Thursday, October 31, 2013

စွန်ပလွန်သီးတွေ ကြွေကျပြီး နောက်တစ်ရက်

စွန်ပလွန်သီးတွေ ကြွေကျပြီး နောက်တစ်ရက်

စစ်ကျန်ဘတ်စ်ကားကြီးတစ်စီးဟာ မြို့ကြီးတစ်မြို့ကို သူ့ရင်ဘတ်ထဲ ထည့်ဖွက်ပြီး ရှေးဟောင်းပြတိုက်ထဲက ထွက်ပြေးလာတယ်။ သူကတော့ ကယ်တင်တာလို့ ပြောတာပဲ။ မြို့ကြီးကတော့ မွန်းကျပ်လို့။ အဲဒီမွန်းကျပ်နေတဲ့ မြို့ကြီးဟာ သတိရတိုင်း သူသိမ်းဆည်း ထားတဲ့ ခေါင်းတလား တွေကို ထုတ်ထုတ်ကြည့်တယ်။ ကမ္ဘာကျော် သူဌေးကြီးက သူ့ဘဏ်တိုက်ထဲက ရွှေချောင်းတွေကို ပျောက်သွားမှာစိုးလို့ ခဏခဏရေတွက်နေသလိုမျိုးပေါ့။ ဒီလိုထုတ်ကြည့်တိုင်း ခေါင်းတလားထဲ အိပ်ပျော်နေတဲ့ အလောင်းကောင်တွေခမျာ စိတ်ညစ်နေရတာကို မြို့ကြီးကမသိဘူး။ ဟုတ်တာပေါ့။ အလောင်းကောင်တွေခမျာ တစ်ညလုံးလုံးအိပ်ရသေးတာမဟုတ်ဘူး။ သူတို့အလုပ်ကလည်းညအမှောင် ရိပ်ခိုပြီး လူတကာမသိအောင်လမ်းထလျှောက်ရတာ။ ညလယ်လမ်းမမှာ သူတို့ခြေရာ တွေချည်းပဲ ရှုပ်ရှက်ခတ်လို့။ တစ်ခါတစ်လေ အမူးလွန်ပြန်လာတဲ့ အိမ်ခြေမဲ့အဘိုးကြီးတွေ ဆဲဆိုကြိမ်းမောင်းတာ ခံရသေး တယ်။ ခွေးတွေကလည်း ထိုး ထိုးဟောင်တာ ခံရသေးတယ်။ အလောင်းကောင်တွေဟာ ဟောဒီကမ္ဘာကြီးပေါ်က ခွေးမရှိတဲ့တိုင်းပြည်မှာ လူဖြစ်ရပါလို၏လို့ ဆုတောင်းနေတာ ကြားဖူးတယ်။ ဆုတောင်းမှုတွေ ပြုလုပ်ဖို့ အတွက်တော့ သူတို့ဟာ တနင်္ဂနွေတွေကို စောင့်နေစရာမလိုဘူး။ ဥပုသ်နေ့တွေကို စောင့်နေစရာ မလိုဘူး။ သူတို့စောင့်နေတဲ့ တစ်ခုတည်းသောအရာက ပျော်ရွှင်ခြင်းပဲ။ သူတို့စောင့်နေတဲ့ ပျော်ရွှင်ခြင်း ကလည်း ရောက်ဖို့တော်တော်ကြာဦးမယ်ဆိုတာ သူတို့မသိဘူး။ ဘယ်လောက်တောင် ကြာဦးမလဲ ဆိုတော့ မပျော်ရွှင်ခြင်းတွေ ကမ္ဘာကြီးတစ်ခုလုံး ဆိတ်သုဉ်းသွားတဲ့အချိန် မှ ပျော်ရွှင်ခြင်းက ရောက်လာ မှာ။ အခုတော့ ပျော်ရွှင်ခြင်းဟာ ကမ္ဘာကြီးထောင့်ကျဉ်းလေးထဲ ငိုက်မျဉ်းလို့။ အိပ်မက်တွေ ဘာတွေ တောင် မက်လို့။ ပျော်ရွှင်ခြင်းဟာ သူ့ရဲ့ အပြစ်ကင်းဖြူစင်ခဲ့တဲ့ ကလေးဘ၀တွေကို သူ့အိပ်မက်ထဲမှာ ထည့်ထည့်မက်တယ်။ အရမ်းကို ပျော်ရွှင်စရာကောင်းခဲ့တဲ့ အချိန်လေးတွေပေါ့လို့လည်း မကြာခဏ ရေရွတ်တယ်။ တစ်ခါတစ်လေကျတော့လည်း ပျော်ရွှင်ခြင်းဟာ တစ်ကိုယ်တည်း ညည်းတွား လို့။ ငွေကြေးနဲ့ ပုံသွန်းမိတ္တူပွားထားတဲ့ ပျော်ရွှင်ခြင်းတွေ ကမ္ဘာကြီးပေါ်မှာ နေသားတကျဖြစ်နေတာကို သူစိတ်နာ တယ်။ အခုတော့ သူဟာ သူ့နေရာလေးကနေ တစ်ဖ၀ါးမှ မခွာနိုင်သေးဘူး။ သူဘယ်တော့မှ အဲဒီထောင့်ကျဉ်းလေး ထဲကနေ ထွက်ခွာခွင့်ရမယ်ဆိုတာလည်း သူကိုယ်တိုင်မသိဘူး။ တကယ်တမ်း ကျတော့လည်း မသိခြင်းတွေဟာ သဘာဝကျကျရှင်သန်နေတာပါပဲ။ စကြ၀ဠာကြီးရဲ့ အဆုံးကို မသိဘူး။ ကမ္ဘာကြီးရဲ့ အစကို မသိဘူး။ လူဆိုတာရဲ့ အစကို မသိဘူး။ ကြက်ဥနဲ့ ကြက်မ ဘယ်ကစလဲ ဆိုတာမသိဘူး။ အသက်ရှင်ရပ်တည်မှုရဲ့ အဓိပ္ပာယ်ကို မသိဘူး။ ဒီထက်ဆိုးတာက လေချွန်သံတွေကို ဘယ်သူစတင်တွေ့ရှိခဲ့သလဲဆိုတာပါပဲ။ ပျော်ရွှင်ခြင်းဟာ နားထဲမှာ လေချွန် သံတွေကိုပဲ ကြားကြားနေ ခဲ့တာ ကြာပြီ။ တကယ်တမ်းကျတော့ လေချွန်သံဆိုတာ ပျော်ရွှင်ခြင်းနဲ့ တိုက်ရိုက် ပတ်သက်နေတယ် ဆိုတာပဲ။ လေချွန်သံတွေဟာ လူ့လောကထဲက ထွက်ပေါ်လာတာတော့ သေချာတယ်။ တစ်ချို့ လေချွန်သံတွေဟာ သွေးညှီနံ့တွေ ရတယ်။ တစ်ချို့လေချွန်သံတွေက ငွေနံ့ကြေးနံ့တွေ ထုံလွှမ်းလို့။ တစ်ချို့လေချွန်သံတွေကတော့ ရမ္မက်တွေ ဆူဝေနေတယ်။ တစ်ချို့လေချွန်သံတွေက မူးယစ် သောက်စားထားပြီး တစ်ချို့လေချွန်သံတွေကတော့ ဘ၀င်မြင့်နေပုံခံစားရတယ်။ တစ်ခါတစ်လေတော့ ခြောက်ကပ်နေတဲ့ လေချွန်သံ ခပ်အက်အက်ကိုလည်း ကြားရတတ်ပါသေးတယ်။

အမှန်အတိုင်းဝန်ခံ ရရင် အဲဒီခြောက်ကပ်နေတဲ့ လေချွန်သံတွေက ကဗျာဆရာ တစ်ယောက်ဆီက လာတာပါ။ အဲဒီ ကဗျာဆရာဟာ ကဗျာတစ်ပုဒ်ပြီးသွားတိုင်း အဲဒီလိုခြောက်ကပ် ကပ်လေချွန်တတ်လေ့ရှိတယ်။ ကဗျာဆရာ ဟာ ဘယ်တော့မှ မပျော်ရွှင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူရေးတဲ့ ကဗျာတွေဟာ သူ့ပတ်ဝန်းကျင်ကနေ ကဲ့ယူထားတဲ့ ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်ကနေ ထွက်ပေါ်လာတဲ့ အသံတွေကိုပဲ သုံးစွဲတည်ဆောက်ထားတာမို့ပဲ။ ကဗျာဆရာဟာ ညနေ ညနေဆို မီးအိမ်မှိန်မှိန်လေးထွန်းထားတဲ့ အရက်ဖြူဆိုင်လေးကို သွားတယ်။ အဲဒီအရက်ဖြူဆိုင်လေးရဲ့ အမှောင်ကျနေတဲ့ စားပွဲတစ်ခုမှာထိုင်ရင်း ကော်ဖီပူပူလေးတစ်ခွက်လို့ အမြဲမှာတယ်။ သူက ဘယ်ကော်ဖီဖြစ်ဖြစ်သောက်တယ်။ တံဆိပ်မရွေးဘူး။ သူမှာတဲ့ ကော်ဖီဟာ အနည်းငယ်ခါးသက် ရမယ်။ ကော်ဖီဟာ ကော်ဖီဖြစ်တဲ့အတွက် ကော်ဖီဓါတ်တော့ပါရမယ်လို့ သူပြောဖူးတယ်။ ဒါပေမယ့် ကဗျာဆရာ ဟာ ကဗျာဆရာဖြစ်ရင် အရက်သောက် တတ်ရမယ်ဆိုတဲ့ သီအိုရီကို ဆန့်ကျင်တယ်။ သူဟာ အရက်ဆိုင် မှာ ကော်ဖီလာထိုင်သောက်တဲ့ တစ်ဦးတည်းသော ကဗျာဆရာပဲ။ သူက အရက် ဆိုင်ထဲက လူတစ်ချို့ရဲ့ မူးပြီး အန်ထွက်လာတဲ့ အန်ဖက်ဆန်ဆန်စကားလုံးတွေကို သူ့ကဗျာထဲမှာ ဆွဲယူ သုံးတတ်တယ်။ ဒါကြောင့် သူ့ကဗျာ ဖတ်သူ တွေဟာ အရက်မသောက်ရဘဲ ခေါင်းတွေမူးတယ်။ သူ့ကဗျာတွေကို နားမလည်ဘူး။ ဒါကြောင့်လည်း ကဗျာဆရာဟာ သူ့ကဗျာတစ်ပုဒ်ပြီးသွားတိုင်း ခြောက်ကပ်ကပ်အသံနဲ့ လေချွန်တော့တာပါပဲ။ တစ်ညနေကျတော့ ကဗျာဆရာဟာ အရက်ဖြူ ဆိုင်လေးကို ရောက်လာပြီး ထုံးစံအတိုင်း ကော်ဖီ ပူပူလေးတစ်ခွက် ကို မှာလိုက်တယ်။ ဒါပေမယ့် ကော်ဖီပူပူရောက်မလာဘူး။ အဲဒီလိုမဟုတ်ရင် ကော်ဖီပူပူတစ်ခွက် ရောက်လာ တယ်။ ကဗျာဆရာ ရောက်မလာဘူး။ ဒါမှမဟုတ် ကဗျာဆရာဟာ သူမှာလိုက်တဲ့ ကော်ဖီတစ်ခွက်ရောက်မလာခင် မှာ အရက်ဖြူဆိုင်လေးထဲက ထွက်သွားတယ်။ ဒီလိုနဲ့ ကဗျာဆရာဟာ လောကကြီးထဲက ပျောက်ကွယ်သွားခဲ့ တယ်။

ကဗျာဆရာထိုင်တတ်တဲ့ အမှောင် ကျကျစားပွဲလေးမှာ ကဗျာဆရာရဲ့ အိပ်ကပ်ထဲက ထွက်ကျခဲ့တဲ့ ဒါမှမဟုတ် ကဗျာဆရာ တမင်ချန်ထားခဲ့တဲ့ ကဗျာစာရွက်တစ်ရွက်ကို စားပွဲထိုးလေးက ကောက်ရခဲ့တယ်။ စားပွဲထိုးလေးဟာ အဲဒီ ကဗျာစာရွက်ကို ဘယ်သူမသိအောင် ပုဆိုးခါးကြားထဲမှာ ခေါက်သိမ်းလိုက်တယ်။ တကယ်တမ်းကျတော့ စားပွဲထိုးလေးက စာဖတ်တတ်သူတစ်ယောက်မှ မဟုတ်တာ။ အဲဒီစာရွက်ကို ကဗျာဆရာရေးတဲ့ ကဗျာစာရွက် တစ်ရွက်လို့ပဲ စိတ်ထဲ ထင်မှတ် ထားတာ လေ။ စားပွဲထိုးလေးဟာ ဆိုင်သိမ်းပြီးလို့ ညအိပ်ယာဝင်တဲ့အခါ အဲဒီကဗျာလို့ ထင်ရတဲ့ စာရွက်လေး ကို ဖယောင်းတိုင်မီးလေးထွန်းပြီး ဖတ်ကြည့်တယ်။ စာရွက်ထဲမှာ စာလုံးတွေက ဟိုရောက်ဒီရောက်။ ကဗျာကလည်း ပြီးဆုံးတယ်လို့ မထင်ရဘူး။ ကဗျာထဲမှာ ဘာတွေရေးထားမှန်း လည်းမသိဘူး။ တစ်ခုတော့ သိတယ်။ စားပွဲထိုးလေးက ကဗျာထဲမှာပါတဲ့ စာလုံးလေးသုံးလုံးကို လက်နဲ့ထောက်ပြီး နှုတ်ကနေ အသံတိုးတိုးလေးထွက်ပြီး ရွတ်လိုက်တယ်။ ငြိမ်း ချမ်း ရေး။ ဟုတ်တယ်။ အဲဒီ ငြိမ်းချမ်းရေးဆိုတဲ့ စာလုံးကိုတော့ သူသိတယ်။ သူ ဒီဆိုင်ရောက်ကတည်းက အရက်သောက်တဲ့ သူတိုင်း အဲဒီစကားလုံးကို ပြောနေကြတာ။ နောက်ပြီး တီဗွီသတင်းတွေ၊ ဂျာနယ်လက်ပွေ့ရောင်းသူ တွေ အော်ရောင်းနေ တာ ကြားလို့ သူနဲ့ရင်းနှီးတဲ့ အရက် သမားတစ်ယောက်ကို မေးထားတာ။ အဲဒီအရက်သမားကြီးက ဂျာနယ် မျက်နှာဖုံးပေါ်က စာလုံးကြီး သုံးလုံးကို ထောက်ပြီး ငြိမ်းချမ်းရေး ဆိုတာ ဒါပဲ လို့ ပြောတာကို မှတ်ထားတာ။ စားပွဲထိုးလေးက တော်တော်ပျော်သွားတယ်။ ဒါဟာ ငြိမ်းချမ်းရေးကဗျာပဲလို့ သူ့စိတ်ထဲမှာ မှတ်ထင်လိုက် တယ်။ နောက်ပြီးတော့ စားပွဲထိုးလေးက ဆက် တွေးတယ်။ ဒီငြိမ်းချမ်းရေးကဗျာကို သူတစ်ဖက်သက်ကြိုက်နေတဲ့ အကြော်ဆိုင်က ကောင်မလေး ကို ပေးလိုက်မယ်ပေါ့။ အဲဒီကောင်မလေးက သူ့ကို စိတ်ဆိုးနေတာ။ ဒီလိုနဲ့ ငြိမ်းချမ်းရေးကဗျာဟာ အကြော်ဆိုင်က ကောင်မလေးလက်ထဲကို ရောက်သွားပါတယ်။

ကောင်မလေးဟာ အဲဒီငြိမ်းချမ်းရေးကဗျာနဲ့ အကြော်ကို ထုပ်လိုက်တယ်။ လာဝယ် သွားတဲ့ သူက အဘွားအိုကြီး တစ်ယောက်ပါ။ အဘွားအိုဟာ အသက်တော်တော်ကြီးရင့်နေပြီ။ ထူးခြား တာက အဘွားအိုရဲ့ အသက်ကို ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ အဘွားအိုဟာ ကျန်းမာရေး ကောင်းပြီး လှုပ်ရှားသွားလာနိုင်နေသေးတာပဲ။ အဘွားအိုမှာ သားသမီးတစ်ယောက်မှ မရှိတာကလည်း ထူးခြား တာပါပဲ။ ရပ်ကွက်လေးထဲမှ ကွယ်လွန်သွားကြတဲ့ သက်ကြီးရွယ်အိုတစ်ချို့ရဲ့ မှတ်ချက်အရ အဘွား အိုဟာ သူတို့ရပ်ကွက်ထဲက တောင်းရမ်းစားသောက် ဖို့ ရောက် လာတာ တဲ့။ အဲဒီကနေ ရပ်ကွက်လေး ရဲ့ သဒ္ဒါကြည်ဖြူမှုနဲ့ လမ်းထိပ်မီးကင်းတဲလေးမှာ နေခွင့်ရနေတာပဲ ဖြစ်တယ် တဲ့။ အဲဒီမီးကင်းတဲလေး မှာ အရင်အလှည့်ကျမီးကင်းစောင့်တွေ ချိတ်ဆွဲထားတဲ့ နံရံကပ်တရုတ်နာရီ တစ်လုံးပဲ ထည်ထည် ၀ါဝါရှိတာပါ။ အဘွားအိုဟာ ညစဉ် ညတိုင်းအဲဒီနာရီကြီးကိုကြည့်ပြီး နာရီသံချောင်းခေါက်တဲ့ အလုပ် ကိုလုပ်တယ်။ မီးကင်းတဲလေးမှာရှိတဲ့ နောက်ထပ်အဆောင် အယောင် တွေကတော့ စစ်ခြင်ထောင် အဟောင်း တစ်လုံး၊ ချေးထူညစ်ပေနေတဲ့ ခေါင်းအုံးတစ်လုံးနဲ့ စောင်ကြမ်းတစ်ထည်ပါပဲ။ အဘွားအို ဟာ ဆောင်းညတွေကို ကြံ့ကြံ့ခံတော်လှန်ခဲ့တယ်။ ဆောင်းညတွေဆို နှင်းတွေ နှင်းတွေလေ အဘွားအိုရဲ့ ခေါင်းပေါ်မှာ ဆံပင်ဖြူဖြူတွေနဲ့ အပြိုင်ဖွေးဖွေးလှုပ်လို့။ အဘွားအိုဟာ အဲဒီဖွေးဖွေးလှုပ် နေတဲ့ နှင်းတွေကို နွေရာသီရောက်တိုင်း ရပ်ကွက်လေး ထဲကို ခါချလေ့ရှိတယ်။ အဘွားအိုဟာ အဲဒီလို သူ့ခေါင်းက နှင်းတွေကို လှုပ်ခါချပြီးတာနဲ့ တပြိုက်နက် မိုးတွေ သည်းသည်းမည်းမည်းရွာတော့တာပဲ။ ရပ်ကွက်လေးဟာ အဘွားအိုရဲ့ ကျေးဇူးနဲ့ အေးချမ်းသာယာလို့ပေါ့။ ဒါကြောင့်လည်းပဲ ရပ်ကွက် လေးက အဘွားအိုကို မီးကင်းတဲလေးမှာ နေစေပြီး စားစရာတစ်ချို့နဲ့ ငွေစအချို့ ကို ပေးကမ်းနေတာပဲ ဖြစ်တယ်။ အဘွားအိုဟာ အင်မတန်စိတ်ရင်းကောင်းရှာတယ်။ သူမဟာ ရပ်ကွက် ထဲက ခွေးလေ ခွေးလွင့်တွေကို သူ့ဆီမှာရှိတဲ့ ငွေစအနည်းငယ်နဲ့ အကြော်လေးတွေ ၀ယ်ဝယ်ကျွေးရှာတယ်။ အဲဒီနေ့ကလည်း ဒီလိုပါပဲ။ အကြော်သည်ကောင်မလေးဆီက အကြော်တွေဝယ်လာပြီး သူ့အနီး အနား က ခွေးလေခွေးလွင့်တွေကို ချကျွေးလိုက်တာပေါ့။ ဖြစ်ချင်တော့ သူချကျွေးလိုက်တဲ့ အကြော် တွေကို ထုပ်ထားတဲ့ စက္ကူမှာ ငြိမ်းချမ်းရေးကဗျာတစ်ပုဒ်ကို ရေးထားတာ သူမသိလိုက်ဘူး။ အဲဒီလိုပဲ အကြော်စားနေတဲ့ ခွေးလေ
ခွေးလွင့်တွေလည်း မသိဘူး။ ခွေးတွေကတော့ သူတို့အစာစားလို့ ဗိုက်ဝရင် အားပါးတရ အူကြတော့တာပါပဲ။ ရပ်ကွက်လေးအတွက်ကတော့ ခွေးတွေအူတာ အထူး အဆန်းမဟုတ်တော့ဘူး။ ဒီလိုပဲ အူနေကြမဟုတ်လား။

ပြဿနာက အူနေတဲ့ ခွေးမဟုတ်ဘူး။ ဟောင်နေတဲ့ခွေးက ပြဿနာပါ။ အဲဒီခွေးလေ ခွေးလွင့်တွေထဲက အကြော် စားဖို့ အရောက်နောက် ကျတဲ့ ခွေးတစ်ကောင်က ပြဿနာပါ။ အဲဒီ ခွေးလေးဟာ ခြေတစ်ဖက် ကားကြိတ်ခံထားရ လို့ ခြေထောက်မသန်ရှာဘူး ဖြစ်နေတာ။ အဘွားအို က မုန့်တစ်ခုခုကျွေးတိုင်း အဲဒီခွေးလေးက နောက်ကျ နေတဲ့ အတွက် နောက်ဆုံးမှ စားရလေ့ရှိတယ်။ အဲဒီနေ့က ခြေထောက်မသန်တဲ့ ခွေးလေး အကြော်စားဖို့ ရောက် လာတော့ အကြော်တွေက တစ်ဖဲ့ တစ်လေတောင် မကျန်တော့ဘူးလေ။ ခွေးလေးဟာ အကြော်အစအန နည်းနည်း ပါးပါး ကျန်လို ကျန်ငြား စာရွက်တစ်ရွက်လုံးကို အနံ့ခံကြည့်တော့တာပါပဲ။ အဲဒီမှာ ခြေတစ်ဖက် မသန်တဲ့ ခွေးလေး ဟာ စာရွက်တစ်ရွက်လုံးကို စေ့စေ့ကြည့်ပြီးတဲ့နောက် တွေ့တဲ့လူတိုင်းကို ထိုးထိုးဟောင်တော့ တာပါပဲ။ စဟောင်ခါကတုန်းကတော့ ရပ်ကွက်ထဲက လူတွေက သူ့ကို မဟောင်ဖို့ တားဆီးကြပါသေးတယ်။ မုန့်ကျွေးတာတို့ ရိုက်ဟန်ပြုတာတို့ပေါ့။ ဒါပေမယ့် ခြေတစ်ဖက်မသန်တဲ့ ခွေးလေးက မရပါဘူး။ လူတစ်ယောက်တွေ့တာနဲ့ ဟောင်တော့တာပါပဲ။ နောက်ဆုံးတော့ ရပ်ကွက်လေးထဲက ခွေးဟောင် သံကို နားမခံသာတဲ့ လူတစ်ချို့က ခြေတစ်ဖက်မသန်တဲ့ ခွေးလေးကို တုတ်တွေ ခဲတွေနဲ့ ထုရိုက်ပြီး မောင်းထုတ် လိုက်ပါတယ်။ ခြေတစ်ဖက်မသန်တဲ့ ခွေးလေးဟာ အရမ်းကြောက်သွားရှာတယ်။ ဒါကြောင့် အဲဒီခွေးလေးဟာ နေ့ခင်းဘက် လူမြင်သူမြင်ဆို တွေ့ရာကြုံရာမှာ အိပ်စက်နေပြီး ညဘက် ရောက်မှ အစာရှာထွက်ပါတော့တယ်။ အဲဒီလိုညဘက်တွေမှာ လူရိပ်သူရိပ်တွေ့ရင်တော့ ထိုးထိုးဟောင် ပါတယ်။ ခက်တာက သူဟောင်နေတဲ့ အဓိပ္ပာယ်ကို ဘယ်သူမှ မသိတာပါပဲ။

အဲဒီလိုနဲ့ ခြေတစ်ဖက်မသန်တဲ့ ခွေးလေးကတော့ ညစဉ်ညတိုင်း ဟောင်နေတော့ တာပါပဲ။ အလောင်းကောင်တွေ ကလည်း ခွေးဟောင်သံကြားတိုင်း အထိတ်တလန့်ဖြစ်လို့။ ပျော်ရွှင် ခြင်းကတော့ သူ့ထောင့်ကျဉ်းလေးထဲ နားစွင့်ရင်း တစ်ခါတစ်ခါ လေချွန်သံတွေအပြင် ကားတစ်စီး အမြန်မောင်းထွက်ပြေးသွားသံပါ ကြားမိနေလေရဲ့။ အဲဒီကားက မွန်းကျပ်နေတဲ့ မြို့ကြီးကို ဖွက်ယူ ခိုးပြေးသွားတဲ့ စစ်ကျန်ဘစ်စကားကြီးတစ်စီးမှန်းတော့ သူလည်း မသိဘူးပေါ့။ ရှေးဟောင်းပြတိုက်ကြီး ကတော့ ဘာဖြစ်ဖြစ်သူနဲ့ မသက်ဆိုင်သလိုပါပဲ။ တံခါးပေါက်ကြီး ပွင့်လို့။ နောက်ထပ် ၀င်လာမယ့် မြို့ကြီးတစ်မြို့ကို မျှော်လင့်လို့။

မင်းနဒီခ 
၂၉ စက်တင်ဘာ ၂၀၁၃ 




No comments:

Post a Comment