Saturday, October 26, 2013

ဒီနေ့တစ်နေ့လုံး ဒီကဗျာမပြီးမချင်း



ဒီနေ့တစ်နေ့လုံး ဒီကဗျာမပြီးမချင်း

မျက်လုံးနှစ်ဖက်ကို ပွတ်လိုက်တယ်။ အလင်းရောင်ဟာ တစ်ခါမှကို ကိုမမြင်ဖူးခဲ့သလို။ ခေါင်းကို ဘယ်ကနေ ညာဘက်ကို ပြန်စောင်းလိုက်တယ်။ ဘယ်နှနာရီရှိပြီလဲ။ အိပ်ခဲ့တဲ့ အချိန်လား။ နိုး/ နှိုးရမယ့် အချိန်လား။ အိပ်မက်လား။ တကယ်လား။ အထိအတွေ့က ပျော့အိနူးညံ့လို့။ ငါ့နံဘေး အိပ်နေတဲ့ ကြောင်တစ်ကောင်။ မဟုတ် ဘူး။ ဒီအိမ်မှာ ကြောင်မှ မရှိတာ။ ဟိုငေး ဒီငေး ဆယ်မိနစ်။ မျက်နှာသစ်။ ကိုးနာရီ။ သွားတိုက်။ ကိုးနာရီငါးမိနစ်။ မနက်စာကို အပြေးအလွှား အမှီလိုက်ရတယ်။ ဟင့်အင်း။ သမီးက အဲဒီမုန့်တွေ မကြိုက်ဘူး ဖေဖေ။ အဖေနဲ့ သမီးအကြိုက်ချင်းမတူတာ နောင်များပြဿနာ။ အမေဖြစ်သူက ခေါင်းကို တဖြည်းဖြည်း ခါတယ်။ လွင့်လာတဲ့
ရေမှုန်ရေမွှားတွေက သက်တန့်တစ်ခုကို ထမ်းပိုးလို့။ အခု ရေစက်တွေက ကြမ်းပြင်တလျောက် စီးကျနေတယ်။ ဘယ်လိုလုပ်မလဲ။ ဖုန်းဘီလ်ကုန်တာ မြန်တယ်။ မီတာအရမ်းတက်တယ်။ ဒါဆို ငါတို့ ကျောက်ခေတ်လို ပြန်နေကြ မလား။ မီးခြစ်က ခဏခဏပျောက်တယ်။ ဖွက်ယူလာတဲ့ စီးကရက်က နွမ်းဖတ်ပျော့ခွေလို့။ ဖေဖေ ဆေးလိပ် 
မသောက်နဲ့နော်။ အေးပါ မသောက်ပါဘူး သမီးရဲ့။ မေမေ ခေါ်နေတယ် သွားလိုက်ဦး။ သမီးလေးက လိမ္မာတယ်။
ဖေဖေက မမိုက်ပါဘူး။ တနင်္ဂနွေဆိုဒီသားအဖက တကျက်ကျက်။ ကြက်ဥက မကျက်တကျက်ကြော်။ နေ့လည်စာ အိမ်မှာပဲ စားမယ်ပြောပြီး အခု ရှင်က ဘယ်ကိုကြွ။ ခေါင်းအုံးကို မလိုက်တော့ မဖတ်ရသေးတဲ့ စာအုပ်တွေ။ အကြွေးရှင်ကို ကြည့်သလို ဒင်းတို့ကို ကြည့်ရင်း ငါအောက်ကျို့ရ။ ဖုန်းကလည်း အားကုန်တာမြန်တယ်။ လူကလည်း အားကုန်တာ မြန်တယ်။ ဒီလိုနေ့ဆို မင်းက အမြဲ မီးနီနေတာပဲ။ ငါလည်းဖြေးဖြေးမောင်းပါတယ်။ သူ့ဘာသာ လီဗာက ပြင်းပြင်းသွားတာ။ အခုဘယ်မှာ လဲ။ မကြားရဘူး ကိုနိုင်လင်း။ ဒါဆို အခုထွက်ခဲ့ပြီ။ မိုးတွေကလည်း အတိုးနဲ့ ရွာလို့ လမ်းတွေလည်းရွှဲ။ မိုးကာကို ဆွဲချွတ်လိုက်တော့ ဇီးကွက်တစ်ကောင် လန့်ပျံ သွားတယ်။ သမီးအိပ်ပြီလား။ ကွန်နက်ရှင်လေးကောင်းတုန်း ကွန်မန့်တစ်ကြောင်းလောက် ရေးလိုက်ဦးမယ်။ ဒီနေ့တစ်နေ့လုံး ဒီကဗျာမပြီးမချင်း ခင်ဗျားကိုလည်း အားနာမိပါတယ်။

မင်းနဒီခ
16 09 2013

No comments:

Post a Comment