Friday, April 8, 2016

လက်ထပ်စာချုပ်

လက်ထပ်စာချုပ်

ရှေ့ခုနှစ်ဘ၀ နောက် ခုနှစ်ဘ၀ အသိသက်သေထားလို့
လက်ထပ်စာချုပ်ပေါ်မှာ ငါတို့ တစ်ယောက်နာမည်တစ်ယောက်ဖြည့်လိုက်ကြတယ်
ရုံးတော်က တရားသူကြီးဟာ ငါတို့နှစ်ယောက်ကို ပြုံးပြုံးကြီးကြည့်လို့
တံဆိပ်တုံးကို ခပ်နှိပ်တယ် အိမ်ထောင်ပြုခြင်းဆိုင်ရာ ဥပေဒသတွေကို ဖတ်ပြတယ်
ငါတို့ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးပြုံးလို့
ကြားချင်ယောင်ဆောင်ပြီး နားထောင်တယ်
တကယ်ဆို ငါတို့မှာ ကိုယ်ပိုင်ဥပဒေသတွေ ရှိပြီးသား
သူ မကြိုက်တာ ငါလုပ်ရင် သူ စိတ်ကောက်မယ် ဘယ်နှရက်
ငါ မကြိုက်တာ သူလုပ်ရင် သူ့ကို ခပ်တန်းတန်းနေမယ် ဘယ်နှရက်
သူ့အတွက် ပြန်လျှောက်လဲချက်ပေးမယ့် ရှေ့နေဟာလည်း သူပဲ
ငါ့အတွက် ပြန်လျှောက်လဲချက်ပေးမယ့် ရှေ့နေဟာလည်း ငါပဲ
ချစ်ခြင်းနဲ့ပဲ တရားစွဲမယ် ချစ်ခြင်းနဲ့ပဲ ဆုံးဖြတ်ချက် ချမယ်
ငါတို့နှစ်ယောက်ကြားမှာ ချစ်ခြင်းတရားကလွဲလို့ တစ်ခြားအချုပ်အခြာအာဏာ မတည်စေရ
သူ့လက်ကလေးကို ငါဆုပ်ကိုင်ထားတယ် ငါ့လက်ကလေးကို သူဆုပ်ကိုင်ထားတယ်
ပုဒ်ထီးတွေ ပုဒ်မတွေမလိုဘူး ငါတို့က Open Form ပဲ အပွင့်စနစ်ပဲ
တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စည်းသုံးတန် တားမထား
တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပန်းကုံးတွေ ခြားမထား
အဲဒီလို အဲဒီလို အဲဒီလိုနဲ့ ငါတို့နှစ်ယောက် ရုံးတော်က ပြန်ခဲ့တယ်
တရားသူကြီးဟာ လက်ထပ်စာချုပ်ကို ကိုင်ပြီး အလန့်တကြား ထ အော်တယ်
`ဟေ့ ဟေ့ ဒီမှာ မင်းတို့လက်ထပ်စာချုပ် ကျန်ခဲ့တယ်´
ငါတို့ နှစ်ယောက်ကလည်း
တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လို့
ရယ်ရယ်မောမော ပြိုင်တူပြန်ပြောလိုက်မိတယ်
`လက်ထပ်စာချုပ်က ငါတို့နဲ့အတူတူပါလာခဲ့ပါတယ်
တရားသူကြီးလက်ထဲမှာ ကျန်ခဲ့တာ စာရွက်နှစ်ရွက်ပဲ ဖြစ်တယ်´လို့။


မင်းနဒီခ
၂၂၊ ၅၊ ၂၀၁၅

No comments:

Post a Comment