Friday, June 9, 2017

ဥာဏ်ပညာ ချစ်ခြင်းမေတ္တာနဲ့ ပိုးပိုး

"ဥာဏ်ပညာ ချစ်ခြင်းမေတ္တာနဲ့ ပိုးပိုး"

သမီး ကျောင်းတက်တော့ 
ဖေဖေလည်း ကျောင်းတက်ရတာပေါ့
သမီး ကျောင်းဆင်းတော့ 
ဖေဖေလည်း ကျောင်းဆင်းရတာပေါ့။


မနက်ဆိုလည်း အတူတူစောစောထလို့ 
ကျောင်းသွားဖို့ ပြိုင်ရတယ်
ရေချိုးပြိုင်ရတယ် အင်္ကျီအဝတ်ပြိုင်ရတယ်
မေမေက သနပ်ခါးကို သွေးပေးလို့
ဖေဖေက ခေါင်းကို ဖြီးပေးလို့
ကျောင်းတက်ခေါင်းလောင်းမထိုးခင်
မနက်ခင်းတိုင်းဟာ
ပြေးပြေးလွှားလွှား လှုပ်လှုပ်ရှားရှား။


ဒီနေ့ ကျောင်းက ဘာသင်လဲ မေးရင်
အင်း အဲ ဟိုလေ မှတ်မိတော့ဘူး တဲ့။
ပြီးတော့ ခေါင်းလေးကိုမော့ ခါးလေးကိုထောက်
သင်ခဲ့သမျှကို ပြန်စဉ်းစား
ကျောပိုးအိတ်လေး ကျောမှာထားလို့
သူ စာဆိုပြနေတာကိုက ချစ်စရာ။


ညညဆိုလည်း
ဝလုံးကို အတူတူဝိုင်းလို့
ကကြီး ခခွေး အတူတူရွတ်လို့
ကာတွန်းကားကို အတူတူကြည့်လို့
ဗိုလ် ကျား သေနတ်လည်း ကစားကြတယ်
ပါဝါရိန်းဂျားလိုလည်း လေဆာဓားခုတ်တယ်။


ဘာပဲ ကစားကစား သူပဲ အနိုင်ရချင်တာ
အဖေ့ ဝလုံးထက် သူ့ ဝလုံးကို ပိုဝိုင်းချင်တာ
သူပြောတဲ့စကားက Everything I Know
သူဆိုချင်တဲ့ သီချင်းက Let It Go
သူ စိတ်ဆိုးရင် I Hate You
သူ စနောက်ရင် Blar Blar Blar
သူ့ အင်္ဂလိပ်စကားပြောလေး နားထောင်ရတာကိုက 
ကြည်နူးစရာ
အစစ အရာရာ အဖေ့ထက် သာစေချင်မိတာ
သူ သိပါ့မလား
သူ အပြိုင်ခင်ကတည်းက အရှုံးပေးနေမိတာ
သူ နားလည်ပါ့မလား။


တစ်နှစ်ထက် တစ်နှစ် ပိုတတ်လာပြီ
တစ်နှစ်ထက် တစ်နှစ် ပိုသိလာပြီ
တစ်နှစ်ထက် တစ်နှစ် 
သူ့ပတ်ဝန်းကျင် ပိုကျယ်ပြန့်လာပြီ
တစ်နှစ်ထက်တစ်နှစ် 
သူ့သူငယ်ချင်းတွေ ပိုများပြားလာပြီ။


သူတတ်တဲ့အရာတွေထက် 
သူမတတ်တာတွေ အများကြီးရှိတဲ့အကြောင်း
သူသိတဲ့အရာတွေထက် 
သူမသိတာတွေ အများကြီးရှိသေးတဲ့အကြောင်း
သူ့ပတ်ဝန်းကျင်ကျယ်ပြန့်တာထက် 
သူပတ်ဝန်းကျင်ပိုကောင်းမွန်စေချင်တဲ့အကြောင်း
သူ့သူငယ်ချင်းတွေ ပိုများလာတာထက် 
သူငယ်ချင်းကောင်းတွေ ပိုများစေချင်တဲ့အကြောင်း
သူ နားလည်အောင် ပြောပြရဦးမယ်
သူ မမေ့အောင် သင်ပေးရဦးမယ်။


သမီးငယ်လေး ပိုးပိုးရေ
ကျောင်းမှာလည်း သင်ပါ အိမ်မှာလည်း သင်ပါ
ပတ်ဝန်းကျင်ကလည်း သင်ပါ လောကကြီးဆီကလည်းသင်ပါ
အဖြူအစိမ်းကို ချစ်ပါ ပညာကို ချစ်ပါ
မိဘကို ချစ်ပါ ဆွေမျိုးကို ချစ်ပါ
သဘာဝတရားကို ချစ်ပါ အမှန်တရားကို ချစ်ပါ
ရိုးသားမှုကို ချစ်ပါ ရောင့်ရဲမှုကို ချစ်ပါ
ဘာဖြစ်လို့လဲဆိုတော့
ဥာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာကသာ
သမီးကို ပိုမိုပျော်ရွှင်ကြည်နူးစေမှာမို့ပါ။


မင်းနဒီခ
၁၊ ၆၊ ၂၀၁၇

No comments:

Post a Comment