ခေါင်းမညိတ်တတ်လည်း ပြည့်ဝနေတဲ့ အဓိပ္ပာယ်
စာအုပ်အမည် ခေါင်းမညိတ်တတ်တဲ့ အဓိပ္ပာယ်(
ခေတ်ပေါ်ကဗျာများ)
ရေးသူ နေညိုအောင်၊
လူနှင်းချို-မတ္တရာ၊ မင်းမြတ်မွန်
ထုတ်ဝေသည့် ကာလ ၂၀၁၃၊ မေလ
ထုတ်ဝေသည့် တိုက်
ဆောင်းစုရတီစာပေ
ဆရာနေမျိုးက
`ဘ၀ကို
ပိုကောင်းအောင်ပြုလုပ်နိုင်တဲ့အရာတွေထဲမှာ ကဗျာလည်း ပါတယ်လို့ ကျွန်တော်ဖြင့် ယုံကြည်ပါတယ်´
ဟု စာအုပ်တစ်အုပ်ထဲမှာ
ရေးထားသည်ကို ဖတ်ခဲ့ဖူးသည်။ ဆရာ ခရမ်းပြာ ထက်လူကတော့`ကမ္ဘာမြေပေါ်ကို အာဏာရှင်တစ်ယောက်ရောက်လာတာထက်စာရင် ကဗျာစာအုပ်တစ်အုပ် ရောက်လာတာ
ပိုကောင်းပါတယ်´ ဟု ပြောသံ နားထောင်ခဲ့ရသည်။ အမေရိကန်ကဗျာဆရာကြီး ရောဘတ် ဖရော့စ်
ကတော့ `ကဗျာတစ်ပုဒ်ဟာ ကြည်နူးမှုနဲ့
စတင်ပြီး အသိညဏ်နဲ့ အဆုံးသတ်တယ်´ ဟု ရေးထားသည်ကို မှတ်သားခဲ့ဖူးသည်။ ခေတ်အဆက်ဆက်
ကဗျာသည် ကျွန်တော်တို့၏ ဘ၀ဖြစ်တည်မှုများကို ပြည့်ဝသော အဓိပ္ပာယ်များဖြင့်
ပိုမိုပြည့်စုံစေခဲ့သည်ဟု ညွှန်းဆိုလျှင် ရလေမလား။ မည်သို့ပင်ဖြစ်စေ ကဗျာ သည် ကျွန်တော်တို့၏စိတ်ကို
ကြည်နူးစေခဲ့သည်။ ဘ၀အမောတွေကို ပြေစေခဲ့သည်။ အမှန်တရားကို မြင် အောင် ကြည့်တတ်စေသည်။
ဇာတိမာန်တွေကို ထက်သန်စေခဲ့သည်။ အမျိုးသားရေးကို သွေးနွေးစေခဲ့ သည်။
ကဗျာတစ်ပုဒ်ဖတ်နေချိန်တွင် အကုသိုလ်တရားကင်းပနေစေသည်။ ထိုထက်ပိုပြောရလျှင်
ကဗျာတစ်ပုဒ်ဖတ် ခြင်း သည် တရားတစ်ထိုင်ကဲ့သို့ စိတ်ကို ငြိမ်းအေးချမ်းမြစေသည်မှာ
အမှန်ဖြစ်သည်။ ယခုလည်း ဘ၀ကို ပိုကောင်းအောင်ပြုလုပ်နိုင်ဖို့၊
ကြည်နူးမှုနဲ့စတင်ပြီး အသိညဏ်နဲ့အဆုံးသတ်စေဖို့၊ ကမ္ဘာမြေကြီးပေါ် အာဏာရှင်
တစ်ယောက်ရောက်လာခြင်းထက် ပိုမိုကောင်းမွန်တဲ့ ကဗျာစာအုပ်တစ်အုပ် ရောက်ရှိလို့
လာခဲ့ပါပြီ။
၂၀၁၃
မေလတွင် နေညိုအောင်၊ လူနှင်းချို- မတ္တရာ၊
မင်းမြတ်မွန် တို့ သူငယ်ချင်း ကဗျာဆရာ သုံး ယောက် စုစည်းရေးဖွဲ့ထားသည့်
ခေတ်ပေါ်ကဗျာစာအုပ် တစ်အုပ်ထွက်ရှိလာပါသည်။ ကဗျာစာအုပ် အမည်က ခေါင်းမညိတ်တတ်တဲ့ အဓိပ္ပာယ် ။ တစ်ယောက်ကို ကဗျာအပုဒ် (၂၀) စီနှင့်
စုစုပေါင်း ကဗျာပုဒ်ရေ( ၆၀) ပါရှိ သည်။ အမှာစာရေးပေးသူက
ဆရာမြေလတ်မောင်မြင့်သူနှင့် ဆရာ ထွန်းလွင်သွယ်(ဆူးဖြူရိပ်)။ ထိုဆရာ နှစ်ယောက်၏
အမှာစာနှစ်ခုနှင့်ပင် ခေါင်းမညိတ်တတ်သည့်
အဓိပ္ပာယ်က ပြည့်စုံလုံလောက်နေပြီဖြစ်သည်။ နောက်ထပ်ပြောရလျှင်
ထိုကဗျာဆရာသုံးယောက်က လက်ရှိမဂ္ဂဇင်းစာမျက်နှာများပေါ်တွင် စဉ်ဆက်မပြတ်
ဖြတ်သန်းနေသည့် ကဗျာဆရာများ။ နေညိုအောင်နှင့် မင်းမြတ်မွန်က ကဗျာသက်သက်ရေးသည်
ကဗျာဆရာ များဖြစ်သော်လည်း လူနှင်းချို( မတ္တရာ) ကတော့ ကဗျာထက် ရသစာတမ်း၊ အက်ဆေး
ပိုမိုရေးအားကောင်း သည်ကို တွေ့ရသည်။ ခေတ်ပြိုင်အရေးအသားများခေတ်စားနေသည့်
အချိန်ကာလကြီးတွင် သူတို့သုံးဦး၏ စာအုပ်လေးအား
ယနေ့ကဗျာစာအုပ်များပေါ်တွင်တွေ့ရသည့် အရေးအသားများ၊ စကားလုံးများ၊ အဖွဲ့အနွဲ့များ
စသည့် နာမ်စားများကို မတွေ့ရဘဲ ခေတ်ပေါ်ကဗျာများဟု ရဲရဲဝံ့ဝံ့အမည်ပေးထားသည်ကလည်း
တစ်မျိုးတော့ စိတ်ကျေနပ်စရာကောင်းနေတာ အမှန်ပင်ဖြစ်သည်။
နေညိုအောင်နှင့်လူနှင်းချို(မတ္တရာ)ကသက်တူရွယ်တူ၊မင်းမြတ်မွန်က
သူတို့နှစ်ဦးထက် နှစ်နှစ်လောက် ငယ်သည်။ အသက်အရွယ်ချင်းသိပ်မကွာကြသလို
ကဗျာဖြတ်သန်းမှုခြင်း သိပ်မကွာခြားကြ။ အတူတူဖြတ်သန်း ခဲ့ရသော ခေတ်ကာလကြီးအပေါ်ကို
ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ ကဗျာရေးဖွဲ့ပုံခြင်းကလည်း သိပ်မကွာခြားကြပေမယ့်
ကိုယ့်ကိုယ်ပိုင်ဟန်နှင့် ကိုယ်။ ကိုယ့်ဘာသာစကားနှင့် ကိုယ်။
အသက်ရှူရတာ
ပျော်ပါတယ်
ဒဏ်ရာတွေ
ပိုနက်လာတာ မပျော်နိုင်ဘူး
တမြေ့မြေ့နဲ့
အိနေပြီ
တခြားတစ်ယောက်ရဲ့
ရယ်သံမှာ
ဘ၀ကို
ပစ်တင်ထားလို့ရရင်လည်း အကောင်းသား
(နေညိုအောင်-အသက်စက်စက်ညများ
ကဗျာမှ)
ဖေဖေ့ပေါ်
ပေါက်နေတဲ့သစ်ပင်တွေကို မုန်းတယ်
ဖေဖေ့ပေါ် ဖိနေတဲ့
တောင်တန်းတွေကို မုန်းတယ်
သားအပေါ် ပိနေတဲ့
ရှုခင်းတွေကရော
ရှုခင်းပီသရဲ့လား
မြေပြင်ပေါ်
လမ်းလျှောက်ရတာ
သား မပျော်ပါဘူး
ဖေဖေ။
(လူနှင်းချို(မတ္တရာ)-
ဖေဖေဖတ်ဖို့ နောက်ဆက်တွဲ ကဗျာမှ)
ညကို ခါးလယ်က
ပိုင်းလိုက်တဲ့
ကြက်ဖတစ်ကောင်လောက်မှ
အောင်အောင်မြင်မြင်
မရယ်မောတတ်ခဲ့တာ
ဝေးချင်သလောက်ဝေးစမ်းကွာဆိုပြိး
ချည်နှောင်မိသမျှ
သံယောဇဉ်တွေနဲ့
ဘ၀ကို
စိတ်ရှိလက်ရှိ ပစ်စွပ်ခဲ့မိပေါ့
(
မင်းမြတ်မွန်- ခက်တယ် ကဗျာမှ)
ကဗျာဆရာဆိုသည်မှာ
လောကမှာ မပျော်ရွင်ဆုံးလူသားတွေပဲ ဖြစ်သည်။ ကဗျာဆရာတစ်ယောက် အတွက်
သူတို့ပတ်ဝန်းကျင်ရှိ နာကျင်မှုသည် ကဗျာဆရာ၏ နာကျင်မှုပင်ဖြစ်သည်။ ကဗျာဆရာသည်
ကမ္ဘာကြီး၏ နိမ့်ကျမှုများကို စကားလုံးများဖြင့် ထမ်းပိုးပင့်တင်ထားချင်သူ၊
ကမ္ဘာကြီး၏ ဖျားနာမှုများအား စကား လုံး များဖြင့် ဆေးကုပေးချင်သူ၊ ကမ္ဘာကြီး၏
လွဲချော်မှုများအတွက် အမှန်တရားဖြင့် တည့်မတ်ပေးချင်သူ သာ ဖြစ်သည်။
ကဗျာဆရာတစ်ယောက်အတွက် ပျော်ရွှင်မှုဆိုသည်မှာ ရှားပါးထုတ်ကုန်ပစ္စည်းတစ်ခုပင် ဖြစ်သည်။
သို့သော် ကဗျာဆရာသည် ထိုမပျော်ရွှင်မှုများအကြောင်း ရေးသားဖွဲ့နွဲ့သည့်
ကဗျာများဖြင့် လောကတွင် အပျော်ရွှင်ဆုံးလူသားလည်း ဖြစ်နေပြန်သေးသည်။ သဘောတူလျှင်
ခေါင်းလေးတစ်ချက်တော့ ညိတ်ပေး လိုက်ပါ။ ထိုခေါင်းညိတ်ခြင်းမှာ ပြည့်ဝနေတဲ့
အဓိပ္ပာယ်တွေရှိတဲ့အကြောင်း မိတ်ဆွေ နားလည်လာပါလိမ့်မည်။
သူနဲ့ ကိုယ်နဲ့က
တစ်ခေတ်ထဲဆိုတော့
နောက်ဆုံးတော့လည်း
တိုးတိုက်မိတာပေါ့လေ
ခုတော့
ဝံပုလွေတွေလို
လပြည့်ညကို စောင့်စားလိုက်
အမြဲတမ်းမအိပ်တဲ့
မေးခွန်းတွေကို ရေမိုးချိုးပြီး စောင့်စားလိုက်
အခိုက်အတန့်တော့
ရွှေအိပ်မက်တွေကိုပဲ ချက်ပြုတ်စားသောက်ကြတာပေါ့။
(နေညိုအောင်
- ကြာပန်းကလေးများ ငါတို့အတွက် ကဗျာမှ)
နာသုံးနာ မကတဲ့
အနာတွေ
ဆွဲခြင်းအနာလေးထဲ
ထိုးထည့်
ခေါင်းလောင်းသံနောက်အမီလိုက်နေတဲ့
ညီမလေး။
ကမ္ဘာကြီးက
ဖြစ်ခြင်း၊ပျက်ခြင်း ရှုမှတ်နေချိန်
ညီမလေးဟာ
ဝလုံးကလေးရဲ့
အလျားကို တိုင်းတာပြလို့။
မိဝေးဖဝေးသစ်ရွက်တွေ
ကြွေနေရတဲ့အထဲ
ထရံပေါက်တွေရဲ့
ကြေကွဲသံမှာ
ကိုယ့်အနာဂတ်ကို
ထိုးခွဲ
အပင်ပေါက်တွေကို
ပိုဂရုစိုက်တတ်တဲ့ ညီမလေး။
(လူနှင်းချို(မတ္တရာ)-
ညီမလေးပင်လယ် ကဗျာမှ)
ရှင်သန်ခဲ့တဲ့
ကမ္ဘာမှာ
မင်းက နေ့ ဆို
ငါက ည
ငါကနေ့ဆို မင်းက
ည
တစ်ယောက်ကို
တစ်ယောက်
ကြည်ကြည်နူးနူးဖြည့်ခဲ့တဲ့
ပါရမီမှာ
ငါနဲ့ မင်း
တိတ်တိတ်ကလေး
တောင်းခဲ့တဲ့ ဆုက
အဲဒီ ၀လုံးလေးတွေ
လှလှပပ
ဝိုင်းဖို့ပဲ မဟုတ်လား မိန်းမရယ်။
(မင်းမြတ်မွန်
- ပျော်ရွှင်ခြင်းကမ္ဘာကဗျာမှ)
ရယူခြင်းထက်
ပေးဆပ်ခြင်းက ပို၍ ချိုမြိန်သည့်အကြောင်း ကျွန်တော်တို့ နားလည်ခဲ့ကြပြီးပြီ။ အလို လောဘကြီးခြင်းထက်ရောင့်ရဲတင်းတိမ်နိုင်ခြင်းက
စိတ်ငြိမ်းအေးစေသည့်အကြောင်းကျွန်တော်တို့တတ်မြောက် ခဲ့ကြပြီးပြီ။
အပင်လေးတစ်ပင်ရှင်သန်ဖွံ့ဖြိုးလာဖို့ မျိုးစေ့လေးတစ်စေ့က ရင်ကွဲဖောက်ထုတ်ခံပေးခဲ့ရကြောင်း
ကျွန်တော်တို့ သင်ကြားခဲ့ကြပြီးပြီ။ ဘ၀ဆိုသည်မှာ ရေပွက်ပမာဖြစ်ကြောင်း
ကျွန်တော်တို့ နားထောင်ခဲ့ကြ ရပြီးပြီ။ ရှင်သန်ရာအခိုက်အတန့်ခဏတာလေးအတွင်း
မှောင်သောညများရှိသလို လင်းသောညများလည်း လာပါလိမ့်ဦးမည်။ စိတ်ကူးတွေ
အိပ်မက်တွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှုသည်လည်း စိတ်ချမ်းမြေ့စရာ ကောင်းသော
ဘ၀နေနည်းတစ်မျိုးပဲ ဖြစ်သည်ဟု ကြာပန်းလေးများရဲ့ ပြောလိုက်သံကို ကျွန်တော်ကြားသည်။
နောက်ထပ်ကြားလိုက်ရသည့်အသံကို မျိုးစေ့လေးတစ်စေ့၏ ရင်ကွဲသံဖြစ်သည်။ ထိုရင်ကွဲသံသည်
ပင်လယ် တစ်ခုလည်းဖြစ်သည်။ ဘယ်လိုပင်လယ်လည်းဆိုတော့ အဖြူအစိမ်းဝတ်ထားတဲ့ ညီမလေး ပင်လယ်
ဖြစ်သည်။ ညီမလေးသည် ဆွဲခြင်းအနာလေးနဲ့ ထရံပေါက်လေးများကာရံထားသော
စာသင်ကျောင်းလေးကို သွားသည်။ ကမ္ဘာကြီးကို မျက်ကွယ်ပြုရင်း လောကစည်းစိမ်တွေကို
ဥပေက္ခာပြုရင်း မိဝေးဖဝေးညီမလေးဟာ ကျောင်းတက် ခေါင်းလောင်းသံဆီ အမီပြေးလို့
အပင်ပေါက်လေးတွေကို ဂရုစိုက်တတ်တဲ့ ညီမလေး။ ပေးဆပ်ခြင်းနဲ့ ရဲရင့်နိုင် စွမ်းတဲ့အသံ။
နောက်ထပ်နားထောင်ရဦးမည့် အသံတစ်သံလည်း ရှိနေပါသေးသည်။ ထိုအသံကို နှစ်ကိုယ်ကြား ပြောသည့်အသံ။
တိတ်တိတ်ကလေး တောင်းခဲ့သည့် ဆု။ အဲဒီဆုက ၀လုံးလေးတွေ လှလှပပ ၀ိုင်းဖို့ပဲ မဟုတ်
လားမိန်းမရယ် တဲ့။ ထိုစကားလုံးများ၊ ထိုတောင်းဆုများသည်
မိဘတိုင်းပြောခဲ့ဖူးကြပါလိမ့်မည်။ သားသမီးတိုင်း ကြားဖို့ ခဲယဉ်းခဲ့ပါလိမ့်မည်။
ထိုသို့ နှစ်ကိုယ်ကြားပြောသည့်စကားများကို နားလည်နိုင်ဖို့ မိတ်ဆွေတို့ ခေါင်းတွေ
ညိတ်တတ်မှ ဖြစ်မည်။ ခေါင်းညိတ်ခြင်းမှာ ပြည့်ဝသည့်အဓိပ္ပာယ်များရှိသည့် အကြောင်း ကျွန်တော်
ထပ်မံပြော မပြလိုတော့ပါ။ တကယ်တမ်းကျတော့ ကျွန်တော်မပြောပြလည်း အဓိပ္ပာယ်များသည်
သူ့ဖွင့်ဆိုချက်နှင့်သူ ပြီးပြည့်စုံမှုများနှင့် ရင့်ကျက်စွာ
တည်ရှိနေကြပါလိမ့်မည်။ ခံစားသူအကြိုက်မူတည်၍ ဖွင့်ဆိုချက်အမျိုးမျိုး ရှိနေ ပါလိမ့်မည်။
မိတ်ဆွေ သင်ရော ခေါင်းမညိတ်တတ်သည့် အဓိပ္ပာယ်ကို ဘယ်လို
ဖွင့်ဆိုနားလည်ကြည့်ပါမည်လဲ။ ကျွန်တော်ကတော့ အောက်ပါအတိုင်း
ဖွင့်ဆိုနားလည်မိပါသည်။
နေညိုအောင်၏
ကဗျာများကို ဖတ်ရသည့်အခါ တစ်စုံတစ်ယောက်က ညင်ညင်သာသာ တီးတိုးစကား ပြောနေသလိုခံစားရသည်။
ခေတ်ပေါ်ကဗျာ၏ အသက်ဓါတ်ဖြစ်သည့် စကားပြောရစ်သမ်၊ စကားလုံးချိတ်ဆက် ဖွဲ့ယူပုံကောင်းခြင်း၊
စုစည်းပြေပြစ်မှုရှိခြင်းများကို ခံစားရသည်။ ကဗျာဖတ်သူသည် ကဗျာတစ်ပုဒ်ကို ဖတ်နေရင်း
နှင့် ကဗျာဆရာက အနားနားကိုယ်တိုင်လာပြောသလို ခံစားရသည်။ နေညိုအောင်၏ ကဗျာများတွင်
ရင့်သီး သော စကားလုံးများမပါ။ သူ့ပြင်ပပင်ကိုယ်လက္ခဏာအတိုင်း သူ့ကဗျာများသည်
အေးဆေးညင်သာစွာ စီးဆင်း နေသည်။ ကဗျာဆရာ၏ ရိုးသားမှု၊ စေတနာနှင့် အကောင်းမြင်စိတ်သည်
ကဗျာတိုင်းတွင် အထင်းသား မြင်တွေ့ နေရသည်။ ဥပမာ- ပျော်ရွှင်ပါစေ ကဗျာထဲက ` အ၀ါရောင်ပန်းတွေ ပွင့်လာတဲ့အခါ၊ ကြမ်းတမ်းမှုကို ဖုံးကွယ် မယ် ဆိုရင်လည်း
ဖြစ်နိုင်တာပဲ၊ ဘာတစ်ခုမှ
မတတ်နိုင်တဲ့အခါ၊ နေမယ်ဆိုလည်း နေပါစေ၊ သွားမယ်ဆိုလည်း သွားကွယ်၊ ကျေအေးဖို့
လွယ်ကူတယ်ဆိုလည်း ကျေအေးရမှာပေါ့´ ဆိုတာလိုမျိုး။ နွေရာသီဆန္ဒ ကဗျာထဲက ` ပိုက်ဆံထောင့်နှစ်ရာနဲ့ အပြာရောင်အိပ်မက် တစ်ခု
ဝယ်မက်မယ်၊ ပြီး ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းတစ်စုံကို ပိုက်ဆံတစ်သောင်းနဲ့
ခဏငှားမယ်၊ နောက်ထပ်တစ်သောင်းကို သူစိမ်းတစ်ယောက်နဲ့ ကိုယ့်ရဲ့ ကြားမှာ
ပန်းတစ်ခင်းစိုက်မယ်´ ဆိုတာလိုမျိုး၊ နောက်ထပ် `လွတ်ကျသွားတဲ့အသံ၊ လှပစွာ တွေ့ဆုံခြင်း၊ အရောင်များနှင့် နေထိုင်ခြင်း၊
ငြိမ်းချမ်းရေး´ စတဲ့ ကဗျာတွေဟာလည်း ကျွန်တော်ခံစားမိတဲ့ အဓိပ္ပာယ်တွေကို
ပိုမိုပြည့်ဝ နေစေ ပါလိမ့်မည်။
လူနှင်းချို(
မတ္တရာ)၏ ကဗျာတွေကလည်း ခံစားမှုရသတစ်မျိုးကို ဖွင့်ဆိုပြနေသည်။ သူ့ကဗျာများသည် ပုဂ္ဂလိက
နာကျင်ခံစားမှုများထက် အခြားသူတစ်ယောက်၏ နာကျင်မှုများကို ဖွဲ့သည်။ သူ့ပတ်ဝန်းကျင်၏
အဆင်မပြေလွဲချော်နာကျင်မှုများသည် သူ့ရင်ကိုထိခိုက်စေခဲ့သည်။
သူရင်ထဲထိခိုက်နာကျင်သည့်အခါ သူသည် ကဗျာအဖြစ် စကားလုံးများဖြင့်
ပြောင်းလဲပစ်လိုက်သည်။ တကယ်တမ်းလည်း သူ၏ ကဗျာပြင်ပ အလုပ်အကိုင် သည်
ပရဟိတကျောင်းဆရာတစ်ယောက်။ သူ့ကဗျာများသည် ကိုယ်ချင်းစာတရားများနှင့်
ပြည့်နှက်နေသည်။ ဥပမာ-ငါတို့မောခဲ့ကြတယ် ကဗျာထဲက `ဒီလိုပါပဲ၊ ငါတို့ ရွာသားတွေဟာ မောရတဲ့ အကြောင်းတွေ တွေးလို့၊ ငါတို့ အဆက်မပြတ်မောခဲ့ကြတာပေါ့´
ဆိုတာမျိုး၊ ညီမလေးပင်လယ် ကဗျာထဲက `ကမ္ဘာကြီးထဲက
ငါးတွေ ညှီစော်နံပေမယ့်၊ ညီမလေးကတော့ ညှီစော်မနံတဲ့ ငါးတစ်ကောင်သာ ဖြစ်တယ်´
ဆိုတာမျိုး၊ လိုက်ခဲ့တော့ ကဗျာထဲက `
ကမ္ဘာမြေက ပုံပြင်တွေတော့ ပြောပြထားရမယ်၊ လမင်းကြီးဘယ်လောက် ဝေးဝေး၊ ငါမင်းကို
လမင်းကြီးဆီ ခေါ်သွားမှ ဖြစ်တော့မယ်´ ဆိုတာမျိုး။ နောက်ထပ် အဲဒီလို
အဓိပ္ပာယ်များနှင့် ပြည့်ဝနေတဲ့ `
ငါ့အစ်ကို တနင်္လာသားကြီး၊ အဖေမိုးသား၊သူငယ်ချင်း၊မိုးလိမ္မာ၊ အုန်းလက်ကလေးသိတယ်၊
ဂတ်တီးစဘတ် စစ်သင်္ချိုင်းထဲက ဖြောင့်ချက်´ စသည့် ကဗျာများသည်
လူနှင်းချို(မတ္တရာ)၏ အဓိပ္ပာယ်ကို
ပိုမိုလေးနက်အောင် ဖွင့်ဆိုပေးနိုင်မည့် ကဗျာများပင်ဖြစ်သည်။
မင်းမြတ်မွန်၏
ကဗျာများကို ဖတ်ရသည့်အခါ မိသားစုချစ်ခြင်းမေတ္တာ၊ သားသမီးသံယောဇဉ်နှင့် ကြည်နူး ဆွေးမြေ့မှုများကို
ခံစားရသည်။ မင်းမြတ်မွန်၏ ကဗျာများသည် စကားလုံးဆန်းပြားလှည့်စားမှုများမပါ။
ရိုးရှင်းသော အဖွဲ့အနွဲ့ကို ဦးစားပေးသည်။ ခေတ်ပေါ်ကဗျာဟန် စကားပြောရစ်သမ်ကို အများဆုံး
အသုံးပြု ထားပြီး ကဗျာတစ်ပုဒ်ချင်းစီ နောက်ဆုံးစာကြောင်းများသည် ကဗျာအား
နောက်တစ်ကြိမ်ပြန်ဖတ်ဖို့ တွန်းအား ပေးနေသည်။ ဥပမာ-အငွေ့ပျံခြင်း ကဗျာထဲမှ`
ရင်အဆက်ဆက်၊ ငါးပွက်ရာ ငါးစာအချနေရတဲ့ ပျော်ရွှင်မှုတွေထဲ၊ ဖူးပွင့်မိသမျှ၊
လက်လုပ်လက်စားရနံ့တွေသာ ဆားပွင့်ခဲ့ရပေါ့ မေမေ´ဆိုတဲ့ နောက်ဆုံးစာကြောင်းလိုမျိုး၊
မန္တလေး ကဗျာထဲမှ ` ခုထိ
ကိုလိုနီနံ့သင်းနေသေးတဲ့ မြို့၊ အရွယ်မထင်ဘဲ အရွယ်တင်ချင်နေတဲ့ အဲဒီမြို့ဟာ၊
ဇရပ်ပေါ် ဇရာတွေ ပစ် ပစ်တင်ရင်း၊ အာခေါင်မှာ လှံတန်းလန်းနဲ့´ဆိုတဲ့
နောက်ဆုံးစာကြောင်းလိုမျိုး။ နောက်ထပ် ကျွန်တော်ဖခင်စိတ်ထဲ
တစ်ချက်ချင်းလှမ်းလှမ်းပစ်နေတဲ့`သားသားဖတ်ဖို့
နောက်ဆက်တွဲ၊ တီတီတာတာ၊ ပျော်ရွှင်ခြင်းကမ္ဘာ၊ သူငယ်ချင်းများ´ စတဲ့ ကဗျာတွေဟာ
သူ့ဖွင့်ဆိုချက်နဲ့ ကျွန်တော့်အဓိပ္ပာယ်နဲ့ ထပ်တူကျမိတဲ့ ကဗျာတွေပဲဖြစ်သည်။
ကျွန်တော်ကတော့
ခေါင်းမညိတ်တတ်သည့် အဓိပ္ပာယ်ကို ကိုယ့်ဆန္ဒနှင့် ကိုယ် ၊ ကိုယ့်အတွေးနှင့် ကိုယ်
အဓိပ္ပာယ်ဖွင့်ဆိုကြည့်ခြင်းသာ ဖြစ်သည်။ မှားချင်လည်း မှားနိုင်သည်။ မှန်ချင်လည်း
မှန်နေပါလိမ့်မည်။ လူတစ်ယောက်အတွက် အဓိပ္ပာယ်ဆိုသည်မှာ ကိုယ်နားလည်သလောက်သာ
ဖွင့်ဆိုနားလည်နိုင်တာမျိုးလည်း ဖြစ်သည်။ ခေါင်းညိတ်သည်ဖြစ်စေ၊
ခေါင်းမညိတ်သည်ဖြစ်စေ အဓိပ္ပာယ်ကတော့ သူ့ဖွင့်ဆိုချက်နှင့် သူ ပြည်ဝနေပါလိမ့်မည်။
မိတ်ဆွေ၊ စိတ်ဝင်စားမည်ဆိုလျှင် ခေါင်းမညိတ်တတ်သည့် အဓိပ္ပာယ်ကို တစ်ကြိမ်
လောက်တော့ ဖွင့်ဆိုနားလည်ကြည့်ပေးဖို့ တောင်းဆိုရင်း နေညိုအောင်၊
လူနှင်းချို(မတ္တရာ)နှင့် မင်းမြတ်မွန်တို့ သူငယ်ချင်းသုံးယောက်အား
ခေတ်ပေါ်ကဗျာလမ်းထက် အတူတကွဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်မိပါသည်
။
မင်းနဒီခ
၂၊ ဇူလိုင်၊ ၂၀၁၃
No comments:
Post a Comment