Thursday, October 31, 2013

ကျွန်တော်၊ ဒုတိယဘုရားသခင်နှင့် အမည်နာမနေရာ


 


ကျွန်တော်၊ ဒုတိယဘုရားသခင်နှင့် အမည်နာမနေရာ

၁။ `အမှန်တရား
အမှားတရန်
အမှားနှစ်ခုပေါင်းလျှင် အမှန်ဖြစ်မည်လား´
ကဗျာဆရာအစ်ကိုကြီးမောင်စိုးသစ်(မန္တလေး)က သူ၏ ကဗျာတစ်ပုဒ်ထဲတွင် ဤသို့ မေးထားသည်။ အနှုတ် လက္ခဏာနှစ်ခုမြှောက်လျှင် အပေါင်းလက္ခဏာတစ်ခုရသည်ဟု သင်္ချာသီအိုရီသဘောတရားတစ်ခုထဲ တွင် အတိအလင်းရေးသားထားသည်။ ကျွန်တော်တို့သည် ဤနှင့် ကျွဲကြားတွင် မည်သည့်ဘက်မှ ရပ်တည် နေကြပါသလဲ။

၂။ အချို့သူများသည် ငွေကို အလူးအလဲရှာဖွေတတ်ကြသည်။ အချို့ငွေများကတော့ လူကို သည်းသည်း မည်း မည်း ရှာဖွေတတ်လေ့ရှိသည်။ ကံတရားက သူ့တွင် အ၀ါရောင်လမ်းညွှန်စာအုပ်တစ်အုပ်ပါမလာမှန်း မည်သူ့ကိုမှ အသိမပေးခဲ့။ အချို့လူများသည် ဆူးပုံနင်းကြသည်။ အချို့သူများသည် ဓါးလှံလက်နက်များ ထမ်းရွက်လာကြသည်။ အချို့လူများက စိုက်ပျိုးကြသည်။ အချို့လူများက အသင့်ခူးယူစားသုံးကြသည်။ အချို့လူ များက ပေးကမ်းဝေမျှတတ်ပြီး အချို့လူများကတော့ နှမြောတွန့်တိုကုတ်ခြစ်သိမ်းဆည်းတတ်ကြသည်။ အသက် ရှူတာချင်းတူပေမယ့် ရင်ခုန်သံချင်းကွဲကြသည်။ ကျွန်တော့်တွင် ရက်စွဲလွန်နေသော ဒိုင်ယာရီစာအုပ် အဟောင်း တစ်အုပ်ရှိပါသည်။

၃။ အတွေးများနှင့် မွန်းကျပ်နေသောညများသည် လဲ့ပြာမှိုင်းညို့နေတတ်သည်။ သို့သော် လဲ့ပြာမှိုင်းညို့ နေသော ညများကတော့ အတွေးများနှင့် မွန်းကျပ်မနေတတ်ပါ။ အိပ်မက်ဆိုသည်မှာ ညအခါတွင် မက်သည်။ ထို့အတူ နေ့အခါတွင်လည်း မက်တတ်သည်။ မည်သည့်အချိန်အခါမျိုးတွင် မက်သည်ဖြစ်စေ၊ အိပ်မက်မက်သူ တစ်ယောက်တွင် အိပ်စက်ခြင်းတစ်ခုပိုင်ဆိုင်ထားသည်မှာ သေချာခဲ့ပါသည်။ သို့သော် ကျွန်တော်၏ အိပ်စက် ခြင်းများတွင်တော့ မည်သည့်အိပ်မက်မျှမပါဝင်ခဲ့သလို ကျွန်တော့်၏ အိပ်မက်များသည်လည်း မည်သည့် အိပ်စက်ခြင်းကို ပိုင်ဆိုင်းခြင်းမရှိခဲ့ပေ။ အမှန်စင်စစ်၌ ကျွန်တော်သည် ကဗျာအယောင်ဆောင် ထားသော ညဉ့်ငှက်ဆိုး တစ်ကောင်သာ ဖြစ်သည်။

၎။ ကျွန်တော်ကလေးဘ၀တုန်းက ဘုရားပွဲဈေးတန်းမှာ ချိတ်ဆွဲထားသည့် ဘိုမရုပ်လေးတစ်ရုပ်ကို အလွန် အမင်းလိုချင်တက်မက်ခဲ့ဖူးသည်။ ထိုဘိုမရုပ်လေးသည် အစိမ်းရောင်သမ်းနေသည့် မျက်ဝန်းများကို ပိုင်ဆိုင် ထားသည်။ သူမကို ကိုင်လှုပ်လိုက်လျှင် ရယ်သံလွင်လွင်လေးထွက်ကျလာသည်။ ထိုရယ်သံလေးများသည် နောက်ကျောမှ ဓါတ်ခဲအသေးသုံးလုံးထည့်မှ အသံမည်မှန်း ထိုစဉ်က ကျွန်တော်မသိခဲ့။ ကျွန်တော့်မိဘများက ငွေကြေးမတတ်သူများဖြစ်သောကြောင့် ကျွန်တော်လိုချင်သော ထိုဘိုမရုပ်လေးကို ၀ယ်မပေးနိုင်ခဲ့ပေ။ လိုချင်လျှင် ပိုက်ဆံစုလေ ဟုလည်း ဘကြီးအောင်လို ညာမပြောခဲ့ကြောင်းလည်း ကျွန်တော် မှတ်မိနေပါသေး သည်။ ကျွန်တော့်၏ ဆန္ဒများသည် ငေးမောတောင့်တစွာ ရပ်ကြည့်နေရင်းမှ မျက်ရည်များအဖြစ် ပြောင်းလဲ စီးဆင်းသွားခဲ့သည်။ ပွဲတော်သည် သူ့ကိုယ်သူ လှလှပပ လိမ့်ကျံကာ ပရိသတ်ကို ဖျော်ဖြေနေလေသည်။ ဤသို့ဖြင့် လူငယ်ဘ၀သည် ပွဲတော်၏ ဖျားယောင်းဆွဲဆောင်မှုအောက်တွင် ဒူးထောက်ကျခဲ့သည်။ လူငယ်ဘ၀သို့ ရောက်သောအခါ အချစ်ဆိုသောအရာကို နှလုံးသားက တောင်းဆိုသည်။ ကျွန်တော်ချစ်မိသော ကောင်မလေးသည် သက်မွန်မြင့်နှင့် ၀ိုင်းစုခိုင်သိန်းတို့၏ အလှအပများကို အချိုးကျ ပေါင်းစပ်ထား သည့် အလားထင်ရလောက်အောင်ပင် ချောပလှပလွန်းခဲ့သော်လည်း သူမတွင် အစိမ်းရောင်သမ်းသော မျက်ဝန်းများ မရှိ။ သူမမျက်ဝန်းများသည် အညိုဖြစ်သောကြောင့် ကျွန်တော့် မိဘများအား လည်း သူမကို ၀ယ်ယူပေးရန် မတောင်းဆိုမိခဲ့။ တိုးတိုးလေး ကြေကွဲမိသောညများသည် ပွဲတော်၏ ဆူညံသော သီချင်းသံများအောက်တွင် ကျပျောက်ခဲ့ရသည်။ ငေးမောတမ်းတရင်း ပွဲတော်မှ ကျွန်တော်ပြန်ခဲ့ပါသည်။ အရာရာသည် ပြောင်းလဲ တတ်သည့် သဘောရှိပါသည်။ ထိုပြောင်းလဲတတ်သော သဘောတရားကို ကျွန်တော်နားလည်ဖို့ အချိန်များစွာ သိပ်မယူခဲ့ရပါ။ အမှတ်တမဲ့ တိုက်ဆိုင်လွန်းသော နေ့တစ်နေ့တွင် နောက်ဆုံးပေါ် ဇိမ်ခံကားကြီးတစ်စီး၏ မျက်နှာစာမှာ ကြိုးတန်းလန်းနှင့် ချိတ်ဆွဲထားသော မျက်ဝန်းညိုများပိုင်ရှင် သူမကို တွေ့လိုက်ရပါသည်။ ဇိမ်ခံကားကြီး၏ ယိမ်းထိုးလှုပ်ခါပြေးလွှားမှုမှာ သူမ၏ ရယ်သံလွင်လွင်လေးများကိုတော့ ကြားဖြစ်အောင် ကြားလိုက်မိပါသေးသည်။ သူမ၏ နောက်ကျောတွင် ထည့်ရသော ဓါတ်ခဲမှာ ငယ်ငယ်ကဘိုမရုပ်လေးထဲတွင် ထည့်ရသည့် ဓါတ်ခဲအသေးလေးများ ဟုတ်မဟုတ် ကျွန်တော်ထပ်မတွေးမိတော့။ ဘယ်လိုဖြစ်ဖြစ် အပြောင်း အလဲသည် ကျွန်တော့်လူငယ်ဘ၀ကို ရိုကျိုးစေခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။

၅။ မိုးခါးရေ ကျွန်တော်မသောက်ဖူးပါ။ မသောက်ဖူးသဖြင့် မည်သည့်အရသာရှိမှန်းလည်း ကျွန်တော် မပြောပြတတ်ပါ။ ကျွန်တော့်အား သောက်ရန်တိုက်တွန်းအားပေးသူများရှိခဲ့ပါသည်။ ကျွန်တော်သည် အ၀ိစီ တွင်းရေကိုသာ ခုံခုံမင်မင်နှစ်သက်စွာ သောက်သုံးချင်သူတစ်ယောက်ဖြစ်ပါသည်။ မိုးခါးရေဆိုသည်မှာ အမြင့်မှ ကျလာသလား။ အ၀ီစိတွင်းရေသည် အောက်ခြေမှ ထိုးထွက်လာသလား။ ကျွန်တော်သည် မည်သည့် ရေသယံဇာတအရင်းအမြစ်ရှာဖွေရေးလုပ်ငန်းတွင်မှ မလုပ်ကိုင်ခဲ့ဖူးပါ။ ကိုယ်ကျင့်တရားကို ငွေနှင့် ၀ယ်ယူ၍ မရနိုင်ပေ။ သို့သော ငွေနှင့် ၀ယ်ယူရရှိနိုင်သော အရာများထဲတွင် ကိုယ်ကျင့်တရားလည်း ပါဝင်ပါသည်။ `Money Make is Everything.´ `Money is small God.´ စသည်ဖြင့် မမှတ်မိတော့သော စာအုပ်အချို့တွင် ဖတ်ခဲ့ဖူးသည်။ ဥပေက္ခာကိုတော့ ကျွန်တော်မကြိုက်။ ဖြစ်နိုင်လျှင် ကရုဏာ၊ မုဒိတာနှင့် မေတ္တာတရား တို့အား အလုံအလောက်ဝယ်၍ သိုလှောင်ထားချင်ပါသည်။ ပြတိုက်ဖွင့်ရန် ကျွန်တော့်တွင် အစီအစဉ်မရှိပါ။ ကမ္ဘာပျက်မိုးကြီးရွာပြီးနောက်တစ်နေ့တွင် ထိုသိုလှောင်ထားသောအရာများကို အခမဲ့ပေးဝေရန်သက်သက်သာ ဖြစ်ပါသည်။ ကမ္ဘာသည် နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းလည်ပတ်သည်ဟု ကလေးဘ၀ သင်ရိုးညွှန်းတမ်းများတွင် သင်ကြားခဲ့ရဖူးသည်။ ထိုအဆိုသည် ယခုထက်တိုင် မှန်နေသေးသလား ကျွန်တော် မသိတတ်။ အချို့သူများသည် ကမ္ဘာထက်ပို၍ တိမ်းစောင်းလည်ပတ်ကြသည်။ အချို့သူများသည် ကမ္ဘာနှင့် ဆန့်ကျင်၍ ကိုယ့်ဝင်ရိုးပေါ်တွင် ကိုယ် ဖြောင့်မတ်စွာ လည်ပတ်ကြသည်။ လူနည်းစုမျှသာဖြစ်ပါသည်။ လူများစု မဟုတ်သဖြင့် လူနည်းစုဖြစ်နေရခြင်းလည်း ဖြစ်ပါသည်။

၆။ မည်မျှဆင်းရဲသူဖြစ်စေကာမူ ထိုသူတစ်ဦးတွင် နာမည်တစ်ခုတော့ ပိုင်ဆိုင်ကြသည်။ အချို့သော သူများသည် လူသေဆုံးသွားသော်လည်း နာမည်ရှင်သန်ကျန်ရစ်ကြသည်။ အချို့သောသူများကတော့ အသက် ရှင်သန်နေထိုင်နေသည့်တိုင် နာမည်များက သေဆုံးပုပ်ပွနံစော်နေလေ့ရှိသည်။ ကျွန်တော်တို့ အမည်နာမ များကို မည်သည့်နေရာများတွင် သဂြိုဟ်မြေမြှပ်ပစ်လိုက်ကြမည်လဲ။ သို့မဟုတ် မည်သည့် နေရာများတွင် ရှင်သန်အောင် စိုက်ပျိုးထားကြမည်လဲ။ စဉ်းစားမိဖို့ ကောင်းသည်။ အနုပညာတွင် ရေးထိုးထားသော ကျွန်တော်တို့၏ အမည်နာမများ လေဒဏ်မိုးဒဏ်ကြားတွင် ဆေးသားခိုင်ကြမည်လားဆိုသည်ကတော့ အချိန် ကာလက ဆုံးဖြစ်ပေးသွားပါလိမ့်မည်။ အမှားက ကမ္ဘာတစ်ပတ်ပတ်ပြီးချိန် အမှန်တရားက ခြေလှမ်းပြင် နေ တုန်းဟု စကားပုံများဆိုထားသလို အမှန်တရားသည် ဆိုက်ရောက်လာရန် ကြာတတ်လေ့ရှိသည်။ မည်သို့ပင် ဖြစ်စေ သေချာသည်ကတော့ ခင်ဗျားတို့ ကျွန်တော်တို့ အမည်နာမအားလုံးအတွက် နေရာတစ်ခုတော့ အခိုင် အမာ တည်ရှိနေပါလိမ့်မည်။

မင်းနဒီခ


No comments:

Post a Comment