ချစ်သူသို့
ပျော်ရွှင်ပါစေ
ချစ်သူ
ချစ်ခြင်းမေတ္တာဟာ
ငါတို့
စိုက်ပျိုးခဲ့တဲ့ သစ်ပင်ဆိုရင်
သမီးလေးဟာ
အဲဒီအပင်က
ပွင့်တဲ့ပန်းကလေးပေါ့။
ပျော်ရွှင်ပါစေ
ချစ်သူ
နားလည်မှုဆိုတာ
ငါတို့ကြားမှာ
အလေ့ကျပေါက်ခဲ့တဲ့
မြက်ပင်တွေ မဟုတ်ဘူး
အနှစ်နှစ်အလလ
ပျိုးကြဲယူခဲ့ရတယ်
အနှစ်နှစ်အလလ
ကိုင်းဆက်ယူခဲ့ရတယ်
အခုလည်း
သစ္စာတရားကို
ပိုးမွေးသလို မွေးမြူရသလို
သမီးလေးကိုလည်း
ငါတို့
ပိုးမွေးသလို
ဆက်မွေးမြူကြတာပေါ့။
ပျော်ရွှင်ပါစေ
ချစ်သူ
ငါတို့
လျှောက်တဲ့လမ်းဟာ အလိုလို ပန်းမပွင့်ခဲ့ဘူး
တမင်တကာ
ခင်းယူရတယ်
ငါတိုဖြတ်ခဲ့တဲ့
တံတားဟာ အလိုလိုချိတ်ဆက်ထားတာမဟုတ်ဘူး
ကိုယ်တိုင်
ထိုးယူခဲ့ရတယ်
ပျော်ရွှင်ပါစေ
ချစ်သူ
ငါစိတ်ညစ်တဲ့အခါ
`မ မရှိလို့ မဖြစ်´ သီချင်းကို ဆိုမယ်
နင်စိတ်ညစ်တဲ့အခါ
` ချစ်တယ် ချောရယ်´ ဆိုတဲ့ ကဗျာကို ဖတ်ပေါ့
အခက်အခဲတွေ
တွေ့တိုင်း
ကိုညီထွဋ်ရဲ့
ရှင်သန်ခြင်း သီချင်းကို
နှစ်ယောက်အတူတူ
ဆိုရင်း ဖြတ်သန်းကြမယ်
ပျော်ရွှင်ပါစေ
ချစ်သူ
ငါ့လက်ကို
တွဲပါ
ငါ့ပခုံးသားပေါ်မှာ
အိပ်စက်ပါ
နီးနီးဝေးဝေး
ငါ့နှလုံးသားကို ဖုန်းခေါ်ပါ
ငါပထမဆုံးပေးတဲ့
ရည်းစားစာဟာ
ထာဝရမပြောင်းလဲတဲ့
ငါ့မေတ္တာပါပဲ
ပျော်ရွှင်ပါစေ
ချစ်သူ
ငါတို့ရန်ဖြစ်ကြ
ငါတို့ ပြန်ချစ်ကြ
အမှတ်တရနေ့စွဲတွေကို
ပြက္ခဒီန်စာရွက်ပေါ်
ထပ်ထပ်တိုးရင်း
ငါတို့
ပျော်ရွှင်ကြ ငါတို့ ရယ်မောကြ
သံသရာကို
မကြောက်တမ်း
လက်ဆင့်ကမ်းလိုက်တဲ့
ကြိုးတွေနဲ့
ငါတို့
တစ်ယောက်ကို တစ်ယောက် ချည်နှောင်ကြ
မြင်သူတကာ
အားကျတဲ့ မိသားစုဘ၀ကို
ငါတို့
ရခဲ့တယ်
ငါတို့
ရခဲ့တယ်။
ပျော်ရွှင်ပါစေ
ချစ်သူ
မွေးနေ့မှာ
စ၍ နောင်လာမယ့် နေ့ရက်တိုင်း
ငါ့ရင်ခွင်ထဲ
မှေးစက်တိုးဝင်လို့
ငါ့အနာဂတ်ကို
မီးအိမ်ထွန်းလမ်းပြလို့
မိသားစုချစ်ခြင်းမေတ္တာကို
ခံစား
ငါ
ဆုတောင်းပေးလိုက်ပါတယ်
ပျော်ရွှင်ပါစေ
ပျော်ရွှင်ပါစေ
ချစ်သူ
ထာဝရ
ပျော်ရွှင်ပါစေ ချစ်သူ။
မင်းနဒီခ
(၁၈ ဇူလိုင်မှာ ကျရောက်တဲ့ မွေးနေ့အတွက် ချစ်ခြင်းကဗျာ)
No comments:
Post a Comment