Thursday, June 6, 2013

မင်းနဒီခရုပ်ရှင်ရိုက်ခြင်း


မင်းနဒီခရုပ်ရှင်ရိုက်ခြင်း

            ကျွန်တော် အခုရောက်ရှိနေသည့် နေရာမှာ ရုပ်ရှင်ရုံတစ်ရုံ ဖြစ်သည်။ ထိုရုပ်ရှင်ရုံ၏ အမည်မှာ ၀င်းလိုက်လား။ မြို့မလား။ ၀ဇီရာလား။ စံပြလား။ သမ္မတလား။ ကျွန်တော် မပြောတတ်။ ထို့ပြင် ကျွန်တော် ၀င်ကြည့်ဖြစ်သည့် ရုပ်ရှင်ရုံမှ ပြသမည့် ဇာတ်ကားသည် မြန်မာဟာသကားလား။ ကိုရီးယားကားလား။ အိန္ဒိယ တေးသံစုံဇာတ်မြူးကားလား။ ဟောလီးဝုဒ်မှ အက်ရှင်ဇာတ်ကြမ်းကားလား။ သရီးဒီကာတွန်းကားလား။ မင်းသား က ဗန်ဒိန်းလား၊ စတောလုံးလား။ ဂျက်ကီချန်းလား။ ဘရက်ပစ်လား။ ဂျက်ဆင်စတေတန်လား။  ရှရွတ်ခန်း လား။ နေတိုးလား။ ပြေတီဦးလား။ ရန်အောင်လား။ ကျော်ဟိန်းတော့ မဖြစ်နိုင်တာ သေချာသည်။ မင်းသမီးက ရော ဘယ်သူလဲ။ ဒမ်မီမိုးလား။ ခရစ်စတင်းစတူးဝပ်လား။ အမ်မာဝပ်ဆန်လား။  ဒရူးဘယ်ရီမိုးလား။ ဟယ်လီ ဘယ်ရီလား။ ကရီနာကပူးရ်လား။ မေသန်းနုလား၊ ထက်ထက်မိုးဦးလား။ အိန္ဒြာကျော်ဇင်လား။ ၀တ်မှုန်ရွှေရည် လား။ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်နောက်ခံလား။ ငပလီနောက်ခံလား။ နန်းတွင်းအရှုပ်တော်ပုံလား။ မူးယစ် ဆေးဝါးမှောင်ခိုဇာတ်လမ်း လား။ ခေတ်လွန်သိပ္ပံဇာတ်လမ်းလား။ မှော်ဆရာတွေ၊ ဆေးကြိမ်လုံးတွေ ပါမှာလား။ ကိစ္စတော့ မရှိပါ။ ကျွန်တော်ရောက်ရှိနေသည့် နေရာမှာ ရုပ်ရှင်ရုံ တစ်ရုံ ဖြစ်ကြောင်း သေချာဖို့ပင်လိုပါသည်။
ကျွန်တော် ရုပ်ရှင်မကြည့်ဖြစ်တာ ကြာပြီ။ ကျွန်တော် နောက်ဆုံးကြည့်ဖြစ်ခဲ့သည့် ရုပ်ရှင်မှာ The Last Day ဖြစ်သည်။ ထိုရုပ်ရှင်ကြည့်ဖြစ်တုန်းက ကျွန်တော့်ဘေးနားတွင် တစ်စုံတစ်ယောက်ပါခဲ့သည်လား။ သို့မဟုတ် အပေါင်းအသင်းမိတ်ဆွေ လေးငါးယောက်များ ပါခဲ့သည်လား ကျွန်တော်မမှတ်မိတော့။ ထို့ပြင် ထိုဇာတ်ကားကို ပင် ခေါင်းစဉ်ကလွဲလို့ အခြားအကြောင်းအရာများအားလုံးကို ကျွန်တော် မမှတ်မိတော့။ လူတစ်ယောက် ၏ ဦးနှောက်အခန်းထဲသို့ ၀င်ရောက်၍ မှတ်မိစေ၊ မမှတ်မိစေဟု ၀င်ရောက်အမိန့်ပေးခိုင်းစေနေသူမှာ မည်သူ ဖြစ်ပါ သလဲ။ ကိစ္စမရှိဘူးဆိုရင်လည်း ထိုမေးခွန်းကို ကျွန်တော် မေ့ပစ်လိုက်ပါမည်။ ကျွန်တော့်အတွက် ရုပ်ရှင် ကြည့်ခဲ့ ဖူးသည် ဆိုသည့် အမှတ်တရ တစ်ခုခုကို ပြန်လည်သက်သေပြခိုင်းလျှင် ကျွန်တော် ပြောနိုင်သည်မှာ တချောက်ချောက် ထွက်ပေါ်နေသည့် နေကြာစေ့ အခွံနွာသံများကိုပင် သက်သေပြရမည် ဖြစ်သည်။ နေရာစုံမှ ထွက်ပေါ်နေသော နေကြာစေ့သံများသည် မိုးဦးရာသီ၏ မိုးမှုန်မိုးစက်များ အိမ်ခေါင်မိုးပေါ်လာရောက် ရိုက်ခတ် သလို တဖြိုင်ဖြိုင် ကြားနေရလျှက်ရှိသည်။ ထို့ပြင် ကျွန်တော်မှတ်မိသည့် အခြားအရာတစ်ခုမှာ တလူလူ လွင့်နေ သည့် နိုင်ငံတော်အလံဖြစ်ပါသည်။
နိုင်ငံတော်အလံအား ကျွန်တော်အလေးမပြုမိသည်မှာ ကြာပြီဖြစ်သည်။ မှတ်မှတ်သားသားပြောရလျှင် အထက်တန်းကျောင်းသားဘ၀နောက်ပိုင်းနှင့်  ရုပ်ရှင် စတင်မကြည့်ဖြစ်သေးခင် ကြားကာလတွင် နိုင်ငံတော် အလံကို အလေးပြုဖို့ ကျွန်တော်မေ့နေခဲ့ကြောင်း ၀န်ခံပါသည်။ သို့သော် ရုပ်ရှင်ကြည့်မိသည့် အချိန်တိုင်း ဇာတ် ကားမစခင် နိုင်ငံတော်အလံအား လွှင့်ထူသည့်အချိန် အရင်ဦးဆုံးမတ်တပ်ရပ်အလေးပြုသည်မှာ ကျွန်တော် ဖြစ်ပြီး နိုင်ငံတော်သီချင်းသံစဉ်ပြီးဆုံးမှ ထိုင်သူမှာလည်း ကျွန်တော်သာ ဖြစ်သည်။ သို့သော် ကျွန်တော့် ထက် နိုင်ငံတော်အလံကို ပိုချစ်မြတ်နိုးသူမှာ ထိုရုပ်ရှင်ရုံမှ ထိုင်ခုံပြ၀န်ထမ်းလေးဖြစ်သည်။ သူသည် နိုင်ငံတော် အလံ စတင်လွှင့်ထူသည့် အချိန်မှ စကာ ဇာတ်ကားပြီးဆုံးသည်အထိ မတ်တပ်ရပ်ကာ နေ့စဉ်အလေးပြုသူ ဖြစ်သည် ။ လေးစားဖို့ကောင်းပါသည်။ ထိုသို့ နိုင်ငံတော်အလံကို ချစ်မြတ်နိုးသူ များများရှိလျှင် ကျွန်တော်တို့ နောက်တစ်ခါ သူ့ကျွန်ဘ၀ရောက်ရန်မရှိဟု မြင်မိသည်။
ကျွန်တော် အခုရောက်ရှိသည့် နေရာမှာ ရုပ်ရှင်ရုံတစ်ရုံဖြစ်ကြောင်း သေချာပါသည်။ ကျွန်တော့် ဘေးကပ်ရပ် ထိုင်ခုံသို့ မိန်းမတစ်ယောက်လာထိုင်ပါသည်။ သူမသည် ထိုထိုင်ခုံနံပါတ်ပိုင်ရှင် အစစ်အမှန် ဖြစ်ပါသလား။ ထိုမေးခွန်းကို ကျွန်တော် ဘာကြောင့်စဉ်းစားမိမှန်း မပြောနိုင်သေးခင်မှာပင် သူမ လက်ထဲမှ စာရွက်တစ်ရွက် လွတ်ကျသွားသည်။ သူမ တကယ်လွတ်ကျသွားတာလား။ သို့မဟုတ် တမင်လွတ်ချပစ်လိုက် ပါသလား။ ထိုအတွေးသည် ကျွန်တော့်နှလုံးသားကို ဆို့နင့်လှိုက်မောစေပါသည်။ ထိုထက်ပို၍ သူမပြုတ်ကျ သွားသော စာရွတ်လေးထဲမှာ စာလုံးများသည် ` နောက်ဆုတ်လိုက်ပါတယ်၊ နောက်ကို ခြေတစ်လှမ်းပြန် ဆုတ်လိုက်ပါတယ်၊ မင်းစိတ်ရဲ့ အဝေးဆုံးမှာ ရှိနေတဲ့ . . . . .´ ဆိုသော စကားလုံးများမပါဝင်ဖို့ တိုးတိတ်ပင့်သက်ချကာ ဆုတောင်းမိ သည်။ ထိုစာလုံးများ၏ မူလပိုင်ရှင်မှာ ကျွန်တော့်ဇနီးဖြစ်ပါသည်။ ကိစ္စတော့ မရှိပါ။ သိပ်မကြာခင်မှာ ပင် နောက်ထပ် လူများ ရောက်ရှိလာပါသည်။ ထိုလူတို့သည် ကိုယ်စီ ကိုယ်စီ လက်မှတ်ကလေးများကိုင်ဆောင်လျှက် သတ်မှတ်ထားသော နေရာများတွင် ၀င်ထိုင်လိုက်ကြသည်။ တစ်ချို့လူ များသည် သူတို့ရထားသည့် နေရာလေး များကို အပိုင်ရသည့်အလား ထိုင်ခုံလက်တန်းများကို မြဲမြဲဆုပ်ကိုင် ထားကြသည်။  တစ်ချို့လူများသည် သူတို့အတွက် သတ်မှတ်ထားသည့် ထိုင်ခုံလေးများမှ နေ၍ အခြားထိုင်ခုံ လေးများသို့ လှမ်းငေးနေတတ်ကြသည်။ တစ်ချို့လူများသည် စည်းကမ်းမရှိ။ ကိုယ့်အတွက်မဟုတ်သော ထိုင်ခုံ များတွင် ထိုင်နေကြသည်။ သူတို့သည် လူတစ်ယောက် ဖြတ်သွားတိုင်း ကျီးလန့်စာစား ငေးကြည့်နေကြသည်။ ကလေးများသည် သတ်မှတ်ထားသော ထိုင်ခုံများတွင် မထိုင်ကြဘဲ လူလျှောက်လမ်းတွင် ပြေးလွှားဆော့ကစား နေကြသည်။ သို့သော် ကလေးတစ်ယောက် သည် အခြားကလေးများသို့ ပြေးလွှားဆော့ကစားမနေဘဲ ထိုင်ခုံ နောက်ဆုံးတန်းတစ်နေရာ သို့ ငေးမောနေ တာကို တွေ့ရသည်။ ကိစ္စရှိပါသည်။ ထိုင်ခုံနောက်ဆုံးတန်း ထောင့်ဆုံး မှ စုံတွဲတစ်တွဲသည် ထိုကလေးများကြောင့် စိတ်အနှောက်အယှက် ဖြစ်နေသည်။ ထိုကလေးများ သည် သူတို့ စုံတွဲလက်ထဲမှ ရေခဲမုန့်ကို စားချင်စိတ်ဖြင့် ငေးမော ရပ်ကြည့်နေသည့်အတွက် ဖြစ်သည်။ ကျွန်တော့်မျက်လုံး များကို ရုပ်ရှင်ပိတ်ကားပေါ်သို့ ပြန်လွှဲကြည့်လိုက်သည့်အခါ ပိတ်ကားပေါ်မှ စာတမ်းသည် အောက်ပါအတိုင်း ဖြစ်သည်။ ` သင်၏ အိမ်ပြန်ချိန်အား သင့်မိသားစုမှ စောင့်မျှော်နေ ပါသည်´
ရုပ်ရှင်ရုံမျက်နှာကျက်မှထွန်းထားသော စလိုက်မီးလုံးလေးများသည် တဖြည်းဖြည်းနှင့်မှေးမှိန် ဖျော့ရော့ သွားကာ အမှောင်နီးနီးဖြစ်သွားသည်။ ရုပ်ရှင်ပိတ်ကားပေါ်မှ ပြန်ရိုက်ခတ်လာသော အလင်းရောင်သည် ရုပ်ရှင် ကြည့်သူများ၏ မျက်နှာပေါ်တွင် ဖြတ်ဖြတ်ပြေးနေသည်။ တဖြည်းဖြည်းနှင့် ရုပ်ရှင်ရုံသည် တိတ်ဆိတ် ခြောက်သွေ့ သွားသည်။ တစ်ချက် တစ်ချက် ထွက်ပေါ်လာသော တီးတိုးစကားသံ၊ တချောက်ချောက် မြည် နေသော နေကြာစေ့ အခွံနွာသံမှလွဲ၍ ရုပ်ရှင်ရုံသည် ငြိမ်သက်တိတ်ဆိတ်နေသည်။ အထီးကျန်ဆန်မှုသည် ကျွန်တော့်ငယ်ဘ၀ ကို ပြင်းပြင်းပြပြအမြဲအမှတ်ရစေသည်။ တိတ်ဆိတ်မှုကို ကျွန်တော်မုန်းသည်။ တိတ်ဆိတ်မှု သည် တစ်စုံတစ်ခုကို စိုးထိတ်စွာ စောင့်စားနေရသလို စိတ်ကို လှုပ်ရှားစေသည်။ ` ချောက် ချောက် ခြောက် ခြောက် ကြောက် ကြောက် ´ ။ ရုပ်ရှင်ပိတ်ကားမှ အလင်းနှင့် နာရီကို ငုံ့ ကြည့်မိလိုက်သည်။ မနေ့က ဒီအချိန်မှာ ကျွန်တော် ဘာလုပ်နေပါလဲ။ ဒါမှမဟုတ် မနက်ဖြန် ဒီအချိန်မှာ ကျွန်တော် ဘာလုပ်နေမှာလဲ။ မရေရာခြင်းများကို ကျွန်တော့်နာရီထဲ တွင် ပြန်ထည့် ထားလိုက်သည်။ ရုတ်တရက် ရုပ်ရှင်ပိတ်ကားထက်တွင် မိုးသားများ အုံ့တက် လာသည်။ ဒီနေ့ စနေနေ့လား။ စနေမိုးသည် တစ်ပတ်လုံးစွေသည်ဟု ကြားဖူးသည်။ အုံ့တက်လာသော မိုးသား များနှင့် အတူ မိုးခြိမ်းသံသဲ့သဲ့ပါ ကြားလိုက်မိသည်။ ရုပ်ရှင်ရုံထဲမှလား။ ရုပ်ရှင်ရုံ အပြင်ဘက်မှလား။ ကျွန်တော် မဝေခွဲတတ်။ ရုပ်ရှင်ရုံထဲသို့ ကျွန်တော်မ၀င်ခင်ကတော့ ကောင်းကင်သည် ကြည်လင်ရှင်းသန့်နေပြီး ညနေငှက် များ အုံဖွဲ့ပျံသန်းသွားသည် ကိုပင် တွေ့မိခဲ့လိုက်သေးသည်။ သို့သော် ထိုငှက်များသည် အိပ်တန်းပြန် သည်လား။ အစာရှာထွက်သည်လား ကျွန်တော်မသိတတ်။ မိုးသည် အမြဲတမ်းရွာရန် ရာနှုန်း ရှစ်ဆယ်ဖြစ်သည်။
မိုးရွာသည် ဖြစ်စေ၊ မရွာသည်ဖြစ်စေ။ ရုပ်ရှင်ပိတ်ကားထက်မှ မိုး၏ ရနံ့ကို ကျွန်တော်ရသည်။ မိုးမရွာခင် တိုက်ခတ်သော လေနုအေးအေးလေးကို ကျွန်တော်ခံစားမိသည်။ တကယ်တမ်းကျတော့ ထိုလေနု အေးအေးလေး များသည် ရုပ်ရှင်ရုံထဲရှိ အဲယားကွန်းများမှ မှုတ်ထုတ်လိုက်သော သက်ပြင်းမောများဖြစ်သည်ကို ကျွန်တော်မသိ။ ကျွန်တော် သိသည်မှာ ကျွန်တော်ကြည့်နေသော ရုပ်ရှင်သည် မပြီးဆုံးသေးကြောင်းဖြစ်သည်။ သို့သော် ထိုရုပ်ရှင် ဇာတ်ကား ဘယ်အချိန်ပြီးဆုံးမည်ကိုလည်း ကျွန်တော် မသိချင်ပါ။ ကျွန်တော်သိချင်သည်မှာ ထိုင်ခုံနောက်ဆုံး တန်းထောင့်ဆုံးမှ ထွက်ပေါ်လာသော တခစ်ခစ် ရယ်သံဖြစ်သည်။ ထို တခစ်ခစ် ရယ်သံ ကြား တိုင်း ကျွန်တော် လည်ပင်းအစ်သလို ဖြစ်မိသည်။ တစ်ချိန်တုန်းက ထိုတခစ်ခစ်ရယ်သံသည် ကျွန်တော့်ဘယ် ဘက်ဘးထိုင်ခုံ မှ ဖြစ်သည်။ ယခုတော့ ကျွန်တော့်ဘယ်ဘက်ဘေးထိုင်ခုံမှ ထွက်ပေါ်လာသော အသံသည် တခေါခေါ ဖြစ်သည်။ ပိတ်ကားပေါ်မှ ရုပ်ရှင်သည် မိန်းမပျိုလေးတစ်ယောက်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျ စေပါသလား။ ဆက်တွေးမည်ဆိုလျှင် စိတ်ကူးများရိုင်းကောင်း ရိုင်းသွားနိုင်ပါသည်။ ကျွန်တော်၏ ထွက်ပြေး နေသော စိတ်ကူးများ ကို ခဏရပ်တန့်ကာ ရုပ်ရှင်ဇာတ်ကားအား စိတ်ပါဝင်စားစွာ ပြန်လည် ကြည့်မိလိုက်သည်။ ရုပ်ရှင်ပိတ်ကားထက်တွင် မင်းသားသည် ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်နေသည်။ သူ့နံဘေးတွင်လည်း  မိန်းမပျိုတစ်ယောက် သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျလျက်။ နေကြာစေ့ခွာသံ တစ်ချောက်ချောက်မှာ ကြား နေရဆဲပင် ဖြစ်သည်။ သို့သော် ရုပ်ရှင်ပိတ်ကားထဲမှလား။ ယခု ကျွန်တော် ကြည့်နေသည့် ရုပ်ရှင်ရုံထဲမှလား။ ကျွန်တော်မဝေခွဲတတ်တော့။ ဇာတ်ကားထဲမှ မင်းသားသည် ရုပ်ရှင်ကို စိတ်ဝင်တစားကြည့်နေသည်။ သူကြည့် နေသည့်ရုပ်ရှင် ဇာတ်ကား အမည် မှာ  Rainning In The Cinema ဖြစ်မည်ဟု ထင်သည်။ သည်းသည်း မည်းမည်းရွာနေသော မိုးစက်များအကြောင်း စိတ္တဇဆန်ဆန်ရိုက်ကူးထားခြင်းဖြစ်ပြီး ထိုသို့ ရွာနေသော မိုးများ တိတ်သွားသည်နှင့် တပြိုက်နက် မင်းသားကြည့်နေသာ ဇာတ်လမ်းမှာ ပြီးဆုံးသွားခဲ့သည်။ မင်းသားသည် သူ့နံဘေးမှ အိပ်ပျော်နေသာ မိန်းမပျိုအား တစ်ချက်လှည့်ကြည့်လိုက်သည့်အခါ ကျွန်တော်လည်း ယောင်ယမ်း ပြီး ကျွန်တော့် နံဘေးမှ မိန်းမပျိုလေးကို တစ်ချက်လှည့်ကြည့်မိလိုက်သည်။ သို့သော် ကျွန်တော့်နံဘေးတွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိသည့်အပြင် ရုပ်ရှင်ရုံထဲတွင်လည်း သက်ရှိဟူ၍ မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့။  ရုပ်ရှင်ဇာတ်ကားစတင်ချိန်တုန်း က မှေးမှိန်ဖျော့ရော့ထားသော စပေါ့လိုက်မီးလုံးလေးများသည် ယခု အခါ ထိန်ထိန်လင်းလျှက်။ ရုပ်ရှင်သည် ဘယ်အချိန်ကတည်းက ပြီးဆုံးသွားမှန်း ကျွန်တော်မသိ။
ထိုထက်ပို၍ အံ့သြစရာကောင်းသည်မှာ ကျွန်တော် ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရွဲရွဲစိုလို့
မိုး
ရေ
တွေ။

မင်းနဒီခ
၇၊ ဇွန်လ၊ ၂၀၁၃


No comments:

Post a Comment