Saturday, June 22, 2013

ဝလုံးဒါန်းလေး စီးရအောင်



ဝလုံးဒါန်းလေး စီးရအောင်

စာအုပ်အမည်                      ၀လုံးဒါန်း ကလေးကဗျာများ
ရေးသူ                               မောင်စိမ်းသစ်
ထုတ်ဝေသည့် ကာလ              ၂၀၁၃၊ ဇွန်လ
ထုတ်ဝေသည့် တိုက်               ဇေယျတု

          ကလေးကဗျာဟု ကြားလိုက်သည်နှင့် ဆရာကြီးမင်းသုဝဏ်နှင့် ဆရာတင်မိုးကို ကျွန်တော်အရင်ဆုံး သတိရမိသည်။ ကျွန်တော်တို့ မွေးကင်းစရွယ် ကဗျာဆိုတာ ဘာမှန်းမသိခင်ကတည်းက ဆရာမင်းသုဝဏ်၊ ဆရာတင်မိုး တို့၏ကလေးကဗျာဖြင့် ကြီးပြင်းခဲ့ရသည်။ မိုးများရွာလို့ လမ်းမပေါ် ကလေးသဘာဝထွက် ကစားရင်း နှုတ်တိုက်အလွတ်ရနေသည့် ဆရာမင်းသုဝဏ်၏ သပြေသီးကောက်ကို သံပြိုင်ရွတ်ခဲ့ကြသည်။ ခရာဆူးခြုံ ဆိုသည့် အဓိပ္ပာယ်ကို နားမလည်ပေမယ့် မျှော့နက်ဆိုတာ ဂျိုနဲ့လားကွဲ့ဟု အော်ရင်း ကဗျာရွတ်ရတာကိုက အားမာန်တွေရှိလာသလို ခံစားခဲ့ရသည်။ လယ်ကွင်းတွေ ယာခင်းတွေထဲရောက်လျှင် ဆရာကြီး၏ လယ်စောင့် တဲ ကဗျာလေးကို ရွတ်မိသည်။ ၀ါတွင်းကာလ အဘိုးအဘွားမိဘများနဲ့ ဥပုဒ်ဇရပ်သွားသည့်အခါ၊ ဘုန်းကြီး ကျောင်းသို့ ဆွမ်းချိုင့်ပို့သွားသည့်အခါ ဆွမ်းအုပ်နီနီ အမေရွက်လို့ အစချီ ဥပုဒ်စောင့် ကလေးကဗျာ။ ညအိပ် ရာဝင်လို့ အိပ်ယာပေါ်ကစားကြသည့်အခါတောင်မှ ဆရာကြီး၏ ခေါင်းအုံးကြီး ကဗျာ စသည်ဖြင့် ဆရာကြီး မင်းသုဝဏ်၏ ကလေးကဗျာများမှာ ကျွန်တော်တို့ဘ၀တွင် အရေးအကြီးအခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။ ဆရာ မင်းသုဝဏ်သည် ကလေးကဗျာစာအုပ်အဖြစ် မောင်ထွေးဖို့ကဗျာများမှ အမည်ပြောင်း ထုတ်ဝေခဲ့တဲ့ မောင်ခွေးဖို့ ကဗျာများ၊ မောင်ခွေးဖို့နဲ့ မထွေးဖို့ ကဗျာများ၊ ငှက်ကလေးတွေ စသည့်ကဗျာစာအုပ်များ အပြင် ကလေးပုံပြင် ပေါင်း များစွာကိုလည်း ရေးသားထုတ်ဝေခဲ့ပါသည်။
ကလေးကဗျာနှင့် ပတ်သက်ပြီး နောက်ထပ် ကျေးဇူးရှိသူတစ်ဦးမှာ ဆရာတင်မိုးဖြစ်သည်။ ဆရာကြီး မင်းသုဝဏ်၏ ကလေးကဗျာများအား နှုတ်တိုက်အာဂုံဆောင် အလွတ်ရနေမိသလို ဆရာတင်မိုး၏ ထီးကလေး နဲ့မနီသည်လည်း ကျွန်တော်ကလေးဘ၀မှ ယခုသမီးလေးတစ်ယောက်ရဲ့ အဖေဖြစ်သည်အထိ စွဲစွဲမြဲမြဲ မှတ်မိ နေသည့်ကဗျာ။ ကျောင်းနေရွယ်မရောက်ခင် မူကြိုတန်းများတွင် ဆရာတင်မိုး၏ ယုန်ကလေးက နားရွက်ထောင် ပညာရှိယောင်ယောင်၊ ကြောင်ကလေးက လက်သည်းဖွက် ချောင်းလိုက်ရတဲ့ ကြွက် စသည့် ကလေး ကဗျာလေးများဖြင့် အမူအယာများပြုလုပ်ပျော်ရွင်စွာ သင်ကြားခွင့်ရခဲ့သည်။ သူငယ်တန်းကျောင်းသားဘ၀ ရောက်သည့်အခါ ဆရာတင်မိုး၏ ကလေးကဗျာများနှင့် ပိုမိုရင်းနှီးကြရသည်။ က ကလေးငယ် ချစ်စဖွယ်၊ ခ ခရေကုံး မလေးပြုံး၊ မမ ၀၀ ထထက အက ပထမ စသည်ဖြင့်။ သမီးလေးငိုသည့်အခါ ထိုကလေး ကဗျာ လေးများဖြင့် ချော့ရသည်။ သမီးလေးအိပ်ချိန်တွင်လည်း ရွတ်ဆိုချော့သိပ့်လို့ရသည့် သားချော့တေး။ ခေတ် အဆက်ဆက် ဘယ်တော့မှ ပျောက်ပျက်နိုင်ဖွယ်မရှိသည့် ကဗျာများ။ ဆရာတင်မိုးသည် ကလေးကဗျာစာအုပ် အဖြစ် ထီးကလေးနဲ့မနီ၊ ပျိုးခင်းတေးသံ၊ ပူစီ၊ အမေ့ကျောင်း၊ ကလေးကဗျာပန်းဥယျာဉ် စသည်ဖြင့် ငါးအုပ် ထွက်ရှိခဲ့သည်။
နောက်ထပ်ကလေးကဗျာများနှင့် ပတ်သက်ပြီး ကျေးဇူးတင်ရမည့် စာဆိုများမှာ ဆရာမကြီး နုယဉ်နှင့် ဆရာကြီးမျိုးမြင့်ဆွေဖြစ်သည်။ ဆရာမကြီး နုယဉ်သည် ကလေးများအတွက်ဗုဒ္ဓ၀င် ဟူသော စာအုပ်တစ်အုပ်ကို ကဗျာလေးများဖြင့် နားဝင်လွယ်အောင်၊ မှတ်မိလွယ်အောင် ရေးသားပြုစုပေးနိုင်ခဲ့သလို ဆရာကြီးမျိုးမြင့်ဆွေ မှလည်း လိမ္မာယဉ်ကျေး မေ့ရင်သွေးနှင့် ကလေးတို့အဖော် ရွှေဇီးကွက် စသည့် ကလေးကဗျာစာအုပ်နှစ်အုပ်ကို ရေးသားစပ်ဆိုပေးခဲ့သည်။ နောက်ထပ်လည်း ကလေးကဗျာများနှင့် ပတ်သက်၍ ကျေးဇူးရှိသူများ ကျန်ရှိကြပါ လိမ့်ဦးမည်။ ခေတ်အဆက်ဆက် ကလေးစာပေအခန်းကဏ္ဍတွင် ကလေးကဗျာသည် အရေး အကြီးဆုံးနေရာမှ ပါဝင်ခဲ့သည်။ ကလေးကဗျာ၏ အဓိကအသက်မှာ အသံချိုခြင်း၊ မှတ်မိလွယ်ခြင်း၊ ရွတ်ဆိုရလွယ်ကူခြင်း တို့ဖြစ် သည်ဟု ထင်မိသည်။ ဆရာကြီးမင်းသုဝဏ်၊ဆရာတင်မိုးတို့သည် ကလေးကဗျာများမှတဆင့် သူရဲကောင်း စိတ်ဓါတ်၊ ကိုယ်ချင်းစာစိတ်ဓါတ်၊ သဘာ၀၀န်းကျင် မြတ်နိုးတတ်စေသည့် စိတ်ဓါတ်၊ အမှန်တရားကို ချစ်မြတ် နိုးသည့်စိတ်ဓါတ်၊ တိုင်းပြည်နှင့်လူမျိုးကိုချစ်တတ်သည့် စိတ်ဓါတ်များ ကို ပြေပြစ်ညင်သာစွာ စီးမျော သိပ်သွင်း ပေးခဲ့သည်။ ဆရာမကြီးနုယဉ်သည်လည်း ကလေးကဗျာများမှတဆင့် ကလေးများအား ယဉ်ကျေးလိမ္မာ အောင် ၊ မိမိတို့ကိုးကွယ်ရာ ဗုဒ္ဓဖြစ်စဉ်ကို ရင်းနှီးကျွမ်းဝင်အောင်၊ ဘာသာတရားကို ကိုင်းရှိုင်းတတ်အောင် ကဗျာများမှ တဆင့် လမ်းညွှန်ပြသပေးခဲ့သည်။ ထို့ပြင် အထက်ပါကလေးကဗျာများ ထဲတွင် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အ လာများ၊ ကစားနည်းများ၊ မြန်မာ့ယဉ်ကျေးမှုများ၊သဘင်၊ဂီတ၊အနုသုခုမများမှ စကားလုံးများကိုပါ ကွယ်ပျောက် မသွားစေရန် ရွတ်ဆိုမှတ်မိလွယ်စေသည့် ကလေးကဗျာများထဲတွင် ထည့်သွင်း စပ်ဆို ပေးနိုင်ခဲ့ကြသည်။ ကလေးကဗျာသည် မြန်မာ့အမျိုးသားရေးအခန်းကဏ္ဍမှ ကမ္ဘာလုံးဆိုင်ရာကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အထိ အရေးပါသော်လည်း ကလေးကဗျာသည် ရေးသားသူနည်းပါးသလို ကလေးကဗျာစာအုပ် အဖြစ် ထွက်ပ်ါလာမှုလည်း နည်းပါးလွန်းခဲ့ပါသည်။ ထို့ကြောင့်မိမိတို့ မြန်မာနိုင်ငံတွင် ကလေးစာပေဖွံ့ဖြိုးမှု နည်းပါးပြီး ကွက်လပ်တစ်ခုအဖြစ်ရှိနေသည်မှာလည်း ကြာပြီဖြစ်သည်။
သို့သော် ၂၀၁၃ ဇွန်လတွင် ၀လုံးဒါန်း ကလေးကဗျာများဟူသော စာအုပ်လေးတစ်အုပ် ထွက်ရှိလာပါ သည်။ ရေးသူမှာ ကဗျာဆရာ မောင်စိမ်းသစ်။ ၁၉၈၉ ခုနှစ်ကတည်းက ခေတ်ပေါ်ကဗျာနဲ့ပွေ့ဖက်ပြီး မန္တလေး ကဗျာလမ်းကို လျှောက်ခဲ့သူ။ ၁၉၉၄မှာ မန္တလေးမြို့ကြီးကိုပစ် ကျေးလက်ကို ချစ်ခဲ့သူ။ ၁၉၉၆ နှင့် ၂၀၀၀ ခုနှစ် မှာ သမီးနှစ်ယောက်ကိုမွေး။ ယခု ၀လုံးဒါန်း ကလေးကဗျာတွေရေးပြီး လိုအပ်နေသည့် ကလေးစာပေကွက်လပ် ကို ကဗျာနဲ့ ဖြည့်ဆည်းပေးလိုက်သူ။ ထိုဆရာမောင်စိမ်းသစ်က သူ၏ ၀လုံးဒါန်း ကလေးကဗျာစာအုပ် တွင် အောက်ပါ အတိုင်း စကားလက်ဆောင်ရေးသားထားသည်ကို တွေ့ရသည်။
`ကျွန်တော်တို့ နိုင်ငံရဲ့ ကလေးကဗျာ သက်တမ်းဟာ နှစ်ပေါင်း ၆၀ ကျော်လို့ ၇၀ နီးပါး ရှိခဲ့ပါပြီ။ ကလေးကဗျာရဲ့ ကျေးဇူးရှင်အချို့လည်း ကွယ်လွန် သွားကြပါပြီ။ ထို့ကြောင့် ကလေးကဗျာအမွေကို လက်ဆင့် ကမ်းသယ်ဆောင်သူများထဲမှာ ပါဝင်ဖြတ်သန်းနိုင်ဖို့  ကျွန်တော် ဒီကလေးကဗျာလေး များကို ရေးဖွဲ့ဖြစ် ပါတယ်´။
ဝလုံးဒါန်း ကလေးကဗျာစာအုပ်တွင် ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ အမှာစာနှင့်အတူ ကလေး ကဗျာပုဒ်ရေ (၄၂)ပုဒ် ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ အမှာစာ ဖြစ် သည့် သာဓုသံ ညံစေသတည်း မှ ဆရာမင်းသုဝဏ်၏ ခေါင်းအုံးကြီး ကဗျာနှင့် ပတ်သက်ပြီး ပြောပြတာကို လည်း အနည်းငယ်မျှ မြည်းစမ်းကြည့်စေချင်ပါသေးသည်။
`မြန်မာစာပေလောကမှာ အာလုပ်ပုဒ်ဆိုတာ ရှိပါတယ်။ ပါဠိအာလာပ-အာလပ္ပန က လာတာ ပါ။ ရှေးဦး စွာ ပြောဆိုခြင်းလို့ အဓိပ္ပာယ်ရပါတယ်။  အထူးသဖြင့် အာလုပ်သံကြားရပြီဆိုရင် ဘာဇာတ်ကောင် ထွက်ပြီဆို တာ သိပါတယ်။ သိကြားမင်းရဲ့ အာလုပ်က ` အေးဟေ´၊ မုဆိုးရဲ့ အာလုပ်က `ရော´၊ ဘီလူးက ` ထိုက်ဟဲ့ ထိုက် ထိုက်´။ ကြည့်နော် ဆရာ( မင်းသုဝဏ်)က  (ခေါင်းအုံးကြီး ကလေးကဗျာမှာ)ဇာနည်သွေးလေးကို လွတ်လပ်ရေးယူပေးဖို့၊ ကိုလိုနီကျွန်ထမ်းပိုးခါကျဖို့၊ လူပျော့လေးမဖြစ်အောင် ဘီလူးစိတ်သွင်းပေးခဲ့တယ်။ အတုံးလိုက် အတစ်လိုက် မသုံးဘဲ အနုပညာ မြောက်အောင် ထည့်သွင်းထားပါတယ်။ ကလေးကဗျာရဲ့ အသက်က အသံသာမှုပါပဲ။ တိုင်းချစ်ပြည်ချစ်ရှိအောင်၊ စည်းကမ်းရှိအောင်၊ ရိုသေထိုက်သူကို ရိုသေအောင်၊ မေတ္တာစိတ်ကြီးမားအောင် ဆိုတဲ့ မြန်မာ့စရိုက်၊ မြန်မာ့ယဉ်ကျေးမှုတွေ သွတ်သွင်းခဲ့ပါတယ်။´
ဝလုံးဒါန်း ကလေးကဗျာစာအုပ်အနေဖြင့် အမှာစာမှစတင် ဆွဲဆောင်သွားနိုင်ပြီး ကဗျာဖတ်သူကိုလည်း ဗဟုသုတများစွာ ရရှိစေပါလိမ့်မည်။ တကယ်တမ်းကလေးကဗျာတစ်ပုဒ် ကလေးတစ်ယောက်နားထဲ စွဲမြဲစွာ ရှိစေဖို့၊ နှုတ်တိုက်ရွတ်ဆိုစေနိုင်ဖို့ ဆိုသည်မှာ လူကြီးမိဘများအပေါ်တွင်သာ မူတည်ပါသည်။ ထို့ကြောင့် ကလေးကဗျာကို လူကြီးများ ဦးစွာဖတ်ဖို့၊ ရွတ်ဆိုပြနိုင်ဖို့၊ လမ်းညွှန်နိုင်ဖို့လည်း အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်တော် ခင်ဗျားတို့ကို ၀လုံးဒါန်းလေးဆီသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ စီးကြည့်လိုက်ကြရအောင်ပါ။

ဆွမ်းတော်ဗျို့များပြန်သွားရင်
ကျောင်းသွားဖို့ စီစဉ်။
လွယ်အိတ်ပြင်လို့ ထမင်းခူးကျွေး
မေမေသနပ်ခါးသွေး။
မွှေးမွှေးပေးရင်း မေမေမှာ
စာကြိုးစားဖို့ရာ။
သူငယ်ချင်းတွေ လာခေါ်ပေါ့
မီးမီးသွားမယ်နော့။
(မီးမီးကျောင်းသွားချိန် ကဗျာမှ)
         
ကဗျာလေးက ဖတ်လိုက်ရုံနဲ့တင် စိတ်ကြည်နူးမိစေသည်။ မနက်အာရုံဆွမ်းလောင်းပြီးလို့ ဦးဇင်းတွေ ဘုန်းဘုန်းကြီးတွေ ပြန်ကြွသွားတာနဲ့ သမီးလေးကျောင်းသွားဖို့ ပြင်ဆင်ကြရသည်။ သမီးလေးရဲ့ အမေခမျာ ကျောင်းလွယ်အိတ်ထဲ စာအုပ်တွေ စုံအောင်ထည့်ပေးရ။ ထမင်းချိုင့်ပြင်ပေးရ။ မနက်စာ ထမင်းခူးကျွေးရနှင့် ဇယ်ဆက်သလို မအားနိုင်အောင် လုပ်ပေးနေသည့်ကြားမှ သမီးလေးရဲ့ ပါးပြင်ကို သနပ်ခါးပါး ကွက်ကြားလေး လိမ်းပေးရင်း စာကြိုးစားဖို့မှာနေသည်။ သိပ်မကြာခင် သမီးလေးရဲ့ ကျောင်းသွားဖော်တွေရောက် လာ သည်။ နှုတ်ဆက်လက်ပြသွားသည့် သမီးလေး၏ ကျောပြင်လေးကို ငေးရင်း ကျွန်တော်ဒီကလေးကဗျာလေး ရဲ့ ပြကွက်များကို မြင်ယောင်နေမိသည်။ ကျွန်တော် ၀လုံးဒါန်းလေးကို တစ်ချက်လွှဲလိုက်ပါသည်။

မီးမီးအိမ်က နွားနှစ်ကောင်
တစ်ကောင်အဖြူရောင်။
ကျန်တစ်ကောင်က ထန်းသီးညိုလေး
လှည်းတပ်လိုက်တိုင်းပြေး။
ဂျက်ကီခွေးလေး နက်မှောင်မှောင်
ကြောင်က ရွှေဝါရောင်။
လေးကောင်စလုံးအသုံးကျတော့
မိသားစုတွေပေါ့။
(မိသားစုတွေပေါ့ ကဗျာမှ)
          နွားက နှစ်ကောင်။ လက်ကလေးကို နှစ်ချောင်းထောင်၊ ဂျက်ကီးလေးက တစ်ကောင်ဆိုတော့ နောက်ထပ် တစ်ချောင်းထောင်။ ကြောင်ကလေးက တစ်ကောင်။ တစ်နှစ်သုံးလေး အားလုံးပေါင်းတော့ လေးကောင်။
 နွားနှစ်ကောင်မှာ အဖြူတစ်ကောင်၊ အညိုတစ်ကောင်။ ဂျက်ကီဆိုတဲ့ ခွေးလေးက အမဲရောင်၊ ကြောင်လေးက ရွှေ ၀ါရောင်။ နွားနှစ်ကောင်က လယ်ယာမြေအတွက် အသုံးကျသည်။ ခွေးလေးက အိမ်လုံခြုံရေးတာဝန် ယူ သည်။ ကြောင်လေးက ကြွက်ခုတ်ဖို့ တာဝန်ကျေသည်။ အားလုံးသူ့နေရာနှင့် သူ။ သူ့တာဝန်နှင့် သူ။ ကလေးကဗျာလေးတစ်ပုဒ်က သင်္ချာတွက်လို့ ရသည်။ အရောင်တွေကို သရုပ်ခွဲပြလို့ ရသည်။ နေရာနှင့် တာဝန်ယူမှုအပြင် တာဝန်ကျေပွန်မှုဆိုသည်ကိုပါ ပြနေသည်။ သည်ထက်ပို၍ ကဗျာလေး၏ နောက်ဆုံး စာကြောင်းလေးကို အရမ်းသဘောကျမိသည်။ လေးကောင်စလုံးအသုံးကျတော့ မိသားစုတွေပေါ့ တဲ့။ တိရိစ္ဆာန်များကို ကြင်နာစိတ်၊ မိသားစုဝင်တစ်ယောက်လို တန်ဖိုးထားသည့်စိတ်ကို ကလေးကဗျာလေးက ကျွန်တော့်ကို သင်ကြားပြသနေခဲ့သည်။ ကျွန်တော် ၀လုံးဒါန်းလေးကို နောက်တစ်ကြိမ်ထပ်လွှဲလိုက်ပါသည်။

ဆား ဆား အိမ်သုံးဆား
ဘယ်ခါ စားစား ငန်ပါတယ်
အဖွား အဖွား တို့အဖွား
ဘယ်ခါ မှားမှား မာန်ပါတယ်
ဆားပွင့်လေးများ မရှိငြား
ထမင်းဘယ်သို့ စားရမယ်
ညခါ ဖွားဖွား မရှိငြား
ပုံပြင်ဘယ်သို့ကြားရမယ်။
(ဆားနဲ့ အဖွားကဗျာမှ)

          သက်ကြီးစကား  သက်ငယ်ကြားရမှ ဖြစ်မည်။ ရှေးလူကြီးများသည် ငါးရာ့ငါးဆယ်ဇာတ်နိပါတ်များကို အိပ်ယာဝင်ပုံပြင်များအဖြစ် ပြောပြတတ်ကြသည်။ ကျွန်တော်တို့ ကလေးဘ၀က မြေးတစ်သိုက် အဖိုးအဖွား ဘေးမှာ ထိုင်ပြီး ပုံပြင်များနားထောင်ခဲ့ကြတာကို အမှတ်ရမိသည်။ ဇာတ်ပေါင်းရင် ဘယ်သူဘုရားလောင်းဖြစ် မလဲဆိုတာ ကြိုတင်တွေးတတ်ခဲ့ပြီး ဒေ၀ဒတ်၏ ကောက်ကျစ်ယုတ်မာမှုများကို မုန်းတီးတတ်ခဲ့ကြသည်။ ရွှေ ယုန်၊ ရွှေကျား ပုံပြင်မှ ယုန်ကလေး၏ ရိုးသားမှုကို တန်ဖိုးထားရကောင်းမှန်း သိခဲ့သည်။ ယုန်နဲ့လိပ်အပြေး ပြိုင်ပွဲ မှ ဇွဲကောင်းကောင်းနှင့် ၀ီရိယရှိဖို့ရန် မှတ်သားနာယူကြရသည်။ တစ်ခါတစ်လေ လသာသောညများတွင် အိမ်ရှေ့ကွပ်ပျစ်လေးပေါ်ဝိုင်းဖွဲ့စားသောက်ရင်း အဖွားပြောသောပုံပြင်များထဲ စီးမျောပျော်ဝင်ရင်း အိပ်ပျော်သွား ခဲ့သောညများကို နှမြောတသလွမ်းဆွတ်မိသည်။ ထိုသို့ ပုံပြင်များနှင့် အိပ်ယာဝင်မိသည့် ညတိုင်း အိပ်မက်ထဲ တွင် ကျွန်တော်က သူရဲကောင်းဖြစ်သည်။ ကျွန်တော်သည် မကောင်းသူပယ်ကောင်းသူကယ်သည့် သံခေါင်းစွပ် မင်းသားဖြစ်သည်။ ဘုရင့်ဘဏ္ဍာတိုက်ကို ဖောက်ကာ တိုင်းသူပြည်သူသားဆင်းရဲသားတွေကို ဝေငှပေးသည့် ငတက်ပြားဖြစ်သည်။ စစ်သည်အင်အားလေးသိန်းနှင့် ညီမျှသော ပုဂံသူရဲကောင်းလေးယောက်ထဲမှ ကျန်စစ် မင်းသားဖြစ်သည်။ ကျွန်တော့်ကလေးဘ၀ညများသည် အဖွားပြောသော ပုံပြင်များနှင့် သူရဲကောင်းဆန်လွန်း ခဲ့ပါသည်။ ယခုအခါမှာတော့ အဖွားလည်း မရှိတော့။ ပုံပြင်တွေလည်း မရှိတော့။ ကျွန်တော်လွှဲလိုက်သော ၀လုံးဒါန်းလေးသည်သာ အရှိန်နဲ့ ဆက်လွှဲနေပါသည်။
        တကယ်တမ်းကျတော့ ဆရာမောင်စိမ်းသစ်၏ ၀လုံးဒါန်း ကလေးကဗျာလေးများကို ကျွန်တော် အဓိပ္ပာယ်ရှင်းလင်းတင်ပြနေခြင်းလည်းမဟုတ်ပါ။ ဝေဖန်ပိုင်းဆစ်ပြနေခြင်းလည်း မဟုတ်ပါ။ ထိုကလေးကဗျာလေး များကို ကျွန်တော်ခံစားကြည့်နေခြင်းမျှသာဖြစ်ပါသည်။ ထိုကလေးကဗျာလေးများသည် ဘယ်သူမှ ဘာ တစ်ခု မျှ ပြောပြ၊ ရှင်းပြနေစရာမလိုလောက်အောင်ပင် ရိုးစင်းလှပလွန်းပါသည်။ ရိုးစင်းလှပသလောက် အဓိပ္ပာယ်များ လည်း ပြည့်ဝနေပါသည်။ ကလေးကဗျာ၏ အသက်ဓါတ်ဖြစ်သည့် အသံသာခြင်း၊ ရွတ်ဆိုရ လွယ်ကူခြင်း၊ မှတ်မိ လွယ်ခြင်း စသည့် အင်္ဂါရပ်များနှင့်လည်း ပြည့်စုံပါသည်။ ကျွန်တော်အနေနှင့် ဘာတစ်ခုမှ ၀င်ပြောနေစရာမလိုအပ်ပါ။ ကျွန်တော်အဓိကပြောပြချင်သည်မှာ ကျေးဇူးစကားသာဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံအနေဖြင့် အားနည်းလှသော ကလေးစာပေကဏ္ဍအတွက် ကလေးကဗျာစာအုပ်တစ်အုပ် အားဖြည့်ပေး သည့် ဆရာမောင်စိမ်းသစ်ကို အထူးပဲ ကျေးဇူး တင်မိပါသည်လို့ ပြောကြားရင်း ကျွန်တော် ၀လုံးဒါန်းလေးကို ခင်ဗျားဆီ အရောက်လွှဲလိုက်မိပါ သည်။ `လာပါ။ ခင်ဗျားတို့ ကျွန်တော်တို့ ကလေးလေးတွေနဲ့အတူ ၀လုံးဒါန်းလေး စီးရအောင်။´

မင်းနဒီခ
၁၇၊ ဇွန်လ၊ ၂၀၁၃





No comments:

Post a Comment