Tuesday, April 1, 2014

မြေအောက်ခန်း

မြေအောက်ခန်း

       အေးစက်စိမ့်စိုမှုက အခါမလပ်ခံစားနေရသည်။ အပေါ်ယံခြုံထည်ပါးပါးလွလွလေး သူ့ကိုယ်ပေါ်ကို ဘယ်အချိန်က ခြုံပေးသွားလည်း မသိ။ သူ နိုးနေသည်ဟု ခံစားရသည်။ သို့သော် တစ်ခါတရံ၌ ထိုခံစားမှုသည် အိပ်မက် တစ်ခုလည်း ဖြစ်နေတတ်ပြန်သေးသည်။ သူ့အပေါ်မျက်နှာကျက် ကြမ်းပြင်မှ ဖုန်မှုန့်များ ကျလာတတ် သည်။ ထိုအခါ မျက်စိအတွင်းသို့ ထိုဖုန်မှုန့်များ ၀င်ရောက်လာနိုင်မှန်းသိပေမယ့် သူမကြာခဏ မော့ကြည့်
 ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ် တွင် အနက်ရောင်ဟု ခေါ်ဆိုရနိုင်သော ကုတ်အင်္ကျီတစ်ထည် ၀တ်ဆင်ထားသည်။ ထိုကုတ်အင်္ကျီမှ ပြင်းရှသော ရနံ့စူးစူး တစ်ခုကိုလည်း သူ ရနေသေးသည်။ ထို့ကြောင့် သူ့အာရုံခံစားမှုသည် မပျက်စီးသေးဟု ထင်သည်။ သူ့ရှေ့ကြမ်းပြင်တွင် ထမင်းလုံးစေ့များကို ဟိုတစ်စ သည်တစ်စ တွေ့ရသည်။ မကြာမီ အတန်ငယ်ကြီးမားသော မြေကြွက်ကြီး တစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့် ရောက်လာတော့မည်ဆိုတာ သူသိနေသည်။ ထိုမြေကြွက်ကြီးများသည် သူ့ကိုယ်ပေါ်သို့ ကုန်းကျော်တံတားတစ်စင်းသဖွယ် တက်လိုက် ဆင်းလိုက်နှင့် လူးလာခေါက်တုန့် ပြေးလွှားပြီး ထိုထမင်းစေ့များကို ကိုက်ချီ သွားလိမ့်မည်ဟု ထင်မိသော်လည်း အချိန်အတန်ကြာလင့်သည် အထိ မြေကြွက် တစ်ကောင်တစ်လေမှ ရောက်မလာခဲ့။ သူဆာလောင်လွန်းလှပြီ။
        အပေါ်ထပ်ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်းနင်းလျှောက်လာသော ခြေသံကို သူကြားနေရသည်။ မကြာမီ ကြမ်းတမ်းမာကျောသော ကျောက်ခဲများနှင့်တူသည့် ထမင်းပန်းကန်တစ်ချပ် သူ့ရှေ့ ရောက်ရှိလာတော့ မည် ဖြစ်သည်။ တကယ်တမ်းကျတော့ ထိုခြေသံပိုင်ရှင်သည် အဘိုးအိုတစ်ယောက်၏ ခြေသံ ဖြစ်သည်။ အသက်ကြီးလှပြီဖြစ်သော်လည်း ထိုအဘိုးအို၏ လမ်းလျှောက်သံမှာ မာကျောလွန်းလှသည်။ တကယ်တမ်း ကျတော့ နှစ်ပေါင်းများစွာ စစ်မှုထမ်းလာသော အဘိုးအိုတစ်ယောက်၏ စနစ်ကျနလွန်းလှသော လမ်းလျှောက်သံ သာ ဖြစ်သည်။ ထိုအဘိုးအိုနှင့် စကားပြောရန် သူကြိုးစားဖူးသည်။ သို့သော် သူစကားဟမည် ကြံလိုက်တိုင်း အဘိုးအိုမှာ လက်ကာပြကာ သူ့ရှေ့မှ အလျင်အမြန် ပြန်ထွက်သွားခဲ့တာချည်း ဖြစ်သည်။ ထိုသို့ဖြင့် သူ့ကြိုးစားမှု များသည် အချည်းအနှီးဖြစ်ခဲ့ရသည်။ အဘိုးအိုသည် သူစကား ပြောမည်ကို အလွန်အမင်း စိုးရိမ်နေဟန် ရှိသည်။ ထို့ပြင် သူ့စကားသံထွက်ပေါ်လာမည်ကိုလည်း စိုးထိတ်နေသည့်အလား အဘိုးအို၏ အမူအယာများ သည် ကြောက်လန့် တုန်လှုပ်နေဟန် ရှိသည်ဟု သူထင်မိသည်။
        အိပ်ယာနိုးထနေသော အချိန်များသည် ရှည်ကြာလွန်းလှသည်ဟု ထင်မိသည်။ ရေဒီယိုမှ တဂျစ်ဂျစ် မြည်သံကို သူကြားနေရသည်။ သို့သော် တိုးတိတ်စွာ ဖွင့်ထားသော ရေဒီယိုမှ သတင်းများကိုမူ သူ မကြားရ။ တစ်ခါတစ်ခါ အားစိုက်နားထောင်မိသည့်တိုင်အောင် သဲကွဲပြတ်သားသော သတင်းကြေညာသံများကို သူမကြားရ။ ထို့သို့ အားစိုက် လိုက်တိုင်း သူ့နားစည်မှ အလွန်အမင်းနာကျင်မှုကို ခံစားရသည်။ ထို့ပြင် သူ့ခြေထောက်များ ကောင်းစွာ မလှုပ်ရှားနိုင် သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ အလွန်အမင်း အေးစက်လွန်း သောညများတွင် သူ့တစ်ကိုယ်လုံးကိုက်ခဲ နာကျင်နေတတ် သည်။ မည်သည့်အတွက်ကြောင့် သူ အခုလို နာကျင်မှုများကို ခံစားနေရပါသည်လဲ။ စဉ်းစားလိုက်တိုင်း ဦးခေါင်းမှာ မီးစနှင့် ထိုးလိုက်သလို ပူပြင်းတောက် လောင်မှုကို ခံစားရသည်။ ထို့ကြောင့် သူဘယ်အကြောင်းအရာကိုမျှ မစဉ်းစား ကြည့်မိတော့။ ယခုအတိုင်းလည်း တစ်ခါတရံ နာကျင်ကိုက်ခဲမှုဖြစ်သည်မှအပ အဆင်ပြေချောမွေ့နေသည်။ မနက်ပိုင်းတွင် ပေါင်မုန့်အကြမ်းတစ်ချပ်နှင့် ကော်ဖီပူပူ တစ်ခွက်။ နေ့လည်ခင်းများ တွင် ဆန်ကြမ်းများဖြင့် ချက်ပြုတ်ထားသော ထမင်းတစ်ပန်းကန်။ တစ်ခါတရံ အသားဟင်းတစ်ဖတ်လောက် ပါလာတတ်သော်လည်း အမြဲတမ်း ညိုညစ်နေသော ထမင်းကြမ်းများသာ ဖြစ်သည်။ ကိစ္စတော့သိပ်မရှိပါ။ သူ့လျှာသည် ထိုထမင်းကြမ်းများ၏ အရသာကို ကောင်းစွာ ခံစား သုံးဆောင်တတ်နေပြီ ဖြစ်သည်။
        သူ့ဘေးမှ နံရံကို လက်ဖြင့် အားပြုကာ ကျောမှီလိုက်သည်။ လှုပ်ရှားမရသည်မှာ ကြာပြီ ဖြစ်သော သူ့ခြေထောက်များသည် တရွတ်ဆွဲရှပ်တိုက်လျှက် ပါလာသည်။ ကျောမှီလို့ရသွားသည်နှင့် သူ့ ခြေထောက်များကို ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေဖြစ်အောင် ရွေ့ယူလိုက်သည်။ ထိုနေ့အဖို့ သူ့အောင်မြင်မှုသည် အတိုင်းထက်အလွန်ပင် ဖြစ်သည်။ ယခုလို ရက်မျိုးသည် သူ့အတွက် နေ့တိုင်း မရပေ။ သူ ပင်ပင်ပန်းပန်း အနာခံ ကြိုးစားမှ ယခုလို ကျောမှီထိုင်လို့ ရတတ်တာဖြစ်သည်။ နေ့လည်စာ ထမင်းလာပို့မည့် အဘိုးအိုသည် သူ့ကိုမြင်လျှင် သေချာပေါက် အံ့သြသွားပေလိမ့် ဦးမည်။ ထို့နောက် သူ့နား နားသို့ ကပ်ကာ အသံမထွက်စေနဲ့ဟု ခပ်တိုးတိုးပြောလိမ့်မည်။ ထို့နောက် ထမင်းကြမ်း ပန်းကန်နှင့် ရေဗူးကို ချကာ အပေါ်ထွက်သို့ ခြေသံပြင်းပြင်းနှင့်
ပြန်တက်သွားလိမ့်ဦးမည်။ သိပ်တော့ ကိစ္စမရှိပါ။ နေ့စဉ် ရက်ဆက် အဘိုးအိုတစ်ယောက်၏ ပွေ့ချီ ထူမမှုနှင့် ထမင်းစားရသည့်အဖြစ်ကို သူအားနာမိနေတာ ကြာပြီဖြစ်သည်။ သို့သော် ထိုနေ့က ညနေအတော်စောင်းသည် အထိ အဘိုးအို ရောက်မလာခဲ့။ သူ့ ဆာလောင်မှုသည် ပြေလျော့ သွားပြီ ဖြစ်သော်လည်း အဘိုးအိုကို သူစိတ်ပူမိသည်။ ထိုညက သူထိုင်လျှက်ပင် အိပ်ပျော်သွားခဲ့သည်။
        မနက်မိုးလင်းတော့ သူရှေ့ကြမ်းပြင်တွင် ပေါင်မုန့်ကြမ်းတစ်ခုနှင့် အငွေ့ထနေသော ကော်ဖီပူပူ တစ်ခွက်ကို အဆင့်သင့်တွေ့ရသည်။ သည်လိုဆိုလျှင် အဘိုးအို ပြန်လာပြီပေါ့။ ပေါင်မုန့်ကြမ်းကို အသာအယာကိုက်ဖဲ့ လိုက်ပြီး ကော်ဖီပူပူကို မှုတ်သောက်လိုက်သည်။ ထို့နောက် သူအိပ်ပျော်သွားပြန်သည်။ သူပြန်နိုးလာသော သူ့ဘေးတွင် အဘိုးအိုကို တွေ့ရသည်။ ထုံးစံအတိုင်း အဘိုးအိုသည် သူ့အား စကားမပြောရန် ပိတ်ပင်မည်ဟု ထင်ထားသော်လည်း အဘိုးအိုက ` ခင်ဗျား အဆင်ပြေရဲ့လား´ ဟု မေးသည်။ သူ အားပါးတရ စကားပြန်ပြောရန် ကြိုးစားလိုက်သော်လည်း စကားလုံးတစ်လုံးမှ ထွက်မလာခဲ့။ ` အပြင်မှာ အခြေအနေ မကောင်းဘူး´ ` ခင်ဗျားကိုယ့်ကိုယ်ကို ဂရုစိုက်ပါ´` ခင်ဗျားကို သူတို့ တော်တော်နှိပ်စက်ခဲ့ကြတယ်လေ´။ သူ ခေါင်းညိတ်ပြ လိုက်သည်။ သို့သော် အိမ်အပြင်မှာ ဘာတွေ ဖြစ်နေမှန်း သူမသိ။ ဘယ်အတွက်ကြောင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမည်မှန်းလည်း သူမသိ။ သူ့ကိုယ်သူ သည်နေရာကို မည်သို့ရောက်ရှိနေမှန်းကိုတောင် သူမသိမှတော့ ကျန်တာတွေ အားလုံးကိုလည်း သိပ်သိချင်စိတ် မရှိတော့ပေ။ ထို့နောက် အဘိုးအိုသည် စကားကို ဖြေးညင်း တိုးလျော့စွာ ဆက်ပြောသည်။ `လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်တုန်းကပေါ့။ ငါ အသက်က လေးဆယ် စွန်းစွန်းပေါ့။ စစ်ကြီးစဖြစ်တော့ ငါလည်း စစ်ထဲ ၀င်ပစ်လိုက်တယ်။ ငါ့နိုင်ငံကို ကာကွယ်မယ် ဆိုတဲ့ စိတ်နဲ့ပေါ့။ ငါသေလည်း မထူးဘူး။ ငါက တစ်ယောက်တည်းသမားလေ။ ဒါပေမယ့် ငါ့သေနတ်က ကျည်ဆံတစ်တောင့် ထွက်သွား တိုင်း ငါ နောင်တတစ်ခါ ရတယ်။ ဒါပေမယ့် ငါ စစ်ထဲမှာ ပါဝင်ခဲ့တယ်။ စစ်ကြီးပြီးတော့ ငါလည်း အိမ်ပြန် လာခဲ့တယ်´။ ရှိရင်းစွဲ အသက်ထက် ပိုမိုအိုမင်းနေသည်ဟု ထင်ရသော အဘိုးအိုသည် အခန်းထောင့် တစ်နေရာသို့ အဓိပ္ပာယ်မဲ့ တွေငေးနေလေသည်။ ထို့နောက် အဘိုးအိုသည် လှေကားအတိုင်း အပေါ်ထပ်သို့ ပြန်တက် သွားသည်။ မြေအောက်ခန်း တံခါးစောင့်ပိတ်သံ ခပ်ကြမ်းကြမ်းကိုလည်း ကြားလိုက်ရသည်။ သို့သော် ခြေသံပြင်းပြင်း လမ်းလျှောက်သံကို မကြား။ အဘိုးအိုသည် တစ်နေရာရာမှာ တစ်စုံတစ်ခုသော အကြောင်းကို ရပ်တန့်စဉ်းစားနေတာဖြစ်နိုင်သည်။ သို့မဟုတ် အဘိုးအို သည် တိတ်တဆိတ် ငိုကြွေးနေခြင်းများလား။ အိမ်အပေါ် မျက်နှာကျက်မှ ဖုန်မှုန့်များကျလာဦးမလားဟု သူမော့ကြည့်မိ လိုက်သည်။
        ရုတ်တရက်ကြားလိုက်ရသော သေနတ်သံများကြောင့် သူ့အလန့်တကြားနိုးလာမိသည်။ ထိတ်လန့် စိုးရွံ့မှုသည် သူအနားသို့ တိုးကပ်လာသည်။ အပြင်မှာ ဘာတွေ ဖြစ်နေပြီလဲ။ အဘိုးအိုကတော့ သူ့ကို ဂရု တစိုက်နေဖို့ မှာသွားသည်။ နေရောင်ပင် မမြင်အောင် ပိန်းပိတ်မှောင်မဲနေသာ အခန်းထဲတွင် ဘာများ စိုးထိတ်စရာ ရှိနေဦးမှာလဲ။ ထိုသို့ တွေးလိုက်မိသည်နှင့် ကြောက်ရွံ့စိတ်သည် အတော်ပြေလျော့သွားသည်။ အဘိုးအို ဘယ်ရောက်နေပြီလဲ။ အိမ်အပြင်မှာ ဘာတွေဖြစ်နေပြီလဲဟု သိချင်စိတ်ဖြစ်မိသည်။ မကြာမီ ခြေသံခပ်ပြင်းပြင်း ကို ကြားလိုက်ရသည်။ ထိုနောက် အဘိုးအို သည် လေးတွဲ့ရီဝေစွာဖြင့် ထမင်းကြမ်းပန်းကန်ကို ကိုင်ကာ လှေကား အတိုင်းဆင်းလာသည်ကို တွေ့ရသည်။ ထမင်းကြမ်း ပန်းကန်ထဲတွင် ဟင်းသီးဟင်းရွက်များလည်း ပါလာသည်။ အဘိုးအိုသည် သူ့ကို ပွေ့ချီထူမလိုက်သည်။ သူနံရံမှာ သက်တောင့်သက်သာဖြစ်အောင် နေလိုက်သည်။ အဘိုးအိုက သူ့ကို ထမင်းစားရန် ပြောသည်။ သို့သော် သူ ထမင်းစား ချင်စိတ် မရှိ။ အပြင်ဘက်က အကြောင်းများ ကို အဘိုးအိုကို မေးမြန်းချင်နေသည်။ သို့ပေမယ့် သူမမေးရသေးခင် အဘိုးအို က ပြောပြ သည်။ `ခုနက ဘေးအိမ်ကို သူခိုးတွေ ၀င်တယ်။ အိမ်ရှင်က သေနတ်နဲ့ ပစ်လိုက်ပေမယ့် သူခိုးတွေကို မမှန် သွားဘူး´။ `ဒါပေမယ့် အဲ့ဒါပြဿနာပဲ´။`မင်း ထမင်းစားထားသင့်တယ်´။`အရာအားလုံးဟာ ဘုရားသခင်အလိုတော် အတိုင်းပါပဲ´။ အဘိုးအိုက သူ့အတွက် အသံတိတ်ဆုတောင်းပေးနေတယ်။ ခဏပါပဲ။ အဘိုးအိုက လှေကားအတိုင်း အိမ် အပေါ်ထပ်ဆီ ပြန်တက်သွားတယ်။ အခန်းသည် အေးစက်မှောင်မဲ စွတ်စိုတိတ်ဆိတ်လျှက်။
        သူအိပ်မောကျနေသည်မှာ မည်မျှကြာသွားမှန်းမသိတတ်။ မြေကြွက်သုံးလေးကောင်သည်  အေးစက် ခဲတောင့်နေသော ထမင်းကြမ်းများကို အလုအယက်စားနေကြသည်။ ကော်ဖီခွက်သည် ကြမ်းပြင်ပေါ်တွင် ဖိတ်စင်လျှက်။ ပေါင်မုန့်ကြမ်းကိုမူ အစအနများပင် မတွေ့ရတော့။ သို့သော် သူဆာလောင်ခြင်းမဖြစ်မိပေ။ ယခုအချိန်သည် နေ့လား၊ ညလား ဆိုသည်ကိုပင် သူမပြောနိုင်။ ဘာလိုဖြစ်ဖြစ် အဘိုးအိုနှင့် မတွေ့လိုက်ရသည့် အတွက် တစ်ခုခုလိုနေသလို ခံစားနေရသည်။ ထို့ပြင် သူ ဘာဖြစ်လို့ ဒီအခန်းလေးထဲ ရောက်နေတာလဲ ဆိုသည်ကိုလည်း မေးမြန်းချင်နေသည်။ ထို့ပြင် ဘယ့်အတွက်ကြောင့် အခုလို မလှုပ်ရှားနိုင်လောက်သည် အထိ နှိပ်စက်ခံခဲ့ရသည်ကိုလည်း သိချင်နေသည်။ ထိုအရာများ ထက် အပြင်းအထန် သူသိချင်နေသော အရာမှာ သူဘယ်သူလဲ ဆိုတာကိုပင် ဖြစ်သည်။ သူ နားစွင့်နေလိုက်သည်။ အိမ်အပေါ်ထပ်မှ ခြေသံပြင်းပြင်းများ ကြားရလေမလား။ သို့တည်းမဟုတ် အခန်းတံတားဖွင့်သံ၊ လှေကားမှ ဆင်းလာသည့် ဖိနပ်သံ၊ ဘေးအိမ်မှ ပစ်လိုက်မည့် သေနတ်သံ၊ လမ်းမပေါ်မှ လူတစ်ချို့၏ အော်ဟစ်စကားပြောသံ။ တစ်စုံတရာသော အသံ တစ်သံကို သူ တိတ်ဆိတ်စွာ မျှော်လင့်နေမိသည်။   
        မနေ့ညက အိပ်မက်ထဲတွင် အဘိုးအိုကို တွေ့ရသည်။ အဘိုးအိုသည် စစ်ဗိုလ်တစ်ယောက်နှင့် စကား အခြေအတင် ပြောနေသည်။ သူတို့ ပြောနေသည်မှာ ပြင်သစ်စကား၊ အင်္ဂလိပ်စကားလား၊ ဂျာမန် စကားလား။ စကားသံ တို့ကားေ၀၀ါးလွန်းလှသည်။ ထို့နောက် စစ်ဗိုလ်သည် အဘိုးအိုအား ရိုက်နှက်ကန်ကျောက်ကာ ဖမ်းဆီးခေါ်ဆောင် သွားသည်။ သူ ဘာမှ မတတ်နိုင်။ အိပ်ယာနိုးတော့ သူတစ်ကိုယ်လုံး ဇောချွေးများနှင့် ရွှဲနစ်လို့။ သည်လိုနှင့် အချိန်တွေ ကုန်လွန်သွားခဲ့သည်။ မျက်နှာကျက်မှ မည်သည့်ဖုန်မှုန့်တစ်စတလေမျှ ကျမလာခဲ့တော့။ အဘိုးအို၏ ခြေသံပြင်းပြင်းကို မကြားရသည်မှာလည်း ကြာခဲ့ပြီ။ အစာမစားရသည့် ရက်တွေ များလာတာကို သူသိသည်။ အဘိုးအို ချထားပေးခဲ့သော ရေဗူးလေးထဲတွင်လည်း ရေတစ်စက်မှ မရှိတော့။ မျက်လုံးများသည် မဖွင့်နိုင်လောက်အောင်ပင် လေးလံကိုက်ခဲနေသည်။ တစ်ကိုယ်လုံးလည်း အေးစက်နာကျင်လို့။ သူ့နံဘေးတွင် တစ်စုံတစ်ယောက်ရှိနေဖို့ မျှော်လင့်မိသော်လည်း ထိုဆန္ဒသည် ဖြစ်မလာနိုင်မှန်း သူသိနေသည်။ သိပ်မကြာမီ သူအရမ်းမျှော်လင့်နေသော အသံတစ်သံကို သူကြားရသည်။
          အခန်းတံခါးဖွင့်သံဖြစ်သည်။ သို့သော် ယခင်ကြားနေကျ အဘိုးအို၏ အခန်းတံခါးဖွင့်သံမျိုးမဟုတ်။ ကြမ်းတမ်း လွန်းသည်။ ထို့နောက် သူ့မျက်နှာပေါ်သို့ အိမ်အပေါ် မျက်နှာကျက်မှ ဖုန်မှုန့်များ တရစပ် ကျလာသည်။ မော့ကြည့်လိုက်သည့် သူ့မျက်လုံးများသည် မဖွင့်နိုင်တော့သဖြင့်သာ ကံကောင်းခဲ့တော့သည်။ သို့သော် သူ အားစိုက်၍ မျက်လုံးများ ဖွင့်နိုင်အောင် ကြိုးစားကြည့်မိသည်။ သို့သော် မျက်လုံးများကား ဖွင့်မရ။ အိမ်အပေါ်ထပ်မှ ခြေသံပြင်းပြင်းများကို ဆက် တိုက် ဆက်တိုက် ကြားနေရသည်။ ထို့နောက် မြေအောက်ခန်းတံခါး ဖွင့်သံ။ မြေအောက်ခန်းသံ လှေကားမှ ဆင်းလာ သည့် ဖိနပ်သံများ။ ထို့နောက် သူအကြားချင်ဆုံးသော စကားသံတစ်ခုကို သူ ပီပီသသကြားလိုက်ရသည်။
    ` ဒီမှာတွေ့ပြီ ဂျူးတစ်ကောင်´။
    ထိုနေ့ နောက်ပိုင်းရက်များတွင် အဘိုးအိုနှင့် သူ စကားတွေများစွာ ရယ်ရယ်မောမော ပြောဖြစ်ကြပါလိမ့်ဦးမည်။

မင်းနဒီခ
၁၊၄၊ ၂၀၁၄

No comments:

Post a Comment