Friday, June 9, 2017

ဖေဖော်ဝါရီ ၁၄ လက်စွပ်

ဖေဖော်ဝါရီ ၁၄ လက်စွပ်

အဲဒီနေ့က
လစ်ဟာနေတဲ့ သူမလက်သူကြွယ်လေးကို ကြည့်ရင်း
ကျွန်တော် ၀မ်းနည်းတယ်။

နာကျင်စွာ ရယ်မောတတ်အောင် ဘယ်သူသင်ပေးခဲ့ပါသလဲ
ပျော်ရွှင်ခြင်းဟာ ခဏတဖြုတ်လာတယ် ခဏတဖြုတ်ပြန်တယ်
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့
ကိုယ့်လမ်းကို ကိုယ်ဖောက်ဖို့
ကိုယ့်နှုတ်ခမ်းကိုယ် ကိုက်ပြီး စောင့်ခဲ့ရတဲ့နေ့တွေ
ကိုယ့်အမှောင်နဲ့ကိုယ် မိုက်ခဲ့ရတဲ့ ညတွေ။

အဲဒီနေ့က
လစ်ဟာနေတဲ့ သူမလက်သူကြွယ်လေးကို ကြည့်ရင်း
ကျွန်တော် ၀မ်းနည်းတယ်။

မပြည့်စုံခြင်းဟာ ဘ၀တစ်ခုကို မောပန်းစေခဲ့ပါသလား
သူ့ရင်ခွင်ဟာ ကိုယ့်အတွက် လန်းဆန်းအမောဖြေရာ
ကိုယ့်ပခုံးဟာ သူ့အတွက် မှီတွယ်ခိုနားရာ
အဲဒီလို ဘာမှမရှိတဲ့ ကွက်လပ်လေးမှာ
တစ်ယောက်အပြုံးတစ်ယောက် နားလည်ရင်းနဲ့
ညတွေကို လင်းခဲ့တယ်
တစ်ယောက်စကား တစ်ယောက်အားပေးရင်းနဲ့
နေ့တွေကို ကျော်ခဲ့တယ်။

အဲဒီနေ့က
လစ်ဟာနေတဲ့ သူမလက်သူကြွယ်လေးကို ကြည့်ရင်း
ကျွန်တော် ၀မ်းနည်းတယ်။

`မ´အတွက် ဘာမှမလိုပါဘူးကွယ်လို့ သူပြောတော့
ကျွန်တော်ပိုနာကျင်ခဲ့ရတယ်
မောင့်အတွက် ဘာမှ မလိုပါဘူးကွာလို့ ကျွန်တော်ပြောတော့
သူမ ပိုကြေကွဲရတယ်
တစ်ယောက်နဲ့တစ်ယောက်ဟာ
တစ်ယောက်စိတ်မှာ တစ်ယောက်စွပ်လို့
လစ်ဟာနေတဲ့ လက်သူကြွယ်လေးကို ကိုယ်စီကြည့်ရင်း
ကြည်ကြည်နူးနူး ရယ်မောလိုက်ကြတယ်။

အဲဒီနေ့က
လစ်ဟာနေတဲ့ သူမလက်သူကြွယ်လေးကို ကြည့်ရင်း
ကျွန်တော် ၀မ်းနည်းတယ်။

ဒီနေ့တော့
သူမလက်သူကြွယ်လေးကို ကြည့်ပြီး ကျွန်တော်ပျော်မိတယ်။

ဖေဖော်ဝါရီ ၁၄ လက်စွပ်ဟာ
လစ်ဟာနေတဲ့ သူမလက်သူကြွယ်လေးမှာ တဖိတ်ဖိတ်တောက်လို့
လိုနေတဲ့ ကွက်လပ်လေးကို တလက်လက်ဖြည့်ဆည်းလို့
ငါးနှစ်ကြာမက်ခဲ့တဲ့ အိပ်မက်တစ်ခုကို အသက်သွင်းကိုယ်ထင်ပြလို့
ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ
ကျွန်တော်တို့နှစ်ယောက်
အဲဒီနေ့က
လစ်ဟာနေတဲ့ သူမလက်သူကြွယ်လေးကို ကြည့်ရင်း
ကျွန်တော် ၀မ်းနည်းမိတဲ့အကြောင်း တစိမ့်စိမ့်ပြန်တွေးလို့
ကြည်ကြည်နူးနူးရယ်မောလိုက်ကြတယ်။

မင်းနဒီခ
၁၄၊ ဖေဖော်ဝါရီ၊ ၂၀၁၄




No comments:

Post a Comment