လက်ထပ်ခြင်းအနုပညာ
အိပ်မက်မဟုတ်တော့ဘူး
စိတ်ကူးယဉ်မဟုတ်တော့ဘူး
တစ်ယောက်လက်ကို
တစ်ယောက်တွဲလို့
တစ်ယောက်ဘ၀ထဲကို
တစ်ယောက်တိုးဝင်လို့
နှစ်ယောက်
တစ်ဘ၀ဖြစ်ခဲ့ပြီ။
ဘ၀ဆိုတာ
ကံကြမ္မာဓါးပေါက်ရာ
မျက်စိမှိတ်ရင်ကော့ထားရတဲ့
ဖြစ်တည်မှု
တစ်ခါတစ်ခါ
ပျော်ရွှင်ခြင်းဟာ
ကမ္ဘာလုံးကြီးထဲ
တ၀ူးဝူးမောင်းပြလိမ့်မယ်
တစ်ခါတစ်ခါ
နာကျင်ခြင်းဟာ
အမြောက်ထဲကို
တစ်ကိုယ်လုံး ထည့်ပစ်လိမ့်မယ်
တစ်ခါတစ်ခါ
ကောင်းဆိုးလောကဓံဟာ
ရင်သပ်ရှုမော
မျက်လှည့်ပြလိမ့်မယ်
တစ်ခါတစ်ခါ
သစ္စာတရားဟာ
ရိုးသားမှုကြိုးတန်းပေါ်မှာ
လမ်းလျှောက်ပြလိမ့်မယ်။
ဘယ်လိုဖြစ်ဖြစ်
တစ်ယောက်ကို
တစ်ယောက်ချစ်ရင်း
ချစ်ခြင်းနဲ့လျှောက်ရမယ့်
လမ်းတလျှောက်
နေလိုလည်း
ထွန်းလင်းစေ လလိုလည်း အေးမြစေ
ချစ်ခြင်းနဲ့
တူးဖော်ထားတဲ့ ကန်ရေပြင်မှာ
ကြာလည်း
တင့်စေ ရေလည်းမြင့်စေ
ချစ်ခြင်းနဲ့
တည်ဆောက်ထားတဲ့ အိမ်လေးမှာ
ပန်းလည်း
ပွင့်စေ ရနံ့လည်း သင်းစေ
ချစ်ခြင်းနဲ့
တသွင်သွင် စီးဆင်းစေ။
မင်းနဒီခ
No comments:
Post a Comment