Friday, June 9, 2017

ငါ ၃၄

ငါ ၃၄

တနင်္လာဟာ လပေါ်ကို ငသတ်တင်ပြီး ထွက်လာတယ် ငါဖြစ်တယ် ငါဖြစ်တယ်
မွေးခန်းထဲက ပိတ်စအဖြူပေါ်မှာ ငါနာမည်ကို ဘယ်လို ရေးခဲ့သလဲ ငါသိချင် ငါမြင်ချင်
တစ်ချိန်က ဇူလိုင်ဟာ အခုထိ မိုးတဖြိုင်ဖြိုင်ရွာနေဆဲ ငါကြားရ ငါစိုစွတ်ရ
မလုံလောက်သေးဘူး ထင်လို့ တွန်းတွန်းပို့ခံလိုက်ရတဲ့ နေ့စွဲတွေထဲ ငါပြုတ်ကျ ငါခုန်ဆင်း
ငါ့ညာဘက်လက်ဟာ ငါ့ဘယ်ဘက်လက်ကို အားပေးဆုပ်ကိုင်လို့ ငါကျော်လွှား ငါကူးဖြတ်
ဝိုင်းအောင်လေ့ကျင့်ခဲ့ရတဲ့ ဝလုံးသေးသေးလေးထဲ ငါနစ်ဆဲ ငါဝဲလည်
တစ်ချောင်းငင်လို့ မမှတ်ဘဲ ငါထောက်ခဲ့တဲ့ ခြေထောက်တွေ ငါယိုင်နဲ့ ငါလဲပြို
လုံးကြီးလို မတင်ခဲ့မိတဲ့ ရေအိုးတွေထဲ ငါဖြည့်ဆည်း ငါခပ်ထည့်
ရှေ့မှာရောက်လို့ ကောက်ခဲ့မိတဲ့ စံပယ်နှစ်ပွင့်မှာ ငါ့သမီး ငါ့ဇနီးသည်
တစ်ပင်ကို နှစ်ပင်ယှက်လို့ သာမယ်ထင်မိတဲ့ စိတ်ကူးမှာ ငါတောထဲ ငါ့တောင်ထဲ
မလွယ်လမ်းကိုမှ လိုက်ခဲ့မိပါတယ် မလွယ်လမ်းကိုမှ ကြိုက်ခဲ့မိပါတယ် ငါ့ကဗျာ ငါ့အနုပညာ
ပေးထားချက်ကိုမှ သက်သေပြဖို့ရာ တည်ကိန်းကိုမှ ပြတ်အောင်စားဖို့ရာ ငါ့ဂဏန်း ငါ့သင်္ချာ
လစ်ဟာသွားတဲ့ ကွက်လပ်ကိုဖြည့်ပါ မေးခွန်းအားလုံးကို ဖြေဆိုပါ ငါ့ဘဝ ငါ့ကမ္ဘာ
သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေတော့ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေတော့ ငါ့မွေးနေ့ ငါ့ဆုတောင်း
မပေါင်းလည်းခက် ပေါင်းလဲခက် မပြတ်လည်းပေါင်း ဆက်လည်းပေါင်း ငါ့ခန္ဓာ ငါ့ဇရာ
ကြားကြားသမျှကို အမျှဝေလို့ ပြုသမျှကုသိုလ် စိတ်ရည်မှတ်တယ် ငါ့ဥစ္စာ ငါ့သံသရာ
၃၅ ဟာ ဒီနေ့ ငါ့ကို လာလာစွက်ဖက်တယ် ငါအသိစောခဲ့တယ် ငါအလုပ်နောက်ကျခဲ့တယ်
ငါဟာ ငါကို ငါက ခွာချမရ ငါငါ ငါသူ ငါတပါး ငါယောက်ျား ငါမိန်းမ
ငါနဲ့ မလွတ်သမျှ ငါရှိနေရဦးမယ့်အကြောင်း။

မင်းနဒီခ
(၆၊ ၇၊ ၂၀၁၅)

No comments:

Post a Comment