Friday, June 9, 2017

နွေဦးပေါက် ဂီတ

နွေဦးပေါက် ဂီတ

မြောက်ပြန်လေက
နှင်းကို တရွတ်ဆွဲခေါ်ထွက်ပြေးသွားတဲ့ အခါ
အလွမ်းဟာ
လမ်းမပေါ် ဖုန်တထောင်းထောင်းထလို့။

နွေဦး တဲ့
ရှင်ကွဲ ကွဲနေတဲ့ ဥသြငှက်တစ်ကောင်လို မြည်ကြွေးရင်း
လေတိုက်တိုင်း ရူးရပြန်ပေါ့
သစ်ရွက်ကြွေသံဟာ မင်းခြေသံလား
သစ်ကိုင်းခြောက်တွေရဲ့ တဖျစ်ဖျစ်ကွဲအက်သံဟာ
မင်းရဲ့ တခစ်ခစ်ရယ်သံများလား
တဝီဝီလည်နေတဲ့ လေပွေငယ်လေးက
မင်းပုံရိပ်ကို ဖန်ဆင်းပြတဲ့အခါ
သတိရစိတ်ဟာ
ပက်ကြားအက်ပါးပြင်ပေါ် စမ်းချောင်းတစ်ခုအဖြစ်စီးဆင်းစေခဲ့တယ်။

ချစ်ခြင်းရယ်
ဘယ်ရာသီဟာ
လွမ်းစိတ်ကို ပိုမို ပူလောင်စေခဲ့ပါသလဲ
ဟိုးဝေးဝေးကပျံ့လွင့်လာမယ့် ဘုရားဆည်းလည်းသံလေးတွေ မကြားမချင်း
နွေဦးပေါက် ဂီတဟာ
ပြန်ညှိမရတဲ့ ဂစ်တာတစ်လက်ရဲ့ ကြိုးတွေနဲ့
သူနာမည်ကို ခပ်တိုးတိုးညည်းရင်း
မဆုံနိုင်တဲ့သီချင်းကိုပဲ
ဆက် ဆက် ဆို နေ မိ တော့ တယ်။


မင်းနဒီခ
၂၂.၁.၂၀၁၃

No comments:

Post a Comment