Thursday, October 31, 2013

တည်းခိုခန်း



တည်းခိုခန်း

          တံခါးခေါက်သံသဲ့သဲ့ကြားသည်။ အလင်းရောင်သည် သူဝင်ခဲ့သည့် နေရာမှ ပြန်ထွက် သွားသည်။ ဖွင့်ထားသောမီးလုံးသည် ခြောက်ဆယ်ဝပ်လား။ တစ်ရာဝပ်လား။ အက်ဒီဆင်ကို ဂုဏ်ပြုဖို့ ကျွန်တော်တို့
 နေ့စဉ်နေ့တိုင်း မမေ့လျော့ခဲ့ကြပေ။ လေမတိုက်ဘဲ လှုပ်ရမ်းနေသော သစ်ရွက်များကို မြင်မိသည့်အခါ အားပါးတရ ရယ်ချလိုက်ပါ။ ဆောင်းမရောက်သေးပေမယ့် စောင်ထူထူတွေ အမြဲတမ်း ထားရှိသော အခန်း
တစ်ခန်းတွင် ကျွန်တော် ရောက်ရှိနေပါသည်။ ထိုအခန်းသည် ထိုနေ့တစ်ရက်တာ ကာလအတွက်တော့ ကျွန်တော်ပိုင်သော အခန်းတစ်ခန်းဖြစ်သည်။ ဖြစ်နိုင်လျှင် မည်သူမှ မလာပါ စေနှင့်။ ဧည့်ဝတ်ကျေတတ်သော လူယဉ်ကျေးတစ်ချို့၏ မျက်နှာဖုံးများကို မနေ့က ကျွန်တော် ပြန် အပ်ခဲ့ပြီး ဖြစ်သည်။
          အခန်းထောင့်တွင် ကြိုးတန်းလန်းနှင့် ကြိုးဆွဲချသေနေသော ပင့်ကူတစ်ကောင်မှာ ကျွန်တော် မဟုတ်ပါ။ ကုတင်ပေါ်တွင် ဘေးတစ်စောင်းအိပ်ပျော်နေသော နှစ်ဆယ့်ငါးနှစ်သားမှာ ကျွန်တော် ဟုတ်ပါသလား။ အိမ်နှင့် မခွဲခွာဖူးသော လူငယ်လေးတစ်ယောက်၏ စွန့်စားခန်းသည် ထိုအခန်းမှာ စတင်ခဲ့သည်။ ညများသည် တစ်ကိုယ်တည်းမို့ အထီးကျန်လွန်းလှသည်။ ကျွန်တော် မကြောက် တတ်ပါ။ တစ်ဖက်နံရံမှ တိုးဝင်လာသော စကားသံသည် ကျွန်တော့်အခန်းထဲတွင် ဘောင်ဘင်ခတ်လျှက် ရှိသည်။ ညမီးရောင်နှင့် ယိမ်းထိုးလှုပ်ရှားနေသော ခန်းဆီးစမှ အရိပ်သည် ကျွန်တော်မျက်ခွံ ပေါ်တွင် ပြေးလွှားနေကြသည်။ လှေကားမှ တစ်ထစ်ချင်းလှမ်းတက် လာသည့် စစ်ဖိနပ်တစ်ရံ၏ ခွာသံကို သင် ကြားမိလိုက်ပါသလား။ အိပ်မက်သာ ဖြစ်ပါသည်။ ဧည့်ကြိုကောင်တာမှ ၀န်ထမ်း တစ်ယောက်၏ ဖော်ရွှေပျူငှာမှုသည် အိပ်ကပ်ထဲမှ ငွေကြေးများကို ပဲ့ကြွေကျစေခဲ့ပါသည်။ ` အစ်ကို လိုချင်တာရှိရင် ကျွန်တော့်ကို ပြောလေ´။ အသံများသည် တဖြည်းဖြည်း နံရံထဲသို့ ပြန်လည်စိမ့်ဝင်သွားကြသည်။
          လှေကားမှ တစ်ဆင့်ချင်း နင်းတက်လာသည့် စစ်ဖိနပ်ခွာသံအဆုံးတွင် တံခါးခေါက်သံ သဲ့သဲ့ကြားလိုက် သည်။ လမ်းမပေါ်မှာ မိုးတွေ သည်းနေတုန်းပဲလား။ မိုးစက်တို့ကို ဖြတ်တိုက်လာသည့် လေကို မိုးစက်တင်လေ ဟု ခေါ်ပါ။ ကုတင်အောက် ကြမ်းပြင်ပေါ်တွင် တစ်စုံတစ်ရာ ရှိမနေဖို့ တိတ်တိတ်လေး ဆုတောင်းမိသည်။ မျက်နှာကျက်မှ ပန်ကာသည် ပင့်ကူကျပ်ခိုးမျှင်များဖြင့် ငြိမ်သက်လျှက်။ ကားများ တစ်စီးပြီး တစ်စီးဖြတ်သွားတိုင်း သိမ့်ကနဲ့ လှုပ်သွားတတ်သော အခန်းလေး သည် အိပ်မက်ကို တရေးနိုးစေသည်။ ည၀တ်အင်္ကျီသည် တွန့်လိပ်ကြေမွလျှက်။ အခန်းအပြင်ဘက် လျှောက်လမ်းမှာ တိတ်ဆိတ်ငြိမ်သက်လျှက်။ ဆာလောင်နေသော ၀မ်းဗိုက်မှ တဂွီဂွီမည်သံကို စည်းချက်ကျကျ ကြားလိုက်သည်။ ဟုတ်သည်။ သူ ဆာလောင်မွတ်သိပ်နေသည်။ သူ့အတွက် ဆာလောင်မှုသည် မချစ်မနှစ်သက်သောသူနှင့် အတူနေရသလို။ ထိုအချိန်တွင် ဧည့်ကြိုဝန်ထမ်း
ကောင်လေး အိပ်ပျော်နေပါပြီလား။ ကုတင်ခြေရင်းတွင် အစာရှာဖွေနေသော ကြွက်တစ်ကောင်ကို တွေ့သည်။ ကုတင်ခေါင်းရင်းတွင် ကြွက်တစ်ကောင်ကို ချောင်းမြောင်းနေသော ကြောင်တစ်ကြောင်။ အဖြစ်အပျက်က
မြန်ဆန်လွန်းလှသည်။
          တံခါးခေါက်သံသဲ့သဲ့သည် လှေကားပေါ်သို့ စစ်ဖိနပ်နင်းတက်သံမကြားရခင်ကတည်းက ထွက်ပေါ်နေ ခဲ့ခြင်းဖြစ်သည်။ ကုတင်ဘေးရှိ စားပွဲခုံလေးတွင် ပျော်ကျခဲတောင့်နေသော ဖယောင်းတိုင် ငုတ်တိုလေးများ ကို တွေ့သည်။ ထိုစားပွဲခုံလေးအောက်တွင် လက်ကိုင်အနီရောင်တပ်ဆင်ထားသော တံခါးလေးတစ်ချပ်ရှိသည်။ ကျွန်တော့် ထိုတံခါးလေးကို ဖွင့်ကြည့်ဖို့ စိတ်ကူးမိသော်လည်း ဘာကြောင့် ရယ်မသိ မဖွင့်ဖြစ်ခဲ့။ အခန်းပြတင်းပေါက်သို့ ကားမီးအလင်းများဖြတ်ပြေးသွားတာ တွေ့လိုက်သည်။ ထို့နောက် အခန်းလေးသည် သိမ့်ကနဲ့ တစ်ချက်တုန်ခါသွားပြီး ပြန်လည်ငြိမ်သက် သွားပြန်သည်။ ကြိုးတန်းလန်းဖြင့် သေနေသောပင့်ကူအား အမှတ်တမဲ့ ပြန်ကြည့်မိသည့်အခါ ပင့်ကူသည် ထိုနေရာ တွင် မရှိတော့။ မိုးသက်လေငွေ့ငွေ့အပြေးတွင် လှုပ်ခါသွားသော ပင့်ကူမျှင် တစ်ချောင်းသည် ကျွန်တော့်လည်ပင်းဆီသို့ လာရောက်ရစ်ပတ်သည်။ တစ်ခါတစ်ရံကြိုးများ၏ ရစ်ပတ်နှောင်တွယ်မှုကို ကျွန်တော်နှစ်သက်မိပါသည်။ အခန်းအပြင်ဘက်လျှောက်လမ်း ဆီမှ လမ်းလျှောက်သံ ခပ်ပြင်းပြင်းကို ကြားလိုက်ရသည်။ ထိုလမ်းလျှောက်သံတွင် စစ်ဖိနပ်ခွာသံပါ မပါ ကျွန်တော်အားစိုက် နားထောင် မိသည်။ ခြေသံသည် တစ်ဖြည်းဖြည်းဝေး၍ ဝေး၍သွားသည်။ အခန်းထောင့်စွန်း
ရေအိမ်မှ ရေဆွဲချသံ ၀ုန်းကနဲ ကြားသည်။ ဖြစ်နိုင်ချေရှိသောအရာများအား ကျွန်တော် မခန့်မှန်းချင်တော့ပါ။
          ကုတင်ခြေရင်းရှိ စောင်ထူထူကို ဆွဲယူလိုက်သည်။ မျက်နှာကျက်ပေါ်မှပန်ကာသည် အချိန်မရွေးပြုတ်မကျ
ပြုတ်မကျ လာနိုင်ဘူးဟု မည်သူအာမခံပါမည်လဲ။ နဖူးပေါ်လက်တင်စဉ်းစားမိလိုက်သည့်အခါ သြရသကို သတိရမိလိုက်သည်။ အိပ်မပျော်သေးခင် သီချင်းလေးတစ်ပုဒ်လောက် နားထောင်ရလျှင် ကောင်းမည်လား။
ဘေးခန်းမှ ဟောက်သံများကို အားနာမိပါသည်။ ထိုဟောက်သံများတွင် နတ်သမီး တစ်ဖက်ငါးရာပါနေနိုင်ပါသည်။
သည်။ ဘီလျံနာသူဌေးကြီးနှင့် သိန်းငါးဆယ်ကျော်တန် ခြံစောင့်ခွေးကြီးများလည်း ပါနေနိုင်ပါသည်။ ဒီမိုကရေစီနည်းလမ်းအရ သူ့၏ အခွင့်အရေးကို ကျွန်တော်နှောက်ယှက်လျှင် တရားစွဲခံရနိုင်ပါသည်။ ရုတ်တရက် လမ်းမပေါ်မှ လူတစ်ချို့ ရုန့်ရင်းဆန်ခတ်ပြေးလွှားသံကို ကြားလိုက်မိသည်။ ခြုံထားသော စောင်ထူထူကို 
ခြေထောက်နှင့် တွန်းဖယ်ပစ်လိုက်သည်။ အခန်း အပြင်သို့ ထကြည့်မည်စိတ်ကူးပြီးမှ ကုတင်ပေါ်သို့ ပြန်ထိုင်လိုက် သည်။ သူများနယ်တွင် ကြက်မလို နေရမည်ဟု အမေ့ဆုံးမသံကို ပြန်ကြားမိလို့ ဖြစ်ပါသည်။ ထိုနောက် ကျွန်တော် ကုတင်ပေါ်တွင် ပြန်လှဲနေလိုက်ပါသည်။ ညသည် ပြန်လည်တိတ်ဆိတ်လျှက်။
          လှေကားပေါ်သို့ စစ်ဖိနပ်ခွာသံ တစ်ဆင့်ချင်း နင်းတက်သံမကြားရခင်ကတည်းက ထွက်ပေါ် နေသော တံခါးခေါက်သံသဲ့သဲ့သည် ယခုအခါ မကြားရတော့ပေ။ ရှေးဟောင်းရုပ်တုတစ်ခုလို ငြိမ်သက်နေသော ပန်ကာဟောင်းကြီးပေါ်တွင် ကြိုးတန်းလန်းနှင့် သေနေခဲ့သော ပင့်ကူကို ပြန်တွေ့မိ လိုက်သည်။ ထိုပင့်ကူသည် အခန်းထောင့်ချိုးနှင့် ပန်ကာဒလက်တစ်ခုကို လှမ်းချည်နှောင်လိုက်သည်။ ထို့နောက် ကျွမ်းကျင်ပိုင်နိုင်သော ဆပ်ကပ်ကျွမ်းဘားသမားတစ်ယောက်လို ကျွန်တော့်ကို ကြိုးတန်း လမ်းလျှောက်ပြလေသည်။ ကျွန်တော်သည် ပင့်ကူအား ကြိုးတန်းပေါ်မှ ပြုတ်ကျသွားမည်ကို စိုးရိမ် သည့်အလား ရင်တထိတ်ထိတ်ဖြင့် ငေးကြည့်နေမိသည်။ ပင့်ကူသည် အခန်းထောင့်ချိုးသို့ အောင်မြင်စွာရောက်ရှိသွားချိန်တွင် တံခါးခေါက်သံသဲ့သဲ့ကို ပြန်ကြားလိုက်သည်။
 အခန်းအပြင်ဘက်တွင် လေသည် ဖြေးညှင်းစွာ တိုက်ခတ်လျှက်။ မိုးများသည်းသည်းမည်းမည်း ရွာသွန်းလျှက်။
            ယခုလို ညမျိုးတွင် အမေ့ကို လွမ်းမိသည်။ နှီးဖျာလေးထက်တွင် အလုအယက်တိုးဝှေ့ အိပ်ပျော်နေသာ ညီအစ်ကိုလေးယောက်ကို မြင်ယောင်မိသည်။ ထိုသို့ မိုးများရွာသော ညများတွင် အမေသည် ကျွန်တော်တို့ ညီအစ်ကိုလေးယောက်နှင့်အတူ အိမ်တံခါးပေါက်မှ တံခါးခေါက်သံသဲ့သဲ့ကို မျှော်နေမိတတ်သည်။ ထိုတံခါး
ခေါက်သံနှင့်အတူ အဖေပြန်လာမည်ဟု ကျွန်တော်တို့ ထင်မှတ်ထား ကြသော်လည်း ထိုသို့ မိုးရွာသောညများတွင် အဖေက ပြန်မလာတတ်ခဲ့ပေ။ ဒေဝေါကြီးသည် ယခုအခါ ကျွန်တော့်အား မကြောက်လန့်စေတော့ပါ။ ကျွန်တော်သည်လည်း ယခုအခါ တံခါးခေါက်သံ များကို မျှော်လင့်မနေတတ်တော့ပါ။ အကြောက်တရားသည် ကျွန်တော့်ကိုယ်ပေါ်မှ ခွာကာ ကျွန်တော့် အား စိမ်းစိမ်းကားကားစိုက်ကြည့်နေလေသည်။
မျက်နှာကျက်ခေါင်မိုးပေါ်တွင် ခိုများ ဘယ်နှစ်ကောင်ရှိနေပါသည်လဲ။ ခိုများ၏ ညည်းညူသံ များကို ကျွန်တော်မုန်းသည်။ သို့သော် ကျွန်တော်သည် ထိုခိုများအတွက်လည်း အိမ်များ ဆောက်ပေး ချင်စိတ် ဖြစ်ခဲ့ဖူး ပါသည်။ တစ်ချက်တစ်ချက်ထွက်ပေါ်လာသော ညည်းညူသံများသည် မျက်နှာကျက် ခေါင်မိုးပေါ် ပုန်းအောင်းနေ သည့် ခိုများဆီမှလား။ သို့မဟုတ် နံရံ၏ အခြားတစ်ဖက်မှ ဟောက်သံများ ကြားမှလား။ ကျွန်တော် မသိချင်တော့ ပါ။ ခိုတစ်ကောင်လို မညည်းညူတတ်မိစေဖို့သာ ကျွန်တော် ကြိုးစားပါတော့မည်။ ညသည် တဖြည်းဖြည်းနှင့် နက်သထက်နက်လာခဲ့ပြီ။ အအေးဓာတ်သည် ကျွန်တော့်ခန္ဓာကိုယ်ထဲသို့ စိမ့်သက်ပူးဝင်ရန် ကြိုးစားနေလေသည်။ ပင့်ကူသည် အခန်းထောင့်ချိုးတစ်ခုတွင် တစ်စုံတစ်ရာကို ကောက်ကျစ်စွာ စောင့်ဆိုင်းလျှက်။ ကျွန်တော်ယောင်ယမ်းစွာဖြင့် ပိုက်ဆံအိတ်အဟောင်းလေးကို စမ်းကြည့်မိသည်။ တန်ဖိုးနည်းငွေစက္ကူအချို့နှင့် အတူ အသက်သုံးဆယ်ပြည် လျှင် လဲလှယ်ရမည်။ ပျက်ကွက်ပါက အရေးယူခြင်းခံရမည်ဟု စာရိုက်နှိပ်ထားသည့် ကျွန်တော့် မှတ်ပုံတင်ကို တွေ့လိုက်ရသည်။ (အသက်သုံးဆယ်ပြည့်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ကျွန်တော် သည် ထိုမှတ်ပုံတင်လေးကို မလဲလှယ်ဖြစ်ခဲ့သေးပါ။)ဧည့်ကြိုကောင်တာတွင် ကျွန်တော့်မှတ်ပုံတင် မပေးရသေး။ သဲ့သဲ့ကြားနေရသော တံခါးခေါက်သံသည် မှတ်ပုံတင်လာတောင်းသော ဧည့်ကြို ၀န်ထမ်းလေး၏ တံခါးခေါက်သံ များလား။ လှေကားပေါ်သို့ တစ်ထစ်ချင်းနင်းတက်လာသောခြေသံသည် ဧည့်ကြိုဝန်ထမ်းလေး စီးထားသည့်  တောက်တောက်ပြောင်ပြောင်ရှူးဖိနပ်သံများလား။ ကျွန်တော် တွေးရင်း တွေးရင်းနှင့်ပင် အိပ်ပျော်သွားခဲ့ပါသည်။
တံခါးခေါက်သံသဲ့သဲ့သည် အိပ်ပျော်နေသော ကျွန်တော့်ကို အလန့်တကြား နိုးထစေခဲ့သည်။ လက်မှနာရီကို ကြည့်လိုက်မိသည့်အခါ မနက်ကိုးနာရီ ထိုးလုပြီဖြစ်သည်။ ခြုံထားသော စောင်ကို ဖယ်လိုက်ပြီး ကုတင်ပေါ်မှ ထလိုက်သည်။ အခန်းဝတွင် တံခါးခေါက်သံသဲ့သဲ့ကို ကြားနေရသည်။ ဖွင့်ရခက်နေသော မျက်ခွံများကို လေးလံပျင်းရိစွာ ပင့်တင်ရင်း ပိုက်ဆံအိတ်လေးထဲမှ မှတ်ပုံတင် လေးကို ထုတ်ယူလိုက်သည်။ ထို့နောက် အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။
အိုး …..။
အခန်းအပြင်ဘက်မှာ အနက်ရောင်ဟင်းလင်းပြင်ကြီး…………..။ 

                                                                                  မင်းနဒီခ
၃၀၊ စက်တင်ဘာ၊ ၂၀၁၃

No comments:

Post a Comment