Saturday, December 21, 2013
ကျောက်သားမင်ပြာ စံကားပျံ့မွှေး ဟိုးဝေးဝေးက ပုဂံ
ကျောက်သားမင်ပြာ စံကားပျံ့မွှေး ဟိုးဝေးဝေးက ပုဂံ
Hi-Ace ကားလေးသည် ရန်ကုန်-မန္တလေးအမြန်လမ်းမတစ်လျောက် တရိပ်ရိပ်ပြေးနေသည်။ ကားရှေ့ခန်း တွင် ဒရိုင်ဘာနှင့် ကျွန်တော်။ ကားနောက်ခန်းတွင် သမီးငယ်၊ ဇနီးနှင့် သူ့သူငယ်ချင်းများ။ သမီးငယ်၏ လက်ထဲတွင် နှစ်နှစ်ပြည့်တုန်းက မွေးနေ့လက်ဆောင်ရထားသည့် အမွေးပွအရုပ် ကလေးကို ဖက်ထားသည်။ မိသားစု ပုဂံဘုရားဖူး ခရီးစဉ် ဖြစ်သည်။ ကားလေးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမမှတဆင့် မိတ္ထီလာမြို့ဘက်သို့ ချိုးကွေ့လိုက်သည်။ မိတ္ထီလာ ကန်ပေါ် ကားလေးဖြတ်တော့ ဖားတစ်ကောင်နှစ်ကောင် တွေ့လိုတွေ့ငြား ငေးကြည့်မိလိုက်သေးသည်။ နောက်ခန်းမှ သမီးငယ် ကိုလည်း `မေမေဆိုပြတဲ့ သီချင်းထဲက မိတ္ထီလာကန်ကြီးလေ´ လှမ်းပြောဖြစ်သည်။ ထို့နောက် ကားလေးသည် မိတ္ထီလာမြို့ကို ဖြတ်ကာ ကျောက်ပန်းတောင်းမြို့ဆီသို့ ဦးတည်သွားသည်။ သမိုင်း ကောင်းသည့် ကျောက်ပန်းတောင်းတွင် ခဏနားကာ လက်ဖက်ရည်သောက်ကြသည်။ ထို့နောက် စားသောက်ခဏအနားယူပြီးနောက် ကားလေးသည် ပုပ္ပါးတောင်ကလပ် ခြေရင်းအထိ တက်ခဲ့သည်။ သမီးက တောင်ခြေမှာ တွေ့ရသည့် မျောက်ကလေးတွေကို ကြည့်ပြီး ပျော်နေသည်။ တောင်တက်လမ်း တလျှောက် မျောက်စာ ရောင်းသည့်သူတွေကလည်း အများသား။ မျောက်တွေကလည်း သူ့နယ်မြေနဲ့ သူ။ သူ့အဆင့်နှင့် သူ။ လူ့စည်း ဘီလူးစည်း ဆိုသလို မျောက်စည်းလည်း ရှိသည် ထင်သည်။ အချို့မျောက်တွေက စောင်းတန်း ပေါ်မှ တဂျိန်းဂျိန်းခုန်ပေါက်ဆော့ကစားနေသည်။ ဘုရားဖူးပြီး ပြန်ဆင်းလာတော့ နေ့လည် နှစ်နာရီ။ ပုပ္ပါးကနေ ညောင်ဦး ခရီးဆက်ခဲ့သည်။ လမ်းတွင် အညာဒေသ ၏ အမှတ်လက္ခဏာ ထန်းရည်ချို ၀င်သောက်ခဲ့သေးသည်။ နေထန်းတဖျားကျော်လျှင် ထန်းရည်မချို တော့ဟု ဆိုလား ကြားဖူးသော် လည်း မိမိတို့ သောက်ခဲ့သည့် နေ့ခင်းထန်းရည်ကတော့ ချိုမြလျှက် ရှိနေသေးသည်။
ညောင်ဦးမြို့ထဲရောက်တော့ ဟိုတယ်၊ တည်းခိုခန်းများမှာ လူပြည့်လျှက်။ တစ်နေရာပြီး တစ်နေရာ လိုက်ရှာသော်လည်း အဆင်မပြေ။ သည်လိုနှင့် နောက်ဆုံးလက်နက်အဖြစ် မိတ်ဆွေရင်း ဖြစ်သူ ကာတွန်းဆရာ ကိုဘီညိုဆီ အရောက်သွားပြီး အကူအညီတောင်းရသည်။ သို့သော် ကိုဘီညိုနှင့် မတွေ့။ အာနန္ဒာဘုရားပွဲတွင် စားသောက်ဆိုင်ခန်းဖွင့်ထားသည်ဟု သိလိုက်ရသည်။ ခရီးထွက် လာစဉ် က အလုပ်နားရက်နှင့် ချိန်ကိုက်လာခဲ့သည်မှာ မှန်သော်လည်း ပို၍ ကံကောင်းချင်တော့ တစ်နှစ်တစ်ခါ သာ ကျင်းပသည့် အာနန္ဒာဘုရားပွဲနှင့် ကြုံရသည်။ ကိုဘီညိုဆီ ဖုန်းဆက်တော့ တည်းခိုစရာ အဆင်ပြေသွားသည်။ ရွှေစည်းခုံစေတီအရှေ့ဘက်မုဒ်ဦးနှင့် မျက်နှာချင်းဆိုင်ရှိ အလိုတော်ပြည့် ကျောင်းတွင် တည်းခိုခွင့်ရခဲ့သည်။ ဘုရားဖူးဧည့်သည်များအတွက် သီးသန့်ဆောက်လုပ်ထားသော အဆောင် တိုက်ခန်းလေးများသည် တည်းခိုခန်း၊ ဟိုတယ်အခန်းများထက် ပိုမိုကျယ်ဝန်း လွတ်လပ်နေ သေးသည်။ တည်းခိုဆောင်အနောက်ဘက်တွင်လည်း အမျိုးသား၊ အမျိုးသမီးရေချိုးရန် သီးခြားခွဲခြား ထားသည့် အေးစက်ပြည့်လျှံနေသည် ရေချိုးကန်ကြီးနှစ်ခု။ ခဏကြာတော့ ဘုန်းကြီးကျောင်းသားလေး တစ်ဦးက ခြုံစောင်နှင့် ခေါင်းအုံးများ အလုံအလောက်ယူလာပေးသည်။ ထို့ပြင် စွယ်တော်လေးဆူ ဖူးမည်ဆိုပါက စက်လှေငှားရမ်းပေးမည့်အကြောင်း။ ဘုရားသမိုင်းကြောင်းများ လိုက်လံရှင်းပြပေးမည့် အကြောင်းနှင့် စွယ်တော်လေးဆူတွင် ဆပ်ကပ် လှူဒါန်းရန် ဆွမ်း၊မုန့်၊ ရေ၊ မီး စသည်ဖြင့် အရန်သင့် ပြုလုပ်ထား ပေးမည်ဆိုသည့်အကြောင်း ပြောသည်။ လိုအပ်ပါက ဖုန်းဖြင့် ဆက်သွယ်ရန် ဖုန်းနံပါတ် တစ်ခုလည်း ပေးသည်။ သို့နှင့် စွယ်တော်လေးဆူဖူးဖြစ်အောင် ဖူးဦးမည်ဟု တိုင်ပင်ကာ စက်လှေနှင့် ဆပ်ကပ် လှူဖွယ်များ မှာလိုက်သည်။ ဒီလိုဆို မနက်ဖြန် မနက် လေးနာရီ အဆင်သင့်ပြင်ထားပေးပါ။ လာခေါ် မည်ဟု ဆိုပြီး ဘုန်းကြီးကျောင်းသားလေးက နှုတ်ဆက်ကာ ပြန်သွားသည်။ ထို့နောက် တည်းခိုရာနေရာနှင့် အနီးဆုံးဖြစ်သည့် မြင်းကပါရပ်ရှိ မနူဟာဘုရားဆီသို့ ထွက်လာခဲ့ကြသည်။
လန်းဆန်းတက်ကြွနေသော သမီးသည် ကားပေါ်မှ ဆင်းဆင်းချင်း ဘုရားဝင်းထဲသို့ အရင်ပြေးသွားသည်။ ကျွန်တော်လည်း ကားပေါ်မှ အမြန်ဆင်းကာ သမီးနောက်ကို ပြေးလိုက်ရသည်။ ဘုရားရင်ပြင်ပေါ် ရောက်တော့ ကြီးမားလှသည့် သပိတ်ကြီးကို သမီးက ရပ်ကြည့်နေသည်။ သပိတ်ကြီး အတွင်းသို့ ၀တ္ထုငွေများ တက်ရောက်လှူဒါန်း နိုင်ရန် သံလှေကားတစ်စင်း တပ်ဆင်ထားသည်။ သပိတ်ကြီးကို အံ့သြငေးမောကြည့်နေသည့် သမီးကို ပွေ့ချီကာ သံလှေကားအတိုင်း တက်သွားလိုက်ပြီး သပိတ်ကြီးအတွင်းသို့ ပြပေးလိုက်သည်။ ဇနီးသည်နှင့် သူ့သူငယ်ချင်းတွေကတော့ ဘုရားအရင် သွားဖူးကြသည်။ မနူဟာဘုရားသည် အကျဉ်းသား အဖြစ် ပုဂံတွင်နေရသော မနူဟာမင်း၏ ကောင်းမှုတော် ကြောင့်လည်းကောင်း၊ လိုဏ်ဂူ အတွင်း၌ ပူဇော်ထားသော ထိုင်တော်မူ ဆင်းတုတော် သုံးဆူနှင့် လျောင်းတော်မူဆင်းတုတော်ကြီးများ၏ အလွန်တရာကြီးမားမှုကြောင့် လည်းကောင်း ထင်ရှားသော ဘုရားတစ်ဆူဖြစ်သည်။ သမိုင်းအရ မနူဟာမင်းသည် ပုဂံတွင်နေထိုင်ရာမှ ကုသိုလ် ကောင်းမှု ပြုလုပ်လိုသည်ရှိသဖြင့် ဘုရားတစ်ဆူတည်ရန် အနော်ရထားအား ခွင့်တောင်းသည်။ အနော်ရထာမင်းက လှိုက်လှိုက်လဲလဲ ခွင့်ပြုသဖြင့် မိမိလက်တွင်ဝတ်သော နန်းစဉ်လက်စွပ်ကို ပုဂံသူဌေး တစ်ဦးအား ရောင်းချကာ ဘုရားကို တည်သည်ဟု သိရသည်။
သို့သော် နောက်ထပ်မူကွဲများ အရ ထိုစဉ်က သုဝဏ္ဏဘူမိသထုံသည် ပုဂံနှင့် စစ်ဖြစ်ခြင်း မဟုတ်ပဲ ဂျွမ်း ရန်ကြောင့် ပျက်စီးခဲ့ခြင်းသာ ဖြစ်သည်။ သထုံဘုရင် မနူဟာသည်လည်း သထုံပျက် သောအခါ ပဲခူး၌ လာရောက်ခိုလှုံနေပါသည်။ ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင် အနော်ရထာထံ ရွှေ့ပြောင်း ခိုလှုံခဲ့ခြင်းသာ ဖြစ်သည်ဟု ဆရာဘုန်းတင့်ကျော်၏ မြန်မာ့ သမိုင်းအချက်အလက်များအရ သိရသည်။ ထို့ပြင် နောက်ပိုင်းလေ့လာတွေ့ရှိချက် များအရ ယနေ့ တွေ့မြင်တည်ရှိနေသော ကျဉ်းမြောင်းကျပ်တည်းသော ဘုရားကျောင်းဆောင်မှာ နဂို မနူဟာမင်း တည်သည့် လက်ရာမျိုးမဟုတ်ကြောင်းလည်း ထပ်မံသိရှိရပါသည်။ မည်သို့ပင်ဖြစ်စေ မနူဟာမင်း၏ အကျပ်အတည်းနှင့် စိတ်အခြေအနေကို မနူဟာဘုရားက ဖော်ပြနေသည်ဟု ခံစားရမိသည်။ ကဗျာ ဆရာခန့်မင်းထက်ကလည်း ထိုစိတ်ခံစားမှုအခြေအနေကို `မနူဟာ´ဟူသော ခေါင်းစဉ်ဖြင့်ပင် ကဗျာ တစ်ပုဒ် ရေးဖွဲ့ခဲ့သည်။ ထိုကဗျာသည် Perfect မဂ္ဂဇင်းတွင် ၂၀၀၉ ဒီဇင်ဘာလတွင် ဖော်ပြခံရသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုကဗျာပါရှိသည့်လတွင် ကဗျာဆရာ ခန့်မင်းထက်သည် တိုက်ခန်းကျဉ်းကျဉ်း သံတိုင်အစင်းစင်းများကြား ယုံကြည်ချက်အကျဉ်းသားဘ၀သို့် ရောက်ရှိနေခဲ့သည်။
မနူဟာ
လွတ်မြောက်ခြင်း မလွတ်မြောက်ခြင်းမှာ
တရားရှာဖွေတွေ့ခဲ့လေသလား။
သစ္စာပန်းများဟာ
မြတ်ဘုရားရှေ့မှာ။
ကျွန်တော်မြတ်ဘုရားရှေ့တွင် သစ္စာပန်းများနှင့် သောက်တော်ရေချမ်းကို ကပ်လှူလိုက်သည်။ ရေလိုအေးပါရစေ။ ပန်းလို မွှေးပါရစေ။ ယုံကြည်ချက် အကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်မိပါသည်။ မနူဟာဘုရားကပြန်တော့ မြစေတီ ဘုရားသို့ဝင်ခဲ့သည်။ မြစေတီဘုရား တွင် ရာဇကုမာရကျောက်စာ ရှိသည်။ ရာဇကုမာရသည် ကျန်စစ်သားနှင့် သမ္ဘူလနှင့်တို့မှ မွေးဖွားခဲ့ သည့် တစ်ဦးတည်းသောသား ဖြစ်သည်။ ကျန်စစ်မင်းကြီး သည် ထီးနန်းအုပ်စိုး၍ အသက်ရွယ်ကြီးရင့် လာသည့်အခါ သားရင်းဖြစ်သူ ရာဇကုမာရအား ထီးနန်းကို မပေးဘဲ သမီးဖြစ်သူ ရွှေအိမ်စည်မှ မွေးဖွားခဲ့သော မြေးဖြစ်သူအလောင်းစည်သူကို ထီးညွန့်နန်းလျာ အိမ်ရှေ့ဥပရာဇာအဖြစ် အပ်နှင်းခဲ့ သည်။ ရာဇကုမာရအား အမိထံမှ ကျွန်သုံးရွာနှင့် ဓည၀တီ တောင်စဉ် (၇)ခရိုင်အား ပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ဖခင်ကျန်စစ်မင်းကြီးသည် သားတော်ရာဇကုမာရကို ထီးနန်းမလွှဲအပ်ဘဲ မြေးတော် အလောင်းစည်သူအား လွဲအပ်ခဲ့သောကြောင့် ရာဇကုမာရသည် ထီးနန်းကို ရသင့်လျှက် မရသော် လည်း ဖခင်မင်းကြီးအပေါ် စိတ်ကွက်ခြင်း မရှိခဲ့ပေ။ ကျန်စစ်မင်းကြီး ကွယ်ပြီးနောက်နှစ် မြန်မာ သက္ကရာဇ် ၄၇၅-ခုနှစ်၊ အေဒီ ၁၁၁၃-ခုနှစ်တွင် ရာဇကုမာရက ကျောက်စာမှတ်တမ်းရေးထိုးခဲ့သည်။ ထိုမြစေတီကျောက်စာသည် ပုဂံမြို့မြင်းကမ္ဘာရပ် မြောက်ဘက်ရှိ မြစေတီဘုရား၌ တည်ရှိသဖြင့် `မြစေတီကျောက်စာ´ဟု ခေါ်ဆိုသည်။ ရာဇကုမာရ မင်းသားက ကျေးဇူးဆပ်ပြု မြတ်ကောင်းမှုကို ကိုယ်တိုင်ပြု၍ ရေးထိုးခဲ့သောကြောင့် `ရာဇကုမာရ ကျောက်စာ´ဟူ၍လည်း ခေါ်ဆိုကြသည်။ ၎င်းကျောက်စာ လေးမျက်နှာ၌ ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ လေးဘာသာဖြင့် ရေးထိုးခဲ့ပြီး မြန်မာပြည်၏ အစောဆုံးကျောက်စာလည်း ဖြစ်သည်။ မြစေတီ ဘုရားဖူးပြီးသောအခါ ကျွန်တော်သည် သမီးလေးကို ချီပိုးပြီး ကျောက်စာချပ်နှင့် အမှတ်တရဓါတ်ပုံရိုက်လိုက်သည်။ သမီးလေးအား မိဘကျေးဇူး တတ်သိ လိမ္မာသော သမီးရတနာတစ်ပါး ဖြစ်စေချင်မိသည်။
မြစေတီဘုရားဖူးပြီးတော့ ရွှေဆံတော်ဘုရားသို့ ထွက်ခဲ့သည်။ သည်အချိန်ဆို ရွှေဆံ တော်ဘုရားတွင် လူစည်ကားနေရော့မည်။ ထင်သည့်အတိုင်းပင် ရွှေဆံတော်ဘုရားသို့ ရောက်သည့် အခါ ညနေခင်းဆည်းဆာကြည့်သည့် နိုင်ငံခြားသားများဖြင့် ပြည့်နေသည်။ မိမိတို့လည်း ညနေခင်း ဆည်းဆာကို ငေးမောခံစားခဲ့ကြသည်။ သို့သော် အချိန်ကြာကြာနေလို့မရ။ ရွှေဆံတော်ဘုရားက တဆင့် အလိုတော်ပြည့်ဘုရားသို့ သွားဖူးကြသည်။ အလိုတော်ပြည့်ဘုရားရောက်တော့ ညမှောင် ရီဖြိုးစ။ အလိုတော်ပြည့်ဘုရားမှ အာနန္ဒာဘုရားသို့ ဆက်သွားသည့်အခါ ညအမှောင်သည် ပီသစပြုနေပြီ။
အာနန္ဒာဘုရားပွဲကလည်း စည်ကားလှသည်။ အာနန္ဒာဘုရားဝင်းကြီးထဲသို့ ရောက်ရန် တော်တော် တိုးယူလိုက်ရသည်။ ယခင်ကလည်း အလုပ်ကိစ္စနှင့် ညောင်ဦးရောက်တိုင်း အာနန္ဒာစေတီ သို့ သွားရောက်ဖူးမျှော်ဖြစ်ခဲ့ပေမယ့် ယခုလို ဘုရားပွဲကာလကို ပထမဆုံး ကြုံဆုံဖူးခြင်းဖြစ်သည်။ ပုဂံတွင် ထင်ရှားသော ဘုရားပွဲများ ရှိသည်။ တန်ဆောင်မုန်းလတွင် ရွှေစည်းခုံဘုရားပွဲ၊ နတ်တော် လတွင် အလိုတော်ပြည့်ဘုရားပွဲ၊ ပြာသိုလတွင် အာနန္ဒာဘုရားပွဲ စသည်ဖြင့် လစဉ်ဆက်တိုက် ဘုရားပွဲများကျင်းပကြလေ့ရှိသည်။ အချို့ ဆယ့်နှစ်ပွဲ ဈေးသည်များအနေဖြင့် ပုဂံဘုရားပွဲများတွင် လှည့်ရောင်းရင်း လေးငါးလကြာသည်ဟု သိရသည်။
အာနန္ဒာစေတီကို ကျန်စစ်သားမင်းလက်ထက်(အေဒီ ၁၀၉၀)တွင် ဆောက်လုပ်ခဲ့သည်။ ကျန်စစ်သား မင်းလက်ထက်တွင် ဟိမ၀န္တာနန္ဒမူလိုဏ်ဂူမှ ရဟန္တာများ ကြွရောက်လာခဲ့ပြီး ထိုရဟန္တာ အရှင်သူမြတ်များ၏ ပြောပြချက်ကြောင့် နန္ဒမူလိုဏ်ဂူကို နှစ်သက်သဘောကျကာ နန္ဒမူလိုဏ်ဂူကဲ့သို့ အာနန္ဒာစေတီ ကို တည်တော်မူသည်ဟု ပုဂံဘုရားများသမိုင်းစာအုပ်တစ်အုပ်တွင် ဖတ်မှတ်ဖူးသည်။ အာနန္ဒာစေတီအတွင်း ရောက်သည့်အခါ ဘုရားဝပ်ချရှိခိုးရန် နေရာပင် မရှိလောက်အောင် ဘုရားဖူး များဖြင့် စည်ကားနေလေသည်။ သို့နှင့် ရွှေသင်္ကန်းကပ်လှူရာဌာနသို့ ငွေလှူဒါန်းရင်း စောင့်ဆိုင်းရှိခိုး ခဲ့ရသည်။ သမီးငယ်ကတော့ သူမမြင်ဖူး မတွေ့ဖူးသည့် မြင်ကွင်းတွေ၊ ကြက်ပျံမကျ စည်ကားသွားလာ နေကြသည့် လူတွေ ကို ငေးနေသည်။ ကျွန်တော်ကတော့ အနုမှာ အာနန္ဒာ၊ အမြင့် မှာ သဗ္ဗညု၊ ထုမှာ ဓမ္မရံဟု ဆိုရိုးနှင့်အညီ အာနန္ဒာဘုရားပတ်လည်မှ အနုလက်ရာများကို ကြည့်ရင်း ကြိုက်နှစ်သက်ခဲ့ ရသော ကဗျာဆရာ စိုင်းဝင်းမြင့်၏ ကဗျာတစ်ပုဒ်ကို သတိရမိသည်။ ကဗျာခေါင်းစဉ် က `ပုဂံ´။
ပုဂံ
စေတီထဲ နေရောင်သွင်းယူခဲ့ပုံက
အံ့သြဖွယ်။
အုတ်တစ်ချပ်ချင်းစီမှာ
ရာဇ၀င်ရှိတယ်။
ဧရာဝတီ
အဝေးရောက်နံရံဆေးရေး
ဆွေးမြေ့စရာ။
အိုးခြမ်းပဲ့က
ရာစုတစ်ခုလုံးရတယ်
ရတနာသိုက် တူးဖော်မိတယ်။
လက်ရာက ပြောတဲ့ စကား။
စိတ်ကူးစိတ်သန်း
ခမ်းနားရုံသက်သက်မဟုတ်ဘူး
ငလျင်ဒဏ်ခံခဲ့ရပေမယ့်
အဖွဲ့အနွဲ့ကျန်တုန်း။
အာနန္ဒာစေတီအတွင်းတွင် ပစ္စယာ၊ လျှောက်လမ်း၊ အတွင်းစင်္ကြံ စသည်ဖြင့် အဆင့်ဆင့် တည်ဆောက်ထားပြီး ထိုသို့ စင်္ကြံများထည့်သွင်းထားသဖြင့် အတွင်းပိုင်းမှောင်မည်ကို အလင်းဝင် ပေါက်များဖြင့် သဘာဝအလင်းပေးထားသည်။ မုခ်ဦးမှ တံခါးများပိတ်ထားပါက ဘုရားအတွင်းပိုင်း လင်းနေအောင် ဆောင်ရွက်ထားသည့်အနုပညာမှာ လက်ရာမြောက်လှပါသည်။ ပုဂံဘုရားအများစု သည် အတွင်းပိုင်းမှောင်မည်းအေးစိမ့်နေလေ့ရှိပြီး ထိုသို့ အမှောင်ကျရောက်သည့် အချို့နေရာများ အတွက် အလင်းပေါက်များဖွင့်ပေးထားကြသည်ကိုလည်း သတိပြုမိသည်။ ဆရာ စိုင်းဝင်းမြင့်သည် ထိုအချက်ကို `စေတီထဲ နေရောင်သွင်းယူခဲ့ပုံက အံ့သြဖွယ်´ လှလှပပပုံဖော်ပြသွားသည်။
ပုဂံ ခေတ်မှာ ခရစ် ၉ရာစုမှ ခရစ် ၁၃ ရာစုအထိ နှစ်ပေါင်းငါးရာကျော်ရှိသည်။ ပုဂံခေတ်ဦးကို စာအထောက်အထားရှိချိန်မှစပြီး ခရစ် ၁၁ ရာစုအထိ၊ ခေတ်လယ်ကို ခရစ် ၁၂ ရာစုနှစ်အထိ၊ ခေတ်နှောင်းကို ခရစ် ၁၃ ရာစုထိဟု အကြမ်းဖျဉ်း သတ်မှတ်ခဲ့ကြသည်။ သမုဒ္ဒရာဇ်မင်းလက်ထက် ရှေးဦးပထမပုဂံပြည်၊ သေဉ်လည်ကြောင်မင်းလက်ထက် ဒုတိယပုဂံပြည်၊ သိုက်တိုင်မင်းလက်ထက် တတိယပုဂံပြည်၊ ပျဉ်းပြားမင်းလက်ထက် စတုတ္ထပုဂံပြည်စသည်ဖြင့် ပုဂံသည် မင်းဆက် ၅၅ ဆက်တိုင် အစဉ်အဆက် ထီးနန်းစိုးစံခဲ့ကြပြီး နှစ်ပါင်းငါးရာကျော်အကြာ စောမွန်နစ်မင်းလက်ထက် ခရစ်နှစ် ၁၃၆၈ ခုနှစ်တွင် ပျက်သုဉ်းခဲ့ရကြောင်း သမိုင်းမှတ်တမ်းများက ဆိုသည်။ ထိုသို့ နှစ်ပေါင်းများစွာအ တွင်း ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားခဲ့ပြီး မင်း၊ မိဖုရား၊ မှူးကြီးမတ်ကြီးများမှ တိုင်းသူပြည်သား၊ မုဆိုးမ အထိ စေတီပုထိုးများ မြောက်မြားစွာ တည်ထားကိုးကွယ်ခဲ့သည်။ လှည်းဝင်ရိုးသံ တညံညံ ပုဂံ ဘုရားပေါင်းဟု ဘုရားစေတီအရေအတွက်ကို စာချိုးသတ်မှတ်ခဲ့သည်။ ဘုရားဆူရေ (၄၄၄၆) ဆူဟု သိရသော်လည်း ယခုအခါ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးသုတေသန၏ ပြန်လည်တူးဖော် ထိန်းသိမ်းမှုမှတ်တမ်းအရ ဘုရားဆူရေ (၂၀၀၀)ကျော်သာ ပြန်လည်တွေ့ရှိရသေးသည်။ ၁၉၇၅ခုနှစ်၊ ဇူလိုင် ၈ရက်က ပြင်းအား RM ၆ ဒသမ ၈ လှုပ်ခဲ့သည့် ပုဂံငလျင်သည် ကမ္ဘာကလေးစား၊ မြတ်နိုး တန်ဖိုးထားသည့် သမိုင်းဝင် ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အအုံ စေတီပုထိုးများစွာကို အများဆုံး ထိခိုက်ပျက်စီးစေခဲ့သော်လည်း ပုဂံသည် ယခုအချိန်ထိ ကဗျာဆရာ ပြောသလို `အဖွဲ့အနွဲ့ ကျန်တုန်း´ ပဲဖြစ်သည်။
ဘုရားဖူးပြီးအပြန် ဘုရားပွဲဈေးတန်းသို့ လမ်းလျှောက်ကြည့်ကြသည်။ ပွဲဈေးတန်း တစ်နေရာရှိ ကိုဘီညို၏ အေးရိပ်သာယာ စားသောက်ဆိုင်ကို လိုက်ရှာသည်။ ကြာကြာမရှာလိုက်ရ။ တွေ့သည်။ ကိုဘီညိုက ၀မ်းသာအားရနှုတ်ဆက်သည်။ မိမိတို့က ကိုဘီညို့ဆိုင်ကို အားပေးချင် စိတ်ဖြင့် မုန့်များမှာစားသော်လည်း ကိုဘီညို့က ငွေရှင်းဖို့ လက်မခံ။ တည်းခိုဖို့လည်း စီစဉ်ပေးသည်။ အစားအသောက်များဖြင့်လည်း ဧည့်ခံသည်။ ကျေးဇူးများစွာ တင်မိသည်။ ကိုဘီညိုကို နှုတ်ဆက်ပြီး ဘုရားပွဲဈေးတန်းအဆုံးထိ လမ်းလျှောက်ကြပြန်သေးသည်။ ဘုရားပွဲဈေးတန်းတွင် ပုဂံရောက် အမှတ်တရ အင်္ကျင်္ီဆိုင်လေးများ၊ ယွန်းထည်ပစ္စည်းများ၊ ပုလင်းပန်းချီများ၊ စဉ့်ထည်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ ပုန်းရည်ကြီးအရောင်းဆိုင်များနှင့် အာနန္ဒာစေတီပေါက်မှ သရပါတံခါး အ၀င်ပေါက်ထိ ရှည်လျားစည်ကားလွန်းလှသည်။ ရောက်တုန်းရောက်ခိုက် သရပါတံခါးသို့ အနီးကပ် သွားလေ့လာကြည့်ကြသည်။ တံခါးအ၀င်ဝတွင် ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်မပြုဟု စာတန်း ချိတ်ထားသည့် သစ်သားတိုင်ကို တွေ့သည်။ ယာဉ်ကြီးများ၏ တန်ချိန်ကြောင့် တုန်ခါပြိုကျ ပျက်စီးမည် စိုးသောကြောင့် လမ်းလွှဲမှ သွားစေလိုခြင်းလည်း ဖြစ်သည်။ ယခုမြင်တွေ့နေ ရသည့် မြို့ ရိုး ဟောင်းနှင့် တံခါးသည် ပျဉ်ပြားမင်းလက်ထက် တည်ခဲ့သည့် မြို့ ရိုးဟောင်းနှင့် တံခါး ဟောင်းဖြစ် သည်။ မူလ အစ က ပုဂံမြို့ ရိုးမှာ တံခါး ၁၂ ပေါက်၊ ရှိခဲ့သည်ဟု မှတ်သားဖူးသည်။ ယခုအခါ သရပါ တံခါးပေါက်သာ ကျန်တော့သည်။ သရပါ ဆိုတဲ့ အဓိပ္ပါယ်မှာ မြား ကို ကာဆီး သော တံခါး ဟု ဆိုသည်။
ထို့နောက် တည်းခိုဆောင်ကို ပြန်ရောက်တော့ ညကိုးနာရီထိုးလုပြီ။ ညဆည်းဆာ၏ လေနုအေး သည် အခန်းထဲသို့ စိမ့်ဝင်နေသည်။ တစ်နေကုန်ကားစီးလာရသည့် ဒဏ်၊ ပုပ္ပါးတောင်ကလပ် တက်ခဲ့သည့် ပင်ပန်းမှုများအပြင် မနက်စောစောထရဦးမည် ဖြစ်သဖြင့် မည်သူမျှ စကားမဆိုနိုင်ကြ။ ကျွန်တော်တစ်ယောက်တည်းသာ မနက်အရုဏ်ဦးကို စိတ်လှုပ်ရှားနေမိသဖြင့် အိပ်မပျော်။ ယခင်အလုပ်ကိစ္စဖြင့် မကြာခဏလာရောက်ဖူးသော်လည်း ယခုလို မိသားစုဘုရားဖူးခရီးသည် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် စွယ်တော်လေးဆူကိုလည်း ယနေ့ထိ ပြည့်အောင် မဖူးဘူးသေး။ တန့်ကြည့်တောင်၊ လောကနန္ဒာ၊ တူရွင်းတောင်၊ ရွှေစည်းခုံ စွယ်တော်လေးဆူအား တူညီသော ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းဖြင့် နေ့မွန်းမတည့်ခင် ကပ်လှူပူဇော်ပြီး တူညီသော ဆုတစ်ခုကို တောင်းလျှင် ပြည့်သည်ဟု ရှေးဆိုရိုးရှိသည်။ ယခင်ကတော့ လမ်းပန်းဆက်သွယ်ရေးမလွယ်ကူသဖြင့် တစ်နေတည်း စွယ်တော်လေးဆူဖူးမျှော်ရန် မလွယ်ကူသော်လည်း ယနေ့ခေတ်တွင် လွယ်ကူနေပြီ ဖြစ်သည်။ သို့သော် ဘာဆုတောင်းရင် ကောင်းမလဲဟု စဉ်းစားရင်း ကျွန်တော် အိပ်ပျော်သွားခဲ့သည်။
ဘုန်းကြီးကျောင်းသားလေးဆီမှ ဖုန်းဆက်လာတော့ ကျွန်တော်တို့မိသားစုနှင့် သူငယ်ချင်းများ အားလုံး အဆင်သင့်ဖြစ်နေပြီ။ ဘုန်းကြီးကျောင်းသားလေးက အသင့်ပြင်ဆင်လာသော ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများကို ပေးသည်။ ထို့နောက် ကျွန်တော်တို့ ဗူးဘုရားရေဆိပ်သို့ ဆင်းခဲ့ကြသည်။ မနက်ခင်းအရုဏ်သည် အမှောင်မကွဲတတ်သေး။ ရေဆိပ်သို့ ဆင်းရာလမ်းတစ်လျောက် သဲသောင် အဆင့်ဆင့် တဖြည်းဖြည်းချင်းတွဲဆင်းရသည်။ သမီးငယ်ကတော့ အိပ်ပျော်နေဆဲ။ စက်လှေဖြင့် ဧရာဝတီမြစ်ကို ဖြတ်ပြီးတော့ တန့်ကြည့်တောင်ပေါ်သို့ Light Truck ကားတစ်စီးထပ်ငှားပြီး တက်ရသည်။ တန့်ကြည့်တောင်ပေါ်ရောက်တော့ ရောင်နီပေါ်စ ၀ိုးတ၀ါး။ ဘုရားဖူးသည်။ ဆွမ်းနှင့် လှူဖွယ်တစ်စုံကပ်လှူသည်။ ကြိုတင်စဉ်းစားမထားဘဲ စိတ်ထဲပေါ်လာသည့် ဆုတစ်ဆုကို တောင်း လိုက်သည်။ `ချစ်သမီးငယ်လေး ပိုးပိုး အမျိုးဘာသာ သာသနာကို ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် သမီးရတနာလေးဖြစ်ပါစေ´ဟု။ ထို့နောက် ဘုရားရင်ပြင်ပေါ်တွင် အမှတ်တရ မိသားစုဓါတ်ပုံ ရိုက် ကြသည်။ သူငယ်ချင်းတွေကလည်း သူ့အဖွဲ့နှင့် သူ။ သမီးကို ချီပိုးရင်း ဧရာဝတီ မြစ်ကြီးကို လက်ညှိုး ထိုးပြသည်။ မြစ်ပြင်ပေါ်တွင် မနက်ခင်းနေရောင်ခြည်သည် ဖြာကျနေသည်။ ထိုခဏတွင် ` မြစ်မင်းကို မှန်ထောင်ပြမိတယ်´ဆိုသည့် ကဗျာစာသားလေး ကျွန်တော့် နားထဲသို့ တစ်စုံတစ်ယောက် ရေရွတ်သလို ကြားလိုက်မိသည်။ ဟုတ်သည်။ ကဗျာဆရာ ခင်ဇော်မြင့်၏ တန့်ကြည်တောင် ကဗျာ။ ကျွန်တော်တို့ လူငယ်ဘ၀ကနေ အခုထိ အလွတ်ရနေမိသည့် ကဗျာတစ်ပုဒ်။ မြားနတ်မောင် မဂ္ဂဇင်း တွင် ၁၉၉၉ ခုနှစ် မတ်လထုတ်တွင် ဖော်ပြခံရသလို ကဗျာဖတ်ညွှန်းများတွင်လည်း မကြာခဏ အညွှန်းဆိုခံခဲ့သည့် ကဗျာ။
တန့်ကြည့်တောင်
ဇာတ်လမ်းအရ
တောနှင့် တောင်က အချိတ်အဆက်မမိလေတော့
စကားဝါပင်လို တိတ်တိတ်ကြွေနေရကြောင်း
ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းလို တိတ်ဆိတ်နေရကြောင်း
မြစ်မင်းကို မှန်ထောင်ပြမိတယ်။
ရင်ပြင်တော်ပေါ်မှာ
ကလေးလေးတွေက လေယာဉ်ပျံရှပ်ထိုးကစားလို့။
အစီအစဉ်အရ
နေရောင်က ငါးတစ်ကောင်ကို ဆလိုက်ထိုးမပြတော့
စိတ်နဲ့ စေတီဟောင်းကို ထုံးဖြူဖြူသုတ်ပြီးကြောင်း
ခြေတော်ရာကို ရွှေအတိချပြီးကြောင်း
မြစ်မင်းကို မှန်ထောင်ပြရင်း
ရနံ့တစ်ခုရဲ့ တစ်နေ့တာ
ကျောက်သားမှာ မင်ပြာနဲ့ ရေးခဲ့တယ်။
မြစ်ပြင်ပေါ် နေရာင်ဖြာကျနေပုံ၊ အဝေးရှုခင်း၏ လွမ်းမောဖွယ်အခင်းအကျင်း၊ ဟိုးအဝေးဆီမှ ခပ်ရေးရေးမြင်နေရသော စေတီပုထိုးများ။ ကျောက်သားမှာ မင်ပြာနဲ့ ဘာကို ရေးခဲ့သလဲဆိုတာ ဆရာ ခင်ဇော်မြင့်ကို လှမ်းမေးကြည့်ချင်သည်။ လွမ်းမောစိတ်နှင့် ငေးရီနေသည့် ခဏတာသည် `ဟေး သွားကြမယ်´ ဆိုသည့် စကားသံအောက်တွင် ဖျက်ကနဲ ပျောက်ရှသွားသည်။ နံဘေးရှိ ဇနီးသည်၏ လက်ကို အသာအယာဆုပ်ကိုင်မိရင်း ပြောမိသည်။`ဘာကို လွမ်းလို့ လွမ်းသွားမှန်း မသိဘူး´လို့။
သည်ဘက်ကမ်းပြန်ရောက်တော့ ဗူးဘုရားကို ဖူးကြသည်။ ရွှေသင်္ကန်းကပ်လှူကြသည်။ ထို့နောက် ကားပေါ်သို့ အလျင်အမြန်တက်ကာ လောကနန္ဒာဘုရားသို့ သွားသည်။ ဘုရားသို့ ရောက်သောအခါ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ထားသည်ကို တွေ့ရသည်။ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများကပ်လှူပြီး ဆုတောင်းလိုက်သည်။ သမီးလေးက သူ့မေမေနံဘေးမှာ ရိုရိုသေသေ ဦးချညွှတ်တွားလို့။ အမေနှင့် သမီး လိုက်ဖက်တင့်မောစွာ။ လောကနန္ဒာကမ်းနဖူးကနေ ကျယ်ပြန့်သော သဲသောင်ခုံကြီးကို ကြည့်ရင်း ပြေးလွှားဆော့ကစားချင်စိတ်လေး ဖြစ်မိသေးသည်။ သို့သော် မည်သူ့ ကိုမှ မပြောဖြစ်။ လှေကားထစ်အဆင်းတွင် ကျောက်ထိုင်ခုံလေးတွေပေါ် ခဏနားကြရင်း ပုဆိုး၊ လုံခြည် ၀တ်ဆင်လာသော နိုင်ငံခြားသားဘုရားဖူးများကို ကြည့်နေမိသည်။ မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှု အား မြတ်နိုးတန်ဖိုးထားသည့် စိတ်ကို ကြည်နူးမိရင်း လောကနန္ဒာကမ်းနဖူးမှ ပြန်ဆင်းလာခဲ့ကြသည်။
လောကနန္ဒာမှအပြန် ပုဂံမြို့ပတ်လမ်းကနေ တုရင်တောင်စေတီသို့ သွားကြသည်။ တုရင် တောင်ခြေတွင် အိမ်စီးကားများအား အပ်နှံထားခဲ့ရပြီး တုရင်တောင်ပေါ်သို့ သီးသန့်အငှားကားများဖြင့် နောက်တစ်ဆင့်စီးကာ တက်ရသည်။ တုရင်တောင်စွယ်တော်မြတ်စေတီအား ဖူးမျှော် ဆွမ်းကပ်ပြီး ပြန်ဆင်းလာတော့ နေ့ဆယ့်တစ်နာရီ ထိုးလုပြီ။ သို့နှင့် ရွှေစည်းခုံစေတီသို့ တက်သုတ်ရိုက် သွားကြ ရပြန်သည်။ စွယ်တော်လေးဆူခရီးကား မဝေးတော့။ ရွှေစည်းခုံဘုရားရောက်သည်နှင့် နေမွန်း မတည့် ခင် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး အရင်ကပ်လှူလိုက်သည်။ ခရီးထွက်စဉ်မူလက စွယ်တော်လေးဆူ တစ်မနက်တည်းဖူးရန်အစီအစဉ်မပါရှိသော်လည်း ယခု အထမြောက်အောင်မြင်သွားသည်။ ဆုတောင်း ပြည့်သည် မပြည့်သည်ထက် ယခုလို စွယ်တော်လေးဆူဖူးခွင့်ရလိုက်သည့် ဘုရားဖူးခရီးစဉ်လေးကို ကျေနပ်မိသည်။ ဘုရားဖူးပြီးသည့်အခါ သမီးကို ကျောက်ရေခွက်လေးထဲသို့ အရိပ်ထင်နေသည့် ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်ကို အနီးကပ်ဖူးစေသည်။ ထို့နောက် နိုင်ငံမင်းပြောင်း မင်းလွဲရှိရင် ဟီတတ်သည်ဆိုသည့် ကျောက်မြင်းကြီးကို လိုက်ပြပေးသည်။ သမီးကိုပြရင်း ကျောက်မြင်း ဟီသံကို မျှော်လင့်မိသည်။ ထို့နောက် ရွှေသင်္ကန်းတော်အတွက် ငွေလှူဒါန်းရင်း ရွှေစည်းခုံ စေတီ တော်မြတ်ကြီး၏ အတွင်းအံ့ကိုးပါးနှင့် အပြင်အံ့ကိုးပါးကို သမီးကို ဖတ်ပြရှင်းပြပေးခဲ့သည်။ သမီးက တော့ နားလည်ဦးမည်မဟုတ်သေးပေမယ့် ကျွန်တော့်စကားတွေကို ငြိမ်ပြီး နားထောင် နေသည်။
ရွှေစည်းခုံစေတီသည် အနော်ရထာမင်းနှင့် ကျန်စစ်မင်းနှစ်ပါးဆက် တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာမြင့်စွာ တည်ခဲ့ရသည့် စေတီဖြစ်သည်။ အနော်ရထာ မင်းကြီးသည် စွယ်တော်ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။ ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ၀ပ်လေသည်။ ဆင်ဖြူတော်ဝပ်ရာ သဲစည်းခုံတွင် စွယ်တော်မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုပ်ပြည်မှရသော မြဆင်းတုတစ်ဆူနှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ် ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။ ဘုရားတည်နေစဉ် ပစ္စယာ သုံးဆင့် အရောက်တွင် အနော်ရထားမင်း နတ်ရွာစံခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သား မင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက် တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။
စွယ်တော်လေးဆူဖူးမျှော်ပြီးနောက် တည်းခိုဆောင်သို့ပြန်ကာ အ၀တ်အထည်များ သိမ်းဆည်း ရင်း ကျောင်းထိုင်ဆရာတော်ထံသို့ သွားရောက်ကန့်တော့နှုတ်ဆက်ကြသည်။ ထို့နောက်နေ့လည်စာ စားပြီးသည်နှင့် ညနေပိုင်းဘုရားဖူးခရီးစဉ်ကို ဆက်ကြသည်။ ကန်တော့ပလ္လင်ဘုရား၊ သဗ္ဗုညုဘုရား များသို့ ၀င်ရောက်ဖူးမျှော်ပြီးသည့်အခါ ညနေသုံးနာရီ။ ပုဂံဘုရားဖူးခရီးစဉ်သည် ပျော်စရာများ၊ တွေး စရာများ၊ ငေးစရာများ၊ လွမ်းစရာများဖြင့် ပြည့်နေသည်။ မြန်မာမှန်ရင် ပုဂံရောက်ဖူးရမည်ဟု ဆိုထား သလို ဗုဒ္ဓသာသနာပြန့်ပွားထွန်းကားရာနယ်မြေ၊ သူရဲကောင်းတို့ မွေးဖွားရာ၊ မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ်တို့ ထိန်းသိမ်းရာနယ်မြေ ပုဂံကနေမန္တလေးရွှေမြို့ဆီသို့ ပြန်ခဲ့ကြသည်။လမ်းမတလျှောက် အညာ လေနွေးနွေးသည် ညှင်းညှင်းပျံ့ပျံ့တိုတ်ခတ်လျှက်။ တောင်တော်ရွှေပုပ္ပါးဆီမှ စကားပန်းရနံ့သည် လည်း သင်းပျံ့ကြိုင်လှိုင်လျှက်။ မြို့ဟောင်းပုဂံသည် အမြန်ကားလေးနောက်မှ မှိုင်းပျမှုန်ရီ ကျန်နေခဲ့ တော့သည်။
မင်းနဒီခ
၁၈၊ ဒီဇင်ဘာ၊ ၂၀၁၃
( ပိတောက်ပွင့်သစ်၊ အမှတ် (၅၅)၊ ဇန်န၀ါရီ၊ ၂၀၁၄)
Labels:
ကဗျာအက်ဆေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment