Friday, June 9, 2017

တစ်ကြိမ်ကြွေပြီး အခါခါ ပွင့်ခြင်းသို့

တစ်ကြိမ်ကြွေပြီး အခါခါ ပွင့်ခြင်းသို့

တောက် ခေါက်သံဟာ
နိုင်ငံတော်ရဲ့ တံတွေးခွက်ထဲမှာ ဆွံ့အလို့
မယုံနိုင်စရာ။
လေစီးကြောင်းထဲ
အဝါရောင် ငှက်မွှေးတွေ လွင့်လာတာ မြင်လိုက်တယ်
ချည်တိုင်ဟာ ကြိုးတန်းလန်းနဲ့ ရှုပ်ထွေးလို့ လောကအလယ်
လောင်ကျွမ်းမှုတိုင်းဟာလည်း အငြိုးထား တေးမှတ်ဖွယ်။
မှတ်စုစာအုပ်ထဲလည်း နာမည်တွေ ရဲမှည့်လို့
တည်ငြိမ်ဖို့ ကြိုးစားသူတစ်ယောက်ကြောင့်
စိတ်ဟာ အမြဲလှုပ်ခတ်နေရတယ်
ပြတင်းပေါက်ကနေ ငေးကြည့်တော့လည်း အရင်အတိုင်းပဲ
စက်တင်ဘာ ၃ ရက်နေ့ မောင်ချောနွယ် ဆုံးတယ်
နောက်တော့ နေ့တိုင်းပြန်ရှင်တယ်။
လွမ်းစိတ်ဟာ ကဗျာစာအုပ်ကို ပြန်ပိတ်လိုက်တယ်
စွန့်ပစ်ပစ္စည်းတွေဟာ အိပ်ရာပေါ်မှာ ငါ့ကိုယ်စား လဲလျောင်းလို့
အရာအားလုံး စိတ်တိုင်းကျဖြစ်ဖို့တော့
ဘုရားသခင်ကိုပဲ အချိနိပိုဆင်းခိုင်းရတော့မယ်။
သီချင်းသံဟာ မြေပြန့်ကနေ တောင်ပေါ်အထိ လွင့်ပျံနေဆဲပါပဲ
ဘယ်နေရာက ဘယ်သူဆိုနေမှန်းသာ မသိတာ
ခဏပဲစောင့်ပါ
သစ်ခေါက်ပင်ရှိရာ သစ်တောက်ငှက်တို့ လာခဲ့သလို
ကဗျာရှိရာ ငါလာခဲ့ပါမယ်
အခမ်းအနားဟာ သူ့ကိုယ်သူ ဖြန့်ခင်းလို့
ဂုဏ်ပြုသူတို့ရှေ့မှောက်မှာ
တိတ်ဆိတ်စွာ
ငြိမ်သက်စွာ
မောက်မာစွာ။

မင်းနဒီခ

(၃၊ ၉၊ ၂၀၁၅)

No comments:

Post a Comment