Showing posts with label ကဗျာအက်ဆေး. Show all posts
Showing posts with label ကဗျာအက်ဆေး. Show all posts

Tuesday, November 1, 2016

ခင်ဗျားသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ - မင်းနဒီခ

ခင်ဗျားသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ


           
မှတ်မှတ်ရရ ပထမဆုံး ဆေးလိပ် စသောက်သည့်နေ့ကို ကျွန်တော်မှတ်မိနေသည်။ သီတင်းကျွတ်ဘုရားပွဲတော် ဖြစ်သည့် ကျောက်တော်ကြီးဘုရားပွဲဈေးတန်းမှ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် အတွင်းမှာဖြစ်သည်။ မင်းလွင်၊ နေလင်း ဖြိုးနှင့် ကျွန်တော် စုစုပေါင်းသုံးယောက်ဖြစ်သည်။ ဖီးဆင့်စက်ဘီးနှစ်စီးနှင့် ဘုရားပွဲဈေးတန်းတလျှောက် ကျွန်တော်တို့ လျှောက်စီးကြသည်။ မလိုင်ကရေကရာဆိုင်များရှေ့တွင် ရပ်ပြီး မုန့်အမြည်းတောင်းစားကြသည်။ ဆိုင်ထိုင်သည့် ကောင်မ လေးများကို စနောက်ကြသည်။ ပြီးတော့ ပွဲဈေးတန်းလက်ဖက်ရည်ဆိုင်လေးရဲ့ ချောင်ကျကျစားပွဲမှာ Acid ၏ စတင်ခြင်း အခွေကို အပြန်အလှန်ဖွင့်ခိုင်းပြီး နားထောင်ကြသည်။ လက်ဖက်ရည်နှင့် ဆေးလိပ်ငွေ့တထောင်းထောင်းဖြင့်။ ဒီအထိ သိပ်မထူးခြားသေးဟု ဆိုလျှင် ဖြစ်နိုင်ပါသည်။ ထူးခြားသည်မှာ ကျွန်တော်တို့ ဝတ်ဆင်မှုဖြစ်သည်။ အချိန်က ကျောင်း တက်ချိန်၊ ဝတ်ထားသည်က ကျောင်းစိမ်းပုဆိုးနဲ့ ကျောင်းအကျီအဖြူ။ သုံးယောက်စလုံး ဆင်တူ။ လူတိုင်းက ကျွန်တော် တို့ကို ကျောင်းပြေးပြီး ဆေးလိပ်ခိုးသောက်နေသော ကျောင်းသားဆိုးလေးများဟု ထင်သည်။ မဟုတ်ပါ။ ကျွန်တော်တို့က မကြာသေးခင် လပိုင်းအတွင်းကမှ ဆယ်တန်းအောင်ထားသော တက္ကသိုလ်ကျောင်းသားလောင်းများဖြစ်ပါသည်။ အထက် တန်း ကျောင်းသားဘဝကို နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့်၊ ကျောင်းဝတ်စုံအဖြူအစိမ်းကို နောက်ဆုံးနှုတ်ဆက်သည့် အနေဖြင့်၊ တေပေခဲ့သည့် ကျောင်းသားဘဝကို နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် သုံးယောက်တိုင်ပင်ပြီး ဘုရားပွဲဈေး တန်းသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝတ်ဆင်ရခြင်း၊ ထို့သို့ ကျောင်းပြေးသည့် ကျောင်းသားဆိုးများဟု အထင်ခံ ရခြင်းကို ကျွန်တော်တို့ လိုလားနှစ်သက်စွာ လက်ခံခဲ့ကြသည်။ မှတ်မှတ်ရရ ထိုနေ့က ကျွန်တော် ပထမဆုံး ဆေးလိပ် သောက်ခဲ့ပါသည်။ ကျွန်တော် ပထမဆုံးသောက်သည့် ဆေးလိပ်မှာ ငွေနဂါးတံဆပ် ဖက်ကြမ်း ဆေးလိပ်ဖြစ်ပါသည်။ ကျွန်တော့်ကို ပထမဆုံးဆေးလိပ်သောက်တတ်အောင် သင်ပေးသူမှာ မင်းလွင် ဖြစ်ပါသည်။

“ကျည်ကဒ်ထဲက ကျည်ဆံတစ်တောင့်ကို ဆွဲထုတ်လိုက်သလို
စီးကရက်ဘူးထဲက စီးကရက်တစ်လိပ်ကို ဟန်ပါပါထုတ်
ပါးစပ်ပြောင်းဝမှာ အသာအယာတပ်
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”

“လန်ဒန်လား။ ငါးသုံးလုံးလား။ ငွေနဂါးလား။ အနီရောင်ပတ္တမြားလား
နေခြည်လား။ မအေးမေလား။ မာဘိုရိုလား။ဒူးယားလား
ဘယ်လိုအရသာရှိလဲ
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”

ကျွန်တော်တို့ သုံးယောက်ထဲတွင် နေလင်းဖြိုးက သမ္ဘာအရင့်ဆုံးဖြစ်သည်။ သူသည် ရာဘကို သိသည်။ မုန့်လို့ ခေါ်သည့် အဖြူရောင်ဆေးလုံးလေး ဝယ်ရမည့်နေရာကို သိသည်။ ထို အဖြူရောင်ဆေးပြားလေးအား ရေနွမ်းကြမ်းဖြင့် သောက်ပြီး ချောင်ကျကျတစ်နေရာရာတွင် ငြိမ်သက်မိန်းမောနေရတာမျိုးကို သူလုပ်တတ်သည်။ Lucky Strike တစ်ဗူးကို သူ့အိမ်က မသိအောင် ဝယ်ပြီး သောက်နိုင်သည်။ မင်းလွင်နှင့် ကျွန်တော်ကတော့ ဘဝချင်း နီးသည်။ နှစ်ယောက်စလုံး မပြည့်စုံ။ မပြည့်စုံနွမ်းပါးသဖြင့် သူများတွေ ဆိုးသလောက် ကျွန်တော်တို့ မဆိုးနိုင်၊ သူများကဲသလောက် ကျွန်တော်တို့ မကဲနိုင်။ ကိုယ့်အထွာနှင့် ကိုယ် ဆိုးခဲ့၊ ကဲခဲ့၊ လူငယ်ဘကျောင်းသားဘဝကို ဖြတ်သန်းခဲ့သည်။ ဆယ်တန်းကို ပြင်ပဖြေ မလုပ်နိုင်၊ ကျူရှင်မတတ်နိုင်သဖြင့် အခမဲ့ကျူရှင်သင်ပေးသော ဆရာ ဦးဇော်မြင့်ထံမှာ သင်္ချာ၊ ဖီးဆစ်၊ ကမ်မက်စတြီ စသည့် ဘာသာရပ်များကို ကျွန်တော်တို့ သွားတက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် ကျွန်တော်တို့ ဆယ်တန်းကို နှစ်ပေါက် အောင်မြင်ခဲ့ကြသည်။ ထိုပျော်ရွှင်မှုဖြင့်ပင် တက္ကသိုလ်မတက်ခင်စပ်ကြား ကျွန်တော်တို့ အပျော်ကို ဆက်လက် ဆွဲဆန့်ခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်နှစ်ခန့်က ဖြစ်မည် ထင်ပါသည်။ Facebook တွင် ငယ်သူချင်းကြီး မင်းလွင်နှင့် ပြန်ဆုံရသည်။ သူက တွေ့တွေ့ခြင်းပြောသည်။ “ဟျောင့် မင်းကို ဆေးလိပ်သောက်နည်းသင်ပေးခဲ့တဲ့ ငါ ဆေးလိပ်ပြတ်သွားပြီကွ” ဟု ကွန်မန့်ရေးလာသည်။ ကျွန်တော်က သူ့ကွန်မန့်အောက်မှာ ထပ်ရေးလိုက်သည်။ “ အေး အဲဒီနေ့က ငါ ဘယ်လိုဖြစ်တာလဲ မှတ်မိသေးလား” ဟု ရေးလိုက်သည်။ သူက ပြန်ရေးသည်။ “ အဲဒီနေ့က မင်း ဆေးလိပ်မူးပြီး အန်တာလေ”။ ဟုတ်သည်။ အဲဒီနေ့က ပွဲဈေးတန်းမှ အပြန် မင်းလွင်၏ ဖီးဆင့်စက်ဘီးနောက်တွင် ထိုင်လိုက်ရင်း ကျွန်တော် တဝေါဝေါ အန်မိသည်။ ပထမဆုံးစသောက်သည့် ဆေးလိပ်ငွေ့များ၏ ဒဏ်ကို ကျွန်တော် မခံနိုင်ခဲ့။ တစ်ကိုယ်လုံး ဇောချွေးများ ထွက်ပြီ့း အန်သည်။ ထို့နောက် သူ့စက်ဘီးနောက်တွင် ကျွန်တော် မှေးလိုက်ရင်း အိမ်ကို ရောက်အောင်ပြန်နိုင်ခဲ့သည်။ အဲဒီ နောက် တွင် မင်းလွင်၊ နေလင်းဖြိုးနှင့် ကျွန်တော်တို့ သိပ်ပြီးးမဆုံဖြစ်ကြတော့။ နောက်ပိုင်း မဆုံဖြစ်ကြသည့်အပြင် တက္ကသိုလ် ရောက်တော့ မေဂျာမတူကွဲပြားစွာဖြင့် ကျွန်တော်တို့ ကွဲကွာခဲ့ကြသည်။ မင်းလွင်ကိုတော့ ကောင်းမွန်စွာ ကျွန်တော် ပြန်ဆုံ ခဲ့ရပြီ။ နေလင်းဖြိုးကိုတော့ အခုထိ ကျွန်တော် မတွေ့ရသေး။
တက္ကသိုလ်စတက်တော့ ကျွန်တော် ဆေးလိပ်တော်တော် သောက်တတ်ပြီ။ Lucky Strike, 555, Mild Seven, Marlboro, London, Vegas, Red & Blue, Blue Diamond, Benson & Hedges, Dunhill, Nine, Red Ruby စသည်ဖြင့် ဆေးလိပ်တံဆိပ်ပေါင်းစုံအောင် သောက်ဖြစ်ခဲ့သည်။ စွဲစွဲမြဲမြဲသောက်ဖြစ်တာက LONDON နှင့် Red Ruby ဖြစ်သည်။ ကျောင်းလွယ်အိတ်ထဲတွင် ဆေးလိပ်ဗူးနှင့် မီးခြစ်အမြဲတမ်း ဆောင်ထားသည်။ တက္ကသိုလ်မှာ ကျွန်တော်တို့ အဖွဲ့က ယောင်္ကျားလေး လေးယောက်နှင့် မိန်းကလေး ရှစ်ယောက်ခန့် ပါသောအဖွဲ့ ပူးပေါင်းမိသည်။ ထိုယောက်ျားလေး များ ထဲတွင်မှ ဆေးလိပ်အများဆုံး သောက်ဖြစ်သူက ကျွန်တော် ဖြစ်သည်။ ကျန်သူငယ်ချင်းများက နာမည် ပျက်ရုံလောက် ဆေးလိပ်သောက်ခြင်း ဖြစ်သည်။ တစ်ရက်လျှင် ဆေးလိပ်တစ်ဗူး လောက်ကုန်အောင် သောက်သော ကျွန်တော့်ကို မိန်းကလေး သူငယ်ချင်းများ အားလုံးက တားကြသည်။ သို့သော် ကျွန်တော်က စွဲလမ်းမှုတစ်ခုဖြစ်နေသည့် ဆေးလိပ်ကို လျှော့သောက်ဖို့ မကြိုးစားမိခဲ့။ ထိုစဉ်က ဆေးလိပ်သောက်ချင်သည့် စိတ်မှာ စတိုလ်လုပ်ချင်တာလည်း ပါသည်။ ဆေးလိပ် ကို ဟန်ပါပါ ဖွာရှိုက် လိုက်ရတာ၊ မီးခိုးငွေ့တွေကို ခေါင်းလေးမော့ပြီး မှုတ်ထုတ်ပစ်လိုက်ရတာ ကျွန်တော် နှစ်သက်ခဲ့ သည်။ ကျောင်းတက်နေဆဲမှာပဲ ဆေးကုမ္ပဏီတစ်ခုမှာ ကျွန်တော်အလုပ် ရခဲ့သည်။ ကုမ္ပဏီဂိုဒေါင်မှာ ပစ္စည်း ထုတ်သွင်း၊ စာရင်းလုပ်ရသည့် အလုပ် ဖြစ်သည့်အတွက် ဆေးလိပ်သောက်ချိန် နည်းသွား သော်လည်း ထမင်းစားချိန်၊ ကားဂိတ် များသို့ ပစ္စည်းပို့ချိန်များတွင် ဆေးလိပ်ကို ပိုသောက်ဖြစ်သည်။ ထို့နောက် ဂိုဒေါင်အကူကနေ Marketing ပိုင်းရောက်တော့ ရုံးခန်းပြင်မှာ အလုပ်ပြန်လုပ်ရသဖြင့် အရင်လို ဆေးလိပ် ပြန် သောက် ဖြစ်လာသည်။
ဆေးကုမ္ပဏီမှာပဲ ကျွန်တော် ချစ်သူတစ်ယောက်ပိုင်ဆိုင်ခွင့်ရခဲ့သည်။ အဆိုပါချစ်သူ၏ ပထမဆုံး ပညတ်တော် တစ်ပါးမှာ ဆေးလိပ်မသောက်ရဘူး ဖြစ်သည်။ သူ့ရှေ့မှာ သူ့စကားကို ကျွန်တော် နားထောင်ခဲ့ပါသည်။ သူ့ကွယ်ရာတွင် ဆေးလိပ်၏ စွဲဆောင်ဖျားယောင်းမှုနောက်မှာ ကျွန်တော် ခေါင်းညိမ့်နာခံမိခဲ့သည်။ ကုမ္ပဏီတစ်ခုတည်းဖြစ်သဖြင့် မနက် မိုးလင်းရုံးတက်ချိန်မှ ညနေရုံးဆင်းချိန်အထိ အမြဲတမ်းလိုလိုတွေ့နေရသည်။ ကျွန်တော်က ဆေးလိပ်မသောက်ဘဲ မနေ နိုင်၊ သူမက ကျွန်တော်ဆီက ဆေးလိပ်နံ့ရသည်နှင့် စိက်ကောက်တော့သည်။ ထိုသို့ဖြင့် ကျွန်တော်တို့နှစ်ယောက် ရန်ဖြစ် လိုက်၊ ပြန်ချစ်လိုက်ဖြင့် မင်္ဂလာဆောင်ပွဲလေး ဆင်နွဲခဲ့ကြပါသည်။ ဘွဲ့ရပြီးချိန်နှင့် အိမ်ထောင်မကျမီ ကြားကာလ နှစ်များ တွင် ကျွန်တော့်ဘဝတွင် ကြီးမားသည့် အပြောင်းအလဲ၊ အချိုးအကွေ့တစ်ခုဖြစ်ပေါ်ခဲ့သည်။ ထိုအပြောင်းအလဲသည် ကျွန်တော် ကဗျာဆရာတစ်ယောက်အဖြစ် စာပေလောကထဲ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။ ယခင် အထက်တန်း ကျောင်းသားဘဝကတည်းက ရှိနေသော ကဗျာပိုးသည် ၂၀၀၅ ခုနှစ် ဆရာမောင်ကြည်သာ(တောင်တွင်း)၊ ဆရာ မောင်စိုး သစ် (မန္တလေး)တို့နှင့် ဆုံတွေ့ပြီးနောက်ပိုင်း ကဗျာကို ပိုတန်ဖိုးထားတတ်လာ၊ ကဗျာဆရာဘဝကို ပိုမြတ်နိုး တတ်လာ စေကာ ကဗျာဆရာအဖြစ် ရဲရဲဝံ့ဝံ့ ခံယူကာ တစိုက်မတ်မတ် ကဗျာနှင့် နေထိုင်၊ ကဗျာဖြင့် ရှင်သန်၊ ကဗျာဖြင့် ဘဝကို ဖြတ်သန်းလာစေခဲ့သည်။ ကဗျာဆရာဆိုပေသည့် အရက်မကြိုက်သည့် ကဗျာဆရာမို့ ဆေးလိပ်ကိုပဲ ပိုမို သောက်မိခဲ့ စေသည်။ ညပိုင်းကဗျာတစ်ပုဒ်ကို တည်ဆောက်နေချိန်၊ စာတစ်ပုဒ်ကို အာရုံစိုက်ဖတ်နေချိန်များမှာ ကျွန်တော့် လက်ထဲ တွင် ဆေးလိပ်တစ်လိပ်ပြီးတစ်လိပ် ရှိနေခဲ့သည်။ ဆေးလိပ်တွေ အသောက်လွန်သဖြင့် ခေါင်းတွေ မကြာခဏ ကိုက်တတ် လာပြီ။ နည်းနည်းနေမကောင်းဖြစ်တာကိုပင် ချောင်းဆိုးက မပျောက်ဖြင့် ဆေးပေါင်းစုံအောင် သောက်ပြီး ကုသနေရ တတ်ပြီ။ အဆိုးဆုံးက နေ့စဉ်လိုလို အချိန်ပိုင်းခေါင်းကိုက်တတ်လာခြင်းပင်ဖြစ်သည်။ ဘဝမှာ ပထမဆုံးအကြိမ် ဆေးလိပ် ဖြတ်ချင်စိတ်ပေါ်ပေါက်ခဲ့မိသော နေ့များ။ ထိုဆေးလိပ်ဖြတ်ချင စိတ်များဖြင့်ပင် ဆေးလိပ် အကြောင်းရေးထားသော ကဗျာ များကို ပြန်ညွှန်းဖွဲ့ပြီး “ခင်ဗျားသောက်နေတဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ” ဟု မေးခွန်းကို ခေါင်းစဉ် တင်ရေးဖြစ်ခဲ့သည်။

“မောင်သာနိုးမီးညှိပေးတဲ့ မာရင်ဆောရက်စကူးရဲ့ ဆေးလိပ်လား
မောင်ယုပိုင်ရဲ့ ကလဲ့စားချေတတ်တဲ့ ဆေးလိပ်လား
ဥတ္တရာအောင်ရဲ့ လျော့ရင်း လျော့ရင်းဖြတ်သွားရမယ့် ဆေးလိပ်လား
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”

“ခင်ဗျားဟာ ကိုယ်တိုင်မီးလောင်ပြီး မီးလောင်ခြင်းကိုလည်း အားပေးတဲ့သူ
ခင်ဗျားနံဘေးကလူဟာ သူ့မျက်နှာကို တစ်ဖက်ကိုလွှဲလို့
ခင်ဗျား ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကို သိလား
ဆေးလိပ်သောက်ပြီး သေဆုံးတဲ့ လူအရေအတွက်ထက်
ဆေးလိပ်ငွေ့ရှူပြီး သေဆုံးတဲ့ လူအရေအတွက် ပိုများတာ ကြားဖူးလား
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ”
         
          မေလ ၃၁ နေ့အား ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အဖြစ် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး မှ ၁၉၈၇ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့သည်။  မြန်မာဈေးကွက်တွင် ၁၉၉၀ ပြည့်လွန်နှစ်များက တံဆိပ် ၁၀ မျိုးမှ ၁၅ မျိုးသာရှိခဲ့သော်လည်း လက်ရှိ စီးကရက် တံဆိပ် ၆၂ မျိုး ရောင်းချလျက်ရှိသည်။ အရှေ့တောင်အာရှ ဆေးရွက်ကြီးထိန်းချုပ်ရေး မဟာမိတ်အဖွဲ့ (SEATCA) မှ မြန်မာ ကိုယ်စားလှယ် ဒေါ်မေမြတ်ချိုက မြန်မာနိုင်ငံတွင် အမျိုးသားများ ဆေးလိပ်သောက်သုံးမှုမှာ British American Tobacco (BAT)  မြန်မာနိုင်ငံမှ မထွက်ခွာမီ ၂၀၀၃ တွင် ၄၈.၆ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်းလာပြီး နိုင်ငံခြားကုမ္ပဏီကြီးများ ပြန်ဝင်လာသည့် ၂၀၁၃ တွင် ၄၆.၈ ရာခိုင်နှုန်းသို့ ပြန်တက်လာကာ ပြီးခဲ့သည့်နှစ် ၂၀၁၅ တွင် ၆၀ ရာခိုင်နှုန်းအထိ သိသာစွာ မြင့်တက်လာသည်ဟု ဆိုသည်။ အမျိုးသမီးများ ဆေးလိပ်သောက်သုံးနှုန်းမှာ ၂၀၁၃ တွင် ၁၃.၇ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၅ တွင် ၁၈ ရာခိုင်နှုန်းထိ မြင့်တက်လာသည်ဟု ဆိုသည်။ ၂၀၁၄ ခုနှစ် ကျန်းမာရေးဝန်ကြီးဌာန စစ်တမ်းအရ မြန်မာတနိုင်ငံလုံး၏ ၂၆.၁ ရာခိုင်နှုန်းဆေးလိပ်သောက်သုံးကြသည်ဟု သိရသည်။ ကမ္ဘာတဝှမ်း နေ့စဉ် ဆေးလိပ်သောက်သုံးတဲ့ အရွယ်ရောက်ပြီးသူပေါင်း သန်းပေါင်း ၇၄၀ လောက် ရှိနေသည်ဟု လည်း ဖတ်ရသည်။ ကျွန်တော် ဆေးလိပ်စွဲ ကာစ က ဆေးလိပ်ဗူးများပေါ်တွင် အသက် ၁၈ နှစ်အောက် ဆေးလိပ်မရောင်းရ စာတမ်းသာ ထည့်သွင်းထားသော်လည်း ယခုမူ ဆေးလိပ်ဗူးများပေါ်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် ဆေးလိပ် ဗူးတွင် သတိပေးရုပ်ပုံနှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာကို ကျန်းမာရေးဝန်ကြီးဌာနက လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ပြီး ခြောက်လပြည့်သည့် စက်တင်ဘာ ၁ ရက် တွင် အာဏာ စတင်သက်ရောက်ပြီ ဖြစ်ကြောင်း သတိ ပေးကြေငြာချက် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အတွက် သတိပေး ရုပ်ပုံနှင့် စာသားများကို ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းဘူးခွံများ၏ ရှေ့နောက်မျက်နှာပြင် ဧရိယာ ၇၅ ရာခိုင်နှုန်း ထက် မနည်းစေဘဲ ပုံနှိပ် ဖော်ပြရမည်ဖြစ်ကြောင်း၊ အန္တရာယ် နည်းပါးစေသည်ဟု ထင်စေနိုင်သော Low tar ၊ Light၊ Ultra၊ Mild စသည့် စကားလုံး၊ တံဆိပ်၊ အမှတ်အသား လက္ခဏာများကို ဖော်ပြခြင်း မပြုရန်လည်း တားမြစ်ထားကြောင်း သိရသည်။

“ခင်ဗျားခြေထောက်အောက်မှာ ကျည်ဆံခွံတွေ ပြန့်ကျဲလို့
ခင်ဗျားမျက်စိရှေ့မှာ အပြစ်မဲ့လူတွေ အတုံးအရုံးသေဆုံးလို့
နောက်ဆုံးသိရတဲ့ အသေခံအကြမ်းဖက်သမားဟာ ခင်ဗျားလား
အထီးကျန်ခြင်းအမည်တပ်ထားတဲ့ အိပ်ခန်းမှာ
ဆေးလိပ်ဟာ ခင်ဗျားရဲ့ လစ်ဗင်းတူဂဲလ်သား အဖော်မွန်တစ်ယောက်လား

ကျွန်တော် သေဖော်ညှိတာပါ
ကျေးဇူးပြုပြီး မီးတစ်တို့လောက်
ခင်ဗျားအခုသောက်တဲ့ ဆေးလိပ်က ဘာတံဆိပ်လဲ။”

           ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စီးကရက်များကြောင်း ၈ စက္ကန့်လျှင် လူတစ်ဦး သေစေလျှက်ရှိသည်။ ကမ္ဘာတဝှမ်း တွင် ဆေးလိပ်ကြောင့် သေဆုံးနေရသူ တစ်နှစ်လျှင် ၆ သန်းခန့်သေဆုံးနေပြီး ၂၀၃၀ ပြည့်နှစ်တွင် သေဆုံးသူ ရှစ်သန်း ကျော်အထိ တိုးလာမည်။ ယခုရာစုနှစ်အကုန်တွင် ဆေးလိပ်ကြောင့် သေဆုံးသူပေါင်း သန်းတစ်ထောင်ကျော် ရှိလာနိုင် သည်ဟု တွက်ဆထားကြသည်။ ကမ္ဘာပေါ်တွင် ဆေးလိပ် မသောက် သော်လည်း ဆေးလိပ်ငွေ့ကို နေ့စဉ်ရှူရှိုက်နေ ရသဖြင့် ရရှိလာသော ရောဂါများကြောင့် နှစ်စဉ်လူခြောက်သိန်းကျော် သေဆုံးနေကြောင်း သိရသည်။ ဆေးလိပ်ကိုယ်တိုင် မသောက်ဘဲ အငွေ့ကြောင့် ရောဂါရပြီး သေဆုံးသူ အားလုံး၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများ ဖြစ်ပြီး (၃)ပုံ၊ (၁)ပုံ နီးပါးသည် ကလေးများ ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ ဖြင့် ဆေးလိပ်ငွေ့ကြောင့် သေဆုံးသူများ စာရင်းကို ပထမဆုံး လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။ သုတေသီများက ကလေးများသည် ဆေးလိပ်သောက်သူများနှင့် နီးကပ်စွာ ရှိနေခြင်းသည် အလွန်အန္တရာယ်ကြီးကြောင်း သတိပေး ပြောဆိုထားသည်။ ထို့အပြင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဆေးလိပ် မသောက်သော်လည်း ဆေးလိပ်ငွေ့ကြောင့် ရောဂါရရှိနိုင်မှု အခြေအနေသည် (၅၀)ရာခိုင်နှုန်း ပိုဆိုးကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာနှင့် ကင်ဆာပေါင်းစုံကြောင့် သေဆုံးမှုများတွင် ဆေးလိပ်က အဓိကတရားခံဖြစ်သည်။ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ အဆုတ်၊ အစာအိမ်၊ ကျောက်ကပ်၊ ဆီးအိမ်၊ အရိုးချဉ်ဆီ၊ သွေးကင်ဆာ အစရှိသည်တို့လည်း ပါဝင်သည်။ အမေရိကန်နိုင်ငံမှာ ဆေးလိပ်ကြောင့် သေဆုံးသူ တစ်နေ့လျှင် ၁၃၀၀ ခန့်ရှိသည်ဟု သိရသည်။
မာဘိုရိုစီးကရက်ကြော်ငြာမင်းသား Eric Lawson တစ်ယောက် ၂၀၁၄ ဇန်နဝါရီ ၁၀ ရက်က ဆုံးပါး သွားသည့် သတင်းဖတ်လိုက်ရသည်။ သူသည် မာဘိုရိုလ်ကြော်ငြာမင်းသားတွေထဲမှ လေးယောက်မြောက် ဆေးလိပ် ကြောင့် သေဆုံးသူဖြစ်သည်။ ကောင်းဘွိုင်ဦးထုပ်ဆောင်းထားပြီး စီးကရက်လက်ကြားညှပ်ထားသည့် သူ့၏ စတိုင်လ် ကို ကျွန်တော် နှစ်သက်ခဲ့ဖူးသည်။ အဆိုပါ ပိုစတာကိုလည်း ကျွန်တော့်လူငယ်ဘဝ အိမ်ဝင်းထရံကြားတွင် ဝါးခြမ်းလေးများနှင့် ထိုးပြီး ကပ်ထားဖူးခဲ့သည်။ လွန်ခဲ့သော နှစ်များမှ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်ကြည့်လျှင် ဆေးလိပ်ငွေ့ တထောင်းထောင်းကြားမှ ကဗျာတစ်ပုဒ်ရေးဖြစ်ဖို့ အားထုတ်နေသူ မင်းနဒီခကို နေ့စဉ်နီးပါး ပြန်တွေ့ ရမည်ဖြစ်သည်။ ဟင်းမွှေသည့် ယောင်းမသည် ဟင်း၏ အရသာကို မသိသကဲ့သို့ပင် စာပေအသိဖြင့် ရလာသည့် ဆေးလိပ်ဆိုးကျိုးများကို ကဗျာတစ်ပုဒ်ရေးဖွဲ့ဖြစ်ရုံလောက်သာ အသုံးချခဲ့ပြီး ဆေးလိပ်တကယ်ဖြတ်ရန် အားမထုတ် ဖြစ်ခဲ့။ “အရက်မသောက်ဘူး၊ မူးယစ်ရမ်းကားမလုပ်ဘူး၊ သူများသားမယား မပစ်မှားဘူး။ မကောင်းတာ ဆိုလို့ ကျွန်တော် ဆေးလိပ်လေးပဲ သောက်ဖြစ်တာပါဗျာ” ဆိုသည့် စကားကို ဆေးလိပ်ဖြတ်ရန် သတိပေးသည့် သူများအား ကျွန်တော် ထပ်ခါ ထပ်ခါဆင်ခြေပေးခဲ့သည်။ တိတိကျကျပြောရလျှင် ၁၉၉၈ အောက်တိုဘာ မှ ၂၀၁၅ ဇူလိုင်လ အထိ ဆယ့်ခုနှစ်နှစ် နီးပါး ကျွန်တော် ဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ဖြစ်ခဲ့သည်။ ကျွန်တော့်ကို ဆေးလိပ်ဖြတ်စေခဲ့သူ၊ ဆေးလိပ်ပြတ်စေခဲ့သူမှာ မြင့်မိုရ်တောင်ဦးမကကျူးတဲ့ မိဘတွေ မဟုတ်။ ဘဝတစ်ခုလုံးပုံအောပြီး ပေးဆပ်ချစ်ခဲ့ရသူ အိမ်သူသက်ထားဇနီးမယားကြောင့် မဟုတ်။ ကျွန်တော့်ရဲ့ တုနှိုင်းမဲ့ ရတနာလေး၊ ကျွန်တော့် ဘဝအဆက်ဆက်ရဲ့ သံသရာ စမ်းရေအေး သမီးလေး ပိုးပိုးကြောင့်ပဲ ဖြစ်သည်။
သမီးလေး မွေးကတည်းက ကိုယ့်ဆေးလိပ်ငွေ့ကြောင့် သမီးလေးကို ကျန်းမာရေး မထိခိုက်စေရဟု ကျွန်တော်ဆုံးဖြတ်ကာ သမီးလေးနှင့် အဝေးဆုံးနေရာမှာသာ ဆေးလိပ်သောက်ဖြစ်သည်။ အိမ်ခန်းထဲမှာ ဘယ်တော့မှ ကျွန်တော် ဆေးလိပ်မသောက်။ ခြံဝန်းထဲမှာ လမ်းလျှောက်ရင်း သောက်သည်။ စာဖတ်ရင်း သောက်ဖြစ်သည်။ အတတ်နိုင်ဆုံးတော့ အိမ်မှာ ဆေးလိပ်မသောက်ဖြစ်အောင် ကြိုးစားခဲ့ပေမယ့်လည်း မရ။ ထမင်းစားပြီး တစ်လိပ်၊ ကော်ဖီသောက်ပြီး တစ်လိပ်၊ စာဖတ်ဖြစ်ရင် တစ်လိပ်၊ ကဗျာတစ်ပုဒ်ပြီးလျှင် တစိမ့်စိမ့်ပြန်ဖတ်ရင် တစ်လိပ်၊ ကဗျာတစ်ပုဒ်ရေးဖို့ တွေးနေပြီဆိုလျှင် ကဗျာမပြီး မချင်း တစ်လိပ်ပြီး တစ်လိပ်။ ကျွန်တော် ဆေးလိပ်သောက်တာမြင်လျှင် သမီးက ကျွန်တော့်အနားရောက်လာသည်။ ကျွန်တော်ကလည်း သမီးလာတာမြင်လျှင် လက်ထဲက ဆေးလိပ်ကို ပစ်ချပြီး မသောက်ချင်ယောင်ဆောင်ရသည်။ ထိုသို့ ကျွန်တော် ပြုလုပ် ဟန်ဆောင်သည်ကို သမီးက သဘောကျသည်။ နောက်ပိုင်းတွင် ကျွန်တော်ဆေးလိပ်သောက်တာ မြင်လျှင် သမီးက စိတ်ဆိုးတတ်လာသည်။ ကျွန်တော်ကလည်း ကျွန်တော်ပင်။ သမီးလေး၏ ဖခင်အပေါ် စိုးရိမ်စိတ်ကို ငဲ့ကြည့် မပေးနိုင်ခဲ့။ သမီးလေးအပေါ် လိမ်ညာဟန်ဆောင်ဖို့ပဲ စိတ်ကူးမိခဲ့သည်။ သည်လိုနှင့် ၂၀၁၅ ဇူလိုင်လ၏ ညတစ်ညမှာ ကျွန်တော် ဆေးလိပ်ကို စတင်ဖြတ်ခဲ့ပါသည်။
ထိုညက ကျွန်တော် အက်ဆေးတစ်ပုဒ်ရေးဖြစ်သည်။ ထိုအက်ဆေးရေးပြီးသွားတော့ ကဗျာဆောင်းပါး တစ်ပုဒ် ထပ်ရေးဖြစ်သည်။ သည်လိုမျိုး ဆက်တိုက်စာရေးဖြစ်သည့်ညမျိုးကား ဖြစ်တောင့်ဖြစ်ခဲမို့ အတွေးကွန့်မြူးရာ နောက် ကျွန်တော် လိုက်ပါရေးဖွဲ့ရင်း ည နှစ်နာရီနီးပါးလောက်တွင် ကဗျာဆောင်းပါး လက်စသတ်နိုင်ခဲ့သည်။ စာရေးပြီးတော့ စိတ်လက်ပေါ့ပါးစွာနဲ့ ဆေးလိပ်သောက်ရင်း ရေးပြီးစာများကို ပြန်ဖတ်ဖို့ ဆေးလိပ်ဗူးထားနေကျ နေရာကို လက်လှမ်းမိသည်။ ဆေးလိပ်ဗူးက မရှိ။ ဆေးလိပ်ဗူးက အသစ်။ ညနေကမှ ကျွန်တော် တစ်လိပ် ထုတ် သောက်ထားသေးသည်။ စားပွဲခုံအောက်တွေ၊ စာအုပ်စင်ပတ်ချာလည်တဝိုက်၊ ကုတင်ဘေးစားပွဲ၊ ရုံးလွယ်အိတ်ထဲ၊ အိမ်ရှေ့ထိုင်နေကျ ထိုင်ခုံလေးနား စသည်ဖြင့် တစ်အိမ်လုံး နှံ့နေအောင် ရှာကြည့်သည်။ ဆေးလိပ်ဗူးနှင့် တူတာဆိုလို့ တစ်လိပ်တစ်လေတောင်မှ မတွေ့။ ရှာမတွေ့လေ ဆေးလိပ်က ထပ်သောက်ချင်လေဖြစ်သည်။ ဆေးလိပ်သောက်ချင်သည့် ယင်း က ကျွန်တော့် တစ်ကိုယ်လုံး သွေးတွေကို ဆူဝေလာစေသည်။ ဒေါသတွေလည်း ဖြစ်လာသည်။ ဒီအချိန်မှတော့ အနီးအနားတစ်ဆိုင်မှလည်း မဖွင့်တော့။ သို့နှင့် မနက်က တံမြက်စည်းလှဲထားသော သစ်ပင်ခြေရင်း အမှိုက်ပုံထဲမှာ တဖွာစာ၊ နှစ်ဖွာစာ ကျန်လို ကျန်ငြား လိုက်ရှာမိသော်လည်း ကံဆိုးရွားစွာ တစ်တိုတလေမှ မတွေ့။ နောက်ဆုံး ရေတစ်ခွက် ဝဝ သောက်ကာ အိပ်ပစ်လိုက်ခြင်းဖြင့် ကျွန်တော် ကိုယ့်စိတ်ကို မနည်းထိန်းကာ အိပ်ယာဝင်ခဲ့သည်။ စိတ်ထဲမှာ စာအုပ်စင်ပေါ်တင်ထားသည့် ဆေးလိပ်ဗူးကိုသာ မြင်နေမိသည်။
မနက် မိုးလင်းလင်းချင်း ဆေးလိပ်ဗူးတွေ့မိသေးလားဟု ဇနီးသည်ကို မေးမိသည်။ ဇနီးသည်ကလည်း မတွေ့ဘူးလေ။ သိမ်းလည်း မသိမ်းဘူးဟု ပြောသည်။ သည်လိုနှင့် အိပ်ယာမနိုးသေးသည့် သမီးလေးကို နိုးပြီး ထပ်မေးသည်။ သမီး ဖေဖေ့ ဆေးလိပ်ဗူး တွေ့လား ဆိုတော့ သမီးက ဘာမှ မပြော။ ဒါဆို သေချာပြီ။ သမီးက မဟုတ်တာလုပ်ထားလျှင် ငြိမ်သက်ပြီး ဝန်ခံတတ်သည်။ ဟုတ်လည်း မပြော၊ မဟုတ်ဘူးလည်း မပြော။ အခု ငြိမ်နေပုံအရတော့ သူ ဆေးလိပ်ဗူးကို တစ်ခုခု လုပ်လိုက်တာဖြစ်မည်။ သမီးကို ထပ်မေးသည်။ သမီး ဖေဖေ့ကို အမှန်အတိုင်းပြောနော်။ ဖေဖေ စိတ်ဆိုးနေတာ။ သမီး သိလား။ ဆေးလိပ်ဗူး ဘယ်မှာလဲ။ လွင့်ပစ်လိုက်တာလား ဆိုတော့ သမီးက အိပ်ယာထဲက ထပြီး အလူမီနီယံနှင့် ပြုလုပ်ထားသည့် ဘုရားစင်ရှေ့ကို သွားသည်။ ကျွန်တော် သူ့နောက်က အသာလေး လိုက်ကြည့်သည်။ ဘုရားစင်အောက်တွင် ဗီရိုသေးသေးလေး ရှိသည်။ ထိုဗီရိုသေးသေး လေးရှေ့မှာ မီးပူဇော်ဖို့ ဖယောင်းတိုင်သေးထုပ်တွေ စီထပ်ထားသည်။ သမီးသည် အဲသည့် ဖယောင်းတိုင်ထုပ်တွေကို ဖယ်သည်။ နောက် ဗီရိုလေးရဲ့ နောက်ဆုံးချောင်ကျကျနေရာထဲသို့ လက်နှိုက်ပြီး ယူလိုက်သည်။ ပြီးတော့ ကျွန်တော့် ကို လာပေးသည်။ သူ့လက်ထဲမှာ တစ်လိပ်လျော့နေသော Red Ruby ဆေးလိပ်ဗူးအသစ်တစ်ဗူး။ ကျွန်တော် စိတ်ဆိုးလွန်းစွာဖြင့် သမီး၏ တင်ပါးနှင့် ခြေသလုံးကို အားပါးတရ ရိုက်ပစ်လိုက်မိသည်။ သမီးသည် နာကျင်စွာ ငိုသည်။ နာလောက်အောင် အရိုက်ခံရသော်လည်း ထွက်ပြေးမသွား။ ငိုပြီးတော့ စကားတစ်ခွန်း ပြောသည်။ သမီးက ဖေဖေ သေသွားမှာ စိုးလို့ဟု ငိုပြီးတော့ ပြောသည်။ သူ့စကားဆုံးတော့ ကျွန်တော် ဆွံ့အသွားသည်။ ပြီးတော့ ကျွန်တော် သမီးကို ဖက်ပြီး အားပါးတရ ငိုမိသည်။ ကျွန်တော်တို့ သားအဖကို ဘေးက ကြည့်နေသည့် ဇနီးကလည်း ငိုသည်။ ကျွန်တော့်အသက်အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတဲ့ ငါးနှစ် သမီးလေးကို နာကျင်အောင် ရိုက်လိုက်မိသည့် ကျွန်တော့်ကို ကျွန်တော် နာကျည်းမိသည်။ ကိုယ့်ကိုယ်ကိုယ် တစ်ခုခုလုပ်ပစ်ဖို့ ကြိုးစားတော့ ဇနီးဖြစ်သူက ဆွဲထားသည်။ ကျွန်တော် စိတ်တည်ငြိမ်သွားသည့်အခါ သမီးကို တိုးတိုးလေး ပြောလိုက်မိသည်။ သမီးအတွက် ဖေဖေ ဒီနေ့က စပြီး ဆေးလိပ်ဖြတ်ပါမယ် သမီးရယ် လို့။ ပြီးတော့ လက်ထဲက ဆေးလိပ်ဗူးကို ရေဆိုးမြောင်းထဲ လွှင့်ပစ်လိုက်သည်။ ထိုနေ့က စပြီး ကျွန်တော် ဆေးလိပ်တစ်လိပ်မဆိုထားနဲ့၊ ဆေးလိပ်တစ်ဖွာတောင် မဖွာဖြစ် အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ခဲ့သည်။ ဆေးလိပ်ဖြတ်နိုင်ခဲ့သည်။
ဆေးလိပ်ပြတ်သွားပြီ ဆိုတာ အပြောလွယ်သလောက် ခက်ခဲစွာ ကျွန်တော် ဖြတ်တောက်ခဲ့ရပါသည်။ အဆိုးဝါးဆုံးအချိန်တွေလို့ ပြောလို့ရသည့် ထမင်းစားပြီးချိန်၊ လက်ဖက်ရည်သောက်ပြီးချိန်၊ မိုးအေးအေး၊ ဆောင်း အေး အေးရာသီတွေ၊ အထူးသဖြင့် ကိုယ့်ရှေ့ဖြတ်ပျံလာတဲ့ ဆေးလိပ်ငွေ့တွေကို ရှောင်ရတာက အစ ကောင်တာမှာ တင်ထားတဲ့ ဆေးလိပ်ဗူးတွေ တွေ့မြင်နေရတာအဆုံး ကျွန်တော် ခက်ခဲပင်ပန်းစွာ မသောက်မိအောင် ရှောင်နိုင် ခဲ့သည်။ ဆေးလိပ်စဖြတ်သည့် အစောပိုင်းလများအတွင်း ဒေါသဖြစ်လွယ်သည်။ မောပန်းလွယ်သည်။ အသေးအဖွဲ လေးများကအစ စိတ်အလိုမကျဖြစ်နေတတ်သည်။ ဘယ်သူနှင့်မှ စကားများများမပြောချင်။ ဟန်ဆောင်ရယ်မော နှုတ်မဆက်ချင်။ တတ်နိုင်သမျှ အိမ်ထဲကနေ အပြင်မထွက်ဖြစ်အောင် နေခဲ့သည်။ ဆေးလိပ်သောက်သူများနှင့် တဝိုင်းချင်း မထိုင်ဖြစ်အောင် ရှောင်ခဲ့သည်။ ဆေးလိပ်ငွေ့များနှင့် ဝေးရာမှာ လွတ်အောင် နေဖို့ ကြိုးစားခဲ့သည်။ ယခုရောက်နေ့သည့် သက်တမ်းတဝက်လောက် အသက်ပေးချစ်ခဲ့ရသည့် ဆေးလိပ်ကို ကျွန်တော် ဖြတ်ဖို့ ပင်ပန်းခဲယဉ်းလွန်းစွာ ကြိုးစားခဲ့သည်။ ယခု ကျွန်တော့် အိပ်ကပ်တစ်နေရာမှာ မီးခြစ်တစ်လုံးတစ်လေမျှ ရှိမနေတော့။ ကျွန်တော့် လက်တကမ်းမှာ ဆေးလိပ်တစ်လိပ်မျှ မရှိတော့။ ကျွန်တော့် အကျီ အိပ်ထောင်ထဲမှာ ဆေးလိပ် ဆေးမှုန် တွေ ကပ်ကျန်မနေတော့။ ဆေးလိပ်ပြတ်ပြီး တစ်နှစ်ပြည့်သည့်နေ့မှာ ပြာနှမ်း မဲခြောက်နေသည့် ကျွန်တော့် နှုတ်ခမ်းတွေ ပြန်စိုပြေလာတာ သတိထားမိသည်။ စားကောင်း အိပ်ကောင်းဖြစ်ပြီး ကိုယ်ခန္ဓာက နည်းနည်း ဝလာသည်။ ခေါင်းမကိုက်တာ ကြာပြီဟု သတိထားမိသည်။ လေးလံထိုင်းမှိုင်းမှုမျိုး မရှိ တော့။ လုပ်ငန်းပိုင်းဆိုင်ရာ စကားပြောဆိုရာတွင် ရဲဝံ့လာသည်။ ကိုယ့်ပါးစပ်က ဆေးလိပ်နံ့ထွက်မှာမျိုး စိုးရိမ်စိတ် မရှိတော့။ ကျွန်တော့် ဆေးလိပ်ငွေ့ကြောင့် အန္တရာယ်ဖြစ်လာနိုင်သည့် ဆေးလိပ်မသောက်သည့် ပတ်ဝန်းကျင် ကို ကယ်တင်နိုင်ခဲ့သည်ဟု ပြောလို့ရပြီ။ ကျွန်တော်ဟာ ကိုယ်တိုင်မီးလောင်ပြီး သူများကိုပါ မီးလောင်စေသည့်  အသေခံအကြမ်းဖက်သူ တစ်ယောက် မဟုတ်တော့။ ကျွန်တော် သေဖော်ညှိတာပါ။ မိတ်ဆွေ မီးလေး တစ်တို့လောက် ဆိုပြီး မီးခြစ် ပျောက်နေသူ တစ်ယောက် မဟုတ်တော့။ ကျွန်တော်ဟာ သမီးလေးပေးတဲ့ အလင်းရောင်နဲ့ ကိုယ့်အသက်ကိုယ် ဆေးလိပ်လက်ထဲက ပြန်ဆယ်ယူနိုင်ခဲ့တဲ့ မင်းနဒီခဖြစ်ခဲ့ပါပြီ။ တစ်နေ့မှာ ကျွန်တော့်ကို ဆေးလိပ်သောက်နည်း သင်ပေးခဲ့တဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့ရင် ကျွန်တော် စကားတစ်ခွန်းပြောချင်မိသည်။
“ ငါလည်း ဆေးလိပ်ပြတ်သွားပြီ” ဟု။
         
မင်းနဒီခ
၁၊ ၁၁၊ ၂၀၁၆

(ကျန်းမာရေးအချက်အလက်ကိုးကား- ဆေးလိပ်နှင့်ဆေးရွက်ကြီးဆိုင်ရာ သတင်းအချက်အလက်များ Pages၊ The Ladies New Journal၊ Eleven Media Group)။

Tuesday, January 6, 2015

ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး



ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး

            ၂၀၁၅၊ ဖေဖော်ဝါရီ၊ ၁၃ ရက်နေ့ဆိုရင် ကျွန်တော်တို့ တိုင်းပြည်လွတ်လပ်ရေးဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်(၁၀၀) ပြည့်မှာ ဖြစ်ပါတယ်။ အဲဒီလို ထူးထူးခြားခြားကြုံဆုံရတဲ့ ဗိုလ်ချုပ်ရာပြည့်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးက ရာပြည့်ပွဲတွေ ကျင်းပကြတယ်။ ရာပြည့်အမှတ်တရ စာပေဟောပြောပွဲတွေ၊ မဂ္ဂဇင်းတွေ၊ ကဗျာစာအုပ်တွေ၊ ဆောင်းပါးပေါင်းချုပ်တွေ၊ သီချင်းတွေ၊ ပြဇာတ်တွေ၊ ရုပ်ရှင်တွေ စသည်ဖြင့် ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ဖွဲ့ဆို ကျင်းပကြမှာ ဖြစ်ပါတယ်။ ဒါကလည်း တိုင်းပြည်တစ်ခုလုံး သူ့ကျွန်ဘ၀ လွတ်မြောက်ရေး၊ တိုင်းပြည်လွတ်လပ်ရေး၊ တိုင်းပြည်ကောင်းစားရေးအတွက် ကိုယ်ကျိုးစွန့်၊ အနစ်နာခံ၊ အခွင့်အရေး မယူဘဲ ကြိုးစားပေးခဲ့တဲ့ အောင်ဆန်းစိတ်ဓါတ်၊ အောင်ဆန်းပုံရိပ်ကို အနာဂတ်မျိုးဆက်အတွက် သမိုင်းလက်ဆင့်ကမ်း သယ်ဆောင်ခြင်းလည်းဖြစ်ပါတယ်။ အနာဂတ်လူငယ်မျိုးဆက်သစ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘယ်လိုလူလဲ၊ ဘယ်လိုစိတ်ဓာတ်ရှိသလဲ၊ တိုင်းပြည်အပေါ်မှာ ဘာတွေ လုပ်ဆောင်ပေးခဲ့သလဲဆိုတာ တကယ့်ထဲထဲဝင်ဝင်သိဖို့ လိုအပ် ပါတယ်။ အခုလို နှစ် ၁၀၀ သက်တမ်းအတွင်းမှာ ဒီနေ့ထိ တဖွဖွရွတ်ဆိုပြီး မမေ့နိုင်ဖြစ်နေရတာ၊ ဗိုလ်ချုပ်လို လူမျိုး တိုင်းပြည်မှာ ပေါ်ထွက်လာဖို့ စောင့်မျှော်ရတာ ဘာဖြစ်လို့လဲဆိုတာ ဒီကနေ့ တိုင်းပြည်အခြေအနေ၊ အဖြစ်အပျက် အရှိ တရားတွေက သက်သေပါပဲ။ အခုလက်ရှိတိုင်းပြည်အခြေအနေဟာ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ တိုင်းပြည်တစ်ပြည် ဖြစ်မလာ ခဲ့တာတော့ အသေအချာပါပဲ။  ဗိုလ်ချုပ်သာ ရှိနေသေးရင် ကျွန်တော်တို့ တိုင်းပြည်ဟာ အခုလက်ရှိရင်ဆိုကြုံတွေ့နေရတဲ့  အဖြစ်ဆိုးတွေ ဘယ်နည်းနဲ့မှ ဖြစ်မလာနိုင်ပါဘူး။ ဗိုလ်ချုပ်ဟာ တိုင်းသူပြည်သားတစ်ယောက်ချင်းစီရဲ့ အကျိုးစီးပွားအထိ မျှော်ကိုးပြီး တိုင်းပြည်ကို တည်ဆောက်ချင်သူတစ်ယောက်မို့ပါ။ သစ်တောကြီးတစ်ခုထဲ ကြည့်တတ်သူမဟုတ်ဘဲ အဲဒီ သစ်တောကြီးထဲက သစ်ပင်လေးတစ်ပင်စီရဲ့ ရေသောက်မြစ်ကနေ အပွင့်အခက်ရနံ့အထိ လှပဖွံ့ဖြိုးစေလိုသူ တစ်ဦး ဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဗိုလ်ချုပ်သာ ရှိနေသေးရင် ဧရာဝတီမြစ်ကြီးလည်း ရောင်းစားမခံရနိုင်ဘူး။ လက်ပံတောင်း တောင်လည်း ဖြိုချရောင်းစားခံရမှာ မဟုတ်ဘူး။ ဒါတို့မြေ ဒါ တို့ပြည် တို့ပိုင်တဲ့မြေမှာ တိုင်းတပါးအကျိုးစီးပွားအတွက် ကိုယ့်လူမျိုး ကိုယ်ပြန်သတ်တဲ့ မြင်ကွင်းတွေလည်း ဖြစ်လာနိုင်စရာမရှိဘူး။ လူမျိုးခြားတိုင်းတပါးသားတွေရဲ့ စီးပွားရေး ဈေးကွက် ချဲ့ထွင်မှုနဲ့ လူမျိုးရေးစိမ့်ဝင်ဝါးမျိုမှုတွေလည်း ခံရမှာ မဟုတ်ဘူး။ ဒါဟာ ဗိုလ်ချုပ်အသက်ရှင်နေထိုင်ခဲ့တဲ့ ၃၂ နှစ်တာ ကာလ ဖြတ်သန်းမှုမှာ ဗိုလ်ချုပ်ကိုယ်တိုင် စံနမူနာပြတည်ဆောက်ခဲ့တဲ့ ဗိုလ်ချုပ်ဘ၀ကို ထဲထဲဝင်ဝင်သိနေလို့ပဲ။ ဒါကြောင့် ပြည်သူလူထုက ဗိုလ်ချုပ်ကို ယုံကြည်တယ်။ ဒါကြောင့် ပြည်သူလူထုက ဗိုလ်ချုပ်ကို ပြန်တောင့်တကြတယ်။ သတိရကြ တယ်။ ဖြစ်နိုင်ရင် ပြန်လိုချင်ကြတယ်။ အဲဒီအတွက် ကျွန်တော် ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်။ ကဗျာခေါင်းစဉ်က ` ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး´။

ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး
အော်သံဟာ လူထုတစ်ရပ်လုံးဆီက ထွက်လာတယ်။

            ဗိုလ်ချုပ်ကို ကျွန်တော်တို့ ဘယ်ကြောင့်မို့ ချစ်ကြတာလဲ။ ဘယ်လိုတွေကြောင့် ချစ်ကြတာလဲ။ ဗိုလ်ချုပ်ဟာ စကားပြောတာ ပြတ်တယ်။ သူပြောတဲ့စကားဟာ အမှန်တရားဖြစ်တယ်။ မတရားတာကို ငယ်ငယ်ကတည်းက မကြိုက် ဘူး။ ကလေးဖြစ်ပေမယ့် ငယ်စဉ်က မဟုတ်မမှန်စကားမပြောတဲ့အပြင် အခြားသူတွေ လိမ်ညာပြောဆို တာကိုတောင် မကြိုက်တဲ့အကြောင်း၊ ပြောရင် ပြောတဲ့အတိုင်းလုပ်တယ်၊ ကတိပေးထားရင် ပေးတဲ့ ကတိကို တည်အောင် ကြိုးစားတယ်။ ကိုယ်တိုင်မကြုံဖူးခဲ့ရပေမယ့် ကျွန်တော်တို့ ဖတ်မှတ်ခဲ့ရဖူးတယ်။ ဗိုလ်ချုပ်ပြောခဲ့တဲ့စကား၊ ဗိုလ်ချုပ်ဟောခဲ့တဲ့ မိန့်ခွန်းတွေ၊ ဗိုလ်ချုပ်ဖြတ်သန်းခဲ့တဲ့ ဘ၀ဟာ ကျွန်တော်တို့အတွက် ခိုင်လုံတဲ့သက်သေအထောက်အထားတွေပါပဲ။  အခုလက်ရှိ အာဏာရအစိုးရလက်ထက်မှာ ကိုယ်ပြောထားတဲ့စကား ကိုယ်ပေးထားတဲ့ ကတိ တည်သူ၊ မတရားဘူးထင်ရင် ချက်ချင်း ဖြေရှင်းပေးနိုင်သူ ဘယ်နှဦးများရှိနေပါသလဲ။ အမျိုးဘာသာသာသာနာတွင်တွင် ပြောပြီး တိုင်းတပါးသားကို နိုင်ငံသား အမည်ခံပေးပြီး မဲဝေစုများအောင် လုပ်ခဲ့တဲ့သူတွေ၊ ကျေးဇူးရှင် ကျေးဇူးရှင်နဲ့ ကိုယ့်ရေမြေ တောတောင်သဘာဝ သယံ ဇာတကို ရောင်းစား၊ ကိုယ့်လူမျိုးကိုယ် ကျွန်စနစ်သွတ်သွင်းနေတာ ဘယ်သူတွေလဲ။ ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုပြီး အောက်ခြေလူတန်းစားတွေရဲ့ တဲအိမ်တွေကို ဘူဒိုဇာနဲ့ ထိုးဖျက်တာ ဘယ်သူတွေလဲ။ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးအပြည့်အ၀ရစေရမယ် ဆိုပြီး အဲဒီတောင်သူလယ်သမားတွေကိုပဲ တရားစွဲ၊ ထောင်ချလုပ်နေတာ ဘယ်သူ တွေလဲ။ ဒီရက်ပိုင်းအတွင်းက ပဲခူးမြို့ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့်ကြို လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့စကားတစ်ခွန်း ရှိပါတယ်။
`တကယ့်ကို အဆင့်မြင့်တဲ့ အရည်အချင်းပြည့်ဝတဲ့ ပြည်သူလူထုသာလျှင် သာယာဝပြော ညီညွတ်တိုးတက်တဲ့ နိုင်ငံတစ်ခုကို ထူထောင်နိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့လည်း မထူထောင်ပေးနိုင်ပါဘူး။ အခြား ဘယ်နိုင်ငံရေးအဖွဲ့မှလည်း ထူထောင်မပေးနိုင်ဘူး။ ကျွန်တော်တို့ ကျွန်မတို့ဟာ ဒီနိုင်ငံသာယာဝပြောအောင် လုပ်ပေးပါမယ်လို့ ကတိပေးတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေကို သတိထားကြပါလို့ ကျွန်မပြောချင်ပါတယ်။´
အမှန်ပါပဲ။ ကျွန်တော်တို့တိုင်းပြည်အတွက် ကျွန်တော်တို့ပြည်သူလူထုအားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုတရပ်လုံး ဒါကြောင့် ပြည်သူက ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့ အချုပ်အခြာအာဏာနဲ့ တရားမျှတလွတ်လပ်ခြင်းကို ရရှိဖို့ အရေးအကြီးအဆုံးပါပဲ။

`အစ်မရာ ရှိမှ ပေးနိုင်မှာပေါ့´
`အစ်မ ခင်ဗျား မဟုတ်တာတွေ ပြောတော့မယ်။
ဒီ စပါး ၅၀ ဈေးနဲ့ဝယ်ထားတာ ကျုပ်သိတယ်
ဟုတ်တာပြောမှ ဥစ္စာပေါတယ်။ လိမ်တာ မကောင်းဘူး´
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။

            ဗိုလ်ချုပ်ဟာ မြန်မာ၊အင်္ဂလိပ်နှစ်ဘာသာစလုံးနဲ့ အရေးရော အပြောပါ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ အပြင် စာဖတ် အလွန် ၀ါသနာပါသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အ့ပြင် ဗိုလ်ချုပ်တို့ လုပ်ကြံမခံရမီ ငါးရက်အလို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၄ ရက်နေ့ တနင်္လာနေ့မှာ ဒီးဒုတ်ဦးဘချို၊ ဦးခင်ဇော်၊ ဦးသိန်းဟန်(ဆရာဇော်ဂျီ)၊ ဦးထင်ဖတ်(မောင်ထင်) နဲ့ ဦးဝန်( ဆရာမင်းသုဝဏ်) တို့နဲ့ စကားပြောဖြစ်ကြတယ်။ အဲဒီစကားဝိုင်းမှာ ဒီးဒုတ်ဦးဘချိုက `လွတ်လပ်ရေးရရင် နိုင်ငံရေးက ထွက်ပြီး ပညာရေးနဲ့ ယဉ်ကျေးမှုတွေ လေ့လာမယ်၊(ဦးထင်ဖတ်တို့ကို လက်ညှိုးထိုးပြီး ) သူတို့တတွေနဲ့ အာရှ အရှေ့ တောင်ပိုင်းမှာ လှည့်ပြီး ယဉ်ကျေးမှုလေ့လာချင်ပါတယ် ´လို့ ပြောတော့ ဘန်ကောက်လုံချည်နံ့သာရောင်နဲ့ ပိုးအင်္ကျီ ရင်စေ့ဝတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကလည်း ` ကျွန်တော်လည်း နိုင်ငံရေးက ထွက်မှာပါပဲ ဆရာ။ ထွက်ပြီးတော့ စာရေးမယ် ကြံတယ်´ လို့ ပြောဖူးပါတယ်။ ဆရာ သိန်းဖေမြင့်ကလည်း ` သခင်အောင်ဆန်းသည် စာပေအရေးအသား ၀ါသနာပါသော်လည်း စာတစ်အုပ်ဖြစ်မြောက်အောင် ရေးသားရန် အချိန်မရခဲ့သဖြင့် သခင်အောင်ဆန်းရေးခဲ့သော စာအုပ်ဟူ၍ ပြစရာမရှိဖြစ်ခဲ့ရသည်´လို့ ဘုံဝါဒနဲ့ တို့ဗမာ စာအုပ်မှာ ၀မ်းနည်းစကားထည့်ရေးထားပါတယ်။ ဒါဟာ ကျွန်တော်တို့ လူငယ်တွေအတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုလို့ ဆိုရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေး အသိအမြင်၊ နိုင်ငံရေုးယုံကြည်ချက်၊ ပညာရေးအပေါ်သဘောထား၊ နောက်ပြီး ဗိုလ်ချုပ်တောင့်တခဲ့တဲ့ အတ္ထုပတ္တိစာပေ၊ ဘာသာပြန်စာပေ၊ အာရှတိုက်သားတွေ တစ်ဦးနဲ့တစ်ဦး ကူးလူးဆက်သွယ်ဆင့်ပွားခဲ့တဲ့ အနုပညာတွေ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ဗမာအက၊ ဗမာ့ဂီတစာပေလက်ရာတွေ၊ သတင်းစာဆောင်းပါး ခေါင်းကြီးအရေးအသား စတာတွေဟာ ကျွန်တော်တို့မျိုးဆက်တွေ အခုအချိန်မှာ လေ့လာမှတ်သားအတုယူရမယ့် စာပေလက်ရာကောင်းတွေအဖြစ် ကျန်ရှိနေမှာ ဖြစ်ပါတယ်။ နယူးဘားမား သတင်းစာတိုက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သတင်းအယ်ဒီတာ အတူတူလုပ်ခဲ့ဖူးသူ သတင်း ထောက် ဦးအုန်းဖေကလည်း `ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်ဘာသာစကားဖြင့် ဆောင်းပါးရေးရာ၌ ဖြစ်စေ၊ ဒဂုန် မဂ္ဂဇင်း၊ အိုးဝေ မဂ္ဂဇင်း စသည်တို့တွင် ဆောင်းပါးရေးရာ၌ ဖြစ်စေ အလိုအပိုမရှိအောင် ရေးနိုင်စွမ်းရှိခဲ့လေ၏။ ဟိုခေတ် အခါက နယူးဘားမားသတင်းစာတွင် စာရေးသူ ခေတ္တ သတင်းစာအယ်ဒီတာ လုပ်နေစဉ် ဗိုလ်ချုပ်အောင်ဆန်းသည် ခေတ္တတွဲဖက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပေ၏။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့သော ခေါင်းကြီးပိုင်းများမှာ အင်္ဂလိပ်ဘာသာ စာကောင်းပေမွန်များ၊ အဆင့်အတန်းမီခဲ့ရုံသာမက အကြောင်းအကျိုး သရုပ်ပြညီညွတ်ကြသဖြင့် အစိုးရ ပိုင်းကရော၊ နိုင်ငံရေးခေါင်းဆောင်ပိုင်းကပါ လေးစားစွာ ဖတ်ရှုခဲ့ရလေ၏´ လို့ ရေးသားခဲ့ဖူးပါတယ်။ `ကျွန်တော်လည်း အနုပညာသမားပါဗျာ´ လို့ ပြောခဲ့ပြီး စာရေးဆရာတစ်ယောက်ဖြစ်ချင်ခဲ့သူ၊ `ပဲခူးကဝေ´၊ `အညာသားလေး´၊ `သခင် အောင်ဆန်း´၊ `ဗိုလ်ချုပ်အောင်ဆန်း´ စတဲ့ ကလောင်နာမည်များနဲ့ စာပေလက်ရာများဖန်တီးသွားခဲ့သူ ဗိုလ်ချုပ်သာ စောစောစီးစီးလုပ်ကြံမခံရရင်ဆိုတဲ့ အတွေးက ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုကို ပိုပြီး မီးထိုးနေသလို ခံစားပါတယ်။

`လွတ်လပ်ရေး ရပြီးရင် ငါတော့ နိုင်ငံရေးက ထွက်ပြီး စာရေးမယ်´
`အစိုးရထဲ ၀င်ပြီး ရာထူးယူရတာ ငါတော့ မပျော်ပါဘူးကွာ´
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။

            ဗိုလ်ချုပ်၏ စာပေလက်ရာများ ဆက်လက်ဖတ်ရှုခွင့် ဆုံးရှုံးခဲ့ရသော်လည်း တိုင်းပြည်လွတ်လပ်ရေး၊ တိုင်းပြည် တည်ဆောက်ရေး၊ တိုင်းပြည်ညီညွတ်ရေးအတွက် ဟောပြောခဲ့တဲ့ မိန့်ခွန်းတွေ ကျန်ရှိနေခဲ့တာ ကျွန်တော်တို့အတွက် ဖြေသိမ့်စရာတစ်ခုအဖြစ်သာမက ခေတ်အဆက်ဆက် နှိုင်းချင့်ချိန်ထိုးစရာ၊ မှတ်သားနာယူစရာ စသည်ဖြင့် အဆိုပါ မိန့်ခွန်းများက စံနမူနာပြုစရာကောင်းအောင် ကျန်ရှိနေခဲ့တဲ့အတွက် ကျေနပ်စရာကောင်းလွန်းလှပါတယ်။ ကျွန်တော်တို့ ငယ်စဉ်တုန်းက လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့များရောက်ပြီဆိုရင် ဗိုလ်ချုပ်မိန့်ခွန်တွေက ရေဒီယိုက လွှင့်ပေးခဲ့ဖူး ပါတယ်။ အဲဒီအချိန်ဆိုရင် အဖိုး၊အဖွား၊ မိဘတွေက ရေဒီလေးဖွင့်ပေးပြီး ကျွန်တော်တို့ကို နားထောင်စေပါတယ်။ ကလေး အရွယ်ဆိုတော့ မိန့်ခွန်းရဲ့သဘောတရားတွေကို ကောင်းကောင်းနားမလည်ခဲ့ပေမယ့် ဗိုလ်ချုပ်အသံက ဗိုလ်ချုပ်ဟန်ပန်ကို မျက်စိထဲမြင်ယောင်မိစေသည်အထိ ကျွန်တော်တို့ကို လွှမ်းမိုးထားပြီး မျိုးချစ်စိတ်၊ ဇာတိမာန်တက်ကြွ ထက်သန်လာစေ ခဲ့ပါတယ်။ တနည်းပြောရရင် ဗိုလ်ချုပ်ဟာ ဘာလဲ ဆိုတာ ဗိုလ်ချုပ်မိန့်ခွန်းတွေက အကောင်းဆုံးသက်သေပါပဲ။ ဗိုလ်ချုပ် မိန့်ခွန်းတွေဟာ ဒီကနေ့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေးအခင်းအကျင်းတွေကို ကြိုမြင်ပြီး တစ်ခွန်းချင်းဟာ အဓိပ္ပာယ်ပြည့်ဝ၊ အနှစ်သာရရှိရှိ ပြောခဲ့လေသလားလို့တောင် ထင်မိပါတယ်။ ဗိုလ်ချုပ်မိန့်ခွန်းတွေ၊ ဟောပြောမှုတွေ တစ်ခုဖတ်ပြီးတိုင်း ကျွန်တော် တစ်ခါ အော်ဟစ်မိတယ်။ `ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး´။

`စားဖားတွေ ညီညွတ်တာကို ကျွန်တော် မလိုချင်ဘူး
တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ ပြည်သူလူထုညီညွတ်ရေး
ဒီနှစ်ခု မရှိသမျှကာလပတ်လုံး
ဘယ်ပါတီ ဘယ်အစိုးရလုပ်လုပ် ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲ´
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။

`အခု ဒီမိုကရေစီတွေဟာ အရင်းရှင်တွေ ၊ စီးပွားရေးခြယ်လှယ်တဲ့ စနစ်အခြေခံတဲ့
တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင်စနစ်အုပ်ချုပ်ရေး၊
ဒီမိုကရေစီဆိုတဲ ဗန်းပြပြီး ထားတဲ့ အုပ်ချုပ်ရေးပဲ´
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။

`တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး
မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စန်စဆိုးတစ်မျိုးရှိနေရင်
အများပြည်သူဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ဘဲ
ဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ ပေါ်လာမယ်။
ဒါဆိုရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာ မရနိုင်တော့ဘူး။´
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။

`လယ်သမားတို့လက်မှာ လယ်ယာမြေမရှိ၊
နိုင်ငံခြားသား ချစ်တီးများနဲ့  ဓနရှင်တို့လက်ထဲ
လယ်မြေ ယာမြေတွေ ရောက်နေသည်။
ထိုဘေးမှ ကာကွယ်ရန် လိုအပ်သည်။
ယခုအုပ်ချုပ်ရေးအရ
ပြည်သူတို့ တင်မြှောက်သော အမတ်တို့က
မြေသိမ်းဥပေဒေ လုပ်နိုင်သည်´
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။

`ကျွန်တော်တို့ အစိုးရဟာ တိုင်းပြည်လူထုက ထောက်ခံလို့
ဖြစ်လာတဲ့ အစိုးရဖြစ်တယ်
တိုင်းပြည်လူထုက မကြည်ညိုဘူးလို့ သိလာတဲ့ တစ်နေ့မှာ
တွယ်ကပ်မနေဘူး၊ ထွက်ပေးမယ်´
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။
           
ဗိုလ်ချုပ်မှာ လေးစားအားကျဖွယ်၊ အတုယူဖွယ်၊ စံနမူနာပြုဖွယ် ဂုဏ်ရည်တွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ ကျွန်တော့်ရင်ကို အလှုပ်ခတ်ဆုံး၊ ကျွန်တော်တို့ တိုင်းပြည်တပြည်လုံးကို အလှုပ်ခတ်ဆုံးပေးစာလေးတစ်စောင်လည်း အပါအ၀င်ဖြစ်ပါတယ်။ လူတိုင်းလည်း သိကြပါတယ်။ ` ကြည် ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်´ တဲ့။ တိုင်းပြည် တစ်ပြည်လုံးအတွက် အလုပ်တာဝန်ဝတ္တရားတွေနဲ့ မအားလပ်နိုင်ရှာလို့ ဇနီးဖြစ်သူ ဒေါ်ခင်ကြည့်ထံ အမှာပါးလိုက်တဲ့ ပေးစာလေးတစ်စောင်။ ဒီ စာသားလေးတွေထဲမှာ အထူးခြားဆုံး၊ အလေးနက်ဆုံးသော စာလေး နှစ်လုံးက `ရ ရင် ´ ဆိုတာ လေးပါပဲ။ တိုင်းပြည်ခေါင်းဆောင်ကြီးတစ်ယောက်က သူ့အနီးအနားက ရဲဘော်တွေကို အမိန့်အာဏာနဲ့ မစေခိုင်း၊ သူ့ဇနီးကို လည်း အတင်းအကျပ်ခိုင်းစေ၊ `ရရင်´ တဲ့။ မရရင်လည်း နေပါစေပေါ့။ ပြီးတော့ တောင်းဆိုတာကလည်း ပဲပြုတ်နဲ့ နံပြား။ ဆရာ မင်းလူကတော့ ဒီပေးစာလေးကို ကမ္ဘာပေါ်မှာ အတိုဆုံး၊ အရိုးသားဆုံး၊ အနုပညာအပြည့်ဝဆုံး၊ ရသအမြောက်ဆုံး ၀တ္ထုလေးတစ်ပုဒ်လို့ ခံစားမိပါတယ် တဲ့။ ကျွန်တော်တို့အတွက်လည်း ဒါဟာ အတိုဆုံးရုပ်ရှင်တစ်ကား၊ အတိုဆုံး ကဗျာတစ်ပုဒ်၊ အတိုဆုံးအနုပညာလက်ရာတစ်ခုအဖြစ် ခံစားမိရပါတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းပါပဲ။ သူ့ရဲဘော်လေး တစ်ယောက် ဈေးခြင်းတောင်းဆွဲသွားတာ မြင်လို့ ဒေါ်ခင်ကြည်ကို ဆုံးမပြောဆိုခဲ့တဲ့သူ။ အကြော်ရောင်းနေတဲ့ လူကြီး တစ်ယောက်အနွေးထည်မ၀တ်နိုင်ဘဲ ချမ်းနေတာမြင်လို့ သူ့အင်္ကျီချွတ်ပေးခဲ့တဲ့သူ။ ရုပ်ရှင်ရုံကို အများနည်းတူ ငါးမူးတန်း က ၀င်ကြည့်ခဲ့တဲ့သူ။ ထမင်းစားရာမှာ ပိုက်ဆံမပါလို့ အရိုက်ခံဖို့ ပါးထိုးအပ်ခဲ့သူ။ သူဟာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်တယ်။

`ကြည် ပဲပြုတ်နဲ့ နံပြား ရရင် စားချင်တယ်´
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။

`ငါ့ပြည်သူတွေ ချမ်းနေတာ၊
အနွေးထည် မ၀တ်နိုင်တာ ငါ့မှာ တာဝန်ရှိတယ်´
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။
            `တစ်နှစ်အတွင်း လွတ်လပ်ရေး ရကို ရရမယ်´ လို့ ကြွေးကြော်ပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူ ဗိုလ်ချုပ် အောင်ဆန်းဟာ မသမာသူ နယ်ချဲ့လက်ပါးစေ အာဏာရူးတစ်ချို့ကြောင့် ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့၊ အတွင်းများရုံးမှာ အစည်းအဝေးပြုလုပ်နေတုန်း လုပ်ကြံခံလိုက်ရပါတယ်။ ကျွန်တော်တို့ တစ်တိုင်းတပြည်လုံးမျက်ရည်မစဲနိုင်အောင် ဇူလိုင်မိုးနဲ့အပြိုင် မျက်ရည်ဖြိုင်ဖြိုင်ရွာကျခဲ့ရပါတယ်။ အဲဒီလို အဖြစ်ဆိုးကို နှစ်ကြိမ်တိုင်တိုင် ကြုံခဲ့ရတဲ့ မျိုးချစ်စာဆိုတော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက လေးချိုးကြီးတစ်ပုဒ်နဲ့လည်း စပ်ဆိုဂုဏ်ပြုခဲ့ပါတယ်။ ပထမအကြိမ် ဆယ်နှစ်သားအရွယ် မန္တလေးမြတောင်ကျောင်းသားဘ၀ကို သီပေါမင်းနဲ့ မိဖုရား အရှင်နှစ်ပါး ပါတော်မူတုန်းက `နေ လ နှစ်ဆောင် ပါတော်မူတဲ့အခိုက်ကိုဖြင့်၊ ကတိုက်ကရိုက်အမြန်မြင်လိုက်တော့၊ မခံချင် မာန်ဝင်တဲ့ အစွမ်းရယ်နှင့်´ ဆိုပြီး တစ်ခါ၊ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးများ လုပ်ကြံခံလိုက်ရတော့ `သြော် အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က အောင်စတမ်းချို့စေဖို့၊ အောင်ပန်းညှို့ရရှာတဲ့ ၊ တောင်တမန်း တို့ဗမာမှာ၊ အဟောင်းသံသရာ အငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ ၄င်းကံကြမ္မာအလုပ်ပေမထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့၊ ချုပ်သနှင့် ယင်းအလိုတွင် (အိုကွယ်) ဒေါင်းအလံ ပ၀ါအုပ်ပါလို့၊ ကျုပ်ဖြင့် သဂြိုဟ်ချင်´ မဟာလေးချိုးကြီးတစ်ပုဒ် စပ်ဆိုခဲ့ ပါတယ်။

`သြော် တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညှိုးရရှာတဲ့ အောင်ဆန်းတို့ သေပုံ နှမြော´
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။

၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက် ( ၁၂၇၆ ခု၊ တပေါင်း လဆန်း ၁ ရက်၊ စနေနေ့) မနက်၊ နေတက်ရေတက်ချိန်မှာ မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း။ ဇာတာအမည် ထိန်လင်းလို့ အမည် သညာသတ်မှတ်ခဲ့ပေမယ့် အစ်ကို အောင်သန်း နာမည်ရှိနေတော့ လိုက်ဖက်အောင်ဆိုပြီး ညီဖြစ်သူ ထိန်လင်းက အောင်ဆန်း ဖြစ်ခဲ့ရတယ်။ တကယ်တမ်းကျတော့ ဗိုလ်ချုပ်မွေးရက်ဖြစ်တဲ့ ၁၃ ဂဏန်းဆိုတာ တစ်ကမ္ဘာလုံးက ကံမကောင်းတဲ့ ဂဏန်းလို့ သတ်မှတ်ခံထားရတဲ့ ဂဏန်းပါ။ ဒါကြောင့်လည်း ဗိုလ်ချုပ်က ဒီ ၁၃ ဂဏန်းအပေါ်မှာ စိတ်ဝင်စားမှု ရှိခဲ့တဲ့အပြင် သူ့ရဲ့ အင်္ဂလိပ်စာနဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိထဲမှာလည်း ထည့်သွင်းရေးသားခဲ့ပါတယ်။
`လူတိုင်းလိုလိုပင် ဂဏန်း ၁၃ ကို အထူးတလည် ကြောက်ရွံ့ကြလေသည်။ အမှန်စင်စစ်ကိုသာ သိကြလျှင်မူ သူတို့ ထင်သလောက် နိမိတ်မကောင်းသည့် ဂဏန်းမဟုတ်ချေ။ ဂဏန်း ၁၃ နှင့် သက်ဆိုင်သော အရုပ်ကားကို အမျိုးမျိုး အဖုံဖုံရေးကြ၊ ဆွဲကြသော်လည်း အမြဲတစေ သဘောထားတစ်ခုတည်းပင် ဆောင်လေသည်း။ ထိုပုံသည် လယ်ထဲ၌ အရိုးစုတစ်ခုသည် ကောက်ရိတ်လျက် ၄င်း၏ လက်နှင့်ခြေများသည် အသစ်ပေါက်သော မြက်တောထဲမှ ထိုးထောင်နေ၏။ သရဖူဆောင်းထားသည့် ယောက်ျားဦးခေါင်းတစ်လုံးမှာ တံစဉ်ဖျား၌ ကျလျက် မိန်းမဦးခေါင်းတစ်လုံးသည် ဆံပင်ကို ခေါင်းအလယ်တည့်တည့်တွင် ခွဲကာ ဖားလျားချပြီး နောက်ပိုင်းနားတွင် ပေါ်ထွက်နေသည်။ ဤမျှ ထူးဆန်းထွေလာ နိမိတ်ပြအဓိပ္ပာယ်နက်နဲလှသော အရုပ်ကား၏ အမှန်သဘောကို လှန်လှော၍ သိရှိနားလည်စေရန် ဂဏန်း ၁၃ မှ ၁ နှင့် ၃ နှစ်ခုပေါင်းရသော ၄ ဂဏန်းတစ်ခုတည်း၏ အဓိပ္ပာယ်ကို ပြန်ပြောင်းစီစစ်ရပေမည်။ ၄ ဂဏန်းတစ်လုံးတည်းသည် သူ ကိုယ်တိုင်ကပင် ထူးဆန်းသော ဂဏန်းတစ်လုံးဖြစ်သည်။ ဤ ဂဏန်းစီးနင်းခံရသူ လူများသည် အထင်လွဲ၊ အမြင်လွဲ ခံရတတ်၏။ အဖော်မပါ တစ်ကိုယ်တည်းသာ နေရတတ်၏။ မိမိတို့အား အမြဲတစေ တိတ်တဆိတ်ကျိတ်၍  ကြံစည်သော ရန်သူများနှင့် အတိုက်အခံပြုရတတ်၏။ ရပ်ရွာကိစ္စ၊ အစိုးရကိစ္စတို့တွင် ထုံးတမ်းစဉ်လာကို ဖျက်၍ ခေတ်ပြောင်း တော်လှန် တတ်ကြသည်။ ၄ ဂဏန်း စီးနင်းထားသူတို့သည် အမျိုးစုံသော လူမှုပြဿနာများ၊ ခေတ်ပြောင်းပြုပြင်ရေးကိစ္စများကို ဆောင်ကြဉ်းရန် ၀ါသနာပါကြသည်။ သူတို့သည် အထက်အာဏာပိုင်များကို ပုန်ကန်ခြားနား၍ သမ္မတနိုင်ငံသစ်များကို လည်းကောင်း၊ ထီးသစ် နန်းသစ်မျာကိုလည်းကောင်း တည်ထောင်စိုက်ထူတတ်ကြလေသည်။ ၁၃ ဂဏန်းသည် ဤအထက်တန်းကျသော ဂုဏ်ပုဒ်တို့နှင့် အားလုံး ပြည့်စုံသည်သာမက ပို၍ပင် နက်နဲ ထက်မြက်သေး၏။´

ဘရင်းဂန်းအလက် ၂၀၀ အခိုးခံလိုက်ရပြီးတဲ့နောက်
၁၉၄၇ ဇူလိုင်လ ၁၉ ရက် မနက် ၁၀ နာရီ ၃၇ မိနစ်
၁၃ ဂဏန်းနဲ့ စပြီး ၁၃ ဂဏန်းနဲ့ ဆုံးတယ်
ဒါပေမယ့် ဘယ်တော့မှ သမိုင်းမဆုံးဘူး
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ဖေဖော်ဝါရီမနက်ခင်းရဲ့ အရုဏ်ဦးနေမင်းဟာ
ကမ္ဘာတည့်သေရွေ့ စူးရှတောက်ပလို့
ငါတို့အပေါ်မှာ လင်းစေတယ်
ထပ်ပြောမယ်
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။
ငါတို့ ဗိုလ်ချုပ်ကို ပြန်ပေး။

၁၃ ဂဏန်းဟာ တကယ့်ကိုပဲ ဗိုလ်ချုပ်အပေါ်မှာ တိုက်ဆိုင်စွာ လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဇူလိုင် ၁၉ မှာ ကျည်ဆံ ၁၃ ချက် စိုက်ဝင်ပြီး အသက်ဆုံးခဲ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ။ ဗိုလ်ချုပ်ဟာ တစ်ခါသေပြီးတာတောင် ထပ်ခါ ထပ်ခါ အသတ်ခံခဲ့ရပေမယ့် အထပ်ထပ် ပြန်ရှင်ခဲ့ပါတယ်။ ခေတ်သမိုင်းအဆက်ဆက် ဗိုလ်ချုပ်တွေ အများကြီး ရှိခဲ့ပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ ဗိုလ်ချုပ်ဟာ တစ်ယောက်တည်းပဲ ရှိပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ သတ်သတ် နောက်လည်း ရှင်သန်နေ ဦးမှာပါပဲ။ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ကမ္ဘာတည် သရွေ့ စူးရှတောက်ပနေမယ့် အရုဏ်ဦး နေမင်းပါ။ ထာဝရ လင်းနေပါလိမ့်မယ်။


မင်းနဒီခ
၅၊ ဇန်န၀ါရီ၊ ၂၀၁၅

Friday, March 14, 2014

မန္တလေးကို ဖြတ်သန်းခြင်း

မန္တလေးကို ဖြတ်သန်းခြင်း


  မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆိုက်ရာမြို့၊ ပန်းဆယ်မျိုးနဲ့ စာပေသဘင် ပန်းချီဂီတနဲ့ အနုသုခုမလက်ရာ ထွန်းကားတဲ့ မြို့။ ဘာသာ သာသနာ နေလိုလလို ထွန်းကားတဲ့ မြို့။ ကုန်စည်စီးဆင်းမှုဗဟိုအချက်အချာ မြို့။ အလိုလိုနေရင်း မြို့ကြီးအဆင့်တစ်ဆင့်ကျသွားတဲ့ မြို့။ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းထားတဲ့ မြို့ မန္တလေး။ ဒီဘက်နှစ်များမှာ စီးပွားရေးဈေးကွက်တွေနဲ့ လှုပ်လှုပ် လှုပ်ဖြစ်လာတယ်။ လူမျိုးခြားတွေနဲ့ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်လာတယ်။ မန္တလေးဟာ ကဗျာတွေနဲ့ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်လာတယ်။ ယဉ်ကျေးမှု ပျက်စီးခြင်း တွေနဲ့ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာတယ်။ ပြောရရင် မန္တလေးဟာ သိသိသာသာ လှုပ်လာတယ်ပေါ့။

    မန္တလေးက ၁၈၈၅ အင်္ဂလိပ်-မြန်မာတတိယစစ်မီး၊ ၁၉၄၂ ဒုတိယကမ္ဘာစစ်မီး၊ မီးအမျိုးမျိုးဒဏ်ကို ခံစား ခဲ့ရတယ်။ ဒါပေမယ့် မီးတောက်ထဲကနေ တဖန်ပြန်လည်ရှင်သန်လှပလာတဲ့ ဖီးနစ်ငှက်လို မန္တလေးဟာ သူ့ အတောင်ပံကို ဖြန့်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်တစ်ရာပြည့်နောက်ပိုင်း ၁၉၈၁ ဆိုင်းတန်းမီးနဲ့  ၁၉၈၄ ဦးကျား ကြီးဝင်းမီးလောင်ပြီးတဲ့ နောက်မှာတော့ မန္တလေးဟာ အချိုးစပြောင်းလာပါတော့တယ်။ မန္တလေးဟာ ဖီးနစ် ငှက်လို ရှင်ပြန်ထမြောက်တာမဟုတ်တော့ဘဲ ကျားလိုနဂါးလို အနီရောင်စာလုံးတွေနဲ့ အသားအရောင် စပြောင်း လာတော့တာပါပဲ။ မီးသင့်ရာနေအိမ်တွေနေရာမှာ ဗမာစကားမပီသူတွေ အစားထိုးဝင်လာတယ်။ အသားညိုသူ တွေနေရာမှာ အသားမည်းသူနဲ့ အသားဖြူသူနဲ့ မန္တလေးဟာ ရောင်စုံမန္တလေးဖြစ်လာတယ်။ ရပ်ကွက်တွေ၊ လမ်းတွေတိုင်းမှာ အထပ်မြင့်အဆောက်အဦးတွေ၊ အနီရောင်စာလုံးကြီးတွေ စသဖြင့် မိုးဦးကျမှိုပွင့်ကြီးတွေ ပေါက်လာသလို အလျှိုလျှိုပေါ်ထွက်လာခဲ့တယ်။ ဇိမ်ခံကားတွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ မန္တလေးဟာ ပုံစံပြောင်း လာပါတယ်။ အဲဒီလိုနဲ့ မြန်မာသက္ကရာဇ် ၁၂၂၁ ကနေ ၁၃၇၁ မှာ အနှစ် ၁၅၀ ပြည့်ခဲ့ပြီးတဲ့နောက် အခု ၁၃၇၅ မှာ ၁၅၄ နှစ်ထဲ ရောက်လာတဲ့ မန္တလေးအတွက် ရတက်မအေးစရာအဖြစ်တွေက မန္တလေးကို တစ်ခါပြန်နိုးထ စေနိုင်ပါဦးမလား။ မန္တလေးဟာ ၁၈၈၅ မှာ နယ်ချဲ့အင်္ဂလိပ်ကို အသေခံတိုက်ခိုက်ပြီးမှ သိက္ခာရှိရှိ ကျဆုံးခဲ ပေမယ့် ဒီဘက်နှစ်များရဲ့ မန္တလေးဟာ စီးပွားရေးဈေးကွက်ချဲ့ထွင်ဝါးမျိုမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကျဆုံးမှုနဲ့ လူမျိုးခြားလက်ထဲ အလိုလိုကျရှုံးရတော့မယ် မန္တလေးဖြစ်လို့ လာပါတယ်။
    ကဗျာဆရာတွေဟာ အများအားဖြင့် မိမိပတ်ဝန်းကျင်ရဲ့စေ့ဆော်မှု၊ ပုဂ္ဂလိကတစ်ကိုယ်ရည်နာကျင်မှု၊ ခေတ်ရဲ့ ရိုက်ခတ်မှု တနည်းအားဖြင့် ခေတ်ပေါ်အာရုံခံစားမှုအပေါ်ကို အခြေခံပြီး ရေးဖွဲ့တတ်ကြပါတယ်။ ဒီနေ့ မန္တလေးမြို့ဖွဲ့ ကဗျာတွေကိုကြည့်ရင် ယေဘုယျအားဖြင့် တူညီနေတဲ့အချက်တွေ ရှိပါတယ်။ လူမျိုးခြား လွှမ်းမိုးမှု၊ အတိတ်ကာလလွမ်းဆွတ်မှု၊ ယဉ်ကျေးမှုပျက်စီးမှု စတာတွေကို အများဆုံးရေးဖွဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ကဗျာတွေဟာ အကြောင်းတစ်ရပ်ကို ယခင်ရှိပြီးသားအဖြစ်အပျက်တွေနဲ့ ချိန်ထိုးပြီး ယှဉ်တွဲ တယ်။ ကဗျာဆရာတွေဟာ အရာရာကို ပိုလို့ကောင်းမွန်စေလိုသူ၊ အမှန်တရားကို ချစ်မြတ်နိုးသူ၊ သမိုင်းကို တန်ဖိုးထားသူ၊ မဟုတ်အခံ တစွတ်ထိုးဆန်သူ။ အမြဲတမ်းဖိနှိပ်ခံဘက်မှ ရပ်တည်လေ့ရှိသူတွေ ဖြစ်တယ်။ အဲဒီလို ကဗျာဆရာတွေဟာ မန္တလေးကို သူ့နည်း သူ့ဟန်နဲ့အတူ ဖွဲ့ကြပါတယ်။


မြို့ ၁၂၂၁

မနေ့တစ်နေ့က
တောက်ပဖူးခဲ့တဲ့ ရွှေရောင်အတိတ်ကို
ဒီကနေ့စိတ်နဲ့ လှမ်းထိတော့
ကြွေကျလာတဲ့ ရွက်ကြွေတစ်ရွက်ဟာ
ဒီမြို့ရဲ့ အမည်နာမ အသစ်လား။

လေစိမ်းနံ့တွေ ရှပ်တိုက်ပြေးနေတဲ့
ကျုံးရေပြင်ကို ငေးစိုက်ကြည့်ရင်း
ငါ ဟစ်အော်မိလိုက်ရဲ့
တစ်ကိုယ်တည်း ဒီလို
အတုဟာ အစစ်ထက် ပိုထွားကျိုင်းခဲ့တယ်လို့။

ကိုထက်(ရေဦး)

    ဆရာကိုထက်(ရေဦး)ကတော့ မန္တလေးကို နာကျင်ခံစားမှုနဲ့ ရေးဖွဲ့လိုက်တယ်။ တစ်ချိန်က ရွှေထီး ဆောင်းခဲ့တဲ့သမိုင်းဟာ ရွှေမှန်ကင်းက ထင်းဖြစ်ခဲ့ပြီးတဲ့နောက် ဒီကနေ့မန္တလေးဟာ ကြွေကျတော့မယ် သစ်ရွက် တစ်ရွက်လို။ မန္တလေးရဲ့နာကျင်မှုဟာ ကဗျာဆရာရဲ့ နာကျင်မှုပါပဲ။ ကဗျာဆရာဟာ သူစွမ်းဆောင် မပေးနိုင်သေးတဲ့အရာတစ်ခုအတွက် မချိတင်ကဲ နာနာကျင်ကျင်အော်ဟစ်လိုက်တဲ့အသံကို ကဗျာထဲကနေ ကျွန်တော်တို့ ကြားလိုက်ရပါတယ်။ အတုဟာ အစစ်ထက် ပိုထွားကျိုင်းခဲ့တယ် တဲ့။ မန္တလေးဟာ မန္တလေးသား စစ်စစ်တွေမပါဘဲ မြို့ကြီးပြကြီးဖြစ်လို့။ ခေတ်မီဖွံ့ဖြိုးတိုးတက်လို့။ အထပ်မြင့်အဆောက်အဦးကြီးတွေ၊ စူပါမား ကတ်၊ ဟိုက်ပါမားကတ်ကြီးတွေ၊ ရှော့ပင်းမောလ်တွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ကစားကွင်းတွေနဲ့ ကျော့ ကျော့မော့မော့ အဆင့်အတန်းမြင့်မြင့်ဖြစ်လို့။ ဒါပေမယ့် အဲဒီနေရာတွေဟာ မန္တလေးစစ်စစ်တွေ တကယ်ရှိကြ ပါရဲ့လား။ မန္တလေးရဲ့ ဖွံ့ဖြိုးဟာ မန္တလေးသားတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ တိုက်ရိုက်အချိုးကျပါရဲ့လား။ ဒါဟာ ဖြေဆိုရန် မလိုတဲ့ မေးခွန်းပါပဲ။ ဒီလိုဆိုရင် မန္တလေးသားစစ်စစ်တွေ ဘယ်မှာလဲ။

မန္တလေး

ဘောက်ချာအဟောင်းတွေ ခဏလှန်တော့
ကရင်တွေကလည်း ငါတို့ကို သိမ်းတယ်

အာဇာနည်(၁၇)ဦး သွေးမြေကျခဲ့တဲ့ ၂၆ ဘီလမ်းဟာ
ခု ကွမ်းတွေနဲ့ ရဲလို့
တစ်ခုခုကို ကြောက်လန့်နေတဲ့ပုံပဲ

အရင်က
ဝင်းထရံကို ထုံးသုတ်
အဓိပ္ပာယ်ကို မသိပေမယ့်
အခု ထုံးသုတ်စရာမလိုဘဲ
တစ်မြို့လုံးဖြူဖွေးနေပြီ

ကြယ်ခေါင်ရဲ့ ညီ
ကြယ်တွေနဲ့ မှောင်နေတဲ့ မြို့

ကိုယ့်အရပ်က
မြို့လယ်က နာရီစင်လောက် မမြင့်တာတောင်
ကိုယ်ရနေတဲ့ သံဝေဂက
ကိုယ့်အသက်နဲ့ မမျှပါဘူး
ဒါဆို နာရီစင်ကြီး ရင်ထဲရော

အသံတိတ်လက်ဖြောင့် သေနတ်သမားတွေရဲ့ လက်အောက်မှာ
မြို့ဟာ အော်ချိန်မရဘဲ ကျဆုံးခဲ့ပါပြီ
သူ့နေရာ သူလည်း သိတယ် ထင်ရဲ့
အင်းခရု
သင်ပန်းကုန်း
မြရည်နန္ဒာတို့ထက် ပိုဝေးတဲ့နေရာမှာ
နေတော့မယ် ဆိုပဲ

လမ်းပေါ်မှာ
စက်ဘီးလေးတွေက
ဘာကိုမှ ကျော်မတက်နိုင်ပါဘူး
သွက်သွက်လေးနင်းခဲ့တယ်လေ
မြို့ထဲက တိုက်တွေအားလုံးမှာကပ်ထားတဲ့
ကိုယ်နားမလည်တဲ့ စကားနဲ့ ရေးထားတဲ့
အနီရောင်ပြောင်ပြောင်ကြီးတွေ မြင်ရင်
ဒါဆို
အော် သူတို့တွေ နှစ်သစ်ကူးတော့မယ်ဆိုတာ သိတယ်
ချိန်းခဏ ခဏကျနေတဲ့ စက်ဘီးလေးနဲ့
လမ်းတစ်ဖက်ကို ကူးပြီး
ကျွန်တော်လား
အင်းခရု ဟိုဘက်ထိ ပြန်ရမှာပါ ခင်ဗျာ။

ဘာမှမကျန်တော့တဲ့ ကျုံးအောက်မှာ
ရွှေလင်ဗန်းတွေ ရှိတယ်လို့
ကလေးတစ်ယောက်ကို ပြောပြခဲ့ဖူးတယ်။

ဆက်ရေးစရာ
တွေးစရာတွေ
အများကြီးနဲ့မြို့။

အခုလား
ကုသိုလ်တော်ထဲကနေ မြင်နေရတဲ့
မန္တလေးတောင်ပေါ်က စေတီလေးကို ဖူးမြော်ရင်း
ကြွေကျလာတဲ့ ခရေပန်းတွေနဲ့
ရင်ပြင်တော်ပေါ်မှာ
မန္တလေးလို့ ရေးခဲ့ပါတယ်။

ထွဏ်းသွေးအိမ်

    လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရတက်လာတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်။ နိုင်ငံဟာ ပြာပုံဘ၀ရောက်နေရာကနေ နှစ်အနည်းငယ်အတွင်း တိုးတက်တဲ့ နိုင်ငံဖြစ်လာတယ်။ နောက်ပိုင်း သိပ်မကြာ ဘူး။ နှစ်ယောက်ရှိရင် တစ်ယောက်စီကွဲတဲ့ အကျင့်ဆိုးတွေနဲ့ ဖဆပလလည်း နှစ်ခြမ်းကွဲ၊ တောခိုသူတွေ ခို၊ ပုန်ကန်တဲ့ သူပုန်ကန်နဲ့ ၁၃၁၀ တပေါင်းလဆန်း ၃ ရက်နေ့မှာ ကရင်သူပုန်တွေက မန္တလေးကို သိမ်းတယ်။ ၂၆ ဘီလမ်းပေါ်မှာ အာဇာနည်(၁၇) ရဲ့ သွေးတွေက အခုထိမခြောက်သေး။ မန္တလေးသမိုင်းက ခေတ်အဆက်ဆက် ရဲခဲ့ပါတယ်။ ဒါပေမယ့် အခု မန္တလေးက မြန်မာ- တရုတ်နယ်စပ်မြို့ ကြယ်ခေါင်ရဲ့ ညီ။ ကြယ်တွေ အစင်းစင်း လင်းခဲ့ပေမယ့် အမှောင်ကျနေတဲ့ မြို့တဲ့။ ကဗျာဆရာ ထွဏ်းသွေးအိမ် ၏ သရော်သံပြည့်ဝသော နာကျင်မှုက မန္တလေးရဲ့ အခြေအနေကို အထင်းသားမြင်တွေ့ရစေပါတယ်။ မန္တလေးသားစစ်စစ်တွေဟာ အခုထိ စက်ဘီးနင်း နေတုန်းပါပဲ။ ဒါပေမယ့် သူတို့ဟာ မန္တလေးမြို့တော်ကြီးဆီ ဧည့်သွားဧည့်လာ။ မန္တလေးသားစစ်စစ်တွေဟာ ကြီးမားထည်ဝါနေတဲ့ မြို့တော်ကြီးကို နေ့စဉ်လာ လာ ငေးရတယ်။ ဒီနေရာဟာ ငါတို့နေခဲ့ဖူးတဲ့ နေရာ။ ဒီနေ ရာမှာ ငါ့တို့ ဆွေမျိုးတွေ နေခဲ့တဲ့ နေရာ။ အခု အဲဒီနေရာမှာ ပေါက်ဖော်တွေကြီးစိုးလို့။ အဲဒီလို မန္တလေးသား တွေဟာ မြို့တော်ကြီးကို အလွမ်းပြေလာ လာကြည့်သလိုမျိုး နေ့စဉ်စားဝတ်နေရေးအတွက် တစ်နေကုန် လုပ်ငန်းခွင် ၀င်ကြတယ်။ ညနေစောင်းတာနဲ့ သူတို့အတွက် သီးသန့်မျဉ်းတားပေးထားတဲ့ စက်ဘီးလမ်းကလေး ကနေ မြို့တော်ကြီးနဲ့ဝေးရာ မြို့စွန်မြို့ဖျားကို ပြန်လာခဲ့ကြတယ်။ မန္တလေးသားစစ်စစ်တွေဟာ တဖြည်းဖြည်း မြို့ပြချဲ့ထွင်သူတွေ ဖြစ်မှန်းမသိဖြစ်လို့။ ဒါကိုပဲ ကြံဖန်ဂုဏ်ယူလိုက်ရမလား။ ငါတို့ဟာ မြို့ကို ပိုမိုကြီးမားကျယ် ပြန့်စေသူတွေလို့လေ။ ဒါမှမဟုတ်ရင်လည်း ငါတို့ဟာ ခေတ်သစ်ကိုလံဘတ်တွေလို နယ်မြေရှာဖွေသူတွေလား။ မန်းတောင်ရိပ်ကနေ တဖြည်းဖြည်း ဝေးဝေးသွားတဲ့ မန္တလေးသားတွေ။ ကိုယ့်မန္တလေးဟာ သူတို့ မန္တလေး ဖြစ်လို့။ တဖြည်းဖြည်းဘေးရောက် ရောက်လာတဲ့ မန္တလေးသားတွေ။ မန္တလေးလမ်းမကြီးတွေဟာ သူတို့ကား အကောင်းစားကြီးတွေအတွက် သီးသန့်ခင်းပေးထားသလို ဖြစ်လို့။ တဖြည်းဖြည်း ငေး ငေးကြည့်နေရတဲ့ မန္တလေးသားတွေ။ ကဗျာဆရာဟာ မန္တလေးတောင်ကို ငေးရင်း ကြွေကျလာတဲ့ ခရေပန်းတွေနဲ့ မန္တလေးလို့ ရေးခဲ့ပါတယ် တဲ့။ မေးခွင့်ရရင် ကဗျာဆရာကို မေးလိုက်ချင်ပါတယ်။ တကယ့် မန္တလေးကို မမြင်ရတော့လို့ ခရေပန်းနဲ့ ရေးတာလား။ မန္တလေးရဲ့ သင်းပျံ့တဲ့ရနံ့ကို မရတော့လို့ ခရေပန်းနဲ့ ပုံဖော်ခဲ့လေသလား။ အရင် မန္တလေးဟာ အခုမန္တလေးကိုများ တွေ့လိုက်ရင် ဘယ်လိုပြောမလဲ နားထောင် ချင်မိပါရဲ့။
    မန္တလေးဟာ ဘုရင်မင်းဆက်နောက်ဆုံး နန်းတော်ရာ။ အုတ်ကျစ်ကျော်အေး မန္တလေး၊ မြနန်းစံကျော် ရွှေနန်းတော်နဲ့ မန္တလေး။ ကျုံးမြို့ရိုးနဲ့ ပြအိုး ပစ္စင်နဲ့၊ တထီးတနန်း ကြငှန်းအဆောင်ဆောင်နဲ့၊ ဘာသာတရား ထွန်းကားရာ၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ အနုသုခုမလက်ရာ ထွန်းကားထိန်းသိမ်းနိုင်ခဲ့တဲ့နေရာ။ မြောက်ဘက်မှာ မန္တလေးတောင်တော်၊ အရှေ့ဘက် ရန်ကင်းတောင်တော်၊ အနောက်ဘက် မင်းကွန်း၊ စစ်ကိုင်း စေတီအဆူဆူနဲ့ ဘာသာတရားပြန့်ပွားရာ။ ဧရာဝတီ၊ ဒုဋ္ဌာဝတီမြစ်နှစ်သွယ် ရစ်ခွေစီးဆင်းလို့၊ တောင်သမန်၊ တက်သေးအင်း ဇောင်းကလော၊ အောင်ပင်လယ်၊ သင်္ဂဇာ၊ ရွှေတစ်ချောင်းနဲ့ ရေနီမြောင်းရေကြည်။ ကုသိုလ်တော်၊ မဟာ မြတ်မုနိ၊ ကျောက်တော်ကြီးနဲ့ အတုမရှိရွှေကျောင်းတော်။ ယက္ကန်း၊ ရွှေချည်ထိုး၊ ရွှေဆိုင်း၊ ကျောက်ဆစ်နဲ့ ပန်းဆယ်မျိုး ရာသီတိုင်းပွင့်ခဲ့တဲ့ မန္တလေး။ အဲဒီလို အခင်းအကျင်း ၊ ၀င်းတွေနဲ့ တည်ခဲ့တဲ့ မန္တလေးကို ကဗျာ ဆရာရိုးဒီကတော့ Made In Mandalay လို့ ဘိုဆန်ဆန်ကဗျာနာမည်ပေးပြီး ကဗျာတစ်ပုဒ်ရေးလိုက်ပါတယ်။

Made in Mandalay


               ကဗျာဆရာရိုးဒီဟာ ပုံသဏ္ဍာန်အသားပေးပြီး ကဗျာတစ်ပုဒ်ကိုပြုလုပ်လိုက်ပါတယ်။ ကဗျာရဲ့ပုံသဏ္ဍာန် ကို နန်းတော်ပြသာဒ်ပုံဖွဲ့စည်းလိုက်တယ်။ ကဗျာတစ်ပုဒ်လုံးမှာ ကဗျာဆရာကတစ်ခွန်းတစ်ပါဒမှာ ၀င်ပြောမ ထားဘဲ လူပုဂ္ဂိုလ်နာမည်တွေချည်း ရေးပြထားပါတယ်။ ကဗျာဆရာရဲ့တင်ပြပုံ၊ ကဗျာဆရာရဲ့ မန္တလေး အပေါ် အမြင်။ အခုလက်ရှိမန္တလေးနဲ့ ကဗျာဆရာပြုလုပ်ထားတဲ့ မန္တလေး။ တနည်းအားဖြင့် Made In Mandalay သည် ကဗျာက ဘာပြောသလဲ။ ကဗျာက ဘာပေးသလဲ မေးစရာမလိုလောက်အောင် ထူးခြား ကောင်းမွန်တဲ့ ကဗျာ တစ်ပုဒ်ပါပဲ။ ကဗျာထဲကနာမည်တွေဟာ မန္တလေးသားစစ်စစ်တွေ၊ မန္တလေးမှာ ထွန်းတောက်ခဲ့တဲ့ ကြယ် တာရာ တွေ။ မန္တလေးမှာ လုပ်သည် တဲ့။ ကျွန်တော်ကတော့ မန္တလေးကို ပြုလုပ်ထုဆစ် အသက်သွင်းခဲ့ကြတဲ့ သူတွေ လို့သာ ရေးလိုက်ချင်ပါတယ်။ ဒီကဗျာဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်မေးချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား လို့။ သူ့ခေတ်နဲ့သူ၊ သူ့အနုပညာနဲ့သူ၊ သူ့အတတ်ပညာနဲ့သူ မန္တလေးကို သမိုင်းမော်ကွန်းရေးထိုးသွားကြသူတွေ အများကြီးကျန်ပါသေးတယ်။ ကဗျာဆရာဟာ ကဗျာအဖြစ် ထုတ်နှုတ် ပြသသွားရုံလေးပါ။ ဒီနန်းတော်ပြသာဒ်ပုံအောက်ကနေ ကျုံးမြို့ရိုးတစ်ပတ်လည်စာ သမိုင်းမှတ်တမ်း ရေးထိုး ရမယ့် အမည်နာမတွေ အများကြီး ကျန်နေပါသေးတယ်။ အဲဒါ တစ်ချိန်တုန်းက ကျွန်တော်တို့ရဲ့ မန္တလေးပေါ့။  အရင်လို ကိုယ့်မန္တလေး ကိုယ်ပြန်ရဖို့အတွက် ကျွန်တော်တို့တစ်တွေ ရဲရင့်ဖို့ လိုပါတယ်။ ငြိမ်းချမ်းပျော်ရွှင်စွာ လက်တွဲထားဖို့ လိုပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်နဲ့ အမျိုးဘာသာသာသနာ မကွယ်ပျောက်ဖို့ လိုတယ်။ ရောက်တဲ့ နေရာကနေ ကောင်းအောင် လုပ်ဖို့ပဲ လိုပါတယ်။ ဒီနေ့မန္တလေးအတွက်တော့ ကျွန်တော်ရေးတဲ့ ကဗျာတစ်ပုဒ်နဲ့ နိဂုံးချုပ် ပါရစေ။

မန္တလေး

လေးထောင့်စပ်စပ်ရွေ့တယ်
အလယ်ခေါင်တည့်တည့်မှာနေတယ်
အဆုံးကပြန်စရင် ဘယ်တော့မှ စလို့ ဆုံးမှာ မဟုတ်တော့
မြို့ရိုးကို အနီရောင်ခြယ်လိုက်
ကျုံးရေကို အပြာရောင်ခြယ်လိုက်
အောက်ခံမြေသားအ၀ါ
အခု မြို့ဟာ
မရင်းနှီးတဲ့ သူစိမ်းတွေနဲ့ နေသားတကျဖြစ်လို့။

မင်းနဒီခ
( ပိတောက်ပွင့်သစ်၊ အမှတ် (၅၇)၊ မတ်လ၊ ၂၀၁၄)