Wednesday, May 22, 2013

လည်ပြန်ငေး၍ လွမ်းနေမိသော တောင်ကုန်းအဟောင်းများ



လည်ပြန်ငေး၍ လွမ်းနေမိသော တောင်ကုန်းအဟောင်းများ

စာအုပ်အမည်                      တောင်ကုန်းအဟောင်းများ
ရေးသူ                               မောင်သိန်းဇော်
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ မတ်လ
ထုတ်ဝေသည့် တိုက်               စိတ်ကူးချိုချို

          `ကျွန်တော်တို့ရပ်တည်ရှင်သန်ရာဘ၀ခွင်တွေမှာ ရုပ်ပိုင်းအရ လှုပ်ရှားပေါ့ပါးနေကြပေမဲ့ တစ်ခါ တလေ စိတ် ဆိုတဲ့ အတွင်းပစ္စည်းက မမြင်နိုင်တဲ့ ထောင့်ချိုးလေးတစ်ခုမှာ မွန်းကျပ်ချင် မွန်းကျပ်နေမယ်။ ကျွန်တော် အဲဒီလို ထောင့်ချိုးလေးတစ်ခုမှာ မွန်းကျပ်နေတုန်း ကဗျာဆိုတဲ့ လူကြီးလူကောင်း (တနည်းအားဖြင့်) မိကောင်း ဖခင်နဲ့ စပြီး ဆုံတွေ့ခဲ့ရတာပါပဲ´
        `ကဗျာမှာတော့ ကျွန်တော် ဘယ်သူနဲ့မှ ညှိနှိုင်းဖို့ မလိုပါဘူး။ ကိုယ့်ညဏ်နဲ့ ကိုယ် ကြိုက်သလို အပင်စိုက်နိုင်ပါတယ်´` ကဗျာဟာ ကျွန်တော့်ဘ၀နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ စိတ်ကူးရမ္မက်တွေ အတွက် သီးသန့် နေရာရှာပေးခဲ့သူပါပဲ´
        `လောကနီတိတွေကိုပဲ ဖြစ်ဖြစ်၊ နာကျင်မှုတွေကိုပဲ ဖြစ်ဖြစ်၊ ဘ၀နဲ့ ပတ်ဝန်းကျင်ကနေ သူ့ဘာသူ အင်အားတစ်ခုထူထောင်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့ အစိုင်အခဲတွေကို ညဏ်နဲ့ ထုဆစ်ပြီး အလှဖန်ဆင်းတာ ကဗျာပါပဲ၊ ဘ၀နဲ့ ဒဿန လှပစွာစုစည်းမိလို့ ကဗျာတစ်ပုဒ်အမှန်တကယ်ဖြစ်လာခဲ့ပြီဆိုရင် အဲဒီကဗျာဟာ ခေတ်အဆက်ဆက် အသက်ရှင်နိုင်စွမ်းတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။´
           အထက်ပါ စကားများသည် (ဆရာ) မောင်သိန်းဇော် ပိတောက်ပွင့်သစ်မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေထားသော စကားလုံးများဖြစ်ပါသည်။ ကျွန်တော်က မောင်သိန်းဇော်၏ ကဗျာများကို စတင်သိကျွမ်းခဲ့တာ မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်မဟုတ်၊ နှင်းရည်စက်လက်+ရှုမျှော်ခင်း ၂၁ကဗျာစာအုပ်ထဲတွင်မဟုတ်။ မန္တလေး ကျောက်တော်ကြီးဘုရားပွဲမှ ဇာတ်ရုံပေါ်တွင်ဖြစ်သည်။ ကျွန်တော့်အဖေက ဇာတ်မင်းသားလေးသိန်းဇော် ပရိ သတ် ။ အဖေတင်မဟုတ် အဘွား၊ကြီးတော်စသည့် ဆွေမျိုးများကလည်းဇာတ်မင်းသားလေးသိန်းဇော်ပရိသတ် စစ်စစ်။ ထို့ကြောင့် ကျွန်တော်ဆယ်နှစ်သားဝန်းကျင်လောက် ကတည်းက ဇာတ်ခုံမျာနှင့် ရင်းနှီးခဲ့သည်။ မောင်သိန်းဇော်က နှစ်ပါးသွားမကခင် ကဗျာရွတ်သည်။ ပြဇာတ်ကပြီး နှစ်ပါးသွားမထွက်ခင် အနားပေးသည့် အချိန်လေးသည် မောင်သိန်းဇော်ကဗျာရွတ်သည့် အချိန်ဖြစ်သည်။ ထိုအချိန်တုန်းက ကဗျာဆိုတာ ဘာမှန်း ကောင်းကောင်းမသိသေးသည့်အရွယ်ပေမယ့် မောင်သိန်းဇော်၏ ကဗျာရွတ်သံကို ကျွန်တော်နှစ်သက်သည်။ သောင်းထိုက်ကကျော် သီချင်းနှင့် မောင်သိန်းဇော်ကဗျာရွတ်သံသည် ကျွန်တော်စိတ်ကို ကလေးဘ၀မှ ယခု လက်ရှိအချိန်ထိ ဖမ်းစားထားနိုင်ဆဲပဲ ရှိသေးသည်။
၂၀၀၅ ခုနှစ် ကျွန်တော်ကဗျာများစတင်ပုံနှိပ်ဖော်ပြခွင့်ရလာသောအခါ ဆရာ မောင်ကြည်သာ( တောင် တွင်း) က ကျွန်တော့်ကို နှင်းရည်စက်လက်+ရှုမျှော်ခင်း ၂၁ ဆိုသည့် ကဗျာစာအုပ်လေးပေးဖတ်သည်။ ၂၀၀၁ ခုနှစ် တွင် စာပေလောကမှ ထုတ်ဝေခဲ့သည့် ကဗျာစာအုပ်။ ထိုစာအုပ်လေးထဲမှ ကဗျာတော်တော်များများမှာ ကျွန်တော့်ကဗျာမှတ်စုစာအုပ်လေးထဲတွင်လက်ရေးဖြင့်ကူးသိမ်းထားသည့်ကဗျာများဖြစ်သည့်အပြင် ကျွန်တော် နားယဉ်နေသောကဗျာများ။ ကျွန်တော်ကဗျာရေးဖို့ အာရုံစုစည်း မရသည့်အခါတိုင်း နှင်းရည်စက်လက်+ ရှုမျှော်ခင်း ၂၁ ကို ပြန်ဖတ်ပြီး ကဗျာဓါတ်များ ကူးလူးချိတ်ဆက်မိသည်။ တနည်းအားဖြင့် ကဗျာဓါတ်ဝတ်မှုံကူး ရသည်။ ခေတ်ပေါ်ကဗျာ၏ အရသာကို နှင်းရည်စက်လက်ရှုမျှော်ခင်းက ကျွန်တော့်ကို အပြည့်အ၀ပေးခဲ့သည်။ ကျွန်တော် နှစ်သက်စွဲလမ်းမိသော ခေတ်ပေါ်ကဗျာဆရာ သုံးယောက်ရှိသည်။ မောင်ချောနွယ်၊ နေမျိုးနှင့် မောင်သိန်းဇော်ဖြစ်သည်။ ခေတ်ပေါ်ကဗျာ၏အခိုက်ဓါတ်၊ အလှဓါတ်နှင့် ကဗျာဓါတ်ကို ထိုကဗျာဆရာ သုံးယောက် ထံမှ ကျွန်တော်ရရှိခဲ့သည်။ မောင်ချောနွယ်က နာကျင်မှုကို ဖွဲ့သည်။ နေမျိုးက ဆာလောင်မှုကို ဖွဲ့သည်။ မောင်သိန်းဇော်က မြင်ကွင်း(သို့မဟုတ်( ရှုခင်း)ကို ဖွဲ့သည်။ နှင်းရည်စက်လက်+ရှုမျှော်ခင်း ၂၁ ထဲမှ အပူသည်၊ ရှုမျှော်ခင်း၊ ရေတံခွန်ကြီးကို မီးရှို့မပစ်လိုက်ပါနဲ့၊ ဆွတ်ဆွတ်ဖြူအနမ်း၊ ဒုက္ခနဲ့ တည့်တည့်က နတ်သား စသည့်ကဗျာဆိုလျှင် အလွတ်ရသည်အထိ စိတ်ထဲစွဲလမ်းမိရသည့် ကဗျာများဖြစ်သည်။
ယခု တောင်ကုန်းအဟောင်းများ ဆိုသည့် ခေါင်းစဉ်နှင့် (ဆရာ)မောင်သိန်းဇော်၏ ကဗျာစာအုပ် တစ်အုပ် ၂၀၁၃၊ မတ်လတွင် ထွက်ရှိလာသည်။ ယခင်နှင်းရည်စက်လက် ရှုမျှော်ခင်းမှ ( ဆည်းလည်း၊ ရေချိုး ဆိပ်၊ ဒီ၊ အသစ်တဖန်၊ မီးဖွင့်လိုက်၊ ကောင်းကင်၊ ည၊ နေ့စွဲ) စသည့် ကဗျာ ၈ပုဒ် ပြန်လည်ထည့်သွင်း ဖော်ပြ ထားတာကို တွေ့ရှိရပြီး ကဗျာအသစ် ၁၇ ပုဒ် ပါဝင်ဖွဲ့စည်းထားရှိသည်။ ဆရာမုတ်သုန်၏ သရုပ်ဖော်ပန်းချီပုံများ နှင့်အတူ ဆရာ မောင်သာနိုး၏ အင်္ဂလိပ်ဘာသာပြန်လက်ရာအား မူရင်းကဗျာနှင့် တွဲဖက် ဖော်ပြထားသည်။ ကဗျာဆရာ ဇာတ်မင်းသားလေး ပွဲက သွားတော့ကဗျာပါသွားသည်။ ဇာတ်မင်းသားလေး ကဗျာဆရာ ပွဲက ပြန် တော့ကဗျာတွေကျန်ခဲ့သည်။ တောင်ကုန်းအဟောင်းများ ကဗျာစာအုပ်အောက်ခြေမှတ်စုများအရ ဇာတ်မင်း သားလေးသိန်းဇော်ပွဲက ဖျော်ဖြေသည့် မြို့ များတွင် ကဗျာဆရာမောင်သိန်းဇော်က ကဗျာတွေ ရေးဖြစ်ခဲ့သည်။ အောင်ပင်လယ်၊ အင်းစိန်၊ ရေတာရှည်၊ ရန်ကုန်၊ ဟင်္သာတ ၊ ပြည်၊ မန္တလေး၊ ရေနံချောင်း၊ သံတွဲ၊ ဧလာ၊ တောင်ငူ၊ သာကေတ၊ မိုးကောင်း၊ ထီးချိုင့်၊ ဟိုပင်၊ မြန်အောင်၊ မြောင်းမြ စသဖြင့် မြို့တွေလည်း စုံသည်။ နယ်လည်းစုံသည်။ ၁၉၈၆ မှ ၂၀၁၀ အထိ ကဗျာ ဆရာ ဖြတ်ကျော်ခဲ့သော တောင်ကုန်းများ၊ တောင်ကုန်း အဟောင်းများ။ လည်ပြန်ငေးတော့ လွမ်းမိ သည်။
` မိန်းမသားတစ်ယောက်
  မီးတောက်တစ်ခု
  လမ်းနဲ့ အစီအရီ
  အမြစ်က မြေကို တွယ်သလို
  လူ့ကမ္ဘာပေါ် သူနေထိုင်ပုံရဲရင့်
  မုန့်ကို ရောင်းမှာလား ?
  မီးကို ရောင်းမှာလား ?
  တစ်ဆောင်းလုံးနှစ်ထားတဲ့ ခေတ်ဆစ်ကို မရောင်းဘူး။
  လ၊ မှောင်လေ လှလေ
  နေ့တစ်နေ့ကို ပြန်အမ်းဖို့
  ကြယ်အကြွေတွေကို ရေတွက်ရင်း။´
( မီးနဲ့ လုပ်တဲ့မုန့်- ရေတာရှည်၊ ၂၀၀၀ ကဗျာမှ)  
ကျွန်တော်တို့  ဘုရားပွဲဈေးတန်းလမ်းလျှောက်တိုင်း တခုတ်တရ၀ယ်စားဖြစ်ခဲ့သည့် မုန့်။ မုန့်လေပွေ။ တူတုတ်ချောင်းကြီးနှစ်ချောင်းဖြင့် မီးတောက်တွေကြားထဲ လှည့်လိုက်၊ မှောက်လိုက်၊ လှန်လိုက်နှင့် မုန့်လေပွေ ပြုလုပ်နေသည်ကို ကြည့်ချင်တာနှင့်ပင် ကျွန်တော်တို့ စောင့်ဆိုင်းဝယ်ယူမိကြသည်။ ကဗျာဆရာကတော့ ကြည့်ရုံသက်သက်မဟုတ်၊ ကဗျာနှင့် ရေးသည်။ ကဗျာနှင့် မေးလိုက်သည်။ မုန့်ကို ရောင်းမှာလား။ မီးကို ရောင်း မှာလား တဲ့။ ထိုမေးခွန်းက ကဗျာ၏အလှဓါတ်ကို အမြင့်ဆုံးစွဲတင်လိုက်သလို ကဗျာဖတ်သူ၏ သိမှုနယ် ပယ် ကို ချဲ့ထွင်မိစေသည်။ ကျွန်တော်တို့ ဘ၀တွေလည်း ပိုမှောင်မှ ပိုလှခဲ့လေသလား။ မီးနဲ့ ရောင်းတဲ့ မုန့်ကို ၀ယ်ရင်း လ ကို ငေးမိသည်။

`ဆိုင်းဘုတ်တွေကို
 ကျွန်တော် အသေအချာဖတ်ခဲ့တယ်
 ဒါပေမယ့်
 ကျွန်တော့်ကိုတော့
 ဆိုင်းဘုတ်တွေက ဖတ်မကြည့်ကြဘူး။

 နေ့တစ်နေ့ရဲ့ အလျားအတိုင်း
 ချွေး၊ ခြေသံနဲ့ မှားယွင်းမှု
 တစက်စက်စိမ့်ဝင်
 အပေါ်မော့ကြည့်တော့ နေမွန်းတည့်။´
(အဆင်မပြေမှု နေ့တစ်ဝက်-၁၉၉၅၊ ရန်ကုန် ကဗျာမှ)
          မျှော်လင့်ထားသလောက်ပြန်မရနိုင်သည့်အရာများထဲတွင် နေ့စဉ်လူမှုဘ၀လည်းပါသည်။ အဆင်မပြေ မှုများနှင့် ချိန်းဆိုထားသော နေ့လည်ခင်းသည် အချိန်တိတိကျကျ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ ဆန္ဒနှင့် ဘ၀ထပ်တူမကျမှုသည် ကိုယ့်တစ်ယောက်တည်းကိုမှ လာလာစူးနေသည့် ဆူးတစ်ချောင်းမဟုတ်မှန်း အသိခက်ခဲ့သည်။ သည်လိုနှင့် ဆုတောင်းတွေ များခဲ့သည်။ သည်လိုနှင့် နေ့ညသည် ရှည်လျားခဲ့သည်။ သည်လိုနှင့် အလိုမပြည့်ခြင်းများကို လက်ခံရဲခဲ့သည်။ နေလည်ခင်း၏ အပူသည် ကိုယ့်ရင်ထဲက အပူထက် ပိုပြင်းနိုင်ဦးမလား။ သည်လိုနှင့် ဘ၀သည် ရှည်းလျားနေပါလိမ့်ဦးမည်။
` ဘ၀၌
  ရွတ်ဆိုခဲ့သမျှ မမေ့နိုင်
  ဘ၀၌
  မရွတ်ဆိုခဲ့ပေမယ့် ကြားနိုင်၊

  သေခြင်းတရားဆိုတာ
  ခဲရာခဲဆစ်မဟုတ်ပါဘူး၊
  ကိုယ့်ဘက်က
  လိုက်လျောနိုင်ဖို့ပဲ လိုပါတယ်။
( ကဗျာဆရာ- ၂၀၀၂၊ ရန်ကုန် ကဗျာမှ) 
မောင်ချောနွယ်က သေခြင်းတရားဆိုတာလေယာဉ်တစ်စီးကနေလေယာဉ်တစ်စီးပြောင်းစီးသလောက် ပါ တဲ့။ နေမျိုးက သေခြင်းတရားဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ် ဝေဒနာတွေက ဆေးဖက်ဝင်တယ် တဲ့။ လှသန်းကတော့ ကဗျာတွေရှင်ဖို့ကဗျာဆရာတွေ သေဖို့သာပြင်ပေတော့ တဲ့။ မောင်သိန်းဇော်ကတော့ သေခြင်း တရားဆိုတာ ကိုယ့်ဘက်က လိုက်လျောနိုင်ဖို့ပဲ လိုပါတယ် တဲ့။ ကဗျာဆရာဆိုတာ သေရမှာကြောက်တဲ့ လူမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ကြပြီ။ ကဗျာတွေ ဘယ်လိုရှင်သန်အောင် ပြုလုပ်နိုင်ကြမလဲ။ ကွယ်လွန် ဆုံးသွားတဲ့ ကဗျာဆရာတချို့ကတော့  မသေတဲ့ ကဗျာတွေ ရေးသားခဲ့ကြသည်။ ကျွန်တော်တို့ ကဗျာတို့ ကဗျာတွေရော ဘယ်လောက်ဆေးသားခိုင်ကြမည်လဲ။ ရွတ်ဆိုခဲ့သမျှ မမေ့နိုင်၊ မရွတ်ခဲ့ပေမယ့် ကြားနိုင်သော ကဗျာတွေကို မျှော်လင့်မိပါသည်။
`ကဗျာဆိုတာ နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက်စီးဆင်းနိုင်တဲ့ မြစ်ဖြစ်တယ်။ စကြ၀ဠာထဲမှာ (ဒါမှမဟုတ် ) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုမဆုံးအောင် ရုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့၊ ကဗျာကို သြော် ဘယ်သူတွေများ ချစ်နိုင်ပါလိမ့်´ လို့ နှင်းရည်စက်လက်+ ရှုမျှော်ခင်း၂၁ မှာ ဆရာမောင်သိန်း ဇော် ရေးသားခဲ့သလိုပါပဲ။ ခေတ်အဆက်ဆက်ကြွင်းကျန်ရစ်ခဲ့တဲ့ တောင်ကုန်းအဟောင်းများကို ကျွန်တော်တို့ ချစ်ခဲ့ကြပါသည်။ ချစ်နေကြပါလိမ့်ဦးမည်။ ဆရာမောင်သိန်းဇော်လည်း တောင်ကုန်းအသစ်များပေါ်တွင် ကဗျာအသစ်များကို ပစ်ချမထားမိပါစေနဲ့ ဟုလည်း တိုးတိုးတိတ်တိတ် ဆုတောင်းနေမိသည်။

မင်းနဒီခ
၂၁၊ မေလ၊ ၂၀၁၃

No comments:

Post a Comment