ရုပ်သေးရုပ်ပွဲတော်
`ပွဲတော်ကို
သွားရအောင်´ဟု တစ်စုံတစ်ယောက်လာခေါ်တုန်းက ကျွန်တော် ဘာမှပြန်မပြော မိခဲ့ပေ။ ထိုအချိန်တွင်
လမ်းမများထက်မှ မာကျူရီမီးလုံးများ တန်းစီလင်းလာတာကို တွေ့ရသည်။ လမ်းမကြီးပေါ်တွင်
ကားများတန်းစီရပ်နေကြသည်။ ယာဉ်ကြောသည် ဒေသစံတော်ချိန် သုံးနာရီ ၀န်းကျင်ခန့်ကတည်းက
ပိတ်ကျပ်နေသည်။ ကားဟွန်းတီးသံများ အဆက်မပြတ်ထွက်ပေါ်နေသည်ဟု ထင်လျှင်
မှားပါလိမ့်မည်။ ကားပေါ်တွင်မူ လူများတစ်ယောက်မှ မရှိတော့ပေ။ လူများသည် ဖြေးညှင်း စွာ
လျှောက်လှမ်းရင်း ပွဲတော်သို့ တရွေ့ရွေ့ထွက်ခွာ သွားကြသည်။
မာရီနာသည်
သူမ၏ လက်ဖျံမှ သွေးကြောလေးများကို တစိမ့်စိမ့်ကြည့်နေသည်။ အသွား ထက်မြေ့နေသောဓားတစ်လက်သည်
သူမနှင့်မလှမ်းမကမ်းစားပွဲပေါ်တွင် ရှိသည်။ သူမသည် ထိုဓား ကို ယူကာ ကြမ်းရှနေသာ
ပေါင်မုန့်တစ်လုံးကို လှီးလိုက်သည်။ ပေါင်မုန့်လှီးဓားမဟုတ်သဖြင့် ပေါင်မုန့် သည်
အနားစများ ဖွာလန်စုတ်ပြတ်ကာ ပဲ့ကြလာသည်။ မာရီနာသည် ထိုပေါင်မုန့်အနားစများကို
ပေါင်မုန့်မီးကင်စက်ထဲသို့ ထည့်လိုက်သည်။ မကြာမီ မီးကျွမ်းညှော်နံ့လို ရလာသဖြင့်
မာရီနာသည် သူမ၏ လက်ဖျံကို နှာခေါင်းနားအထိ တိုးကပ်ပြီး ရှူကြည့်မိသည်။
ကံကောင်းသည်မှာ ထိုညှော်နံ့သည် သူမဆီမှမဟုတ်။ ပေါင်မုန့်မီးကင်စက်ဆီမှ ဖြစ်သည်။
သူမသည် မီးကျွမ်းပေါင်မုန့်တူးများကို ပန်းကန် ပြားတစ်ချပ်ပေါ် တင်လိုက်သည်။
ပါပီလေးသည် ထိုပန်းကန်ပြားပေါ်မှ ပေါင်မုန့်တူးများကို ကိုက်ချီကာ ပြေးလေသည်။
မာရီနာသည် ပါပီလေးထံမှ ပေါင်မုန့်အတူးများကို ပြန်လုယူရန် ဒါမှမဟုတ် ပါပီလေး ကို
အော်ဟစ်မောင်းထုတ်ရန် အချိန်မရှိတော့။ မာရီနာသည် သူမလက်ဖျံမှ ဓားခြစ်ရာပရပွ စွန်းထင်း
နေသောနာရီလေးကို ကြည့်လိုက်သည်။ ပွဲတော်သို့သွားရောက်ရန် အချိန်ကျနေပြီ ဖြစ်သည်။
လုပ်လက်စ
စာရင်းဇယားများကို လက်စသတ်လိုက်သည်။ ပြီးခဲ့သည့်ရက်များက စတော့ ရှယ်ယာဈေးနှုန်းများကျဆင်းမှုကြောင့်
သူ့လုပ်ငန်းတော်တော်များများ ငွေကြေးဆုံးရှုံးမှုနှင့် ကြုံခဲ့ရ သည်။
သူပိုင်ဆိုင်သော ဘဏ်အကောင့်တစ်ခုမှ ကိန်းဂဏန်းများလျော့နည်းသွားသည်။ လျပ်တပြတ် အချိန်ကာလလေးတစ်ခုအတွင်းမှာ
အပြောင်းအလဲများဆက်တိုက်ဖြစ်ခဲ့သည်။ သူဆုံးဖြတ်ချက်များ မှားယွင်းခဲ့သည်။
ထိုထက်ပိုဆိုးသည်မှာ ယုံကြည်မှုများပျောက်ဆုံးခြင်းပင် ဖြစ်သည်။ ထို့ပြင် လွန်ခဲ့ သော နှစ်ရက်က
သူကားအက်ဆီးဒင့်တစ်ခု ဖြစ်သည်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့်
သူ့ယာဉ်မောင်းလိုင်စင် ထိန်းသိမ်းခံလိုက်ရသည်။
ထိုရက်ပိုင်းအတွင်းမှာပင် သူအိုမင်းရင့်ရော်သွား သလို ခံစားလိုက်ရသည်။
ပုံမှန်လျှောက်နေကြ လမ်းမများသည် ခါတိုင်းထက် ပိုမိုရှည်လျားနေသလို ထင်မိသည်။
အချိန်မလောက်ငှမှုသည် သူ့အတွက် ကြီးစွာသော ဖိစီးမှုကို ဖြစ်စေသည်။ တစ်ခါတရံ
အချိန်နာရီများ၏ ခြောက်လှန့်မှုအောက်တွင် ကိုယ်လွတ်ရုန်းထွက်ပစ်ရလောက်အောင် မိုက်မဲပစ်လိုက်
ချင်သည်။ သို့သော် သူမစွန့်စားရဲခဲ့။ နာရီစက္ကန့်သံသည် တဖြည်းဖြည်းနှင့် ပိုမိုကျယ်လောင်
လာသည်။ သူ၏အကြားအာရုံသည် ထိုနာရီစက္ကန့်ရွေ့လျားသံကိုပင် သည်းမခံနိုင်တော့။ သူ့
ရုံးခန်းလေးမှ အပြင် ထွက်လိုက်သည်။ ခါတိုင်းရက်များတွင် ၀န်ထမ်းများ၏
လှုပ်ရှားမှုများဖြင့် ညှင်သာစွာ လည်ပတ် သက်ဝင်နေသော သူ့ကုမ္ပဏီတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။
ထိုအခိုက်မှာပင် သူတစ်စုံ တစ်ရာကို သတိရမိလိုက်သည်။ ပွဲတော်။ ဟုတ်သည်။ သူ၏ ၀န်ထမ်းများအားလုံး ယခု
အချိန်ဆိုလျှင် ပွဲတော်သို့ သွားနေမည်ဟုထင်သည်။ သူ့လုပ်လက်စ စာရင်းဇယားများကို
လက်စသတ်လိုက်သည်။
ချာလီသည်
သူ့အမေ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ ပွဲတော်သို့ သွားနေသည့် လူအုပ်ကြီးသည်
စိတ်ညှို့ခံထားရသော သားကောင်လို တရွေ့ရွေ့စီးမျောနေသည်။ ချာလီသည် သူ့အမေမျက်နှာကို
မကြာခဏဆိုသလို မော့ကြည့်ရင်း` မေမေ ပွဲတော်က မရောက်သေးဘူးလား´ဟု မေးမိသည်။
သူ့မေမေသည် ချာလီ၏ အမေးကို ဘာတစ်ခွန်းမှ ပြန်မပြောခဲ့။ ချာလီ၏ ခြေထောက်များ သည် အတော်ပင်
ညောင်းညာနေပြီဖြစ်သည်။ ချာလီသည် သူ့ဖေဖေသာ ရှိခဲ့ရင်ဆိုသည့် အတွေးကို
ရှစ်ကြိမ်မြောက်တွေးလိုက်မိသည်။ ချာလီမှာ ဖေဖေမရှိတော့။ သူ့ဖေဖေသည် ပွဲတော်သို့
သွားဦးမည် ဟု ဆိုကာ သူ့နံဘေးမှ ထွက်ခွာသွားခဲ့သည်။ တကယ်တမ်းကျတော့
ထိုစကားများသည်လည်း သူ့ မေမေ၏ ညအိပ်ရာဝင်ပုံပြင်များပမာ သူနားထောင်ခဲ့ရဖူးသည်သာ
ဖြစ်သည်။ ထိုစဉ်က ချာလီမှာ တစ်နှစ်သားအရွယ်လောက်ပင် ရှိပါလိမ့်ဦးမည်။ ချာလီသည်
သူ့ဖေဖေ၏ မျက်နှာကို ကောင်းကောင်း မှတ်မိပါသည်။ ချာလီတို့၏အိပ်ခန်းနံရံတွင်
ဖေဖေနှင့်မေမေအတူယှဉ်တွဲ ရိုက်ထားသော ဓာတ်ပုံလေး တစ်ပုံ ရှိသည်။ ထိုဓာတ်ပုံလေးထဲမှ
ဖေဖေမျက်နှာသည် အရမ်းချစ်စရာကောင်းသည်ဟု ထင်မိပြီး သူ့ အပေါ်တွင်လည်း
အရမ်းချစ်လိမ့်မည်ဟုထင်မိသည်။ သို့သော် ချာလီသည် သူ့ဖေဖေနှင့် စကားမပြော ဖူးခဲ့။
ထို့ကြောင့် ချာလီသည် သူ့ဖေဖေနှင့် တွေ့ချင်သည်။ ပွဲတော်တွင် ဖေဖေရှိနေမှာလားဟု
သူ့ မေမေကို ချာလီမမေးရဲ။ ချာလီသည် သူ့မေမေ၏လက်ကို ပိုမိုတင်းကျပ်စွာဆုပ်ကိုင်ထားလိုက်မိသည်။
ပွဲတော်၏
အကြောင်းကို စာရေးဆရာများက တခမ်းတနားဖွဲ့ဆိုကြသည်။ တေးရေးဆရာများ သည် ပွဲတော်နှင့်ပတ်သက်သည့်
သီချင်းများကို စပ်ဆိုသီကုံးကြသည်။ ပွဲတော်အကြောင်း ဇာတ်လမ်း ရုပ်ရှင်တွေ
ရိုက်ကူးတင်ဆက်ကြသည်။ ပွဲတော်မှ ပစ်ဖောက်ဆော့ကစားကြသော မီးရှူးမီးပန်းများ သည်
မြို့ကြီးတစ်မြို့လုံးကို နေ့ခင်းတစ်ခုလို လင်းချင်းတောက်ပသွားစေသည်ဟု
ကဗျာဆရာများက ရွတ်ဆိုကြသည်။ ပွဲတော်သည် မြို့လုံးကျွတ်ကျင်းပသည့်
ပွဲတော်ဖြစ်သည့်အလျောက် လူများသည် မိမိတို့အိမ်တွင် တစ်စုံတစ်ယောက်ကိုမျှ
အိမ်စောင့် မထားရစ်ခဲ့ကြဘဲ ပွဲတော်သို့ လာရောက်ပျော်ရွှင် မြူးတူးကြလေ့ရှိသည်။
ပွဲတော်တစ်ခုလုံးသည် မွှေးရနံ့များဖြင့် လွှမ်းခြုံလျှက်ရှိပြီး လာရောက်သူ အားလုံး၏
စိတ်နှလုံးကို ငြိမ်းအေးစေသည်ဟု ရှေးလူကြီးများက ဆိုကြသည်။ သို့သော် ထိုသို့
စပ်ဆိုသီကုံးရွတ်ဆိုပြောကြားမှုများသည် တဆင့်စကားများသာ ဖြစ်သည်။ ပွဲတော်ကို
ကိုယ်တိုင် ကြုံတွေ့ဖူးပါသလားဟု တေ့တေ့ဆိုင်ဆိုင် မေးခွန်းထုတ်ကြည့်မည်ဆိုပါက
မည်သူတစ်ဦးတစ်ယောက် မှ ခေါင်းညိတ်လိမ့်မည် မဟုတ်ပေ။
ပြဿနာက
စာတစ်စောင်က စတာဖြစ်သည်။ ဥတုသုံးပါးစလုံး၏ မနက်ခင်းတိုင်း နှင်းတွေ
အမြဲတမ်းကျနေသောမြို့လေးသို့ စာပို့သမားသမားတစ်ယောက်သည် ထိုစာအိတ်လေးနှင့် အတူ
နှင်း မကွဲမီ စတင်ရောက်ရှိလာခဲ့သည်။ စာပို့သမား၏
အိမ်တံခါးခေါက်သံပြင်းပြင်းကြောင့်
အလန့်တကြား နိုးထလာခဲ့ပြီး ပြတင်းတံခါးကို ဖွင့်ကြည့်မိလိုက်သည်။
တံခါးဝတွင် တံဆိပ်ခေါင်း ကပ်မထားသော စာတစ်စောင်ကို တွေ့ရသည်။ ပေးပို့သူ၏ အမည်မပါ။
လိပ်စာမပါ။ စာအိတ်ပေါ်တွင် လိပ်မူထားသော အမည်အရ သူ့နာမည်နှင့်လိပ်စာတော့ သေချာသည်။
လာရောက်ပေးပို့သည့် စာပို့သမားကို လှမ်း ကြည့်မိတော့ တော်တော်ဝေးဝေးကို
ရောက်ရှိသွားပြီ ဖြစ်သည်။ ထူးထူးခြားခြား စာပို့သမား၏ လက်ထဲတွင် စာအိတ်များကို
တပွေ့တပိုက်တွေ့လိုက်ရသည်။ စာအိတ်ကို ချက်ခြင်းဖောက်လိုက် သည်။ ဖြူဆွတ်ဖွေးလွနေသော
စာရွက်ပေါ်တွင် စာတစ်ကြောင်းတည်းသာ ရေးသားထားပြီး ထိုစာကြောင်းမှာ မနက်ဖြန်
ပွဲတော်နေ့ဖြစ်သည်ဟု ရေးထားခြင်းပင် ဖြစ်သည်။ ဘေးပတ်ဝန်းကျင် အိမ်များတွင်လည်း
ကလေးများက မြူးတူးခုန်ပေါက်နေသည်။ မနက်ဖြန်ပွဲတော်နေ့ဖြစ်သည် ဟူသော စာကြောင်းကို
သီချင်းလုပ်ဆိုကာ ပျော်ရွှင်ကခုန်နေကြခြင်းလည်း ဖြစ်သည်။ လက်ထဲမှ စာရွက်ကို
စာအိတ်လေးထဲသို့ ပြန်ထည့်လိုက်သည်။ အိမ်တံခါးကို အသာအယာပြန်ပိတ်လိုက်သည်။ မနက်ဖြန်
ပွဲတော်နေ့ဖြစ်သည်ဟု ပါးစပ်မှ ရေရွတ်ကာ တရေးပြန်အိပ်ပစ်လိုက်သည်။
အိမ်ခြေမဲ့
အဖိုးအိုတစ်ယောက်သည် နှင်းများဖြင့် စွတ်စိုနေသည့် အမွေးပွအနွေးထည် အဟောင်းကြီးကို
တင်းတင်းစေ့လိုက်ပြီး သူ့နံဘေးတွင် အနွေးဓာတ်ရလိုရငြား စုပုံထားသော အမှိုက် အိတ်ကြီးများအနီးသို့
တိုးကပ်လိုက်သည်။ နှင်းထုကို ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးသည်
အမွေးပွအနွေးထည်ကြီး၏ ပေါက်ပြဲနေသောပခုံးသားဆီမှတဆင့် ဆောင်းအိပ်မက်ကို ကယောက် ကယက်
ဖြစ်စေသည်။ အဖိုးအိုသည် သူ့နံဘေးမှအမှိုက်အိတ်ကြီးနှစ်လုံးကို ကောက်ယူပြီး လမ်းတစ်
ဖက်ရှိ အမှိုက်စွန့်ဂိုဒေါင်ကြီးဆီသို့ ထွက်ခွာခဲ့လိုက်သည်။
အမှိုက်စွန့်ဂိုဒေါင်ကြီးထဲတွင် များပြားလှ သော စာအိတ်များကို နှင်းများလို
ဖွေးဖွေးလှုပ်လှုပ်တွေ့လိုက်ရသည်။ သူ့သက်တမ်း တလျောက် အတွင်း ယခုလောက်
များများစားစားစွန့်ပစ်ထားသော စာအိတ်များကို တစ်ခါမှ သူမမြင်ဖူးခဲ့ပေ။ အဖိုးအိုသည်
စာအိတ်တစ်အိတ်ကို ကောက်ယူကာ ဖောက်ဖတ်လိုက်သည်။ သို့သော် သူသည် စာမဖတ်တတ်ကြောင်း
ချက်ချင်းပြန်သတိရလိုက်သည်။
မြို့လေးသည်
တိတ်ဆိတ်ခြောက်ကပ်နေသည်။ လမ်းမများပေါ်တွင် ပိတ်ကျပ်နေသော ကား များနှင့်
ထိုကားများပေါ်သို့ ဖြာကျနေသာ နီယွန်မီးရောင်များသာရှိသည်။ မြို့လေးထဲတွင်
နေထိုင်ကြ သောသူများအားလုံး ပွဲတော်ကျင်းပရာနေရာတွင် စုရုံးရောက်ရှိနေကြသည်ထင်သည်။
မနက်နေရောင် မလာမီကတည်းက တဖွဲဖွဲကျနေသော နှင်းများသည် ယခုအခါ မိုးလို သည်းသည်းလှုပ်
ရွာကျလျက် ရှိသည်။ မြင်မြင်သမျှ ဖွေးဖွေးလှုပ်လှုပ်။ သစ်ရွက်များသည် အဖြူရောင်။
အိမ်အမိုးများသည် အဖြူရောင်။ လမ်းမတစ်လျောက်ရပ်နားထားသော ကားများအားလုံးအဖြူရောင်။
အဖြူရောင်နှင်းတွေ သည် တစ်မြို့လုံးကို လွှမ်းခြုံရစ်သိုင်းထားသည်။ စာမဖတ်တတ်သော
အိမ်ခြေမဲ့အဖိုးအို တစ်ယောက် သည် အဖြူရောင်စာအိတ်လေးထဲမှ စာရွက်တစ်ရွက်ကို ကိုင်ရင်း
အမိုးအကာလုံခြုံရာနေရာတစ်ခုတွင် မနက်ခင်းဆီက ပျောက်ရှသွားသော မီးလင်းဖိုအိပ်မက်ကို
ပြန်မက်ရန် ကြိုးစားနေသည်။ ထို့နောက် အရာအားလုံးငြိမ်သက်တိတ်ဆိတ်လျက်။
ပွဲတော်က
ဘယ်မှာလဲ။
မင်းနဒီခ
၃၁
အောက်တိုဘာ ၂၀၁၃
( စုံနံ့သာ မဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၄)
( စုံနံ့သာ မဂ္ဂဇင်း၊ မတ်လ၊ ၂၀၁၄)
No comments:
Post a Comment