Monday, June 3, 2013

အေးချမ်းပါစေ အိုင်ဆေး ၀သန္တ


အေးချမ်းပါစေ အိုင်ဆေး ၀သန္တ

စာအုပ်အမည်                      အိုင်ဆေးဝသန္တ
ရေးသူ                               တောင်တွင်းမောင်မုန်းမာန်
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ ဖေဖော်ဝါရီလ
ထုတ်ဝေသည့် တိုက်               စိန်ပန်းပင်စည်စာပေ

          ဆရာ တောင်တွင်း မောင်မုန်းမာန် အိုင်ဆေး ၀သန္တလို့ အမည်ပေးထားတဲ့ ကဗျာစု စာအုပ်ကလေး ကျွန်တော့်လက်ထဲ ရောက်နေသည်မှာ ကြာပြီဖြစ်သည်။ ဆရာမောင်ကြည်သာ (တောင်တွင်း) ထံမှ တဆင့် လက်ဆောင်ရခြင်းလည်းဖြစ်သည်။ မှတ်မှတ်ရရ ဆရာမောင်မုန်းမာန်နှင့် ကျွန်တော် တစ်ခေါက်ဆုံတွေ့ခဲ့ ဖူးသည်။ ကျွန်တော်တို့ နန်းရှေ့ Anyway Cafe ၏ ထန်းရွက်တဲလေးများအောက်တွင် ဖြစ်သည်။ ထိုစဉ်က မဂ္ဂဇင်း စာမျက်နှာပေါ်မှာ ကျွန်တော့်ကဗျာလေးတွေ တစ်ပုဒ်စ နှစ်ပုဒ်စ စတင်ပါလာသည့် အချိန်ကာလ။ ကဗျာ နှင့် ပတ်သက်ပြီး ကျွန်တော့်လက်ဦးဆရာရင်းဖြစ်သူ မောင်ကြည်သာ( တောင်တွင်း)၏ မိတ်ဆက်ပေးမှုနှင့် အ တူ ဆရာတောင်တွင်းမောင်မုန်းမာန်ကို ကျွန်တော် ရင်းနှီးမိတ်ဖွဲ့ခွင့်ရခဲ့သည်။ ကဗျာအကြောင်း စာအကြောင်း တွေ တရင်းတနှီး နားထောင်ခွင့်ရခဲ့သည်။ တစ်ကြိမ်တစ်ခါသာ တွေ့ခွင့်ရခဲ့ပေမယ့် ဆရာ့ပုံရိပ်က ကျွန်တော့် အာရုံထဲမှ ပျောက်မသွား ။ ဆရာ့နာမည်ကြားတာနှင့် အာရုံထဲတွင် အသားညိုညို၊ အင်္ကျီအဖြူ စတစ်ကော်လံ နှင့် နှုတ်ခမ်းမွှေး ကားကားကြီးကို အရင်ဆုံး မြင်ယောင်မိသည်။ ထိုစဉ်တုန်းက ဆရာ မောင်မုန်းမာန်ပြောသည့် ရယ်ရွှင်ဖွယ် စကားတစ်ခွန်းကိုလည်း အခုထိ ပြန်အမှတ်ရနေမိသည်။ ` ကိုကြည်သာရေ ကျွန်တော့်သား နေပန်ဦးကလည်း ကဗျာရေးတယ်၊ ဇာဦးကို ကလည်း ကဗျာရေးတယ်၊ အခု သမီးကပါ ကဗျာရေးမယ်ဆိုတော့ အိမ်တစ်အိမ် ကဗျာဆရာ တစ်ယောက် ရှိရင် လုံလောက်ပါပြီကွယ် လို့  ပြောထားရတယ်ဗျာ´ တဲ့။
တောင်တွင်းသည် မျိုးနှင့် ရိုးနှင့် ကဗျာဆရာများမွေးထုတ်ပေးနေသည့် မြို့ဖြစ်သည်။ ပေလေးပင် ရှင်လေးပါးမှအစ အင်းဝကဗျာခေတ်၊ ထွန်းဝေမြင့်၊ မောင်ကြည်သာ(တောင်တွင်း)၊မောင်ခင်သာ ( တောင်တွင်း) ၊ တောင်တွင်းမောင်သင်းကျော်၊ တောင်တွင်းမောင်မုန်းမာန် စသည့် မိုးဝေကဗျာခေတ်အလယ်၊ နေပန်ဦး၊ ဇာဦး ကို၊ ဇွဲရင့်နဒီ၊ အိမ့်ဒီဝဏ်၊ ဆေးခါး စသည့် ခေတ်ပေါ်ကဗျာခေတ်အဆုံး ကဗျာဆရာများစဉ်ဆက်မပြတ် မွေးထုတ်ပေးနေ သည့် မြို့လေး။ တကယ်တမ်းကျတော့ တောင်တွင်းကို ကျွန်တော်တစ်ခေါက်မှ မရောက်ဖူးပေမယ့် တောင် တွင်းသည် ကျွန်တော်နှင့် မစိမ်း။ ထို့ထက်ပို ပြောရလျှင် တောင်တွင်းကဗျာဆရာများသည် ကျွန်တော်နှင့် မစိမ်း။ ဆရာ မောင်ကြည်သာ( တောင်တွင်း)နှင့် ကဗျာအကြောင်းများ ပြောဆိုမိလေ့ရှိတိုင်း တောင်တွင်းကဗျာဆရာတွေ အကြောင်း နားထောင်ရလေ့ ရှိသည်။ ဆရာထွန်းဝေမြင့်၏ တီကောင်နှင့် စကြ၀ဠာ အကြောင်း၊ မောင်ခင်သာ ( တောင်တွင်း)၏ ဘူတာရုံအကြောင်း၊ တောင်တွင်းမောင်သင်းကျော်၏ လောကဓံ အပဲ့အကြွေများအကြောင်း၊ ကျွန်တော်တို့ တခုတ်တရ ပြောဖြစ်ကြသည်။ တောင်တွင်းကဗျာဆရာ များ၏ ကဗျာများကို ကျွန်တော်တို့ နန်းရှေ့စာပေ၀ိုင်းလေးတွင် ရွတ်ဆိုခဲ့ကြသည်။ တခါတရံ ရောက်လာတတ် သော ဆရာမောင်သင်းကျော် ၏ ပျော့ပြောင်းညင်သာသော ကဗျာရွတ်သံကို ကျွန်တော်တို့ နားထောင်ခွင့် ရခဲ့သည်။ မဂ္ဂဇင်းစာမျက်နှာ များပေါ်မှ နေပန်ဦး၊ ဇာဦးကို၊ အိမ့်ဒီဝဏ်၊ ဆေးခါးတို့၏ ကဗျာများအကြောင်း ကျွန်တော်တို့ သတိတရ ပြောဖြစ်ကြသည်။ ထို့ကြောင့် တောင်တွင်းသည် ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင် နေသော ငယ်ပေါင်းတစ်ယောက်လို ခံစားနေရသည်။
အင်းဝခေတ်တွင် ပေလေးပင် ရှင်လေးပါး ကဗျာစာဆိုများ ပေါ်ထွန်းခဲ့သလို ၁၉၇၀ ၀န်းကျင် မိုးဝေကဗျာခေတ်တွင်လည်း တောင်တွင်းသည် မောင်ခင်သာ၊ မောင်ကြည်သာ၊ မောင်သင်းကျော်၊ မောင်မုန်း မာန် စသည့် ကဗျာဆရာများ ထွက်ပေါ်ခဲ့သည်။ တစ်နှစ်ကြီးတစ်နှစ်ငယ် သူငယ်ချင်းလေးယောက် ကဗျာကို ချစ်ခဲ့ကြသည်။ ကဗျာဖြင့် လက်သီးလက်မောင်းသန်းခဲ့ကြသည်။ ကဗျာဖြင့် အရောင်ပါသော အလံကို တလက် လက်လွှင့်ထူခဲ့ကြသည်။ ကဗျာဖြင့် ပိတ်ထားသော တံခါးများကို ဆွဲဖွင့်ခဲ့ကြသည်။ ကဗျာအတိပြီးသော လမ်းကို ရွှေခင်းလျှောက်ခဲ့ကြသည်။ ခံစားမှုကိုယ်စီဖြင့် ကိုယ့်လမ်းကိုယ်ဖောက် ကဗျာနန်းတော် အသီးသီး ဆောက်ခဲ့ ကြသည်။ သူငယ်ချင်းလေးယောက် တစ်ယောက်တစ်နေရာစီ ခရီးဆက်ခဲ့ ကြသည်။ မောင်ခင်သာ( တောင် တွင်း)က ရန်ကုန်မြို့ကြီးပြကြီး၊ မောင်ကြည်သာ(တောင်တွင်း)က မန္တလေးရတနာပုံရွှေမြို့တော်၊ တောင်တွင်း မောင်သင်းကျော်ကတော့ အစိုးရ၀န်ထမ်းဘ၀နှင့် တာဝန်ကျရာမြို့လေးများဆီသို့  အသီးသီး ကဗျာကြည်ရာ မြက်နုရာခဲ့ကြပေမယ့် ဆရာ တောင်တွင်းမောင်မုန်းမာန် ကတော့ သူချစ်သော တောင်တွင်းရွှေပြည်မှာ ကဗျာ တွေကို ဖက်တွယ်ရင်း ကဗျာမျိုးဆက်တွေကို ကဗျာကိုင်းဆက်ဖို့ တာဝန်ကို သူ့ပခုံးသားပေါ် တွန်းတင်ထား ခဲ့သည်။ သို့သော် တိုင်ပင်ထားသလားအောက်မေ့ ရလောက်ပင် ၂၀၁၁ သြဂုတ်လတွင် မောင်ကြည်သာ (တောင်တွင်း)၏ ဖုံးကွယ်ထားသော အသံ။ ထို့နောက် ၂၀၁၂ သြဂုတ်လတွင် တောင်တွင်းမောင်သင်းကျော်၏ လောကဓံအပဲ့အကြွေများ၊ ထို့နောက် ဆက်တိုက ၂၀၁၂ စက်တင်ဘာတွင် မောင်ခင်သာ(တောင်တွင်း)ကနေ အမည်ပြောင်းလိုက်တဲ့ မောင်ခင်သာမြင့် ၏ နောက်ကျခဲ့ တဲ့ ခြေသံ။ ယခု ၂၀၁၃ ဖေဖော်ဝါရီလတွင် အိုင်ဆေး ၀သန္တကဗျာစုလို့ အမည်ပေးထား တဲ့ တောင်တွင်းမောင် မုန်းမာန်၏  ကဗျာစာအုပ် စသည်ဖြင့် ဆက်တိုက် ထွက်ရှိ လာခဲ့သည်။ တစ်ယောက်နှင့် တစ်ယောက် ကဗျာဖွဲ့နွဲ့ ပုံမတူ၊ တင်ပြပုံမတူ၊ ကဗျာချဉ်းကပ်ပုံခြင်းမတူ။ ကဗျာဖြင့် ကူးလူးယှက်သမ်းပုံခြင်းမတူ။ ကဗျာဖြင့် ပြောသည့် စကားများတွင် မောင်ကြည်သာ( တောင်တွင်း) က တစ်ယောက်တည်း စကားပြော သလို ပြောသည်။ မောင်သင်းကျော် က ပတ်ဝန်းကျင်အဖွဲ့အနွဲ့နေ လှမ်း ပြောသည်။ မောင်ခင်သာ(တောင်တွင်း)က ကမ္ဘာကြီးကနေ တဆင့် ပြောသည်။ တောင်တွင်း မောင်မုန်းမာန် က ချစ်သူခင်သူ တစ်ဦးတစ်ယောက်ကို တိုင်တည်နေသလို တရင်းတနှီးပြောသည်။ အဓိပ္ပာယ်တွေ တူပေမယ့် လေယူလေသိမ်းကွဲသည်။ အသံတွေ တူပေမယ့် စကားလုံးချိတ်ဆက်ပုံ ကွဲလွဲသည်။ ကျွန်တော်သည် ဇွန်လ၏ သည်းသည်းမည်းမည်း မိုးစက်များအောက်မှာ ဆရာတောင်တွင်းမောင်မုန်းမာန်နှင့် တီးတိုးစကားဆိုမိလိုက် ပါသည်။

` ကျေးလက်ကားအိုကြီးပေါ်က
နွမ်းနေတဲ့ ပန်းလေးတစ်ပွင့်လိုဆင်းလာတဲ့
ဆရာမလေးကလည်း စိမ်းမြမြ
လယ်ကွင်းထိပ်က ကြိုနေတဲ့ ကလေးတွေလည်း
ပြည်တွင်းဖြစ်ကျောင်းစိမ်းများနဲ့ စိမ်းမြမြ
ကျောင်းအ၀င်ပြောင်းခင်းကြီးကလည်း
နေရောင်အောက်မှာ ယိမ်းခဲ့ စိမ်းမြမြ
အပျော်တမ်းသူခိုးသူဝှက်တွေ ရန်က ကာကွယ်ဖို့
ကပ္ပိယကြီးလက်ထဲက ၀ါးခြမ်းကလည်းစိမ်းမြမြ´
(စိမ်းမြမြ တနင်္လာနေ့များ ကဗျာမှ)
          ကဗျာရဲ့ အစမှာတင် ကျေးလက်ရနံ့လေးက စီးဝင်လာသည်။ ရွာကျောင်းလမ်းမမှာ ပြည်တွင်းဖြစ် ကျောင်းစိမ်းအင်္ကျီလေးတွေ ကိုယ်စီဝတ်ပြီး စာလာသင့်မယ့် ဆရာမလေးကို ကြိုနေကြတဲ့ ကျောင်းသား လေးများ။ မိုးဦးမိုးမှုန်မိုးစက်လေးတွေနဲ့ စိမ်းမြရွှန်းပနေတဲ့ ပြောင်းခင်းလေးကို ဖြတ်ပြီး ဘတ်စကားအိုကြီးပေါ်က ဆင်းလာတဲ့ ဆရာမလေး။ ပင်ပန်းနွမ်းလျပေမယ့် လာကြိုနေတဲ့ ကျောင်းသားကလေးငယ်တွေကို မြင်လိုက် ရတဲ့အခါ ဆရာမရဲ့ နွမ်းဖျော့နေတဲ့ နှုတ်ခမ်းတစ်စုံဟာ စိမ်းမြလန်းပ။ ချက်ချင်းပဲ ကလေးဘ၀ ပြန်ရောက်သွား လိုက်ရသလို ကျောင်းသားဘ၀ရဲ့ တနင်္လာနေ့များဟာ ကျွန်တော့်အတွက် စိမ်းမြလှပနေလွန်းခဲ့သည်။ ထိုစိမ်းမြမြတနင်္လာနေ့များသည် ဆရာမောင်မုန်းမာန်နဲ့ ကျွန်တော် တရင်းတနှီး စတင်ပြောလိုက်တဲ့ စကား တစ်ခွန်း။

`ယက်ဖတူရှင်ကိုရဲ့ ဇီးမားလမ်းဆုံတဲ့လား
ထားလိုက်စမ်းပါ
ဆရာ မင်းသုဝဏ်ရဲ့
`သူ့ခေါင်းမှာတဲ့ သပြေညို ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြည်မှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာ လန်းလျက်ပါ ကို´
သင်တို့ နားစွင့်ပ။
ဗီသိုဗင်ရဲ့ စန္ဒရားသံ
ထားလိုက်စမ်းပါ
ဆရာ ဒဂုန်တာရာခင်ဗျား
စန္ဒရားလေးနဲ့
ဒိုရာသန်းအေးရဲ့
` လှေကလေးကို လှော်မည်
ဘေးမသန်းဘဲ အေးချမ်းတော့မည်´
ညနေရီသည် နေခြည်ငံ့လင့်နေသလိုပ။
ပီကာဆိုရဲ့ ဂွာရာနီကား ပန်းချီကား
ထားလိုက်စမ်းပါ
ဆရာခြုံရဲ့ လွမ်းဖွယ့် ကြေကွဲစရာ ပါတော်မူ ပန်းချီကား
မိတ်ဆွေများ ခင်ဗျား
သင်တို့နှလုံးသား၌ အစဉ်လန်းစေသလိုပ။
(အမျှ ကဗျာမှ)

ကျွန်တော်တို့က ရွှေပုံပေါ်ထိုင်ပြီး ရွှေပျောက်နေသည့် သူဆင်းရဲနှင့် တူသည်။ အမေကျော်ပြီး ဒွေးဒေါ်လွမ်းနေခဲ့ကြသည်။ မာယာကော့စကီးကို သတိရသည်။ ဒဂုန်တာရာကို မေ့နေကြသည်။ ကတ်ကိုဘိန်း ကို သူရဲကောင်းထင်ပြီး မြို့မငြိမ်းကို မေ့နေကြသည်။ ဗန်ဂိုးကို တခမ်းတနား ဖွင့်ဆိုနေကြပြီး ပေါ်ဦးသက်ကို မေ့နေကြသည်။ ချာလီချက်ပလင်ကို လွမ်းဆွတ်နေပြီး ဖိုးပါကြီးကို မေ့နေကြသည်။ မာရီလင်မွန်ရိုးကို သတိ ရပြီး ခင်သန်းနုကို မေ့နေကြသည်။ ဟမ်ဘာဂါနဲ့ စပိန်ဝိုင်နီကို သတိရပြီး ရေနွေးကြမ်းနှင့် ငါးရံ့ခြောက်ဖုတ်ကို မေ့နေကြသည်။ ပြည်တွင်းဖြစ်ကဗျာတွေဖတ်ဖို့ အင်္ဂလိပ်ရေးဖတ်ပြောသင်တန်းပြန်တက်ရမည့် ယနေ့ကဗျာ သည် ကဗျာဖတ်သူနှင့် မည်ရွေ့မည်မျှ ကွာဝေးနေပါသည်လဲ။ သို့မဟုတ် မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံ တို့သည် ယနေ့ခေတ်ကဗျာနှင့် မည်ရွေ့မည်မျှ ပါဝင်ပေါင်းစပ်နေပါသေးသည်လဲ။ သို့မဟုတ် ယနေ့ ကဗျာသည် အမှန်တကယ် က၀ိပစ္စည်းဖြစ်ခဲ့သည်ဟုဆိုသော် လူများစုအခြေခံလူတန်းစားများအတွက် ကဗျာ ဆိုသည်မှာ မည်သည့်အရာကို ခေါ်ပါသလဲ။ ကိုယ့်မြေကိုယ့်ရေတွင် ကဗျာထဲတွင် ထည့်ရေးစရာ  အနုပညာလက်ရာ၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ရိုးရာယဉ်ကျေးမှု၊ ချစ်စရာ ဓလေ့စရိုက် များရှိနေပါလျှက် အခြား ရေခြားမြေခြား တိုင်းတပါးလက်ရာများကို ပထွေးအဖေခေါ် တမ်းတနေကြရလျှင် ကောင်းကြပါဦးမည်လား။ ထိုအမျှသည် ကျွန်တော့် နှလုံးသားဆီသို့ တံတားထိုပေးလိုက်သည့် ဆရာ မောင်မုန်းမာန်၏ နောက်ထပ်စကားတစ်ခွန်း။

` သစ်ရွက်တွေ ကြွေနေလိုက်တာ
တစ်ချို့ လေထဲကျွမ်းထိုး
တစ်ချို့ မြေပေါ်ရှပ်တိုက်

ဟေ့ လေစိမ်းတွေ
ခင်ဗျားတို့ ဘယ်လောက်ဆိုးဆိုး
ခိုးလာတဲ့ နှင်းဆီရနံ့
ဖြန့်ကျက်ပေးတာ တစ်ခုထဲနဲ့
ဟောဒီ ကမ္ဘာကြီးက ကျေးဇူးတွေ တင်လို့ မဆုံး´
( ကျေးဇူးတော် လေစိမ်း)

          လောကကြီးကတော့ သူ့အလိုအတိုင်း ကောင်းခြင်းဆိုးခြင်း ဆိုတာ ရှိနေဦးမှာပဲ ဖြစ်သည်။ ယခင် ကလည်း ရှိခဲ့သည်။ ယခုလည်း ရှိနေသည်။ နောင်လည်း ရှိနေဦးမှာ ဖြစ်သည်။ မြင်တတ်ဖို့ပဲ လိုပါသည်။ အကောင်းမြင်စိတ်သည် အပြောလွယ်သလောက် လက်ခံနားလည်ခွင့်လွှတ်နိုင်စွမ်းခက်ခဲလွန်းပါသည်။ ထို ကျေးဇူးတော်လေစိမ်းသည် ဆရာတောင်တွင်းမောင်မုန်းမာန်ကတိုက်ရိုက်မပြောသော်လည်း ကျွန်တော် နားဖြင့် သွယ်ဝိုက်ကြားလိုက်ရသည့် စကားတစ်ခွန်းဖြစ်သည်။ မပြောဘဲကြားရသော စကားများသည် နှလုံးသားကို မိုးစက်မိုးပေါက်လေးများကဲ့သို့ လာရောက်ရိုက်ခတ်နေသည်။ ဂျွန်လ၏ သည်းသည်းမည်းမည်း မိုးရေစက်များ သည် လောကတခွင်ကို ခေတ္တခဏအေးချမ်းပါစေလိမ့်မည်။ ထာဝရအေးချမ်းမှုကိုတော့ မိမိကိုယ်တိုင် သာ တည်ဆောက်ရမည်ဖြစ်သည်။ ထိုသို့ ထာဝရအေးချမ်းမှုကို မရနိုင်သေးခင်အချိန်ခဏမှာတော့ ရွာနေတဲ့ မိုးများကို လက်ဆွဲနှုတ်ဆက်ချင်မိသည်။ အိုင်ဆေး ၀သန္တ ဟု။

မင်းနဒီခ
၎၊ ဇွန်လ၊ ၂၀၁၃

No comments:

Post a Comment