Friday, June 9, 2017

ချစ်တယ် ချောရယ်

ချစ်တယ် ချောရယ်

ချစ်တယ် ချောရယ်
အလွမ်းဆိုတာ ဘယ်သူမှ မစိုက်ဘဲ ပွင့်ပြနေတဲ ပန်းလေးတစ်ပွင့်လား
နားခိုရာ ရင်ခွင်တစ်ခုအတွက်
မိုင်ထောင်ချီအဝေးက ပျံသန်းလာတဲ့ ငှက်တစ်ကောင်လို
သတိရခြင်းက မင်းဆီကိုပဲ အတောင်ပံတဖျတ်ဖျတ်ခတ်တယ်။
ဘယ်အကြောင်းတရားက ငါတို့ကို ဝေးကွာစေနိုင်မလဲ
ဘယ်အကြောင်းတရားက ငါတို့ကို ဝေးကွာသွားစေနိုင်မလဲနဲ့
ကိုယ့်ကိုယ်ကိုယ် သံပတ်ပေးပြီး အားတင်းခဲ့တဲ့ နေ့စွဲများ
ဟိုး ... အဝေးက ရှိုက်သံသဲ့သဲ့ ကြားတယ်။

ချစ်တယ် ချောရယ်
မင်းဟာ ငါ့ရဲ့
နွေဦးပွင့်သစ်၊ မိုးစက်သံစဉ် ဆောင်းနှောင်းနှင်းစက်
ငါ့သံသရာ ခရီးရဲ့ ဘ၀ဆက်တိုင်း လက်တွဲဖော်
ခေတ် အဆက်ဆက် ကျန်ရစ်မယ့် ဒဏ္ဍာရီသတို့သမီး
ဒါကြောင့်မို့လဲ
ငါမျှော်လင့်တယ်
ငါမျှော်လင့်ပါတယ် ချောရယ်။

အိမ်ပြန်ချိန်ရဲ့ လှေကားအဆင်းမှာ
ပြုတ်ကျသွားတဲ့ မျက်ရည်စက်တွေ အတွက်
တနင်္ဂနွေလက်ဖက်ရည်တစ်ခွက်မှာ
ပျော်ဝင်သွားတဲ့ စောင့်စားခြင်းတွေ အတွက်
အထီးကျန်အိမ်ကလေးရဲ့ အနမ်းမဲ့ တစ်ကိုယ်ရည်ညများစွာအတွက်
ကမ်းလင့်လာမယ့် လက်တစ်စုံကို မျှော်လင့်ရင်း
ငါ ပြော မယ်။

ချစ် တယ် ချော ရယ် ။


မင်းနဒီခ

No comments:

Post a Comment