Friday, June 9, 2017

၃၅ နေ့တွေ

၃၅ နေ့တွေ
______________________________________
မိသားစုအတွက်ဆို ဘာရယ်မဟုတ်ဘူး
အလကားရတဲ့ လေတောင် တဝက်ပဲ ရှူပြီး ပိုပေးဆပ်ချင်ခဲ့တဲ့နေ့တွေ
လူငယ်ဘဝရဲ့ ဖြတ်စတွေမှာ ကိုယ်အသံကိုယ်ကြားအောင်
ရေတွင်းထဲ ခေါင်းငုံ့ နာနာကျည်းကျည်း အော်ဟစ်မိတဲ့ နေ့တွေ
ခမ်းနားတဲ့ ဘဝဆိုတာ
အိမ်ပြန်ချိန် အော်ဆိုမိတဲ့ သီချင်းတစ်ပုဒ်လို့
ထင်ယောင်ထင်မှား ယိုးစွပ်မိခဲ့တဲ့ နေ့တွေ
ဂျင်းဘောင်းဘီအနားဖွာနဲ့ စီးကရက်လက်ကြားညှပ် တောက်ခေါက်ဖြစ်ခဲ့တဲ့ နေ့တွေ
အရှိန်နဲ့ မောင်းလာတဲ့ ကားတစ်စင်းအောက် ခေါင်းထိုးဝင်ပစ်ချင်မိတဲ့ နေ့တွေ
အဆီတထပ် အသားတထပ် အောင်မြင်မှုနဲ့ အသက်ရှူ မဝခဲ့တဲ့နေ့တွေ
ငွေသံ ကြေးသံ တချွင်ချွင်နဲ့ အဆင်မပြေခြင်းကို ဓားနဲ့ပေါက်
ဆပ်ကပ်ထဲက ဓားသမားတစ်ယောက်လို နေ့တွေ
နှစ်ယောက်အိပ်ကုတင်တခြမ်းကို သမီးအတွက်ပေးပြီး
ကျန်တဲ့တခြမ်းထဲ ဖြစ်သလိုအိပ်ခဲ့ရတဲ့ ခပ်ကျပ်ကျပ်နေ့တွေ
ကျားတံဆိပ်ဘီယာတစ်ဘူးနဲ့ ကျုံးပလက်ဖောင်းဘေး ခြေချမိတဲ့နေ့တွေ
တစ်ခါတလေ အချစ်ဆိုတာ ကြေမွသွားတဲ့ တစ်ရှူးဗူးလေး
တစ်ခါတလေ အချစ်ဆိုတာ ကျိုးပေါက်သွားတဲ့ သုံးထပ်သားနံရံ
အဲ့ဒီလို အသံတိတ်ပြဇာတ်ထဲက မင်းသားလို နေ့တွေ
ကိုယ်လည်းလေ လောကီသားမို့ ပြီးတော့လည်း ပြီးတာပါပဲ
ရန်ဖြစ် ပြီး ပိုချစ်ခဲ့ကြတဲ့ နေ့တွေ
လမ်းလျှောက်တယ် ပြေးတယ် ခြေလွှဲ ခါးလှဲ့ အိပ်ထ မတင် ဝိတ်ချချင်ခဲ့တဲ့ နေ့တွေ
အသေကောင်လို လမ်းလျှောက် ဘယ်အချိန် အိမ်ပြန်ရောက်ရောက် နေ့တွေ
ကျွန်သက်တမ်းတိုးသလို စာချုပ်မှာ လက်မှတ်ထိုး နာနာကျင်ကျင် ရယ်ဖြစ်ခဲ့တဲ့ နေ့တွေ
မြေကြီးပေါ် တုတ်နဲ့ခြစ် စိတ်ကူးနဲ့ အိမ်ပုံဆွဲ
အမိုးအကာ တခုထဲအောက် တမိသားစုလုံး ခေါ်ထားချင်မိတဲ့ နေ့တွေ
ဇနီးပြီးတော့ ဇနီး သမီးပြီးတော့ သမီး
ကိုယ့်အသက်ကို သူတို့လက်ထဲ ပုံအပ်ခဲ့တဲ့ နေ့တွေ
ကဗျာပြီးရင်း ကဗျာ နောက်ထပ် ကဗျာပြီးတော့လည်း ကဗျာပါပဲ
ကဗျာဆရာ အယောင်ဆောင် ကဗျာမဖြစ်ခဲ့တဲ့ နေ့တွေ
နောက်ထပ် ဘယ်လို နေ့တွေ လာဦးမလဲ
လူ့သက်တမ်းလေးရဲ့ အိမ်အပြန်လမ်းထဲ
ကြေကြေကွဲကွဲ မျှော်လင့်နေမိတဲ့ နေ့တွေ
သြော် နေ့တွေ နေ့တွေ နေ့တွေ နေ့တွေ
ကိုယ်ပိုင်တယ် ထင်ခဲ့လည်း ကိုယ်တကယ် မပိုင်ဆိုင်ခဲ့ရတဲ့ နေ့တွေလေ။

မင်းနဒီခ
၆၊ ၇၊ ၂၀၁၆

No comments:

Post a Comment