးငယ် ချစ်စဖွယ်၊ ခ ခရေကုံး မလေးပြုံး၊ မမ ၀၀ ထထက အက ပထမ စသည်ဖြင့်။ သမီးလေးငိုသည့်အခါ ထိုကလေး ကဗျာ လေးများဖြင့် ချော့ရသည်။ သမီးလေးအိပ်ချိန်တွင်လည်း ရွတ်ဆိုချော့သိပ့်လို့ရသည့် သားချော့တေး။ ခေတ် အဆက်ဆက် ဘယ်တော့မှ ပျောက်ပျက်နိုင်ဖွယ်မရှိသည့် ကဗျာများ။ ဆရာတင်မိုးသည် ကလေးကဗျာစာအုပ် အဖြစ် ထီးကလေးနဲ့မနီ၊ ပျိုးခင်းတေးသံ၊ ပူစီ၊ အမေ့ကျောင်း၊ ကလေးကဗျာပန်းဥယျာဉ် စသည်ဖြင့် ငါးအုပ် ထွက်ရှိခဲ့သည်။
နောက်ထပ်ကလေးကဗျာများနှင့် ပတ်သက်ပြီး ကျေးဇူးတင်ရမည့် စာဆိုများမှာ ဆရာမကြီး နုယဉ်နှင့် ဆရာကြီးမျိုးမြင့်ဆွေဖြစ်သည်။ ဆရာမကြီး နုယဉ်သည် ကလေးများအတွက်ဗုဒ္ဓ၀င် ဟူသော စာအုပ်တစ်အုပ်ကို ကဗျာလေးများဖြင့် နားဝင်လွယ်အောင်၊ မှတ်မိလွယ်အောင် ရေးသားပြုစုပေးနိုင်ခဲ့သလို ဆရာကြီးမျိုးမြင့်ဆွေ မှလည်း လိမ္မာယဉ်ကျေး မေ့ရင်သွေးနှင့် ကလေးတို့အဖော် ရွှေဇီးကွက် စသည့် ကလေးကဗျာစာအုပ်နှစ်အုပ်ကို ရေးသားစပ်ဆိုပေးခဲ့သည်။ နောက်ထပ်လည်း ကလေးကဗျာများနှင့် ပတ်သက်၍ ကျေးဇူးရှိသူများ ကျန်ရှိကြပါ လိမ့်ဦးမည်။ ခေတ်အဆက်ဆက် ကလေးစာပေအခန်းကဏ္ဍတွင် ကလေးကဗျာသည် အရေး အကြီးဆုံးနေရာမှ ပါဝင်ခဲ့သည်။ ကလေးကဗျာ၏ အဓိကအသက်မှာ အသံချိုခြင်း၊ မှတ်မိလွယ်ခြင်း၊ ရွတ်ဆိုရလွယ်ကူခြင်း တို့ဖြစ် သည်ဟု ထင်မိသည်။ ဆရာကြီးမင်းသုဝဏ်၊ဆရာတင်မိုးတို့သည် ကလေးကဗျာများမှတဆင့် သူရဲကောင်း စိတ်ဓါတ်၊ ကိုယ်ချင်းစာစိတ်ဓါတ်၊ သဘာ၀၀န်းကျင် မြတ်နိုးတတ်စေသည့် စိတ်ဓါတ်၊ အမှန်တရားကို ချစ်မြတ် နိုးသည့်စိတ်ဓါတ်၊ တိုင်းပြည်နှင့်လူမျိုးကိုချစ်တတ်သည့် စိတ်ဓါတ်များ ကို ပြေပြစ်ညင်သာစွာ စီးမျော သိပ်သွင်း ပေးခဲ့သည်။ ဆရာမကြီးနုယဉ်သည်လည်း ကလေးကဗျာများမှတဆင့် ကလေးများအား ယဉ်ကျေးလိမ္မာ အောင် ၊ မိမိတို့ကိုးကွယ်ရာ ဗုဒ္ဓဖြစ်စဉ်ကို ရင်းနှီးကျွမ်းဝင်အောင်၊ ဘာသာတရားကို ကိုင်းရှိုင်းတတ်အောင် ကဗျာများမှ တဆင့် လမ်းညွှန်ပြသပေးခဲ့သည်။ ထို့ပြင် အထက်ပါကလေးကဗျာများ ထဲတွင် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အ လာများ၊ ကစားနည်းများ၊ မြန်မာ့ယဉ်ကျေးမှုများ၊သဘင်၊ဂီတ၊အနုသုခုမများမှ စကားလုံးများကိုပါ ကွယ်ပျောက် မသွားစေရန် ရွတ်ဆိုမှတ်မိလွယ်စေသည့် ကလေးကဗျာများထဲတွင် ထည့်သွင်း စပ်ဆို ပေးနိုင်ခဲ့ကြသည်။ ကလေးကဗျာသည် မြန်မာ့အမျိုးသားရေးအခန်းကဏ္ဍမှ ကမ္ဘာလုံးဆိုင်ရာကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အထိ အရေးပါသော်လည်း ကလေးကဗျာသည် ရေးသားသူနည်းပါးသလို ကလေးကဗျာစာအုပ် အဖြစ် ထွက်ပ်ါလာမှုလည်း နည်းပါးလွန်းခဲ့ပါသည်။ ထို့ကြောင့်မိမိတို့ မြန်မာနိုင်ငံတွင် ကလေးစာပေဖွံ့ဖြိုးမှု နည်းပါးပြီး ကွက်လပ်တစ်ခုအဖြစ်ရှိနေသည်မှာလည်း ကြာပြီဖြစ်သည်။
သို့သော် ၂၀၁၃ ဇွန်လတွင် ၀လုံးဒါန်း ကလေးကဗျာများဟူသော စာအုပ်လေးတစ်အုပ် ထွက်ရှိလာပါ သည်။ ရေးသူမှာ ကဗျာဆရာ မောင်စိမ်းသစ်။ ၁၉၈၉ ခုနှစ်ကတည်းက ခေတ်ပေါ်ကဗျာနဲ့ပွေ့ဖက်ပြီး မန္တလေး ကဗျာလမ်းကို လျှောက်ခဲ့သူ။ ၁၉၉၄မှာ မန္တလေးမြို့ကြီးကိုပစ် ကျေးလက်ကို ချစ်ခဲ့သူ။ ၁၉၉၆ နှင့် ၂၀၀၀ ခုနှစ် မှာ သမီးနှစ်ယောက်ကိုမွေး။ ယခု ၀လုံးဒါန်း ကလေးကဗျာတွေရေးပြီး လိုအပ်နေသည့် ကလေးစာပေကွက်လပ် ကို ကဗျာနဲ့ ဖြည့်ဆည်းပေးလိုက်သူ။ ထိုဆရာမောင်စိမ်းသစ်က သူ၏ ၀လုံးဒါန်း ကလေးကဗျာစာအုပ် တွင် အောက်ပါ အတိုင်း စကားလက်ဆောင်ရေးသားထားသည်ကို တွေ့ရသည်။
`ကျွန်တော်တို့ နိုင်ငံရဲ့ ကလေးကဗျာ သက်တမ်းဟာ နှစ်ပေါင်း ၆၀ ကျော်လို့ ၇၀ နီးပါး ရှိခဲ့ပါပြီ။ ကလေးကဗျာရဲ့ ကျေးဇူးရှင်အချို့လည်း ကွယ်လွန် သွားကြပါပြီ။ ထို့ကြောင့် ကလေးကဗျာအမွေကို လက်ဆင့် ကမ်းသယ်ဆောင်သူများထဲမှာ ပါဝင်ဖြတ်သန်းနိုင်ဖို့  ကျွန်တော် ဒီကလေးကဗျာလေး များကို ရေးဖွဲ့ဖြစ် ပါတယ်´။
ဝလုံးဒါန်း ကလေးကဗျာစာအုပ်တွင် ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ အမှာစာနှင့်အတူ ကလေး ကဗျာပုဒ်ရေ (၄၂)ပုဒ် ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ အမှာစာ ဖြစ် သည့် သာဓုသံ ညံစေသတည်း မှ ဆရာမင်းသုဝဏ်၏ ခေါင်းအုံးကြီး ကဗျာနှင့် ပတ်သက်ပြီး ပြောပြတာကို လည်း အနည်းငယ်မျှ မြည်းစမ်းကြည့်စေချင်ပါသေးသည်။
`မြန်မာစာပေလောကမှာ အာလုပ်ပုဒ်ဆိုတာ ရှိပါတယ်။ ပါဠိအာလာပ-အာလပ္ပန က လာတာ ပါ။ ရှေးဦး စွာ ပြောဆိုခြင်းလို့ အဓိပ္ပာယ်ရပါတယ်။  အထူးသဖြင့် အာလုပ်သံကြားရပြီဆိုရင် ဘာဇာတ်ကောင် ထွက်ပြီဆို တာ သိပါတယ်။ သိကြားမင်းရဲ့ အာလုပ်က ` အေးဟေ´၊ မုဆိုးရဲ့ အာလုပ်က `ရော´၊ ဘီလူးက ` ထိုက်ဟဲ့ ထိုက် ထိုက်´။ ကြည့်နော် ဆရာ( မင်းသုဝဏ်)က  (ခေါင်းအုံးကြီး ကလေးကဗျာမှာ)ဇာနည်သွေးလေးကို လွတ်လပ်ရေးယူပေးဖို့၊ ကိုလိုနီကျွန်ထမ်းပိုးခါကျဖို့၊ လူပျော့လေးမဖြစ်အောင် ဘီလူးစိတ်သွင်းပေးခဲ့တယ်။ အတုံးလိုက် အတစ်လိုက် မသုံးဘဲ အနုပညာ မြောက်အောင် ထည့်သွင်းထားပါတယ်။ ကလေးကဗျာရဲ့ အသက်က အသံသာမှုပါပဲ။ တိုင်းချစ်ပြည်ချစ်ရှိအောင်၊ စည်းကမ်းရှိအောင်၊ ရိုသေထိုက်သူကို ရိုသေအောင်၊ မေတ္တာစိတ်ကြီးမားအောင် ဆိုတဲ့ မြန်မာ့စရိုက်၊ မြန်မာ့ယဉ်ကျေးမှုတွေ သွတ်သွင်းခဲ့ပါတယ်။´
ဝလုံးဒါန်း ကလေးကဗျာစာအုပ်အနေဖြင့် အမှာစာမှစတင် ဆွဲဆောင်သွားနိုင်ပြီး ကဗျာဖတ်သူကိုလည်း ဗဟုသုတများစွာ ရရှိစေပါလိမ့်မည်။ တကယ်တမ်းကလေးကဗျာတစ်ပုဒ် ကလေးတစ်ယောက်နားထဲ စွဲမြဲစွာ ရှိစေဖို့၊ နှုတ်တိုက်ရွတ်ဆိုစေနိုင်ဖို့ ဆိုသည်မှာ လူကြီးမိဘများအပေါ်တွင်သာ မူတည်ပါသည်။ ထို့ကြောင့် ကလေးကဗျာကို လူကြီးများ ဦးစွာဖတ်ဖို့၊ ရွတ်ဆိုပြနိုင်ဖို့၊ လမ်းညွှန်နိုင်ဖို့လည်း အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်တော် ခင်ဗျားတို့ကို ၀လုံးဒါန်းလေးဆီသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ စီးကြည့်လိုက်ကြရအောင်ပါ။

ဆွမ်းတော်ဗျို့များပြန်သွားရင်
ကျောင်းသွားဖို့ စီစဉ်။
လွယ်အိတ်ပြင်လို့ ထမင်းခူးကျွေး
မေမေသနပ်ခါးသွေး။
မွှေးမွှေးပေးရင်း မေမေမှာ
စာကြိုးစားဖို့ရာ။
သူငယ်ချင်းတွေ လာခေါ်ပေါ့
မီးမီးသွားမယ်နော့။
(မီးမီးကျောင်းသွားချိန် ကဗျာမှ)
         
ကဗျာလေးက ဖတ်လိုက်ရုံနဲ့တင် စိတ်ကြည်နူးမိစေသည်။ မနက်အာရုံဆွမ်းလောင်းပြီးလို့ ဦးဇင်းတွေ ဘုန်းဘုန်းကြီးတွေ ပြန်ကြွသွားတာနဲ့ သမီးလေးကျောင်းသွားဖို့ ပြင်ဆင်ကြရသည်။ သမီးလေးရဲ့ အမေခမျာ ကျောင်းလွယ်အိတ်ထဲ စာအုပ်တွေ စုံအောင်ထည့်ပေးရ။ ထမင်းချိုင့်ပြင်ပေးရ။ မနက်စာ ထမင်းခူးကျွေးရနှင့် ဇယ်ဆက်သလို မအားနိုင်အောင် လုပ်ပေးနေသည့်ကြားမှ သမီးလေးရဲ့ ပါးပြင်ကို သနပ်ခါးပါး ကွက်ကြားလေး လိမ်းပေးရင်း စာကြိုးစားဖို့မှာနေသည်။ သိပ်မကြာခင် သမီးလေးရဲ့ ကျောင်းသွားဖော်တွေရောက် လာ သည်။ နှုတ်ဆက်လက်ပြသွားသည့် သမီးလေး၏ ကျောပြင်လေးကို ငေးရင်း ကျွန်တော်ဒီကလေးကဗျာလေး ရဲ့ ပြကွက်များကို မြင်ယောင်နေမိသည်။ ကျွန်တော် ၀လုံးဒါန်းလေးကို တစ်ချက်လွှဲလိုက်ပါသည်။

မီးမီးအိမ်က နွားနှစ်ကောင်
တစ်ကောင်အဖြူရောင်။
ကျန်တစ်ကောင်က ထန်းသီးညိုလေး
လှည်းတပ်လိုက်တိုင်းပြေး။
ဂျက်ကီခွေးလေး နက်မှောင်မှောင်
ကြောင်က ရွှေဝါရောင်။
လေးကောင်စလုံးအသုံးကျတော့
မိသားစုတွေပေါ့။
(မိသားစုတွေပေါ့ ကဗျာမှ)
          နွားက နှစ်ကောင်။ လက်ကလေးကို နှစ်ချောင်းထောင်၊ ဂျက်ကီးလေးက တစ်ကောင်ဆိုတော့ နောက်ထပ် တစ်ချောင်းထောင်။ ကြောင်ကလေးက တစ်ကောင်။ တစ်နှစ်သုံးလေး အားလုံးပေါင်းတော့ လေးကောင်။
 နွားနှစ်ကောင်မှာ အဖြူတစ်ကောင်၊ အညိုတစ်ကောင်။ ဂျက်ကီဆိုတဲ့ ခွေးလေးက အမဲရောင်၊ ကြောင်လေးက ရွှေ ၀ါရောင်။ နွားနှစ်ကောင်က လယ်ယာမြေအတွက် အသုံးကျသည်။ ခွေးလေးက အိမ်လုံခြုံရေးတာဝန် ယူ သည်။ ကြောင်လေးက ကြွက်ခုတ်ဖို့ တာဝန်ကျေသည်။ အားလုံးသူ့နေရာနှင့် သူ။ သူ့တာဝန်နှင့် သူ။ ကလေးကဗျာလေးတစ်ပုဒ်က သင်္ချာတွက်လို့ ရသည်။ အရောင်တွေကို သရုပ်ခွဲပြလို့ ရသည်။ နေရာနှင့် တာဝန်ယူမှုအပြင် တာဝန်ကျေပွန်မှုဆိုသည်ကိုပါ ပြနေသည်။ သည်ထက်ပို၍ ကဗျာလေး၏ နောက်ဆုံး စာကြောင်းလေးကို အရမ်းသဘောကျမိသည်။ လေးကောင်စလုံးအသုံးကျတော့ မိသားစုတွေပေါ့ တဲ့။ တိရိစ္ဆာန်များကို ကြင်နာစိတ်၊ မိသားစုဝင်တစ်ယောက်လို တန်ဖိုးထားသည့်စိတ်ကို ကလေးကဗျာလေးက ကျွန်တော့်ကို သင်ကြားပြသနေခဲ့သည်။ ကျွန်တော် ၀လုံးဒါန်းလေးကို နောက်တစ်ကြိမ်ထပ်လွှဲလိုက်ပါသည်။

ဆား ဆား အိမ်သုံးဆား
ဘယ်ခါ စားစား ငန်ပါတယ်
အဖွား အဖွား တို့အဖွား
ဘယ်ခါ မှားမှား မာန်ပါတယ်
ဆားပွင့်လေးများ မရှိငြား
ထမင်းဘယ်သို့ စားရမယ်
ညခါ ဖွားဖွား မရှိငြား
ပုံပြင်ဘယ်သို့ကြားရမယ်။
(ဆားနဲ့ အဖွားကဗျာမှ)

          သက်ကြီးစကား  သက်ငယ်ကြားရမှ ဖြစ်မည်။ ရှေးလူကြီးများသည် ငါးရာ့ငါးဆယ်ဇာတ်နိပါတ်များကို အိပ်ယာဝင်ပုံပြင်များအဖြစ် ပြောပြတတ်ကြသည်။ ကျွန်တော်တို့ ကလေးဘ၀က မြေးတစ်သိုက် အဖိုးအဖွား ဘေးမှာ ထိုင်ပြီး ပုံပြင်များနားထောင်ခဲ့ကြတာကို အမှတ်ရမိသည်။ ဇာတ်ပေါင်းရင် ဘယ်သူဘုရားလောင်းဖြစ် မလဲဆိုတာ ကြိုတင်တွေးတတ်ခဲ့ပြီး ဒေ၀ဒတ်၏ ကောက်ကျစ်ယုတ်မာမှုများကို မုန်းတီးတတ်ခဲ့ကြသည်။ ရွှေ ယုန်၊ ရွှေကျား ပုံပြင်မှ ယုန်ကလေး၏ ရိုးသားမှုကို တန်ဖိုးထားရကောင်းမှန်း သိခဲ့သည်။ ယုန်နဲ့လိပ်အပြေး ပြိုင်ပွဲ မှ ဇွဲကောင်းကောင်းနှင့် ၀ီရိယရှိဖို့ရန် မှတ်သားနာယူကြရသည်။ တစ်ခါတစ်လေ လသာသောညများတွင် အိမ်ရှေ့ကွပ်ပျစ်လေးပေါ်ဝိုင်းဖွဲ့စားသောက်ရင်း အဖွားပြောသောပုံပြင်များထဲ စီးမျောပျော်ဝင်ရင်း အိပ်ပျော်သွား ခဲ့သောညများကို နှမြောတသလွမ်းဆွတ်မိသည်။ ထိုသို့ ပုံပြင်များနှင့် အိပ်ယာဝင်မိသည့် ညတိုင်း အိပ်မက်ထဲ တွင် ကျွန်တော်က သူရဲကောင်းဖြစ်သည်။ ကျွန်တော်သည် မကောင်းသူပယ်ကောင်းသူကယ်သည့် သံခေါင်းစွပ် မင်းသားဖြစ်သည်။ ဘုရင့်ဘဏ္ဍာတိုက်ကို ဖောက်ကာ တိုင်းသူပြည်သူသားဆင်းရဲသားတွေကို ဝေငှပေးသည့် ငတက်ပြားဖြစ်သည်။ စစ်သည်အင်အားလေးသိန်းနှင့် ညီမျှသော ပုဂံသူရဲကောင်းလေးယောက်ထဲမှ ကျန်စစ် မင်းသားဖြစ်သည်။ ကျွန်တော့်ကလေးဘ၀ညများသည် အဖွားပြောသော ပုံပြင်များနှင့် သူရဲကောင်းဆန်လွန်း ခဲ့ပါသည်။ ယခုအခါမှာတော့ အဖွားလည်း မရှိတော့။ ပုံပြင်တွေလည်း မရှိတော့။ ကျွန်တော်လွှဲလိုက်သော ၀လုံးဒါန်းလေးသည်သာ အရှိန်နဲ့ ဆက်လွှဲနေပါသည်။
        တကယ်တမ်းကျတော့ ဆရာမောင်စိမ်းသစ်၏ ၀လုံးဒါန်း ကလေးကဗျာလေးများကို ကျွန်တော် အဓိပ္ပာယ်ရှင်းလင်းတင်ပြနေခြင်းလည်းမဟုတ်ပါ။ ဝေဖန်ပိုင်းဆစ်ပြနေခြင်းလည်း မဟုတ်ပါ။ ထိုကလေးကဗျာလေး များကို ကျွန်တော်ခံစားကြည့်နေခြင်းမျှသာဖြစ်ပါသည်။ ထိုကလေးကဗျာလေးများသည် ဘယ်သူမှ ဘာ တစ်ခု မျှ ပြောပြ၊ ရှင်းပြနေစရာမလိုလောက်အောင်ပင် ရိုးစင်းလှပလွန်းပါသည်။ ရိုးစင်းလှပသလောက် အဓိပ္ပာယ်များ လည်း ပြည့်ဝနေပါသည်။ ကလေးကဗျာ၏ အသက်ဓါတ်ဖြစ်သည့် အသံသာခြင်း၊ ရွတ်ဆိုရ လွယ်ကူခြင်း၊ မှတ်မိ လွယ်ခြင်း စသည့် အင်္ဂါရပ်များနှင့်လည်း ပြည့်စုံပါသည်။ ကျွန်တော်အနေနှင့် ဘာတစ်ခုမှ ၀င်ပြောနေစရာမလိုအပ်ပါ။ ကျွန်တော်အဓိကပြောပြချင်သည်မှာ ကျေးဇူးစကားသာဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံအနေဖြင့် အားနည်းလှသော ကလေးစာပေကဏ္ဍအတွက် ကလေးကဗျာစာအုပ်တစ်အုပ် အားဖြည့်ပေး သည့် ဆရာမောင်စိမ်းသစ်ကို အထူးပဲ ကျေးဇူး တင်မိပါသည်လို့ ပြောကြားရင်း ကျွန်တော် ၀လုံးဒါန်းလေးကို ခင်ဗျားဆီ အရောက်လွှဲလိုက်မိပါ သည်။ `လာပါ။ ခင်ဗျားတို့ ကျွန်တော်တို့ ကလေးလေးတွေနဲ့အတူ ၀လုံးဒါန်းလေး စီးရအောင်။´

မင်းနဒီခ
၁၇၊ ဇွန်လ၊ ၂၀၁၃





Saturday, June 15, 2013

သူပဲ အာတီဖစ်ရှဲလ် သူပဲ မိုးဝေး



သူပဲ အာတီဖစ်ရှဲလ် သူပဲ မိုးဝေး

            ဆရာ မိုးဝေးနဲ့ ကျွန်တော် လူချင်းတစ်ခါမှ မဆုံဖူးသေးပေမယ့် မိုးဝေးဆိုတဲ့ ကလောင်နာမည် ကတော့ ကျွန်တော်တို့ လူငယ်ကဗျာဆရာတွေကြားမှာ မမေ့မလျော့ဖြတ်သန်း စုတုပြုရတဲ့ ကဗျာ ဆရာတစ်ယောက်အဖြစ် ရင်းနှီးနေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ ဆရာမိုးဝေးရဲ့ သူပဲအကြမ်း သူပဲအချော စာအုပ်ထွက်လာတဲ့အခါ ကျွန်တော်တခုတ်တရ ၀ယ်သိမ်းဖြစ်တယ်။ ကိုမိုးဝေးရဲ့ ကဗျာ တွေကို တစိမ့်စိမ့်ပြန်ဖတ်ဖြစ်ပါတယ်။ သူပဲအကြမ်း သူပဲ အချောမှာ အမှာစာ ရေးပေးတဲ့သူက ဆရာ အောင်ချိမ့်နဲ့ ဆရာ ဇေယျာလင်း နှစ်ယောက်။ ဒီထဲက ဆရာဇေယျာလင်းရေးတဲ့ အမှာစာထဲမှာ` မိုးဝေး နှစ်ယောက်ကို စာအုပ်တစ်အုပ်ထဲ မှာ တွေ့လိုက်ရတယ်။ မိုးဝေးနှစ်ကိုယ်ခွဲမဟုတ်ရင် ယခင် မိုးဝေး(မြစ်ဝကျွန်ေးပါ်)နဲ့ ယခုမိုးဝေး ။ နှစ်ကာလနဲ့ ခွဲခြားမယ်ဆိုရင် ၁၉၉၅ မှ ၂၀၀၄  အထိ ခေတ်ပေါ် မိုးဝေးနဲ့ ၂၀၀၄ နောက်ပိုင်း Non ခေတ်ပေါ်မိုးဝေး ( သို့မဟုတ်) LP နွယ်မိုးဝေး ဖြစ်လာတယ် ´ လို့ ပြောထားပါတယ်။ 
 နောက်ထပ် ဆရာဇေယျာလင်းအမှာစာထဲက ထပ်ပြီးကောက်နှုတ်တင်ပြရရင် `ခေတ်ပေါ်မိုးဝေး ဟာ ရင်ဘတ်ကြီးနဲ့ ခံစားပြီး ခေတ်ပေါ်မဟုတ်တော့တဲ့ မိုးဝေးဟာ ဘာသာစကားနဲ့ ဖွဲ့စည်း ထားတဲ့ လူလုပ်လောကကို မြင်လာတဲ့ နှောင်းမိုးဝေး´ လို့ ထပ်ရေးပြထားပါသေးတယ်။

            သူပဲ အကြမ်း သူပဲအချော ထွက်လာတဲ့ အချိန်က ၂၀၀၉ ဆိုတော့ ခေတ်ပြိုင်ကဗျာ အရှိန်ကောင်းစပြုလာတဲ့ ကာလ။ ၂၀၀၅ ကနေ ၂၀၀၉ အတွင်းဆရာမိုးဝေးရဲ့ LP ဆန်တဲ့ ကဗျာတွေ ကို မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ ခပ်စိပ်စိပ်တွေ့ခွင့်ရတဲ့ကာလ။ ဥပမာ- အာတီဖစ်ရှဲလ် မိုးဝေး၊ ဘောင်ထဲ က ကြောင်များတို့ဆိုရင် ကျွန်တော်တို့ မိတ္တူကူးပြီး သိမ်းဆည်းထားဖြစ်သည် အထိ နှစ်သက်မိခဲ့ ပါတယ်။ ပြောရရင် ကိုမိုးဝေးကို ကျွန်တော်တို့က အလွယ်တကူ ဆရာဇေယျာလင်းနှင့် သဘောတူညီ သူများထဲမှာ စာရင်းထည့်ထားတယ်။ ဇေယျာလင်း၊ မိုးဝေး၊ စိုင်းဝင်းမြင့်၊ ၀င်းမြင့်၊ မောင်ယုပိုင် စသည်ဖြင့်ပေါ့။ တစ်ချို့လည်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါကလည်း ကျွန်တော်တို့က အဝေးကနေ စောင့်ကြည့်လေ့လာရတာဆိုတော့ မှားချင်လည်း မှားနိုင်ပါတယ်။  ဘာပဲပြောပြော အဲဒီအချိန် ကာလ က LANGUAGE Poetry က လှုပ်လှုပ်ခတ် ခတ်အဖြစ်ဆုံး။ ဆရာ ဇေယျာလင်းရဲ့ LP ဆောင်းပါးတွေ ကို လစဉ်မဂ္ဂဇင်းအချို့မှာ စောင့်ဖတ်
ဖြစ်ခဲ့တယ်။ နောက်တစ်ခါ ကိုအောင်ရင်ငြိမ်းတို့ရဲ့ နီယိုမော်ဒန် ကဗျာသစ် ကြေညာစာတမ်း ထွက်ရှိပြီးတဲ့ နောက် LP နဲ့ နီယိုတိုက်ပွဲတွေ ရုပ်ရှင်တေးကဗျာမှာ၊ ဟန်သစ်မှာ အများဆုံးတွေ့ ရတယ်။ ပွဲဆူနေတဲ့အချိန်ပေါ့။ ကျွန်တော်တို့ကတော့ LP ရော နီယိုရောကို သဘောကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပင်မရေစီး ခေတ်ပေါ်ကဗျာကနေ ကဗျာလမ်းသစ်တွေ ပွင့်လာ မြင်သာ လာတာကို သဘောကျမိတာပါ။ ကျွန်တော်အဓိကပြောချင်တာကတော့ မြစ်ဝကျွန်းပေါ် မိုးဝေးရဲ့ ကဗျာတွေနဲ့ LP နွယ် မိုးဝေး ရဲ့ ကဗျာတွေအပေါ် ကျွန်တော့်ခံစားချက်ပါ။

            ကျွန်တော်အနေနဲ့ ၂၀၀၅ ခုနှစ်မှာ ကဗျာစတင်ပုံနှိပ်ခံရတာဆိုတော့ ကိုမိုးဝေးနဲ့ဆိုရင် ကဗျာ သက်တမ်း ဆယ်စုနှစ်တစ်ခုကျော်လောက်ကို ကွာဝေးခဲ့ပါတယ်။ ဒီတော့ ၂၀၀၅
 နောက်ပိုင်း ကိုမိုးဝေး ရဲ့ ပြောင်းလဲစပြုနေတဲ့ ကဗျာဟန်တွေနဲ့ အရင်ထိပ်တိုက်တိုးခဲ့တာပါ။ ဒါပေမယ့် မောင်ကြည်သာ (တောင်တွင်း)၊ မောင်စိုးသစ် (မန္တလေး) တို့ရဲ့ ကျေးဇူးနဲ့ ကိုမိုးဝေးရဲ့ ၂၀၀၅ မတိုင်ခင် ကဗျာတွေ ကတော့ ထိတွေ့ရင်းနှီးနေခဲ့တာ ကြာပါပြီ။ ကိုဇေယျာလင်းစကား နဲ့ ပြန်ပြောရရင် မြစ်ဝကျွန်းပေါ်မိုးဝေး က ကျွန်တော့်ရင်ထဲမှာ ခိုင်မာနေခဲ့တာ ကြာပြီ လို့ ပြောရ မှာပါ။ ကိုမိုးဝေးရဲ့ ခေတ်ပေါ်ကဗျာ လက်ရာ ကောင်းတွေဖြစ်တဲ့ အမှတ်ရခြင်း၊ မြစ်ဝကျွန်းပေါ်၊ ဓါတ်တိုင်၊ ပြန်မပြောနားမထောင်ကဗျာ၊ သူပဲအကြမ်း သူပဲအချော စတဲ့ ကဗျာတွေဟာ ကျွန်တော်တို့ရင်ထဲမှာ အခိုင်အမာနေရာယူထားတဲ့ ကဗျာတွေ ဖြစ်နေခဲ့တာပါ။ အဲဒါကြောင့် လည်း အဲဒီအချိန် ၂၀၀၅ ၀န်းကျင် ကိုမိုးဝေးရဲ့ ပြောင်းလဲလာတဲ့ ကဗျာဟန်က ကျွန်တော်တို့ လူငယ်တစ်ယောက်အနေနဲ့ ချက်ချင်းလက်မခံနိုင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုမိုးဝေး ရဲ့ ခေတ်ပေါ်ကဗျာအရိပ် အောက်က ကျွန်တော်မထွက်နိုင်သေးတဲ့အပြင် ခေတ်ပြိုင် ကဗျာကို ချက်ချင်းလက်ခံနိုင်လောက်တဲ့အထိ ကျွန်တော် ကဗျာကိုယ်ခံအားမကောင်းခဲ့ဘူး။ ဒါပေမယ့် အိုင်ဒီယာမဂ္ဂဇင်းရဲ့ Your Idea မှာ ပါလာတဲ့ အာတီဖစ်ရှယ်မိုးဝေးကို ဖတ်လိုက်ရတဲ့အခါ ကျွန်တော် တော်တော်လေးသဘောကျသွားတယ်။ အဲဒီကဗျာလေးကို မိတ္တူကူးထားလိုက် တယ်။ လိုက်ရေးကြည့် မိတယ်။ ကိုဇေယျာလင်းရဲ့ LP ဆောင်းပါးတွေ ပြန်ဖတ်။ မဂ္ဂဇင်း စာမျက်နှာတွေ ပေါ်ရောက်လာတဲ့ LP ဆန်ဆန်ကဗျာတွေဖတ်၊ မိတ္တူကူးနဲ့ ကျွန်တော်တို့ လူငယ်ကဗျာဆရာတွေရဲ့  ကဗျာအရွေ့မှာ ကိုမိုးဝေး ကဗျာတွေက အရေးပါ ခဲ့ပါ တယ်။ ၂၀၀၅ နောက်ပိုင်း LP နွယ်မိုးဝေးမှာ ကျွန်တော့်စိတ်ထဲမှတ်မှတ်ရရ ရှိနေတဲ့ကဗျာတွေကတော့ မြေကြီးတွေဟာ ခြောက်ကုန်ပြီလား၊ အာတီဖစ်ရှယ်မိုးဝေး၊ ဘောင်ထဲက ကြောင်များ၊ ပစ်ချလိုက် ပြန်ဆွဲယူလိုက်၊ မေမေက ပြုံးနေတယ်၊ ဝေါဟာရအတွက် နောက်ထပ်တီထွင် ထားသော ဝေါဟာရ၊ သမ္မတကြီး အေ ပီ ဂျေ အဗ္ဗဒူကာလမ်နှင့် တွေ့ဆုံခြင်း၊ နားမလည်ခြင်း ဆိုင်းငံ့နှင့် ၂၀၀၇ ထင်ရှားအချို့၊  အချစ်တစ်ပွဲ နတ်ပွဲတစ်ရာ  စတဲ့ ကဗျာတွေကိုတော့ မှတ်မှတ်ရရကြိုက်ပါတယ်။ ဒါကလည်း ကျွန်တော် သူပဲအကြမ်းသူပဲအချော စာအုပ်ကိုဖတ်ရင်း စိတ်ကြိုက်ကဗျာတွေကို မှင်နီဝိုင်း ထားမိတာလေးကို ပြန်ထုတ်ပြတာပါ။

            အခု၂၀၁၃ ဇွန်လ ၉ ရက်နေ့မှာ ကျွန်တော်တို့ မန္တလေးတနင်္ဂနွေကဗျာမြေသားကနေ ဆရာ မိုးဝေးရဲ့ `သမ္မတကြီးနဲ့သုံးလေးမှတ်တိုင်´ ဆိုတဲ့ကဗျာကို ခေတ်ပေါ်ကဗျာဆု အဖြစ်ပေး အပ် ဂုဏ်ပြု လိုက်ပါတယ်။ ၂၀၁၂ စက်တင်ဘာလထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ဖော်ပြ ပါရှိခဲ့တဲ့ ကဗျာပါ။



သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင်

ဘတ်စ်ကားတွေ တင်သွင်းခွင့်ပြုတော့မယ်ဆိုတဲ့သတင်းကို

သတင်းစာမှာ ဖတ်ခဲ့ရင်း ဘတ်စ်ကားတစ်စီးပေါ်မှာ

ငါရယ်၊ သမ္မတကြီးရယ် ထိုင်ခုံအလွတ်တစ်ခုမှာ နေရာဦးကြရင်း တွေ့ကြ

ငါတို့ ကဗျာအကြောင်းပြောမိ၊ ငါကလည်း ကဗျာတွေ စိစစ်ရေးတင်ရဦးမလား မေးမိ

သမ္မတကြီးက ရိုးစင်းလှပါတယ်။ သူ မသိပါဘူးတဲ့

သူဟာ တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်တွေ တည်ဆောက်ခြင်းမှာ

အလုပ်များနေပါသတဲ့။ ဒါနဲ့ ငါလည်း ရောက်တတ်ရာရာ

ခု သမ္မတကြီးစီးနေတာ အထူးဘတ်စ်ကားကြီးတွေပေါ့လို့

စကူပြုတ် ၊ ထိုင်ခုံနဲ့ နေတဲ့ နေရာလွတ်ကို ဦးစားပေးရင်း ပြောရင်း

အင်္ကျီဟပြဲ စပယ်ယာကို ငါးရာတန်တစ်ရွက် ပေးမိ

၂ ယောက်စာ အဲဒီမှာ စပယ်ယာက သမ္မတကြီးရဲ့ ဘေးပြတင်းကနေ

ကွမ်းတံတွေး ဗျစ်ကနဲ ထွေးရင်း တစ်ရာတန်ပေးဖို့ ဟောက်လိုက်တာ

ငါခံလိုက်ရ၊ သမ္မတကြီး မြင်သွားတယ်၊ သမ္မတကြီးကိုလည်း ခရီးသည်တွေ မြင်သွားတယ်။

ဒီလိုနဲ့ စံပြ၊ ဒီလိုနဲ့ စိန်ဂျွန်း၊ ဒီလိုနဲ့ ပဲခူးကလပ်

ဒီလိုနဲ့ အဲဒီရှေ့  နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း (ပြုပြင်ဆဲ) ကို ဖျတ်ကနဲ၊

ပြီးတော့မှ အမျိုးသားပြတိုက် မတ်တပ်ရပ်တွေ ပြည့်ကြပ်ညပ်နေတဲ့

ဘတ်စ်ကားပေါ်မှာ ထိုင်ခုံအပြည့်သာ တင်သည် ဆိုတဲ့

စာတန်းလေးကို သမ္မတကြီးက ဘာနဲ့ဆက်စပ် ငေးရင် အလုံလမ်းမှာ ပွိုင့်မိ

ဒရိုင်ဘာက ရှေ့က တွန့်ဆုတ်နေတဲ့ နံပါတ်မဲ့ယာဉ်တောက်တောက်ကြီးကို ကျိန်ဆဲ

မိုးကလည်း မေလလယ်မှာ ရွာရင်း

ကားခေါင်မိုးကလည်း ရေတွေယိုကျ

ဒီတော့မှ သမ္မတကြီးက သက်ပြင်းချ စကားတစ်ခွန်းပြောတယ်

မောင်ရင်တို့ ရေးတဲ့ကဗျာတွေထဲမှာ ဒါတွေပါလားတဲ့

ဒါဆို ကဗျာကိုလည်း တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်ထဲ ထည့်ရမတဲ့

ဟုတ်ကဲ့ပါ သမ္မတကြီး၊ ကျန်းမာပါစေလို့ ပြောရင်း

မြေနီကုန်း၊ မြေနီကုန်းမှတ်တိုင် (ပြိုင်တူ) တွန်းချတာ ခံလိုက်ကြရတယ်

သမ္မတကြီးဟာ သစ်လွင်လှပတဲ့ ကားမှတ်တိုင်ကို ပွတ်သပ်ကြည့်ရင်း

တို့ ဆင်းခဲ့ကြတာ မြေနီကုန်းမှတ်တိုင်လားတဲ့

ဟုတ်ကဲ့ပါ သမ္မတကြီး ပြည်သူ့ ရင်ပြင်ရှေ့  မှာလုပ်ထားတဲ့

မြေနီကုန်းမှတ်တိုင်ပါလို့  ပြန်ဖြေလိုက်ရတယ်

ဒါတွေကော မောင်ရင်တို့ ကဗျာတွေမှာပါသလားတဲ့

ဒါဆို ကဗျာကိုလည်း တိုင်းပြည်ရဲ့  အခြေခံ လိုအပ်ချက်ထဲ ထည့် ရမတဲ့

ဒီလိုနဲ့  ငါနဲ့ သမ္မတကြီး တကယ့်မြေနီကုန်းလည်း ရောက်ရော

မောလို့ပန်းလို့ ရေရှိရာ အရပ်ကို အမြန်ရှာခဲ့ကြ

ခေါင်းဆောင်နဲ့  ပြည်သူ  ချွေးပေါက်ချင်းလဲလှယ်ကြ

ဒီလိုနဲ့  နောက်တစ်နေ့  မှာ သမ္မတကြီးရဲ့  ကျန်းမာရေးသတင်းတွေ ပျံ့နှံ့ခဲ့တယ်

ငါတို့ရဲ့ ကဗျာတွေဟာလည်း တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်ထဲ ပါ/မပါ မှုန်ဝါးခဲ့တယ်။

မိုးဝေး



ဒီကဗျာကို ရုပ်ရှင်တေးကဗျာမှာ စဖတ်လိုက်ရတဲ့အချိန်ကတည်းက သဘောကျနှစ်သက် မိပြီး ကဗျာဆုတစ်ဆုလောက် ပေးဖို့ကောင်းတယ်လို့ တွေးမိတဲ့အထိ ကိုထွဏ်းသွေးအိမ် နဲ့ ပြောမိခဲ့ပါ သေးတယ်။ ကိုထွဏ်းသွေးအိမ်အနေနဲ့လည်း ဒီကဗျာကို တော်တော်လေး ကို နှစ် သက်မိတာပါ။ အဲဒီ အချိန်တုန်းက တနင်္ဂနွေကဗျာမြေသား မလုပ်ဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီကဗျာကို ကဗျာဆု တစ်ဆုအဖြစ် မျှော်မှန်းနေခဲ့မိတာပါ။ တကယ်တမ်းကျတော့ ဒီကဗျာဟာ ကိုမိုးဝေးရေးခဲ့ဖူးတဲ့ အမှတ် ရခြင်း၊ သမ္မတကြီး အေပီဂျေ အဗ္ဗဒူကာလမ်နှင့် တွေ့ဆုံခြင်း စတဲ့ ကဗျာတွေနဲ့ ခပ်ဆင်ဆင်ရေးဖွဲ့ ထားတဲ့ ကဗျာပါပဲ။ ဒီနေရာမှာ တစ်ခုပြောချင်တာက ရေးဖွဲ့ပုံပါ။ အမှတ်ရခြင်း ကဗျာမှာ မောင်ချောနွယ် ကို သစ်သားဘတ်စ်ကားအိုကြီးတစ်စီးပေါ်မှာ မာယာကော့ဗ်စကီးနဲ့ စကားတွေပြောနေတာကို တွေ့မိ တဲ့ အကြောင်းကစလို့ ကားပေါ်က ပြန် ဆင်းသွားကြပုံ၊ အိပ်မက်ဖြစ်နေပုံ စတာတွေကို ခေတ်ပေါ် ကဗျာ ဟန် Lyric ဆန်ဆန် ရေးဖွဲ့ ထားပြီး သမ္မတကြီး အေပီဂျေအဗ္ဗဒူကာလမ်နှင့် တွေ့ဆုံခြင်းမှာတော့  ပထမဆုံးဂြိုလ်တု လွှတ်တင်ရေး စီမံကိန်းဒါရိုက်တာ၊ ကာကွယ်ရေးနဲ့ ဖွံ့ဖြိုးရေး ဒါရိုက်တာ၊ အစိုးရရဲ့ သိပ္ပံဆိုင်ရာ အကြီး အကဲတစ်ဖြစ်လဲ အိန္ဒိယနိုင်ငံသမ္မတကြီး အေပီဂျေ အဗ္ဗဒူကာလမ်နဲ့ အိန္ဒိယနိုင်ငံရဲ့ မြို့ပြ အင်ဂျင်နီယာ၊ စွန့်ဦးတီထွင်သူ၊ နိုင်ငံရေးခေါင်းဆောင်ဖြစ်သူ စတဲ့သူများနဲ့ တွေ့ဆုံစကားပြော ကြတာကို ခေတ်ပြိုင်ကဗျာဟန်နဲ့ ရေးဖွဲ့ထားတာပါ။

            အခု သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင် ကဗျာမှာတော့ ခေတ်ပေါ်လား၊ ခေတ်ပြိုင်လား ခွဲခြားရ ခက်တဲ့ ဟန်မျိုးနဲ့ ပြေပြစ်ရိုးရှင်းတဲ့ အရေးအဖွဲ့မျိုးကို အသုံးပြုထားပါ တယ်။ သေချာတာ ကတော့ Samplest Form တည်ဆောက်ရေးသားထားတယ်လို့ မြင်ပါတယ်။ ဒါကလည်း ကျွန်တော့်အမြင် သက်သက်သာဖြစ်ပြီး ဒီကဗျာဟာ ဘာကဗျာ၊ ဘယ်ဝါဒကိုသုံးထားတယ်ဆို တာလိုမျိုး ဝေဖန်ခြင်းမ ဟုတ်ဘဲ ကျွန်တော်မြင်မိတာလေးအရဲစွန့်ပြောမိခြင်းသာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ကိုမိုးဝေး ဆီက ကျွန်တော့်ရဲ့မျှော်လင့်မှုပါ။ မြစ်ဝကျွန်းပေါ်မိုးဝေးကို ကျွန်တော်တို့ ချစ်ခဲ့သလို LP နွယ်မိုးဝေး ကိုလည်း ကျွန်တော်တို့ နှစ်သက်စွဲလမ်းခဲ့ပါတယ်။ ယခုလက်ရှိကာလဟာ ကဗျာအရွေ့ရဲ့ မြန်နှုန်းမြှင့် ဆက်တင်ထဲမှာ LP နွယ် မိုးဝေးနောက်ပိုင်း ဘယ်လို မိုးဝေးအဖြစ်ထွက်ပေါ်လာဦးမလဲ။ နောက်ထပ် ကျွန်တော်တို့ မြင်တွေ့ရမယ့် မိုးဝေးဟာ အခုလက်ရှိ မိုးဝေးနဲ့ ဘယ်လောက်ကွာဝေး နိုင်ဦးမလဲ။ ဒါပေ မယ့် ဘယ်လို မိုးဝေးဖြစ်ဖြစ် ကျွန်တော်တို့ လူငယ်ကဗျာဆရာတွေအတွက်ကတော့ မိုးဝေးဟာ သူပဲ အာတီဖစ်ရှယ် သူပဲ မိုးဝေးဖြစ်နေဦးမှာပါ။

            ကဗျာဆရာ မိုးဝေး ကျန်းမာပါစေ။ ကဗျာဆရာတွေတိုင်းရဲ့ ရင်ဘတ်နဲ့ ထပ်တူကျတဲ့ ကဗျာများလည်း ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်းလိုက်ရင်း တနင်္ဂနွေကဗျာမြေသားရဲ့ ပထမဆုံးသောခေတ်ပေါ်ကဗျာဆုအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားလိုက်ပါစေ။



မင်းနဒီခ

၉၊ ဇွန်လ၊ ၂၀၁၃
( New Style မဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၁၃)

Thursday, June 6, 2013

မင်းနဒီခရုပ်ရှင်ရိုက်ခြင်း


မင်းနဒီခရုပ်ရှင်ရိုက်ခြင်း

            ကျွန်တော် အခုရောက်ရှိနေသည့် နေရာမှာ ရုပ်ရှင်ရုံတစ်ရုံ ဖြစ်သည်။ ထိုရုပ်ရှင်ရုံ၏ အမည်မှာ ၀င်းလိုက်လား။ မြို့မလား။ ၀ဇီရာလား။ စံပြလား။ သမ္မတလား။ ကျွန်တော် မပြောတတ်။ ထို့ပြင် ကျွန်တော် ၀င်ကြည့်ဖြစ်သည့် ရုပ်ရှင်ရုံမှ ပြသမည့် ဇာတ်ကားသည် မြန်မာဟာသကားလား။ ကိုရီးယားကားလား။ အိန္ဒိယ တေးသံစုံဇာတ်မြူးကားလား။ ဟောလီးဝုဒ်မှ အက်ရှင်ဇာတ်ကြမ်းကားလား။ သရီးဒီကာတွန်းကားလား။ မင်းသား က ဗန်ဒိန်းလား၊ စတောလုံးလား။ ဂျက်ကီချန်းလား။ ဘရက်ပစ်လား။ ဂျက်ဆင်စတေတန်လား။  ရှရွတ်ခန်း လား။ နေတိုးလား။ ပြေတီဦးလား။ ရန်အောင်လား။ ကျော်ဟိန်းတော့ မဖြစ်နိုင်တာ သေချာသည်။ မင်းသမီးက ရော ဘယ်သူလဲ။ ဒမ်မီမိုးလား။ ခရစ်စတင်းစတူးဝပ်လား။ အမ်မာဝပ်ဆန်လား။  ဒရူးဘယ်ရီမိုးလား။ ဟယ်လီ ဘယ်ရီလား။ ကရီနာကပူးရ်လား။ မေသန်းနုလား၊ ထက်ထက်မိုးဦးလား။ အိန္ဒြာကျော်ဇင်လား။ ၀တ်မှုန်ရွှေရည် လား။ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်နောက်ခံလား။ ငပလီနောက်ခံလား။ နန်းတွင်းအရှုပ်တော်ပုံလား။ မူးယစ် ဆေးဝါးမှောင်ခိုဇာတ်လမ်း လား။ ခေတ်လွန်သိပ္ပံဇာတ်လမ်းလား။ မှော်ဆရာတွေ၊ ဆေးကြိမ်လုံးတွေ ပါမှာလား။ ကိစ္စတော့ မရှိပါ။ ကျွန်တော်ရောက်ရှိနေသည့် နေရာမှာ ရုပ်ရှင်ရုံ တစ်ရုံ ဖြစ်ကြောင်း သေချာဖို့ပင်လိုပါသည်။
ကျွန်တော် ရုပ်ရှင်မကြည့်ဖြစ်တာ ကြာပြီ။ ကျွန်တော် နောက်ဆုံးကြည့်ဖြစ်ခဲ့သည့် ရုပ်ရှင်မှာ The Last Day ဖြစ်သည်။ ထိုရုပ်ရှင်ကြည့်ဖြစ်တုန်းက ကျွန်တော့်ဘေးနားတွင် တစ်စုံတစ်ယောက်ပါခဲ့သည်လား။ သို့မဟုတ် အပေါင်းအသင်းမိတ်ဆွေ လေးငါးယောက်များ ပါခဲ့သည်လား ကျွန်တော်မမှတ်မိတော့။ ထို့ပြင် ထိုဇာတ်ကားကို ပင် ခေါင်းစဉ်ကလွဲလို့ အခြားအကြောင်းအရာများအားလုံးကို ကျွန်တော် မမှတ်မိတော့။ လူတစ်ယောက် ၏ ဦးနှောက်အခန်းထဲသို့ ၀င်ရောက်၍ မှတ်မိစေ၊ မမှတ်မိစေဟု ၀င်ရောက်အမိန့်ပေးခိုင်းစေနေသူမှာ မည်သူ ဖြစ်ပါ သလဲ။ ကိစ္စမရှိဘူးဆိုရင်လည်း ထိုမေးခွန်းကို ကျွန်တော် မေ့ပစ်လိုက်ပါမည်။ ကျွန်တော့်အတွက် ရုပ်ရှင် ကြည့်ခဲ့ ဖူးသည် ဆိုသည့် အမှတ်တရ တစ်ခုခုကို ပြန်လည်သက်သေပြခိုင်းလျှင် ကျွန်တော် ပြောနိုင်သည်မှာ တချောက်ချောက် ထွက်ပေါ်နေသည့် နေကြာစေ့ အခွံနွာသံများကိုပင် သက်သေပြရမည် ဖြစ်သည်။ နေရာစုံမှ ထွက်ပေါ်နေသော နေကြာစေ့သံများသည် မိုးဦးရာသီ၏ မိုးမှုန်မိုးစက်များ အိမ်ခေါင်မိုးပေါ်လာရောက် ရိုက်ခတ် သလို တဖြိုင်ဖြိုင် ကြားနေရလျှက်ရှိသည်။ ထို့ပြင် ကျွန်တော်မှတ်မိသည့် အခြားအရာတစ်ခုမှာ တလူလူ လွင့်နေ သည့် နိုင်ငံတော်အလံဖြစ်ပါသည်။
နိုင်ငံတော်အလံအား ကျွန်တော်အလေးမပြုမိသည်မှာ ကြာပြီဖြစ်သည်။ မှတ်မှတ်သားသားပြောရလျှင် အထက်တန်းကျောင်းသားဘ၀နောက်ပိုင်းနှင့်  ရုပ်ရှင် စတင်မကြည့်ဖြစ်သေးခင် ကြားကာလတွင် နိုင်ငံတော် အလံကို အလေးပြုဖို့ ကျွန်တော်မေ့နေခဲ့ကြောင်း ၀န်ခံပါသည်။ သို့သော် ရုပ်ရှင်ကြည့်မိသည့် အချိန်တိုင်း ဇာတ် ကားမစခင် နိုင်ငံတော်အလံအား လွှင့်ထူသည့်အချိန် အရင်ဦးဆုံးမတ်တပ်ရပ်အလေးပြုသည်မှာ ကျွန်တော် ဖြစ်ပြီး နိုင်ငံတော်သီချင်းသံစဉ်ပြီးဆုံးမှ ထိုင်သူမှာလည်း ကျွန်တော်သာ ဖြစ်သည်။ သို့သော် ကျွန်တော့် ထက် နိုင်ငံတော်အလံကို ပိုချစ်မြတ်နိုးသူမှာ ထိုရုပ်ရှင်ရုံမှ ထိုင်ခုံပြ၀န်ထမ်းလေးဖြစ်သည်။ သူသည် နိုင်ငံတော် အလံ စတင်လွှင့်ထူသည့် အချိန်မှ စကာ ဇာတ်ကားပြီးဆုံးသည်အထိ မတ်တပ်ရပ်ကာ နေ့စဉ်အလေးပြုသူ ဖြစ်သည် ။ လေးစားဖို့ကောင်းပါသည်။ ထိုသို့ နိုင်ငံတော်အလံကို ချစ်မြတ်နိုးသူ များများရှိလျှင် ကျွန်တော်တို့ နောက်တစ်ခါ သူ့ကျွန်ဘ၀ရောက်ရန်မရှိဟု မြင်မိသည်။
ကျွန်တော် အခုရောက်ရှိသည့် နေရာမှာ ရုပ်ရှင်ရုံတစ်ရုံဖြစ်ကြောင်း သေချာပါသည်။ ကျွန်တော့် ဘေးကပ်ရပ် ထိုင်ခုံသို့ မိန်းမတစ်ယောက်လာထိုင်ပါသည်။ သူမသည် ထိုထိုင်ခုံနံပါတ်ပိုင်ရှင် အစစ်အမှန် ဖြစ်ပါသလား။ ထိုမေးခွန်းကို ကျွန်တော် ဘာကြောင့်စဉ်းစားမိမှန်း မပြောနိုင်သေးခင်မှာပင် သူမ လက်ထဲမှ စာရွက်တစ်ရွက် လွတ်ကျသွားသည်။ သူမ တကယ်လွတ်ကျသွားတာလား။ သို့မဟုတ် တမင်လွတ်ချပစ်လိုက် ပါသလား။ ထိုအတွေးသည် ကျွန်တော့်နှလုံးသားကို ဆို့နင့်လှိုက်မောစေပါသည်။ ထိုထက်ပို၍ သူမပြုတ်ကျ သွားသော စာရွတ်လေးထဲမှာ စာလုံးများသည် ` နောက်ဆုတ်လိုက်ပါတယ်၊ နောက်ကို ခြေတစ်လှမ်းပြန် ဆုတ်လိုက်ပါတယ်၊ မင်းစိတ်ရဲ့ အဝေးဆုံးမှာ ရှိနေတဲ့ . . . . .´ ဆိုသော စကားလုံးများမပါဝင်ဖို့ တိုးတိတ်ပင့်သက်ချကာ ဆုတောင်းမိ သည်။ ထိုစာလုံးများ၏ မူလပိုင်ရှင်မှာ ကျွန်တော့်ဇနီးဖြစ်ပါသည်။ ကိစ္စတော့ မရှိပါ။ သိပ်မကြာခင်မှာ ပင် နောက်ထပ် လူများ ရောက်ရှိလာပါသည်။ ထိုလူတို့သည် ကိုယ်စီ ကိုယ်စီ လက်မှတ်ကလေးများကိုင်ဆောင်လျှက် သတ်မှတ်ထားသော နေရာများတွင် ၀င်ထိုင်လိုက်ကြသည်။ တစ်ချို့လူ များသည် သူတို့ရထားသည့် နေရာလေး များကို အပိုင်ရသည့်အလား ထိုင်ခုံလက်တန်းများကို မြဲမြဲဆုပ်ကိုင် ထားကြသည်။  တစ်ချို့လူများသည် သူတို့အတွက် သတ်မှတ်ထားသည့် ထိုင်ခုံလေးများမှ နေ၍ အခြားထိုင်ခုံ လေးများသို့ လှမ်းငေးနေတတ်ကြသည်။ တစ်ချို့လူများသည် စည်းကမ်းမရှိ။ ကိုယ့်အတွက်မဟုတ်သော ထိုင်ခုံ များတွင် ထိုင်နေကြသည်။ သူတို့သည် လူတစ်ယောက် ဖြတ်သွားတိုင်း ကျီးလန့်စာစား ငေးကြည့်နေကြသည်။ ကလေးများသည် သတ်မှတ်ထားသော ထိုင်ခုံများတွင် မထိုင်ကြဘဲ လူလျှောက်လမ်းတွင် ပြေးလွှားဆော့ကစား နေကြသည်။ သို့သော် ကလေးတစ်ယောက် သည် အခြားကလေးများသို့ ပြေးလွှားဆော့ကစားမနေဘဲ ထိုင်ခုံ နောက်ဆုံးတန်းတစ်နေရာ သို့ ငေးမောနေ တာကို တွေ့ရသည်။ ကိစ္စရှိပါသည်။ ထိုင်ခုံနောက်ဆုံးတန်း ထောင့်ဆုံး မှ စုံတွဲတစ်တွဲသည် ထိုကလေးများကြောင့် စိတ်အနှောက်အယှက် ဖြစ်နေသည်။ ထိုကလေးများ သည် သူတို့ စုံတွဲလက်ထဲမှ ရေခဲမုန့်ကို စားချင်စိတ်ဖြင့် ငေးမော ရပ်ကြည့်နေသည့်အတွက် ဖြစ်သည်။ ကျွန်တော့်မျက်လုံး များကို ရုပ်ရှင်ပိတ်ကားပေါ်သို့ ပြန်လွှဲကြည့်လိုက်သည့်အခါ ပိတ်ကားပေါ်မှ စာတမ်းသည် အောက်ပါအတိုင်း ဖြစ်သည်။ ` သင်၏ အိမ်ပြန်ချိန်အား သင့်မိသားစုမှ စောင့်မျှော်နေ ပါသည်´
ရုပ်ရှင်ရုံမျက်နှာကျက်မှထွန်းထားသော စလိုက်မီးလုံးလေးများသည် တဖြည်းဖြည်းနှင့်မှေးမှိန် ဖျော့ရော့ သွားကာ အမှောင်နီးနီးဖြစ်သွားသည်။ ရုပ်ရှင်ပိတ်ကားပေါ်မှ ပြန်ရိုက်ခတ်လာသော အလင်းရောင်သည် ရုပ်ရှင် ကြည့်သူများ၏ မျက်နှာပေါ်တွင် ဖြတ်ဖြတ်ပြေးနေသည်။ တဖြည်းဖြည်းနှင့် ရုပ်ရှင်ရုံသည် တိတ်ဆိတ် ခြောက်သွေ့ သွားသည်။ တစ်ချက် တစ်ချက် ထွက်ပေါ်လာသော တီးတိုးစကားသံ၊ တချောက်ချောက် မြည် နေသော နေကြာစေ့ အခွံနွာသံမှလွဲ၍ ရုပ်ရှင်ရုံသည် ငြိမ်သက်တိတ်ဆိတ်နေသည်။ အထီးကျန်ဆန်မှုသည် ကျွန်တော့်ငယ်ဘ၀ ကို ပြင်းပြင်းပြပြအမြဲအမှတ်ရစေသည်။ တိတ်ဆိတ်မှုကို ကျွန်တော်မုန်းသည်။ တိတ်ဆိတ်မှု သည် တစ်စုံတစ်ခုကို စိုးထိတ်စွာ စောင့်စားနေရသလို စိတ်ကို လှုပ်ရှားစေသည်။ ` ချောက် ချောက် ခြောက် ခြောက် ကြောက် ကြောက် ´ ။ ရုပ်ရှင်ပိတ်ကားမှ အလင်းနှင့် နာရီကို ငုံ့ ကြည့်မိလိုက်သည်။ မနေ့က ဒီအချိန်မှာ ကျွန်တော် ဘာလုပ်နေပါလဲ။ ဒါမှမဟုတ် မနက်ဖြန် ဒီအချိန်မှာ ကျွန်တော် ဘာလုပ်နေမှာလဲ။ မရေရာခြင်းများကို ကျွန်တော့်နာရီထဲ တွင် ပြန်ထည့် ထားလိုက်သည်။ ရုတ်တရက် ရုပ်ရှင်ပိတ်ကားထက်တွင် မိုးသားများ အုံ့တက် လာသည်။ ဒီနေ့ စနေနေ့လား။ စနေမိုးသည် တစ်ပတ်လုံးစွေသည်ဟု ကြားဖူးသည်။ အုံ့တက်လာသော မိုးသား များနှင့် အတူ မိုးခြိမ်းသံသဲ့သဲ့ပါ ကြားလိုက်မိသည်။ ရုပ်ရှင်ရုံထဲမှလား။ ရုပ်ရှင်ရုံ အပြင်ဘက်မှလား။ ကျွန်တော် မဝေခွဲတတ်။ ရုပ်ရှင်ရုံထဲသို့ ကျွန်တော်မ၀င်ခင်ကတော့ ကောင်းကင်သည် ကြည်လင်ရှင်းသန့်နေပြီး ညနေငှက် များ အုံဖွဲ့ပျံသန်းသွားသည် ကိုပင် တွေ့မိခဲ့လိုက်သေးသည်။ သို့သော် ထိုငှက်များသည် အိပ်တန်းပြန် သည်လား။ အစာရှာထွက်သည်လား ကျွန်တော်မသိတတ်။ မိုးသည် အမြဲတမ်းရွာရန် ရာနှုန်း ရှစ်ဆယ်ဖြစ်သည်။
မိုးရွာသည် ဖြစ်စေ၊ မရွာသည်ဖြစ်စေ။ ရုပ်ရှင်ပိတ်ကားထက်မှ မိုး၏ ရနံ့ကို ကျွန်တော်ရသည်။ မိုးမရွာခင် တိုက်ခတ်သော လေနုအေးအေးလေးကို ကျွန်တော်ခံစားမိသည်။ တကယ်တမ်းကျတော့ ထိုလေနု အေးအေးလေး များသည် ရုပ်ရှင်ရုံထဲရှိ အဲယားကွန်းများမှ မှုတ်ထုတ်လိုက်သော သက်ပြင်းမောများဖြစ်သည်ကို ကျွန်တော်မသိ။ ကျွန်တော် သိသည်မှာ ကျွန်တော်ကြည့်နေသော ရုပ်ရှင်သည် မပြီးဆုံးသေးကြောင်းဖြစ်သည်။ သို့သော် ထိုရုပ်ရှင် ဇာတ်ကား ဘယ်အချိန်ပြီးဆုံးမည်ကိုလည်း ကျွန်တော် မသိချင်ပါ။ ကျွန်တော်သိချင်သည်မှာ ထိုင်ခုံနောက်ဆုံး တန်းထောင့်ဆုံးမှ ထွက်ပေါ်လာသော တခစ်ခစ် ရယ်သံဖြစ်သည်။ ထို တခစ်ခစ် ရယ်သံ ကြား တိုင်း ကျွန်တော် လည်ပင်းအစ်သလို ဖြစ်မိသည်။ တစ်ချိန်တုန်းက ထိုတခစ်ခစ်ရယ်သံသည် ကျွန်တော့်ဘယ် ဘက်ဘးထိုင်ခုံ မှ ဖြစ်သည်။ ယခုတော့ ကျွန်တော့်ဘယ်ဘက်ဘေးထိုင်ခုံမှ ထွက်ပေါ်လာသော အသံသည် တခေါခေါ ဖြစ်သည်။ ပိတ်ကားပေါ်မှ ရုပ်ရှင်သည် မိန်းမပျိုလေးတစ်ယောက်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေပါသလား။ ဆက်တွေးမည်ဆိုလျှင် စိတ်ကူးများရိုင်းကောင်း ရိုင်းသွားနိုင်ပါသည်။ ကျွန်တော်၏ ထွက်ပြေး နေသော စိတ်ကူးများ ကို ခဏရပ်တန့်ကာ ရုပ်ရှင်ဇာတ်ကားအား စိတ်ပါဝင်စားစွာ ပြန်လည် ကြည့်မိလိုက်သည်။ ရုပ်ရှင်ပိတ်ကားထက်တွင် မင်းသားသည် ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်နေသည်။ သူ့နံဘေးတွင်လည်း  မိန်းမပျိုတစ်ယောက် သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျက်။ နေကြာစေ့ခွာသံ တစ်ချောက်ချောက်မှာ ကြား နေရဆဲပင် ဖြစ်သည်။ သို့သော် ရုပ်ရှင်ပိတ်ကားထဲမှလား။ ယခု ကျွန်တော် ကြည့်နေသည့် ရုပ်ရှင်ရုံထဲမှလား။ ကျွန်တော်မဝေခွဲတတ်တော့။ ဇာတ်ကားထဲမှ မင်းသားသည် ရုပ်ရှင်ကို စိတ်ဝင်တစားကြည့်နေသည်။ သူကြည့် နေသည့်ရုပ်ရှင် ဇာတ်ကား အမည် မှာ  Rainning In The Cinema ဖြစ်မည်ဟု ထင်သည်။ သည်းသည်း မည်းမည်းရွာနေသော မိုးစက်များအကြောင်း စိတ္တဇဆန်ဆန်ရိုက်ကူးထားခြင်းဖြစ်ပြီး ထိုသို့ ရွာနေသော မိုးများ တိတ်သွားသည်နှင့် တပြိုက်နက် မင်းသားကြည့်နေသာ ဇာတ်လမ်းမှာ ပြီးဆုံးသွားခဲ့သည်။ မင်းသားသည် သူ့နံဘေးမှ အိပ်ပျော်နေသာ မိန်းမပျိုအား တစ်ချက်လှည့်ကြည့်လိုက်သည့်အခါ ကျွန်တော်လည်း ယောင်ယမ်း ပြီး ကျွန်တော့် နံဘေးမှ မိန်းမပျိုလေးကို တစ်ချက်လှည့်ကြည့်မိလိုက်သည်။ သို့သော် ကျွန်တော့်နံဘေးတွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိသည့်အပြင် ရုပ်ရှင်ရုံထဲတွင်လည်း သက်ရှိဟူ၍ မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့။  ရုပ်ရှင်ဇာတ်ကားစတင်ချိန်တုန်း က မှေးမှိန်ဖျော့ရော့ထားသော စပေါ့လိုက်မီးလုံးလေးများသည် ယခု အခါ ထိန်ထိန်လင်းလျှက်။ ရုပ်ရှင်သည် ဘယ်အချိန်ကတည်းက ပြီးဆုံးသွားမှန်း ကျွန်တော်မသိ။
ထိုထက်ပို၍ အံ့သြစရာကောင်းသည်မှာ ကျွန်တော် ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရွဲရွဲစိုလို့
မိုး
ရေ
တွေ။

မင်းနဒီခ
၇၊ ဇွန်လ၊ ၂၀၁၃