Wednesday, May 22, 2013

လူနဲ့ ရထား ၀တ္ထု



လူနဲ့ ရထား ၀တ္ထု

        ကျွန်တော်တစ်ယောက် ဘူတာရုံလေးထဲ ရောက်နေသည်ဆိုပါစို့။ ကျွန်တော်မြင်နိုင်သော မြင်ကွင်းများ မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ခရီးသွားလက်မှတ်တစ်စောင်ရဖို့ တန်းစီနေသော လူတန်းများ
၂။ ကလေးငယ်တစ်ယောက်အား ချီပိုးထားသည့် တောင်းရမ်းနေသော ကလေးငယ်တစ်ယောက်
၃။ ခရီးသည်စောင့်ဆိုင်းနေသော အငှားယာဉ်မောင်းများ
၎။ ခြေပစ်လက်ပစ်ထိုင်နေသည့် ကုန်ထမ်းသမ
၅။ ဘယ်ဝယ်ဘယ်ဆီ ထွက်ခွာမည်မသိသော ရထားတစ်စင်း
၆။ လေများတ၀ူးဝူးတိုက်ခတ်နေသည့်အခါ လှုပ်ခတ်နေသည့် အလံတော်
၇။ အသံများ
မြင်ကွင်းမှာ ထိုထက်ပိုပါသေးသည်။ သို့သော် ကျွန်တော်ဆက်မရေးချင်တော့ပါ။ အထက်ပါ မြင်ကွင်း များသည် ကျွန်တော့်အတွက် ၀တ္ထုတစ်ပုဒ်ရေးဖို့ လုံလောက်နေပြီဖြစ်သည်။ ကျွန်တော် လောဘကြီးသူ တစ်ယောက် မဟုတ်ပါ။ လူတချို့တလေအတွက် တပ်မက်လောက်စရာ ဖြစ်နေလောက်သော အရာများသည် ကျွန်တော့် အတွက် တစ်ချက်ငဲ့ကြည့်ရုံလောက်သာ အသုံးဝင်သည့်အရာများဖြစ်ကြောင်း အခွင့်အခါသင့်လျှင် သင့်အား ပြောပြချင်သည်။ ကျွန်တော့်တန်ဖိုးနည်းအတ္တအား ဘယ်ဘက်အိပ်ကပ်ထဲမှ ထုတ်မကြည့်ဖြစ်ခဲ့တာ လည်း ကြာခဲ့ပြီဖြစ်သည်။

၁။ ခရီးသွားလက်မှတ်တစ်စောင်ရဖို့ တန်းစီနေသော လူတန်းများ
          သံတိုင်တန်းများ ကာရံထားသော လူတစ်ယောက်စာလမ်းကျဉ်းလေးတစ်လျှောက် လူများတိုးဝှေ့ တန်းစီနေကြသည်။ ထိုသူများသည် လက်ထဲတွင် မှတ်ပုံတင်ကိုယ်စီကိုင်ဆောင်လျှက် ငိုက်မြည်းနေကြသည်။ ထိုလူများသည် ဘယ်အချိန်ကတည်းက လာရောက်တန်းစီနေပါသလဲ။ ထိုပြင် ဘယ်ကို ခရီးဆက်ကြမည်လဲ။ ထိုမြို့လေးမှတဆင့် ရောက်ရှိမည့်မြို့တွေ ဘယ်လောက်များများရှိမည်လဲ။ အစိမ်းရောင်ဆိုင်းဘုတ်လေး ထက် မှာ အဖြူရောင်ဆေးသားများသည် ဆေးများကွာနေပြီးေ၀၀ါးလျှက် ရှိနေသည်။ လက်တစ်ဖက်ဝင်ပေါက်လေး အထက်၌ ချိတ်ဆွဲထားသော ၀ှိုက်ဘုတ်လေးတွင် လက်မှတ်ကုန်ပြီဆိုသည့် စာလုံးများကို မညီမညာရေးထား သည်ကို လှမ်းမြင်နေရသော်လည်း  လူအများသည် ထိုစာလုံးများကို ယုံကြည်မှုမရှိသည့်အလား အလု အယက် တိုးဝှေ့နေကြသည်။ လက်မှတ်ကောင်တာတစ်ဖက်တွင် လက်မှတ်ရောင်းသည့် လူဝကြီးသည် ရှေ့ချထားသော လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်လိုက် လူတန်းကြီးကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ခေါင်းခါလိုက် လုပ်နေ သည်။ လက်တစ်ဖက်စာဝင်ပေါက်လေးထဲမှ တခါတခါထွက်ပေါ်လာသော ဒီနေ့အတွက် လက်မှတ်ကျန်သေး လား ဆိုသည့် မေးခွန်းများကို စိတ်မရှည်စွာဖြင့် လူဝကြီးသည် အဖြူရောင်ဝှိုက်ဘုတ်လေး ကိုသာ လက်ညှိုး တွင်တွင်ထိုးပြနေလေသည်။ ထိုအချိန်တွင် ဘူတာအတွင်းမှ ရထားဥသြဆွဲသံတစ်ချက်ကြားလိုက်သည်။ ထွက်ခွာရန် ငါးမိသာလိုတော့သည် မဟုတ်ပါလား။ ရထားဥသြသံဆုံးသည်နှင့် တန်းစီနေသော လူတချို့ စိတ်ပျက်လက်ပျက်နှင့် ခေါင်းငိုက်စိုက်ကျကာ လှည့်ပြန်သွားကြသည်။ ဇွဲကောင်းသော လူတစ်ချို့ကတော့ ထုံပေပေနှင့် လက်မှတ်မရလျှင် မပြန်ဘူးဟု သံဓိဌာန်ချထားသည့်အလား ရပ်စောင့်နေပြန်သည်။ သူတို့မျက်လုံး များသည် လူဝကြီးကို ကြည့်နေကြသည်။ လက်မှတ်ရောင်းသည့်လူဝကြီးဆီမှ သနားကြင်နာသည့် လက်မှတ် လေးတစ်စောင်ရလိုရငြား မျှော်လင့်နေကြခြင်းလည်းဖြစ်သည်။ လူဆိုသည်မှာ မျှော်လင့်ချက်နှင့် အသက်ရှင်နေ သလို ထိုမျှော်လင့်ချက်နှင့်ပင် ပြန်သေဆုံးနေရခြင်းလည်း ဖြစ်သည်ဟုသော စကားလုံးများကို စာအုပ်တစ်အုပ် ထဲတွင် ကျွန်တော်ဖတ်ခဲ့ဖူးတာ သတိရမိသည်။ မည်သူရေးသားသော မည်သည့်စာအုပ်ဖြစ်သည်ကိုတော့ ကျွန်တော် သတိမရတော့။ ကျွန်တော် သည်ဘူတာရုံလေးကို စရောက်ကတည်းက အတိတ်မေ့နေတာဟု ဘူတာထဲတွင် အမှိုက်ကောက်သည့် အမျိုးသမီးတစ်ဦးပြောတာ ကြားဖူးသည်။ ကိစ္စတော့ မရှိပါ။ အတိတ်ကို မေ့ခြင်းသည် အနာဂတ်ကို သတိမရခြင်းလောက် မဆိုးဘူးဟု တစ်စုံတစ်ယောက်အား ပြောပြချင်ပါသည်။

၂။ အိပ်ပျော်နေသောကလေးငယ်အား ချီပိုးထားသည့် တောင်းရမ်းနေသော ကလေးငယ်တစ်ယောက်
        ထိုကလေးနှစ်ယောက်ကို ကျွန်တော်သတိထားမိနေသည်မှာ ကြာပြီဖြစ်သည်။ ထိုကလေးနှစ်ယောက် သည် ဘယ်အချိန်ကတည်းက ထိုဘူတာထဲတွင် ရောက်နေမှန်းမသိ။ ကျွန်တော် အိပ်ယာနိုး၍ မျက်စိနှစ်လုံး ဖွင့်လိုက်သည့်အချိန်တွင် သူတို့နှစ်ယောက်ရောက်နေကြပြီဖြစ်သည်။ အသားအရေညစ်ထေးထေးနှင့် နွမ်းဖတ် နေသော စွပ်ကျယ်လက်ပြတ်လေးသည် သူတို့နှစ်ယောက်၏ ယူနီဖောင်းဖြစ်သည်။ အိပ်ပျော်နေသော ကလေး ငယ်သည် အသက်တစ်နှစ်ဝန်းကျင်လောက်အရွယ်ရှိပြီး နေ့စဉ်ချီပိုးတောင်းရမ်းနေသော ကလေးငယ် သည် ခုနှစ်နှစ် ရှစ်နှစ်အရွယ်ဝန်းကျင်သာ ရှိဦးမည်။ သူတို့မှာ အမေတော့ ရှိမှာ သေချာပါသည်။ သူတို့ အမေသည် တစ်ယောက်တည်းလား။ နှစ်ယောက်လားတော့ ကျွန်တော် မသိနိုင်။ မေးကြည့်ဖို့လည်း စိတ်မ၀င် စားပါ။ သူတို့ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးမိသည်။  အမေ ။ ဟုတ်သည်။ ကျွန်တော်တွင် အမေရှိပါ လိမ့်မည်။ ရှိနေပါလိမ့်ဦးမည်။ ရှိချင်မှလည်း ရှိပါဦးတော့မည်။ အမေရှိလျှင် ကျွန်တော် အမေရှိရာသို့ သွားချင်မိ ပါသည်။ သူတို့ကို မြင်တိုင်း အမေ့ကို သတိရမိသလို အမေကလည်း ကျွန်တော့်ကို သတိရပါဦးမည်လား။ ရုတ်တရက် ကျွန်တော့်ရှေ့သို့ ငါးဆယ်တန်အနွမ်းလေးတစ်ရွက် လွင့်ဝဲရောက်ရှိလာသည်။ ကျွန်တော် ကောက် ယူမည်ပြုသောအခါ ထိုကလေးက အပြေးအလွှားရောက်လာကာ ကျွန်တော်ထက် ဦးအောင်ကောက်ယူ လိုက်သည်။ ထို့နောက် ကျွန်တော့်ကို မကြည်သလို ကြည့်ကာ `ပိုက်ဆံလိုချင်ရင် ကိုယ့်ဘာသာ ကိုယ် တောင်းလေ´ ဟု မကြားတကြားပြောသွားသည်။ ကျွန်တော်အားပါးတရ ရယ်မောလိုက်သည်။ ထိုသို့ အားပါးတရ ရယ်မောလိုက်သည့်အခါ ၀မ်းဗိုက်ထဲမှ ဟာတာတာနှင့် အရမ်းမောပန်းသွားသလို ခံစားလိုက် ရသည်။ ကျွန်တော် ထမင်းမစားဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ထိုစကားလုံးကို ကျွန်တော်အသုံးမပြုလိုပါ။ ထိုစကားလုံးသည် ကျွန်တော်နှင့် နီးစပ်ရာ ပတ်ဝန်းကျင်တွင် မကြာခဏကြားနေရသဖြင့် ရိုးအီနေသော စကားလုံးအဟောင်းကြီးဖြစ်သည်။ ဖြစ်နိုင်လျှင် ကမ္ဘာကြီးတစ်ခုလုံးတွင် မည်သူမှ ပြောကြားခြင်းမရှိဖူးသော စကားလုံးတစ်လုံးဖြင့် ဆာလောင်ခြင်းကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုပါသည်။

၃။ ခရီးသည်စောင့်ဆိုင်းနေသော အငှားယာဉ်မောင်းများ
          ရေသောက်ဆင်းလာသော သမင်ငယ်တစ်ကောင်ကို အမဲဖျက်ရန်ချောင်းမြောင်းနေသည့် ၀ံပုလွေ တစ် အုပ်အား ခင်ဗျားမြင်ဖူးပါလား။ ကျွန်တော်မြင်ဖူးသည်။ ဘူတာရုံပိုင်ကြီးအခန်းထဲမှတခါတရံပြတတ်သောရုပ်ရှင် ဇာတ်လမ်း(သို့မဟုတ်) ဒစ်ကားဗားရီးချန်နယ်တွင် ဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်များနှင့် ဆင်တူသည့် မြင်ကွင်းများကိုမူ ကျွန်တော့်အတွက် ရိုးအီနေလောက်အောင် နေ့စဉ် မကြာခဏ မြင်တွေ့ခွင့်ရခဲ့ပါသည်။ ထိုအချက်မှာ ဘူတာရုံပိုင်ကြီးထက် ကံကောင်းသည့်အချက်လည်းဖြစ်သည်။ ကျွန်တော်ရောက်ရှိနေသော ဘူတာလေးသို့ ရထားတစ်နေ့ သုံးကြိမ်ဆိုက်ရောက်သည်။ ထိုသို့ ရထားဆိုက်သည့်အချိန်တိုင်း ထိုဘူတာ လေးသို့ ဆင်းလာသော ခရီးသည် တစ်ယောက်နှစ်ယောက်ကို ထိုအငှားယာဉ်မောင်းမားက အလုအယက် ဆွဲခေါ်လေ့ရှိကြသည်။ တခါတလေ ခရီးဆောင်အိတ်က အငှားယာဉ်တစ်စီး၊ ခရီးသည်က အငှားယာဉ်တစ်စီး နှင့် တကွဲတပြား။ တခါတလေ အငှားယာဉ်မောင်းအချင်းချင်း ခရီးသည်လုရင်း ရန်ဖြစ်ကြတာမျိုးလည်း ရှိသေး သည်။ ထိုအခါမျိုးတွင် ခရီးသည်မှာ သူတို့ ရန်ဖြစ်တာ ၀င်ဖျန်ဖြေရင်း အခြားကားတစ်စီးစီးကို ငှားသွားလေ့ ရှိသည်။ ထိုအငှားယာဉ်မောင်းများထဲမှ တစ်ယောက်၏ နာမည်မှာ လူမိုက်ဇော်ထွန်းဖြစ်သည်။ လူမိုက်ဇော်ထွန်း ဟု အဘယ်ကြောင့် ခေါ်ဆိုကြသည်ကိုလည်း ပြောပြချင်ပါသေးသည်။ လွန်ခဲ့သောနှစ်များက ခရီးသည်တစ်ဦး သည် ဇော်ထွန်းကားပေါ်တွင် ပိုက်ဆံအိတ်တစ်လုံး မေ့ကျန်သွားသည်။ ထိုပိုက်ဆံအိတ်ထဲတွင် ငွေသိန်းဂဏန်း နှင့် ငွေသိန်းပေါင်းများစွာတန်ဖိုးရှိသော ကျောက်စိမ်းတစ်လုံးပါရှိသည်။ သို့သော် ဇော်ထွန်းသည် ပိုင်ရှင်ကို ဆက်သွယ်ပြီး ပြန်ပေးလိုက်သည်။ ထိုလူငယ်လေး၏ သစ္စာရှိမှုကို ဘယ်သူမှ တလေးတစား တန်ဖိုး ထားရမှန်း မသိကြ။ တန်ဖိုးမထားသည့်အပြင် ဇော်ထွန်းအား လူမိုက်ဟု သမုတ်ကြသည်။ ထိုအချိန်ကတည်းက ဇော်ထွန်း ကို လူမိုက်ဟု ခေါ်ကြသည်။ ထိုသို့ဖြင့် လူမိုက်ဇော်ထွန်းဟု အမည်တွင်ခဲ့သည်။ ကမ္ဘာကြီးသည်  မိမိဝင်ရိုး ပေါ်တွင် နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းစောင်းပြီး နေကို လှည့်ပတ်နေသည်ဟု  ကလေးတစ်ယောက်၏ စာကျက်သံကို ကြားဖူးသည်။ ထို့ကြောင့် ကမ္ဘာကြီးသည် တစ်ခါတရံ ဘေးတစ်စောင်းကြီးဖြစ်နေသည်။ တစ်ခါတရံ ပြောင်းပြန်ကြီးဖြစ်နေသည်။ တချို့အမှန်တရားများသည် ကမ္ဘာကြီးတိမ်းစောင်းသည့် အခါမျိုးတွင် တိမ်းစောင်း၍ တချို့ အမှန်တရားများသည် ကမ္ဘာကြီးနှင့်အတူ ပြောင်းပြန်ကြီးဖြစ်နေသည်။ မိုးပြိုမှာစိုး၍ ကောင်းကင်ကို ခြေကန်ထားသော တစ်တီတူးများ၏ ဦးနှောက်ကို ကျွန်တော်လေးစားပါသည်။ ကမ္ဘာကြီး၏ ကမောက်ကမဖြစ်မှုများကိုပြန်တည့်ရန် ကင်းမြီးကောက်ထောင်ကျင့်နေသော ကျွန်တော့်ကို အရူးဟု မည်သူက သမုတ်ခဲ့ပါသလဲ။

၎။ ခြေပစ်လက်ပစ်ထိုင်နေသည့် ကုန်ထမ်းသမ
          ထိုအမျိုးသမီးသည် ဘူတာရုံမှပေးသော အင်္ကျီအပြာနှင့်ထမီကို တိုတိုဝတ်ထားလေ့ရှိသည်။ သူမသည် ထိုဘူတာလေးသို့ ကုန်ပစ္စည်းအချို့လာရောက်ပို့ဆောင်သော ကုန်တင်ရထားကို အမှီပြုပြီး အလုပ်လုပ်ကိုင် သည့် အမျိုးသမီးဖြစ်သည်။ ထိုဘူတာလေးတွင် ယခင်ကကုန်ထမ်းသမားကြီးများရှိသော်လည်း ကုန်ပစ္စည်း အ၀င် နည်းခြင်း၊ ကုန်တင်တွဲရထားသည် ညနက်သန်းခေါင်မှသာ ထိုဘူတာလေးသို့ ဆိုက်ရောက်လေ့ ရှိခြင်းတို့ ကြောင့် မည်သူမှ ကြာကြာမလုပ်ကိုင်ကြပေ။ ယခုသူမသည် ဘူတာပလက်ဖောင်းတွင် ခြေပစ်လက်ပစ် ထိုင် နေသည်။ သူမနှင့် မလှမ်းမကမ်းတွင် ဘူတာသံကိုင်းကို ကြိုးချည်၍ ပုဆိုးစုတ်ဖြင့် ပြုလုပ်ထားသော ပုခက် တစ် လုံးရှိသည်။ ထိုပုခက်ထဲတွင် နို့စို့ကလေးငယ်တစ်ယောက် ရှိသည်။ ထိုနို့စို့ကလေးသည်သူမ၏ သွေးသားရင်း မဟုတ်။ ထိုဘူတာကို ပိုင်ဆိုင်သော မြို့လေးသို့ အပူလှိုင်းပြင်းထန်စွာဖြတ်သွားသော နွေဦးပေါက်နှစ်တစ်နှစ် က သူမသည် ဘူတာသို့မည်သူလာရောက်စွန့်ပစ်သွားမှန်းမသိသော ထိုကလေးကို ကောက်ယူမွေးစားခဲ့သည်။ ထို့ပြင် သူမထိုင်နေသည့် အနီးအနားတွင် ကားတာရာခွေတပ်ထားသည့် လှည်းစုတ်တစ်စီးလည်း ရှိသည်။ ကုန်ပစ္စည်းများတင်ပြီး ပါဆယ်ဌာနသို့ ပို့ရန် သူမအသုံးပြုသော တွန်းလှည်းလည်းဖြစ်သည်။ ကုန်တင်ရထားဝင် ချိန်ဖြစ်သည့် ညနက်ချိန်တိုင်း သူမသည် ကလေးငယ်ကို ချီပိုး၍ ထိုဘူတာလေးထဲသို့ ရောက်လာသည်။ ဘူတာသံကိုင်းတွင် အမြဲတစေချိတ်ဆွဲထားသည့် ပုခက်လေးထဲတွင် ကလေးငယ်ကို ထည့်ကာ ကုန်ပစ္စည်း များကို စစ်ဆေးသည်။ ထို့နောက် ပါဆယ်ဌာန၀န်ထမ်းနှင့် စကားပြောသည်။ ထို့နောက် အိပ်ပျော်နေသော ကလေးငယ်ကို ပြန်ချီပိုးကာ သူမသည် အမှောင်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားတတ်သည်။ ညစဉ်ညတိုင်း မြင်တွေ့နေရသော်လည်း ကျွန်တော့်အတွက် ရိုးအီမသွားသည့် မြင်ကွင်းဖြစ်သည်။ ယခု ထိုကုန်ထမ်းသမ အမျိုးသမီးသည် ဘူတာပလက်ဖောင်းပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေသည်။ သူမနှင့် မလှမ်းမကမ်းတွင် ဘူတာသံကိုင်းကို ကြိုးချည်၍ ပုဆိုးစုတ်ဖြင့် ပြုလုပ်ထားသော ပုခက်တစ်လုံးရှိသည်။ သို့သော် ထိုပုခက်ထဲတွင် ကလေးငယ်မရှိတော့။ ထိုဘူတာလေးကို ပိုင်ဆိုင်သော မြို့လေးသို့ အအေးလှိုင်းပြင်းထန်စွာ ဖြတ်သန်းသွား သည့် ညတစ်ညတွင် ကလေးငယ် သေဆုံးသွားခဲ့သည်။ သို့သော် သူမထိုင်နေသော အနီးအနားတွင် ကားတာ ယာခွေတပ်ထားသော တွန်းလှည်းစုတ်တစ်စီးတော့ ရှိနေပါသေးသည်။ လောကကြီးသည် ပူသည့်အခါ ပူသည်။ အေးသည့်အခါ အေးသည်။ လောကကြီးအလိုကို လိုက်လွန်းသောလူများသည် လောကကြီး၏ ကလူကျီစယ်မှု ကို ခံရသည်။ ထို့ကြောင့် ကျွန်တော်သည် အမြဲတစေ လောကကြီးကို အရွဲ့တိုက်ခဲ့မိပါသည်။

၅။ ဘယ်ဝယ်ဘယ်ဆီ ထွက်ခွာမည်မသိသော ရထားတစ်စင်း
        အချိန်အခါမဟုတ် ရထားတစ်စင်းသည် ထိုဘူတာလေးသို့ ရောက်ရှိလာသည့်နေ့က ကျွန်တော် အိပ်ပျော်နေပါသည်။ ရထားမဆိုက်ခင် အချက်ပေးခေါင်းလောင်းထိုးသံကိုလည်း ကျွန်တော် မကြားလိုက်မိ။ သို့သော် ဘူတာသို့ ရထားဆိုက်လိုက်သည်နှင့် ကျွန်တော် ညင်သာစွာ နိုးထလာမိသည်။ ထိုရထားသည် ခါတိုင်းတွေ့နေကြ ရထားများလို အိုမင်းရင့်ရော်နေခြင်းမရှိ။ ခရီးသည်များ၊ လက်မှတ်စစ်များ၊ တွဲဗိုလ်များစသည့် ရထားပေါ်ရှိ လူအများ၏ မျက်နှာများသည်လည်း ပြုံးပျော်ရွင်ကြည်နူးနေကြသည်။ ရထားပေါ်တွင် ရက်ဆား ရောင်းသည့်သူများ၊ ဒဏ်ကြေဆေးရောင်းသည့်သူများ ၊ ထမင်းရောင်းသည့်သူများဖြင့် ရွှင်လန်းတက်ကြွစွာ စည်ကားနေသည်။ သူတို့မျက်နှာများကို ကြည့်ရင်း အပျော်သည် ကျွန်တော့်ထံသို့ ကူးစက်လာသည်။ ရထား သည် ခါတိုင်းထက် အချိန်ပိုမိုရှည်းလျားစွာ ရပ်နေမိသည်ဟု ထင်မိသည်။ ထိုအချိန်တွင် ကျွန်တော်ရှေ့သို့ ရထားလက်မှတ်တစ်စောင် လွင့်ဝဲရောက်ရှိလာပါသည်။ ကျွန်တော်လှမ်းကောက်မည် ပြုပြီးမှ ဘေးဘီကို တစ်ချက်ငဲ့ကြည့်မိပါသည်။ ထိုလွင့်ဝဲကျလာသော ရထားလက်မှတ်ကလေးကို မည်သူမှ စိတ်မ၀င်စားကြ။ ကျွန်တော် ရထားလက်မှတ်လေးကို ကောက်ယူလိုက်မိသည်။ ကျွန်တော့်လက်ထဲမှ ရထားလက်မှတ်သည် ကျွန်တော့်ရှေ့သို့ ရောက်နေသည့် ရထားအတွက်ဖြစ်သည်။ ကျွန်တော်အရမ်းစိတ်လှုပ်ရှားသွားသည်။ ကျွန်တော့်ဘ၀တစ်သက်တာတွင် ခရီးသွားရန် တစ်ခါမှ စိတ်မကူးမိသလို ရထားလက်မှတ်တစ်စောင်ရဖို့လည်း အိပ်မက်ထဲတွင်ပင် မမက်ဖူးခဲ့။ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်သည်။ ရထားက ထွက်ခွာရန် သူ့ဥသြကို သာယာညှင်းသွဲ့စွာ ဆွဲလိုက်သည်။ ကျွန်တော် ရထားပေါ်သို့ တက်လိုက်သည်။ ရထားပေါ်မှာ လူများက ကျွန်တော်ထိုင်ခုံနေရာကို လမ်းညွှန်ပေးကြသည်။ ရထားသည် စတင်ထွက်ခွာခဲ့ပြီဖြစ်သည်။ သို့သော် ဘယ်ဝယ်ဘယ်ဆီမသိ။

၆။ လေများတ၀ူးဝူးတိုက်ခတ်နေသည့်အခါ လှုပ်ခတ်နေသည့် အလံတော်
          ရထားပေါ်မှ နေ၍ ဘူတာရုံလေးအား လည်ပြန်ကြည့်မိသည့်အခါ ဘူတာရုံလေးခေါင်မိုးပေါ်မှ လေများ တ၀ူးဝူးတိုက်ခတ်နေသည့်အခါ လှုတ်ခတ်နေသည့် အလံတော်အား တွေ့ရသည်။ ဘူတာလေးတွင် ကျွန်တော် ရှိခဲ့စဉ်က အဘယ်ကြောင့် အပေါ်မော့မကြည့်ဖြစ်ခဲ့ပါလိမ့်ဟု ကျွန်တော် ပြန်မတွေးချင်တော့ပါ။ ထို့ပြင် ထိုသို့ လေများ တ၀ူးဝူးတိုက်ခတ်နေသည့်အခါ လှုပ်ခတ်နေသည့်အလံတော်အကြောင်းဖွဲ့ဆိုစရာ စကားလုံးများ ကျွန်တော့်တွင် မရှိ။

၇။ အသံများ
          အသံများသည် တကယ်တော့ ကြားရုံသာ ကြားရနိုင်သည် မဟုတ်။ မြင်နိုင်သည်။ မြင်လို့ ရနိုင်ပါသည်။ မိတ်ဆွေစကားလုံးများအဖြစ်ကျွန်တော်ချမရေးပြတော့ပါ။ ခင်ဗျားရင်ထဲမှပြောနေသောအသံများကိုကျွန်တော် မြင်နေရပါသည်။ ကျွန်တော်မြင်ခြင်းမမြင်ခြင်းထက် ခင်ဗျားကိုယ် ခင်ဗျားပြန်မြင်နိုင်ဖို့ပဲ လိုအပ်ပါသည်။

မင်းနဒီခ
၂၂၊ မေလ၊ ၂၀၁၃

No comments:

Post a Comment