Friday, June 9, 2017

အထီးကျန် ကြောင်

အထီးကျန် ကြောင်

ငါ ခရီးပြန်လာတဲ့အခါ ငါ့အိမ်ပေါက်ဝမှာ ကြောင်ဟာ အမြီးတွဲလောင်းချထိုင်လို့
ကြောင်ဟာ ဘယ်တုန်းကတည်းက ငါ့အိမ်ထဲရောက်နေလဲ
ငါ ထမင်းစားတဲ့ အခါ ကြောင်ဟာ ငါ့ဘေးနားမှာ စောင့်မျှော်လို့
ပြီးတော့ ငါ့ ထမင်းပန်းကန်ထဲ ဝင်ထိုင် ငါ့နှုတ်ခမ်းကို လျှာနဲ့ လှမ်းလျှက်
ငါထွက်သွားတဲ့အခါ ငါ့နောက်ကနေ တကောက်ကောက်လိုက်ပြန်တယ်
ကြောင်ဟာ လမ်းလျှောက်ပုံ ညင်သာလို့ သူ့ခြေသံကို ငါမကြားရ
ငါ ဆေးလိပ်သောက်မယ်ဆိုတော့ ကြောင်ဟာ မီးခြစ်ကို အလိုက်သင့်ခြစ်ပေးတယ်
ငါ အိမ်သာတက်မယ်ဆိုတော့ တံခါးဝမှာ ထိုင်စောင့်လို့
ကြောင်ဟာ ငါအနားကနေ ဘယ်ဝေးဝေးကိုမှ မသွား
ကြောင်ဟာ ငါ့ ကွန်ပျူတာစားပွဲခုံပေါ် သေးပေါက်ချတယ်
ငါ့အိပ်ယာခင်းတွေဟာ ကြောင်ချီးတွေ ပေကျံလို့
ငါဟာ ကြောင်ကို ချီပွေ့ပြီး မဆောက်ရသေးတဲ့ တိုက်အမြင့်ကြီးကနေ ပစ်ချလိုက်တယ်
ကြောင်ဟာ ငါ့ကို ရက်စက်တဲ့ အကြမ်းဖက်သမားတစ်ယောက်လို ကြည့်ပြီး
သူ ဝှက်ထားတဲ့ လေထီးကို ဆွဲဖွင့်လိုက်တယ်
ငါဟာ ကြောင်ရဲ့ အမြီးကနေ ကိုင်ပြီး သစ်ပင်နဲ့ ရိုက်ပစ်လိုက်တယ်
ငါ့လက်ထဲမှာ ကြောင်ဟာ ငှက်မွှေးလေးတစ်ချောင်းလို ပေါ့ပါးလို့
ငါ့တစ်ကိုယ်လုံးမှာလဲ ကြောင်မွှေးတွေ
ငါ ထွက်ပြေးတယ် မိုးရေတွေထဲ
ငါ ငိုကြွေးမိတယ် မိုးရေတွေထဲ
လမ်းတစ်ဖက်ကိုရောက်တိုင်း ငါနောက်လှည့်ကြည့်မိတဲ့အခါ
ကြောင်ဟာ ငါ့ကို တွေရီငေးလို့
ကြောင်ဟာ ငါ့အိမ်လေးထဲကို ဘယ်အချိန်ပြန်ဝင်သွားမလဲ ငါတွေးလို့
ကြောင်နဲ့ ငါဟာ တစ်ယောက်အကြောင်း တစ်ယောက်သိနေသလို
ငါလည်း ငါ့အိမ်ကနေ ဘယ်မှ မသွားရဲ
ကြောင်လည်း ငါ့အိမ်ကနေဘယ်ကိုမှ ထွက်သွားမယ့်ပုံမပေါ်
အခု ကြောင်နဲ့ ငါဟာ
တစ်ယောက်နဲ့ တစ်ယောက် ကြောင်ကြည့်ုလိ့
တစ်ကောင်နဲ့ တစ်ကောင် ကြမ်းတပြေးတည်းထိုင်လို့
ကြောင်တစ်ကောင်ရောက်လာပြီးကတည်းက ငါ့ရဲ့ ကြောင်တောင်တောင်နေ့များ။


မင်းနဒီခ
၈၊၆၊၂၀၁၅

No comments:

Post a Comment