အွန်လိုင်းလူငယ်ကဗျာစကားဝိုင်း(
ဆရာ အောင်ရင်ငြိမ်းမေးပြီး မင်းနဒီခဖြေသည်)
အောင်ရင်ငြိမ်း။ ။ အောင်ချိမ့်အစ
မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ် တုန်းက အနုပညာ သြဇာနဲ့ ၀ါသမ္ဘာ
တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်
အသစ်တွေ ဆက် မဖန်တီးနိုင်တော့ ဘဲ ခေတ်ပေါ် ကဗျာအဟောင်းထဲမှာပဲ
ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန် တဲ့
နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊
ခိုင်မြဲကျော် စွာ၊ မောင်ဖီလာ၊ ကိုရွေးသူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ
ညီလေးတို့ အမြင်ကိုပြောပါဦး။
မင်းနဒီခ ။ ။ခေတ်ပေါ်ကဗျာက ဟောင်းတယ်၊
ခေတ်ပြိုင်ကဗျာက သစ်တယ် အဲဒီလိုဖြင့် ကျွန်တော် မထင်ဘူးဗျ။ ဘာဖြစ်လို့လည်း
မဆိုတော့ မတူညီတဲ့ ရေးဟန်နှစ်ခုအဖြစ် သီးခြားစီ ဖြစ်ထွန်းနေတယ် လို့ပဲ ကျွန်တော်
မြင်တယ်။ နောက်တစ်ခုက ရပ်တန့်ကျန်ခဲ့တယ်ဆိုတာလည်း သိပ်ပြီးလက်မခံဘူး။
ခေတ်ပေါ်တုန်းက အားကောင်းခဲ့တဲ့ ကဗျာဆရာတွေဟာလည်း သူ့နည်း သူ့ဟန်နဲ့အတူ
ခေတ်ပြိုင်ကို လှမ်းလှမ်းချိတ် ဆက်နေတာကို တွေ့နေရလို့ပဲ။ ဇေယျာလင်း၊ ခင်အောင်အေး၊
မိုးဝေး၊ လူဆန်း၊ မောင်ဒေး တို့ဆိုရင် ခေတ်ပေါ်ရေးဟန်ကနေ
အစောကြီးရုန်းထွက်တည်ဆောက်နိုင်ခဲ့သူလို့ ဆိုရမှာပါ။ နောက်ကျပေမယ့်
ခေတ်ပေါ်ဆရာတွေထဲက လက်လှမ်းမီသလောက်ပြောရရင် ဆရာမောင်ပြည့်မင်း၊ မောင်ကြူးရင့်၊ မောင်ခင်သာမြင့်၊
ဝင်းမြင့်၊ စိုင်းဝင်းမြင့်၊ မောင်ယုပိုင်၊ ထွန်းဝေမြင့်၊ လူလန်း အခု ဒီဘက်နှစ်ပိုင်းမှာဆို
တိုးနှောင်မိုး၊ မောင်ကြည်သာ(တောင်တွင်း) စသည်ဖြင့် နောက်ထပ် ကျွန်တော် မသိသေးတဲ့
ခေတ်ပေါ်ကဗျာဆရာတွေလည်း ရှိပါလိမ့်မယ်။
ခေတ်ပေါ်ဟန်ကနေ ခေတ်ပြိုင် ဆီ တဖြည်းဖြည်း ကူးပြောင်းနေတာ ကို တွေ့နေ ရပါတယ်။
ခေတ်ပြိုင်ဖြစ်ခြင်း၊ ကောင်းခြင်း၊ မကောင်းခြင်း ကတော့ ကဗျာဖတ်သူနဲ့သာ
တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စဆိုတော့ ကျွန်တော်မပြောလိုပါဘူး။ နောက်ထပ်ပြောချင်တာလေး
တစ်ခုက အစ်ကိုခြွင်းချက်အဖြစ်ပြောထားတဲ့ ခေတ်ပေါ်ဆရာတွေထဲမှာ ဆရာခရမ်းပြာထက်လူ၊
မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ပိုင် တို့ဆိုရင် ခေတ်ပေါ်ဟန်သီးသန့် မဟုတ်တော့ဘဲ
ခေတ်ပေါ် လွန် အရေးအသား( ခေတ်ပြိုင်Comtemporary မဟုတ်)လို့ပဲ ခေါ်ရမလား။
ခေတ်ပြိုင်ခံစားမှု ကို ခေတ်ပေါ် ကဗျာဟန်ရဲ့ တည်ဆောက်မှုထဲ အတွင်းကျကျ ထည့်ကစားပြီး
ကဗျာ ဖတ်သူဆီ တိုက်ရိုက်ပို့နေတာကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ ခေတ်ပြိုင် ခံစားမှုကဲ တဲ့
ခေတ်ပေါ် ကဗျာ ရေးသူ တွေရော၊ ခေတ်ပြိုင်နည်းနာတက္ကနစ်တွေနဲ့ ပညာရှင်ဆန်ဆန် ရေးဖွဲ့ ထားတဲ့
ခေတ်ပြိုင် Comtemporary Poetry တွေရော အပြိုင်အားကောင်း ဖြစ်ထွန်း နေတယ် လို့ပဲ
မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အောင်ချိမ့်၊ သစ္စာနီ၊ နေမျိုး၊ သုခမိန်လှိုင်
ကနေ ကွယ်လွန် ဆုံးပါးသွားတဲ့ ဖော်ဝေး၊မောင်ချောနွယ်၊ လှသန်းအထိ ကျွန်တော်တို့
စွန့်ပစ်လို့ မရသေး လို့ပါပဲ။
အောင်ရင်ငြိမ်း။ ။ညီလေးတို့က ၂၀၁၀ အလွန်မှာ ထွက်ပေါ်လာတဲ့ နောက်ဆုံး မျိုးဆက်သစ် လူငယ်ကဗျာဆရာ တွေ ပေါ့။ ခေတ်ပြိုင်မြန်မာကဗျာရဲ့ အနာဂတ်အလားအလာက ညီလေးတို့ ရဲ့ အနုပညာ ဖန်တီးမှုအပေါ်မှာ မူတည်နေပြီ။ ခေတ်ပြိုင်မြန်မာကဗျာယဉ်ကျေးမှု အသစ်ဟာလည်း ညီလေးတို့ လက်ထဲ ရောက်နေပြီလို့ ကိုယ် ယူဆတယ်။ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေနဲ့ လူမှုရေးနဲ့ အနုပညာ ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ ၀ါရင့်ကဗျာဆရာတွေက နောက်ဆုံး မျိုးဆက်သစ် လူငယ်တွေ ပေါ်ထွက်နေပြီဆိုတာ သတိ မထားမိကြသေးဘူး။ တချို့ ကဗျာဆရာတွေအယ်ဒီတာတွေကျတော့လည်း သတိထားမိပေမဲ့ လူငယ် တွေကို အသိအမှတ်ပြု တန်ဖိုးထား နေရာပေးဖို့ ၀န်လေးတွန့်ဆုတ်နေကြသေးတယ်။ သူတို့ကို ဘာပြောချင်လဲ။
မင်းနဒီခ။ ။ခေတ်ပြိုင်ကဗျာတင်မဟုတ်ပါဘူး။ ခေတ်ပြိုင်မြန်မာစာပေဖွံ့ဖြိုးတိုးတက်မှုကြီးတစ်ခုလုံးဟာ
မျိုးဆက် သစ်လူငယ်တွေအပေါ် မူတည်နေတယ်ဆိုတာ လက်ခံပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
ခေတ်တစ် ခေတ်ဆိုတာ လူငယ်တွေလက်ထဲမှာပဲ ရှိတယ်လို့ ယုံကြည်တယ်။ ကျွန်တော် လက်ခံထား တာကတော့
နေရာဆိုတာပေးလို့မရပါဘူး။ ကိုယ့်ဘာသာကိုယ် လုပ်ယူရတာပါ။ တစ်ခုတော့ ရှိတာပေါ့။
ကဗျာထက် ကလောင်နာမည်ကိုကြည့်ပြီး ကဗျာဖော်ပြနေတဲ့ မဂ္ဂဇင်းတစ်ချို့ တစ်လေကိုတော့
စိတ်ပျက်ခဲ့ဘူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းရင့်ကျက်လာတော့ ဒါကို ဥပေက္ခာ
လုပ်ပစ်လိုက်တယ်။ မပြောချင်တော့ပါဘူး။ အယ်ဒီတာတွေဘက်ကလည်း ပြန်စဉ်းစားတတ်မိသွား
တာမျိုးလည်း ပါတာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ သူ့ဆီရောက်လာတဲ့ ကဗျာအပုဒ်ရေတွေ
အများကြီး၊ လူငယ်ကဗျာဆရာ တွေကလည်း အများကြီး။ ဒီအထဲကနေ ကဗျာကောင်းကောင်းတွေ ကို
ရွေးထုတ်ရမှာလေ။ ပြီးတော့ မဂ္ဂဇင်းတစ်စောင်ထွက်ဖို့ဆိုတာ
ကလောင်ဝိတ်ထည့် သုံးဖို့ဆိုတာလည်း မဖြစ်မနေသုံးစွဲရတယ် ဆိုတော့ တစ်ချို့ကဗျာစာမျက်နှာနည်းတဲ့
မဂ္ဂဇင်းတွေမှာ လူငယ်ကဗျာ ဆရာတွေ တိုးဝင်ဖို့ ခက်ခဲလွန်း ပါတယ်။ ဒါပေမယ့်
လူငယ်ကဗျာဆရာတွေအနေနဲ့လည်း ဇွဲကောင်းဖို့ လိုတယ်လို့ မြင်တယ်။ တစ်ခါနှစ်ခါ
ပို့တယ်။ မသုံးတာနဲ့ ဒီမဂ္ဂဇင်းက လူငယ်တွေကို နေရာမပေးဘူး ဆိုတာမျိုး မမြင်စေ
ချင်ပါဘူး။ အခုလက်ရှိရေးနေတဲ့ ကဗျာဆရာကြီးတွေအားလုံးလည်း လူငယ်ကနေ ဖြတ်သန်းခဲ့ကြ
ရတာပါ။ နေရာဆိုတာ ကိုယ်နဲ့ ထိုက်တန်ရင် ရလာမှာပါပဲ။
အောင်ရင်ငြိမ်း။ ။လက်ရှိ အခြေအနေအရ
၂၀၁၀ အလွန် ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ပင်မရေစီးခေတ်ပေါ်ကဗျာအပြင်
အယ်လ်ပီ ၊ နီယိုမော်ဒန်၊ ကွန်ဆက်ခြူရယ်၊ စမ်းသပ်၊ စကားပြေကဗျာ၊ ဖလာ့ဖ် စသဖြင့်
ကဗျာအမျိုးအစားသစ်တွေ အယူအဆတွေ အမျိုးမျိုး ရှိနေကြတယ်။ အဲဒီ ကဗျာအယူအဆ/ အနုပညာ
လက်ရာတွေအပေါ် ညီလေးတို့ရဲ့ အမြင်။
မင်းနဒီခ။
။ကဗျာအယူအဆတွေ ကဗျာအမျိုးအစားတွေကတော့
ခေတ်တိုင်းမှာ တိုးတက်
ဖြစ်ထွန်း နေတာပါပဲ။ ဘယ်လောက်ထိ သယ်ဆောင်သွားနိုင်သလဲ။
ဘယ်လောက်တင်ကျန်ရစ် မလဲ ဆိုတာကတော့ အချိန်ကပဲ ဆုံးဖြတ်ပေးသွားနိုင်မှာပါ။
ကျွန်တော့်အမြင်ပြောရရင်တော့ လက်ရှိလူငယ် တွေ ရေးနေတဲ့ ကဗျာတွေထဲမှာ Flart,
Digital Poetry နဲ့ Prose Poetry
တွေလောက်သာ သိသိသာသာ တံဆိပ်ကပ်လို့ ရသေးတယ်လို့ထင်ပြီး
ကျန်တာတွေကတော့ ဒါဟာ ဘာကဗျာအမျိုး အစားပါလို့ တံဆိပ်တပ်ဖို့ စောလွန်းနေပါသေးတယ်။
များသောအားဖြင့် Hybrid, Experimental နဲ့ ဘာသာစကားကို အခြေပြု ထားတဲ့ ကဗျာတွေ
များနေသေးတယ် လို့ မြင်ပါတယ်။ သေချာတာကတော့ ပင်မရေစီး ခေတ်ပေါ်ကဗျာလွန်
ခေတ်ပြိုင်ကဗျာကြီးခေတ် အလုံးအရင်းနဲ့ စတင်ဖွံ့ဖြိုးလာနေပြီ လို့ ပြောချင်ပါတယ်။
အောင်ရင်ငြိမ်း။ ။အဲဒီ
ခေတ်ပြိုင်ကဗျာတွေထဲက ညီလေးတို့ အာရုံတိမ်းညွတ်မှု ရှိတဲ့ ကဗျာအမျိုးအစား။ အဲဒီ
ကဗျာဗေဒအပေါ် နားလည်ခံယူထားပုံ အနှစ်ချုပ်။ တကယ်လို့ ညီလေးတို့ လက်ရှိရေးနေတဲ့
ကဗျာအနုပညာလက်ရာ တွေကို ဖန်တီးသူကိုယ်တိုင် အမှတ်တံဆိပ်တစ်ခုခု ခွဲခြားပြောပြပါ။
ကိုယ့် အနုပညာကိုယ် တခြားသူတွေနဲ့ ကွဲပြားခြားနားအောင် ပြောပါလို့ မေးရင်
ဘယ်လိုဖြေကြမလဲ။ တချို့ ကဗျာဆရာတွေ/ ကဗျာဖတ်သူတွေကတော့ ကဗျာအနုပညာကို
အမည်အမှတ်တံဆိပ်တွေ တပ်တာ
အပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင် ကဗျာကိုယ်တိုင် ကိုက တခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန် တစ်မျိုးပဲလေ။ အဲဒါကြောင့် မေးတာပါ။
အပေါ်ယံ ကိစ္စတွေပဲလို့ ယူဆပြီး နှစ်သက်လက်ခံမှု မရှိကြဘူး။ ကိုယ့် အမြင်ပြောရရင် ကဗျာကိုယ်တိုင် ကိုက တခြား အနုပညာ အမျိုးအစားတွေနဲ့ ကွဲပြားခြားနားနေတဲ့ စာပေပုံသဏ္ဍာန် တစ်မျိုးပဲလေ။ အဲဒါကြောင့် မေးတာပါ။
မင်းနဒီခ။ ။ခေတ်ပြိုင်ကဗျာတွေထဲမှာ
အရင်ဆုံးတိမ်းညွတ်ခဲ့တာကတော့ Language Poetry ပါပဲ။ ဘာသာစကားရဲ့ အလုပ်လုပ်ပုံ၊
ညဏ်ပညာနဲ့ အသံဖွဲ့စည်းတည်ဆောက်ပုံကို နှစ်သက် လို့ ပါပဲ။ ကဗျာဖတ်သူကိုယ်တိုင်
ပါဝင်ပူးပေါင်းဖွဲ့စပ်နားလည်ယူရတဲ့ အရေးအသားတစ်မျိုးဖြစ်နေ တာအပြင် ကဗျာရဲ့
အသက်ဓါတ်တစ်ခုဖြစ်တဲ့ အသံစနစ်ကိုပါ ချိတ်ဆက်ဖွဲ့စပ်လို့ရတဲ့ ကဗျာ အမျိုးအစား တစ်ခု
ဖြစ်လို့ပါ။ ကျွန်တော်လက်ရှိရေးနေတဲ့ ကဗျာဟာ ဘာအမျိုးအစားလည်း ဆိုတာကတော့ Hybrid နဲ့
Experimental တွေပဲဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်ကဗျာရေးတဲ့အခါ
ကိုယ်လေ့လာထားတဲ့အထဲက ကဗျာနည်းနာတစ်ခုခုကို လိုအပ်ရင် လိုအပ်သလို
ဆွဲငင်သုံးစွဲလေ့ ရှိပါ တယ်။ ခေတ်ပေါ်ဟန်လည်း စိတ်လိုလက်ရရှိတိုင်း ရေးနေ တုန်းပါပဲ။
အခုနောက်ပိုင်းကတော့ ဘယ်လို ကဗျာအမျိုးအစားပဲဖြစ်ဖြစ် ကျွန်တော်အာရုံကို
တစ်ခုခုလာရိုက်ခတ်တယ်။ အဲဒီကဗျာကနေ အခြား အာရုံခံစားမှုတစ်ခုခုကို
ကူးစက်စေတယ် ဆိုရင် ကြိုက်ပါတယ်။ ကျွန်တော် ကဗျာတန်းစားမခွဲပါဘူး။
အောင်ရင်ငြိမ်း။ ။ညီလေးတို့ အနေနဲ့
ကဗျာအနုပညာ လက်ရာတစ်ခုကို ဘယ်လို အတွေးအခေါ် ဘယ်လို အာရုံခံစားပုံ ဘယ်လို အတတ်ပညာပိုင်း
နည်းစနစ်ပိုင်းတွေ နဲ့ ရေးသားဖန်တီးနေကြသလဲ။ ကဗျာရေးသားခြင်းရဲ့ နောက်ကွယ်မှာ
ဘယ်လို နောက်ခံ အယူအဆနဲ့ ခံယူချက် ယုံကြည်ချက်တွေ ရှိနေကြသလဲ။
မင်းနဒီခ ။ ။ကျွန်တော် ကဗျာရေးဖြစ်တဲ့
အခိုက်အတန့်တွေကတော့ ကျွန်တော့်အာရုံကို ခံစားမှုတစ်ခုခု ပြင်းပြင်း ပြပြလာရိုက်ခတ်ခံရတိုင်း
စကားလုံးတွေဟာ ကဗျာအဖြစ် အန်ထွက်တော့ တာပါပဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်က
နေ့စဉ်အဖြစ်အပျက် အသေးအမွှားလေးကအစ ၂၀၁၂ ကမ္ဘာပျက်မယ့် သတင်းအထိ ကျွန်တော့်အတွက်
အခိုက်ဓါတ်တစ်ခုခုမရမချင်း ကျွန်တော် ကဗျာမရေးတတ်ပါဘူး။ တစ်ခါတစ်လေ တော့
ငါကဗျာမရေးဖြစ်တာ ကြာပြီ။ ကဗျာတစ်လောက် ရေးဦးမယ် ဆိုပြီးတော့ ရေးဖြစ်တဲ့ ကဗျာတွေ
လည်း ရှိဖူးပါတယ်။ အတတ်ပညာနဲ့ နည်းစနစ်ကတော့ ကျွဲကူးရေပါ ပါပဲ။ ဘယ်ဟာကို ဘယ်လို
လုပ်မယ်မစဉ်းစားခင်မှာပဲ ကဗျာက သူသွားချင်တဲ့ လမ်းကြောင်းအတိုင်း ကျွန်တော့်ကို
ဆွဲခေါ် သွားတာ ခံလိုက်ရတာပါ။ အယူအဆတွေ ယုံကြည်ချက်တွေအကြောင်းပြောရရင် ငါဟာ
မြန်မာကဗျာ လောကကြီးကို ပခုံးထမ်း တင်ပစ် လိုက်မယ်ဆိုတဲ့ အတွေးမျိုး ကျွန်တော့်မှာ
မရှိပါဘူး။ ငါ ကဗျာ ရေး တယ်။ ဒါကြောင့် ကဗျာဖြစ်တယ် ဆိုတာလောက်ပါပဲ။ ဒီထက်ကြီးကြီးကျယ်ကျယ်ပြောရရင်
တစ်ယောက်နဲ့ တစ်ယောက်အော်ဟစ် ဆဲဆိုနေကြတာ ထက်စာရင် ကဗျာတစ်ပုဒ်ဖတ်နေစေချင်တဲ့
စိတ်နဲ့ ကဗျာအကျိုး တတ်နိုင်သလောက် သယ်ပိုးခြင်းပါပဲ။
အောင်ရင်ငြိမ်း။ ။ မြန်မာနိုင်ငံက
ကွန်ဆက်ခြူရယ်၊ အယ်လ်ပီ စသဖြင့်နဲ့ ပို့စ်မော်ဒန် ပထမမျိုးဆက် စာပေအယူအဆတွေကို
လက်ခံယုံကြည်တဲ့ ကဗျာဆရာတွေမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ အာရုံခံစားမှုကို
အဓိကမထားတဲ့၊ ခေတ်စနစ်လူမှုဝန်းကျင်ရဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို
မျက်ကွယ်ပြုချင်တဲ့ အယူအဆမျိုးတွေ ရှိနေကြတယ်။ တကယ်တော့ အဲဒီ အယူအဆတွေက ၁၉
ရာစုအလယ်ပိုင်းလောက်က ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ Aestheticism
ရဲ့ စာပေအနုပညာ အယူအဆတွေ။ Oscar Wilde တို့လို ကိုယ်တို့ဆီမှာဆိုရင်
ဆရာသစာနီတို့လိုပေါ့ အနုပညာရသ အဓိက၀ါဒီတွေ က သန့်စင်တဲ့ အနုပညာဟာလူမှုရေး၊
နိုင်ငံရေး၊ ကိုယ်ကျင့် တရား ဆိုင်ရာ ဆုံးမသွန်သင်မှုတွေနဲ့ မရောထွေးသင့်ဘူးလို့
ယူဆခဲ့ကြတယ်။ အနုပညာဟာ အနုပညာအတွက်ဆိုတဲ့ ကြေညာချက်က Aestheticism ရဲ့ အနှစ်ချုပ်
အယူအဆပေါ့။ ညီလေးတို့ အမြင်က ရော...ကဗျာအနုပညာမှာ ကဗျာဆရာရဲ့ တစ်သီးပုဂ္ဂလ
အာရုံခံစားမှုနဲ့ခေတ်စနစ်လူမှုဝန်းကျင်အပေါ် အမြင်တွေ ပါသင့် မပါသင့်။
မင်းနဒီခ။ ။ကျွန်တော်ကတော့ ပါသင့်တယ်လို့မြင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကဗျာဟာ လူလုပ်လောကကို ပြောပြနိုင်ရမယ်။ လူတစ်ယောက်ရဲ့
အာရုံခံစားပုံဟာ ကဗျာဆရာ တစ်ယောက်ရဲ့ အာရုံခံစားပုံနဲ့ ထပ်တူမကျနိုင်ဘူး။ ငါ ဆိုတဲ့
အတ္တကို မြင်အောင်ရေးနိုင်ရင် ကဗျာတစ်ပုဒ်ဖတ်ပြီး နိဗ္ဗာန်ရောက် နိုင်ပါလိမ့်မယ်။
ခေတ်စနစ်လူမှုဝန်းကျင်လည်း ပါသင့်တယ်။ နိုင်ငံရေးနဲ့ ဘာသာ ရေးလည်း ပါသင့်တယ်။
လိင်ကိစ္စနဲ့ ပညာရေးလည်း ပါသင့်တယ်။ ကဗျာမှာ မပါသင့်တာ ဘာတစ်ခုမှ မရှိပါဘူး။
အပြောချင်ဆုံးကတော့ အနုပညာ သည် အနုပညာအတွက်သာမက အနုပညာသည် အနုပညာခံစားနိုင်မှု
အတွက်ထိ ပြုလုပ်စေ ချင်ပါတယ်။
အောင်ရင်ငြိမ်း။ ။ ကိုယ့်
အမြင်ပြောရရင် မြန်မာစာပေလောကမှာ Realism အယူအဆနဲ့ တန်ဖိုးစံနှုန်းတွေကို
စွဲလမ်းဆုပ်ကိုင်ထားတဲ့ အယ်ဒီတာတွေနဲ့ စာရေးဆရာတွေ ရှိနေလို့ မြန်မာဝတ္ထုတို/
အက်ဆေး အရေးအသားတွေဟာ Realism နယ်ပယ်ထဲမှာပဲ ပိတ်မိနေကြပြီး
မြန်မာစကားပြေယဉ်ကျေးမှု အသစ်ဖွံဖြိုးတိုးတက်မှု မရှိဘဲ နှစ်ပေါင်းများစွာ
ရပ်တန့်နေတာလို့ မြင်မိတယ်။ ၁၉၉၅ ၀န်းကျင်ကနေ ၂၀၀၅ လောက်အထိ ခေတ်စား ရှင်သန်ခဲ့တဲ့
မော်ဒန်နဲ့ ပို့စ်မော်ဒန် စကားပြေတွေကတော့ ခြွင်းချက်ပေါ့လေ။ ကဗျာအနုပညာ မှာ
ဆိုရင်လည်း Modern Conservative ဖြစ်နေတဲ့ ၀ါရင့် ၀ါနုကဗျာဆရာတွေ၊ အယ်ဒီတာတွေ
ကဗျာဖတ် ပရိသတ်တွေ ရှိနေကြသေးတယ် ထင်တယ်။ အဲဒီလို Modern Conservative တွေကို
မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊
အနှောင့်အယှက်အဟန့်အတားဖြစ်စေမယ့်သူတွေလို့ ဆိုနိုင်မလား။
မင်းနဒီခ။ ။Modern Conservative တွေကို
မြန်မာကဗျာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားတဲ့သူတွေ၊
အနှောင့်အယှက်အဟန့်အတားဖြစ်စေမယ့်သူတွေလို့ မသုံးနှုန်းချင်ပါဘူး။ လူနည်းစု
ဝါရင့်ကဗျာဆရာ ကြီးအချို့သာ နတ်နေကိုင်းနေရာပျောက်မှာ စိုးထိတ်မှု၊ ခေတ်ပြိုင် စာပေ အပေါ်
လေ့လာအားထုတ်မှု နည်းပါးမှု၊ ခေတ်မီနည်းပညာသုံးစွဲနိုင်မှုနဲ့ ဘာသာစကား အားနည်းမှု
စတာတွေကြောင့် နှောင့်နှေးခဲ့ရတယ်လို့ပဲ မြင်ပါ တယ်။ နောက်တစ်ခုက စာဖတ်သူ ဘက်က
အားနည်းချက်ပါ။ သူတို့ကို အပြစ်တင် လို့မရပါဘူး။ ဒါကလည်း နှစ်ပေါင်းငါးဆယ်နီးပါး
အမှောင်ခေတ် အောက်မှာ အသားကျနေတဲ့ စိတ်ဓါတ်တွေနဲ့ အသိညဏ်အေးခဲမှု၊
ပညာရေးစနစ်ညံ့ဖျင်းမှု၊ စားဝတ် နေရေး ကျပ်တည်းမှုတွေနဲ့ပဲ နပန်းလုံးနေရတဲ့အခါ
ရသစာပေ၊ ခေတ်ပြိုင်စာပေတွေထက် ယာယီ ခဏစိတ် သာယာမှု ပေးနိုင်တဲ့ အပျော်ဖတ်တွေ
ဟာသကောမစ်တွေနဲ့ပဲ ကြီးပြင်း ရှင်သန်ခဲ့ရတာပါ။ နောက်ထပ် အဟန့် အတားဖြစ်စေခဲ့တာ
တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ထူးခြားကောင်းမွန်စနစ် ကျနလှတဲ့
စာပေစီစစ်ရေးကြောင့် ပါပဲ။ သူတို့ဖတ်ပြီး နားမလည်ရင် အဲဒီကဗျာမင်နီအတားခံရတာ များပါတယ်။
ဒီလိုနဲ့ လက်ရေးမင်ကူး ကဗျာ စာအုပ်လေးတွေမှာ သမိုင်းတန်ဖိုးတွေ ရှိနေခဲ့ကြတာပါပဲ။
အောင်ရင်ငြိမ်း။ ။ အွန်လိုင်း
ကဗျာယဉ်ကျေးမှုဘက် တစ်ချက်လောက် လှည့်ကြည့်လိုက် ရအောင်။ အွန်လိုင်းက ကဗျာဆရာတွေနဲ့
ကဗျာတွေအပေါ် ညီလေးတို့ အမြင်ကို အုပ်စုနဲ့ အမျိုးအစားတွေ ခွဲခြားဝေဖန်ပေးပါ။
အွန်လိုင်းနဲ့ ပရင့်တ်မီဒီယာ ပဋိပက္ခ ကိစ္စ၊ အနုပညာ ဗီဇနဲ့ ကဗျာဖန်တီးမှု အတွေ့အကြုံ
အနုအရင့်ကိစ္စ၊ အယ်ဒီတာ မရှိတဲ့ မီဒီယာဖြစ်တဲ့အတွက် ကိုယ့်ကဗျာကိုယ် လွတ်လွတ်လပ်လပ်
ရေးလို့ရနေတဲ့ အခွင့်အလမ်းရဲ့ နောက်ဆက်တွဲ
ကောင်းကျိုး ဆိုးကျိုး၊ အနုပညာ
အဆင့်အတန်း သိပ်မရှိတဲ့ ကဗျာတွေအောက်က Like & Comment ကိစ္စတွေက အစပေါ့။
မင်းနဒီခ။ ။လက်ရှိကဗျာအနေအထားအရ
အွန်လိုင်းလူငယ်ကဗျာဆရာတစ်ချို့ ရဲ့ ခေတ်ပေါ် လွန် ကဗျာတွေဟာ
အားကောင်းမောင်းသန်ဖြစ်တွေ့ရသလို ပရင့်မီဒီယာပေါ်မှာ ဖော်ပြထားတဲ့ ကဗျာ တွေထက်
ပိုမိုလွတ်လပ်တာကိုလည်း တွေ့ရပါတယ်။ လွတ်လပ်လွန်းတဲ့အတွက် ကဗျာအတတ်ပညာ လွန်ကဲမှု၊
စာပေယဉ်ကျေးမှုပျက်စီးမှု စတာတွေလည်း တွေ့ရပါတယ်။ တစ်ချို့ Sex နဲ့ ပတ်သက်တဲ့
စာသားတွေ အလွန်အကျူးထည့်ရေးဖွဲ့ထားပြီး စကားလုံးအသစ်၊ ကဗျာအသစ် အော်ဟစ်နေတာတွေ ကိုတော့
စိတ်ပျက်မိပါတယ်။ Like , Commet ကိစ္စကတော့ စကားထဲထည့်ပေးနေရမယ့် ကိစ္စမဟုတ် တဲ့
အတွက် ပြောစရာမရှိပါဘူး။
အောင်ရင်ငြိမ်း။ ။
မြန်မာကဗျာလောကမှာ ကဗျာချဉ်းကပ်ခံစား ဝေဖန်မှု လုပ်ကြတဲ့အခါ တန်ဖိုးထား
နားလည်ခံစားမှု( Appreciation ) နဲ့ ကောင်းဆိုး ဝေဖန် ချဉ်းကပ်သုံးသပ်( Criticize )
လုပ်တာ ဆိုပြီး နှစ်မျိုးနှစ်စားလုံး လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဆရာမြဇင်၊ ဆရာ
မင်းလှညွန့်ကြူး၊ ဆရာမျိုးသန့်၊ ကိုမင်းခက်ရဲ၊ သူရနီတို့ရဲ့ ကဗျာချဉ်းကပ်မှုတွေက
Criticize ဘက်ကို အလေးသာပြီး ဆရာမောင်သာချိုနဲ့ ကို အောင်ခင်မြင့်တို့က
Appreciation ဘက်ကို အလေးသာတယ်လို့ ကိုယ် မြင်တယ်။ မြန်မာ ကဗျာဝေဖန်ရေးအပေါ်
ညီလေးတို့ရဲ့ အမြင်။ ပြီးတော့ အခု နှစ်ပိုင်း အွန်လိုင်းမှာ သဘောထား
အမြင်မျိုးစုံနဲ့ လူပြောသူပြောများနေတဲ့ မောင်ဂျိုကာရဲ့ ကဗျာချဉ်းကပ်မှုတွေနဲ့
လူမှုရေး ဝေဖန်ချက် တွေ အပေါ် အမြင်။
မင်းနဒီခ ။ ။ကဗျာဝေဖန်ရေးတွေကတော့
မော်ဒန်ခေတ်ဦးတုန်းကနဲ့စာရင် အများကြီးအားနည်း သွားတယ်လို့ မြင်မိတယ်။ ဆရာ
မြဇင်၊ဆရာ မောင်သာနိုး၊ ဆရာ မင်းလှညွန့်ကြူးတို့ရဲ့ စာပေဆိုင်ရာ အယူအဆ တွေ၊
ကဗျာဝေဖန်ရေးတွေ၊ ဆရာမျိုးသန့်ရဲ့ ကဗျာဝေဖန်ရေးနဲ့ ဆရာ မင်းခက်ရဲ ရဲ့ စနစ်တကျ
Criticize လုပ်မှုတွေဟာ ကျွန်တော်တို့ တကူးတကပြန်ရှာဖတ်ခဲ့တာပါ။ နောက်တစ်ခု
Appreciation ပိုင်းအနေနဲ့လည်း ဆရာအောင်ဝေးနဲ့ ဆရာအောင်ခင်မြင့်တို့ကို
အရမ်းနှစ်သက်ခဲ့ ရပါတယ်။ ဆရာ ဇော်ဇော်အောင်ရဲ့ ပို့စ်မော်ဒန်
စာပေသဘောတရားတွေအပါအ၀င် ကျွန်တော်တို့ရဲ့ ဒီဘက်နှစ်များမှာ ဆရာ ဇေယျာလင်းရဲ့
ကဗျာဆိုင်ရာဆောင်းပါးတွေ၊ နိုင်ငံတကာ ကဗျာတွေအပေါ် Appreciation ပြုလုပ်မှုတွေဟာ
အရမ်းတန်ဖိုးရှိပြီး လူငယ်ကဗျာဆရာတွေ အတွက် အထောက်အကူ တွေ အများကြီး ရတဲ့ အပြင် ကဗျာမျက်စိပွင့်ခဲ့တယ် လို့
ပြောရမယ် ။ မောင်ဂျိုကာနဲ့ ပတ်သက်လို့တော့ ဘာမှမပြောလိုပါဘူး။ သူရေးသားတဲ့
ကဗျာချဉ်းကပ်မှုတွေ ကိုတော့ လူငယ်ကဗျာဆရာတွေ သေချာ ဖတ်စေချင်တယ်လို့ပဲ ပြောပါရစေ။ (
မှတ်ချက်။ ။ဆောင်းပါးအောက်က
ကွန်မန့်တွေမပါ)
အောင်ရင်ငြိမ်း။ ။ ၂၀၁၀ အလွန်
ခေတ်ပြိုင်မြန်မာကဗျာ အခင်းအကျင်းမှာ ခေတ်ပေါ်ကဗျာ၊ အယ်လ်ပီ၊ ကွန်ဆက်ခြူရယ်၊
စမ်းသပ်၊ ဖလာ့ဖ်၊ စကားပြေကဗျာ စသဖြင့် ကဗျာအယူအဆ/ အမျိုးအစားတွေ ရှိနေကြတယ်။
ခေတ်ပြိုင်ကဗျာ( Contemporary Poetry) ဆိုတဲ့ ဝေါဟာရအပေါ်မှာလည်း အမြင်နဲ့ ၀ိဝါဒ
အမျိုးမျိုး ကွဲပြားနေကြတယ်လို့ ထင်တယ်။ ကိုဇော်ဇော်ထွန်းကတော့
ခေတ်ပြိုင်ကဗျာလို့ မြန်မာလို မပြောဘဲ Contemporary Poetry လို့ အင်္ဂလိပ်လို
တိုက်ရိုက် သုံးနှုန်းပြောဆိုဖို့ အကြံပေးထားတယ်။ ခေတ်ပြိုင်ကဗျာဆိုတာ
တချိုကဗျာဆရာတွေ ယူဆနေသလို ကဗျာအမျိုးအစားသစ် တစ်ခုလား။ ဒါမှမဟုတ် ၂၀၁၀ အလွန်
မြန်မာနိုင်ငံမှာ အသစ်ဖြစ်ထွန်းလာတဲ့ ကဗျာအမျိုးအစားသစ်တွေကို ခြုံငုံခေါ်ဝေါ်တဲ့
ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခုလား။ ညီလေးတို့ ဘယ်လို ခွဲခြားနားလည်ထားလဲ။ ညီလေးတို့
အမြင်နဲ့ဆိုရင် ခေတ်ပေါ်ကဗျာကိုရော ၂၀၁၀ အလွန် ခေတ်ပြိုင်ကဗျာစာရင်းထဲ ထည့်မလား။
ချန်ထားခဲ့ချင်လား။ ပြီးတော့ လာမယ့် ဆယ်စုနှစ်တစ်ခု အတွင်း
ခေတ်ပြိုင်
မြန်မာကဗျာရဲ့ အလားအလာ။ ဘယ်လို ကဗျာအမျိုးအစားတွေ ဆက်လက် ရှင်သန် ရပ်တည်
နေနိုင်မယ် ထင်လဲ။ ဘယ်လို ကဗျာ အမျိုးအစားသစ်တွေ အသစ် ပေါ်ပေါက် ထွန်းကားလာမယ်လို့
ခန့်မှန်း ထင်ကြေးပေးမလဲ။
မင်းနဒီခ။ ။ကျွန်တော်အနေနဲ့ ပြောရင် လက်ရှိ
သူ့တံဆိပ်နဲ့သူ ရှိနေတဲ့ ကဗျာတွေ Modren,
Post Modren, LP, Neo Modren, Flart, Digital, Experimental, Collage,Prose စတဲ့ ကဗျာတွေနဲ့
မတူကွဲပြားတဲ့ ကဗျာတွေရှိနေပါတယ်။ အဲဒီလိုကဗျာအမျိုးအစားတွေကို Comtemporary လို့
ကဗျာအမျိုးအစား တစ်ခုအဖြစ်သတ်မှတ်လိုပြီး အဲဒီ Comtemporary အပါအ၀င် တံဆိပ်ရှိပြီးသား
ကဗျာအားလုံးကို စုပေါင်းပြီး ခေတ်ပြိုင်ကဗျာများလို့ အုပ်စုဖွဲ့ချင်ပါတယ်။
ဒါဆိုရင် ခေတ်ပြိုင်ခံစားမှုနဲ့ ရေးတဲ့ ခေတ်ပေါ်ကဗျာတွေ ကို လည်း ခေတ်ပြိုင်ထဲ
ထည့်ထားပြီးသားဖြစ်သွားမှာပါ။ လာမယ့် ဆယ်စုနှစ်တစ်ခု အတွင်းခေတ်ပြိုင်ကဗျာဟာ
အထွတ်အထိပ်တစ်ခုကို ရောက်လာမယ်။ ပြီးရင် နောက်ထပ်ပေါ်လာမယ့် Electric Poetry,
Cyber Poetry တစ်ခုခုနဲ့ ထိပ်တိုက်တွေ့ ပါလိမ့်မယ်။ အဲဒီအခါရောက်ရင်
ဒီလိုမေးခွန်းမျိုးတွေ ထပ်မံထွက်ပေါ်လာပါလိမ့်ဦးမယ်လို့ ခန့်မှန်းလိုက်ပါတယ်ဗျာ။
No comments:
Post a Comment