ရေတွင်းဟောင်းကြီး
ကျွန်တော့်အိမ်လေးရှေ့မှ
ရေတွင်းဟောင်းကြီးအကြောင်း ပြောပြချင်ပါသည်။ ထိုစကားသည် အလွယ်ပြောလိုက်ခြင်းသာ ဖြစ်သည်။
တိတိကျကျပြောရမည်ဆိုလျှင် ကျွန်တော့်ယောက္ခမ ပိုင်ဆိုင်သော ပေတစ်ရာပတ်လည်ခြံဝင်းကြီးထဲမှ
ပေသုံးဆယ်ဝန်းကျင် ကျွန်တော့်အိမ်လေးရှေ့တွင် ရှိသော ရေတွင်း ဟောင်းကြီးအကြောင်း
ပြောပြချင်ပါသည်ဟု ရေးရမည်ဖြစ်သည်။ သို့သော် ကျွန်တော်ပြောပြချင် သည်မှာ
ရေတွင်းဟောင်းကြီး တည်ရှိသည့်နေရာမဟုတ်၊ ရေတွင်းဟောင်းကြီး အကြောင်းသာ ဖြစ်ပါ သည်။
လသာသောညများတွင်ဖြစ်စေ၊ လမသာသောညများတွင်ဖြစ်စေ
ကျွန်တော်သည် ထိုရေတွင်း ဟောင်းကြီးဘေးရှိ ကွပ်ပျစ်ကလေးပေါ်တွင်
မကြာခဏထိုင်တတ်ပါသည်။ ထိုကွပ်ပျစ်လေးသည် ကျွန် တော့်ကဗျာများ၊
စကားပြေအက်ဆေးများဖြစ်ပေါ်တိုးတက်မှု၊ ဆုတ်ယုတ်ညံ့ဖျင်းမှုများတွင် အထူး အရေးပါခဲ့သည်။
ကျွန်တော်သည် ထိုကွပ်ပျစ်လေးပေါ်တွင် ထိုင်ရင်း၊ အိပ်ရင်း ကဗျာတစ်ပုဒ် သို့မဟုတ်
စကားပြေအက်ဆေးတစ်ပုဒ်ကို စတင်အကောင်အထည်ပေါ်ရန် စိတ်ကူးတည်ဆောက်ခဲ့သည့် အကြိမ် ပေါင်းများစွာ
ရှိခဲ့ပါသည်။ သို့သော် ကျွန်တော်ယခုပြောချင်နေသော ရေတွင်းဟောင်းကြီး အကြောင်း
ကိုမူ ကဗျာအဖြစ် သို့မဟုတ် စကားပြေအက်ဆေးတစ်ခုခုအဖြစ် အသက်သွင်းရန်
မကြိုးစားမိခဲ့ပေ။ ထိုသို့ မကြိုးစားမိခဲ့ သည့်အတွက်လည်း ကျွန်တော်
နောင်တမရမိခဲ့ပါ။ ယခုမူ အကြောင်းတိုက်ဆိုင် လာသောကြောင့်
ရေတွင်းဟောင်းကြီးအကြောင်းကို ကျွန်တော်တခုတ်တရ ပြောပြချင်နေမိပါသည်။
ရေတွင်းဟောင်းကြီးမှာကျွန်တော့်ယောက္ခမများ
ထိုခြံကြီးကို စတင်ဝယ်ယူစဉ်တည်း က ရှေးဗမာ အိမ်ကြီး အိမ်ခန့်သဏ္ဍာန်
ရေနံဝနေသောအိမ်မကြီးတစ်လုံးနှင့်အတူပါရှိခဲ့ခြင်းဖြစ်သည်။ ထို
ရေတွင်းဟောင်းကြီးသည် ခြံ၏အရှေ့တောင်ထောင့်တွင် ခြုံနွယ်များထူထပ်ဖုံးအုပ်နေပြီး
သုံးမရ တော့ သည့် အနေအထားမျိုးဖြစ်သည်။ ယခင်တုန်းဆီက ကြည်လင်အေးမြနေမည်ဖြစ်သော်လည်း
အသုံး မပြုသည့်အချိန်ကာလ ကြာမြင့် လာသောကြောင့် ရေတွင်းကောကြီးဖြစ်သွားသည်ဟုထင်မိသည်။ထို ရေတွင်းဟောင်းကြီး၏ပုံစံသည် မြေပြင်မှအထက်သုံးပေအထိ အင်္ဂတေအုတ်ရိုးစီထားပြီး
လေးထောင့် ဘောင်ခတ်ထားခြင်းဖြစ်သည်။ သို့သော် ထိုရေတွင်းဟောင်းကြီး၏ မူလပုံသဏ္ဍာန်အမှန်မှာ
လေးပေ အမြင့်အုတ်ရိုးဖြင့် အပြင်ပတ်လည်တွင် စဉ့်ရည်သုတ်ထားသေား
တွင်းဝိုင်းကြီးဖြစ်သည်ဟု ရှေးယခင် ထိုခြံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရသိရသည်။
ထိုပိုင်ရှင်မှာ ယခုအခါမရှိရှာတေြာ့ပီ ဖြစ် သည်။ ကွျွ့န် တော့်ယောက္ခမကြီးသည်
ပျက်စီးပြိုကျနေသော တွင်းဘောင်များကို ဖြိုချပြီး
ပြန်လည် ပြုပြင် ယူခဲ့သည်။ ထို့နောက် ရေတွင်းတူး၊ ရေတွင်းပြုပြင်သည့်
ကျွမ်းကျင်အလုပ်သမားများ ကို ခေါ်ယူပြီး ရေပြန်လည်ထွက်ရှိအောင် ပြုလုပ်ခဲ့သော်လည်း စိမ့်ရေလောက်သာ
ထွက်ရှိတော့သည်ဟု သိခဲ့ရ သည်။ ထိုစဉ်က ရေမထွက်သော်လည်း ရေတွင်းကြီးထဲမှ
ဒင်္ဂါးပြားဟု ယူဆရသော ကြေးပြားတစ်ချို့ ကိုတော့ ဆယ်ယူရရှိခဲ့သည်။ ထိုကြေးပြားများ၏
သက်တမ်းမည်မျှရှိလောက်မည်ဟု တွက်ချက်ရန် မည်သူမျှစိတ်မ၀င်စားခဲ့။ ထို့ပြင် ယခုအခါ
သိမ်းဆည်းမထားသော ထိုကြေးပြားများသည်လည်း မည်သည့်နေရာသို့ ရောက်ရှိနေမှန်းလည်း
မည်သူမှမသိခဲ့ပေ။ ကျွန်တော့်ယောက္ခမကြီးသည် ရေမ ထွက်တော့သည့် ရေတွင်းဟောင်းကြီးကို
ပျဉ်ချပ်များဖြင့် ဖုံးအုပ်လိုက်သည်။ ထိုပျဉ်ချပ်များ ပေါ်သို့ လည်း အိမ်ဟောင်းမှခွာယူလာသော
သွပ်မိုးအဟောင်းများဖြင့် ထပ်မံဖုံးအုပ်လိုက်ပြန်သည်။ ထိုသို့ဖြင့်
ကျွန်တော့်အိမ်လေးရှေ့မှ ရေတွင်းကြီးသည် ရေတွင်းဟောင်းကြီးအဖြစ် ယခုအချိန်ထိ တည်ရှိနေခဲ့
ပါသည်။
ကျွန်တော်နှင့်
သူမအိမ်ထောင်ကျသည့်အခါ ထိုခြံဝန်းကြီးထဲတွင် ပေသုံးဆယ်ဝန်း ကျင် အိမ်သေးသေးလေးဆောက်ခဲ့သည်။
ကုန်ကျငွေများကို ကျွန်တော့်ယောက္ခမကြီးက စိုက်ပြီး
ဆောက်လုပ်ပေး ခဲ့ခြင်းလည်းဖြစ်သည်။ ကျွန်တော်က သူ့သမီးချောလေးကို သူ့ရင်ခွင်ထဲမှ
ဆွဲထုတ် ကာ အဝေးခေါ်သွားမည်ကို စိုးသောကြောင့် သူ့ခြံဝင်းထဲတွင် အိမ်လေးတစ်လုံး ဆောက်နေခွင့်ပေးခဲ့
ခြင်းလည်း ဖြစ်ပါသည်။ မည်သို့ဆိုစေ ကျွန်တော့်အတွက် ရေကန်အသင့် ကြာအသင့် အဆင်သင့် တက်နေလိုက်ရုံသာ
ရှိသည်။ သို့သော် အဓိကပြဿနာမှာ ရေတွင်းဟောင်းကြီးဖြစ်သည်။ ထိုရေတွင်း ဟောင်းကြီးသည်
ကျွန်တော့်အိမ်သေးသေးလေးရှေ့ မျက်နှာစာတွင် ခန့်ခန့်ထည်ထည်ကြီး တည်ရှိနေ လေသည်။
အိမ်ထဲအိမ်ပြင်အ၀င်အထွက်လုပ်တိုင်း ကျွန်တော် တို့မှာ ထိုရေတွင်းဟောင်းကြီးကို ကွေ့
ပတ်ရှောင်ဖယ်သွားကြရသည်။ တစ်ခါတစ်ရံကျွန်တော့် လက်ထဲ ငွေစလေးများရွှင်သည့်အခါ
အိမ်ရှေ့ ခန်းလေးတိုးချဲ့ချင်သော်လည်း ထိုရေတွင်းဟောင်းကြီးကိုငဲ့ပြီး
လုပ်ချင်စိတ်ကို မြိုချထားရသည်။ ရေတွင်းရေကန်မဖျက်စကောင်းဟု ရှေးလူကြီးများ၏စကားရှိသည်။
အချို့ကတော့ ရေတွင်းကို ဖျက်ပြီး အပေါက်သေးသေးလေး စတိအဖြစ်ဖောက်ကြသည်။
ထိုသို့ပြုလုပ်ရန် စိတ်ကူးရှိခဲ့သော်လည်း အချိန် ကာလကြာသောအခါ ကျွန်တော်သည်
ထိုရေတွင်းဟောင်းကြီးကို သံယောဇဉ်ဖြစ်လာသည်။ ရေတွင်း ဟောင်းကြီးမရှိသော
ကျွန်တော့်အိမ်လေးရှေ့မျက်နှာစာကို စိတ်ကူးဖြင့် မြင်ယောင်မိတိုင်း ရေတွင်း ဟောင်းကြီးကို
လွမ်းသလိုခံစားရသည်။ ထိုသို့ဖြင့် ရေတွင်းဟောင်းကြီးသည် ရေတွင်းဟောင်းကြီး အဖြစ်
ယခုအချိန်ထိ တည်ရှိနေခဲ့ခြင်းလည်းဖြစ်ပါသည်။
အချို့သောညများတွင် ကျွန်တော်သည်
ထိုရေတွင်းဟောင်းကြီးပေါ်တွင် ထိုင်ကာ ဂစ်တာတီးရင်း သံစဉ်တစ်ချို့တစ်လေကို ညည်းဆိုဖြစ်ခဲ့သည်။
အချို့သောညများတွင် ထိုရေတွင်း ဟောင်းကြီးဘေးမှ ကွပ်ပျစ် ကလေးပေါ်တွင် ထိုင်ရင်း
ငယ်ဘ၀ကို လွမ်းချင်လွမ်းနေမိတတ်ပါသည်။ အချို့ညများ၏ လရောင် သည်
ရေတွင်းဟောင်းကြီးပေါ်သို့ ဖြာကျနေတိုင်း ကျွန်တော်သည် အဓိပ္ပာယ်မဲ့ စွာဖြင့်
ရေတွင်းဟောင်းပေါ်မှ လရောင်အား ငေးရီအားကျနေတတ်ပါသည်။ အချို့ညများ၏ အမှောင် သည်
ရေတွင်းဟောင်းကြီးပေါ်သို့ အုပ်မိုးထားသည့်အခါ ကျွန်တော်သည် ထိုအမှောင်ထဲမှ ရေတွင်း
ဟောင်းကြီး ကို ပျောက်ကွယ်သွားမှာ စိုးသည့်အလား စူးစူးစိုက်စိုက် ရှာဖွေမိခဲ့သည်။
ထိုသို့ဖြင့် ရေတွင်းဟောင်းကြီးနှင့် ကျွန်တော်၏ ပတ်သက်မှုသည် တစ်စထက်တစ်စ
တိုးဝင်စိမ့်သက်လာခဲ့ မိပါသည်။ ထိုသို့ဖြင့် ကျွန်တော်သည်
စိတ်အလိုမကျမှုတွေရှိလာသည့် အခါတိုင်း ရေတွင်းဟောင်းကြီး ကို
ဖွင့်အံပြောပြလာတတ်ခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော့်၏
စိတ်အပန်းပြေ ထွက်ပေါက်တစ်ခုအဖြစ် ရေတွင်းဟောင်းကြီး၏ နံဘေးတွင် ကဗျာများ ရွတ်ပြတတ်ခဲ့သည်။
ထိုသို့ဖြင့် ပြဿနာ တစ်ခုသည် ကျွန်တော့်ဆီသို့
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်ပါသည်။
ထိုညက ကျွန်တော်သည်
ကွပ်ပျစ်လေးပေါ်တွင် ထိုင်ရင်း ကဗျာတစ်ပုဒ်ကို စိတ်ကူးဖြင့် တည်ဆောက်နေခဲ့သည်။
အိမ်ခန်းလေးမှ ညအိပ်မီးအလင်းရောင်သည် မှေးမှိန်ဖျော့ရော့ကာ အိမ် အပြင်ဖက်သို့
တိုးထွက်နေလေသည်။ တစ်ချက်တစ်ချက် ခပ်ဝေးဝေးအိမ်နီးချင်းတစ်အိမ်ထံမှ လွင့်လျှံ
လာသော စကားသံတစ်ချို့ တစ်လေမှလွဲ၍ ညသည် တိတ်ဆိတ်နေသည်။ မီးညှိပြီး မသောက်ဖြစ်သေး သော
စီးကရတ်တစ်လိပ် ၏ ပြာစများ သည် ကျွန်တော့်ခြေရင်းတွင် အတန်းလိုက်ပြုတ်ကျသွားသည်။ ဖြတ်ကနဲတိုက်ခတ်လာသော
လေအေးအေးတို့၏ အတိုးအဝှေ့မှာ မန်းကျည်ရွက်လေးများ တဖြုတ် ဖြုတ် ကြွေကျလာသည်။
ကျွန်တော့်အတွက် ကဗျာတစ်ပုဒ် သို့မဟုတ် စကားပြေတစ်ပုဒ်အစပြုဖို့ရာ
အကောင်းဆုံးအချိန်ကာလလည်းဖြစ်ပါသည်။ ထိုအခိုက်အတန့်လေးတွင် ကျွန်တော့်နားထဲ အကြွေစေ့
တစ်စေ့ကို လက်မဖြင့်ခတ်ပြီး လေထဲလွင့်လိုက်သည့်အသံလိုမျိုး ` ချွင်´ ကနဲ့
ကြားလိုက်ရသည်။ အသံသည် ကျွန်တော့်နားနှင့် တော်တော်နီးကဖြတ်သွားပြီး
တဖြည်းဖြည်းဝေးသွားသလို ကြားလိုက် ရ သည်။ ထိုအသံကြားလိုက်ရသည့်အချိန်သည်
ဆယ်စက္ကန့်လောက်တော့ ကြာလိမ့်မည်ဟု ထင် သည်။ ထို့နောက် ရေထဲသို့ ပြုတ်ကျသွားသည့်အလား
`ပလုံ´ဟု အသံစွေ့စွေ့လေးပါ ကြားလိုက် ရသည်။ ထို့နောက် ပတ်ဝန်းကျင်သည်
တိတ်ဆိတ်ငြိမ်သက်သွားသည်။ အသံဟူ၍ ငှက်ဆိုးအော်သံ၊ သစ်ရွက် လှုပ်သံမျှပင်
မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ တထိတ်ထိတ်ခုန်နေသော ကျွန်တော့် နှလုံးခုန်သံကို
ကျွန်တော်ပြန်ကြားနေရသည်။ ညသည် တုတ်တုတ်မျှမလှုပ်။ ကျွန်တော် ပတ်ဝန်းကျင် သည်လည်း
အစစအရာရာ ငြိမ်သက်နေသည်။ ကျွန်တော်ရေတွင်းဟောင်းကြီးနားသို့ တိုးသွား လိုက်သည်။
ရေတွင်းဟောင်းကြီးပေါ်ရှိ သံချေးအထပ်ထပ်ကိုက်နေသည့် သွပ်မိုးပြားကို အသာ မ ကြည့်လိုက်သည်။
သွပ်မိုးပြားအောက် တွင် ရေတွင်းပေါက်အား ဖုံးအုပ်ထားသည့် ပျဉ်ချပ်ကြီး။ ထို့နောက်
သွပ်မိုးပြားနှင့် ပျဉ်ချပ်ကြီးအကြားတွင် ပုန်းခိုနေသော ပိုးဟပ်များ၊ ခြများ၊
ပရွက်ဆိတ် အနက်များ လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ ကျွန်တော် သွပ်မိုးပြားကို
အသာပြန်ချလိုက်သည်။ ` ချွင်´ ကနဲမည်လိုက်သည့် အသံသည် မည်သည့်နေရာမှလာပြီး မည်သည့်နေရာတွင်
ဆုံးသွားပါသည်လဲ။ ထိုညက အထိတ်တလန့်စိတ်နှင့် အိပ်ယာဝင်ခဲ့သော်လည်း ကျွန်တော်
အိပ်မပျော်ဘဲ မိုးလင်းခဲ့သည်။ ထို့ပြင် ထိုညက ကျွန်တော် ကဗျာမရေးဖြစ်ခဲ့သလို
စကားပြေအစအနတစ်ကြောင်းတစ်လေမျှ မရေးဖြစ်ခဲ့။
ထိုအကြောင်းကို
ကျွန်တော်မည်သူ့ကိုမှ မပြောဖြစ်ခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း နောက် ရက်များတွင်
မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သည်။ တစ်ချို့ညများတွင် သတိရသလိုဖြစ်မိသော် လည်း
ထိုအသံကို စူးစမ်းစစ်ဆေးရန် ကျွန်တော်အချိန်မပေးနိုင်ခဲ့ပေ။ ထို့ပြင် တိုက်ဆိုင်စွာ ထိုရေတွင်း ဟောင်းကြီးအနားတွင်လည်း
ကျွန်တော် မထိုင်ဖြစ်ခဲ့သည့် ရက်တွေ များလာခဲ့သည်။ ပြဿနာသည် ထိုသို့
မထိုင်ဖြစ်ခြင်းကပင် ကျွန်တော့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် နောက်တစ်ကြိမ်ထပ်မံရောက်ရှိ
လာခဲ့ပြန်ပါသည်။
ထိုနေ့က
ရုံးပိတ်ရက် တနင်္ဂနွေနေ့ဖြစ်ပါသည်။ ကျွန်တော်သည် ရေတွင်းဟောင်း ကြီးဘေးတွင် သမီးလေးနှင့်
ဆော့ကစားနေသည်။ ထိုအချိန်တွင် သမီးလေးက တစ်စုံတစ်ရာအား ကောက်ယူပြီး
ကျွန်တော့်ထံသို့ လှမ်းပစ်ပေးလိုက်သည်။ ကျွန်တော့်နားထဲတွင် `ချွင် ´ ကနဲ့မည်သံကို
ခပ်တိုးတိုးကြား လိုက်ပြီး သမီးလှမ်းပစ်ပေးလိုက်သည့် လေထဲမှ တစ်စုံတစ်ရာကို
ဖမ်းယူမိလိုက်သည်။ ထိုအရာသည် ဒင်္ဂါးပြားတစ်စေ့ဟု ယူဆလျှင် ရနိုင်မည့်
ကြေးပြားတစ်ပြားဖြစ်နေလေသည်။ သမီးသည် ကျွန်တော့်၏ အထိတ်တလန့်ဖြစ်မှုကို ကြည့်ကာ
အားပါးတရ တခစ်ခစ်ရယ်မောရင်း ပြေးထွက် သွားသည်။ ကျွန်တော်သည် လက်ထဲမှ
ကြေးပြားစေ့ကို အသေအချာပွတ်ကြည့်လိုက်သည့်အခါ ဒေါင်းရုပ်ပုံ ခပ်ဝါးဝါးကို
စမ်းသပ်မိသည်။ ထိုကြေးပြားစေ့ကို ကျွန်တော်မည်သူ့ကိုမျှမပြတော့ဘဲ
ဘယ်ဘက်အိပ်ကပ်လေးထဲသို့ ထည့်ထားမိလိုက်သည်။ အဘယ်ကြောင့် ထိုသို့ သိမ်းဆည်းမိလိုက် ခြင်းကိုလည်း
ကျွန်တော် ပြောမပြတတ်။ ကျွန်တော့်မသိစိတ်က ကျွန်တော့်ကို ခိုင်းစေနေသည်ဟုသာ
ထင်မှတ်မိပါသည်။
ဤသို့ဖြင့် နေ့ရက်များသည်
တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။ လသာသည်ဖြစ်စေ၊ လမသာ သည်ဖြစ်စေ ကျွန်တော်သည်
ရေတွင်းဟောင်းကြီးဘေးရှိ ကွပ်ပျစ်လေးပေါ်တွင် ထိုင်ပြီး လေထဲမှ
လွင့်ပျံလာမည့် အသံတစ်သံကို နားစွင့်နေမိပါသည်။ သို့သော် လများစွာ
ကြာမြင့်ခဲ့သည့်တိုင် လေထုထဲမှ မည်သည့်အသံတစ်သံ မျှ ကျွန်တော်ကြားခွင့်မရခဲ့။
တစ်ခါတစ်ရံ စိတ်လိုလက်ရရှိသော နေ့များတွင် ရေတွင်းပေါက် ကို ဖုံးအုပ်ထားသော
ပျဉ်ချပ်ကြီးကို မကာ ရေတွင်းဟောင်းကြီးထဲသို့ ငုံကြည့်ချင်မိသည်။ သို့သော် ထိုသို့
ကျွန်တော်ကြည့်ဖြစ်မည် မဟုတ်တာ သေချာပါသည်။ ထို့ပြင် ယနေ့ထိ
ကျွန်တော့်ဘယ်ဘက်အိပ်ကပ်ထဲတွင်လည်း သိမ်းဆည်း ထားသော ကြေးပြားစေ့ တစ်စေ့
ရှိနေပါသေးသည်။ ကျွန်တော်သည် ထိုကြေးပြားစေ့လေးကို
ရေတွင်းဟောင်းကြီးထဲသို့ ဘယ်သော
အခါမှ `ချွင်´ကနဲ မြည်အောင်ပစ်ချလိမ့်မည်လည်း မဟုတ်ချေ။
မင်းနဒီခ
၂၃၊ စက်တင်ဘာ၊ ၂၀၁၃
( Treasure Land, မတ်လ၊ ၂၀၁၄)
( Treasure Land, မတ်လ၊ ၂၀၁၄)
No comments:
Post a Comment