ဆက်လက်ရှုစားရန် ရုပ်ရှင်
သေဆုံးခြင်းဆိုတာ ပုံစံခွက်တစ်ခုပဲ (ဂျူးလိယက်ဆီဆာ)
အခန်းတံခါးတွေဟာ အလိုလိုပွင့်လာတယ်
မှန်ကွဲစတွေဟာ ကြမ်းပြင်ပေါ် စနစ်တကျပြန့်ကျဲလို့
ဧည့်ခန်းထဲမှာ ဖိတ်စာမရတဲ့ ဧည့်သည်တွေဟာ ကျကျနန နေရာယူထားတယ်။
ဓမ္မတေးတွေဟာ အခု ငါတို့ နားနဲ့ မဆန့်တော့ဘူး
ညီးတွားနေရင်း အသက်ရှူရတာ ခက်ခဲမှန်း သိရှိပြီးတဲ့နောက်
ဖန်ခွက်အလွတ်ထဲ ရေခဲတုံးတွေ အရင်ထည့်လိုက်တယ်
ရေခဲတုံးတွေ အရည်ပျော်ပြီဆိုတော့မှ ငါတို့ ပြန်ကကြတာပေါ့။
ခန်းစီးလိုက်ကာတွေဟာ အမြဲတမ်း အနီရောင်ပဲ
စဉ်းစားခန်းဟာ ဖလင်ပြကွက်တွေကို နှေးပစ်လိုက်တယ်
ရောင်စုံခြယ်အိပ်မက်ထဲ ကောင်းဘွိုင်လို သေနတ်တွေပစ်ကြ မြင်းတွေ စီးကြ
ငွေအကြွေစေ့တစ်စေ့ကို မြှောက်တင်လိုက်တိုင်း
လူတစ်ယောက်သေဆုံးတော့မယ်ဆိုတာ သိလိုက်ကြ။
ချစ်ခန်း ကြိုက်ခန်းတွေဟာ အနည်းဆုံးအခြေအနေမှာတောင် ဆင်ဆာဖြတ်ခံရသလို
ငါတို့ ဒုက္ခမှာ ငါတို့ မြူးကြွလို့ တဟားဟားရယ်မိတယ်။
ဘယ်သူလဲ ဘယ်သူလဲ အမှန်တရားဟာ ဘယ်သူလဲ
တံခါးတွေကို သော့ခတ်မထားဖို့ ငါဘယ်လို တောင်းပန်ရမလဲ
အရူးဟာ သူ့ကိုယ်ပိုင်နံပါတ်ကို အမှားအယွင်း အထစ်အငေါ့မရှိ ရွတ်ပြတယ်။
ဒီလိုနဲ့ အဆုံးသတ်မှာ သေနတ်ကို သူ့နေရာသူပြန်ထားခဲ့ပါတယ်
ငါတို့ဟာ ဘုရားသခင်ရှေ့မှောက်မှာ တုံးအသူ
ငါတို့ဟာ အပြစ်သား ငါတို့ဟာ အမှိုက်သရိုက် ငါတို့ဟာ မြေသားဆန်ဆန်
လောကပစ်ကွင်းထဲ လမ်းသလားလို့။
နံရံတွေကိုပဲ အပေါက်ဖြစ်အောင် ဖောက်ခဲ့ပါတယ်
နားတွေကို မကြားစေအောင် ဆုမတောင်းဖြစ်ခဲ့ဘူး
သေခြင်းတရားဟာ ပုံစံခွက်တစ်ခုပဲဆိုရင်
တရားသဖြင့် တည်ဆောက်ခဲ့ပါတယ်
အရာရာ။
မင်းနဒီခ
၂၆၊ ၈၊ ၂၀၁၄
No comments:
Post a Comment