Saturday, December 21, 2013

ကျောက်သားမင်ပြာ စံကားပျံ့မွှေး ဟိုးဝေးဝေးက ပုဂံ


ကျောက်သားမင်ပြာ စံကားပျံ့မွှေး ဟိုးဝေးဝေးက ပုဂံ

Hi-Ace ကားလေးသည် ရန်ကုန်-မန္တလေးအမြန်လမ်းမတစ်လျောက် တရိပ်ရိပ်ပြေးနေသည်။ ကားရှေ့ခန်း တွင် ဒရိုင်ဘာနှင့် ကျွန်တော်။ ကားနောက်ခန်းတွင် သမီးငယ်၊ ဇနီးနှင့် သူ့သူငယ်ချင်းများ။ သမီးငယ်၏ လက်ထဲတွင် နှစ်နှစ်ပြည့်တုန်းက မွေးနေ့လက်ဆောင်ရထားသည့် အမွေးပွအရုပ် ကလေးကို ဖက်ထားသည်။ မိသားစု ပုဂံဘုရားဖူး ခရီးစဉ် ဖြစ်သည်။ ကားလေးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမမှတဆင့် မိတ္ထီလာမြို့ဘက်သို့ ချိုးကွေ့လိုက်သည်။ မိတ္ထီလာ ကန်ပေါ် ကားလေးဖြတ်တော့ ဖားတစ်ကောင်နှစ်ကောင် တွေ့လိုတွေ့ငြား ငေးကြည့်မိလိုက်သေးသည်။ နောက်ခန်းမှ သမီးငယ် ကိုလည်း `မေမေဆိုပြတဲ့ သီချင်းထဲက မိတ္ထီလာကန်ကြီးလေ´ လှမ်းပြောဖြစ်သည်။ ထို့နောက် ကားလေးသည် မိတ္ထီလာမြို့ကို ဖြတ်ကာ ကျောက်ပန်းတောင်းမြို့ဆီသို့ ဦးတည်သွားသည်။ သမိုင်း ကောင်းသည့် ကျောက်ပန်းတောင်းတွင် ခဏနားကာ လက်ဖက်ရည်သောက်ကြသည်။ ထို့နောက် စားသောက်ခဏအနားယူပြီးနောက် ကားလေးသည် ပုပ္ပါးတောင်ကလပ် ခြေရင်းအထိ တက်ခဲ့သည်။ သမီးက တောင်ခြေမှာ တွေ့ရသည့် မျောက်ကလေးတွေကို ကြည့်ပြီး ပျော်နေသည်။ တောင်တက်လမ်း တလျှောက် မျောက်စာ ရောင်းသည့်သူတွေကလည်း အများသား။ မျောက်တွေကလည်း သူ့နယ်မြေနဲ့ သူ။ သူ့အဆင့်နှင့် သူ။ လူ့စည်း ဘီလူးစည်း ဆိုသလို မျောက်စည်းလည်း ရှိသည် ထင်သည်။ အချို့မျောက်တွေက စောင်းတန်း ပေါ်မှ တဂျိန်းဂျိန်းခုန်ပေါက်ဆော့ကစားနေသည်။ ဘုရားဖူးပြီး ပြန်ဆင်းလာတော့ နေ့လည် နှစ်နာရီ။ ပုပ္ပါးကနေ ညောင်ဦး ခရီးဆက်ခဲ့သည်။ လမ်းတွင် အညာဒေသ ၏ အမှတ်လက္ခဏာ ထန်းရည်ချို ၀င်သောက်ခဲ့သေးသည်။ နေထန်းတဖျားကျော်လျှင် ထန်းရည်မချို တော့ဟု ဆိုလား ကြားဖူးသော် လည်း မိမိတို့ သောက်ခဲ့သည့် နေ့ခင်းထန်းရည်ကတော့ ချိုမြလျှက် ရှိနေသေးသည်။

ညောင်ဦးမြို့ထဲရောက်တော့ ဟိုတယ်၊ တည်းခိုခန်းများမှာ လူပြည့်လျှက်။ တစ်နေရာပြီး တစ်နေရာ လိုက်ရှာသော်လည်း အဆင်မပြေ။ သည်လိုနှင့် နောက်ဆုံးလက်နက်အဖြစ် မိတ်ဆွေရင်း ဖြစ်သူ ကာတွန်းဆရာ ကိုဘီညိုဆီ အရောက်သွားပြီး အကူအညီတောင်းရသည်။ သို့သော် ကိုဘီညိုနှင့် မတွေ့။ အာနန္ဒာဘုရားပွဲတွင် စားသောက်ဆိုင်ခန်းဖွင့်ထားသည်ဟု သိလိုက်ရသည်။ ခရီးထွက် လာစဉ် က အလုပ်နားရက်နှင့် ချိန်ကိုက်လာခဲ့သည်မှာ မှန်သော်လည်း ပို၍ ကံကောင်းချင်တော့ တစ်နှစ်တစ်ခါ သာ ကျင်းပသည့် အာနန္ဒာဘုရားပွဲနှင့် ကြုံရသည်။ ကိုဘီညိုဆီ ဖုန်းဆက်တော့ တည်းခိုစရာ အဆင်ပြေသွားသည်။ ရွှေစည်းခုံစေတီအရှေ့ဘက်မုဒ်ဦးနှင့် မျက်နှာချင်းဆိုင်ရှိ အလိုတော်ပြည့် ကျောင်းတွင် တည်းခိုခွင့်ရခဲ့သည်။ ဘုရားဖူးဧည့်သည်များအတွက် သီးသန့်ဆောက်လုပ်ထားသော အဆောင် တိုက်ခန်းလေးများသည် တည်းခိုခန်း၊ ဟိုတယ်အခန်းများထက် ပိုမိုကျယ်ဝန်း လွတ်လပ်နေ သေးသည်။ တည်းခိုဆောင်အနောက်ဘက်တွင်လည်း အမျိုးသား၊ အမျိုးသမီးရေချိုးရန် သီးခြားခွဲခြား ထားသည့် အေးစက်ပြည့်လျှံနေသည် ရေချိုးကန်ကြီးနှစ်ခု။ ခဏကြာတော့ ဘုန်းကြီးကျောင်းသားလေး တစ်ဦးက ခြုံစောင်နှင့် ခေါင်းအုံးများ အလုံအလောက်ယူလာပေးသည်။ ထို့ပြင် စွယ်တော်လေးဆူ ဖူးမည်ဆိုပါက စက်လှေငှားရမ်းပေးမည့်အကြောင်း။ ဘုရားသမိုင်းကြောင်းများ လိုက်လံရှင်းပြပေးမည့် အကြောင်းနှင့် စွယ်တော်လေးဆူတွင် ဆပ်ကပ် လှူဒါန်းရန် ဆွမ်း၊မုန့်၊ ရေ၊ မီး စသည်ဖြင့် အရန်သင့် ပြုလုပ်ထား ပေးမည်ဆိုသည့်အကြောင်း ပြောသည်။ လိုအပ်ပါက ဖုန်းဖြင့် ဆက်သွယ်ရန် ဖုန်းနံပါတ် တစ်ခုလည်း ပေးသည်။ သို့နှင့် စွယ်တော်လေးဆူဖူးဖြစ်အောင် ဖူးဦးမည်ဟု တိုင်ပင်ကာ စက်လှေနှင့် ဆပ်ကပ် လှူဖွယ်များ မှာလိုက်သည်။ ဒီလိုဆို မနက်ဖြန် မနက် လေးနာရီ အဆင်သင့်ပြင်ထားပေးပါ။ လာခေါ် မည်ဟု ဆိုပြီး ဘုန်းကြီးကျောင်းသားလေးက နှုတ်ဆက်ကာ ပြန်သွားသည်။ ထို့နောက် တည်းခိုရာနေရာနှင့် အနီးဆုံးဖြစ်သည့် မြင်းကပါရပ်ရှိ မနူဟာဘုရားဆီသို့ ထွက်လာခဲ့ကြသည်။

လန်းဆန်းတက်ကြွနေသော သမီးသည် ကားပေါ်မှ ဆင်းဆင်းချင်း ဘုရားဝင်းထဲသို့ အရင်ပြေးသွားသည်။ ကျွန်တော်လည်း ကားပေါ်မှ အမြန်ဆင်းကာ သမီးနောက်ကို ပြေးလိုက်ရသည်။ ဘုရားရင်ပြင်ပေါ် ရောက်တော့ ကြီးမားလှသည့် သပိတ်ကြီးကို သမီးက ရပ်ကြည့်နေသည်။ သပိတ်ကြီး အတွင်းသို့ ၀တ္ထုငွေများ တက်ရောက်လှူဒါန်း နိုင်ရန် သံလှေကားတစ်စင်း တပ်ဆင်ထားသည်။ သပိတ်ကြီးကို အံ့သြငေးမောကြည့်နေသည့် သမီးကို ပွေ့ချီကာ သံလှေကားအတိုင်း တက်သွားလိုက်ပြီး သပိတ်ကြီးအတွင်းသို့ ပြပေးလိုက်သည်။ ဇနီးသည်နှင့် သူ့သူငယ်ချင်းတွေကတော့ ဘုရားအရင် သွားဖူးကြသည်။ မနူဟာဘုရားသည် အကျဉ်းသား အဖြစ် ပုဂံတွင်နေရသော မနူဟာမင်း၏ ကောင်းမှုတော် ကြောင့်လည်းကောင်း၊ လိုဏ်ဂူ အတွင်း၌ ပူဇော်ထားသော ထိုင်တော်မူ ဆင်းတုတော် သုံးဆူနှင့် လျောင်းတော်မူဆင်းတုတော်ကြီးများ၏ အလွန်တရာကြီးမားမှုကြောင့် လည်းကောင်း ထင်ရှားသော ဘုရားတစ်ဆူဖြစ်သည်။ သမိုင်းအရ မနူဟာမင်းသည် ပုဂံတွင်နေထိုင်ရာမှ ကုသိုလ် ကောင်းမှု ပြုလုပ်လိုသည်ရှိသဖြင့် ဘုရားတစ်ဆူတည်ရန် အနော်ရထားအား ခွင့်တောင်းသည်။ အနော်ရထာမင်းက လှိုက်လှိုက်လဲလဲ ခွင့်ပြုသဖြင့် မိမိလက်တွင်ဝတ်သော နန်းစဉ်လက်စွပ်ကို ပုဂံသူဌေး တစ်ဦးအား ရောင်းချကာ ဘုရားကို တည်သည်ဟု သိရသည်။

သို့သော် နောက်ထပ်မူကွဲများ အရ ထိုစဉ်က သုဝဏ္ဏဘူမိသထုံသည် ပုဂံနှင့် စစ်ဖြစ်ခြင်း မဟုတ်ပဲ ဂျွမ်း ရန်ကြောင့် ပျက်စီးခဲ့ခြင်းသာ ဖြစ်သည်။ သထုံဘုရင် မနူဟာသည်လည်း သထုံပျက် သောအခါ ပဲခူး၌ လာရောက်ခိုလှုံနေပါသည်။ ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင် အနော်ရထာထံ ရွှေ့ပြောင်း ခိုလှုံခဲ့ခြင်းသာ ဖြစ်သည်ဟု ဆရာဘုန်းတင့်ကျော်၏ မြန်မာ့ သမိုင်းအချက်အလက်များအရ သိရသည်။ ထို့ပြင် နောက်ပိုင်းလေ့လာတွေ့ရှိချက် များအရ ယနေ့ တွေ့မြင်တည်ရှိနေသော ကျဉ်းမြောင်းကျပ်တည်းသော ဘုရားကျောင်းဆောင်မှာ နဂို မနူဟာမင်း တည်သည့် လက်ရာမျိုးမဟုတ်ကြောင်းလည်း ထပ်မံသိရှိရပါသည်။ မည်သို့ပင်ဖြစ်စေ မနူဟာမင်း၏ အကျပ်အတည်းနှင့် စိတ်အခြေအနေကို မနူဟာဘုရားက ဖော်ပြနေသည်ဟု ခံစားရမိသည်။ ကဗျာ ဆရာခန့်မင်းထက်ကလည်း ထိုစိတ်ခံစားမှုအခြေအနေကို `မနူဟာ´ဟူသော ခေါင်းစဉ်ဖြင့်ပင် ကဗျာ တစ်ပုဒ် ရေးဖွဲ့ခဲ့သည်။ ထိုကဗျာသည် Perfect မဂ္ဂဇင်းတွင် ၂၀၀၉ ဒီဇင်ဘာလတွင် ဖော်ပြခံရသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုကဗျာပါရှိသည့်လတွင် ကဗျာဆရာ ခန့်မင်းထက်သည် တိုက်ခန်းကျဉ်းကျဉ်း သံတိုင်အစင်းစင်းများကြား ယုံကြည်ချက်အကျဉ်းသားဘ၀သို့် ရောက်ရှိနေခဲ့သည်။


မနူဟာ

လွတ်မြောက်ခြင်း မလွတ်မြောက်ခြင်းမှာ
တရားရှာဖွေတွေ့ခဲ့လေသလား။

သစ္စာပန်းများဟာ
မြတ်ဘုရားရှေ့မှာ။

ကျွန်တော်မြတ်ဘုရားရှေ့တွင် သစ္စာပန်းများနှင့် သောက်တော်ရေချမ်းကို ကပ်လှူလိုက်သည်။ ရေလိုအေးပါရစေ။ ပန်းလို မွှေးပါရစေ။ ယုံကြည်ချက် အကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်မိပါသည်။ မနူဟာဘုရားကပြန်တော့ မြစေတီ ဘုရားသို့ဝင်ခဲ့သည်။ မြစေတီဘုရား တွင် ရာဇကုမာရကျောက်စာ ရှိသည်။ ရာဇကုမာရသည် ကျန်စစ်သားနှင့် သမ္ဘူလနှင့်တို့မှ မွေးဖွားခဲ့ သည့် တစ်ဦးတည်းသောသား ဖြစ်သည်။ ကျန်စစ်မင်းကြီး သည် ထီးနန်းအုပ်စိုး၍ အသက်ရွယ်ကြီးရင့် လာသည့်အခါ သားရင်းဖြစ်သူ ရာဇကုမာရအား ထီးနန်းကို မပေးဘဲ သမီးဖြစ်သူ ရွှေအိမ်စည်မှ မွေးဖွားခဲ့သော မြေးဖြစ်သူအလောင်းစည်သူကို ထီးညွန့်နန်းလျာ အိမ်ရှေ့ဥပရာဇာအဖြစ် အပ်နှင်းခဲ့ သည်။ ရာဇကုမာရအား အမိထံမှ ကျွန်သုံးရွာနှင့် ဓည၀တီ တောင်စဉ် (၇)ခရိုင်အား ပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ဖခင်ကျန်စစ်မင်းကြီးသည် သားတော်ရာဇကုမာရကို ထီးနန်းမလွှဲအပ်ဘဲ မြေးတော် အလောင်းစည်သူအား လွဲအပ်ခဲ့သောကြောင့် ရာဇကုမာရသည် ထီးနန်းကို ရသင့်လျှက် မရသော် လည်း ဖခင်မင်းကြီးအပေါ် စိတ်ကွက်ခြင်း မရှိခဲ့ပေ။ ကျန်စစ်မင်းကြီး ကွယ်ပြီးနောက်နှစ် မြန်မာ သက္ကရာဇ် ၄၇၅-ခုနှစ်၊ အေဒီ ၁၁၁၃-ခုနှစ်တွင် ရာဇကုမာရက ကျောက်စာမှတ်တမ်းရေးထိုးခဲ့သည်။ ထိုမြစေတီကျောက်စာသည် ပုဂံမြို့မြင်းကမ္ဘာရပ် မြောက်ဘက်ရှိ မြစေတီဘုရား၌ တည်ရှိသဖြင့် `မြစေတီကျောက်စာ´ဟု ခေါ်ဆိုသည်။ ရာဇကုမာရ မင်းသားက ကျေးဇူးဆပ်ပြု မြတ်ကောင်းမှုကို ကိုယ်တိုင်ပြု၍ ရေးထိုးခဲ့သောကြောင့် `ရာဇကုမာရ ကျောက်စာ´ဟူ၍လည်း ခေါ်ဆိုကြသည်။ ၎င်းကျောက်စာ လေးမျက်နှာ၌ ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ လေးဘာသာဖြင့် ရေးထိုးခဲ့ပြီး မြန်မာပြည်၏ အစောဆုံးကျောက်စာလည်း ဖြစ်သည်။ မြစေတီ ဘုရားဖူးပြီးသောအခါ ကျွန်တော်သည် သမီးလေးကို ချီပိုးပြီး ကျောက်စာချပ်နှင့် အမှတ်တရဓါတ်ပုံရိုက်လိုက်သည်။ သမီးလေးအား မိဘကျေးဇူး တတ်သိ လိမ္မာသော သမီးရတနာတစ်ပါး ဖြစ်စေချင်မိသည်။

မြစေတီဘုရားဖူးပြီးတော့ ရွှေဆံတော်ဘုရားသို့ ထွက်ခဲ့သည်။ သည်အချိန်ဆို ရွှေဆံ တော်ဘုရားတွင် လူစည်ကားနေရော့မည်။ ထင်သည့်အတိုင်းပင် ရွှေဆံတော်ဘုရားသို့ ရောက်သည့် အခါ ညနေခင်းဆည်းဆာကြည့်သည့် နိုင်ငံခြားသားများဖြင့် ပြည့်နေသည်။ မိမိတို့လည်း ညနေခင်း ဆည်းဆာကို ငေးမောခံစားခဲ့ကြသည်။ သို့သော် အချိန်ကြာကြာနေလို့မရ။ ရွှေဆံတော်ဘုရားက တဆင့် အလိုတော်ပြည့်ဘုရားသို့ သွားဖူးကြသည်။ အလိုတော်ပြည့်ဘုရားရောက်တော့ ညမှောင် ရီဖြိုးစ။ အလိုတော်ပြည့်ဘုရားမှ အာနန္ဒာဘုရားသို့ ဆက်သွားသည့်အခါ ညအမှောင်သည် ပီသစပြုနေပြီ။

အာနန္ဒာဘုရားပွဲကလည်း စည်ကားလှသည်။ အာနန္ဒာဘုရားဝင်းကြီးထဲသို့ ရောက်ရန် တော်တော် တိုးယူလိုက်ရသည်။ ယခင်ကလည်း အလုပ်ကိစ္စနှင့် ညောင်ဦးရောက်တိုင်း အာနန္ဒာစေတီ သို့ သွားရောက်ဖူးမျှော်ဖြစ်ခဲ့ပေမယ့် ယခုလို ဘုရားပွဲကာလကို ပထမဆုံး ကြုံဆုံဖူးခြင်းဖြစ်သည်။ ပုဂံတွင် ထင်ရှားသော ဘုရားပွဲများ ရှိသည်။ တန်ဆောင်မုန်းလတွင် ရွှေစည်းခုံဘုရားပွဲ၊ နတ်တော် လတွင် အလိုတော်ပြည့်ဘုရားပွဲ၊ ပြာသိုလတွင် အာနန္ဒာဘုရားပွဲ စသည်ဖြင့် လစဉ်ဆက်တိုက် ဘုရားပွဲများကျင်းပကြလေ့ရှိသည်။ အချို့ ဆယ့်နှစ်ပွဲ ဈေးသည်များအနေဖြင့် ပုဂံဘုရားပွဲများတွင် လှည့်ရောင်းရင်း လေးငါးလကြာသည်ဟု သိရသည်။

အာနန္ဒာစေတီကို ကျန်စစ်သားမင်းလက်ထက်(အေဒီ ၁၀၉၀)တွင် ဆောက်လုပ်ခဲ့သည်။ ကျန်စစ်သား မင်းလက်ထက်တွင် ဟိမ၀န္တာနန္ဒမူလိုဏ်ဂူမှ ရဟန္တာများ ကြွရောက်လာခဲ့ပြီး ထိုရဟန္တာ အရှင်သူမြတ်များ၏ ပြောပြချက်ကြောင့် နန္ဒမူလိုဏ်ဂူကို နှစ်သက်သဘောကျကာ နန္ဒမူလိုဏ်ဂူကဲ့သို့ အာနန္ဒာစေတီ ကို တည်တော်မူသည်ဟု ပုဂံဘုရားများသမိုင်းစာအုပ်တစ်အုပ်တွင် ဖတ်မှတ်ဖူးသည်။ အာနန္ဒာစေတီအတွင်း ရောက်သည့်အခါ ဘုရားဝပ်ချရှိခိုးရန် နေရာပင် မရှိလောက်အောင် ဘုရားဖူး များဖြင့် စည်ကားနေလေသည်။ သို့နှင့် ရွှေသင်္ကန်းကပ်လှူရာဌာနသို့ ငွေလှူဒါန်းရင်း စောင့်ဆိုင်းရှိခိုး ခဲ့ရသည်။ သမီးငယ်ကတော့ သူမမြင်ဖူး မတွေ့ဖူးသည့် မြင်ကွင်းတွေ၊ ကြက်ပျံမကျ စည်ကားသွားလာ နေကြသည့် လူတွေ ကို ငေးနေသည်။ ကျွန်တော်ကတော့ အနုမှာ အာနန္ဒာ၊ အမြင့် မှာ သဗ္ဗညု၊ ထုမှာ ဓမ္မရံဟု ဆိုရိုးနှင့်အညီ အာနန္ဒာဘုရားပတ်လည်မှ အနုလက်ရာများကို ကြည့်ရင်း ကြိုက်နှစ်သက်ခဲ့ ရသော ကဗျာဆရာ စိုင်းဝင်းမြင့်၏ ကဗျာတစ်ပုဒ်ကို သတိရမိသည်။ ကဗျာခေါင်းစဉ် က `ပုဂံ´။

ပုဂံ

စေတီထဲ နေရောင်သွင်းယူခဲ့ပုံက
အံ့သြဖွယ်။
အုတ်တစ်ချပ်ချင်းစီမှာ
ရာဇ၀င်ရှိတယ်။

ဧရာဝတီ
အဝေးရောက်နံရံဆေးရေး
ဆွေးမြေ့စရာ။

အိုးခြမ်းပဲ့က
ရာစုတစ်ခုလုံးရတယ်
ရတနာသိုက် တူးဖော်မိတယ်။

လက်ရာက ပြောတဲ့ စကား။

စိတ်ကူးစိတ်သန်း
ခမ်းနားရုံသက်သက်မဟုတ်ဘူး
ငလျင်ဒဏ်ခံခဲ့ရပေမယ့်
အဖွဲ့အနွဲ့ကျန်တုန်း။

အာနန္ဒာစေတီအတွင်းတွင် ပစ္စယာ၊ လျှောက်လမ်း၊ အတွင်းစင်္ကြံ စသည်ဖြင့် အဆင့်ဆင့် တည်ဆောက်ထားပြီး ထိုသို့ စင်္ကြံများထည့်သွင်းထားသဖြင့် အတွင်းပိုင်းမှောင်မည်ကို အလင်းဝင် ပေါက်များဖြင့် သဘာဝအလင်းပေးထားသည်။ မုခ်ဦးမှ တံခါးများပိတ်ထားပါက ဘုရားအတွင်းပိုင်း လင်းနေအောင် ဆောင်ရွက်ထားသည့်အနုပညာမှာ လက်ရာမြောက်လှပါသည်။ ပုဂံဘုရားအများစု သည် အတွင်းပိုင်းမှောင်မည်းအေးစိမ့်နေလေ့ရှိပြီး ထိုသို့ အမှောင်ကျရောက်သည့် အချို့နေရာများ အတွက် အလင်းပေါက်များဖွင့်ပေးထားကြသည်ကိုလည်း သတိပြုမိသည်။ ဆရာ စိုင်းဝင်းမြင့်သည် ထိုအချက်ကို `စေတီထဲ နေရောင်သွင်းယူခဲ့ပုံက အံ့သြဖွယ်´ လှလှပပပုံဖော်ပြသွားသည်။

ပုဂံ ခေတ်မှာ ခရစ် ၉ရာစုမှ ခရစ် ၁၃ ရာစုအထိ နှစ်ပေါင်းငါးရာကျော်ရှိသည်။ ပုဂံခေတ်ဦးကို စာအထောက်အထားရှိချိန်မှစပြီး ခရစ် ၁၁ ရာစုအထိ၊ ခေတ်လယ်ကို ခရစ် ၁၂ ရာစုနှစ်အထိ၊ ခေတ်နှောင်းကို ခရစ် ၁၃ ရာစုထိဟု အကြမ်းဖျဉ်း သတ်မှတ်ခဲ့ကြသည်။ သမုဒ္ဒရာဇ်မင်းလက်ထက် ရှေးဦးပထမပုဂံပြည်၊ သေဉ်လည်ကြောင်မင်းလက်ထက် ဒုတိယပုဂံပြည်၊ သိုက်တိုင်မင်းလက်ထက် တတိယပုဂံပြည်၊ ပျဉ်းပြားမင်းလက်ထက် စတုတ္ထပုဂံပြည်စသည်ဖြင့် ပုဂံသည် မင်းဆက် ၅၅ ဆက်တိုင် အစဉ်အဆက် ထီးနန်းစိုးစံခဲ့ကြပြီး နှစ်ပါင်းငါးရာကျော်အကြာ စောမွန်နစ်မင်းလက်ထက် ခရစ်နှစ် ၁၃၆၈ ခုနှစ်တွင် ပျက်သုဉ်းခဲ့ရကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်။ ထိုသို့ နှစ်ပေါင်းများစွာအ တွင်း ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားခဲ့ပြီး မင်း၊ မိဖုရား၊ မှူးကြီးမတ်ကြီးများမှ တိုင်းသူပြည်သား၊ မုဆိုးမ အထိ စေတီပုထိုးများ မြောက်မြားစွာ တည်ထားကိုးကွယ်ခဲ့သည်။ လှည်းဝင်ရိုးသံ တညံညံ ပုဂံ ဘုရားပေါင်းဟု ဘုရားစေတီအရေအတွက်ကို စာချိုးသတ်မှတ်ခဲ့သည်။ ဘုရားဆူရေ (၄၄၄၆) ဆူဟု သိရသော်လည်း ယခုအခါ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးသုတေသန၏ ပြန်လည်တူးဖော် ထိန်းသိမ်းမှုမှတ်တမ်းအရ ဘုရားဆူရေ (၂၀၀၀)ကျော်သာ ပြန်လည်တွေ့ရှိရသေးသည်။ ၁၉၇၅ခုနှစ်၊ ဇူလိုင် ၈ရက်က ပြင်းအား RM ၆ ဒသမ ၈ လှုပ်ခဲ့သည့် ပုဂံငလျင်သည် ကမ္ဘာကလေးစား၊ မြတ်နိုး တန်ဖိုးထားသည့် သမိုင်းဝင် ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံ စေတီပုထိုးများစွာကို အများဆုံး ထိခိုက်ပျက်စီးစေခဲ့သော်လည်း ပုဂံသည် ယခုအချိန်ထိ ကဗျာဆရာ ပြောသလို `အဖွဲ့အနွဲ့ ကျန်တုန်း´ ပဲဖြစ်သည်။

ဘုရားဖူးပြီးအပြန် ဘုရားပွဲဈေးတန်းသို့ လမ်းလျှောက်ကြည့်ကြသည်။ ပွဲဈေးတန်း တစ်နေရာရှိ ကိုဘီညို၏ အေးရိပ်သာယာ စားသောက်ဆိုင်ကို လိုက်ရှာသည်။ ကြာကြာမရှာလိုက်ရ။ တွေ့သည်။ ကိုဘီညိုက ၀မ်းသာအားရနှုတ်ဆက်သည်။ မိမိတို့က ကိုဘီညို့ဆိုင်ကို အားပေးချင် စိတ်ဖြင့် မုန့်များမှာစားသော်လည်း ကိုဘီညို့က ငွေရှင်းဖို့ လက်မခံ။ တည်းခိုဖို့လည်း စီစဉ်ပေးသည်။ အစားအသောက်များဖြင့်လည်း ဧည့်ခံသည်။ ကျေးဇူးများစွာ တင်မိသည်။ ကိုဘီညိုကို နှုတ်ဆက်ပြီး ဘုရားပွဲဈေးတန်းအဆုံးထိ လမ်းလျှောက်ကြပြန်သေးသည်။ ဘုရားပွဲဈေးတန်းတွင် ပုဂံရောက် အမှတ်တရ အင်္ကျင်္ီဆိုင်လေးများ၊ ယွန်းထည်ပစ္စည်းများ၊ ပုလင်းပန်းချီများ၊ စဉ့်ထည်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ ပုန်းရည်ကြီးအရောင်းဆိုင်များနှင့် အာနန္ဒာစေတီပေါက်မှ သရပါတံခါး အ၀င်ပေါက်ထိ ရှည်လျားစည်ကားလွန်းလှသည်။ ရောက်တုန်းရောက်ခိုက် သရပါတံခါးသို့ အနီးကပ် သွားလေ့လာကြည့်ကြသည်။ တံခါးအ၀င်ဝတွင် ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်မပြုဟု စာတန်း ချိတ်ထားသည့် သစ်သားတိုင်ကို တွေ့သည်။ ယာဉ်ကြီးများ၏ တန်ချိန်ကြောင့် တုန်ခါပြိုကျ ပျက်စီးမည် စိုးသောကြောင့် လမ်းလွှဲမှ သွားစေလိုခြင်းလည်း ဖြစ်သည်။ ယခုမြင်တွေ့နေ ရသည့် မြို့ ရိုး ဟောင်းနှင့် တံခါးသည် ပျဉ်ပြားမင်းလက်ထက် တည်ခဲ့သည့် မြို့ ရိုးဟောင်းနှင့် တံခါး ဟောင်းဖြစ် သည်။ မူလ အစ က ပုဂံမြို့ ရိုးမှာ တံခါး ၁၂ ပေါက်၊ ရှိခဲ့သည်ဟု မှတ်သားဖူးသည်။ ယခုအခါ သရပါ တံခါးပေါက်သာ ကျန်တော့သည်။ သရပါ ဆိုတဲ့ အဓိပ္ပါယ်မှာ မြား ကို ကာဆီး သော တံခါး ဟု ဆိုသည်။

ထို့နောက် တည်းခိုဆောင်ကို ပြန်ရောက်တော့ ညကိုးနာရီထိုးလုပြီ။ ညဆည်းဆာ၏ လေနုအေး သည် အခန်းထဲသို့ စိမ့်ဝင်နေသည်။ တစ်နေကုန်ကားစီးလာရသည့် ဒဏ်၊ ပုပ္ပါးတောင်ကလပ် တက်ခဲ့သည့် ပင်ပန်းမှုများအပြင် မနက်စောစောထရဦးမည် ဖြစ်သဖြင့် မည်သူမျှ စကားမဆိုနိုင်ကြ။ ကျွန်တော်တစ်ယောက်တည်းသာ မနက်အရုဏ်ဦးကို စိတ်လှုပ်ရှားနေမိသဖြင့် အိပ်မပျော်။ ယခင်အလုပ်ကိစ္စဖြင့် မကြာခဏလာရောက်ဖူးသော်လည်း ယခုလို မိသားစုဘုရားဖူးခရီးသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် စွယ်တော်လေးဆူကိုလည်း ယနေ့ထိ ပြည့်အောင် မဖူးဘူးသေး။ တန့်ကြည့်တောင်၊ လောကနန္ဒာ၊ တူရွင်းတောင်၊ ရွှေစည်းခုံ စွယ်တော်လေးဆူအား တူညီသော ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းဖြင့် နေ့မွန်းမတည့်ခင် ကပ်လှူပူဇော်ပြီး တူညီသော ဆုတစ်ခုကို တောင်းလျှင် ပြည့်သည်ဟု ရှေးဆိုရိုးရှိသည်။ ယခင်ကတော့ လမ်းပန်းဆက်သွယ်ရေးမလွယ်ကူသဖြင့် တစ်နေတည်း စွယ်တော်လေးဆူဖူးမျှော်ရန် မလွယ်ကူသော်လည်း ယနေ့ခေတ်တွင် လွယ်ကူနေပြီ ဖြစ်သည်။ သို့သော် ဘာဆုတောင်းရင် ကောင်းမလဲဟု စဉ်းစားရင်း ကျွန်တော် အိပ်ပျော်သွားခဲ့သည်။

ဘုန်းကြီးကျောင်းသားလေးဆီမှ ဖုန်းဆက်လာတော့ ကျွန်တော်တို့မိသားစုနှင့် သူငယ်ချင်းများ အားလုံး အဆင်သင့်ဖြစ်နေပြီ။ ဘုန်းကြီးကျောင်းသားလေးက အသင့်ပြင်ဆင်လာသော ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများကို ပေးသည်။ ထို့နောက် ကျွန်တော်တို့ ဗူးဘုရားရေဆိပ်သို့ ဆင်းခဲ့ကြသည်။ မနက်ခင်းအရုဏ်သည် အမှောင်မကွဲတတ်သေး။ ရေဆိပ်သို့ ဆင်းရာလမ်းတစ်လျောက် သဲသောင် အဆင့်ဆင့် တဖြည်းဖြည်းချင်းတွဲဆင်းရသည်။ သမီးငယ်ကတော့ အိပ်ပျော်နေဆဲ။ စက်လှေဖြင့် ဧရာဝတီမြစ်ကို ဖြတ်ပြီးတော့ တန့်ကြည့်တောင်ပေါ်သို့ Light Truck ကားတစ်စီးထပ်ငှားပြီး တက်ရသည်။ တန့်ကြည့်တောင်ပေါ်ရောက်တော့ ရောင်နီပေါ်စ ၀ိုးတ၀ါး။ ဘုရားဖူးသည်။ ဆွမ်းနှင့် လှူဖွယ်တစ်စုံကပ်လှူသည်။ ကြိုတင်စဉ်းစားမထားဘဲ စိတ်ထဲပေါ်လာသည့် ဆုတစ်ဆုကို တောင်း လိုက်သည်။ `ချစ်သမီးငယ်လေး ပိုးပိုး အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် သမီးရတနာလေးဖြစ်ပါစေ´ဟု။ ထို့နောက် ဘုရားရင်ပြင်ပေါ်တွင် အမှတ်တရ မိသားစုဓါတ်ပုံ ရိုက် ကြသည်။ သူငယ်ချင်းတွေကလည်း သူ့အဖွဲ့နှင့် သူ။ သမီးကို ချီပိုးရင်း ဧရာဝတီ မြစ်ကြီးကို လက်ညှိုး ထိုးပြသည်။ မြစ်ပြင်ပေါ်တွင် မနက်ခင်းနေရောင်ခြည်သည် ဖြာကျနေသည်။ ထိုခဏတွင် ` မြစ်မင်းကို မှန်ထောင်ပြမိတယ်´ဆိုသည့် ကဗျာစာသားလေး ကျွန်တော့် နားထဲသို့ တစ်စုံတစ်ယောက် ရေရွတ်သလို ကြားလိုက်မိသည်။ ဟုတ်သည်။ ကဗျာဆရာ ခင်ဇော်မြင့်၏ တန့်ကြည်တောင် ကဗျာ။ ကျွန်တော်တို့ လူငယ်ဘ၀ကနေ အခုထိ အလွတ်ရနေမိသည့် ကဗျာတစ်ပုဒ်။ မြားနတ်မောင် မဂ္ဂဇင်း တွင် ၁၉၉၉ ခုနှစ် မတ်လထုတ်တွင် ဖော်ပြခံရသလို ကဗျာဖတ်ညွှန်းများတွင်လည်း မကြာခဏ အညွှန်းဆိုခံခဲ့သည့် ကဗျာ။

တန့်ကြည့်တောင်

ဇာတ်လမ်းအရ
တောနှင့် တောင်က အချိတ်အဆက်မမိလေတော့
စကားဝါပင်လို တိတ်တိတ်ကြွေနေရကြောင်း
ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းလို တိတ်ဆိတ်နေရကြောင်း
မြစ်မင်းကို မှန်ထောင်ပြမိတယ်။

ရင်ပြင်တော်ပေါ်မှာ
ကလေးလေးတွေက လေယာဉ်ပျံရှပ်ထိုးကစားလို့။

အစီအစဉ်အရ
နေရောင်က ငါးတစ်ကောင်ကို ဆလိုက်ထိုးမပြတော့
စိတ်နဲ့ စေတီဟောင်းကို ထုံးဖြူဖြူသုတ်ပြီးကြောင်း
ခြေတော်ရာကို ရွှေအတိချပြီးကြောင်း
မြစ်မင်းကို မှန်ထောင်ပြရင်း
ရနံ့တစ်ခုရဲ့ တစ်နေ့တာ
ကျောက်သားမှာ မင်ပြာနဲ့ ရေးခဲ့တယ်။

မြစ်ပြင်ပေါ် နေရာင်ဖြာကျနေပုံ၊ အဝေးရှုခင်း၏ လွမ်းမောဖွယ်အခင်းအကျင်း၊ ဟိုးအဝေးဆီမှ ခပ်ရေးရေးမြင်နေရသော စေတီပုထိုးများ။ ကျောက်သားမှာ မင်ပြာနဲ့ ဘာကို ရေးခဲ့သလဲဆိုတာ ဆရာ ခင်ဇော်မြင့်ကို လှမ်းမေးကြည့်ချင်သည်။ လွမ်းမောစိတ်နှင့် ငေးရီနေသည့် ခဏတာသည် `ဟေး သွားကြမယ်´ ဆိုသည့် စကားသံအောက်တွင် ဖျက်ကနဲ ပျောက်ရှသွားသည်။ နံဘေးရှိ ဇနီးသည်၏ လက်ကို အသာအယာဆုပ်ကိုင်မိရင်း ပြောမိသည်။`ဘာကို လွမ်းလို့ လွမ်းသွားမှန်း မသိဘူး´လို့။

သည်ဘက်ကမ်းပြန်ရောက်တော့ ဗူးဘုရားကို ဖူးကြသည်။ ရွှေသင်္ကန်းကပ်လှူကြသည်။ ထို့နောက် ကားပေါ်သို့ အလျင်အမြန်တက်ကာ လောကနန္ဒာဘုရားသို့ သွားသည်။ ဘုရားသို့ ရောက်သောအခါ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ထားသည်ကို တွေ့ရသည်။ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများကပ်လှူပြီး ဆုတောင်းလိုက်သည်။ သမီးလေးက သူ့မေမေနံဘေးမှာ ရိုရိုသေသေ ဦးချညွှတ်တွားလို့။ အမေနှင့် သမီး လိုက်ဖက်တင့်မောစွာ။ လောကနန္ဒာကမ်းနဖူးကနေ ကျယ်ပြန့်သော သဲသောင်ခုံကြီးကို ကြည့်ရင်း ပြေးလွှားဆော့ကစားချင်စိတ်လေး ဖြစ်မိသေးသည်။ သို့သော် မည်သူ့ ကိုမှ မပြောဖြစ်။ လှေကားထစ်အဆင်းတွင် ကျောက်ထိုင်ခုံလေးတွေပေါ် ခဏနားကြရင်း ပုဆိုး၊ လုံခြည် ၀တ်ဆင်လာသော နိုင်ငံခြားသားဘုရားဖူးများကို ကြည့်နေမိသည်။ မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှု အား မြတ်နိုးတန်ဖိုးထားသည့် စိတ်ကို ကြည်နူးမိရင်း လောကနန္ဒာကမ်းနဖူးမှ ပြန်ဆင်းလာခဲ့ကြသည်။

လောကနန္ဒာမှအပြန် ပုဂံမြို့ပတ်လမ်းကနေ တုရင်တောင်စေတီသို့ သွားကြသည်။ တုရင် တောင်ခြေတွင် အိမ်စီးကားများအား အပ်နှံထားခဲ့ရပြီး တုရင်တောင်ပေါ်သို့ သီးသန့်အငှားကားများဖြင့် နောက်တစ်ဆင့်စီးကာ တက်ရသည်။ တုရင်တောင်စွယ်တော်မြတ်စေတီအား ဖူးမျှော် ဆွမ်းကပ်ပြီး ပြန်ဆင်းလာတော့ နေ့ဆယ့်တစ်နာရီ ထိုးလုပြီ။ သို့နှင့် ရွှေစည်းခုံစေတီသို့ တက်သုတ်ရိုက် သွားကြ ရပြန်သည်။ စွယ်တော်လေးဆူခရီးကား မဝေးတော့။ ရွှေစည်းခုံဘုရားရောက်သည်နှင့် နေမွန်း မတည့် ခင် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး အရင်ကပ်လှူလိုက်သည်။ ခရီးထွက်စဉ်မူလက စွယ်တော်လေးဆူ တစ်မနက်တည်းဖူးရန်အစီအစဉ်မပါရှိသော်လည်း ယခု အထမြောက်အောင်မြင်သွားသည်။ ဆုတောင်း ပြည့်သည် မပြည့်သည်ထက် ယခုလို စွယ်တော်လေးဆူဖူးခွင့်ရလိုက်သည့် ဘုရားဖူးခရီးစဉ်လေးကို ကျေနပ်မိသည်။ ဘုရားဖူးပြီးသည့်အခါ သမီးကို ကျောက်ရေခွက်လေးထဲသို့ အရိပ်ထင်နေသည့် ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်ကို အနီးကပ်ဖူးစေသည်။ ထို့နောက် နိုင်ငံမင်းပြောင်း မင်းလွဲရှိရင် ဟီတတ်သည်ဆိုသည့် ကျောက်မြင်းကြီးကို လိုက်ပြပေးသည်။ သမီးကိုပြရင်း ကျောက်မြင်း ဟီသံကို မျှော်လင့်မိသည်။ ထို့နောက် ရွှေသင်္ကန်းတော်အတွက် ငွေလှူဒါန်းရင်း ရွှေစည်းခုံ စေတီ တော်မြတ်ကြီး၏ အတွင်းအံ့ကိုးပါးနှင့် အပြင်အံ့ကိုးပါးကို သမီးကို ဖတ်ပြရှင်းပြပေးခဲ့သည်။ သမီးက တော့ နားလည်ဦးမည်မဟုတ်သေးပေမယ့် ကျွန်တော့်စကားတွေကို ငြိမ်ပြီး နားထောင် နေသည်။

ရွှေစည်းခုံစေတီသည် အနော်ရထာမင်းနှင့် ကျန်စစ်မင်းနှစ်ပါးဆက် တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာမြင့်စွာ တည်ခဲ့ရသည့် စေတီဖြစ်သည်။ အနော်ရထာ မင်းကြီးသည် စွယ်တော်ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။ ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ၀ပ်လေသည်။ ဆင်ဖြူတော်ဝပ်ရာ သဲစည်းခုံတွင် စွယ်တော်မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုပ်ပြည်မှရသော မြဆင်းတုတစ်ဆူနှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ် ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။ ဘုရားတည်နေစဉ် ပစ္စယာ သုံးဆင့် အရောက်တွင် အနော်ရထားမင်း နတ်ရွာစံခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သား မင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက် တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။

စွယ်တော်လေးဆူဖူးမျှော်ပြီးနောက် တည်းခိုဆောင်သို့ပြန်ကာ အ၀တ်အထည်များ သိမ်းဆည်း ရင်း ကျောင်းထိုင်ဆရာတော်ထံသို့ သွားရောက်ကန့်တော့နှုတ်ဆက်ကြသည်။ ထို့နောက်နေ့လည်စာ စားပြီးသည်နှင့် ညနေပိုင်းဘုရားဖူးခရီးစဉ်ကို ဆက်ကြသည်။ ကန်တော့ပလ္လင်ဘုရား၊ သဗ္ဗုညုဘုရား များသို့ ၀င်ရောက်ဖူးမျှော်ပြီးသည့်အခါ ညနေသုံးနာရီ။ ပုဂံဘုရားဖူးခရီးစဉ်သည် ပျော်စရာများ၊ တွေး စရာများ၊ ငေးစရာများ၊ လွမ်းစရာများဖြင့် ပြည့်နေသည်။ မြန်မာမှန်ရင် ပုဂံရောက်ဖူးရမည်ဟု ဆိုထား သလို ဗုဒ္ဓသာသနာပြန့်ပွားထွန်းကားရာနယ်မြေ၊ သူရဲကောင်းတို့ မွေးဖွားရာ၊ မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ်တို့ ထိန်းသိမ်းရာနယ်မြေ ပုဂံကနေမန္တလေးရွှေမြို့ဆီသို့ ပြန်ခဲ့ကြသည်။လမ်းမတလျှောက် အညာ လေနွေးနွေးသည် ညှင်းညှင်းပျံ့ပျံ့တိုတ်ခတ်လျှက်။ တောင်တော်ရွှေပုပ္ပါးဆီမှ စကားပန်းရနံ့သည် လည်း သင်းပျံ့ကြိုင်လှိုင်လျှက်။ မြို့ဟောင်းပုဂံသည် အမြန်ကားလေးနောက်မှ မှိုင်းပျမှုန်ရီ ကျန်နေခဲ့ တော့သည်။


မင်းနဒီခ
၁၈၊ ဒီဇင်ဘာ၊ ၂၀၁၃
( ပိတောက်ပွင့်သစ်၊ အမှတ် (၅၅)၊ ဇန်န၀ါရီ၊ ၂၀၁၄)

Thursday, October 31, 2013

ကျွန်တော်၊ ဒုတိယဘုရားသခင်နှင့် အမည်နာမနေရာ


 


ကျွန်တော်၊ ဒုတိယဘုရားသခင်နှင့် အမည်နာမနေရာ

၁။ `အမှန်တရား
အမှားတရန်
အမှားနှစ်ခုပေါင်းလျှင် အမှန်ဖြစ်မည်လား´
ကဗျာဆရာအစ်ကိုကြီးမောင်စိုးသစ်(မန္တလေး)က သူ၏ ကဗျာတစ်ပုဒ်ထဲတွင် ဤသို့ မေးထားသည်။ အနှုတ် လက္ခဏာနှစ်ခုမြှောက်လျှင် အပေါင်းလက္ခဏာတစ်ခုရသည်ဟု သင်္ချာသီအိုရီသဘောတရားတစ်ခုထဲ တွင် အတိအလင်းရေးသားထားသည်။ ကျွန်တော်တို့သည် ဤနှင့် ကျွဲကြားတွင် မည်သည့်ဘက်မှ ရပ်တည် နေကြပါသလဲ။

၂။ အချို့သူများသည် ငွေကို အလူးအလဲရှာဖွေတတ်ကြသည်။ အချို့ငွေများကတော့ လူကို သည်းသည်း မည်း မည်း ရှာဖွေတတ်လေ့ရှိသည်။ ကံတရားက သူ့တွင် အ၀ါရောင်လမ်းညွှန်စာအုပ်တစ်အုပ်ပါမလာမှန်း မည်သူ့ကိုမှ အသိမပေးခဲ့။ အချို့လူများသည် ဆူးပုံနင်းကြသည်။ အချို့သူများသည် ဓါးလှံလက်နက်များ ထမ်းရွက်လာကြသည်။ အချို့လူများက စိုက်ပျိုးကြသည်။ အချို့လူများက အသင့်ခူးယူစားသုံးကြသည်။ အချို့လူ များက ပေးကမ်းဝေမျှတတ်ပြီး အချို့လူများကတော့ နှမြောတွန့်တိုကုတ်ခြစ်သိမ်းဆည်းတတ်ကြသည်။ အသက် ရှူတာချင်းတူပေမယ့် ရင်ခုန်သံချင်းကွဲကြသည်။ ကျွန်တော့်တွင် ရက်စွဲလွန်နေသော ဒိုင်ယာရီစာအုပ် အဟောင်း တစ်အုပ်ရှိပါသည်။

၃။ အတွေးများနှင့် မွန်းကျပ်နေသောညများသည် လဲ့ပြာမှိုင်းညို့နေတတ်သည်။ သို့သော် လဲ့ပြာမှိုင်းညို့ နေသော ညများကတော့ အတွေးများနှင့် မွန်းကျပ်မနေတတ်ပါ။ အိပ်မက်ဆိုသည်မှာ ညအခါတွင် မက်သည်။ ထို့အတူ နေ့အခါတွင်လည်း မက်တတ်သည်။ မည်သည့်အချိန်အခါမျိုးတွင် မက်သည်ဖြစ်စေ၊ အိပ်မက်မက်သူ တစ်ယောက်တွင် အိပ်စက်ခြင်းတစ်ခုပိုင်ဆိုင်ထားသည်မှာ သေချာခဲ့ပါသည်။ သို့သော် ကျွန်တော်၏ အိပ်စက် ခြင်းများတွင်တော့ မည်သည့်အိပ်မက်မျှမပါဝင်ခဲ့သလို ကျွန်တော့်၏ အိပ်မက်များသည်လည်း မည်သည့် အိပ်စက်ခြင်းကို ပိုင်ဆိုင်းခြင်းမရှိခဲ့ပေ။ အမှန်စင်စစ်၌ ကျွန်တော်သည် ကဗျာအယောင်ဆောင် ထားသော ညဉ့်ငှက်ဆိုး တစ်ကောင်သာ ဖြစ်သည်။

၎။ ကျွန်တော်ကလေးဘ၀တုန်းက ဘုရားပွဲဈေးတန်းမှာ ချိတ်ဆွဲထားသည့် ဘိုမရုပ်လေးတစ်ရုပ်ကို အလွန် အမင်းလိုချင်တက်မက်ခဲ့ဖူးသည်။ ထိုဘိုမရုပ်လေးသည် အစိမ်းရောင်သမ်းနေသည့် မျက်ဝန်းများကို ပိုင်ဆိုင် ထားသည်။ သူမကို ကိုင်လှုပ်လိုက်လျှင် ရယ်သံလွင်လွင်လေးထွက်ကျလာသည်။ ထိုရယ်သံလေးများသည် နောက်ကျောမှ ဓါတ်ခဲအသေးသုံးလုံးထည့်မှ အသံမည်မှန်း ထိုစဉ်က ကျွန်တော်မသိခဲ့။ ကျွန်တော့်မိဘများက ငွေကြေးမတတ်သူများဖြစ်သောကြောင့် ကျွန်တော်လိုချင်သော ထိုဘိုမရုပ်လေးကို ၀ယ်မပေးနိုင်ခဲ့ပေ။ လိုချင်လျှင် ပိုက်ဆံစုလေ ဟုလည်း ဘကြီးအောင်လို ညာမပြောခဲ့ကြောင်းလည်း ကျွန်တော် မှတ်မိနေပါသေး သည်။ ကျွန်တော့်၏ ဆန္ဒများသည် ငေးမောတောင့်တစွာ ရပ်ကြည့်နေရင်းမှ မျက်ရည်များအဖြစ် ပြောင်းလဲ စီးဆင်းသွားခဲ့သည်။ ပွဲတော်သည် သူ့ကိုယ်သူ လှလှပပ လိမ့်ကျံကာ ပရိသတ်ကို ဖျော်ဖြေနေလေသည်။ ဤသို့ဖြင့် လူငယ်ဘ၀သည် ပွဲတော်၏ ဖျားယောင်းဆွဲဆောင်မှုအောက်တွင် ဒူးထောက်ကျခဲ့သည်။ လူငယ်ဘ၀သို့ ရောက်သောအခါ အချစ်ဆိုသောအရာကို နှလုံးသားက တောင်းဆိုသည်။ ကျွန်တော်ချစ်မိသော ကောင်မလေးသည် သက်မွန်မြင့်နှင့် ၀ိုင်းစုခိုင်သိန်းတို့၏ အလှအပများကို အချိုးကျ ပေါင်းစပ်ထား သည့် အလားထင်ရလောက်အောင်ပင် ချောပလှပလွန်းခဲ့သော်လည်း သူမတွင် အစိမ်းရောင်သမ်းသော မျက်ဝန်းများ မရှိ။ သူမမျက်ဝန်းများသည် အညိုဖြစ်သောကြောင့် ကျွန်တော့် မိဘများအား လည်း သူမကို ၀ယ်ယူပေးရန် မတောင်းဆိုမိခဲ့။ တိုးတိုးလေး ကြေကွဲမိသောညများသည် ပွဲတော်၏ ဆူညံသော သီချင်းသံများအောက်တွင် ကျပျောက်ခဲ့ရသည်။ ငေးမောတမ်းတရင်း ပွဲတော်မှ ကျွန်တော်ပြန်ခဲ့ပါသည်။ အရာရာသည် ပြောင်းလဲ တတ်သည့် သဘောရှိပါသည်။ ထိုပြောင်းလဲတတ်သော သဘောတရားကို ကျွန်တော်နားလည်ဖို့ အချိန်များစွာ သိပ်မယူခဲ့ရပါ။ အမှတ်တမဲ့ တိုက်ဆိုင်လွန်းသော နေ့တစ်နေ့တွင် နောက်ဆုံးပေါ် ဇိမ်ခံကားကြီးတစ်စီး၏ မျက်နှာစာမှာ ကြိုးတန်းလန်းနှင့် ချိတ်ဆွဲထားသော မျက်ဝန်းညိုများပိုင်ရှင် သူမကို တွေ့လိုက်ရပါသည်။ ဇိမ်ခံကားကြီး၏ ယိမ်းထိုးလှုပ်ခါပြေးလွှားမှုမှာ သူမ၏ ရယ်သံလွင်လွင်လေးများကိုတော့ ကြားဖြစ်အောင် ကြားလိုက်မိပါသေးသည်။ သူမ၏ နောက်ကျောတွင် ထည့်ရသော ဓါတ်ခဲမှာ ငယ်ငယ်ကဘိုမရုပ်လေးထဲတွင် ထည့်ရသည့် ဓါတ်ခဲအသေးလေးများ ဟုတ်မဟုတ် ကျွန်တော်ထပ်မတွေးမိတော့။ ဘယ်လိုဖြစ်ဖြစ် အပြောင်း အလဲသည် ကျွန်တော့်လူငယ်ဘ၀ကို ရိုကျိုးစေခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။

၅။ မိုးခါးရေ ကျွန်တော်မသောက်ဖူးပါ။ မသောက်ဖူးသဖြင့် မည်သည့်အရသာရှိမှန်းလည်း ကျွန်တော် မပြောပြတတ်ပါ။ ကျွန်တော့်အား သောက်ရန်တိုက်တွန်းအားပေးသူများရှိခဲ့ပါသည်။ ကျွန်တော်သည် အ၀ိစီ တွင်းရေကိုသာ ခုံခုံမင်မင်နှစ်သက်စွာ သောက်သုံးချင်သူတစ်ယောက်ဖြစ်ပါသည်။ မိုးခါးရေဆိုသည်မှာ အမြင့်မှ ကျလာသလား။ အ၀ီစိတွင်းရေသည် အောက်ခြေမှ ထိုးထွက်လာသလား။ ကျွန်တော်သည် မည်သည့် ရေသယံဇာတအရင်းအမြစ်ရှာဖွေရေးလုပ်ငန်းတွင်မှ မလုပ်ကိုင်ခဲ့ဖူးပါ။ ကိုယ်ကျင့်တရားကို ငွေနှင့် ၀ယ်ယူ၍ မရနိုင်ပေ။ သို့သော ငွေနှင့် ၀ယ်ယူရရှိနိုင်သော အရာများထဲတွင် ကိုယ်ကျင့်တရားလည်း ပါဝင်ပါသည်။ `Money Make is Everything.´ `Money is small God.´ စသည်ဖြင့် မမှတ်မိတော့သော စာအုပ်အချို့တွင် ဖတ်ခဲ့ဖူးသည်။ ဥပေက္ခာကိုတော့ ကျွန်တော်မကြိုက်။ ဖြစ်နိုင်လျှင် ကရုဏာ၊ မုဒိတာနှင့် မေတ္တာတရား တို့အား အလုံအလောက်ဝယ်၍ သိုလှောင်ထားချင်ပါသည်။ ပြတိုက်ဖွင့်ရန် ကျွန်တော့်တွင် အစီအစဉ်မရှိပါ။ ကမ္ဘာပျက်မိုးကြီးရွာပြီးနောက်တစ်နေ့တွင် ထိုသိုလှောင်ထားသောအရာများကို အခမဲ့ပေးဝေရန်သက်သက်သာ ဖြစ်ပါသည်။ ကမ္ဘာသည် နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းလည်ပတ်သည်ဟု ကလေးဘ၀ သင်ရိုးညွှန်းတမ်းများတွင် သင်ကြားခဲ့ရဖူးသည်။ ထိုအဆိုသည် ယခုထက်တိုင် မှန်နေသေးသလား ကျွန်တော် မသိတတ်။ အချို့သူများသည် ကမ္ဘာထက်ပို၍ တိမ်းစောင်းလည်ပတ်ကြသည်။ အချို့သူများသည် ကမ္ဘာနှင့် ဆန့်ကျင်၍ ကိုယ့်ဝင်ရိုးပေါ်တွင် ကိုယ် ဖြောင့်မတ်စွာ လည်ပတ်ကြသည်။ လူနည်းစုမျှသာဖြစ်ပါသည်။ လူများစု မဟုတ်သဖြင့် လူနည်းစုဖြစ်နေရခြင်းလည်း ဖြစ်ပါသည်။

၆။ မည်မျှဆင်းရဲသူဖြစ်စေကာမူ ထိုသူတစ်ဦးတွင် နာမည်တစ်ခုတော့ ပိုင်ဆိုင်ကြသည်။ အချို့သော သူများသည် လူသေဆုံးသွားသော်လည်း နာမည်ရှင်သန်ကျန်ရစ်ကြသည်။ အချို့သောသူများကတော့ အသက် ရှင်သန်နေထိုင်နေသည့်တိုင် နာမည်များက သေဆုံးပုပ်ပွနံစော်နေလေ့ရှိသည်။ ကျွန်တော်တို့ အမည်နာမ များကို မည်သည့်နေရာများတွင် သဂြိုဟ်မြေမြှပ်ပစ်လိုက်ကြမည်လဲ။ သို့မဟုတ် မည်သည့် နေရာများတွင် ရှင်သန်အောင် စိုက်ပျိုးထားကြမည်လဲ။ စဉ်းစားမိဖို့ ကောင်းသည်။ အနုပညာတွင် ရေးထိုးထားသော ကျွန်တော်တို့၏ အမည်နာမများ လေဒဏ်မိုးဒဏ်ကြားတွင် ဆေးသားခိုင်ကြမည်လားဆိုသည်ကတော့ အချိန် ကာလက ဆုံးဖြစ်ပေးသွားပါလိမ့်မည်။ အမှားက ကမ္ဘာတစ်ပတ်ပတ်ပြီးချိန် အမှန်တရားက ခြေလှမ်းပြင် နေ တုန်းဟု စကားပုံများဆိုထားသလို အမှန်တရားသည် ဆိုက်ရောက်လာရန် ကြာတတ်လေ့ရှိသည်။ မည်သို့ပင် ဖြစ်စေ သေချာသည်ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ အမည်နာမအားလုံးအတွက် နေရာတစ်ခုတော့ အခိုင် အမာ တည်ရှိနေပါလိမ့်မည်။

မင်းနဒီခ


ဆရာကြီးဒဂုန်တာရာနှင့် ကြုံဆုံခဲ့ရ ခဏတာ



ဆရာကြီးဒဂုန်တာရာနှင့် ကြုံဆုံခဲ့ရ ခဏတာ



“ စကားပြောသလို ရေးရမည်။ မရေးရမည်ကို ကျွန်တော်ပြောရန်မရှိ။ ရေးသူတို့၏ အလုပ်ဖြစ်သည်။ ကျွန်တော့်အလုပ်မဟုတ်။ ကျွန်တော့်အလုပ်က စကားပြေနှင့် ကဗျာခြားနားသည်မှာ ကာရန်စနစ်ဖြစ်သည်ဟုပင် နားလည်ထားသည်။ သို့သော် ကာရန်အကြောင်းကို ကျွန်တော် ဒီနေရာတွင် မပြောလိုသေး။ စကားပြေပုံသဏ္ဍာန်၊ ကဗျာပုံသဏ္ဍာန်များကို ရွေးချယ်ခြင်းမှာ ရေးသူတို့၏ တာဝန်၊ ရေးသူတို့၏ အလုပ်ဖြစ်သည်။ ယခုအခါ ခေတ်ပေါ်ကဗျာဟုလည်းခေါ်၊ မော်ဒန်ကဗျာဟုလည်းခေါ်သော ကဗျာအမျိုးအစားနှင့် ပတ်သက်၍ ကျွန်တော်ပြောရန်မရှိ။ လူငယ်တို့သည် တစ်ခေတ်ထက် တစ်ခေတ်ဆန်းသစ် တီထွင်မှုကို လုပ်ရန်သာဖြစ်သည်ဟု ကျွန်တော် နားလည်ထားသည်။ ဖွဲ့နွဲ့သော စာပေပုံသဏ္ဍာန်ကို စာဖတ်သူတို့က လက်ခံအတည်ပြုလျှင် ယင်းစာပေခေတ်ကို အတည်ပြုမည်ဟု ကျွန်တော်မှတ်ယူသည်။ ထို့ကြောင့်ပင် ကျွန်တော်သည် ခေတ်ကို လုပ်နိုင်သူမဟုတ်။ ခေတ်ကသာ ကျွန်တော့်ကို လုပ်နိုင်သည်ဟု ဖော်ပြလိုခြင်းဖြစ်ပေသည်။”
ဒဂုန်တာရာ
မန္တလေးအနှစ် ၁၅၀ ပြည့် အမှတ်တရကဗျာစာအုပ်အမှာစာမှ

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက ကျွန်တော်တို့ နန်းရှေ့ Any Way စာပေ၀ိုင်းမှ ဆရာအနီမောင် စီစဉ်ထုတ်ဝေသည့် မန္တလေးမြို့တည်နန်းတည် အနှစ် ၁၅၀ ပြည့် စုပေါင်းကဗျာစာအုပ်ထုတ်သည့်အခါ ဆရာကြီးဒဂုန်တာရာဆီမှ အမှာစာ တောင်းခံခဲ့ပါသည်။ ဆရာကြီးကလည်း လိုလိုလားလား ရေးဖွဲ့ပေးခဲ့သည်။ ကျွန်တော်တို့ကလည်း ဆရာကြီးဆီကို ကဗျာ စာအုပ် လက်ဆောင်နှင့်အတူ ဗွီနိုင်းတစ်ခုမှာ အမှတ်တရလက်မှတ်ထိုးများဖြင့် ဆရာကြီးထံ လက်ဆောင်ပြန်ပေးပို့ခဲ့သည်။ ထိုအမှတ်တရဗွီနိုင်းတွင် ကျွန်တော်က ဆရာကြီး ဒဂုန်တာရာ၏အသက် ၉၀ ပြည့်မွေးနေ့ အမှတ်တရ ကဗျာတစ်ပုဒ် ရေးဖွဲ့ ဖြစ်ခဲ့သည်။

လေနုအေးတို့ တနွဲ့နွဲ့အနော့မှာ
ရွှေအိုရောင်မယ်ဇယ်ပွင့်တို့ စီစီညီညီ
တစ်ပွင့်စီ တွဲသီကုံးတော့
ကိုးဆယ်ပွင့်ညီ
တေးအလင်္ကာ စာပန်းချီ ဖွဲ့သီခြယ်မှုန်း
လက်ရုံးပီပီ နှလုံးလှ ဆရာ့ဂုဏ်ရည်
မျှော်ရည်ကန်တော့
နောင်နှစ်ပေါင်းအလီလီ
ရွှေအိုရောင်မယ်ဇယ်ပွင့်ကို
လေနုအေးတို့ တနွဲ့နွဲ့ နော့နေဦးမည်။

၂၀၁၀ ကျွန်တော်အလုပ်ကိစ္စဖြင့် ကလောမြို့လေးသို့ ရောက်ဖြစ်တော့ ဆရာနိုင်မွန်အောင်သွင်နှင့် တွေ့ဆုံဖြစ် သည်။ အောင်ပန်းမှ ဆရာကြီး၏ အိမ်လိပ်စာကို မသိသဖြင့် ဆရာနိုင်မွန်အောင်သွင်ဆီမှ လိပ်စာမေးရသည်။ အောင်ပန်း ရောက်တော့ ဆရာကြီးအိမ်သို့ ညနေပိုင်းမိုးချုပ်လုအချိန်မှ ရောက်သွား သည်။ မန္တလေးမှ ကဗျာဆရာဧည့်သည်ဆိုတာနဲ့ ဆရာကြီးသည် အိပ်ယာထဲတွင် ရေဒီယိုနားထောင် နေရာမှ ထလာပေးသည်။ ကျွန်တော့်ကို အရေးတယူ စကားပြော ပေးခဲ့သည်။ မန္တလေးမှ ဆရာ နေ၀င်းမြင့်၊ ဆရာညီပုလေးတို့အကြောင်း။ မန္တလေးကဗျာဆရာများ အကြောင်း မေးသည်။ ဂျာနယ်၊ သတင်းစာများ အကြောင်းမေးမြန်းသည်။ ဆရာကြီးသည် သတင်းများကို အမြဲတမ်းနားစွင့်နေသည်။ ကမ္ဘာကြီးကို မျက်ခြေမပြတ်။ မျက်စိက စာမဖတ်နိုင်တော့ပေမယ့် စာပေနှင့် အဆက်မပြတ်အောင် နေသည်။
၂၀၁၂ ခုနှစ် မေလ(၁၀) နေ့က ဆရာကြီးဒဂုန်တာရာရဲ့ ၉၃ နှစ်ပြည့် မွေးနေ့မှာ အောင်ပန်းကို ကျွန်တော် သွားရောက် ကန်တော့ခဲ့ပါသည်။ ကန်တော့ရင်းနဲ့လည်း ကျွန်တော် မတ်လတုန်းက ထွက်ခဲ့သည့် ကျွန်တော့်၏ ပိုးသား ရောင် ပင်လယ်လမ်း ကဗျာစာအုပ်လေးကိုပါ ကန်တော့ခဲ့ပါသည်။ ဆရာကြီးသည် မွေးနေ့ပွဲ အစကနေ အဆုံးအထိ ကျွန်တော့် ကဗျာစာအုပ်လေးကို လက်ကမချဘဲ ကိုင်ထားတာကို တွေ့ရသည့်အခါ အလွန်ပင် ၀မ်းသာပီတိဖြစ်ရသည်။။ မွေးနေ့ပွဲနေ့လည်ပြီးတော့ ညနေပိုင်းမှာ ဆရာကြီးအိမ်ကို နှုတ်ဆက်ဖို့ တစ်ခေါက်ထပ်သွားသည့်အခါ ဆရာအံ့မောင်နှင့် အတူတူ အိမ်အောက် ထပ်ဧည့်ခန်းလေးမှာထိုင်ရင်း စကားပြောနေတာကိုတွေ့ရသည်။ ကျွန်တော်လည်း ၀င်ထိုင် နားထောင် ရင်း ဆရာကြီးနှင့် စကားနည်းနည်းပြောဖြစ်ခဲ့ပါသည်။

ဒဂုန်တာရာ။ ။ အခုမင်းနဒီခရဲ့ ကဗျာစာအုပ်လေးပေါ့နော်။ ဘယ်လိုကဗျာတွေ ပါသလဲ။

ကျွန်တော်။ ။အများစုကတော့ ခေတ်ပေါ်ကဗျာတွေပါပဲ ဆရာ။ တစ်ချို့ကဗျာလေးတွေကတော့ စမ်းသပ်ကဗျာပဲ ခေါ်ရမလား။ ခေတ်ပေါ်ဟန်နဲ့ မတူတာလေးတွေလည်း ပါပါတယ် ဆရာ။

ဒဂုန်တာရာ။ ။ ကောင်းတယ်ဗျ။ စမ်းသပ်ရမယ်။ ဒါနဲ့ ကာရန်သုံးသေးလား။ ကျွန်တော်က မဖတ်နိုင်တော့ သူများ ဖတ်ပြတာပဲ နားထောင်ရတယ်။

ကျွန်တော်။ ။ ဟုတ် ဆရာ။ ကာရန်က ပီပီပြင်ပြင်တော့ မပါတော့ဘူး။ တစ်လုံးစ နှစ်လုံးစ ချိတ်ရုံလောက်ပဲပါတော့တာ ဆရာ။ လုံးလုံးမပါတော့တာမျိုးမဟုတ်ပေမယ့် ကာရန်စနစ်ကို မသုံးဖြစ် တော့တာပါ ဆရာ။

ဒဂုန်တာရာ။ ။ ကာရန်ကို ဘာလို့ မသုံးတော့တာလဲ။ မကြိုက်လို့လား ( ဆရာကြီးက ပြုံးနေတယ်)

ကျွန်တော်။ ။ ကာရန်ကို ကြိုက်ပါတယ်ဆရာ။ မသုံးဖြစ်တာပါ။

ဒဂုန်တာရာ။ ။ ဒါဆို ကာရန်ကို ကြောက်လို့လား။

ဆရာကြီးက ပြုံးနေဆဲပါပဲ။ ဆရာအံ့မောင်ကလည်း ကျွန်တော့်ကို ပြုံးပြီး ကြည့်နေသည်။ ကျွန်တော်လည်း ကာရန်ကို ကြောက်လို့လား ဆိုတဲ့မေးခွန်းကို ဘာပြန်ဖြေရမှန်း လွယ်လွယ်နဲ့ စဉ်းစားမရ။ ဒါနဲ့ ကျွန်တော်က အဲဒီလိုလည်း မဟုတ်ပါဘူးဆရာ လို့ ရယ်ကျဲကျဲနဲ့ ပြန်ဖြေလိုက်တော့ ဆရာကြီးက ကျွန်တော့်ကို အဲဒီစာအုပ်ထဲက ကဗျာတစ်ပုဒ် ဖတ်ပြပါလား ဟု ပြောသည်။ ကျွန်တော်လည်း ခပ်တိုတို နှင့် အလွတ်ရနေသည့် ပင်လယ် ဆိုသည့် ကဗျာတစ်ပုဒ်ကို ဆရာကြီး ကြားနိုင်ရုံလေး ရွတ်ပြလိုက်သည်။ ဆရာကြီးက ကျွန်တော်ရွတ်ပြတဲ့ ကဗျာကို အလေးအနက် နားထောင် ပေးသည်။ နောက်ထပ် ပြောဖြစ်သည့်စကားများမှာ မန္တလေးက စာရေးဆရာတွေအကြောင်း၊ ကဗျာဆရာတွေ အကြောင်း၊ တောင်လေးလုံးအကြောင်းတွေပင် ဖြစ်သည်။ ကျွန်တော့်ဘ၀အတွက် မမေ့နိုင်စရာကောင်းသည့် တကယ့်အမှတ်တရ နေ့လေးတစ်နေ့ ဖြစ်ခဲ့ရပါသည်။
၂၀၁၃၊ မေ (၁၀) ဆရာကြီး၏ (၉၄)နှစ်ပြည့် မွေးနေ့ကိုမူ ကျွန်တော်မရောက်နိုင်ခဲ့။ ၂၀၁၃၊ သြဂုတ်လ(၁၉) တွင် အောင်ပန်း၊ သာမိုင်းခမ်းနေအိမ်လေးမှာပင် ဆရာကြီးကွယ်လွန်ဆုံးပါးသွားကြောင်း ကျွန်တော်တို့ သတင်းကြားရသည်။ ဆရာကြီး၏ နောက်ဆုံးခရီးကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်မပေးနိုင်ခဲ့ပေမယ့် ၂၀၁၃ စက်တင်ဘာ ၁၉ မှာ `ငြိမ်းချမ်းရေး စာဆိုတော် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်းတစ်လပြည့် အထိမ်းအမှတ်´ အခမ်းအနားကို ရာပြည့်မန္တလေး စာအုပ်ဆိုင် (၃၄ လမ်း) မန္တလေးမြို့ခံ ကဗျာဆရာများ၊ စာရေးဆရာများ၊ ဆရာကြီးကို ချစ်မြတ်နိုး တန်ဖိုး ထားသူများ စုပေါင်းပြီး ကျင်းပခဲ့ကြပါသည်။
မှတ်မိသလောက်ပြောရရင် ဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ မောင်နွေထက်၊ ဆရာ စိုးနိုင်(မန္တလေး တက္ကသိုလ်)၊ ဆရာ အနီမောင်၊ ဆရာ ညီပုလေး၊ ဆရာသင့်နော်၊ ဆရာစိုးဘားဒိုင်၊ ဆရာ ခင်မောင်နိုင်ဦး၊ ဆရာ မောင်သင်းပန်တို့ အမှတ်တရ အောက်မေ့ဖွယ် စကားပြောကြားခဲ့ကြသည်။ ထိုအခမ်းအနားတွင် ဆရာ ညီပုလေးက “ခေတ်မျိုးစုံ ကို ဖြတ်သန်းခဲ့တဲ့လူ ဆရာကြီးမှာ အတွေ့အကြုံတွေ အများကြီးရှိတယ်၊ ပြီးတော့ စာပေတွေဖွဲ့တဲ့အခါမှာ ကဗျာတင်မကဘူး၊ ခရီးသွားဆောင်းပါးတွေရော အတ္ထုပ္ပတ္တိရုပ်ပုံလွှာရေးတဲ့နေရာမှာ သူမတူတဲ့လူဗျ၊ သြဇာ အလွန်ကြီး ပါတယ်၊ ထင်ရှားတာကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်စားတယ်ဗျ၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ တပည့်တွေ ပီသပါပေတယ်၊ ဒီပုဂ္ဂိုလ်မျိုးဆုံးရှူံးတာဟာ ဘာနဲ့မှအစားထိုးလို့လည်း မရပါဘူး” လို့ ပြောကြားခဲ့သည်။
ဆရာကြီးထံမှ ကာရန်မဲ့ချင်မဲ့ အဘိဓမ္မာမမဲ့နဲ့ ဆိုသည်ကို ကြားခဲ့ရသည်။ ရန်သူမရှိ မိတ်ဆွေသာရှိ ဟု ကြွေးကြော်ခဲ့သည် ဆရာကြီးဒဂုန်တာရာသည် တိုင်းပြည်နှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကို မြင်မသွားရသော်လည်း ခန္ဓာဝန်ကြီး၏ ငြိမ်းချမ်းရေးတရားကိုတော့ ရှာတွေ့သွားတာသေချာခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာကြီးသည် ဘယ်အချိန်ကြည့်ကြည့် မြင်ရတဲ့သူကိုပါ ဆရာကြီး၏ ငြိမ်းချမ်းမှုတရားကို ကူးစက်ခံစားရစေပါသည်။ ကျွန်တော်တို့ ကောင်းကင်မှာ ထာဝရထွန်းလင်း တောက်ပလမ်းပြနေမည့် တာရာဆိုတာ ဆရာကြီးဒဂုန်တာရာပင် ဖြစ်သည်။ ထိုအလင်း ရောင်သည် ဘယ်သောအခါမှ မှေးမှိန်ဖျော့ရော့သွားမည် မဟုတ်။ ဆရာကြီး ကောင်းရာသုဂတိလားမည်ကို ယုံကြည်ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့လေးတွင် ပန်းနုရောင်အို၏ လေနုအေးများသည် ကမ္ဘာတည်သရွေ့ တနွဲ့နွဲ့ နော့နေပါလိမ့်ဦးမည်။

မင်းနဒီခ

နွေဦးရာသီ အိပ်မက်တရေးနိုး


                                                          နွေဦးရာသီ အိပ်မက်တရေးနိုး

တောင်လေသည် နွေရာသီကို ကိုက်ချီပျံသန်း၍ လာချေပြီ။ ပူပြင်းအိုက်စပ်သော နွေညများသည် အိပ်မက်နှင့် အိပ်စက်ခြင်းကို ပုဝါတကမ်းအလှမ်းဝေးစေခဲ့သည်။ မိတ်ဆွေ သင်အိပ်မက်မက်ဖူးပါသလား။ မီးသတိပြုပါ။ ကြွေသွေားသော သစ်ရွက်လေးတစ်ရွက်၏ ဈာပနကို သတင်းစာတစ်စောင်တွင် ၀မ်းနည်းကြောင်း နာရေးကြော်ငြာဖတ်လိုက်ရသည်။ ကိစ္စမရှိပါ။ ကျွန်ုပ် အိပ်မက်မက်ဖူးသည်။ မနေ့ညက ဖြစ်သည်။ သင့်မျက်နှာပေါ်မှ ကပ်ညှိနေသော ဖုန်မှုန့်များကို ဖြူစင်သော တစ်ရှူးစက္ကူဖြင့် သုတ်လိုက်ပါ။ ရေအေးအေး တစ်ခွက်မော့သောက်ပါ။ ကြံရည်တစ်ခွက် သုံးရာ။ မဟာသင်္ကြန်အထူးလျော့ဈေးနှင့် ခါတော်မှီဝတ်ဆင်နိုင်သော ဖက်ရှင်ဒီဇိုင်းများ ရောင်းချနေပါပြီ။ စာများများဖတ်ပါ။ သုတ၊ ရသ စာပေများထက် ကြော်ငြာများများဖတ်ခြင်းသည် သင့်ကို အခွင့်အရေးကောင်းများ အမြန်ဆုံးတွေ့စေနိုင်ပါသည်။

သင်္ကြန်ကား တပေါင်းလတွင် ကျချေပြီ။ အောင်ဘာလေထီများများထိုးပါ။ သင့်၌ ခပ်ပြီးသား ရေအေးအေးတစ်ခွက် မသောက်ရသေးလျှင် ထီဆိုင်မှ အရောင်းစာရေးမလေးအား လောင်းလိုက်ပါ။ ပြဿနာသည် ကျွန်ုပ်နှင့် မဆိုင်။ ကျွန်ုပ်နှင့် ဆိုင်သော အရာများမှာ ကဗျာ၊ အယ်ဒီတာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာမူခနှင့် မနေ့ညက မက်သော အိပ်မက် တစ်ခုသာ ဖြစ်သည်။

ရေနီမြောင်းရေသည် နွေဥတု၏ သောက်သုံးမှုကြောင့် တဖြည်းဖြည်းလျော့နည်းစပြုချေပြီ။ ဆောင်းကာလအတွင်း က အနွေးထည်မ၀တ်နိုင်ရှာသော ကလေးငယ်တစ်ယောက်သည် လမ်းမပေါ်တွင် ရေခဲချောင်းရောင်းနေသည်။ မျက်နှာပေါ်တွင် သနပ်ခါးအပြည့်လူးထားသော ပန်းရံသမလေးတစ်ယောက် သဲတောင်းကို ခေါင်းပေါ် ရွက်တင် လိုက်သည့် အချိန်တွင် ဘတ်စ်ကားစပယ်ယာလေးသည် ကားပေါ်မှ ခုန်ဆင်းကာ ဈေးချိုလိုက်မလား ဈေးချို
 ဈေးချို ဟု အော်ကာ တွေ့သမျှလူ လက်ဆွဲကာ ကားပေါ်တင်လေသည်။ သင်ကော ဘယ်ကိုသွားမည်လဲ။   နှစ်သက်ရာမေးခွန်းတစ်ခုကိုသာ ဖြေဆိုပါ။ အချိန်စေ့မှ အခန်းအပြင်သို့ ထွက်ပါ။ အဖြေစာရွက်များအား အခန်း အပြင်သို့ သယ်ဆောင်မသွားရ။

မျက်နှာပေါ်တွင် ကပ်ညှိနေသော ဖုန်မှုန့်များကို ဖြူစင်သော တစ်ရှူးစက္ကူဖြင့် သုတ်လိုက်ပြီးသည့်အခါ လက်ဖက် ရည်ဆိုင်ထဲမှ စားပွဲထိုးလေးက ပုံမှန်ပဲလား အစ်ကို ဟု မေးသည်။ ပုံမှန်၏ ပုံမမှန်ခြင်း ပြဿနာမှာ ကျွန်ုပ်မိတ်ဆွေ ကဗျာဆရာ၏ ကဗျာတစ်ပုဒ်ခေါင်းစဉ်ဖြစ်သည်။ ထိုအကြောင်းကို စားပွဲထိုးလေးအား ရှင်းမပြဖြစ်တော့ဘဲ ခေါင်းကို သာ အသာညိတ်ပြမိလိုက်သည်။ ပြဿနာမဟုတ်ပါ။ ခဏကြာတော့ လျော့နည်းပျောက်ဆုံးသွားသော    ရေနီမြောင်းရေ သည် လက်ဖက်ရည်ပန်းကန်ထဲသို့ ခပ်တည်တည်ဝင်ထိုင်၍ ကျွန်ုပ်ရှေ့သို့ ရောက်လာသည်။ တိုင်မှာ ချိတ်ထားသော်လည်း တိုင်မကပ်ဘဲ ကွာနေသာ နာရီကို လှမ်းကြည့်မိသည့်အခါ နေ့လည် နှစ်နာရီ တိတိ။ မကြာမီ ချိန်းဆိုထားသော ကျွန်ုပ်ချစ်သူ ရောက်ရှိ လာတော့မည်ဖြစ်သည်။

မိတ်ဆွေ မနေ့ညက မက်သည့် အိပ်မက်ကို သင်မှတ်မိပါသလား။ ကျွန်ုပ်မှတ်မိသည်။ အတာသင်္ကြန် သည် ကြော်ငြာသင်္ကြန်အဖြစ် မည်သည့်နှစ်က ပြောင်းလဲခဲ့ပါသလဲ။ ကတ္တရာလမ်းမပေါ်မှ တလက်လက် ထနေသော တံလျှပ်များအကြောင်း ကဗျာတစ်ပုဒ်တော့ ရေးရဦးမည်။ အညာက နွေ၏ ဒဏ်ကို မမှု။ မြို့ပြက လေအေးပေးစက်ဖြင့် နွေကို အန်တုနေရတာ သနားစရာကောင်းသည်။ ကိစ္စမရှိပါ။ မနေ့ညက အိပ်မက် ထဲတွင် သင်မပါ။ ကျွန်ုပ်ချစ်သူသာ ပါသည်။ သူမ၏ ပထမဆုံး အက္ခရာစာလုံးမှာ ဗုဒ္ဓဟူးနံ `၀´ အက္ခရာဖြင့် စသော်လည်း ၀ိုင်းစုခိုင်သိန်းမဟုတ်။ ၀တ်မှုန်ရွှေရည်မဟုတ်။ ထို့ပြင် `၀´ အက္ခရာဖြင့် နာမည်စမှည့် ထားသော် လည်း သူမမျက်နှာသည် ၀ိုင်းဝိုင်းလေးမဟုတ်။ ၀န်းဝန်းလေးမဟုတ်။ လေးထောင့်အနည်းငယ်ဆန်ပါသည်။ မည်သို့ပင် ရှိပါစေ။ ပြဿနာမဟုတ်ပါ။ ပြဿနာဖြစ်လျှင် ဖုန်းဆက်ပါလိမ့်မည်။ မနေ့က မီးကင်းစောင့်သော ကင်းတဲသည် ခြင်ဆေးထွန်းပြီး အိပ်ပျော်သွားသော ကောင်လေးတစ်ယောက်ကြောင့် ရပ်ကွက်က နိုင်းဝမ်းဝမ်းသို့ ဖုန်းဆက်လိုက်ရသည်။ ထိုကောင်လေးသည် အိပ်မက်မက်ခဲ့ပါသလား။ ထို့ပြင် ထိုကောင်လေး၏ အိပ်မက်ထဲတွင် ကျွန်ုပ်ကောင်မလေး၏ မျက်နှာပါ မပါ အာမမခံနိုင်ပါ။

မိတ်ဆွေ ရောက်ရာအရပ်က အမြန်ပြန်လာပါ။ သင့်ကို နွေဦးရာသီက စောင့်ကြိုလျှက် ရှိပါသည်။ စားပွဲပေါ် မှ အေးစက်သော အနီရောင် လက်ဖက်ရည်ကို မော့သောက်ပြီးသည့်အခါ တိုင်ကွာနာရီက သုံးနာရီ ထိုးပြီဟု လှမ်းအော်သည်။ နွေ၏ ပူလောင်ပြင်းပြမှုသည် လူတစ်ယောက်၏ မသိစိတ်ကို သွေးကြွဆူပွက်စေနိုင်သည်။ မယုံလျှင် အဲဗက်ကမူး၏ The Outsider ကို စာအုပ်ကို ဖတ်ပါ။

နွေရာသီသည် ဥသြငှက်တို့၏ အော်မြည်သံကို မကြားရ။ ဆောက်လက်စတိုက် အိမ်ရှေ့မှ ကျောက်သွေးလောင်း စက်သံ၊ကားစပါယ်ရာအော်သံနှင့် ရေခဲပုံးပေါ်တွင် အေးချမ်းဟု ရေးထားသော ရေခဲချောင်းရောင်းသည့်
 ကောင်လေး၏ ဂလိုင်ခေါက်သံကိုသာ ကြားရသည်။ မိတ်ဆွေ ကျွန်ုပ်အိပ်မက်ထဲမှ လေးထောင့်ဆန်ဆန် မျက်နှာပိုင်ရှင်ကောင် မလေး ၏ ရယ်သံတလွင်လွင်ကို ကြးလိုက်မိပါသလား။ ကျွန်ုပ်ကြားလိုက်ရသည်။ သူမ၏ ဖြောင့်ထားသော ဆံနွယ်စလေးများပင် လူးလွန့်ခါယမ်းမတတ် သူမ အားပါးတရ ရယ်မော နေခဲ့သည်။ သို့သော် ဘယ်အတွက်ကြောင့် ဒီလောက်အထိ ရယ်မောနေခဲ့မှန်း ကျွန်ုပ်မသိ။ ကျွန်ုပ်သိသည်မှာ သူမ၏ ကလေးဆန်ဆန် အမူအယာလေးမှာ ကျွန်ုပ်ခန္ဓာအတွင်း စီးဆင်းနေသာ သွေးများကို ဆူဝေတက်ကြွစေခဲ့သည်။

ဝတ်ထားသော အင်္ကျီ၏ အပေါ်ဆုံးကြယ်သီးတစ်လုံးကို ဖြုတ်ပစ်လိုက်သောအခါ နေရောင်သည် ကျွန်တော့် မျက်နှာပေါ်မှ အတန်ငယ် တိမ်းစောင်းသွားချေပြီ။ မည်သူပြန်ကပ်သွားမှန်းမသိသော တိုင်ကပ်နာရီမှ စိတ်ရှည် သည်းခံစွာ အသံမှန်မှန်လေးချက် ကြားလိုက်ရသည်။ တစ်ခါတုန်းဆီက မျှော်ပေါ့လေးနာရီ ထိုးပြီပေါ့။ တက်နေနှင့် ကျနေ မည်သည့်နေက ပိုပူကြောင်း ကျွန်ုပ်မသိပါ။ ကျွန်ုပ်သိသည်မှာ ယခုသောက်နေသည့် လက်ဖက်ရည်ဆိုင်မှ အမြန်ဆုံးပြန်ဖို့ အချိန်ကျပြီဖြစ်ကြောင်းသာ ဖြစ်သည်။ သည်လိုနှင့် သူမရောက်မလာနိုင်ခဲ့ သည်မှာ နွေဦးမည်မျှ ရှိခဲ့ကြောင်းကိုတော့ ကျွန်ုပ် မမှတ်မိတော့ပါ။ ကတ္တရာလမ်းမပေါ်တါင် အရည်ပျော်နေသော ကတ္တရာစေး များကို တွေ့ရသည်။ မနေ့ညက အိပ်မက်သည် နွေ၏ အပူရှိန်အောက်တွင် ကတ္တရာစေးများနှင့်အတူ ပျော်ဆင်း
သွားခဲ့ချေပြီ။ လက်ထဲမှ သောက်လက်စစီးကရက်ကို မြေကြီးကိုပစ်ချကာ ခြေထောက်နှင့် နင်းချေလိုက်ပြီးနောက်။

ထိုနောက်အကြောင်းတရားများသည် ကျွန်ုပ်မမှတ်မိသော အိပ်မက်၏ အစွန်းထွက်များသာ ဖြစ်နေပါလိမ့်မည်။


မင်းနဒီခ

စွန်ပလွန်သီးတွေ ကြွေကျပြီး နောက်တစ်ရက်

စွန်ပလွန်သီးတွေ ကြွေကျပြီး နောက်တစ်ရက်

စစ်ကျန်ဘတ်စ်ကားကြီးတစ်စီးဟာ မြို့ကြီးတစ်မြို့ကို သူ့ရင်ဘတ်ထဲ ထည့်ဖွက်ပြီး ရှေးဟောင်းပြတိုက်ထဲက ထွက်ပြေးလာတယ်။ သူကတော့ ကယ်တင်တာလို့ ပြောတာပဲ။ မြို့ကြီးကတော့ မွန်းကျပ်လို့။ အဲဒီမွန်းကျပ်နေတဲ့ မြို့ကြီးဟာ သတိရတိုင်း သူသိမ်းဆည်း ထားတဲ့ ခေါင်းတလား တွေကို ထုတ်ထုတ်ကြည့်တယ်။ ကမ္ဘာကျော် သူဌေးကြီးက သူ့ဘဏ်တိုက်ထဲက ရွှေချောင်းတွေကို ပျောက်သွားမှာစိုးလို့ ခဏခဏရေတွက်နေသလိုမျိုးပေါ့။ ဒီလိုထုတ်ကြည့်တိုင်း ခေါင်းတလားထဲ အိပ်ပျော်နေတဲ့ အလောင်းကောင်တွေခမျာ စိတ်ညစ်နေရတာကို မြို့ကြီးကမသိဘူး။ ဟုတ်တာပေါ့။ အလောင်းကောင်တွေခမျာ တစ်ညလုံးလုံးအိပ်ရသေးတာမဟုတ်ဘူး။ သူတို့အလုပ်ကလည်းညအမှောင် ရိပ်ခိုပြီး လူတကာမသိအောင်လမ်းထလျှောက်ရတာ။ ညလယ်လမ်းမမှာ သူတို့ခြေရာ တွေချည်းပဲ ရှုပ်ရှက်ခတ်လို့။ တစ်ခါတစ်လေ အမူးလွန်ပြန်လာတဲ့ အိမ်ခြေမဲ့အဘိုးကြီးတွေ ဆဲဆိုကြိမ်းမောင်းတာ ခံရသေး တယ်။ ခွေးတွေကလည်း ထိုး ထိုးဟောင်တာ ခံရသေးတယ်။ အလောင်းကောင်တွေဟာ ဟောဒီကမ္ဘာကြီးပေါ်က ခွေးမရှိတဲ့တိုင်းပြည်မှာ လူဖြစ်ရပါလို၏လို့ ဆုတောင်းနေတာ ကြားဖူးတယ်။ ဆုတောင်းမှုတွေ ပြုလုပ်ဖို့ အတွက်တော့ သူတို့ဟာ တနင်္ဂနွေတွေကို စောင့်နေစရာမလိုဘူး။ ဥပုသ်နေ့တွေကို စောင့်နေစရာ မလိုဘူး။ သူတို့စောင့်နေတဲ့ တစ်ခုတည်းသောအရာက ပျော်ရွှင်ခြင်းပဲ။ သူတို့စောင့်နေတဲ့ ပျော်ရွှင်ခြင်း ကလည်း ရောက်ဖို့တော်တော်ကြာဦးမယ်ဆိုတာ သူတို့မသိဘူး။ ဘယ်လောက်တောင် ကြာဦးမလဲ ဆိုတော့ မပျော်ရွှင်ခြင်းတွေ ကမ္ဘာကြီးတစ်ခုလုံး ဆိတ်သုဉ်းသွားတဲ့အချိန် မှ ပျော်ရွှင်ခြင်းက ရောက်လာ မှာ။ အခုတော့ ပျော်ရွှင်ခြင်းဟာ ကမ္ဘာကြီးထောင့်ကျဉ်းလေးထဲ ငိုက်မျဉ်းလို့။ အိပ်မက်တွေ ဘာတွေ တောင် မက်လို့။ ပျော်ရွှင်ခြင်းဟာ သူ့ရဲ့ အပြစ်ကင်းဖြူစင်ခဲ့တဲ့ ကလေးဘ၀တွေကို သူ့အိပ်မက်ထဲမှာ ထည့်ထည့်မက်တယ်။ အရမ်းကို ပျော်ရွှင်စရာကောင်းခဲ့တဲ့ အချိန်လေးတွေပေါ့လို့လည်း မကြာခဏ ရေရွတ်တယ်။ တစ်ခါတစ်လေကျတော့လည်း ပျော်ရွှင်ခြင်းဟာ တစ်ကိုယ်တည်း ညည်းတွား လို့။ ငွေကြေးနဲ့ ပုံသွန်းမိတ္တူပွားထားတဲ့ ပျော်ရွှင်ခြင်းတွေ ကမ္ဘာကြီးပေါ်မှာ နေသားတကျဖြစ်နေတာကို သူစိတ်နာ တယ်။ အခုတော့ သူဟာ သူ့နေရာလေးကနေ တစ်ဖ၀ါးမှ မခွာနိုင်သေးဘူး။ သူဘယ်တော့မှ အဲဒီထောင့်ကျဉ်းလေး ထဲကနေ ထွက်ခွာခွင့်ရမယ်ဆိုတာလည်း သူကိုယ်တိုင်မသိဘူး။ တကယ်တမ်း ကျတော့လည်း မသိခြင်းတွေဟာ သဘာဝကျကျရှင်သန်နေတာပါပဲ။ စကြ၀ဠာကြီးရဲ့ အဆုံးကို မသိဘူး။ ကမ္ဘာကြီးရဲ့ အစကို မသိဘူး။ လူဆိုတာရဲ့ အစကို မသိဘူး။ ကြက်ဥနဲ့ ကြက်မ ဘယ်ကစလဲ ဆိုတာမသိဘူး။ အသက်ရှင်ရပ်တည်မှုရဲ့ အဓိပ္ပာယ်ကို မသိဘူး။ ဒီထက်ဆိုးတာက လေချွန်သံတွေကို ဘယ်သူစတင်တွေ့ရှိခဲ့သလဲဆိုတာပါပဲ။ ပျော်ရွှင်ခြင်းဟာ နားထဲမှာ လေချွန် သံတွေကိုပဲ ကြားကြားနေ ခဲ့တာ ကြာပြီ။ တကယ်တမ်းကျတော့ လေချွန်သံဆိုတာ ပျော်ရွှင်ခြင်းနဲ့ တိုက်ရိုက် ပတ်သက်နေတယ် ဆိုတာပဲ။ လေချွန်သံတွေဟာ လူ့လောကထဲက ထွက်ပေါ်လာတာတော့ သေချာတယ်။ တစ်ချို့ လေချွန်သံတွေဟာ သွေးညှီနံ့တွေ ရတယ်။ တစ်ချို့လေချွန်သံတွေက ငွေနံ့ကြေးနံ့တွေ ထုံလွှမ်းလို့။ တစ်ချို့လေချွန်သံတွေကတော့ ရမ္မက်တွေ ဆူဝေနေတယ်။ တစ်ချို့လေချွန်သံတွေက မူးယစ် သောက်စားထားပြီး တစ်ချို့လေချွန်သံတွေကတော့ ဘ၀င်မြင့်နေပုံခံစားရတယ်။ တစ်ခါတစ်လေတော့ ခြောက်ကပ်နေတဲ့ လေချွန်သံ ခပ်အက်အက်ကိုလည်း ကြားရတတ်ပါသေးတယ်။

အမှန်အတိုင်းဝန်ခံ ရရင် အဲဒီခြောက်ကပ်နေတဲ့ လေချွန်သံတွေက ကဗျာဆရာ တစ်ယောက်ဆီက လာတာပါ။ အဲဒီ ကဗျာဆရာဟာ ကဗျာတစ်ပုဒ်ပြီးသွားတိုင်း အဲဒီလိုခြောက်ကပ် ကပ်လေချွန်တတ်လေ့ရှိတယ်။ ကဗျာဆရာ ဟာ ဘယ်တော့မှ မပျော်ရွှင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူရေးတဲ့ ကဗျာတွေဟာ သူ့ပတ်ဝန်းကျင်ကနေ ကဲ့ယူထားတဲ့ ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်ကနေ ထွက်ပေါ်လာတဲ့ အသံတွေကိုပဲ သုံးစွဲတည်ဆောက်ထားတာမို့ပဲ။ ကဗျာဆရာဟာ ညနေ ညနေဆို မီးအိမ်မှိန်မှိန်လေးထွန်းထားတဲ့ အရက်ဖြူဆိုင်လေးကို သွားတယ်။ အဲဒီအရက်ဖြူဆိုင်လေးရဲ့ အမှောင်ကျနေတဲ့ စားပွဲတစ်ခုမှာထိုင်ရင်း ကော်ဖီပူပူလေးတစ်ခွက်လို့ အမြဲမှာတယ်။ သူက ဘယ်ကော်ဖီဖြစ်ဖြစ်သောက်တယ်။ တံဆိပ်မရွေးဘူး။ သူမှာတဲ့ ကော်ဖီဟာ အနည်းငယ်ခါးသက် ရမယ်။ ကော်ဖီဟာ ကော်ဖီဖြစ်တဲ့အတွက် ကော်ဖီဓါတ်တော့ပါရမယ်လို့ သူပြောဖူးတယ်။ ဒါပေမယ့် ကဗျာဆရာ ဟာ ကဗျာဆရာဖြစ်ရင် အရက်သောက် တတ်ရမယ်ဆိုတဲ့ သီအိုရီကို ဆန့်ကျင်တယ်။ သူဟာ အရက်ဆိုင် မှာ ကော်ဖီလာထိုင်သောက်တဲ့ တစ်ဦးတည်းသော ကဗျာဆရာပဲ။ သူက အရက် ဆိုင်ထဲက လူတစ်ချို့ရဲ့ မူးပြီး အန်ထွက်လာတဲ့ အန်ဖက်ဆန်ဆန်စကားလုံးတွေကို သူ့ကဗျာထဲမှာ ဆွဲယူ သုံးတတ်တယ်။ ဒါကြောင့် သူ့ကဗျာ ဖတ်သူ တွေဟာ အရက်မသောက်ရဘဲ ခေါင်းတွေမူးတယ်။ သူ့ကဗျာတွေကို နားမလည်ဘူး။ ဒါကြောင့်လည်း ကဗျာဆရာဟာ သူ့ကဗျာတစ်ပုဒ်ပြီးသွားတိုင်း ခြောက်ကပ်ကပ်အသံနဲ့ လေချွန်တော့တာပါပဲ။ တစ်ညနေကျတော့ ကဗျာဆရာဟာ အရက်ဖြူ ဆိုင်လေးကို ရောက်လာပြီး ထုံးစံအတိုင်း ကော်ဖီ ပူပူလေးတစ်ခွက် ကို မှာလိုက်တယ်။ ဒါပေမယ့် ကော်ဖီပူပူရောက်မလာဘူး။ အဲဒီလိုမဟုတ်ရင် ကော်ဖီပူပူတစ်ခွက် ရောက်လာ တယ်။ ကဗျာဆရာ ရောက်မလာဘူး။ ဒါမှမဟုတ် ကဗျာဆရာဟာ သူမှာလိုက်တဲ့ ကော်ဖီတစ်ခွက်ရောက်မလာခင် မှာ အရက်ဖြူဆိုင်လေးထဲက ထွက်သွားတယ်။ ဒီလိုနဲ့ ကဗျာဆရာဟာ လောကကြီးထဲက ပျောက်ကွယ်သွားခဲ့ တယ်။

ကဗျာဆရာထိုင်တတ်တဲ့ အမှောင် ကျကျစားပွဲလေးမှာ ကဗျာဆရာရဲ့ အိပ်ကပ်ထဲက ထွက်ကျခဲ့တဲ့ ဒါမှမဟုတ် ကဗျာဆရာ တမင်ချန်ထားခဲ့တဲ့ ကဗျာစာရွက်တစ်ရွက်ကို စားပွဲထိုးလေးက ကောက်ရခဲ့တယ်။ စားပွဲထိုးလေးဟာ အဲဒီ ကဗျာစာရွက်ကို ဘယ်သူမသိအောင် ပုဆိုးခါးကြားထဲမှာ ခေါက်သိမ်းလိုက်တယ်။ တကယ်တမ်းကျတော့ စားပွဲထိုးလေးက စာဖတ်တတ်သူတစ်ယောက်မှ မဟုတ်တာ။ အဲဒီစာရွက်ကို ကဗျာဆရာရေးတဲ့ ကဗျာစာရွက် တစ်ရွက်လို့ပဲ စိတ်ထဲ ထင်မှတ် ထားတာ လေ။ စားပွဲထိုးလေးဟာ ဆိုင်သိမ်းပြီးလို့ ညအိပ်ယာဝင်တဲ့အခါ အဲဒီကဗျာလို့ ထင်ရတဲ့ စာရွက်လေး ကို ဖယောင်းတိုင်မီးလေးထွန်းပြီး ဖတ်ကြည့်တယ်။ စာရွက်ထဲမှာ စာလုံးတွေက ဟိုရောက်ဒီရောက်။ ကဗျာကလည်း ပြီးဆုံးတယ်လို့ မထင်ရဘူး။ ကဗျာထဲမှာ ဘာတွေရေးထားမှန်း လည်းမသိဘူး။ တစ်ခုတော့ သိတယ်။ စားပွဲထိုးလေးက ကဗျာထဲမှာပါတဲ့ စာလုံးလေးသုံးလုံးကို လက်နဲ့ထောက်ပြီး နှုတ်ကနေ အသံတိုးတိုးလေးထွက်ပြီး ရွတ်လိုက်တယ်။ ငြိမ်း ချမ်း ရေး။ ဟုတ်တယ်။ အဲဒီ ငြိမ်းချမ်းရေးဆိုတဲ့ စာလုံးကိုတော့ သူသိတယ်။ သူ ဒီဆိုင်ရောက်ကတည်းက အရက်သောက်တဲ့ သူတိုင်း အဲဒီစကားလုံးကို ပြောနေကြတာ။ နောက်ပြီး တီဗွီသတင်းတွေ၊ ဂျာနယ်လက်ပွေ့ရောင်းသူ တွေ အော်ရောင်းနေ တာ ကြားလို့ သူနဲ့ရင်းနှီးတဲ့ အရက် သမားတစ်ယောက်ကို မေးထားတာ။ အဲဒီအရက်သမားကြီးက ဂျာနယ် မျက်နှာဖုံးပေါ်က စာလုံးကြီး သုံးလုံးကို ထောက်ပြီး ငြိမ်းချမ်းရေး ဆိုတာ ဒါပဲ လို့ ပြောတာကို မှတ်ထားတာ။ စားပွဲထိုးလေးက တော်တော်ပျော်သွားတယ်။ ဒါဟာ ငြိမ်းချမ်းရေးကဗျာပဲလို့ သူ့စိတ်ထဲမှာ မှတ်ထင်လိုက် တယ်။ နောက်ပြီးတော့ စားပွဲထိုးလေးက ဆက် တွေးတယ်။ ဒီငြိမ်းချမ်းရေးကဗျာကို သူတစ်ဖက်သက်ကြိုက်နေတဲ့ အကြော်ဆိုင်က ကောင်မလေး ကို ပေးလိုက်မယ်ပေါ့။ အဲဒီကောင်မလေးက သူ့ကို စိတ်ဆိုးနေတာ။ ဒီလိုနဲ့ ငြိမ်းချမ်းရေးကဗျာဟာ အကြော်ဆိုင်က ကောင်မလေးလက်ထဲကို ရောက်သွားပါတယ်။

ကောင်မလေးဟာ အဲဒီငြိမ်းချမ်းရေးကဗျာနဲ့ အကြော်ကို ထုပ်လိုက်တယ်။ လာဝယ် သွားတဲ့ သူက အဘွားအိုကြီး တစ်ယောက်ပါ။ အဘွားအိုဟာ အသက်တော်တော်ကြီးရင့်နေပြီ။ ထူးခြား တာက အဘွားအိုရဲ့ အသက်ကို ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ အဘွားအိုဟာ ကျန်းမာရေး ကောင်းပြီး လှုပ်ရှားသွားလာနိုင်နေသေးတာပဲ။ အဘွားအိုမှာ သားသမီးတစ်ယောက်မှ မရှိတာကလည်း ထူးခြား တာပါပဲ။ ရပ်ကွက်လေးထဲမှ ကွယ်လွန်သွားကြတဲ့ သက်ကြီးရွယ်အိုတစ်ချို့ရဲ့ မှတ်ချက်အရ အဘွား အိုဟာ သူတို့ရပ်ကွက်ထဲက တောင်းရမ်းစားသောက် ဖို့ ရောက် လာတာ တဲ့။ အဲဒီကနေ ရပ်ကွက်လေး ရဲ့ သဒ္ဒါကြည်ဖြူမှုနဲ့ လမ်းထိပ်မီးကင်းတဲလေးမှာ နေခွင့်ရနေတာပဲ ဖြစ်တယ် တဲ့။ အဲဒီမီးကင်းတဲလေး မှာ အရင်အလှည့်ကျမီးကင်းစောင့်တွေ ချိတ်ဆွဲထားတဲ့ နံရံကပ်တရုတ်နာရီ တစ်လုံးပဲ ထည်ထည် ၀ါဝါရှိတာပါ။ အဘွားအိုဟာ ညစဉ် ညတိုင်းအဲဒီနာရီကြီးကိုကြည့်ပြီး နာရီသံချောင်းခေါက်တဲ့ အလုပ် ကိုလုပ်တယ်။ မီးကင်းတဲလေးမှာရှိတဲ့ နောက်ထပ်အဆောင် အယောင် တွေကတော့ စစ်ခြင်ထောင် အဟောင်း တစ်လုံး၊ ချေးထူညစ်ပေနေတဲ့ ခေါင်းအုံးတစ်လုံးနဲ့ စောင်ကြမ်းတစ်ထည်ပါပဲ။ အဘွားအို ဟာ ဆောင်းညတွေကို ကြံ့ကြံ့ခံတော်လှန်ခဲ့တယ်။ ဆောင်းညတွေဆို နှင်းတွေ နှင်းတွေလေ အဘွားအိုရဲ့ ခေါင်းပေါ်မှာ ဆံပင်ဖြူဖြူတွေနဲ့ အပြိုင်ဖွေးဖွေးလှုပ်လို့။ အဘွားအိုဟာ အဲဒီဖွေးဖွေးလှုပ် နေတဲ့ နှင်းတွေကို နွေရာသီရောက်တိုင်း ရပ်ကွက်လေး ထဲကို ခါချလေ့ရှိတယ်။ အဘွားအိုဟာ အဲဒီလို သူ့ခေါင်းက နှင်းတွေကို လှုပ်ခါချပြီးတာနဲ့ တပြိုက်နက် မိုးတွေ သည်းသည်းမည်းမည်းရွာတော့တာပဲ။ ရပ်ကွက်လေးဟာ အဘွားအိုရဲ့ ကျေးဇူးနဲ့ အေးချမ်းသာယာလို့ပေါ့။ ဒါကြောင့်လည်းပဲ ရပ်ကွက် လေးက အဘွားအိုကို မီးကင်းတဲလေးမှာ နေစေပြီး စားစရာတစ်ချို့နဲ့ ငွေစအချို့ ကို ပေးကမ်းနေတာပဲ ဖြစ်တယ်။ အဘွားအိုဟာ အင်မတန်စိတ်ရင်းကောင်းရှာတယ်။ သူမဟာ ရပ်ကွက် ထဲက ခွေးလေ ခွေးလွင့်တွေကို သူ့ဆီမှာရှိတဲ့ ငွေစအနည်းငယ်နဲ့ အကြော်လေးတွေ ၀ယ်ဝယ်ကျွေးရှာတယ်။ အဲဒီနေ့ကလည်း ဒီလိုပါပဲ။ အကြော်သည်ကောင်မလေးဆီက အကြော်တွေဝယ်လာပြီး သူ့အနီး အနား က ခွေးလေခွေးလွင့်တွေကို ချကျွေးလိုက်တာပေါ့။ ဖြစ်ချင်တော့ သူချကျွေးလိုက်တဲ့ အကြော် တွေကို ထုပ်ထားတဲ့ စက္ကူမှာ ငြိမ်းချမ်းရေးကဗျာတစ်ပုဒ်ကို ရေးထားတာ သူမသိလိုက်ဘူး။ အဲဒီလိုပဲ အကြော်စားနေတဲ့ ခွေးလေ
ခွေးလွင့်တွေလည်း မသိဘူး။ ခွေးတွေကတော့ သူတို့အစာစားလို့ ဗိုက်ဝရင် အားပါးတရ အူကြတော့တာပါပဲ။ ရပ်ကွက်လေးအတွက်ကတော့ ခွေးတွေအူတာ အထူး အဆန်းမဟုတ်တော့ဘူး။ ဒီလိုပဲ အူနေကြမဟုတ်လား။

ပြဿနာက အူနေတဲ့ ခွေးမဟုတ်ဘူး။ ဟောင်နေတဲ့ခွေးက ပြဿနာပါ။ အဲဒီခွေးလေ ခွေးလွင့်တွေထဲက အကြော် စားဖို့ အရောက်နောက် ကျတဲ့ ခွေးတစ်ကောင်က ပြဿနာပါ။ အဲဒီ ခွေးလေးဟာ ခြေတစ်ဖက် ကားကြိတ်ခံထားရ လို့ ခြေထောက်မသန်ရှာဘူး ဖြစ်နေတာ။ အဘွားအို က မုန့်တစ်ခုခုကျွေးတိုင်း အဲဒီခွေးလေးက နောက်ကျ နေတဲ့ အတွက် နောက်ဆုံးမှ စားရလေ့ရှိတယ်။ အဲဒီနေ့က ခြေထောက်မသန်တဲ့ ခွေးလေး အကြော်စားဖို့ ရောက် လာတော့ အကြော်တွေက တစ်ဖဲ့ တစ်လေတောင် မကျန်တော့ဘူးလေ။ ခွေးလေးဟာ အကြော်အစအန နည်းနည်း ပါးပါး ကျန်လို ကျန်ငြား စာရွက်တစ်ရွက်လုံးကို အနံ့ခံကြည့်တော့တာပါပဲ။ အဲဒီမှာ ခြေတစ်ဖက် မသန်တဲ့ ခွေးလေး ဟာ စာရွက်တစ်ရွက်လုံးကို စေ့စေ့ကြည့်ပြီးတဲ့နောက် တွေ့တဲ့လူတိုင်းကို ထိုးထိုးဟောင်တော့ တာပါပဲ။ စဟောင်ခါကတုန်းကတော့ ရပ်ကွက်ထဲက လူတွေက သူ့ကို မဟောင်ဖို့ တားဆီးကြပါသေးတယ်။ မုန့်ကျွေးတာတို့ ရိုက်ဟန်ပြုတာတို့ပေါ့။ ဒါပေမယ့် ခြေတစ်ဖက်မသန်တဲ့ ခွေးလေးက မရပါဘူး။ လူတစ်ယောက်တွေ့တာနဲ့ ဟောင်တော့တာပါပဲ။ နောက်ဆုံးတော့ ရပ်ကွက်လေးထဲက ခွေးဟောင် သံကို နားမခံသာတဲ့ လူတစ်ချို့က ခြေတစ်ဖက်မသန်တဲ့ ခွေးလေးကို တုတ်တွေ ခဲတွေနဲ့ ထုရိုက်ပြီး မောင်းထုတ် လိုက်ပါတယ်။ ခြေတစ်ဖက်မသန်တဲ့ ခွေးလေးဟာ အရမ်းကြောက်သွားရှာတယ်။ ဒါကြောင့် အဲဒီခွေးလေးဟာ နေ့ခင်းဘက် လူမြင်သူမြင်ဆို တွေ့ရာကြုံရာမှာ အိပ်စက်နေပြီး ညဘက် ရောက်မှ အစာရှာထွက်ပါတော့တယ်။ အဲဒီလိုညဘက်တွေမှာ လူရိပ်သူရိပ်တွေ့ရင်တော့ ထိုးထိုးဟောင် ပါတယ်။ ခက်တာက သူဟောင်နေတဲ့ အဓိပ္ပာယ်ကို ဘယ်သူမှ မသိတာပါပဲ။

အဲဒီလိုနဲ့ ခြေတစ်ဖက်မသန်တဲ့ ခွေးလေးကတော့ ညစဉ်ညတိုင်း ဟောင်နေတော့ တာပါပဲ။ အလောင်းကောင်တွေ ကလည်း ခွေးဟောင်သံကြားတိုင်း အထိတ်တလန့်ဖြစ်လို့။ ပျော်ရွှင် ခြင်းကတော့ သူ့ထောင့်ကျဉ်းလေးထဲ နားစွင့်ရင်း တစ်ခါတစ်ခါ လေချွန်သံတွေအပြင် ကားတစ်စီး အမြန်မောင်းထွက်ပြေးသွားသံပါ ကြားမိနေလေရဲ့။ အဲဒီကားက မွန်းကျပ်နေတဲ့ မြို့ကြီးကို ဖွက်ယူ ခိုးပြေးသွားတဲ့ စစ်ကျန်ဘစ်စကားကြီးတစ်စီးမှန်းတော့ သူလည်း မသိဘူးပေါ့။ ရှေးဟောင်းပြတိုက်ကြီး ကတော့ ဘာဖြစ်ဖြစ်သူနဲ့ မသက်ဆိုင်သလိုပါပဲ။ တံခါးပေါက်ကြီး ပွင့်လို့။ နောက်ထပ် ၀င်လာမယ့် မြို့ကြီးတစ်မြို့ကို မျှော်လင့်လို့။

မင်းနဒီခ 
၂၉ စက်တင်ဘာ ၂၀၁၃ 




ရေတွင်းဟောင်းကြီး


ရေတွင်းဟောင်းကြီး

ကျွန်တော့်အိမ်လေးရှေ့မှ ရေတွင်းဟောင်းကြီးအကြောင်း ပြောပြချင်ပါသည်။ ထိုစကားသည်  အလွယ်ပြောလိုက်ခြင်းသာ ဖြစ်သည်။ တိတိကျကျပြောရမည်ဆိုလျှင် ကျွန်တော့်ယောက္ခမ ပိုင်ဆိုင်သော ပေတစ်ရာပတ်လည်ခြံဝင်းကြီးထဲမှ ပေသုံးဆယ်ဝန်းကျင် ကျွန်တော့်အိမ်လေးရှေ့တွင် ရှိသော ရေတွင်း ဟောင်းကြီးအကြောင်း ပြောပြချင်ပါသည်ဟု ရေးရမည်ဖြစ်သည်။ သို့သော် ကျွန်တော်ပြောပြချင် သည်မှာ ရေတွင်းဟောင်းကြီး တည်ရှိသည့်နေရာမဟုတ်၊ ရေတွင်းဟောင်းကြီး အကြောင်းသာ ဖြစ်ပါ သည်။
လသာသောညများတွင်ဖြစ်စေ၊ လမသာသောညများတွင်ဖြစ်စေ ကျွန်တော်သည် ထိုရေတွင်း ဟောင်းကြီးဘေးရှိ ကွပ်ပျစ်ကလေးပေါ်တွင် မကြာခဏထိုင်တတ်ပါသည်။ ထိုကွပ်ပျစ်လေးသည် ကျွန် တော့်ကဗျာများ၊ စကားပြေအက်ဆေးများဖြစ်ပေါ်တိုးတက်မှု၊ ဆုတ်ယုတ်ညံ့ဖျင်းမှုများတွင် အထူး အရေးပါခဲ့သည်။ ကျွန်တော်သည် ထိုကွပ်ပျစ်လေးပေါ်တွင် ထိုင်ရင်း၊ အိပ်ရင်း ကဗျာတစ်ပုဒ် သို့မဟုတ် စကားပြေအက်ဆေးတစ်ပုဒ်ကို စတင်အကောင်အထည်ပေါ်ရန် စိတ်ကူးတည်ဆောက်ခဲ့သည့် အကြိမ် ပေါင်းများစွာ ရှိခဲ့ပါသည်။ သို့သော် ကျွန်တော်ယခုပြောချင်နေသော ရေတွင်းဟောင်းကြီး အကြောင်း ကိုမူ ကဗျာအဖြစ် သို့မဟုတ် စကားပြေအက်ဆေးတစ်ခုခုအဖြစ် အသက်သွင်းရန် မကြိုးစားမိခဲ့ပေ။ ထိုသို့ မကြိုးစားမိခဲ့ သည့်အတွက်လည်း ကျွန်တော် နောင်တမရမိခဲ့ပါ။ ယခုမူ အကြောင်းတိုက်ဆိုင် လာသောကြောင့် ရေတွင်းဟောင်းကြီးအကြောင်းကို ကျွန်တော်တခုတ်တရ ပြောပြချင်နေမိပါသည်။
ရေတွင်းဟောင်းကြီးမှာကျွန်တော့်ယောက္ခမများ ထိုခြံကြီးကို စတင်ဝယ်ယူစဉ်တည်း က ရှေးဗမာ အိမ်ကြီး အိမ်ခန့်သဏ္ဍာန် ရေနံဝနေသောအိမ်မကြီးတစ်လုံးနှင့်အတူပါရှိခဲ့ခြင်းဖြစ်သည်။ ထို ရေတွင်းဟောင်းကြီးသည် ခြံ၏အရှေ့တောင်ထောင့်တွင် ခြုံနွယ်များထူထပ်ဖုံးအုပ်နေပြီး သုံးမရ တော့ သည့် အနေအထားမျိုးဖြစ်သည်။ ယခင်တုန်းဆီက ကြည်လင်အေးမြနေမည်ဖြစ်သော်လည်း အသုံး မပြုသည့်အချိန်ကာလ ကြာမြင့် လာသောကြောင့် ရေတွင်းကောကြီးဖြစ်သွားသည်ဟုထင်မိသည်။ထို ရေတွင်းဟောင်းကြီး၏ပုံစံသည် မြေပြင်မှအထက်သုံးပေအထိ အင်္ဂတေအုတ်ရိုးစီထားပြီး လေးထောင့် ဘောင်ခတ်ထားခြင်းဖြစ်သည်။ သို့သော် ထိုရေတွင်းဟောင်းကြီး၏ မူလပုံသဏ္ဍာန်အမှန်မှာ လေးပေ အမြင့်အုတ်ရိုးဖြင့် အပြင်ပတ်လည်တွင် စဉ့်ရည်သုတ်ထားသေား တွင်းဝိုင်းကြီးဖြစ်သည်ဟု ရှေးယခင် ထိုခြံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရသိရသည်။ ထိုပိုင်ရှင်မှာ ယခုအခါမရှိရှာတေြာ့ပီ ဖြစ် သည်။ ကွျွ့န် တော့်ယောက္ခမကြီးသည် ပျက်စီးပြိုကျနေသော တွင်းဘောင်များကို ဖြိုချပြီး  ပြန်လည် ပြုပြင် ယူခဲ့သည်။ ထို့နောက် ရေတွင်းတူး၊ ရေတွင်းပြုပြင်သည့် ကျွမ်းကျင်အလုပ်သမားများ ကို ခေါ်ယူပြီး ရေပြန်လည်ထွက်ရှိအောင် ပြုလုပ်ခဲ့သော်လည်း စိမ့်ရေလောက်သာ ထွက်ရှိတော့သည်ဟု သိခဲ့ရ သည်။ ထိုစဉ်က ရေမထွက်သော်လည်း ရေတွင်းကြီးထဲမှ ဒင်္ဂါးပြားဟု ယူဆရသော ကြေးပြားတစ်ချို့ ကိုတော့ ဆယ်ယူရရှိခဲ့သည်။ ထိုကြေးပြားများ၏ သက်တမ်းမည်မျှရှိလောက်မည်ဟု တွက်ချက်ရန် မည်သူမျှစိတ်မ၀င်စားခဲ့။ ထို့ပြင် ယခုအခါ သိမ်းဆည်းမထားသော ထိုကြေးပြားများသည်လည်း မည်သည့်နေရာသို့ ရောက်ရှိနေမှန်းလည်း မည်သူမှမသိခဲ့ပေ။ ကျွန်တော့်ယောက္ခမကြီးသည် ရေမ ထွက်တော့သည့် ရေတွင်းဟောင်းကြီးကို ပျဉ်ချပ်များဖြင့် ဖုံးအုပ်လိုက်သည်။ ထိုပျဉ်ချပ်များ ပေါ်သို့ လည်း အိမ်ဟောင်းမှခွာယူလာသော သွပ်မိုးအဟောင်းများဖြင့် ထပ်မံဖုံးအုပ်လိုက်ပြန်သည်။ ထိုသို့ဖြင့် ကျွန်တော့်အိမ်လေးရှေ့မှ ရေတွင်းကြီးသည် ရေတွင်းဟောင်းကြီးအဖြစ် ယခုအချိန်ထိ တည်ရှိနေခဲ့ ပါသည်။
                        ကျွန်တော်နှင့် သူမအိမ်ထောင်ကျသည့်အခါ ထိုခြံဝန်းကြီးထဲတွင် ပေသုံးဆယ်ဝန်း ကျင် အိမ်သေးသေးလေးဆောက်ခဲ့သည်။ ကုန်ကျငွေများကို ကျွန်တော့်ယောက္ခမကြီးက စိုက်ပြီး ဆောက်လုပ်ပေး ခဲ့ခြင်းလည်းဖြစ်သည်။ ကျွန်တော်က သူ့သမီးချောလေးကို သူ့ရင်ခွင်ထဲမှ ဆွဲထုတ် ကာ အဝေးခေါ်သွားမည်ကို စိုးသောကြောင့် သူ့ခြံဝင်းထဲတွင် အိမ်လေးတစ်လုံး ဆောက်နေခွင့်ပေးခဲ့ ခြင်းလည်း ဖြစ်ပါသည်။ မည်သို့ဆိုစေ ကျွန်တော့်အတွက် ရေကန်အသင့် ကြာအသင့် အဆင်သင့် တက်နေလိုက်ရုံသာ ရှိသည်။ သို့သော် အဓိကပြဿနာမှာ ရေတွင်းဟောင်းကြီးဖြစ်သည်။ ထိုရေတွင်း ဟောင်းကြီးသည် ကျွန်တော့်အိမ်သေးသေးလေးရှေ့ မျက်နှာစာတွင် ခန့်ခန့်ထည်ထည်ကြီး တည်ရှိနေ လေသည်။ အိမ်ထဲအိမ်ပြင်အ၀င်အထွက်လုပ်တိုင်း ကျွန်တော် တို့မှာ ထိုရေတွင်းဟောင်းကြီးကို ကွေ့ ပတ်ရှောင်ဖယ်သွားကြရသည်။ တစ်ခါတစ်ရံကျွန်တော့် လက်ထဲ ငွေစလေးများရွှင်သည့်အခါ အိမ်ရှေ့ ခန်းလေးတိုးချဲ့ချင်သော်လည်း ထိုရေတွင်းဟောင်းကြီးကိုငဲ့ပြီး လုပ်ချင်စိတ်ကို မြိုချထားရသည်။ ရေတွင်းရေကန်မဖျက်စကောင်းဟု ရှေးလူကြီးများ၏စကားရှိသည်။ အချို့ကတော့ ရေတွင်းကို ဖျက်ပြီး အပေါက်သေးသေးလေး စတိအဖြစ်ဖောက်ကြသည်။ ထိုသို့ပြုလုပ်ရန် စိတ်ကူးရှိခဲ့သော်လည်း အချိန် ကာလကြာသောအခါ ကျွန်တော်သည် ထိုရေတွင်းဟောင်းကြီးကို သံယောဇဉ်ဖြစ်လာသည်။ ရေတွင်း ဟောင်းကြီးမရှိသော ကျွန်တော့်အိမ်လေးရှေ့မျက်နှာစာကို စိတ်ကူးဖြင့် မြင်ယောင်မိတိုင်း ရေတွင်း ဟောင်းကြီးကို လွမ်းသလိုခံစားရသည်။ ထိုသို့ဖြင့် ရေတွင်းဟောင်းကြီးသည် ရေတွင်းဟောင်းကြီး အဖြစ် ယခုအချိန်ထိ တည်ရှိနေခဲ့ခြင်းလည်းဖြစ်ပါသည်။
                         အချို့သောညများတွင် ကျွန်တော်သည် ထိုရေတွင်းဟောင်းကြီးပေါ်တွင် ထိုင်ကာ ဂစ်တာတီးရင်း သံစဉ်တစ်ချို့တစ်လေကို ညည်းဆိုဖြစ်ခဲ့သည်။ အချို့သောညများတွင် ထိုရေတွင်း ဟောင်းကြီးဘေးမှ ကွပ်ပျစ် ကလေးပေါ်တွင် ထိုင်ရင်း ငယ်ဘ၀ကို လွမ်းချင်လွမ်းနေမိတတ်ပါသည်။ အချို့ညများ၏ လရောင် သည် ရေတွင်းဟောင်းကြီးပေါ်သို့ ဖြာကျနေတိုင်း ကျွန်တော်သည် အဓိပ္ပာယ်မဲ့ စွာဖြင့် ရေတွင်းဟောင်းပေါ်မှ လရောင်အား ငေးရီအားကျနေတတ်ပါသည်။ အချို့ညများ၏ အမှောင် သည် ရေတွင်းဟောင်းကြီးပေါ်သို့ အုပ်မိုးထားသည့်အခါ ကျွန်တော်သည် ထိုအမှောင်ထဲမှ ရေတွင်း ဟောင်းကြီး ကို ပျောက်ကွယ်သွားမှာ စိုးသည့်အလား စူးစူးစိုက်စိုက် ရှာဖွေမိခဲ့သည်။ ထိုသို့ဖြင့် ရေတွင်းဟောင်းကြီးနှင့် ကျွန်တော်၏ ပတ်သက်မှုသည် တစ်စထက်တစ်စ တိုးဝင်စိမ့်သက်လာခဲ့ မိပါသည်။ ထိုသို့ဖြင့် ကျွန်တော်သည် စိတ်အလိုမကျမှုတွေရှိလာသည့် အခါတိုင်း ရေတွင်းဟောင်းကြီး ကို ဖွင့်အံပြောပြလာတတ်ခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော့်၏ စိတ်အပန်းပြေ ထွက်ပေါက်တစ်ခုအဖြစ် ရေတွင်းဟောင်းကြီး၏ နံဘေးတွင် ကဗျာများ ရွတ်ပြတတ်ခဲ့သည်။ ထိုသို့ဖြင့် ပြဿနာ တစ်ခုသည် ကျွန်တော့်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်ပါသည်။
                        ထိုညက ကျွန်တော်သည် ကွပ်ပျစ်လေးပေါ်တွင် ထိုင်ရင်း ကဗျာတစ်ပုဒ်ကို စိတ်ကူးဖြင့် တည်ဆောက်နေခဲ့သည်။ အိမ်ခန်းလေးမှ ညအိပ်မီးအလင်းရောင်သည် မှေးမှိန်ဖျော့ရော့ကာ အိမ် အပြင်ဖက်သို့ တိုးထွက်နေလေသည်။ တစ်ချက်တစ်ချက် ခပ်ဝေးဝေးအိမ်နီးချင်းတစ်အိမ်ထံမှ လွင့်လျှံ လာသော စကားသံတစ်ချို့ တစ်လေမှလွဲ၍ ညသည် တိတ်ဆိတ်နေသည်။ မီးညှိပြီး မသောက်ဖြစ်သေး သော စီးကရတ်တစ်လိပ် ၏ ပြာစများ သည် ကျွန်တော့်ခြေရင်းတွင် အတန်းလိုက်ပြုတ်ကျသွားသည်။ ဖြတ်ကနဲတိုက်ခတ်လာသော လေအေးအေးတို့၏ အတိုးအဝှေ့မှာ မန်းကျည်ရွက်လေးများ တဖြုတ် ဖြုတ် ကြွေကျလာသည်။ ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် သို့မဟုတ် စကားပြေတစ်ပုဒ်အစပြုဖို့ရာ အကောင်းဆုံးအချိန်ကာလလည်းဖြစ်ပါသည်။ ထိုအခိုက်အတန့်လေးတွင် ကျွန်တော့်နားထဲ အကြွေစေ့ တစ်စေ့ကို လက်မဖြင့်ခတ်ပြီး လေထဲလွင့်လိုက်သည့်အသံလိုမျိုး ` ချွင်´ ကနဲ့ ကြားလိုက်ရသည်။ အသံသည် ကျွန်တော့်နားနှင့် တော်တော်နီးကဖြတ်သွားပြီး တဖြည်းဖြည်းဝေးသွားသလို ကြားလိုက် ရ သည်။ ထိုအသံကြားလိုက်ရသည့်အချိန်သည် ဆယ်စက္ကန့်လောက်တော့ ကြာလိမ့်မည်ဟု ထင် သည်။ ထို့နောက် ရေထဲသို့ ပြုတ်ကျသွားသည့်အလား `ပလုံ´ဟု အသံစွေ့စွေ့လေးပါ ကြားလိုက် ရသည်။ ထို့နောက် ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ အသံဟူ၍ ငှက်ဆိုးအော်သံ၊ သစ်ရွက် လှုပ်သံမျှပင် မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ တထိတ်ထိတ်ခုန်နေသော ကျွန်တော့် နှလုံးခုန်သံကို ကျွန်တော်ပြန်ကြားနေရသည်။ ညသည် တုတ်တုတ်မျှမလှုပ်။ ကျွန်တော် ပတ်ဝန်းကျင် သည်လည်း အစစအရာရာ ငြိမ်သက်နေသည်။ ကျွန်တော်ရေတွင်းဟောင်းကြီးနားသို့ တိုးသွား လိုက်သည်။ ရေတွင်းဟောင်းကြီးပေါ်ရှိ သံချေးအထပ်ထပ်ကိုက်နေသည့် သွပ်မိုးပြားကို အသာ မ ကြည့်လိုက်သည်။ သွပ်မိုးပြားအောက် တွင် ရေတွင်းပေါက်အား ဖုံးအုပ်ထားသည့် ပျဉ်ချပ်ကြီး။ ထို့နောက် သွပ်မိုးပြားနှင့် ပျဉ်ချပ်ကြီးအကြားတွင် ပုန်းခိုနေသော ပိုးဟပ်များ၊ ခြများ၊ ပရွက်ဆိတ် အနက်များ လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ ကျွန်တော် သွပ်မိုးပြားကို အသာပြန်ချလိုက်သည်။ ` ချွင်´ ကနဲမည်လိုက်သည့် အသံသည် မည်သည့်နေရာမှလာပြီး မည်သည့်နေရာတွင် ဆုံးသွားပါသည်လဲ။ ထိုညက အထိတ်တလန့်စိတ်နှင့် အိပ်ယာဝင်ခဲ့သော်လည်း ကျွန်တော် အိပ်မပျော်ဘဲ မိုးလင်းခဲ့သည်။ ထို့ပြင် ထိုညက ကျွန်တော် ကဗျာမရေးဖြစ်ခဲ့သလို စကားပြေအစအနတစ်ကြောင်းတစ်လေမျှ  မရေးဖြစ်ခဲ့။
                        ထိုအကြောင်းကို ကျွန်တော်မည်သူ့ကိုမှ မပြောဖြစ်ခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း နောက် ရက်များတွင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သည်။ တစ်ချို့ညများတွင် သတိရသလိုဖြစ်မိသော် လည်း ထိုအသံကို စူးစမ်းစစ်ဆေးရန် ကျွန်တော်အချိန်မပေးနိုင်ခဲ့ပေ။  ထို့ပြင် တိုက်ဆိုင်စွာ ထိုရေတွင်း ဟောင်းကြီးအနားတွင်လည်း ကျွန်တော် မထိုင်ဖြစ်ခဲ့သည့် ရက်တွေ များလာခဲ့သည်။ ပြဿနာသည် ထိုသို့ မထိုင်ဖြစ်ခြင်းကပင် ကျွန်တော့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် နောက်တစ်ကြိမ်ထပ်မံရောက်ရှိ လာခဲ့ပြန်ပါသည်။
                        ထိုနေ့က ရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်ပါသည်။ ကျွန်တော်သည် ရေတွင်းဟောင်း ကြီးဘေးတွင် သမီးလေးနှင့် ဆော့ကစားနေသည်။ ထိုအချိန်တွင် သမီးလေးက တစ်စုံတစ်ရာအား ကောက်ယူပြီး ကျွန်တော့်ထံသို့ လှမ်းပစ်ပေးလိုက်သည်။ ကျွန်တော့်နားထဲတွင် `ချွင် ´ ကနဲ့မည်သံကို ခပ်တိုးတိုးကြား လိုက်ပြီး သမီးလှမ်းပစ်ပေးလိုက်သည့် လေထဲမှ တစ်စုံတစ်ရာကို ဖမ်းယူမိလိုက်သည်။ ထိုအရာသည် ဒင်္ဂါးပြားတစ်စေ့ဟု ယူဆလျှင် ရနိုင်မည့် ကြေးပြားတစ်ပြားဖြစ်နေလေသည်။ သမီးသည် ကျွန်တော့်၏ အထိတ်တလန့်ဖြစ်မှုကို ကြည့်ကာ အားပါးတရ တခစ်ခစ်ရယ်မောရင်း ပြေးထွက် သွားသည်။ ကျွန်တော်သည် လက်ထဲမှ ကြေးပြားစေ့ကို အသေအချာပွတ်ကြည့်လိုက်သည့်အခါ ဒေါင်းရုပ်ပုံ ခပ်ဝါးဝါးကို စမ်းသပ်မိသည်။ ထိုကြေးပြားစေ့ကို ကျွန်တော်မည်သူ့ကိုမျှမပြတော့ဘဲ ဘယ်ဘက်အိပ်ကပ်လေးထဲသို့ ထည့်ထားမိလိုက်သည်။ အဘယ်ကြောင့် ထိုသို့ သိမ်းဆည်းမိလိုက် ခြင်းကိုလည်း ကျွန်တော် ပြောမပြတတ်။ ကျွန်တော့်မသိစိတ်က ကျွန်တော့်ကို ခိုင်းစေနေသည်ဟုသာ ထင်မှတ်မိပါသည်။
                        ဤသို့ဖြင့် နေ့ရက်များသည် တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။ လသာသည်ဖြစ်စေ၊ လမသာ သည်ဖြစ်စေ ကျွန်တော်သည် ရေတွင်းဟောင်းကြီးဘေးရှိ ကွပ်ပျစ်လေးပေါ်တွင် ထိုင်ပြီး လေထဲမှ လွင့်ပျံလာမည့် အသံတစ်သံကို နားစွင့်နေမိပါသည်။ သို့သော် လများစွာ ကြာမြင့်ခဲ့သည့်တိုင် လေထုထဲမှ မည်သည့်အသံတစ်သံ မျှ ကျွန်တော်ကြားခွင့်မရခဲ့။ တစ်ခါတစ်ရံ စိတ်လိုလက်ရရှိသော နေ့များတွင် ရေတွင်းပေါက် ကို ဖုံးအုပ်ထားသော ပျဉ်ချပ်ကြီးကို မကာ ရေတွင်းဟောင်းကြီးထဲသို့ ငုံကြည့်ချင်မိသည်။ သို့သော် ထိုသို့ ကျွန်တော်ကြည့်ဖြစ်မည် မဟုတ်တာ သေချာပါသည်။ ထို့ပြင် ယနေ့ထိ ကျွန်တော့်ဘယ်ဘက်အိပ်ကပ်ထဲတွင်လည်း သိမ်းဆည်း ထားသော  ကြေးပြားစေ့ တစ်စေ့ ရှိနေပါသေးသည်။ ကျွန်တော်သည် ထိုကြေးပြားစေ့လေးကို
ရေတွင်းဟောင်းကြီးထဲသို့ ဘယ်သော အခါမှ `ချွင်´ကနဲ မြည်အောင်ပစ်ချလိမ့်မည်လည်း မဟုတ်ချေ။

မင်းနဒီခ
၂၃၊ စက်တင်ဘာ၊ ၂၀၁၃
( Treasure Land, မတ်လ၊ ၂၀၁၄)