Thursday, October 31, 2013

နွေဦးရာသီ အိပ်မက်တရေးနိုး


                                                          နွေဦးရာသီ အိပ်မက်တရေးနိုး

တောင်လေသည် နွေရာသီကို ကိုက်ချီပျံသန်း၍ လာချေပြီ။ ပူပြင်းအိုက်စပ်သော နွေညများသည် အိပ်မက်နှင့် အိပ်စက်ခြင်းကို ပုဝါတကမ်းအလှမ်းဝေးစေခဲ့သည်။ မိတ်ဆွေ သင်အိပ်မက်မက်ဖူးပါသလား။ မီးသတိပြုပါ။ ကြွေသွေားသော သစ်ရွက်လေးတစ်ရွက်၏ ဈာပနကို သတင်းစာတစ်စောင်တွင် ၀မ်းနည်းကြောင်း နာရေးကြော်ငြာဖတ်လိုက်ရသည်။ ကိစ္စမရှိပါ။ ကျွန်ုပ် အိပ်မက်မက်ဖူးသည်။ မနေ့ညက ဖြစ်သည်။ သင့်မျက်နှာပေါ်မှ ကပ်ညှိနေသော ဖုန်မှုန့်များကို ဖြူစင်သော တစ်ရှူးစက္ကူဖြင့် သုတ်လိုက်ပါ။ ရေအေးအေး တစ်ခွက်မော့သောက်ပါ။ ကြံရည်တစ်ခွက် သုံးရာ။ မဟာသင်္ကြန်အထူးလျော့ဈေးနှင့် ခါတော်မှီဝတ်ဆင်နိုင်သော ဖက်ရှင်ဒီဇိုင်းများ ရောင်းချနေပါပြီ။ စာများများဖတ်ပါ။ သုတ၊ ရသ စာပေများထက် ကြော်ငြာများများဖတ်ခြင်းသည် သင့်ကို အခွင့်အရေးကောင်းများ အမြန်ဆုံးတွေ့စေနိုင်ပါသည်။

သင်္ကြန်ကား တပေါင်းလတွင် ကျချေပြီ။ အောင်ဘာလေထီများများထိုးပါ။ သင့်၌ ခပ်ပြီးသား ရေအေးအေးတစ်ခွက် မသောက်ရသေးလျှင် ထီဆိုင်မှ အရောင်းစာရေးမလေးအား လောင်းလိုက်ပါ။ ပြဿနာသည် ကျွန်ုပ်နှင့် မဆိုင်။ ကျွန်ုပ်နှင့် ဆိုင်သော အရာများမှာ ကဗျာ၊ အယ်ဒီတာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာမူခနှင့် မနေ့ညက မက်သော အိပ်မက် တစ်ခုသာ ဖြစ်သည်။

ရေနီမြောင်းရေသည် နွေဥတု၏ သောက်သုံးမှုကြောင့် တဖြည်းဖြည်းလျော့နည်းစပြုချေပြီ။ ဆောင်းကာလအတွင်း က အနွေးထည်မ၀တ်နိုင်ရှာသော ကလေးငယ်တစ်ယောက်သည် လမ်းမပေါ်တွင် ရေခဲချောင်းရောင်းနေသည်။ မျက်နှာပေါ်တွင် သနပ်ခါးအပြည့်လူးထားသော ပန်းရံသမလေးတစ်ယောက် သဲတောင်းကို ခေါင်းပေါ် ရွက်တင် လိုက်သည့် အချိန်တွင် ဘတ်စ်ကားစပယ်ယာလေးသည် ကားပေါ်မှ ခုန်ဆင်းကာ ဈေးချိုလိုက်မလား ဈေးချို
 ဈေးချို ဟု အော်ကာ တွေ့သမျှလူ လက်ဆွဲကာ ကားပေါ်တင်လေသည်။ သင်ကော ဘယ်ကိုသွားမည်လဲ။   နှစ်သက်ရာမေးခွန်းတစ်ခုကိုသာ ဖြေဆိုပါ။ အချိန်စေ့မှ အခန်းအပြင်သို့ ထွက်ပါ။ အဖြေစာရွက်များအား အခန်း အပြင်သို့ သယ်ဆောင်မသွားရ။

မျက်နှာပေါ်တွင် ကပ်ညှိနေသော ဖုန်မှုန့်များကို ဖြူစင်သော တစ်ရှူးစက္ကူဖြင့် သုတ်လိုက်ပြီးသည့်အခါ လက်ဖက် ရည်ဆိုင်ထဲမှ စားပွဲထိုးလေးက ပုံမှန်ပဲလား အစ်ကို ဟု မေးသည်။ ပုံမှန်၏ ပုံမမှန်ခြင်း ပြဿနာမှာ ကျွန်ုပ်မိတ်ဆွေ ကဗျာဆရာ၏ ကဗျာတစ်ပုဒ်ခေါင်းစဉ်ဖြစ်သည်။ ထိုအကြောင်းကို စားပွဲထိုးလေးအား ရှင်းမပြဖြစ်တော့ဘဲ ခေါင်းကို သာ အသာညိတ်ပြမိလိုက်သည်။ ပြဿနာမဟုတ်ပါ။ ခဏကြာတော့ လျော့နည်းပျောက်ဆုံးသွားသော    ရေနီမြောင်းရေ သည် လက်ဖက်ရည်ပန်းကန်ထဲသို့ ခပ်တည်တည်ဝင်ထိုင်၍ ကျွန်ုပ်ရှေ့သို့ ရောက်လာသည်။ တိုင်မှာ ချိတ်ထားသော်လည်း တိုင်မကပ်ဘဲ ကွာနေသာ နာရီကို လှမ်းကြည့်မိသည့်အခါ နေ့လည် နှစ်နာရီ တိတိ။ မကြာမီ ချိန်းဆိုထားသော ကျွန်ုပ်ချစ်သူ ရောက်ရှိ လာတော့မည်ဖြစ်သည်။

မိတ်ဆွေ မနေ့ညက မက်သည့် အိပ်မက်ကို သင်မှတ်မိပါသလား။ ကျွန်ုပ်မှတ်မိသည်။ အတာသင်္ကြန် သည် ကြော်ငြာသင်္ကြန်အဖြစ် မည်သည့်နှစ်က ပြောင်းလဲခဲ့ပါသလဲ။ ကတ္တရာလမ်းမပေါ်မှ တလက်လက် ထနေသော တံလျှပ်များအကြောင်း ကဗျာတစ်ပုဒ်တော့ ရေးရဦးမည်။ အညာက နွေ၏ ဒဏ်ကို မမှု။ မြို့ပြက လေအေးပေးစက်ဖြင့် နွေကို အန်တုနေရတာ သနားစရာကောင်းသည်။ ကိစ္စမရှိပါ။ မနေ့ညက အိပ်မက် ထဲတွင် သင်မပါ။ ကျွန်ုပ်ချစ်သူသာ ပါသည်။ သူမ၏ ပထမဆုံး အက္ခရာစာလုံးမှာ ဗုဒ္ဓဟူးနံ `၀´ အက္ခရာဖြင့် စသော်လည်း ၀ိုင်းစုခိုင်သိန်းမဟုတ်။ ၀တ်မှုန်ရွှေရည်မဟုတ်။ ထို့ပြင် `၀´ အက္ခရာဖြင့် နာမည်စမှည့် ထားသော် လည်း သူမမျက်နှာသည် ၀ိုင်းဝိုင်းလေးမဟုတ်။ ၀န်းဝန်းလေးမဟုတ်။ လေးထောင့်အနည်းငယ်ဆန်ပါသည်။ မည်သို့ပင် ရှိပါစေ။ ပြဿနာမဟုတ်ပါ။ ပြဿနာဖြစ်လျှင် ဖုန်းဆက်ပါလိမ့်မည်။ မနေ့က မီးကင်းစောင့်သော ကင်းတဲသည် ခြင်ဆေးထွန်းပြီး အိပ်ပျော်သွားသော ကောင်လေးတစ်ယောက်ကြောင့် ရပ်ကွက်က နိုင်းဝမ်းဝမ်းသို့ ဖုန်းဆက်လိုက်ရသည်။ ထိုကောင်လေးသည် အိပ်မက်မက်ခဲ့ပါသလား။ ထို့ပြင် ထိုကောင်လေး၏ အိပ်မက်ထဲတွင် ကျွန်ုပ်ကောင်မလေး၏ မျက်နှာပါ မပါ အာမမခံနိုင်ပါ။

မိတ်ဆွေ ရောက်ရာအရပ်က အမြန်ပြန်လာပါ။ သင့်ကို နွေဦးရာသီက စောင့်ကြိုလျှက် ရှိပါသည်။ စားပွဲပေါ် မှ အေးစက်သော အနီရောင် လက်ဖက်ရည်ကို မော့သောက်ပြီးသည့်အခါ တိုင်ကွာနာရီက သုံးနာရီ ထိုးပြီဟု လှမ်းအော်သည်။ နွေ၏ ပူလောင်ပြင်းပြမှုသည် လူတစ်ယောက်၏ မသိစိတ်ကို သွေးကြွဆူပွက်စေနိုင်သည်။ မယုံလျှင် အဲဗက်ကမူး၏ The Outsider ကို စာအုပ်ကို ဖတ်ပါ။

နွေရာသီသည် ဥသြငှက်တို့၏ အော်မြည်သံကို မကြားရ။ ဆောက်လက်စတိုက် အိမ်ရှေ့မှ ကျောက်သွေးလောင်း စက်သံ၊ကားစပါယ်ရာအော်သံနှင့် ရေခဲပုံးပေါ်တွင် အေးချမ်းဟု ရေးထားသော ရေခဲချောင်းရောင်းသည့်
 ကောင်လေး၏ ဂလိုင်ခေါက်သံကိုသာ ကြားရသည်။ မိတ်ဆွေ ကျွန်ုပ်အိပ်မက်ထဲမှ လေးထောင့်ဆန်ဆန် မျက်နှာပိုင်ရှင်ကောင် မလေး ၏ ရယ်သံတလွင်လွင်ကို ကြးလိုက်မိပါသလား။ ကျွန်ုပ်ကြားလိုက်ရသည်။ သူမ၏ ဖြောင့်ထားသော ဆံနွယ်စလေးများပင် လူးလွန့်ခါယမ်းမတတ် သူမ အားပါးတရ ရယ်မော နေခဲ့သည်။ သို့သော် ဘယ်အတွက်ကြောင့် ဒီလောက်အထိ ရယ်မောနေခဲ့မှန်း ကျွန်ုပ်မသိ။ ကျွန်ုပ်သိသည်မှာ သူမ၏ ကလေးဆန်ဆန် အမူအယာလေးမှာ ကျွန်ုပ်ခန္ဓာအတွင်း စီးဆင်းနေသာ သွေးများကို ဆူဝေတက်ကြွစေခဲ့သည်။

ဝတ်ထားသော အင်္ကျီ၏ အပေါ်ဆုံးကြယ်သီးတစ်လုံးကို ဖြုတ်ပစ်လိုက်သောအခါ နေရောင်သည် ကျွန်တော့် မျက်နှာပေါ်မှ အတန်ငယ် တိမ်းစောင်းသွားချေပြီ။ မည်သူပြန်ကပ်သွားမှန်းမသိသော တိုင်ကပ်နာရီမှ စိတ်ရှည် သည်းခံစွာ အသံမှန်မှန်လေးချက် ကြားလိုက်ရသည်။ တစ်ခါတုန်းဆီက မျှော်ပေါ့လေးနာရီ ထိုးပြီပေါ့။ တက်နေနှင့် ကျနေ မည်သည့်နေက ပိုပူကြောင်း ကျွန်ုပ်မသိပါ။ ကျွန်ုပ်သိသည်မှာ ယခုသောက်နေသည့် လက်ဖက်ရည်ဆိုင်မှ အမြန်ဆုံးပြန်ဖို့ အချိန်ကျပြီဖြစ်ကြောင်းသာ ဖြစ်သည်။ သည်လိုနှင့် သူမရောက်မလာနိုင်ခဲ့ သည်မှာ နွေဦးမည်မျှ ရှိခဲ့ကြောင်းကိုတော့ ကျွန်ုပ် မမှတ်မိတော့ပါ။ ကတ္တရာလမ်းမပေါ်တါင် အရည်ပျော်နေသော ကတ္တရာစေး များကို တွေ့ရသည်။ မနေ့ညက အိပ်မက်သည် နွေ၏ အပူရှိန်အောက်တွင် ကတ္တရာစေးများနှင့်အတူ ပျော်ဆင်း
သွားခဲ့ချေပြီ။ လက်ထဲမှ သောက်လက်စစီးကရက်ကို မြေကြီးကိုပစ်ချကာ ခြေထောက်နှင့် နင်းချေလိုက်ပြီးနောက်။

ထိုနောက်အကြောင်းတရားများသည် ကျွန်ုပ်မမှတ်မိသော အိပ်မက်၏ အစွန်းထွက်များသာ ဖြစ်နေပါလိမ့်မည်။


မင်းနဒီခ

No comments:

Post a Comment