Friday, June 9, 2017

ကြောင်ဝံပိုက်များ

ကြောင်ဝံပိုက်များ

ခေါင်မိုးပေါ်ကို ကြောင်ဝံပိုက်တစ်ကောင် ခုန်ဆင်းလာတယ်
ဝုန်း ကနဲ အသံကြာတော့ ငါထိတ်လန့်သွား
အိပ်ကောင်းချိန်ဆို ကြောင်ဝံပိုက်ဟာ ငါ့အိမ်ခေါင်မိုးပေါ် အမြဲ လမ်းဖြတ်လျှောက်တယ်
သူ့ခန္ဓာကိုယ် ဝဝဖီးဖီးကြီးဆိုတော့ လမ်းလျှောက်သံကလည်း ကြမ်းတမ်းလို့
ကြောင်ဝံပိုက်ရဲ့ ပန်းတိုင်ဟာ ဘုရားစင်ပေါ်က သစ်သီးပွဲပဲ
သူဟာ ဘယ်တော့မှ ဘုရားကို ဝတ်မပြုဘူး
သူဟာ ဘုရားဆီက စွန့်တော်မူပါ မပြောဘဲ လက်​ရဲဇက်​ရဲ ယူစားတယ်
ဒါပေမယ့် ကြောင်ဝံပိုက်ဟာ ဘယ်တော့မှ သစ်သီးတွေကို ကုန်အောင်မစားဘဲ ဘုရားကို ပြန်လှူတယ်
ပြီးတော့ အမှောင်ထဲမှာတောင် ဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ဘေးပတ်လည်ကို ကြည့်
ဖွင့်ထားတဲ့ တံခါးပေါက်ကနေ ငါ့အိမ်ခေါင်မိုးပေါ် ပြန်တက်သွား
ဒီလိုနဲ့ ကြောင်ဝံပိုက်ဟာ ပျောက် ပျောက်သွားတယ်
သူ ဘယ်မှာနေသလဲ ဘယ်ကို ပြန်သွားလဲဆိုတာ တအိမ်သားလုံး မသိကြ
သူ လာရင် ခေါင်မိုးပေါ်မှာ ဝုန်းကနဲ အသံ ကြားရမယ်
သူ မပြန်ခင် သူ့မျက်လုံးနဲ့ စိုက်ကြည့်တာ ခံရမယ် ဒါပဲ
ကြောင်ဝံပိုက်ဟာ ဘယ်သူ့မှ မကြောက်သလို
ငါတို့လည်း ကြောက်ဝံပိုက်ကို ဘယ်သူမှ မကြောက်ကြ
သူ မလာရင် သတိရနေမိသလို
သူလာမှာ စိုးလို့ အိမ်တံခါးတွေ လုံအောင် အထပ်ထပ်ပြန်စစ်ရ
တစ်နေ့ကျတော့ မိန်းမချက်တဲ့ အသားဟင်းတစ်ခွက်ထဲ
သစ်သီးတစ်လုံးရဲ့ အစအနတွေ ငါတွေ့ရ
အဲ့ဒီနေ့က မွတ်သိပ်စွာနဲ့ ငါတို့ အားပါးတရ စားသောက်ခဲ့ကြပုံ
နှစ်များကြာတဲ့အခါ ခေါင်မိုးပါတဲ့ အိမ်လေးကို ဖျက်ပြီး
ခေါင်မိုးမပါတော့တဲ့ အိမ်အသစ်လေး ငါတို့ပြန်ဆောက်လိုက်ကြပုံ
အခုတော့ ခေါင်မိုးပါတဲ့ အိမ်လေးလည်း မရှိတော့ဘူး
အိမ်တံခါးတွေလည်း ဖွင့်အိပ်စရာ မလိုတော့ဘူး
မှန်လုံခန်းထဲက ဘုရားစင်ရှေ့လည်း သစ်သီးပွဲတွေ အစီအရီကပ်လှူလို့
ကြောင်ဝံပိုက်လည်း ရေထဲနစ်တဲ့ ကျောက်ခဲလို မပေါ်လာ စုန်းစုန်းမြှုပ်လို့
ဆိုပေမယ့်
ညရောက်တိုင်း အိမ်ခေါင်မိုးပေါ် ဝုန်းကနဲ ခုန်ချနေတဲ့ အသံကြားနေရဆဲ
ဘုရားစင်ပေါ်က သစ်သီးပွဲလည်း ကိုက်ရာ တစ်ဝက်နဲ့ ကျန် ကျန်နေဆဲ
ငါတို့ ခန္ဓာကိုယ်လည်း တစ်နေ့တခြား ဝဖီးလို့
စူးလက်ဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ ပတ်ဝန်းကျင်ကို ကြည့်နေမြဲ
ဘယ်မှာလဲ ကြောင်ဝံပိုက်က ဘယ်မှာလဲ။

မင်းနဒီခ
၇၊ ၁၂၊ ၂၀၁၆

No comments:

Post a Comment