ကျွန်တော်နှင့်
အဘိုးဒိုင်ယာရီ
အိပ်မက်များကို
ကျွန်တော်စိတ်ဝင်စားသည်။ ညက မက်ခဲ့သော အိပ်မက်တစ်ခုကို မနက်အိပ်ယာနိုးချိန် တွင်
ပြန်စဉ်းစားရင်း အိပ်ယာထဲ၌ လူးလိမ့်ပျင်းရိနေရခြင်းကို ကျွန်တော်နှစ်သက်ပါသည်။ ဆောင်းတွင်း အိပ်မက်များကိုတော့
ကျွန်တော်မုန်းသည်။ ဆောင်းတွင်းအိပ်မက် ကယောက်ကယက်ဟုလည်း ကြားဖူးသည်။ ဆောင်းတစ္ဆေတစ်ကောင်၏
အေးမြချွန်ထက်သော လက်သည်းရှည်များနှင့် ပွတ်သပ်ချော့မြူနေသော အိပ်မက် များကို
ကျွန်တော် မလိုချင်ခဲ့။ တစ်ချို့ဆောင်းအိပ်မက်များသည် ကျွန်တော်ပြန်မှတ်မိသလောက်
မောပန်းနွမ်း နယ်ရသော အိပ်မက်များပင် ဖြစ်သည်။ အိပ်မက်ထဲတွင် ရန်ဖြစ်ဖူးသည်။
တစ်ယောက်နှင့် တစ်ယောက် လက်သီးနှင့် ထိုးဖို့ ကြိုးစားသော်လည်း လက်ကို
အပေါ်မြှောက်လိုက်ဖို့ပင် တော်တော်ခက်ခဲနေခဲ့သည်။ တစ်ချို့ဆောင်းအိပ်မက်များတွင်
မရောက်နိုင်တော့သည့်  ခရီးတစ်ခုကို ပြေးနေရသလိုပင်။ အားသွန်ခွန်စိုက်
ပြေးနေသော်လည်း အိပ်ယာလန့်နိုးသည်အထိ ပန်းတိုင်မရောက်သေး။
တစ်ချို့ဆောင်းအိပ်မက်များကတော့ ခြောက်ခြားသွေးပျက်စရာ ကောင်းလွန်းလှသည်။
မှောင်မိုက်နေသောအခန်းတစ်ခုထဲတွင် ယိမ်းထိုးလှုပ်ရှား နေ သော အရိပ်မည်းများနှင့်။ ကိုယ်တစ်ယောက်တည်း
ထီးတည်းသက်ရှိ။ ကြောက်လန့်တကြား အော်ဟစ်သော် လည်း မည်သည့် အသံမှ မထွက်။
မည်သို့ပင်ဖြစ်စေ အထိတ်တလန့်နှင့် နိုးလာရသော အိပ်မက်တစ်ခုအား
ပြန်စဉ်းစားရသည်မှာလည်း ပို၍ပင် စိတ်ဝင်စားစရာကောင်းနေပြန်သေးသည်။
နွေအိပ်မက်များကတော့ သိပ်ပြီး မထူးဆန်းလှ။ အိပ်ယာထဲတွင် ဇောချွေးများပြန်ရင်း
နိုးထလာရတတ်တာ များသည်။ မိတ်ဆွေ သင်မက်ခဲ့သော အိပ်မက်တစ်ခုကို သင်အစအဆုံးပြန်ပြောနိုင်ပါသလား။
အိပ်မပျော်သူ တစ်ယောက်အတွက်တော့ အိပ်မက် ဆိုတာ ရှိလာမည်မဟုတ်ပေ။
မျက်လုံးများဖွင့်လျက် မိုးလင်းသွားသော ညများအတွက် နှမြောမိသည်။ အရုဏ် တက်အိပ်မက်သည်
ရှေ့ဖြစ်နမိတ်တစ်ခုအလား။ ကျွန်တော်အိပ်မက်သုတ္တံကျမ်းကို မဖတ်ဖူးပါ။ အိပ်မက် တွေကို
နံပါတ်စဉ်ရေးထိုးထားသည့် နေ့စွဲလွန် ဒိုင်ယာရီတစ်အုပ်ကိုသာ ဖတ်ဖူးပါသည်။
ရက်စွဲမမှတ်မိတော့သော တစ်နေ့တွင်
ဟောင်းနွမ်းဆွေးမြေ့နေသော ပန်းရိုးမဒိုင်ယာရီ စာအုပ်လေး တစ်အုပ် အမေက
ကျွန်တော်ကိုပေးခဲ့သည်။ အမေ့ရဲ့အဖေ၊ ကျွန်တော့်အဘိုး၏ နေ့စဉ်မှတ်တမ်း စာအုပ်။ ကျွန်တော်တို့
မိသားစုကတော့ အဘိုး၊ အဘွားကို အဖေကြီး၊ အမေကြီးဟုပဲ ခေါ်ကြသည်။ စာအုပ်အဖုံးတွင်
၁၉၈၁ခုနှစ် ပန်းရိုးမဒိုင်ယာရီဟု ရေးထားသည်။ နေ့စဉ်မှတ်တမ်းဆိုသော်လည်း
ပြက္ခဒိန်ရက်စဉ်အလိုက် နေ့စဉ် ရေးသည်မဟုတ်။ စိတ်လိုလက်ရရှိသော နေ့များတွင်သာ
ကိုယ့်ဘာသာကိုယ် ရက်စွဲထိုးပြီး ပြန်ရေး ထားခြင်း ဖြစ်သည်။ အဖေကြီးက
လက်သမားလည်းလုပ်ဖူးသည်။ မာဇဒါကားလေးတစ်စီးပေါ်တွင် လက်လှည့်ဓါတ်စက် လေး တင်ပြီး
နယ်လှည့်ကာ ထီလည်းရောင်းဖူးသည်။ ကားနောက်ခန်းတွင် ပိုးကြိုးလေးများဖြင့် ထီလက်မှတ်
များအား တန်းစီ ချိတ်တွဲလျက်။ ကားရပ်သည့် နေရာတွင် ဓါတ်ပြားအချပ်ကြီးထည့်ထားသော
ဓါတ်စက်ကြီးကို လက်ဖြင့်လှည့်က သီချင်းဖွင့်ရသည်။ ယနေ့ခေတ်တွင်
မမြင်ရနိုင်တော့ပြီဖြစ်သည့် အပြင်အဆင်။ ထို့ပြင် အဘိုးက ဗေဒင်ဝါသနာပါသည်။ ဗမာတိုင်းရင်းဆေးနည်းများကိုလည်း
မှတ်စုများဖြင့် တို့ထိထားတတ်သည်။ ဘာသာရေးလိုက်စားသည်။ ဒဂုံဦးစန်းငွေရေးသည့်
သောတပန်စာအုပ်မှ ကောက်နှုတ်ချက်များ၊ စတုသစ္စဒီပနီ ကျမ်းမှ ကောက်နှုတ်ချက်များ။
တစ်ချို့နေရာများတွင် အိမ်ပုံစံငယ်အကြမ်းထည်များ ရေးဆွဲထားပြီး အချို့နေရာ များတွင်
ဇာတာခွင် များ၊ အင်းကွက် များ။ တစ်နေရာတွင်တော့ သားသမီး၊ သားမက်ချွေးမတို့
ကန်တော့သော ငွေကြေးများနှင့် ပစ္စည်းများကို စာရင်းဇယားဖြင့်
အသေအချာမှတ်တမ်းထားရှိပြီး ဘုရားလှူငွေ၊ မြေးမုန့်ဖိုး စသည့်ဖြင့်
စာရင်းအတိအကျဖြင့် ၀င်ငွေထွက်ငွေ ပြုလုပ်ထားသည်။ မြေးမုန့်ဖိုးဆိုသည့် နေရာတွင်
အများဆုံး တွေ့ရသည်မှာ ကျွန်တော့်နာမည်ဖြစ်သည်။ နောက်ထပ်အများဆုံးတွေ့ရသည့်
ထွက်ငွေစာရင်းအမည်မှာ ဆေးလိပ်ဖိုး ဖြစ်သည်။ ကျွန်တော်မှတ်မိသလောက် အဘိုးသည်
ဆေးလိပ်အရမ်းသောက်သည်။ အရက် မသောက်၊ မိန်းမ မရှုပ်၊ လောင်းကစားမလုပ်တတ်။ သို့ပေမယ့် ဗွီဒီယိုအရမ်းကြည့်သည်။ ထိုစဉ်က ရပ်ကွက် ထဲမှ
အခကြေးငွေဖြင့်ပြသသော ဗွီဒီယိုရုံတွင် သွားကြည့်ရခြင်းဖြစ်သည်။ အိမ်တိုင်းတွင်
တီဗွီ၊ ဗွီဒီယိုအောက် စက် ရှိဖို့နေ နေသာသာ တရုတ်ကက်ဆက်လေး တစ်လုံးရှိလျှင်ပင်
အတော်ဟုတ်နေသည့်ကာလ။ ဗွီဒီယိုရုံမှ ဘလက်ဘုတ် ပေါ်၌ မြေဖြူခဲများဖြင့် ဇာတ်ကား
နာမည်ရေးပြီး ကြော်ငြာလေ့ရှိသည်။ `မင်းသားက
သီဟနဲ့ တင်စိုး။ မင်းသမီးက စိုးမြတ်နဲ့ သူဇာ။ ဇာတ်ကား နာမည်ကတော့ အဖေပြန်လာမှ
သိမယ်´ ဆိုသော ဟာသသည် ထိုခေတ်ကာလကို အမြဲတမ်းပြန်အမှတ်ရစေသည်။ ကျွန်တော်က
ညနေဆိုလျှင် ထိုဇာတ်ကား ကြော်ငြာဘုတ်ကို သွားကြည့်ပေးရသည်။ ဗွီဒီယိုရုံမှ
စစ်အက်ရှင်ဇာတ်ကြမ်းဟု ကြော်ငြာထားသော နေ့မျိုး ဆို လျှင် အဖေကြီးလက်ကို စွဲပြီး
ဗွီဒီယိုရုံသို့ သွားကြည့်ကြသည်။ ရယ်စရာတစ်ခုအမှတ်ရမိပါသေးသည်။ အဖေကြီးက
မျက်စိမကောင်း။ ပါဝါမျက်မှန်အထူကြီးတပ်ထားရသည်။ ဗွီဒီယိုသွားကြည့်ကြပြီဆိုလျှင်
အဖေကြီး က ဘယ်တုန်းက တည်းက သိမ်းထားမှန်းမသိသော စစ်သုံးမှန်ပြောင်းကို လွယ်လာသည်။
ထို့နောက် ဗွီဒီယိုရုံ နောက်ဆုံးတန်းမှထိုင်ပြီး မှန်ပြောင်းဖြင့်ထုတ်ကြည့်သည်။
လွမ်းစရာကောင်းသလို ပျော်စရာလည်း ကောင်းခဲ့ သည့် ငယ်စဉ်ဘ၀များ။ အဖေကြီးက ကျွန်တော့်ကို
အရမ်းချစ်သည်ဟု အမေက ပြောဖူးသည်။ ညတိုင်း အဖေကြီး ကျောပေါ် ကျွန်တော့်ကိုတက်နင်းခိုင်းရင်း
ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်အကြောင်းတွေ ပြောပြ လေ့ရှိသည်။ဇာတ်ကြောင်း ရှည်ရင်ရှည်သလို
ကျွန်တော်တို့မှာ အကြာကြီးနင်းရသည်။ နင်းပြီးလျှင် မုန့်ဖိုး ပေးမည်ဆိုတာ သိတော့
မနင်းချင် နင်းချင်နှင့် နင်းပေးတတ်တာကို ကျွန်တော် ပြန်သတိရမိပါသည်။ ထိုစဉ်က
ဖေကြီးနင်းခိုင်းတာနှင့် ` ဖေကြီး
ဇာတ်ပေါင်းရင် ဘယ်သူ ဘုရားလောင်းလဲ´ ဆိုသော မေးခွန်းကို ကျွန်တော် အရင်မေးပြီး
ဇာတ်ကြောင်းကို မြန်မြန်ပြီးခိုင်းရသည်။
ကျွန်တော်ဆယ်တန်းသည့်နှစ်က
အဖေကြီးဆုံးသွားသည်။ အဖေကြီးအကြောင်းကို ကျွန်တော် ထိုစဉ် က ဂဃနဏမသိခဲ့။ အဖေကြီးနှင့်ပတ်သက်လျှင်
ကျွန်တော်မှတ်မိတာနည်းလွန်းသည်။ အခု ကျွန်တော့် လက်ထဲတွင် ရှိနေသော
ဒိုင်ယာရီစာအုပ်လေးကိုလည်း အမေပေးခဲ့စဉ်က ကျွန်တော် မှတ်မှတ်ရရ သိမ်းဆည်း ထားခဲ့ခြင်းမရှိသည့်အပြင်
စာအုပ်တစ်အုပ်လုံး နေရာလွတ်မကျန်အောင်ရေးသားထားသော ဒိုင်ယာရီစာအုပ် တစ်အုပ်ကို
ဖတ်ကြည့်ဖို့ ကျွန်တော်စိတ်မ၀င်စားခဲ့။ တစ်နေ့ ကျွန်တော်စာအုပ်စင်ကို သန့်ရှင်းရေး
လုပ်ရင်း ပြန်တွေ့မှ အသေအချာပြန်ဖတ်ကြည့်ခဲ့မိသည်။ ဒိုင်ယာရီလေးထဲမှ အမေကြီးနှင့်
ပတ်သက်သော အိပ်မက် များ ကို ဖတ်မိသည်။ အိပ်မက်နံပါတ် တစ် မှ အိပ်မက် ၁၇၉
အထိမှတ်တမ်းရေးထားသည်။ ထိုအိပ်မက်များတွင် ချစ်ခြင်းတရား၊ လွမ်းဆွတ်တသမှု၊ သစ္စာ၊
ကြင်နာယုယမှု၊ နားလည်မှု၊ တာဝန်ယူမှု စသည်ဖြင့် အများကြီး တွေ့မြင်နေရသည်။ အဖေကြီးအကြောင်း
ကျွန်တော်အက်ဆေးလေးတစ်ပုဒ်လောက် ရေးချင်မိသည်။ အဖေကြီး ၏ အမေကြီးအပေါ်ထားသော
ချစ်ခြင်းနှင့် မေတ္တာတရားကို ကျွန်တော် ဘယ်လောက်ပုံဖော်နိုင်မည်လဲ။ ချစ်ခြင်း တရားကို
စာဖွဲ့ဖို့ ကျွန်တော်မစွမ်းသာပါ။ ထို့ထက်ပို၍ မေတ္တာတရားကို စာဖွဲ့ကို
ကျွန်တော်ပို၍ မစွမ်းသာပါ။ ထို့ကြောင့် အဖေကြီးကို သတိရမိသည့်အခါတိုင်း၊ သို့မဟုတ်
ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားကို တသမိတိုင်း ထိုဒိုင်ယာရီစာအုပ်လေးကို ကျွန်တော်အထပ်ထပ်ပြန်ဖတ်မိသည်။
ဒိုင်ယာရီစာအုပ်လေးထဲမှ စာမျက်နှာများ သည် တစ်ချို့နေရာများတွင် စုတ်ပြဲနေပြီး
အချို့နေရာများတွင် ပဲ့ကြွေနေခဲ့သည်။ အချို့စကား လုံးများသည် ဖောင်တိန်နစ်မှ
မင်ပြာများ ပြန့်ထွက်စိုအိနေပြီး အချို့စာမျက်နှာများသည် ပြုတ်ထွက်နေခဲ့သည်။
ဒိုင်ယာရီ စာအုပ်တစ်အုပ်လုံး အဟောင်းနံ့ရနေပြီး အချို့နေရာများတွင် မှိုများပင် တက်နေသယောင် ထင်ရ သည်။ သို့သော်
ဒိုင်ယာရီစာအုပ်လေးထဲမှာ အိပ်မက်များသည် သစ္စာတရားကို အမြဲတမ်းသစ်လွင်နေစေပြီး
ချစ်ခြင်း မေတ္တာတရားတို့ဖြင့် ထာဝရမွှေးထုံသင်းပျံ့နေပါသည်။ မိတ်ဆွေ သင့်မှာ
အိပ်မက်များကို မှတ်တမ်းရေးထိုး ထားသော ဒိုင်ယာရီစာအုပ်တစ်အုပ်ရှိပါသလား။
` ၉၊၂၊၈၇
မီတာအသစ်လဲသည်။
၉၊၄၊၈၉ မထိုက်ဦး ဘ၀သစ်သို့ ပြောင်းလဲသည။်´
ညိုရင့်ဟောင်းနွမ်းနေသော
စာမျက်နှာတစ်ရွက်၏ ထိပ်ပိုင်းတွင် ရေးထိုးထားသော စကားလုံး များဖြစ်သည်။
အိပ်မက်များ၏ အစသည် ဤနေ့ဤရက်မှ စတင်ခဲ့ပါသည်။ ` ၁၈၊ ၄၊၈၉ ယနေ့ အင်္ဂါနေ့ ။ မထိုက်ဦး သဂြိုဟ်ပြီးသော
ရက်တစ်ပါတ်မြောက်နေ့လည်တွင် ကျွန်တော် အိပ်ပျော်သွားရာ မထိုက်ဦးအား သန့်ရှင်းစွာ
ခုံတစ်ခုံပေါ်တွင် ထိုင်ပြီး ဆေးလိပ်သောက်၍ ကျွန်တော့်အား စကားနောက်ပြောင်ပြောပါသည်။
ပဌမအကြိမ်အိပ်မက်ဖြစ်ပါသည်။´။ အမေကြီးဆုံးတော့ ကျွန်တော်ရှစ်နှစ်သားအရွယ်။
တစ်အိမ်လုံးငိုနေတော့ ငိုချင်မိပေမယ့် မငိုတတ်ခဲ့။ ထိုနေ့က အဖေကြီးခါတိုင်းထက်
ဆေးလိပ်တွေပိုသောက်ဖြစ်ခဲ့သလား။ ကျွန်တော် ဒိုင်ယာရီထဲမှာ ထပ်ရှာကြည့်မိလိုက်သည်။
`
ယနေ့ဝါဆိုလ္ဆုပ် ၂ ရက်နေ့အ၀င် ည ၃ နာရီထိုးပြီးပြီ န၀မအကြိမ်မြောက် မထိုက်ဦးကို အိပ်မက်ရပြန်ပါသည်။ အိပ်မက်ထဲတွင် ယ္ခင်အိမ်ဟောင်းကြီး၏ အနောက်ဖက်
မီးဖိုကလေးကြားတွင် နွားဝင်လာလို့ ကျနော်ထွက်ရိုက်ရန် မထိုက်ဦးက ပြော၍
ကျနော်ထွက်ပြီး တုတ်နှင့် ရိုက်မည်အပြုတွင် နွားမဟုတ်တော့ဘဲ
ကြောင်ကလေးရွှေဝါဖြစ်နေ၍ မရိုက်ဖြစ်တော့ဘဲ
အိပ်တွင်းသို့ ၀င်ခါ မထိုက်ဦးနှင့်
ရယ်ရယ်မောမောစကားတွေပြောပြီးနေတာ ကျနော်ဝမ်းသာလိုက်တာ အလွန်ပါပဲ။ မထိုက်ဦးမသေဘဲ
အကောင်းပဂတိအတိုင်း သက်ရှိအတိုင်း တွေ့ရပါသည်။ တညလုံးအိပ်မပျော်ဘဲ ၃ နာရီထိုးပြီး
အိပ်ပျော်သွားမှ ထိုအိပ်မက်ကို မက်ပါသည်။´ကျွန်တော်တို့ ယခင်အိမ်ဟောင်းကြီးကို သတိရမိသည်။
အိမ်နောက်ဖေး မီးဖို ခန်းလေးသည် နေ့စဉ် နို့ထမင်းကျိုချက်သော
မီးခိုးမှိုင်းများဖြင့် ကျပ်ခိုးစွဲမဲနက်နေသည်။ အိမ်ဝင်းက ပေတစ်ရာ ပတ်လည်လောက် ရှိမည်ထင်သည်။
ခြံဝင်းထဲတွင် တုတ်ခိုင်ကြီးမားသော မန်ကျည်းပင်ကြီးလည်း ရှိသည်။ ထို မန်ကျည်းပင်၏ကိုင်းဖျားတစ်ခုတွင်
သံကြိုးနှင့်ချိတ်ဆွဲထားသောလွှဲဒန်းလေးတစ်ခုရှိသည်။ ပျဉ်ပြားကြီး တစ်ချပ် ဖြင့်
ပြုလုပ်ထားသော ဆီးဆောတစ်ခုရှိသည်။ အိမ်နီးချင်းကလေးများနှင့် ကျွန်တော်တို့ မြေးများအတွက်
အဖေ ကြီးပြုလုပ်ပေးထားသော ကစားကွင်းလေး။ နောက်ပိုင်းကျတော့ ထိုခြံဝင်းကို
ထက်ပိုင်း ပိုင်းရောင်းလိုက်ပြီး အိမ်ဟောင်းကိုဖျက်ကာပျဉ်ထောင်နှစ်ထပ်အိမ်ကြီးတစ်လုံးဆောက်လိုက်သည်။အဖေကြီး၏အိပ်မက်တော်တော်
များများတွင် ယ္ခင်အိမ်ဟောင်းကြီးဆိုသော စကားလုံးကို ကြိမ်ဖန်များစွာ ပါရှိတာကို
တွေ့ရသည်။ အဖေကြီးနှင့် အမေကြီးတို့၏ ပျော်ရွှင်ကြည်နူးစရာကောင်းသော အတိတ်၏
အရိပ်များသည် အိမ်ဟောင်းကြီးထဲတွင် ကျန်ရှိ နေပါလိမ့်ဦးမည်။
`
၂၊ ၁၁၊ ၉၁ သီတင်းကျွတ်လဆုပ်(၁၀) နေ့။ ည ၁၀ နာရီကျော်လောက်တွင် မထိုက်ဦးအား ၁၂၄
ကြိမ်ရှိ အိပ်မက်တစ်ခုတွင် ကျနော်သည် စက်ဘီးဖရီးဝှီးခွေးသွားစိတ် တစ်ခုကို
ကြေးညှော်များတိုက်ချွတ်၍ အိမ်အနီးမှ အသားပုံကြီးအနီးတွင် ထိုင်၍နေစဉ်
မထိုက်ဦးတစ်ယောက် ဖန်မီးအိမ်လက်စွဲတစ်လုံးနှင့် ကျနော့်အား လိုက်၍ ရှာနေပါသည်။
ကျနော့ကို မတွေ့၍ ယ္ခုအိမ်ကြီးပေါ် တက်သွားသဖြင့် ကျနော်လည်း သူ့နောက်မှ အိမ်ပေါ်တက် သွားပြီးလိုက်ခဲ့ရာ
အိမ်၏ အလည်ခေါင်တွင် မထိုက်ဦးတစ်ယောက် အိပ်နေပါသည်။ ကျနော်လည်း မထိုက်ဦးရဲ့
ညာဘက်မှ နေ၍ အိပ်လိုက်ရာ မထိုက်ဦးက ကျနော့်ဦးခေါင်းကို မပြီး သူ့ရဲ့ ဘယ်ဘက် လက်မောင်း
ရင်း နားသို့ ကပ်တင်ပြီး တယုတယအိပ်စေပါသည်။ ၄င်းအိပ်မက်သည် ၂ ခါပြန်ဆက်၍
မက်ခြင်းဖြစ်သည်။´
ယုယကြင်နာ မှုဟာ အိပ်မက်ထဲထိ ရောက်လာသည်။ အမေကြီးက အဖေကြီးကို အရမ်းချစ်သည်လား။
ကျွန်တော်မသိတတ်။ အမေကြီးရှေ့မှောက်မှာ အဖေကြီးက ကလေးငယ်တစ်ယောက်လို
ဖြစ်ခဲ့သည်ထင်သည်။ ထိုအိမ်မက်မျိုး ခုချိန် အဖေကြီးရှိနေသေးလျှင် ဆက်ကာ ဆက်ကာ
မက်ပါစေဟု ဆုတောင်းမိသည်။
`
၂၀၊၅၊၉၂ ကဆုန်လ္ဆုပ် ၄ ရက် ဗုဒ္ဓဟူးနေ့ နံက် အ၀င် ၂ နာရီ မထိုးမှီ။
ဟိုယ္ခင်အိမ်ငယ်လေးအတွင်း ကျနော်သည်
မထိုက်ဦး၏ တဘက်ဘေးသို့ တိုးကပ်၍ အိပ်ပျော်နေသော မထိုက်ဦးကို ခြေရောလက်ပါ
တင်လိုက်သောအခါ မထိုက်ဦးနိုး၍ အခင်းလေးသွားရန် ကျနော်နှင့် အတူထ၍
ဂလန့်ထိုးမထားသော အ၀င်တံခါးမှာ စေ့ရုံသာနေသောကြောင့် သူခိုးများ ၀င်လေသလားလို့
ထင်မိပါသည်။ ကျနော်တို့ နှစ်ယောက်လည်း အတူထွက်ပြီး ကြည့်ကြသည်။ အိပ်ရှေ့ဆင်ဝင်ပတ်လည်မှာ
ထန်းရွက်တွေ ကာရံလို့ သပ်ရပ်စွာ မြင်ရသည်။ လူသူဟူ၍ တစ်ယောက်မှ မတွေ့ရ ။ ထို့နောက်
ကျနော်က မထိုက်ဦး ရေတစ်ခွက်ပေးစမ်းပါဟု ပြောလိုက်သည်။ ရေအိုးစင်မှ ရေသောက်နေသော
မထိုက်ဦးက ရေနှင့် ကျနော့်အား လှမ်းပက်လိုက်ပါသည်။ ၄င်းနောက် ကျနော်ကလည်း
သောက်ရေခွက်အားလှမ်းယူပြီး ရေအကျန်နှင့် သူ့အားတဖန် ပြန်ပျက်လိုက်ရာ
သူ့မျက်နှာတစ်ခုလုံးရွှဲကုန်သည်ကို အိပ်ရာပေါ်မှာ အမေကြီးသိန်းက ကြည့်နေသည်။
ထိုအခိုက် အိမ်ရှေ့လမ်းမမှ ကုန်တင်ကားကြီးဖြတ်မောင်းသွားတာကြားရပြီး
အိပ်ရာမှနိုးတော့ မနက် ၂ နာရီထိုးလုပြီ။ သူဝတ်ထားသော လုံချည်အင်္ကျီများမှာ
သစ်လွင်နေသည်ကို လှလှပပမြင်တွေ့ရပါသည်´
`
၁၆၊ ဂ၊ ၉၂ ၀ါခေါင်လ္ဆုပ် ၃ ရက်၊ တနင်္ဂနွေနေ့ နံနက် ၄ နာရီ မထိုးသေးမှီ
(၁၅၁)ကြိမ်မြောက် အိပ်မက်တွင် ယခင်ပဌမ အိမ်ကလေးထဲတွင် ကလေးများ အိပ်နေကြပါသည်။ ကောင်းကင်တွင်
နီရဲသော မီးတောက်ကြီးနှင့် လေယာဉ်တစ်စင်းအရှေ့မှ အနောက်သို့
ပြင်းထန်စွာပျံသန်းလာပြီး စက်သေနတ်သံ ဗုံးသံများဖြင့် ဆူညံစွာ
ပစ်ခတ်တိုက်ခိုက်နေသောကြောင့် မထိုက်ဦးက အိမ်ကလေးနောက်ဖေးဘက်မှ နေ၍ ကျနော့ကို အော်ခေါ်ပြီး ကလေးများကို
အိမ်တွင်းသို့ ၀င်၍ နိုးပြီး ခေါ်ဆောင်ရန် ပြောပါသည်။ ကျနော်လည်း အိမ်ထဲသို့
ရောက်လျှင် ရောက်ချင်း လေယာဉ်ပျံသည် ပေါက်ကွဲပျက်စီးပြီး မီးတောက်
မီးလျှံများဖြင့် ကောင်းကင်မှ ထိုးကျသွားပါတော့သည်။ ကျနော်လန့်နိုးတော့ ကင်းတဲမှ
သံချောင်းခေါက်သည် ၄ နာရီ´။ အဖေကြီးကဂျပန်ခေတ်ကိုမှီလိုက်သည်။
အမေ့ပြောစကားအရတော့ အဖေကြီးကအရမ်းသတ္တိကောင်း သည်ဟု ပြောသည်။ ဂျပန်ခေတ်အတွင်းက
ဂျပန်စစ်သားတစ်ယောက်နှင့် ကားဝပ်ရှော့တစ်ခုမှာ ဘာအကြောင်းအရာက စဖြစ်မှန်းတော့
မမှတ်မိတော့။ ဂျပန်စစ်သားက ဗမာစကားမတတ် တတတ် နှင့် အဖေကြီးကို စိန်ခေါ်သည်။
မင်းတို့ ဗမာနှစ်ယောက်နဲ့ ငါတစ်ယောက်တည်းနဲ့ ချမယ်ဟု ပြောသည် ။ အဖေကြီးက
စိတ်ဆတ်သည်။ ဒေါသ လည်း ကြီးသည်။ တကယ်တမ်းကျတော့ ထိုဂျပန်စစ်သားက
ဂျူဒိုကျွမ်းကျင်သည်။ အဖေကြီးနှင့် သူ့သူငယ်ချင်း က အနာခံပြီး ၀င်လုံးသည်။
နောက်ဆုံးကျတော့ ထိုဂျပန်ခံလိုက်ရသည်။ နေရာတွင် ထိုင်ရာမထနိုင်တော့။
အဖေကြီးတို့လည်း နောက်တစ်ခါ ထိုဝပ်ရှော့ကို မသွားတော့ဟု ပြောသည်။ ထိုအကြောင်းတွေ
ကျွန်တော်တို့ မိသားစုပြောပြောပြီး ရယ်မိသည်။ အဖေကြီးလည်း ဂျပန်နှင့် ရန်ဖြစ်ပြီး
တစ်ပတ်လောက် ထမင်းစားမရအောင် ဖူးယောင်နေအောင် ခံလိုက်ရသည်။ ကိစ္စတော့ မရှိ။
အဖေကြီးက အမေကြီးရှေ့မှာ သူရဲကောင်းဖြစ်သည်။ ကျွန်တော်တို့ သားမြေးများအတွက်
အားကိုးရာဖြစ်သည်။ အခက်အခဲ အတားအဆီးများရှေ့မှာ ရဲရဲမတ်မတ် ရပ်တည်ခဲ့သူ တစ်ဦး
ဖြစ်ခဲ့သည်။
`၃၊၁၀၊
၉၂ သီတင်းကျွတ်လ္ဆန်း ၇ ရက် စနေနေ့။ နံက်အာရုံတွင် (၁၅၇)ကြိမ်ရှိ မထိုက်ဦးနှင့် ထမင်းလက်ဆုံစားရသည်ဟု
အိပ်မက်ရ´`၇၊၁၀၊ ၉၂ သီတင်းကျွတ်လ္ဆန်း ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံက် ၄ နာရီ သာသာတွင်
(၁၅၈)ကြိမ်ရှိ မထိုက်ဦးတစ်ယောက် ကျနော့အား ဈေးချိုမှ နေ၍
မျက်မှန်ကိုင်းတစ်ခုဝယ်ယူလာပြီး ပေးနေသည်။ ၄င်းကြည်နူးရွင်သာ သူ့မျက်နှာမှာ
လမင်းပမာ သာသာထိန်ဝင်း အားရခြင်းဖြင့် ပျော်လို့နေသည်။ နောက်ပြောင်ဆော့ကစား၍
အသက်ရှိစင်ပမာမင် ထင်ယောင်မြင်သေး သူ့အမေး´` ၂၉၊ ၃၊ ၉၃ တံခူးလ္ဆန်း ၇ ရက်
တနင်္လာနေ့အ၀င် ၄ နာရီမထိုးမှီ (၁၇၇)ကြိမ်ရှိ မထိုက်ဦးနှင့် အတူရှိနေသော်လည်း
စကားမပြော တုံဏှိဘာဝေ ဖြစ်ရပုံ´` ၁၊ ၄၊ ၉၃
တံခူးလ္ဆန်း ၁၀ ရက် ကြသပတေးနေ့နံနက် ၄ နာရီခန့် (၁၇၈)ကြိမ်ရှိ မထိုက်ဦးကို
အိပ်မက်ထဲတွင် မြင်တွေ့ရသော်လည်း စကားလုံးဝမပြောပါ။ ကျနော့ကုတင်ခြေရင်းတွင် ထိုင်၍
နေပါသည်။´
ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာသည်
အိပ်မက်နံပါတ် (၁၇၉) တွင် ပြီးဆုံးသွားသည်။ အဖေကြီး ကွယ်လွန်ဆုံးပါသွားတော့ ၁၉၉၉
ခုနှစ် ဒီဇင်ဘာလထဲတွင် ဖြစ်သည်။ ထိုနေ့မနက် ကျွန်တော်အိပ်ယာ နိုးလာ သည့်အခါ
အဖေကြီးဆုံးပြီဟု အမေက လာပြောသည်။ အမေ့မျက်ဝန်းများသည် ငိုထားလွန်းသောကြောင့် နီရဲ
မို့အစ်နေသည်။ ကျွန်တော်အဖေကြီးကို ကန်တော့လိုက်သည်။ ထိုစဉ်ကလည်း စိတ်ထဲ
ဝမ်းနည်းမိပေမယ့် ကျွန်တော်မငိုကြွေးဖြစ်ခဲ့ဟု ထင်ပါသည်။ ထိုနှစ်က နှင်းတွေ
ယခင်နှစ်များထက် ပိုမကျခဲ့ပါ။ အဖေကြီးဆုံးတော့ မနက် ၄ နာရီခန့်ဖြစ်သည်။ မနက် ၂ နာရီနှင့်
၎ နာရီဝန်းကျင်ကြားတွင် အိပ်မက်မက်လေ့ရှိသော အဖေကြီး တစ်ယောက် ထိုနေ့မနက်က
အမေကြီးကို အိပ်မက်မက်ခဲ့ပါသေးသလား။ မက်ခဲ့သည်ဖြစ်စေ မမက်ခဲ့သည် ဖြစ်စေ အဖေကြီးသည်
ထိုအိပ်မက်ကို မှတ်တမ်းရေးထိုးနိုင်မှာ မဟုတ်တော့တာ သေချာခဲ့ပါသည်။ ထိုအိပ်မက် သည်
အိပ်မက်နံပါတ်စဉ် ဘယ်လောက်ဖြစ်မည်လဲ။ အဖေကြီးတွင် နောက်ထပ်ဒိုင်ယာရီစာအုပ်တစ်အုပ်
ရှိမရှိ ကျွန်တော်မသိပါ။ ရှိခဲ့လျှင်လည်း အမေကြီးပါဝင်သည့်အိပ်မက်များကို
မှတ်တမ်းရေးထိုးထားမထား ကျွန်တော် မသိပါ။ အဖေကြီး၏ ဒိုင်ယာရီစာအုပ်ဟောင်းလေးကို
စာအုပ်စင်ပေါ်တွင် သေချာစွာ ကျွန်တော် ပြန်တင်ထား လိုက်ပါသည်။
အမေကြီးကောင်းရာသုဂတိလားပါစေ။ အဖေကြီးလည်း ကောင်းရာသုဂတိလားပါစေ။
မင်းနဒီခ
၁၇၊ မေလ၊ ၂၀၁၃
No comments:
Post a Comment