နှစ်ယောက်တစ်လမ်းနဲ့
အနာဂတ်ကို ထမ်းခဲ့တယ်
သူ့လက်ကလေး
ကိုင်ခွင့်ရတဲ့နေ့က
ကျွန်တော်ဖျားတယ်
အဖေရယ်
အမေရယ်
ကျွန်တော်ရယ်
သုံးယောက်သား
သူ့အကြောင်းတွေ
ပြောတဲ့ညက
မိုးလင်း
လင်းသွားတယ်။
အိမ်သေးသေးလေးတစ်လုံး
ဆောက်မယ်
အခန်းသေးသေးလေးတစ်ခန်း
ဖွဲ့မယ်
စာအုပ်စင်နဲ့
မှန်တင်ခုံကို
ဘေးချင်းယှဉ်ထားမယ်
မနက်ဆိုရင်
အတူတူမျက်နှာသစ်လို့
ညဆိုရင်
အတူတူဘုရားဝတ်ပြုလို့
ယဉ်မိတဲ့
စိတ်ကူးမှာ
အပန်းဖြေခရီးလည်းပါတယ်
မီလျှံနာဘ၀လည်းပါတယ်။
ဘာမဆို
တစ်ချို့တ၀က်ဆို
မလိုချင်ဘူး
အကုန်လုံးရမှပဲ
လိုချင်တယ်ဆိုလို့
သံသရာဘ၀တစ်လျှောက်လုံးကို
သူ့လက်ထဲ
ထည့်ပေးပြီး
ဘုရားမှာ
သစ္စာဆိုလိုက်တယ်
ဒါမှ
မယုံသေးရင်လည်း
လက်ထပ်ကြည့်လိုက်ပါလို့
ကျွန်တော်အတည်ပြောတော့
သူက
တခစ်ခစ်ရယ်တယ်။
ဒီလိုနဲ့
လက်ထပ်ပွဲလေးကျင်းပခဲ့ပါတယ်
ဒီလိုနဲ့
ကိုယ့်ဘ၀ကို
သူ့ဘ၀နဲ့ထပ်ပြီး
လောကဓံနဲ့
စီးချင်းထိုးခဲ့ကြပါတယ်
ဒီလိုနဲ့
သမီးလေးတစ်ယောက်ရခဲ့ပါတယ်
ကမ္ဘာကြီးက
ကျယ်တယ်
မိသားစုလေးက
ကျဉ်းပါတယ်
ကျွန်တော်တို့တတွေ
ကမ္ဘာကြီးကို
မိသားစုလေးထဲထည့်ပြီး
ရလာတဲ့ပျော်ရွှင်မှုကို
မျှဝေစားသုံးခဲ့ပါတယ်။
အခုထိ
တစ်ခြားမိန်းကလေးအကြောင်းပြောမိရင်
သူ
ကျွန်တော့်ကို စိတ်ကောက်တုန်း
အခုထိ
ဖုန်းခေါ်လို့
ချက်ချင်းမကိုင်ရင်
ကျွန်တော်
သူ့ စိတ်ဆိုးတုန်း
အခုထိ
ဆိုင်ကယ်အစုတ်လေးစီးနေတဲ့
ကျွန်တော့်ကို
မြင်ရင်
သူ
အားနာနေတုန်း
အခုထိ
လက်ထပ်လက်စွပ်လေးလစ်ဟာနေတဲ့
သူ့လက်သူကြွယ်လေးကို
မြင်ရင်
ကျွန်တော်အားနာနေတုန်း။
ကျွန်တော်တို့နှစ်ယောက်ဟာ
မမြဲတဲ့တရားမှာ
တစ်ယောက်လက်ကို
တစ်ယောက်မြဲအောင်တွဲရင်း
သံသရာတွင်းနက်နက်ထဲ
ခုန်
ခုန်ဆင်းလို့
ချစ်ခြင်းကို
တွန်းတင်ခဲ့ကြတယ်
`နိဗ္ဗာန်ဟာ
ပျင်းစရာကောင်းပါတယ် အချစ်ရယ်´
အဲဒီလို
တရားလက်လွတ်
ကျီစယ်စနောက်ရင်း
ပူလောင်ခြင်းကို
ပွေ့ပိုက်ချည်နှောင်လို့
ကိုယ့်နံဘေးက
သူ
ပျောက်သွားမှာ စိုးရိမ်ခဲ့ကြတယ်။
နေ့များရှည်လျားလွန်းခဲ့ပေမယ့်
သာယာခဲ့တယ်
ညများ
မှောင်မိုက်လွန်းခဲ့ပေမယ့်
ကြည်နူးရတယ်
အခု
သူက
ကျွန်တော်နဲ့
သမီးလေး လက်ကိုတွဲ
အခု
ကျွန်တော်က
သူနဲ့
သမီးလေး လက်ကိုတွဲ
မိသားစုစည်းဝိုင်းထဲ
ဝိုင်းကြီးပတ်ပတ်ဒူဝေေ၀
ကျွန်တော်တို့တတွေ
ကိုယ့်ဝေစုနဲ့ကိုယ်
ပျော်ရွှင်ရင်း
နေတတ်လို့
ကျေနပ်ခဲ့ကြတယ်။
မင်းနဒီခ
၆၊ ဖေဖော်ဝါရီ၊
၂၀၁၄
No comments:
Post a Comment