Tuesday, June 2, 2015

စကားလုံးယဉ်ကျေးမှုတည်ဆောက်ခြင်း

စကားလုံးယဉ်ကျေးမှုတည်ဆောက်ခြင်း

စာအုပ်အမည်                   - စကားလုံးယဉ်ကျေးမှု
ရေးသူ                             - နရနီ
ထုတ်ဝေသည့်ကာလ          - မေ၊ ၂၀၁၅
ထုတ်ဝေသည့်တိုက်            - ကျော်မွှေး စာပေ

    ၂၀၁၅၊ မေလမှာ ကဗျာဆရာ နရနီရဲ့ စကားလုံးယဉ်ကျေးမှုလို့ အမည်ပေးထားတဲ့ ကဗျာစာအုပ်တစ်အုပ် ကျော်မွှေးစာပေကနေ ထွက်ရှိလာပါတယ်။ ကဗျာအပုဒ်(၂၀)ထည့်သွင်းဖော်ပြထားပါတယ်။ ကိုနရနီနဲ့က အွန်လိုင်း စာပေ ၀ိုင်းတစ်ခုဖြစ်တဲ့ အွန်လိုင်းလင်းရောင်ခြည်မှာ စတင်မိတ်ဆွေဖြစ်ခဲ့ပြီး တစ်ယောက်ကဗျာတစ်ယောက်ဖတ်၊ ကွန်မန့် တွေ ရေး၊ အဲဒီကဗျာဝိုင်းလေးမှာ ကဗျာအလုပ်တွေ အတူတူလုပ်ခဲ့ကြဖူးပါတယ်။ အပြင်မှာ မျက်နှာချင်းဆိုင် စကားပြော ဖူးတာ တော့ ၂ ကြိမ်လားပဲ ရှိဖူးတယ်ထင်ပါတယ်။ ပြောချင်တာကတော့ ကိုနရနီဟာ ကဗျာနဲ့ပတ်သက်ရင် အမြဲတမ်း သင်ယူဖို့၊ လေ့လာဖို့၊ အားထုတ်ဖို့ ရှိနေတယ်ဆိုတာပါ။ ကဗျာအပေါ် ဘယ်လို ချဉ်းကပ်ရမလဲ၊ ဘယ်လိုစမ်းသပ်မှုတွေက ကဗျာ အသစ်ဖြစ်ထွန်းမှုအတွက် အထောက်အပံ့ဖြစ်စေနိုင်မလဲဆိုတာ သူ နေ့စဉ် စဉ်းစားတွေးတောနေတဲ့ အကြောင်းအရာတွေ ဖြစ်တယ်။ အခုလည်း သူ့ရဲ့ စိတ်ကြိုက်ကဗျာတွေ စုစည်းထားတဲ့ စကားလုံးယဉ်ကျေးမှု ကဗျာစာအုပ်ထဲမှာ ကဗျာဖတ်သူ တစ်ချို့ အတွက် ဖတ်မိရင် ရှော့ခ်ရသွားနိုင်တဲ့ အရေးအသားတွေပါပါတယ်။ ခက်ခဲတဲ့ ကဗျာ၊ လွယ်ကူတဲ့ ကဗျာဆိုတာ ထက် `ကဗျာကို ဒီလိုရေးလို့ ရလား´ဆိုတဲ့ မေးခွန်းတွေ ပြန်လာနိုင်တဲ့ ကဗျာတွေ ဖြစ်နေလို့ပါပဲ။ ဖတ်သူဟာ သူမြင်ဖူး တွေ့ဖူးနေတဲ့ ခေတ်ပေါ်ရေးဟန်၊ ခေတ်ပြိုင်ရေးဟန်တွေကြားထဲမှာ အဲဒီရေးဟန်တွေနဲ့ မတူတဲ့ ကဗျာအကြောင်းအရာ တည်ဆောက်မှုတွေ၊ ကဗျာထဲမှာ ပါဝင်တဲ့ စကားလုံးတွေကို မတူကွဲပြားတဲ့ အာရုံခံစားမှုနဲ့ ထိတွေ့ခံစားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ နရနီဟာ ဘယ်လို ကဗျာဆရာလဲ။ သူ ဘာတွေ ဖြတ်သန်းခဲ့သလဲ။ သူ့အပေါ် ဘာတွေ ရိုက်ခတ်မှုရှိခဲ့သလဲ။ သူ့နဲ့ သူ့ပတ်ဝန်းကျင်၊ သူနဲ့သူ့ကဗျာဖြတ်သန်းမှုဟာ စကားလုံးယဉ်ကျေးမှုတည်ဆောက်ရာမှာ သိထားဖို့လိုအပ်တယ်လို့ ထင်တဲ့ အတွက် သူနဲ့စကားအနည်းငယ်ပြောဖြစ်ခဲ့ပါတယ်။

မေး - ကိုနရနီရေ။ မင်္ဂလာပါဗျာ။ ကိုနရနီရဲ့ ခေတ်ပေါ်ကဗျာဖြတ်သန်းမှု ဒါမှမဟုတ် ခေတ်ပေါ်ကဗျာကျင်းကြီးထဲ ကျွံကျခဲ့ပုံ ကနေ စလိုက်ကြရအောင်လား။

နရနီ -  ကျွန်တော့်ရဲ့ပထမဦးဆုံး ပုံနှိပ်ကဗျာက ၁၉၉၆-ခုနှစ်၊ ဒီဇင်ဘာလထုတ်၊ စတိုင်သစ် မဂ္ဂဇင်းပါတဲ့ `အပ်´ ကဗျာပါ။ ကျွန်တော်ပထမဦးဆုံး ဖတ်တဲ့ကဗျာ စာအုပ်က ရာဘင်ဒြာနသ်တဂိုးရဲ့ ဥယျာဉ်မှူး ကဗျာစာအုပ်ပါ။ ကဗျာဆိုင်ရာ စာအုပ် ကတော့ ရန်ကုန်ဘဆွေရဲ့ `ပန်းသွင်သီကုံးရေးနည်းထုံးကား´ စာအုပ်ပါ။ ပထမဆုံးဝယ်တဲ့ကဗျာစာအုပ်က ကြည်အောင်ရဲ့ `မိခင်မာရသွန်´ပါ။ ၁၉၈၄- ၁၉၈၅-ခုနှစ် ကျွန်တော် ကိုးတန်း ကျောင်းသားဘ၀မှာ ရုပ်ရှင်မျက်မှန်တို့ ရုပ်ရုင်အောင်လံတို့ကို ကာရန်နဲ့ သုံးကြောင်းကဗျာလေးတွေ သုံးလေး ခါလောက်ပို့ဖူးပါတယ်။ ဖော်ပြမခံရပါဘူး။ နောက်ဆယ်တန်းရောက်တော့ သူငယ်ချင်းတွေစုပြီး ကိုယ့်မြို့ဖြစ် လက်လုပ်ကဗျာစာအုပ် နှစ်အုပ်လုပ်ဖူးပါတယ်။ နောက် ၁၉၈၇-ခုနှစ်မှာ စစ်တပ်ထဲ ၀င်ရောက်ပါတယ်။ ကျွန်တော် မိခင်တပ်ရင်းက ကလောမှာပါ။ စစ်တပ်ထဲမှာ (၃)နှစ်လောက် လုံးချာလည်နေပြီး ၁၉၉၀-ခုနှစ် လောက်ကျမှ ကလောမှာ နိုင်မွန်(နှင်းဆီတစ်ရာ) (အခု နိုင်မွန်အောင်သွင်) ရှိနေတယ်ဆိုတာသိတော့ တွေ့ဖို့ဆုံဖို့ မှတ်ထားလိုက်ပါတယ်။ ကိုနိုင်မွန်အောင်သွင်နဲ့တွေ့ကြဆုံဖြစ်ကြတာတော့ ၁၉၉၂-ခုနှစ် ကျမှာပါ။ သူကမိတ်ဆက်ပေးလို့ မောင်ရင်ဆု၊ ရဲလွန်း(နှင်းဆီတစ်ရာ) တို့နဲ့ ရင်းနှီးပြီး မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ နောက် ၁၉၉၅-ခုနှစ်လောက်မှာ ဆရာကြီးဒဂုန်တာရာ ကလောကိုရောက်လာပါတယ်။ ကိုနိုင်မွန်အောင်သွင်မှာ နှင်းဆီတစ်ရာစာပေ၀ိုင်းဆိုတဲ့ စာအုပ်အငှား ဆိုင်လေးရှိပါတယ်။ ဆရာကြီးက မျက်စိအမြင်အားနည်းတော့ ကျွန်တော်နဲ့ ကိုနိုင်မွန်အောင်သွင် အလှည့်ကျ တစ်လှည့်စီ အသစ်ထွက်မဂ္ဂဇင်းများအပါအ၀င် စာအုပ်တွေသွား ဖတ်ပေးကြပါတယ်။ ဖတ်ပေးရပုံက အရင်ဆုံး မဂ္ဂဇင်းနာမည်ပြောပြ ပြီးတော့ မာတိကာဖတ် ရေးသူအမည် ကလောင်နာမည်ပါတစ်ခါတည်း ဖတ်ပြပါတယ်။ ဥပမာ အဲဒီမဂ္ဂဇင်းမှာ ဆရာကြီး ဖတ်ချင်တာ ငါးပုဒ်ပါတယ်ဆိုရင် ဆရာကြီးက စိတ်ထဲမှာမှတ်ထားပြီး ဘယ်ကဗျာဖတ် ပြီးတော့ ဘယ်သူရေးတဲ့ ဆောင်းပါး ဖတ်ပါဗျာ စသည်ဖြင့် အစီအစဉ်အတိုင်းပြောပြတာကို လိုက်ဖတ်ပေးရပါတယ်။ ပြီးမှ စကားပြောကြတာပေါ့။ အဲဒီလို အချိန်တွေမှာ ကဗျာဆရာကိုအောင်ပွင့် ဆရာကြီးဒဂုန်တာရာဆီရောက်လာခိုက် ကျွန်တော်တို့နဲ့ဆုံတွေ့စဉ် ပြောတာက ငိုတတ်တဲ့ကလေး နို့ပိုစို့ရတယ်ဗျ တဲ့။ နောက်တော့ ကျွန်တော်နဲ့ ကိုနိုင်မွန်အောင်သွင် ဆရာကြီးဆီမှာ အငိုပြိုင်ကြတာပေါ့။ ၁၉၉၃-၉၄-၉၅-ခုနှစ် လောက်မှာ ခြေတုပြင်မယ် အကြောင်းပြပြပြီး ၉-လ တစ်ကြိမ်လောက် မင်္ဂလာဒုံစစ်ဆေးရုံ (ဗဟို နိုင်ငံရေး) သွားသွားတက်ပါတယ်။ အဓိကရည်ရွယ်ချက်က လေထန်ကုန်းသွားချင်လို့ပါ။ အဲဒီလိုနဲ့ တစ်နေ့ ၁၉၉၅-ခုနှစ် လေထန်ကုန်း လက်ဘက်ရည်ဆိုင်မှာ ကိုညွှန့်သစ်၊ ကိုရန်ပိုင်၊ ကိုဝင်းမောင်၊ ကိုထွန်းဝေမြင့်နဲ့ ကျွန်တော်တို့ ထိုင်နေတုန်း တစ်ဖက်ဝိုင်းမှာ ဆရာမောင်ချောနွယ် ထိုင်နေတာတွေ့တော့ ဆရာမောင်ချောနွယ်တွေ့ချင်တယ်ဗျာလို့ ပြောပြတော့ ကိုညွှန့်သစ်က ဆရာမောင်ချောနွယ်တို့ဝိုင်းသွားပြီး အကျိုးအကြောင်းပြောတော့ ဘာပြန်ပြောသလဲဆိုတော့ တောင်ပေါ်က လာတဲ့ကဗျာဆရာကိုပြောလိုက် နည်းနည်းဈေးကြီးတယ်လို့ စကားပါး လိုက်ပါတယ်။ ခဏနေတော့ ဆရာမောင်ချောနွယ်က ကျွန်တော်တို့ဝိုင်းကူလာပြီး ၄-နာရီလောက်ဆိုရပြီး ခဏစောင့်လို့ပြောပါတယ်။ ဒါနဲ့ ၄-နာရီထိုးတော့ ဆရာချောနောက် လျှောက်လိုက် သိချင်တာတွေမေး၊ မေးရင်း အဖြေပေးရင်း လျှောက်သွားရင်း ည ၁၂-နာရီထိုးသွားသည်အထိပါပဲ။ နောက်နေ့ ထပ်တွေ့ဖို့ချိန်းပြီး နောက်တစ်နေ့ထပ်တွေ့ဖြစ်ကြပါတယ်။ ည ၂-နာရီကျော်လမ်းခွဲပြီး ကျွန်တော့် ဆေးရုံ ပြန်ခဲ့ပါတယ်။ မနက်ရောက်တော့ ဆေးရုံစည်းကမ်းဖောက်ဖျက်မှုနဲ့ တပ်ရင်းပြန်ပို့ခံခဲ့ရပါတယ်။ ဆရာကြီးဒဂုန်တာရာတို့ ကိုနိုင်မွန်အောင်သွင် တို့နဲ့တွေ့ဆုံရတော့ ၁၉၉၆-ခုနှစ်မှာ စစ်တပ်ကနေ ထွက်ပြီး ခေတ်ပေါ်ကဗျာထဲကို ခြေစုံပစ် ၀င်လိုက် ပါတယ်။

မေး - ပထမဆုံးမဂ္ဂဇင်းကဗျာဖြတ်သန်းမှုနဲ့ အတွေ့အကြုံ၊ ဖြတ်သန်းခဲ့တဲ့အထဲက မှတ်မှတ်ရရကဗျာနဲ့ မဂ္ဂဇင်းများ အကြောင်းလည်း သိခွင့်ရချင်ပါတယ်။

နရနီ -  ၁၉၈၇-ခုနှစ်မှ ၁၉၉၆-ခုနှစ်ထိ ကျွန်တော့်ရဲ့စစ်သားဘ၀နဲ့ မော်ဒန်ကဗျာတွေရေးသူကို ကလောမြို့က ကိုနိုင်မွန် အောင်သွင်ရဲ့ နှင်းဆီတစ်ရာစာပေ၀ိုင်းက နွေးနွေးထွေးထွေး ကြိုဆိုလက်ခံမှုဟာ အခုထိပူနွေးလတ်ဆတ်နေဆဲပါ။ မဂ္ဂဇင်းကဗျာဖြတ်သန်းမှုကတော့ အပေါ်မှာ နည်းနည်းဖြေထားပြီးပါပြီ။ ဆက်ပြောရရင် ၁၉၉၂-ခုနှစ်၊ ဧပြီလ(၄)ရက်နေ့မှာ စစ်တိုက်ရင်း ကျွန်တော့် မိုင်းနင်းမိပါတယ်။ ညာဒူးအောက် ဖြတ်လိုက်ရပါတယ်။ ဆေးရုံတစ်နှစ်လောက်တက်ပြီး တပ်ရင်း ပြန်ရောက်တော့ အချိန်ပိုတွေအများကြီး ရလာပါတယ်။ စစ်တပ်လူပျိုဆောင်ဘားတိုက်မှာ စာတွေ ကဗျာတွေ လှိမ့်ဖတ် တော့တာပါပဲ။ ကျွန်တော့် အိပ်ရာဘေးမှာ ဆရာကြီးဒဂုန်တာရာ၊ ဆရာကြီးမောင်သာနိုး၊ ဆရာကြီးဇော်ဇော်အောင်၊ ဆရာကြီးသိန်းဖေမြင့်၊ ဆရာကြီးမြသန်းတင့်၊ ဆရာကြီးနတ်နွယ်၊ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် စသည့်စာအုပ်တွေအပြင် စာပေ ဂျာနယ်၊ ပိတောက်ပွင့်သစ်၊ ရုပ်ရှင်တေးကဗျာ၊ ဟန်သစ်၊ သရဖူ၊ ပင်လယ် မဂ္ဂဇင်းတွေ အထပ်လိုက် အပုံလိုက် မြင်ရတော့ ဌာနချုပ်တပ်ခွဲမှူးတို့ တပ်ရေးဗိုလ်ကြီးတို့ကကြည့်ပြီး သူတို့နည်းနည်းထူးဆန်းနေပုံဖြင့် ဒီကောင်က ဘာကောင် လဲ ပေါ့။ ဘယ်လိုကောင်လဲပေါ့။ ဘားတိုက်ကဘော်ဒါတွေကတော့ ဒီကောင်က ဂေါက်ပေါ့။ ဒီလိုနဲ့ တစ်ရက်ခြား နှစ်ရက်ခြား ကလော နှင်းဆီတစ်ရာစာပေ၀ိုင်းဆီ ရောက်အောင်သွားပြီး ကလောမြို့လေးက လက်တစ်ဆုပ်စာကဗျာရေးသူအချင်းချင်း ကိုယ်ရေးထားတဲ့ကဗျာတွေပြ သူတို့ ရေးထားတွေဖတ် လည်ပင်းကြောတွေထောင်လာအောင် ငြင်းကြ ခုန်ကြ ဆွေးနွေးကြ အော်ကြ ဟစ်ကြ အဲဒီလို သွေးနွေးခဲ့ကြတာပါတယ်။ ဘယ်နေ့ မဂ္ဂဇင်းကဗျာတွေပို့မယ်ဆိုပြီး နိုင်မွန်အောင်သွင်က ဒိုင်းခံ ကဗျာတွေစု ကလောင်နာမည် ကဗျာခေါင်းစဉ် ဘယ်မဂ္ဂဇင်းပို့ စသည်ဖြင့် စာရင်းမှတ်ထား စာတိုက်ကနေပို့ပေးပါတယ်။ ကလောမြို့က ကဗျာရေးနေများနဲ့ မိတ်ဆွေအပေါင်းအသင်းဖြစ်နေစဉ် စာပေလောက က ပထမဆုံး ထိတွေ့ခွင့်ရသူက ဆရာကြီးဒဂုန်တာရာပါ။ နောက် ကိုအောင်ပွင့်၊ ကိုညွှန့်သစ်တို့နဲ့ ခင်မင်ရင်းနှီးခွင့်ရပါတယ်။ ရေးသားခဲ့တဲ့ ကဗျာတွေ အားလုံးဟာ မှတ်မှတ်ရရတွေချည်းပါပဲ။

မေး - အတူတူဖြတ်သန်းခဲ့တဲ့ ခေတ်ပြိုင်ကဗျာဆရာတွေက ဘယ်သူတွေများဖြစ်မလဲ။ ဘာတွေ အခက်အခဲကြုံခဲ့ရသလဲ။ ကဗျာလောကမှာ အဲဒီခေတ်မှာ ကြီးကျယ်တဲ့ အငြင်းပွားမှုကဘာများဖြစ်မလဲ။ ဘယ်ဘက်က ရပ်တည်ခဲ့သလဲ။

နရနီ - တစ်ချို့လည်း လက်ရှိဆက်လက်ရေးသားနေကြပြီး တစ်ချို့လည်း မရေးတော့တဲ့သူတွေ လည်းရှိပါ။ အတူတူ ဖြတ်သန်းခဲ့ကြသူတွေက အများကြီးဆိုတော့ မဖြေတော့ပါဘူး။ တစ်ချို့ဆို မဂ္ဂဇင်းစာမျက်ပေါ်မှာ ကဗျာတွေမပါသော်လည်း ကဗျာဆရာအဖြစ်အတူတူဖြတ်သန်းခဲ့ ကြသူတွေလည်း ရှိနေပါတယ်။ အဲဒီတုန်းက ကဗျာလောကမှာ အသံအကျယ် လောင်ဆုံးက ရစ်သမ်၊ မော်ဒန်ပေါ့။ အမှန်တိုင်းပြောရရင် မြန်မာ့ကဗျာဖြစ်စဉ်တစ်ခုလုံး ရှင်းရှင်းလင်းလင်းမကွဲပြားသေးပဲနဲ့ ခေတ်ပေါ် ခေတ်ပေါ်ဆိုပြီး ခေတ်ပေါ်ဘက်က ရပ်ခဲ့ပါတယ်။ နောက်မှ တစ်ဖြည်းဖြည်း ပြန်ဖြေ ပြန်ကြည့် ပြန်လေ့လာ ခဲ့တာပါ။

မေး - စကားလုံးယဉ်ကျေးမှုထဲမှာ ပုံစံတူ အပြိုင်ဖွဲ့ကဗျာတွေ အများဆုံးတွေ့ရတယ်။ `ပက်လက်ကုလား ထိုင်ပေါ်မှာ ကျွန်တော်တို့ ထိုင်ကြမယ်၊ ကျောက်တုံး၊ မင်းဘူး၊ ပြည်သူလူထု တံတွေး၊ မိတ်ဆွေ ပင်စင်စား၊ အေးသည် ပူသည် စောသည် ဆာလောင်သည် ၀မ်းဝသည်နှင့် မိုးချုပ်သည်၊ ပရေမှုတ်သို့ အကြောင်းကြားစာ၊ မှတ်ပုံတင်ကြေးနန်းပုံစံအစား´ စတဲ့ ကဗျာ (ဂ) ပုဒ် ထည့်သွင်းထားတယ်။ အဲဒီလို ကဗျာတွေဟာ ခေတ်ပေါ် အားကောင်းစဉ်ကတည်းက ဆရာ မောင်ချောနွယ်၊ ဆရာ လှသန်းနဲ့ အခြားများပြားတဲ့ခေတ်ပေါ်ကဗျာဆရာတွေလည်း အသုံးပြုခဲ့ကြတယ်။ ဆရာမျိုးသန့်ကလည်း ခေတ်ပေါ်ကဗျာ အပြိုင်အဖွဲ့ ဆိုပြီး ဆောင်းပါး ရေးဖူးတယ်။ ကိုနရနီအနေနဲ့ အခုဒီစာအုပ်ထဲမှာ ပါတဲ့ အဲဒီလိုကဗျာတွေဟာ ခေတ်ပေါ်ကို ဆက်လက်သယ်ဆောင်ခြင်းလို့ ပြောရင်ရမလား။ ဒါမှမဟုတ် ခေတ်ပေါ်ကို ချဲ့ထွင်ဖို့ ကြိုစားထားတာ တစ်ခုခုများ ရှိနေဦး မလား။

နရနီ - ကျွန်တော်ကနယ်မြို့ကဆိုတော့ ကဗျာရေးစမှာ မဂ္ဂဇင်းတွေကိုပဲ တစ်လတစ်လ စောင့်မျှော်အားကိုး အားထား ပြုကြ ရပါတယ်။ မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးတွေ၊ ၀တ္ထုတွေ၊ ကဗျာတွေကျုံးဖတ် ပြီးတော့ ကဗျာတွေ ပြန်ရေး မဂ္ဂဇင်းတွေစမ်းပို့ လုပ်ခဲ့ပါတယ်။ ကျွန်တော် လိုက်ကြည့် နည်းယူ ရင်ခုန်ခဲ့ရတဲ့ ဆရာသမားတွေက မောင်ချောနွယ်နဲ့ လှသန်းတို့ တင် မက ပါဘူး။ မြေချစ်သူ၊ အောင်ချိမ့်၊ သစ္စာနီ၊ မောင်အောင်ပွင့်၊ မောင်ပြည့်မင်း၊ မောင်သိန်းဇော်၊ အောင်ဝေး၊ အောင်ဇင်မင်း၊ ပိုင်စိုးဝေ၊ နေမျိုး၊ မြမြင့်မိုရ်၊ ထွန်းဝေမြင့်၊ အနှစ်(နဘူးအိုင်)၊ ၀င်းမောင်၊ မိုဃ်းဇော်၊ ခရမ်းပြာထက်လူ၊ ပိုင်၊ မောရူးဆိုး၊ ဝေးခေါင်၊ အိုအောင်၊ ၀င်းမြင့်၊ မိကောက်၊ ငွေယံဦး ၊ လင်းတည်ဦး စသည်ဖြင့် သူတို့ကဗျာတွေဖတ်ပြီး သူတို့တွေးပုံ စိတ်ကူးပုံ၊ ရေးပုံ မှတစ်ဆင့် ထပ်တွေး၊ ဆန့်ကျင့်ဘက်တွေး၊ ချဲ့တွေး၊ ချဲ့ရေးကြည့်ပြီး လေ့ကျင့်ယူခဲ့ပါတယ်။ လေ့ကျင့်ခဏ်း တွေ လုပ်ခဲ့ပါတယ်။ သူတို့က ကျွန်တော့်ရဲ့ဆရာသမားတွေပါပဲ။ အခုစာအုပ်မှာပါတဲ့ ကျောက်တုံးကဗျာဟာ ၁၉၉၉-ခုနှစ် ကရေး ထားတဲ့ကဗျာပါ ဆရာနေမျိုးရဲ့ ကဗျာတစ်ပုဒ်ကို ထပ်ချဲ့ ထပ်တွေးပြီး ရေးထားတာပါ။ ခေတ်ပေါ်ကိုချဲ့ထွင်ခြင်းထက် ကဗျာဖတ်သူတွေနဲ့ ကဗျာ ဝေးကွာမသွားဖို့ ကဗျာ တစ်ပုဒ်နဲ့တစ်ပုဒ် တစ်ပုဒ်မှတစ်ပုဒ် ရုန်းကန်းပြီးရေးပါတယ်။ အဲဒီအတွက် ခေတ်ပေါ်ကိုကျေနိုင်သမျှကျေအောင် အကုန်ရှာဖတ်တယ် ရှာလေ့လာပါတယ်။ ပြန်လေ့ကျင့် ယူတယ်။ ခေတ်ပေါ်အရင် တွေကို တတ်နိုင်သလောက် နီးစပ်သလောက် အကုန်ရှာဖတ်ပါတယ်။ လောလောဆယ် ကဗျာရေးသားနေသူတွေကိုလည်း ရသမျှအကုန်ဖတ်တယ်။ ဆရာဇော်ဇော်အောင်၊ ဆရာမောင်ခင်မင် (ဓနုဖြူ)၊ ဆရာမြင့်သန်း၊ ဆရာသစ္စာနီ၊ ဆရာ ဇေယျာ လင်း၊ ဆရာမင်းခက်ရဲ၊ ဆရာငြိဏ်းဝေ၊ ဆရာအောင်ခင်မြင့် တို့အပြင် ဆရာလေး ဆရာမလေးများဖြစ်ကြတဲ့ ကိုအောင်ရင် ငြိမ်း၊ ကိုလွန်းဆက်နိုးမြတ်၊ ကိုမောင်ဒေး၊ ကိုဟံလင်း၊ မဖြူနှင်းဖွေး စသည့် သူတို့ရေးတဲ့ ကဗျာစာပေ ဆိုင်ရာ စာအုပ်တွေနဲ့ ဆောင်းပါးတွေကို ဖတ်တယ်။ နောက်ပြီး Online ပေါ်မှာတင်ကြတဲ့ ဆရာမောင်ချာလီ၊ ဆရာဇော်ဇော်ထွန်း တို့အပြင် ကဗျာစာပေဆိုင်ရာ Group တွေထဲလည်းဝင်ဝင်ပြီး ကဗျာဆရာ ကြီးငယ်တွေရဲ့နွေးဆွေးထားတဲ့ Comment တွေ လိုက် ဖတ်တယ်။ အဲဒီအတွက် ကိုယ့်အခြေအနေ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဖြစ်စဉ်နဲ့ ကိုယ်ဘာလုပ်သင့်တယ် ဘယ်လို တွေးနေ သလဲ ဘယ်လိုရေးသင့်သလဲကို သတိပြုမိလာပါတယ်။ လွှမ်းမိုးကြီးစိုးထားတဲ့အရိပ်ထဲကနေ ရုန်းထွက်နိုင်တယ်။ ခေတ်ပေါ် ကို သယ်ဆောင်ခြင်း ခေတ်ပေါ်ကို ချဲ့ထွင်ခြင်း၊ ခေတ်ပေါ်ကနေ ကင်းလွတ်ဖို့ကြိုးစားခြင်းထက် ဂန္ထ၀င်ကိုလည်း တို့ထိ၊ ခေတ်စမ်းကိုလည်းလေ့လာ၊ စာပေသစ်ကိုလည်း မစွန့်ပစ်၊ ခေတ်ပေါ်မှာအခြေတည်ပြီး ခေတ်ပြိုင်ဆီ ရုန်းကန်နေခြင်း ပါ။

မေး - ပထမဆုံးအဖွင့်ကဗျာဖြစ်တဲ့ ဗျည်းခြင်းကဗျာ က လက်ရှိရေးသားနေတဲ့ ကဗျာတွေနဲ့ တော်တော်လေးကို ကွဲပြား ခြားနားစွာ ဖတ်ရတယ်။ တစ်ပုဒ်လုံးကိုလည်း ခေါင်းစဉ်အတိုင်း ဗျည်းစာလုံးတွေနဲ့ တည်ဆောက်ထားတာတွေ့ရတယ်။ ဗျည်းခြင်း ကဗျာကို ဘယ်လိုကဗျာအယူအဆတွေနဲ့ ရေးဖြစ်တာလဲ။ ဒါမှမဟုတ် Minimalism ကို ချဲ့ထွင်ခြင်းလား။

နရနီ - ကျွန်တော်ကဗျာတစ်ပုဒ် ရေးတော့မယ်ဆိုရင် ဘယ်ဝါဒနဲ့ ရေးမယ် ဘယ်စကားလုံးကိုရှောင်မယ်လို့ ကိုင်စွဲထားပြီး မရေးပါဘူး။ ဗျည်းခြင်းကဗျာရေးဖို့ စိတ်ကူးအရင်ဖြစ်တာပါ။ စိတ်ကူးအတွက် စကားလုံးတွေ ရှာဖွေစုဆောင်းပါတယ်။ ဖတ် နေဆဲ ၀တ္ထု၊ ကဗျာ၊ စာအုပ်တွေမှရလာတဲ့ စကားလုံးတွေကို လိုက်တေးမှတ်တယ်။ ပြီးမှ စိတ်ကူးထဲကို ပုံသဏ္ဌာန် ချလိုက် တယ်။ နောက်မှ ခေါင်းစဉ်သပ်သပ်စဉ်းစားပါတယ်။ မှတ်မှတ်ရရ ဖြစ်တာကတော့ မြန်မာစာ အရေးအသားမှာ အတိုကောက် စတင်သုံးခဲ့တဲ့ ခုနှစ်ပတ်ဝန်းကျင်ကို သတိထားမိတာပါပဲ။

မေး - `စကားထာ´ လို့ ခေါင်းစဉ်ကြီးပေးထားတဲ့ ကဗျာတို အပုဒ် ၅၀ ဟာ ဒီကနေ့ ရှည်လျားများပြားတဲ့ ခေတ်ပြိုင်ကဗျာ တွေကို ငြီးငွေ့လာလို့လား။ တခြား အကြောင်းတခုခုများ ရှိနေမလား။

နရနီ - ကျွန်တော့်မှာ မှတ်စုသဘောမျိုး တေးထားတဲ့ အတိုအထွာလေးတွေ အများကြီးရှိနေပါတယ်။ တစ်ချို့ကို ကဗျာတစ်ပုဒ်အဖြစ် လုပ်ပါတယ်။ တစ်ချို့လည်း ဒီအတိုင်း စာအုပ်ထဲမှာပဲ သိမ်းထားရတာ ကြာလာတော့ နှမြောလာတယ်။ ဒါနဲ့ တစ်ချို့အပိုဒ်လေးတွေကို Facebook ပေါ်စမ်းတင်ကြည့်တယ်။ တင်တုန်းက ခေါင်းစဉ်မပါဘူး။ Status သဘောမျိုး နောက်တော့ ခေါင်းစဉ်တွေလိုက်ပေးပြီး ခေါင်းစဉ်တွေကို အောက်ပို့လိုက်တယ်။ ခေါင်းစဉ်ကြီးထပ်ပေးလိုက်တယ်။ အကြောင်းကတော့ အဲဒီကဗျာကိုဖတ်နေသူအတွက် နားလည်တဲ့အပုဒ်ကိုဖတ် နားမလည်တဲ့အပုဒ်ကျော်သွားနိုင်တဲ့ အခွင့် အရေးပေးထားပြီး ဖတ်ချိန်နဲ့ စဉ်းစားချိန် လျော့ချပေးလိုက်တယ်လို့ ပြောရင်လည်းရပါတယ်။

မေး - ယူတိုးပီးယန်း ကဗျာတွေ ရေးဖြစ်ပုံလေးနဲ့ ချန်လှန်ထားခဲ့တဲ့ ယူတိုးပီးယန်းများ ရှိခဲ့ရင် ဘာကြောင့်များပါလိမ့်။

နရနီ -  ယူတိုးပီယန်းကဗျာတွေရေးထားတာ စုစုပေါင်း (၉)ပုဒ်ရှိပါတယ်။ ချန်လှပ်ထားခဲ့ရတဲ့ အကြောင်းကတော့ ကဗျာဖတ် နေမယ့်သူအတွက် ငြီးစိစိဖြစ်သွားမှာမလိုလားလို့ (၅)ပုဒ်ချန်ခဲ့တာပါ။ ရေးဖြစ်ခဲ့ပုံက ကျွန်တော့်အဖေက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရိုးရိုးသာမာန်ဝန်ထမ်းတစ်ဦးပါ။ အဖေဟာ မနက်မလင်းရင် အမေကြော်ထည့်ပေးတဲ့ ထမင်း ဂျိုင့်လေးကို ယူပြီးအလုပ်သွား ညနေ(၄)နာရီမှာ အလုပ်ပြန်လာတယ် ညပိုင်းရောက်ရင် တောအရက်ကို အိမ်ရှေ့ကွပ်ပျစ် မှာဇိမ်နဲ့ သောက်တယ်။ လစာ ထုတ်လာရင် ကျွန်တော်တို့ အတွက်မုန့်တွေဝယ်လာတယ်။ အမေ့ဆီလစာ အကုန်အပ်တယ်။ တစ်နေ့အဖေဟာ အလုပ်တာဝန်နဲ့ ငှက်ဖျားဒေသမှာ ရေနံတွင်းတူးစက်တွေပြင်ဖို့သွားရပါတယ်။ ပြင်ပြန်လာပြီး တစ်ပါတ် လောက်မှာ အဖေဟာငှက်ဖျားရောဂါနဲ့ဆုံးပါးသွားပါတယ်။ အဖေဆုံးတော့ ကျွန်တော်ကအဝေးမှာပါ။ အဲဒီလို အဖေ့လုပ်စာ တစ်ခုတည်းနဲ့ ကျွန်တော်တို့မိသားစု (၉) ယောက်ဖြတ်သန်းခဲ့မှု၊ ဆက်လက် ဖြတ်သန်းနေမှု ကျွန်တော့်တို့ကြီးပြင်းခဲ့မှုတွေ ကျွန်တော့် အမှတ်တရဖြစ်မှုကို ရေးထားတာပါ။

မေး - `မေ့နေသော အမှတ်အသားများ´ဟာ မြန်မာကဗျာလမ်းကြောင်းအတွက် အထောက်အပံ့တစ်ခုတော့ ရရှိစေနိုင့်မယ့် အနှစ်ချုပ်စာစုလေးတွေလို့ ထင်တယ်။ အားနာနာနဲ့ ထပ်မေးရရင် `ဘလပ်စကား´နဲ့ `နာအရေးများ´ကို ကဗျာလို့ ယူဆ သလား။ ဘာကြောင့်လဲ။

နရနီ - `နာ အရေးများ´၊ `ဘလပ်စကား´နဲ့ `မေ့နေသော အမှတ်အသားများ´ဟာ ကဗျာအဖြစ်အသက်သွင်းထားတာပါ။ အဲဒီကဗျာ (၃)ပုဒ်မှာ ပုံသဏ္ဌာန်အနေနဲ့ တူနေတာရှိပါတယ်။ ခေါင်းစဉ်ကြီးအောက်မှာ ခေါင်းစဉ်ခွဲလေးတွေပါနေတာပါ။ ကွဲပြားတာက စာပိုဒ်၊ စာမျက်နှာ၊ ကော်လံ၊ စာကြောင်းထားသိုပုံ တစ်ပုဒ်နဲ့ တစ်ပုဒ် မတူပါဘူး။

မေး - စကားလုံးယဉ်ကျေးမှုဟာ အရေးအသားစာအုပ်လား။ ကဗျာ စာအုပ်လား။ မှတ်စု စာအုပ်လား။ ကျွန်တော်တို့ ဘယ်လို ခေါ်ရမလဲ။

နရနီ - ကျွန်တော့်က မွေးကင်းစကလေးလေးငိုသံအစက အိုမင်းတွင်းဆုံးကျလူ ညည်းညူသံအထိ လူတွေရဲ့ နှုတ်ထွက်ခဲ့တဲ့ စကားမှန်သမျှနဲ့ သူ့ပတ်ဝန်းကျင်ကို ကဗျာအဖြစ် ပြောင်းလဲဖို့ အမြဲနားစွင့်နေသူပါ။ အဲဒါကြောင့် စကားလုံးယဉ်ကျေးမှုဟာ စကားလုံးများနဲ့ဖွဲ့စည်းတည်ဆောက်ပြီး ကဗျာဖတ်သူတွေဆီ ကဗျာတွေရောက်ဖို့ နည်းမျိုးစုံ အကြောင်းအရာမျိုးစုံနဲ့ ရေးနေဆဲကဗျာတစ်ပုဒ်မှာ အာရုံအကုန် ကုန်သွားသည့်တိုင် ရှိသမျှကိုယ်စွမ်း ဥာဏ်စွမ်းအကုန်ထုတ်သုံး အချိုတစ်လှည့် အခါးတစ်လှည့် ချော့ကျွေးဖို့ အားထုတ်ရေးသားထားတဲ့ ကဗျာစာအုပ်ပါ။

မေး-  ဒီဘက်ခေတ်ကဗျာလောကမှာလည်း ခေတ်ပြိုင်ဆိုတဲ့ စကားလုံး ထွန်းကားလာပါတယ်။ အခုထိလည်း အဲဒီအခေါ် အဝေါ် အပေါ်မှာ အငြင်းပွားမှုတစ်ချို့လည်းရှိနေတယ်။ ခေတ်ပြိုင်ဟာ ကဗျာအယူအဆတစ်ရပ်လား။ ၀ါဒတစ်ခုလား။ အချိန်ကာလ သတ်မှတ်ချက် တစ်ခုလား။

နရနီ -  အမျိုးအစားခွဲခြားမှု၊ အတန်းအစားသတ်မှတ်မှုကို ကျွန်တော့်အနေနဲ့ မလုပ်လိုပါဘူး။ လုပ်လည်း မလုပ်နိုင်ပါဘူး။ လုပ်နေတဲ့သူရှိရင် ကောင်းမွန်တဲ့ကိစ္စပါ။ အကျိုးမယုတ်ပါဘူး။ တတ်နိုင်သလောက် ဖြေကြည့်ပါမယ်။ ကဗျာရေးသူ တစ် ယောက်ဟာ ကဗျာရေးတဲ့ သက်တမ်းအတွင်းမှာတောင် ရေးနည်း ရေးဟန် တင်ပြပုံ စကားလုံးကိုင်တွယ်သုံးစွဲပုံတွေ ပြောင်း လဲ နေတာကိုတွေ့ရပါတယ်။ ရှေ့ကဆရာကြီးများဖြစ်တဲ့ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်၊ ဆရာကြီး ဒဂုန်တာရာ၊ ဆရာကြီးဒေါင်းနွယ်ဆွေ စသည့် ကဗျာကြီးတွေလည်း ကဗျာစရေးစနဲ့ နောက်ပိုင်းရေးစပ်မှုတွေဟာ မတူပါဘူး။ အဲဒီလိုပဲ ဥပမာ ဆရာအောင်ချိမ့်၊ ဆရာနေမျိုး၊ ဆရာထွန်းဝေမြင့် တို့ကဗျာတွေဆိုရင် ရှေပိုင်းရေးတွေတာနဲ့ ၂၀၁၀-ခုနှစ်နောက်ပိုင်း ရေးတာတွေ သိသိသာသာ မတူကွဲလာတာ တွေ့ရပါတယ်။ သူတို့ကို ပေါ်မလား/ပြိုင်မလားဆိုတာ တစ်ခုဖြစ်ပြီး ရှေ့ပိုင်း ကဗျာဆရာတွေနဲ့ နောက်ပိုင်းကဗျာဆရာလူငယ်တွေ ၂၀၁၀-ခုနှစ်နောက် ထိပ်တိုက်တွေ့ဆုံကြလို့ ခေတ်ပြိုင် ဆိုတာ အယူအဆတစ်ခုအနေနဲ့ပေါ်လာတယ်လို့မြင်ပါတယ်။ အဲဒါက ပညာရှင်တွေ ဆွေးနွေးအဖြေရှာရမယ့် ကိစ္စပါ။ မေးခွန်းတွေ အတွက် ကိုမင်းနဒီခကိုလည်း ကျေးဇူးတင်ပါတယ်။
ကိုနရနီနဲ့ မေးဖြစ်ဖြေဖြစ်တာတော့ ဒီလောက်ပါပဲ။ စကားလုံးယဉ်ကျေးမှုကို ကျွန်တော့်အတ္တနောမတိအရ အကြမ်း အားဖြင့် ပိုင်းခြားကြည့်ရရင် ခေတ်ပေါ်နဲ့ ခေတ်ပေါ်မဟုတ်သော ကဗျာများဆိုပြီး တွေ့ရပါတယ်။ ခေတ်ပေါ်ကတော့ ရှင်းပါတယ်။ ခေတ်ပေါ်ကဗျာရဲ့ စံနှုန်းသတ်မှတ်ချက်တွေက ခိုင်မာခဲ့ပြီးသား၊ ရှိနေခဲ့ပြီးသားဆိုတော့ ပြဿနာမရှိဘူး ထင်ပါတယ်။ ဒီနေ့ခေတ်မှာ ခေတ်ပေါ်ကဗျာဟာ လွယ်ကူတဲ့ ကဗျာအနေအထားကို ရောက်ရှိသွားခဲ့ပြီဆိုတာ သေချာပါ တယ်။ ကိုနရနီဟာ စကားလုံးယဉ်ကျေးမှုမှာ ခေတ်ပေါ်ကဗျာရဲ့ အားကောင်းတဲ့ဟန်ဖြစ်တဲ့ ပုံစံတူအပြိုင်ဖွဲ့ ရေးဟန် ကဗျာ များ ဖြစ်တဲ့ `ပက်လက်ကုလားထိုင်ပေါ်မှာ ကျွန်တော်တို့ ထိုင်ကြမယ်၊ ကျောက်တုံး၊ မင်းဘူး၊ ပြည်သူလူထု တံတွေး၊ မိတ်ဆွေ ပင်စင်စား၊ အေးသည် ပူသည် စောသည် ဆာလောင်သည် ၀မ်းဝသည်နှင့် မိုးချုပ်သည်၊ ပရေမှုတ်သို့ အကြောင်း ကြားစာ၊ မှတ်ပုံတင်ကြေးနန်းပုံစံအစား´ စတဲ့ ကဗျာတွေကို ရည်ရွယ်ချက်ရှိရှိထည့်သွင်းထားတယ်လို့ ဆိုချင်ပါ တယ်။ ပုံစံတူအပြိုင်ဖွဲ့ကဗျာတွေဟာ စုစည်းညီညွတ်မ ရှိနေတယ်။ နရီ၊ ရစ်သမ်ပြေပြစ်မှု ရှိတယ်။ ဖတ်ရလွယ်ကူ သယောင်ရှိတယ်။ ကဗျာရဲ့ ဦးတည်ချက်ဟာ အကြိမ်ကြိမ်အခါခါ ပြောဆိုမှုနဲ့အတူ လေးနက်ထင်ပေါ်မှု ရှိတယ်။ ဖတ်သူဟာ ပုံစံတူအပြိုင်ဖွဲ့ ကဗျာတွေမှာ ညင်ညင်သာသာ စီးမျောလိုက်ပါ သွားရုံနဲ့ ကဗျာရဲ့ လားရာပန်းတိုင်ကို ရောက်သွားနိုင်တယ်။ ကြည့်ပါ။

ခြေခင်းလက်ခင်းသာတဲ့ ညနေ အိမ်ရှေ့ကပြင်ထွက်
ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ကြမယ်

ကောင်းကင်မှာ ကြယ်တွေ စုံသည်အထိ
ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ကြမယ်
(ပက်လက်ကုလားထိုင်ပေါ်မှာ ကျွန်တော်တို့ ထိုင်ကြမယ် ကဗျာမှ)

ကျောက်တုံးတွေဟာ အုပ်စုဖွဲ့နေထိုင်လေ့ရှိပြီး
ကျောက်တုံးတွေဟာ တိတ်ဆိတ်မှုကို အမြဲထုတ်လွှင့်တယ်

ကျောက်တုံးတွေမှာ ဟောင်းတယ် သစ်တယ်ဆိုတာ မရှိသလို
ကျောက်တုံးတွေမှာ ပစ္စုပ္ပန်တည့်တည့်ပဲ ရှိတယ်
( ကျောက်တုံး ကဗျာမှ)

ဟောဒီမှာ အနောက်ဖက်ကမ်း ဟောဒီမှာ မြန်မာမင်းများလက်ထက် သာမာန်ရွာ ဟောဒီမှာ ရှင်ပင်စက္ကိန်းတဲ
ဟောဒီမှာမြောက်လှည်းကောက် ဟောဒီမှာ အညာလေသံနဲ့တောင်ပေါ်လေသံ ဟောဒီမှာ နေ့အပူချိန်(၄၅)ဒီဂရီစင်တီဂရိတ်
ဟောဒီမှာဆူးပင် ချုံဖုတ်နဲ့ဖုန်တသောသော ဟောဒီမှာ ဧရာဝတီကို အထိတ်တလန့်လှမ်းလှမ်းကြည့် ဟောဒီမှာ ဦးသြဘာသ
ဟောဒီမှာ ဆီထွက်သီးနှံ ဟောဒီမှာ သနပ်ခါးတော ဟောဒီမှာ မြစ်ကူးတံတား ဟောဒီမှာ မြက်ခြောက်နဲ့ နွားသားအမိ
( မင်းဘူး ကဗျာမှ)

    ဆရာ နရနီဟာ ဘာဖြစ်လို့ ဒီလို ပုံစံတူအပြိုင်အဖွဲ့ကဗျာတွေကို ဒီစာအုပ်မှာ ပြန်စုစည်းထည့်သွင်းရသလဲ။ သူ့ ရည်ရွယ်ချက်ကို ကဗျာစာအုပ်တစ်အုပ်လုံး ပြီးဆုံးအောင် ဖတ်ကြည့်မိတဲ့အခါ သဘောပေါက်သွားပါတယ်။ ပုံစံတူ အပြိုင် အဖွဲ့တွေဟာ အခါးမကြိုက်သူတွေအတွက် အချိုဖြည့်ပေးထားတဲ့ သဘောပါပဲ။ သူဟာ အချိုကျွေးလိုက်၊ အခါး ကျွေးလိုက်၊ အချဉ်လေးကျွေးလိုက်နဲ့ သူ့ကဗျာဖတ်သူတွေကို ချော့မော့စည်းရုံးတာပါပဲ။ ဆရာ နရနီဟာ သူ့ကဗျာဖတ်သူ အပေါ်မှာ ထားတဲ့ စေတနာ၊ ကျွေးချင်တဲ့ အရသာဟာလည်း ဒါပါပဲ။ `ဗျည်းခြင်း´၊ `ငါကြိယာ (၆၀)´၊`နာ အရေးများ´၊ `ဘလပ် စကား´၊` `ဎရေမှုတ်သို့ အကြောင်းကြားစာ´ စတဲ့ ကဗျာတွေဟာ ကဗျာဖတ်သူအတွက် အခါးသက်သက်ကြီး မဟုတ် တောင် ခါးစိမ့်စိမ့်လေးတော့ဖြစ်မိမယ် ထင်ပါတယ်။
    `ဗျည်းခြင်း´ ကဗျာမှာ ကဗျာအစအဆုံးအတိုကောက်စလုံးတွေချည်း စုစည်းရေးထားပါတယ်။ အတိုကောက် စာလုံး တွေရဲ့ မူလတန်ဖိုးအဓိပ္ပာယ်တွေကို ကဗျာဖတ်သူက ရှာဖွေစဉ်းစားဆက်စပ်တည်ဆောက်ရမှာ ဖြစ်တယ်။ ဥပမာ- က ဆိုရင် ဗျည်း ၃၃ လုံးမှ ပထမဆုံးစာလုံး၊ အကစ ဆိုရင် အကျဉ်းဦးစီးဌာန စသဖြင့်။ နောက်ပြီး ကိုယ်ပိုင် ရပ်တည်မှု တန်ဖိုးရှိနေတဲ့ ဗျည်းစားလုံးတွေဖြစ်တဲ့ ဂဃနဏ၊ ဓန၊ ဒသမ၊ ည စသဖြင့်ပေါ့။ ကဗျာကို ဗျည်းအက္ခရာ `က´ နဲ့ စပြီး`အ´ နဲ့ အဆုံးသတ်ထားပါတယ်။
    `နာ အရေးများ´ကဗျာမှာ ၁၈၂၅၊ ဧပြီလ ၁ ရက်မှာ ကွယ်လွန်ဆုံးပါးသွားတဲ့ စစ်သူကြီးမဟာဗန္ဓုလ ကနေ ၂၀၁၅၊ ဇန်န၀ါရီ (၂၄)ရက်နေ့မှာ ဆုံးပါးသွားတဲ့ ပန်းချီ သိဏ်းသိဏ်းအထိ လူမှုပတ်ဝန်းကျင်နယ်ပယ်အစုံက လူသိများထင်ရှား ကွယ်လွန်ဆုံးပါးသွားသူတွေကို စာရင်းပြုစုသလို ရေးသားထားပါတယ်။ နောက်တစ်ပုဒ်ဖြစ်တဲ့ `ငါကြိယာ (၆၀)´ ကဗျာမှာ ကဗျာဗန္ဓသာရကျမ်းလာ ကဗျာလင်္ကာအဆုံးချနည်း(၆၀)ကို တိုက်ရိုက်ချရေးထားပြီး `ဘလပ်စကား´ ကဗျာမှာဆိုရင်လည်း ဇာတ်သဘင်အသိုင်းအ၀ိုင်းမှာ သုံးတဲ့ ဘလက်စကားလုံးတွေကို မူလအဓိပ္ပာယ်စကားလုံးတွေနဲ့ ညီမျှခြင်းထိုးပြီး ရေးသား ထားတာကို တွေ့ရမှာပါ။
    နောက်ဆုံးတစ်ပုဒ်ဖြစ်တဲ့ `မေ့နေသော အမှတ်အသားများ´ ကဗျာမှာဆိုရင်လည်း ကျွန်တော်တို့ စာပေ၊ ရုပ်ရှင်၊ ပန်းချီနယ်ပယ်က အမြတ်တနိုးလေးစားတန်ဖိုးထားဦးထိပ်တင်ရတဲ့ လူပုဂ္ဂိုလ်(၁၈)ယောက်ရဲ့ ထင်ရှားကိုယ်ရေးအကျဉ်း (ကဗျာဆရာ့ရဲ့ ပုဂ္ဂလိကအမြင်) တွေကို တစ်ဦးကို တစ်မျက်နှာစီနဲ့ စာစီထားပါတယ်။ ဒီနေရာမှ သတိပြုရမှာက `မေ့နေ သော အမှတ်အသားများ´ ဟာ ကဗျာတစ်ပုဒ်ဖြစ်တယ် ဆိုတာပါပဲ။
    ဒီနေရာမှာ အထက်ပါ`ဗျည်းခြင်း´၊ `ငါကြိယာ (၆၀)´၊`နာ အရေးများ´၊ `ဘလပ် စကား´ ကဗျာတွေနဲ့ ပတ်သက်လို့ ပြောစရာရှိလာပါပြီ။ ဒီလိုကဗျာတွေမှာ ကဗျာဆရာဟာ အချိန်ပေးပြီး ကြိုးစားပမ်းစား အားထုတ် စုဆောင်း ထားရတဲ့ အချက်အလက်တွေ ပါဝင်တယ်ဆိုတာ ဘယ်လိုမှ ငြင်းစရာမရှိပါဘူး။ ငြင်းစရာရှိတာက အဲဒီလို အချက် အလက်တွေ စုစည်းတင်ပြထားတာကို ကဗျာလို့ ခေါ်ရမှာလား ဆိုတဲ့ ကဗျာဆိုင်ရာအနေအထားတစ်ရပ်ပါ။ အထက်က ကဗျာတွေမှာ ခေတ်ပေါ်မှာ ကျွန်တော်တို့ ထိတွေ့ရင်းနှီးခဲ့ရတဲ့ အလင်္ကာ၊ နမိတ်ပုံ၊ နရီ၊ ရစ်သမ်၊ ကဗျာဓာတ် စတာတွေ တစ်ခုမှ မပါသလို ခေတ်ပြိုင်ကဗျာရဲ့နည်းနာတွေဖြစ်တဲ့ ပိုင်းစစိတ်မြွှာတာတွေ၊ ကော်လာ့ဂ်ျပြုလုပ်တာတွေ၊ ၀ါကျ တည် ဆောက်ပုံ လိုင်းအဖြတ်အတောက်တွေ၊ အဓိပ္ပာယ်ေ၀၀ါးလမ်းလွှဲသွားအောင် အချိုးဖျက်တာတွေ စတဲ့ ကဗျာနည်းနာ တက္ကနစ်တွေ ဘာတစ်ခုမှ ထည့်သွင်းတည်ဆောက်မထားတာကို တွေ့ရပါတယ်။ ပြောရရင် အထက်က ကဗျာတွေဟာ ခံစားမှုအခြေခံတည်ဆောက်မှု မပါဘူး။ ဘာပြီးရင် ဘာလာမယ် ဆိုတဲ့ ဇာတ်လမ်းသဘောတည်ဆောက်မှု မရှိဘူး။ သိမှုတည်ဆောက်ပြီး နားလည်မှုရယူက အဓိပ္ပာယ်ဖွင့်ဆိုနိုင်တာတွေ မပါဘူး။ ပြောရရင် ဒီလိုကဗျာတွေဟာ Conceptual Poetry ဆန်ဆန် အရေးအသားတည်ဆောက်မှုတွေပဲ ဖြစ်တယ်။
    ကဗျာဆရာဟာ သူ့စိတ်ကူးစတင်မြစ်ဖျားခံရာကို စတင်တည်ဆောက်ပါတယ်။ အချိန်ကာလ၊ ဒေသ ပတ်ဝန်းကျင်၊ နိုင်ငံရေး၊ လူမှုစီးပွားရေး စတဲ့ အာရုံရိုက်ခတ်မှု Concept တွေကနေ ကဗျာအဖြစ်အသွင်ပြောင်းယူပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေတယ်။ ကဗျာဓာတ်တွေ၊ ကဗျာဖြစ်မှုတွေ၊ ကဗျာနည်းနာတွေကို ထည့်မစဉ်းစားတော့ဘဲ စိတ်ကူးဥာဏ်နဲ့ ပိုင်းဖြတ်စိစစ်ထားတဲ့ ဖြစ်ရပ်မှန်တွေ၊ သတင်းအချက်အလက်တွေ၊ ပုံသဏ္ဌာန်တည်ဆောက်မှုတွေ စာသားအဆောက်အအုံပြင်ပက အရာဝတ္ထုတွေ၊ အစအနတွေကို ကဗျာထဲ စနစ်တကျထည့်သွင်းပြုလုပ်လာပါတယ်။ ဒါဟာ ကွန်ဆက်ချူရယ် ကဗျာသဘောတရားရဲ့ အနှစ်သာရတွေပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါဆိုရင် ကဗျာဖတ်သူဟာ ဒီလိုကဗျာတွေကို ဘယ်လို ချဉ်းကပ်မလဲဆိုတာ ပြဿနာ ရှိလာပါတယ်။ အဲဒီအတွက် ဆရာငြိဏ်းဝေရဲ့ နကမ္ပတိ စာအုပ်ကနေ စာသားအချို့ ကောက်နှုတ်တင်ပြချင်ပါတယ်။

ကဗျာဆရာရဲ့ Concept ကို ချဉ်းကပ်ရပါမယ်။ ဘာကြောင့် ဒီကဗျာဆရာဟာ loss of syntax (၀ါကျဖွဲ့စည်းပုံကို အဆုံးရှုံးခံခြင်း) လုပ်ရသလဲ။ ဘာကြောင့် Open System (အပွင့်စနစ်) သုံးရသလဲ။ ဘာကြောင့် Psychological liberation (စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှု) လုပ်ရသလဲ။ ဘာကြောင့် technical liberation (နည်းနာများမှ လွတ်မြောက်မှု) လုပ်ရသလဲ။ ဘာကြောင့် ဘာသာစကားရဲ့ Visual form (အမြင်သဏ္ဍာန်)နဲ့ Shape (ပုံပန်း)တွေကို စာမျက်အခြေခံ (page-based) လုပ်ခဲ့တာလဲ။ Conceptual poetry မှာ concept ဟာ ဖတ်သူ၊ ရှုမြင်သူရဲ့ ဖြည့်ရတဲ့ gap ဖြစ်ပါတယ်။ ဒီမှာ Knowledge gap (အသိကွာဟမှု)၊ Aesthetics gap (ရသခံစားမှုစွမ်းအား ကွာဟမှု)ဟာ Conceptual Poetry ရဲ့ မမြင်ရတဲ့ အလှဗေဒ ဖြစ်ပါတယ်။ ဒါပေမယ့် သိလို့/ခံစားလို့တော့ ရပါတယ်။ Art Work နဲ့ Life ဟာ တသားတည်းကျသွားခြင်းက Poetry ကို ပိုအားရှိစေတယ်။ ဆိုလိုတာက ဘ၀မှာ ကိုယ်နားမလည်သေးတာတွေ၊ မရောက်နိုင်သေးတဲ့ အသိဥာဏ်တွေနဲ့ ပြည့်နေသလိုမျိုးဟာ Conceptual Poetry ကို တည်ဆောက်ရတာမျိုးနဲ့ တူတယ်။
(ငြိဏ်းဝေ - နကမ္ပတိ စာအုပ်မှ)
   
၁၉၁၇ မှာ ဒါဒါဝါဒရဲ့ ဖခင်တစ်ဦးဖြစ်တဲ့ မာဆယ်ဒူးရွှန့်ဟာ Ready Made Art ကို စတင်အသက်သွင်းခဲ့ပါတယ်။ ဆီးအိုးကြွေခမုတ်ပေါ်မှာ R Mutt လို့ လက်မှတ်ထိုးပြီး အနုပညာလက်ရာတစ်ခုအဖြစ်  ပြပွဲမှာ တင်ခဲ့ပါတယ်။ ပြပွဲ တာဝန်ခံ တွေက လက်မခံခဲ့ပေမယ့် ဒူးရွှန့်ရဲ့ Fountain လို့ အမည်ပေးထားတဲ့ အဲဒီအနုပညာလက်ရာဟာ ယခုဒီဘက်နှစ်ကာလ များစွာအထိ ထင်ရှားကျော်ကြားခဲ့ပါတယ်။ ဒူးရွှန့်ဟာ အဲဒီလို နည်းနဲ့ Ready Made Art အနုပညာလက်ရာတွေကို ဆက်လက်ဖန်တီးခဲ့ပါတယ်။ ဒူးရွှန့်ကတော့ ဒီလိုအနုပညာလက်ရာတွေဟာ ` အနုပညာ၏ ရသလမ်းရိုးဟောင်းတွေကို ဒီလို အသင့်လုပ်အနုပညာလက်ရာတွေက ပယ်ဖျက်ဆန့်ကျင်ပါတယ်´လို့ အတိအလင်းကြေညာခဲ့ပြီး ` အနုပညာလက်ရှင်ဟာ လက်နဲ့ ထိကိုင်ပြုလုပ်သည် မဟုတ်စေကာမူ သူတို့၏ ရွေးချယ်မှုနှင့် သူတို့၏ ထုတ်ဖော်ပြောဆိုမှု၊ စိတ်ကူး (သို့) အယူအဆတစ်ခုကြောင့် အနုပညာလက်ရာဖြစ်သည်´လို့လည်း ပြောခဲ့ပါတယ်။ ထပ်ပြောရရင် Conceptual သဘောတရားဟာ မဖန်တီးထားတဲ့ ဖန်တီးမှု၊ အနုပညာမဟုတ်တဲ့ အနုပညာပဲ ဖြစ်ပါတယ်။
တစ်ခုတော့ ရှိပါတယ်။ စစ်မှန်တဲ့ အနုပညာလက်ရာတစ်ခုဖြစ်ဖို့အတွက် စစ်မှန်တဲ့ အနုပညာရှင် တစ်ဦး ဖြစ်ဖို့လည်း လိုပါတယ်။ မိုနာလီဇာကို နှုတ်ခမ်းမွှေးတပ်ဆွဲပေးတိုင်း မာဆယ်ဒူးရွှန့်ဖြစ်မလာနိုင်သလို နာရီတွေကို ပျော့ဖတ် နေအောင် ရေးဆွဲတိုင်းလည်း ဒါလီ ဖြစ်မလာနိုင်ပါဘူး။ ကဗျာဆရာကိုဒြပ်က `မီး´ ဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ ကဗျာ တစ်ပုဒ်ပြုလုပ်ထားတာကို ကျန်တစ်ယောက်က `ရေ´ ဆိုပြီး ပြုလုပ်တာဟာ စစ်မှန်တဲ့ အနုပညာမဟုတ်ပါဘူး။ အနုပညာ ရှင် စစ်မှန်တဲ့ အားထုတ်မှု၊ စစ်မှန်တဲ့ ရပ်တည်ချက်နဲ့ စစ်မှန်တဲ့ ဖြတ်သန်းမှုဟာ ရှိနေရမှာဖြစ်ပါတယ်။

စကားလုံးယဉ်ကျေးမှုမှာ ကျွန်တော်သဘောကျတဲ့အချက်ဟာ ကဗျာဆရာနရနီရဲ့ ခေတ်ပေါ်ကဗျာမဟုတ်တဲ့ အရေးအသားတွေပါပဲ။ Conceptual Poetry ဖြစ်ခြင်း မဖြစ်ခြင်းဟာ အရေးမကြီးပေမယ့် သူ့ရဲ့ မဖန်တီးထားတဲ့ ဖန်တီးမှု၊ ကဗျာမဟုတ်တဲ့ ကဗျာတွေဟာ ကျွန်တော့်ကို စဉ်းစားဆင်ခြင်သုံးသပ်မှုတွေ အများကြီးပေးစွမ်းနိုင်ပါတယ်။ ကဗျာဆရာ နရနီဟာ သူ့ကဗျာလမ်းကြောင်းကို သူရွေးချယ်ထားပုံရတယ်။ သူ့မှာ စကားလုံးအားထုတ်မှု၊ သမိုင်းအချက်အလက်ရှာဖွေမှု၊ ကဗျာတစ်ပုဒ်အဖြစ်ပြုလုပ်မှု၊ ကဗျာဖတ်သူထံ တင်ပြပုံ စတာတွေဟာ ကဗျာတစ်ပုဒ်ချင်းစီအပေါ်မှာ စိတ်ကူးဥာဏ်အဓိက လွတ်လွတ်လပ်လပ် ရေးဖွဲ့တင်ပြထားပေမယ့် စကားလုံးယဉ်ကျေးမှုဆိုတဲ့ ကဗျာစာအုပ်အပေါ်မှာတော့ စိတ်စေတနာ ပြင်းပြစွာနဲ့ ရေးသားထုတ်ဝေပေးခဲ့တယ်ဆိုတာ ယုံကြည်လက်ခံမိပါတယ်။ ကဗျာတွေကို ဖတ်စေချင်ပါတယ်။ ကဗျာရေးသူ တွေဟာ ဘယ်တော့ စကားလုံးတစ်လုံး၊ ကဗျာလိုင်းတစ်လိုင်း၊ ကဗျာစာပိုဒ်တစ်ပိုဒ်ကို အကြောင်းမဲ့ ရေးပြီး စာမျက်နှာပေါ်၊ အွန်လိုင်းပေါ် ပစ်တင်လိုက်တာ မဟုတ်ပါဘူးလို့ ကဗျာဖတ်သူတွေက ယုံကြည်ပေးပါ။ ဖတ်ကြည့်ပေးပါ။ စကားလုံးတွေနဲ့ ယဉ်ကျေးမှုတစ်ခုကို တည်ဆောက်ပေးပါလို့ ဆရာ နရနီကိုယ်စား ပြောရင်း ကဗျာဖတ်သူဧရိယာ ဒီထက် ကျယ်ပြန့် ပေါများ လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မင်းနဒီခ
(၃၊ ၆၊ ၂၀၁၅)
ရယ်စရာ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၁၅