Friday, June 9, 2017

တစ်ခါတုန်းက အချစ်ကဗျာ (၄)ပုဒ်

တစ်ခါတုန်းက(၁)

မိုးရေထဲမှာ ထီးလေးဆောင်းလို့
ချစ်သူအိမ်ရှေ့မှာ ငြိမ်ငြိမ်လေး ရပ်လို့
သူလှုပ်ရှားပြုမူသမျှ ငေးမိတယ်
ကိုယ်ရှိနေတာ သူသိပါ့မလားလို့ တွေးမိတယ်။

စိမ့်တိုက်လာတဲ့ မိုးသက်လေလေးရယ်
လွင့်စင်လာတဲ့ ရေမှုန်စက်လေးရယ်
ငါ့ခမျာ တစ်ကိုယ်လုံးစိုရွှဲလို့
စိတ်နှလုံး ခိုက်ခိုက်တုန်လို့
ဒီထီးမိုးအောက်လည်း မခေါ်ရက်ရဲ
သူ့အိမ်မိုးအောက်လည်း မခိုဝင်ရဲ
ကိုယ့်အတွေးနဲ့ ကိုယ်
အလွမ်းကို အကြိုဖိတ်လို့
တိတ်တိတ်ကလေးပဲ ပြန်ဖူးတယ်။

မင်းနဒီခ
၉၊၄၊၂၀၁၄

တစ်ခါတုန်းက(၂)

မိုးရွာထဲ
စီးနေကျ ငါ့စက်ဘီးလေးက ချိန်းကြိုးပြတ်လို့။

မိုးရွာထဲ
နင်စီးသွားတဲ့ကားလေးက ငါ့ကို ရေတွေ စင်လို့။

မိုးရွာထဲ
နင့်ကိုမမြင်စေချင်တဲ့ ငါက ခေါင်းငုံ့လို့။

မိုးရွာထဲ
နင်က ငါ့ကို သနားစိတ်နဲ့ နောက်ပြန်လှည့် ကြည့် လို့။

မိုးရွာထဲ
တစ်ယောက်တစ်လမ်းစီ အိမ်အပြန်
ငါ့စိတ်က နင့်ကို နွေးထွေးဖေးမလို့
နင့်စိတ်က ငါ့ကို ထီးလို မိုးပေးလို့။

မိုးရွာထဲ
တစ်ယောက်တစ်လမ်းစီ အိမ်အပြန်
နောက်တစ်ခါ ပြန်ဆုံမယ်ဆိုပေမယ့်လည်း
ကိုယ်စီရင်ထဲ
မိုးရွာဆဲ။

မင်းနဒီခ
၉၊၄၊၂၀၁၄



တစ်ခါတုန်းက(၃)

သူ့ပါးပေါ်မှာ
ကိုယ့်မိုးရေစက်တွေ
ကိုယ့်ပါးပေါ်မှာ
သူ့မိုးရေစက်တွေ
မဆုံနိုင်ဘူးဆိုတဲ့အတွေးက
မိုးလို ထစ်ထစ်ချုန်းတယ်
ခွဲရမယ်ဆိုတဲ့အသိက
လျပ်စီးလို တဖျတ်ဖျတ်လက်တယ်
ငါတို့
အတူတူသည်းခဲ့ကြဖူးတယ်။

မင်းနဒီခ
၉၊၄၊၂၀၁၄



တစ်ခါတုန်းက(၄)

တံစက်မြိတ်ကစီးကျလာတဲ့ မိုးရေစက်ကို လက်နဲ့ခံရင်း
လွမ်းမိတယ်။

မဆိုင်ဘူးလို့ပဲ ဆိုဆို မပိုင်ဘူးလို့ပဲပြောပြော
သူ့ဆံဖျားမှာ တွဲရွှဲခိုနေတဲ့ မိုးရေစက်လေးကို မနာလိုမိတယ်။

ချစ်ခြင်း ရယ်
နောက်ဆုံးကြွေကျပေးလိုက်ရမှာချင်းအတူတူ
ကိုယ်လိုလူ အတွက်
ခဏတာ တွယ်ဖက်ခွင့်လေးရရင်
ပင်လယ်သမုဒ္ဒရာအထိဆိုရင်လည်း
စီးဆင်းပစ်လိုက်မှာပဲပေါ့။

မင်းနဒီခ
၁၀၊၄၊၂၀၁၄



No comments:

Post a Comment