Thursday, October 31, 2013

ဆရာကြီးဒဂုန်တာရာနှင့် ကြုံဆုံခဲ့ရ ခဏတာ



ဆရာကြီးဒဂုန်တာရာနှင့် ကြုံဆုံခဲ့ရ ခဏတာ



“ စကားပြောသလို ရေးရမည်။ မရေးရမည်ကို ကျွန်တော်ပြောရန်မရှိ။ ရေးသူတို့၏ အလုပ်ဖြစ်သည်။ ကျွန်တော့်အလုပ်မဟုတ်။ ကျွန်တော့်အလုပ်က စကားပြေနှင့် ကဗျာခြားနားသည်မှာ ကာရန်စနစ်ဖြစ်သည်ဟုပင် နားလည်ထားသည်။ သို့သော် ကာရန်အကြောင်းကို ကျွန်တော် ဒီနေရာတွင် မပြောလိုသေး။ စကားပြေပုံသဏ္ဍာန်၊ ကဗျာပုံသဏ္ဍာန်များကို ရွေးချယ်ခြင်းမှာ ရေးသူတို့၏ တာဝန်၊ ရေးသူတို့၏ အလုပ်ဖြစ်သည်။ ယခုအခါ ခေတ်ပေါ်ကဗျာဟုလည်းခေါ်၊ မော်ဒန်ကဗျာဟုလည်းခေါ်သော ကဗျာအမျိုးအစားနှင့် ပတ်သက်၍ ကျွန်တော်ပြောရန်မရှိ။ လူငယ်တို့သည် တစ်ခေတ်ထက် တစ်ခေတ်ဆန်းသစ် တီထွင်မှုကို လုပ်ရန်သာဖြစ်သည်ဟု ကျွန်တော် နားလည်ထားသည်။ ဖွဲ့နွဲ့သော စာပေပုံသဏ္ဍာန်ကို စာဖတ်သူတို့က လက်ခံအတည်ပြုလျှင် ယင်းစာပေခေတ်ကို အတည်ပြုမည်ဟု ကျွန်တော်မှတ်ယူသည်။ ထို့ကြောင့်ပင် ကျွန်တော်သည် ခေတ်ကို လုပ်နိုင်သူမဟုတ်။ ခေတ်ကသာ ကျွန်တော့်ကို လုပ်နိုင်သည်ဟု ဖော်ပြလိုခြင်းဖြစ်ပေသည်။”
ဒဂုန်တာရာ
မန္တလေးအနှစ် ၁၅၀ ပြည့် အမှတ်တရကဗျာစာအုပ်အမှာစာမှ

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက ကျွန်တော်တို့ နန်းရှေ့ Any Way စာပေ၀ိုင်းမှ ဆရာအနီမောင် စီစဉ်ထုတ်ဝေသည့် မန္တလေးမြို့တည်နန်းတည် အနှစ် ၁၅၀ ပြည့် စုပေါင်းကဗျာစာအုပ်ထုတ်သည့်အခါ ဆရာကြီးဒဂုန်တာရာဆီမှ အမှာစာ တောင်းခံခဲ့ပါသည်။ ဆရာကြီးကလည်း လိုလိုလားလား ရေးဖွဲ့ပေးခဲ့သည်။ ကျွန်တော်တို့ကလည်း ဆရာကြီးဆီကို ကဗျာ စာအုပ် လက်ဆောင်နှင့်အတူ ဗွီနိုင်းတစ်ခုမှာ အမှတ်တရလက်မှတ်ထိုးများဖြင့် ဆရာကြီးထံ လက်ဆောင်ပြန်ပေးပို့ခဲ့သည်။ ထိုအမှတ်တရဗွီနိုင်းတွင် ကျွန်တော်က ဆရာကြီး ဒဂုန်တာရာ၏အသက် ၉၀ ပြည့်မွေးနေ့ အမှတ်တရ ကဗျာတစ်ပုဒ် ရေးဖွဲ့ ဖြစ်ခဲ့သည်။

လေနုအေးတို့ တနွဲ့နွဲ့အနော့မှာ
ရွှေအိုရောင်မယ်ဇယ်ပွင့်တို့ စီစီညီညီ
တစ်ပွင့်စီ တွဲသီကုံးတော့
ကိုးဆယ်ပွင့်ညီ
တေးအလင်္ကာ စာပန်းချီ ဖွဲ့သီခြယ်မှုန်း
လက်ရုံးပီပီ နှလုံးလှ ဆရာ့ဂုဏ်ရည်
မျှော်ရည်ကန်တော့
နောင်နှစ်ပေါင်းအလီလီ
ရွှေအိုရောင်မယ်ဇယ်ပွင့်ကို
လေနုအေးတို့ တနွဲ့နွဲ့ နော့နေဦးမည်။

၂၀၁၀ ကျွန်တော်အလုပ်ကိစ္စဖြင့် ကလောမြို့လေးသို့ ရောက်ဖြစ်တော့ ဆရာနိုင်မွန်အောင်သွင်နှင့် တွေ့ဆုံဖြစ် သည်။ အောင်ပန်းမှ ဆရာကြီး၏ အိမ်လိပ်စာကို မသိသဖြင့် ဆရာနိုင်မွန်အောင်သွင်ဆီမှ လိပ်စာမေးရသည်။ အောင်ပန်း ရောက်တော့ ဆရာကြီးအိမ်သို့ ညနေပိုင်းမိုးချုပ်လုအချိန်မှ ရောက်သွား သည်။ မန္တလေးမှ ကဗျာဆရာဧည့်သည်ဆိုတာနဲ့ ဆရာကြီးသည် အိပ်ယာထဲတွင် ရေဒီယိုနားထောင် နေရာမှ ထလာပေးသည်။ ကျွန်တော့်ကို အရေးတယူ စကားပြော ပေးခဲ့သည်။ မန္တလေးမှ ဆရာ နေ၀င်းမြင့်၊ ဆရာညီပုလေးတို့အကြောင်း။ မန္တလေးကဗျာဆရာများ အကြောင်း မေးသည်။ ဂျာနယ်၊ သတင်းစာများ အကြောင်းမေးမြန်းသည်။ ဆရာကြီးသည် သတင်းများကို အမြဲတမ်းနားစွင့်နေသည်။ ကမ္ဘာကြီးကို မျက်ခြေမပြတ်။ မျက်စိက စာမဖတ်နိုင်တော့ပေမယ့် စာပေနှင့် အဆက်မပြတ်အောင် နေသည်။
၂၀၁၂ ခုနှစ် မေလ(၁၀) နေ့က ဆရာကြီးဒဂုန်တာရာရဲ့ ၉၃ နှစ်ပြည့် မွေးနေ့မှာ အောင်ပန်းကို ကျွန်တော် သွားရောက် ကန်တော့ခဲ့ပါသည်။ ကန်တော့ရင်းနဲ့လည်း ကျွန်တော် မတ်လတုန်းက ထွက်ခဲ့သည့် ကျွန်တော့်၏ ပိုးသား ရောင် ပင်လယ်လမ်း ကဗျာစာအုပ်လေးကိုပါ ကန်တော့ခဲ့ပါသည်။ ဆရာကြီးသည် မွေးနေ့ပွဲ အစကနေ အဆုံးအထိ ကျွန်တော့် ကဗျာစာအုပ်လေးကို လက်ကမချဘဲ ကိုင်ထားတာကို တွေ့ရသည့်အခါ အလွန်ပင် ၀မ်းသာပီတိဖြစ်ရသည်။။ မွေးနေ့ပွဲနေ့လည်ပြီးတော့ ညနေပိုင်းမှာ ဆရာကြီးအိမ်ကို နှုတ်ဆက်ဖို့ တစ်ခေါက်ထပ်သွားသည့်အခါ ဆရာအံ့မောင်နှင့် အတူတူ အိမ်အောက် ထပ်ဧည့်ခန်းလေးမှာထိုင်ရင်း စကားပြောနေတာကိုတွေ့ရသည်။ ကျွန်တော်လည်း ၀င်ထိုင် နားထောင် ရင်း ဆရာကြီးနှင့် စကားနည်းနည်းပြောဖြစ်ခဲ့ပါသည်။

ဒဂုန်တာရာ။ ။ အခုမင်းနဒီခရဲ့ ကဗျာစာအုပ်လေးပေါ့နော်။ ဘယ်လိုကဗျာတွေ ပါသလဲ။

ကျွန်တော်။ ။အများစုကတော့ ခေတ်ပေါ်ကဗျာတွေပါပဲ ဆရာ။ တစ်ချို့ကဗျာလေးတွေကတော့ စမ်းသပ်ကဗျာပဲ ခေါ်ရမလား။ ခေတ်ပေါ်ဟန်နဲ့ မတူတာလေးတွေလည်း ပါပါတယ် ဆရာ။

ဒဂုန်တာရာ။ ။ ကောင်းတယ်ဗျ။ စမ်းသပ်ရမယ်။ ဒါနဲ့ ကာရန်သုံးသေးလား။ ကျွန်တော်က မဖတ်နိုင်တော့ သူများ ဖတ်ပြတာပဲ နားထောင်ရတယ်။

ကျွန်တော်။ ။ ဟုတ် ဆရာ။ ကာရန်က ပီပီပြင်ပြင်တော့ မပါတော့ဘူး။ တစ်လုံးစ နှစ်လုံးစ ချိတ်ရုံလောက်ပဲပါတော့တာ ဆရာ။ လုံးလုံးမပါတော့တာမျိုးမဟုတ်ပေမယ့် ကာရန်စနစ်ကို မသုံးဖြစ် တော့တာပါ ဆရာ။

ဒဂုန်တာရာ။ ။ ကာရန်ကို ဘာလို့ မသုံးတော့တာလဲ။ မကြိုက်လို့လား ( ဆရာကြီးက ပြုံးနေတယ်)

ကျွန်တော်။ ။ ကာရန်ကို ကြိုက်ပါတယ်ဆရာ။ မသုံးဖြစ်တာပါ။

ဒဂုန်တာရာ။ ။ ဒါဆို ကာရန်ကို ကြောက်လို့လား။

ဆရာကြီးက ပြုံးနေဆဲပါပဲ။ ဆရာအံ့မောင်ကလည်း ကျွန်တော့်ကို ပြုံးပြီး ကြည့်နေသည်။ ကျွန်တော်လည်း ကာရန်ကို ကြောက်လို့လား ဆိုတဲ့မေးခွန်းကို ဘာပြန်ဖြေရမှန်း လွယ်လွယ်နဲ့ စဉ်းစားမရ။ ဒါနဲ့ ကျွန်တော်က အဲဒီလိုလည်း မဟုတ်ပါဘူးဆရာ လို့ ရယ်ကျဲကျဲနဲ့ ပြန်ဖြေလိုက်တော့ ဆရာကြီးက ကျွန်တော့်ကို အဲဒီစာအုပ်ထဲက ကဗျာတစ်ပုဒ် ဖတ်ပြပါလား ဟု ပြောသည်။ ကျွန်တော်လည်း ခပ်တိုတို နှင့် အလွတ်ရနေသည့် ပင်လယ် ဆိုသည့် ကဗျာတစ်ပုဒ်ကို ဆရာကြီး ကြားနိုင်ရုံလေး ရွတ်ပြလိုက်သည်။ ဆရာကြီးက ကျွန်တော်ရွတ်ပြတဲ့ ကဗျာကို အလေးအနက် နားထောင် ပေးသည်။ နောက်ထပ် ပြောဖြစ်သည့်စကားများမှာ မန္တလေးက စာရေးဆရာတွေအကြောင်း၊ ကဗျာဆရာတွေ အကြောင်း၊ တောင်လေးလုံးအကြောင်းတွေပင် ဖြစ်သည်။ ကျွန်တော့်ဘ၀အတွက် မမေ့နိုင်စရာကောင်းသည့် တကယ့်အမှတ်တရ နေ့လေးတစ်နေ့ ဖြစ်ခဲ့ရပါသည်။
၂၀၁၃၊ မေ (၁၀) ဆရာကြီး၏ (၉၄)နှစ်ပြည့် မွေးနေ့ကိုမူ ကျွန်တော်မရောက်နိုင်ခဲ့။ ၂၀၁၃၊ သြဂုတ်လ(၁၉) တွင် အောင်ပန်း၊ သာမိုင်းခမ်းနေအိမ်လေးမှာပင် ဆရာကြီးကွယ်လွန်ဆုံးပါးသွားကြောင်း ကျွန်တော်တို့ သတင်းကြားရသည်။ ဆရာကြီး၏ နောက်ဆုံးခရီးကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်မပေးနိုင်ခဲ့ပေမယ့် ၂၀၁၃ စက်တင်ဘာ ၁၉ မှာ `ငြိမ်းချမ်းရေး စာဆိုတော် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်းတစ်လပြည့် အထိမ်းအမှတ်´ အခမ်းအနားကို ရာပြည့်မန္တလေး စာအုပ်ဆိုင် (၃၄ လမ်း) မန္တလေးမြို့ခံ ကဗျာဆရာများ၊ စာရေးဆရာများ၊ ဆရာကြီးကို ချစ်မြတ်နိုး တန်ဖိုး ထားသူများ စုပေါင်းပြီး ကျင်းပခဲ့ကြပါသည်။
မှတ်မိသလောက်ပြောရရင် ဆရာ ကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ မောင်နွေထက်၊ ဆရာ စိုးနိုင်(မန္တလေး တက္ကသိုလ်)၊ ဆရာ အနီမောင်၊ ဆရာ ညီပုလေး၊ ဆရာသင့်နော်၊ ဆရာစိုးဘားဒိုင်၊ ဆရာ ခင်မောင်နိုင်ဦး၊ ဆရာ မောင်သင်းပန်တို့ အမှတ်တရ အောက်မေ့ဖွယ် စကားပြောကြားခဲ့ကြသည်။ ထိုအခမ်းအနားတွင် ဆရာ ညီပုလေးက “ခေတ်မျိုးစုံ ကို ဖြတ်သန်းခဲ့တဲ့လူ ဆရာကြီးမှာ အတွေ့အကြုံတွေ အများကြီးရှိတယ်၊ ပြီးတော့ စာပေတွေဖွဲ့တဲ့အခါမှာ ကဗျာတင်မကဘူး၊ ခရီးသွားဆောင်းပါးတွေရော အတ္ထုပ္ပတ္တိရုပ်ပုံလွှာရေးတဲ့နေရာမှာ သူမတူတဲ့လူဗျ၊ သြဇာ အလွန်ကြီး ပါတယ်၊ ထင်ရှားတာကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို စိတ်ဝင်စားတယ်ဗျ၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ တပည့်တွေ ပီသပါပေတယ်၊ ဒီပုဂ္ဂိုလ်မျိုးဆုံးရှူံးတာဟာ ဘာနဲ့မှအစားထိုးလို့လည်း မရပါဘူး” လို့ ပြောကြားခဲ့သည်။
ဆရာကြီးထံမှ ကာရန်မဲ့ချင်မဲ့ အဘိဓမ္မာမမဲ့နဲ့ ဆိုသည်ကို ကြားခဲ့ရသည်။ ရန်သူမရှိ မိတ်ဆွေသာရှိ ဟု ကြွေးကြော်ခဲ့သည် ဆရာကြီးဒဂုန်တာရာသည် တိုင်းပြည်နှင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကို မြင်မသွားရသော်လည်း ခန္ဓာဝန်ကြီး၏ ငြိမ်းချမ်းရေးတရားကိုတော့ ရှာတွေ့သွားတာသေချာခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာကြီးသည် ဘယ်အချိန်ကြည့်ကြည့် မြင်ရတဲ့သူကိုပါ ဆရာကြီး၏ ငြိမ်းချမ်းမှုတရားကို ကူးစက်ခံစားရစေပါသည်။ ကျွန်တော်တို့ ကောင်းကင်မှာ ထာဝရထွန်းလင်း တောက်ပလမ်းပြနေမည့် တာရာဆိုတာ ဆရာကြီးဒဂုန်တာရာပင် ဖြစ်သည်။ ထိုအလင်း ရောင်သည် ဘယ်သောအခါမှ မှေးမှိန်ဖျော့ရော့သွားမည် မဟုတ်။ ဆရာကြီး ကောင်းရာသုဂတိလားမည်ကို ယုံကြည်ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့လေးတွင် ပန်းနုရောင်အို၏ လေနုအေးများသည် ကမ္ဘာတည်သရွေ့ တနွဲ့နွဲ့ နော့နေပါလိမ့်ဦးမည်။

မင်းနဒီခ

No comments:

Post a Comment