Friday, June 9, 2017

ကဗျာပစ်ရန်အလာ ရေစိုနေသည့် ဘဲငန်းတစ်ကောင်နှင့် မိတ်ဆွေဖြစ်ခြင်း

ကဗျာပစ်ရန်အလာ ရေစိုနေသည့် ဘဲငန်းတစ်ကောင်နှင့် မိတ်ဆွေဖြစ်ခြင်း

ဘဲငန်းတစ်ကောင်ဟာ ကုန်းပေါ်မှာ ယက်ကန်ယက်ကန်သွားနေတယ်
သူ့ခြေထောက်မှာ ရေစက်တန်းလန်း တစက်စက်ကျလို့
ငါဟာ ရေစို အဝတ်တွေကို လှမ်းဖို့ အမြဲတမ်း သတိမေ့တတ်သူ
လေမတိုက်လည်း လေတံခွန်တွေ ပျံဝဲနေတုန်းလား
လေမှုတ်စက်ဟာ သမီးဆံပင်တွေပေါ်ကနေ တဝူးဝူး ဖြတ်သွားတယ်
မျက်နှာ မသစ်ချင်ဘူး သနပ်ခါးမလိမ်းချင်ဘူး ကျောင်းမသွားချင်ဘူး
nick.jr ကြည့်မယ် Toy Story ကြည့်မယ် အာလူးပူတီစားမယ် အာနိုးသောက်မယ်
မျက်စိကို မှိတ်လိုက်တယ် တစ်နေ့တာဟာ အိပ်မက်ဇာတ်ခုံပေါ်က ဇာတ်ဝင်ခန်းပဲ
မစားဖြစ်ခဲ့တဲ့ အိပ်ယာဝင် သစ်သီးတွေကို ဆာလောင်မိတယ်
မော့မကြည့်ဖြစ်တာကြာတော့ ဒီအပင်က ဘာအသီး သီးမှန်း ငါတကယ် မသိတော့
ကျီးကန်းတွေဟာ စွန့်ပစ်ထမင်းကျန်တွေကို လှည့်မကြည့်ပဲ ထပြန်သွားကြတယ်
တစ် နှစ် သုံး လေး ကနေ တစ်ရာ့တစ်ဆယ် တစ်ရာ့နှစ်ဆယ်အထိ
အိပ်မပျော်တဲ့ မျက်လုံးတွေနဲ့ ရေတွက်နေဆဲ မဖြစ်မြောက်ခြင်းတွေ
အလင်းရောင်ဟာ ဇာခြင်ထောင်ပန်းနုရောင်ရဲ့ ခြင်ဝင်ပေါက်ကနေ လာတယ်
အိပ်မက်ကဇာတ်ဟာ အပျိုတော်ကနေ နောက်ပိုင်းအထိ မကရသေးဘူး
လက်ခုပ်သံတွေ ကြားနေရပြီ ကျေးဇူးပြုပြီး မတ်တပ်ရပ်ပေးရဦးမလား
ကျနော့်ကို ခိုင်းပါဆိုတဲ့ ကြော်ငြာလာတိုင်း တီဗီချယ်နယ်ကို နောက်တလိုင်းကို ပြောင်းမိတယ်
ရေလွတ်ရာ မိုးသားများကို ရွေ့ပြောင်းပါ မြို့ဟာ တရားပြစရာ ရုပ်နာမ်တရားမဟုတ်
မိုးရွာတော့မယ်ဆိုတိုင်း မိုးချုန်းသံအရင်ကြားသင့်တယ်မဟုတ်လား ကလေး
တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ တကုတ်ကုတ် တိုက်ခတ်နေတဲ့ သူ့ ယောင်ယမ်းမြည်တမ်းသံမှာ
ငါးပွက်ရာ ငါးစာလိုက်ချသလို ရတဲ့စာသားနောက် ကဗျာတကောက်ကောက်လိုက်ကပ်မိပါတယ်
ခြင်ထောင်အပြင်ဘက် ထွက်လျှောက်နေတဲ့ ဘဲတစ်ကောင်လို မရွာသေးတဲ့ မိုးရေစက်တွေ တန်းလန်းနဲ့
တရားရှာ ကိုယ်မှာတွေ့သလို ကဗျာရှာ အခါခါကွေ့ခဲ့တဲ့ လမ်းချိုးလေးအတိုင်း။

မင်းနဒီခ

(၈၊၉၊၂၀၁၅)

No comments:

Post a Comment