စာအုပ်အမည် မနေ့က လင်းသက်ငြိမ်
ရေးသူ လင်းသက်ငြိမ်
ထုတ်ဝေသည့်ကာလ သြဂုတ်လ၊ ၂၀၁၄
ထုတ်ဝေသည့်တိုက် AMK Creation
၂၀၁၂၊ ဒီဇင်ဘာ၊ ၁၄။ မနက်လင်းလုလုဆီက လိုက်ပါစီးနင်းခဲ့သော ရထားသည် နေ့ ၁၂ နာရီဝန်းကျင်တွင် ကောလင်းသို့ ဆိုက်ရောက်သည်။ ရထားဘေး ဘယ်ညာတွင် ရထားပေါ်တက်မည့် ခရီးသည်များ၊ ထမင်းရောင်းသူများ၊ ရေရောင်းသူများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ဆိုင်ကယ်ကယ်ရီသမားများ စသည်ဖြင့် ပျားပန်းခတ်မျှ လှုပ်ရှားနေကြ သည်။ ထိုသို့ လှုပ်ရှားနေသော လူများအကြားမှ ဝှေ့ယမ်းနေသော လက်တစ်ဖက်ကို လှမ်းမြင်လိုက်သည်။ ထိုလက်ပိုင်ရှင် မှာ လင်းသက်ငြိမ်။ ကဗျာဆရာ လင်းသက်ငြိမ်။ လွန်ခဲ့သော နေ့များမှ လင်းသက်ငြိမ် ဖြစ်သည်။
တကယ်တမ်းကျတော့ ကောလင်းသည် ကျွန်တော်နှင့် မစိမ်း။ မန္တလေးတွင် ကျွန်တော်နှင့် ညီအစ်ကိုလို၊ သူငယ် ချင်းလို ချစ်ခင်ရသူ ကဗျာဆရာတစ်ဦးဖြစ်သည့် မောင်နိုင်လင်း(ကောလင်း) ပတ်သက်ပြီး ကောလင်းကို ရင်းနှီးခဲ့ ရသည်။ ထို့နောက် လင်းသက်ငြိမ်ကို ရင်းနှီးခဲ့ရသည်။ မှတ်မှတ်ရရ ကောလင်းသို့ ကျွန်တော်ရောက်သည့်နေ့က သူ့လာကြိုသည်။ ညပိုင်းသူ့ရဲ့ မဉ္ဖူရီ စာအုပ်ဆိုင်လေးသို့ ခေါ်သွားသည်။ သူ့ဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ အားမာန် လက်ဖက်ရည်ဆိုင်လေးတွင် ကောလင်းလူငယ် ကဗျာဆရာ အချို့နှင့် စကားပြောဖြစ်သည်။ သူ့တို့ရေးသားခဲ့သော အမှတ်တရ ကဗျာပန်းဖလက်များကို ဖတ်ခွင့်ရခဲ့သည်။ ကိုဆန်းလင်းဦး၊ ကိုဖုန်း(ကောလင်း)၊ ကိုမြူမင်းလွင်တို့နှင့် ဆုံရသည်။ ဆရာမိုးနောင်(ကောလင်း)နှင့် ထိုမဉ္ဖူရီစာအုပ်ဆိုင် လေးမှာပင် ဆုံခဲ့ရသည်။ ဆရာကြီး ရေးသားခဲ့သော သွေးသောက်မဂ္ဂဇင်းများမှ ကဗျာဆောင်းပါးများ ကို ကူးယူလေ့လာခွင့် ရခဲ့သည်။ ထို့နောက် ရထားစာတိုက်ရုံးလေးကို ရင်းနှီးခဲ့ရသည်။ ခမောက်တောင်ကို ရင်းနှီးခဲ့ရသည်။ ခေါပင်ချောင်းကို ရင်းနှီးခဲ့ရသည်။ အလိမ္မာ စာကြည့်တိုက်ကို ရင်းနှီးခဲ့ရသည်။ ဘယ်လောက်ထိရင်းနှီးခဲ့ပါသလဲဆိုရင် `ကောလင်းသား ကဗျာဆရာစာရင်းထဲမှာ ငါ့နာမည်ထည့်ထားလိုက်တော့´ ဟုပင် ပြောမိသည်အထိ ကောလင်းနှင့် ကျွန်တော် ရင်းနှီးခဲ့သည်။
ယခု ၂၀၁၄၊ သြဂုတ်လတွင် ကဗျာဆရာလင်းသက်ငြိမ်၏ ကဗျာစာအုပ်တစ်အုပ်ထွက်လာသည်။ ကဗျာစာအုပ် အမည်က`မနေ့ကလင်းသက်ငြိမ်´။ မနေ့ကလင်းသက်ငြိမ်နှင့် ဒီကနေ့လင်းသက်ငြိမ်သည် တစ်ယောက်တည်းလား။ ကွဲပြား သွားပြီလား။ ကဗျာအပေါ်ခံယူချက်၊ ကဗျာအပေါ်ထားရှိသည့် သစ္စာတရား၊ ကဗျာဖွဲ့စပ်ပုံနည်းနာတက္ကနစ်များ စသည်ဖြင့်။ ကဗျာဆရာမောင်နိုင်လင်း(ကောလင်း)ကတော့ `မနေ့က လင်းသက်ငြိမ်´အား ဤသို့ ဆိုသည်။
`သူ့ကဗျာတွေ ထဲမှာ ရိုးရှင်းသော အလှကို မြင်ရသည်။ လင်းသက်ငြိမ်ဘ၀နေထိုင်မှု ရိုးရှင်းသလို ကဗျာရေးဖွဲ့ရာ တွင်လည်း ရိုးရှင်းတည်ငြိမ် သည်။ ဒါသည်ပင် သူ့အပေါ် ကျွန်တော်မြင်တွေ့ခံစားမိသည့် ခံစားမှုအမြင် ဖြစ်သည်။´`သူသည် ကဗျာအတွက် နောက်မဆုတ်ခဲ့၊ မကြောက်ရွံ့ခဲ့၊ မခိုကပ်ခဲ့၊ ကဗျာကို ဖက်ရှင်တစ်ခုလို မ၀တ်ဆင်ခဲ့။ သူသည် ကဗျာ၌ မိုးဦးကျ ဖားတွေလို မဆူညံခဲ့။ သူသည် ကဗျာ၌ ရိုးသားသည်၊ ကြိုးစားသည်၊ သူပြေးနိုင်သလောက် ပြေးနေခဲ့တာ ကျွန်တော် မြင်သည်၊ သူသည် ကဗျာနှင့် ယှဉ်၍ မည်သည့်အရာကိုမှ ရွေးချယ်မည့်သူမဟုတ်တာ သေချာသည်´`တစ်မြေတည်း၊ တစ်ရေတည်း၊ တစ်မြို့တည်းသား ကဗျာဆရာညီငယ်အတွက် ကဗျာသည် မသေသော အသက် ဖြစ်မည်ဟု ယုံကြည် ပါသည်´။
အထက်ပါ အမှာစာသားများသည် မနေ့ကလင်းသက်ငြိမ် အပေါ် သူမြင်သည့်အမြင်ဖြစ်သလို ဒီကနေ့ လင်းသက် ငြိမ် သည်လည်း ယခင်အတိုင်းမပြောင်းမလဲတည်ရှိနေသေးသည်ဟု ကျွန်တော်ယုံကြည်နေမိပါသည်။ ကဗျာနှင့် ပတ်သက် လျှင် သူ့သွေးသည် ဆူဝေတက်ကြွနေမြဲ၊ ကဗျာသံကြားလျှင် ရောက်ရာအရပ်မှ သူခေါင်းထောင်ကြည့်နေမြဲ။ သူရေးသော ကဗျာများအတွက် ဘယ်တော့မှ သူ့ကိုယ်သူ အလိုပြည့်ဝသည်မရှိ။ သူ့အတွက် ကဗျာသည် သူ့ကမ္ဘာဖြစ်သည်။ ဘယ်နေရာ၊ ဘယ်အရပ်ဒေသရောက်ရောက် ကဗျာနှင့်အတူ သူရှိနေသည်။
သူ့ဝါသနာကို အရူးတံဆိပ်ကပ်လှောင်ပြောင်တတ်သူတွေကိုလည်း
သိပ်ကြာကြာစိတ်မကွက်တတ်တဲ့ကောင်
ဧည့်ခန်းထဲ ချိတ်ဆွဲထားစရာ
ဘွဲ့၊ ဆုတံဆိပ်၊ ဂုဏ်ပြုကတ်ပြား
ဘာ ဘာ ဘာမှ မရှိတဲ့ကောင်
လူအထင်မကြီးတဲ့ လက်လုပ်လက်စားဘ၀နဲ့
လူကြိုက်နည်းတဲ့ ကဗျာကို ချစ်ခင်စုံမက်နေတဲ့ကောင်
ဘ၀မှာ အလိမ်အခေါက်တွေပဲ များနေပြီး
အခုထိလည်း ဂိုးပေါက်နဲ့ လွဲချော်နေတဲ့ကောင်ပေါ့။
(လင်းသက်ငြိမ် ကဗျာမှ)
ကဗျာနှင့် ပတ်သက်ပြီး သူနာကျင်ခဲ့ရတာတွေ ရှိခဲ့ပါလိမ့်မည်။ သို့သော် အနုပညာများစွာထဲမှ ကဗျာကို ရွေးချယ် ခဲ့တာ မှားပြီဟု သူဘယ်တော့မှ နောင်တမရမှန်း သူနှင့်တွေ့တိုင်း သူထုတ်ပြလေ့ရှိသော ကဗျာများက သက်သေ ဖြစ်သည်။ ပြီးခဲ့သော ဇွန်လတွင် သူနှင့် ကျွန်တော် ပြန်တွေ့သည်။ ကောလင်းမြို့လေးတွင် မဟုတ်။ ရှမ်းပြည်နယ်၊ မြောက်ပိုင်း မြို့ငယ်လေးဖြစ်သည့် သိန္နိမြို့တွင် ဖြစ်သည်။ သူ့ဘ၀အတွက် ရေကြည်ရာ မြက်နုရာကို သူကျင်လည် ရွေ့လျားရမည်မှာ မှန်သော်လည်း ကောလင်း၊ မဉ္ဖူရီနှင့် သူ့ကို တစ်ကွဲတပြားမြင်ရသည်မှာ ကျွန်တော် အနည်းငယ် နာကျင်နေမိသည်။ မဉ္ဖူရီ ဟုတ်သည်။ ထိုစာအုပ်ဆိုင်လေးကို မမြင်ခင်ကတည်းက ကျွန်တော် ဆွတ်ကျင်မိသည်။ မြင်ရသည့်အခါ ကြည်နူးပီတိ ဖြစ်ခဲ့ရသည့် စာအုပ်ဆိုင်လေး။ ထိုဆိုင်လေးပေါ်မှာ ကျွန်တော် ဂစ်တာတီးပြီး သီချင်းတစ်ပုဒ် ဆိုခဲ့ဖူးသည်။ မှတ်မှတ်ရရ ကိုထူးအိမ်သင်၏ ` ချစ်တိုင်းလည်း မညား´။ အခု လင်းသက်ငြိမ်က သိန္နိမှာ။ မဉ္ဖူရီ စာအုပ် ဆိုင်လေးက ကောလင်းမှာပင် မရှိတော့။
ခွဲခွာခြင်းဟာ
ဆိုက်ရောက်လာခဲ့ပြီလား
မဉ္ဖူရီ
ဝါသနာနဲ့ ၀မ်းစာ
ယှဉ်ပြိုင်တဲ့ လွန်ဆွဲပွဲ
မျှော်လင့်ချက်ဟာ
အရောင်လွင့်သွားတဲ့ အိပ်မက်ပေါ့
ရွေးချယ်စရာ လမ်းသွယ်တွေကြား
ငါ မင်းလက်ကလေးကို လွှက်လိုက်ရတော့မှာလား
(မဉ္ဖူရီ ကဗျာမှ)
ထိုနေ့က ယခုထုတ်ဝေသည့် `မနေ့က လင်းသက်ငြိမ်´ စာအုပ်အဖုံးဒီဇိုင်းလေးကို သူဖုန်းလေးထဲမှ ဖွင့်ပြသည်။ ကဗျာဆရာ ညီမင်းဝေ၏ ဒီဇိုင်းလက်ရာနှင့်။ သူ့ကဗျာတွေ တစုတစည်းတည်း ပြန်ဖတ်ရတော့မှာမို့ ၀မ်းသာမိသည်။ လက်ဖက်ရည်ဆိုင် ခဏထိုင်ရင်း သူရေးထားသော ကဗျာစာရွက်များကို ထုတ်ပြသည်။ `သံပန်းသမား´ ကဗျာကို ဖတ်ရတော့ ကျွန်တော် နာကျင်ရသည်။ နောက်ထပ် ကဗျာခေါင်းစဉ်များမှာ `ငြီးငွေ့ခြင်း၁၇´၊ `ငြီးငွေ့ခြင်း ၁၉´။ ထို့နောက် ကျွန်တော်တို့နှစ်ယောက် နှုတ်ဆက်လိုက်သည်။ သိန္နိမှ လားရှိုးအပြန်လမ်းတစ်လျှောက် ကျွန်တော် စဉ်းစားနေမိသည်မှာ လင်းသက်ငြိမ်နှင့် ကဗျာအကြောင်း။ ကဗျာကို သူဖမ်းဆုပ်ကိုင်တွယ်ပုံက နယ်ပယ်စုံသည်။ သဘာဝပတ်ဝန်းကျင်၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ကမ္ဘာအရေး စသည်ဖြင့် သူ ခံစားရာ၊ သူ့ပတ်ဝန်းကျင်ရွေ့လျားရာ တစ်လျောက် ကဗျာကို သူ ရသလာက်ဖမ်းဆုပ်သည်။ များသောအားဖြင့် သူ့ကဗျာများတွင် အထင်းသားတွေ့မြင်နိုင်သည်မှာ ရိုးသားမှုဖြစ်သည်။ ကဗျာစကားလုံးဖွဲ့စပ်ပုံ၊ ပုံသဏ္ဍာန်တင်ပြပုံ၊ လိုင်းစီပုံများကအစ ရိုးရိုးရှင်းရှင်း ကဗျာကို တည်ဆောက်သည်။ သူ့ကဗျာများ၏ အလှဓာတ်မှာ ရိုးသားမှုအလှတရားပင် ဖြစ်သည်။ ကဗျာဖတ်သူ၏ စိတ်ကို ရိုးရှင်းလွယ်ကူစွာ စိမ့်ဝင်ကူးစက် ခံစားနိုင်စွမ်း စေသည်မှာ သူ့စေတနာ၊ သူ့အတတ်ပညာပဲ ဖြစ်သည်။
မျှော်တုန်း မျှော်ဆဲ ကန့်လန့်ကာနောက်က
ထွက်ချလာခဲ့ပါပြီ ကျွန်တော်တို့ အရပ်ထဲက မင်းသား
စင်အောက်က လူတွေ တခဲနက် ၀ိုင်းအော်လိုက်ကြတာ
ဟာ အောင်ဘုကြီး ပါလား တဲ့။
(မင်းသားအောင်ဘု ကဗျာမှ)
မည်းညစ်နေတဲ့ အ၀တ်စလေးဟာ
မှတ်တမ်းရုပ်ရှင်ဖြစ်တယ်
နာကျင်မှုကို ခေါင်းစဉ်ပြောင်း
ခုံမင်ခဲ့ရ
လေးမြတ်မှုကို
အဓမ္မ သိမ်းပိုက်ခြင်းခံခဲ့ရ
ကလေးတစ်ယောက်လက်ထဲက ရေခဲမုန့်လို
ရှင်သန်ခြင်းဟာ ပျော်နေပါတယ်။
( ကျယ်လောင်သော နာရီသံ ကဗျာမှ)
ကီးမြင့်တဲ့ သီချင်းပေါ့
နှလုံးသားနဲ့ သီဆိုမှ လှတယ်
ခေတ်အဆက်ဆက် တောင်းခဲ့ရတဲ့ ဆုပဲ
ပြောရမယ်ဆို ပြောရုံပဲ ပြောနေကြ
တရားကို နတ်စောင့်တယ်ဆိုတာ
ဒုတိယကိစ္စပါ။
( ငြိမ်းချမ်းရေး ကဗျာမှ)
ယခု `မနေ့က လင်းသက်ငြိမ်´ ကဗျာစာအုပ်ကို အသေအချာဖတ်ကြည့်မိသည့်အခါ ထူးခြားမှုတစ်ခုကို တွေ့မိ သည်။ ထိုအရာမှာ `ကမ္ဘာ´ဆိုသည့် စကားလုံးနှင့် လင်းသက်ငြိမ်၏ စိတ်စွဲအလေးအနက်ထား သုံးစွဲမှုအကြောင်းဖြစ်သည်။ မနေ့က လင်းသက်ငြိမ် ထဲတွင် `ကမ္ဘာ´ပါသည့် ကဗျာခေါင်းစဉ်များအဖြစ် ဒီကနေ့ကမ္ဘာ၊ တတိယကမ္ဘာက လာတဲ့စာ၊ ရိုမာန်တစ်ကမ္ဘာ၊ ကမ္ဘာ၊ ကမ္ဘာပျက်ခြင်း၊ မငြိမ်းချမ်းတဲ့ ကမ္ဘာ၊ ယနေ့ကမ္ဘာ့ဈေးကွက်သတင်း ဟူ၍ (၇)ပုဒ် ထည့်သွင်း ထားသည်။ ထို့အပြင် ကဗျာစာသားအတွင်း၌ `ကမ္ဘာ´ စကားလုံးထည့်သွင်းထားသည့် ကဗျာစုစုပေါင်း (၁၉)ပုဒ် ပါဝင်သည်။ သို့သော် ထိုသို့ ဖြစ်တတ်ခြင်းမှာ လင်းသက်ငြိမ်တစ်ယောက်တွင်သာမဟုတ် အခြားကဗျာဆရာ တော်တော်များများ တွင်လည်း သူတို့နှစ်သက်သည့် စကားလုံးတစ်ချို့တစ်လေကို ကဗျာများတွင် မကြာခဏ ထည့်သွင်းအသုံးပြုတတ်လေ့ ရှိသည်။ ထို့ပြင် မိမိတို့ဆီတွင်သာမဟုတ်။ အနောက်တိုင်းကဗျာလောကအတွင်းမှ နာမည်ကြီး ကဗျာဆရာကြီးများ တွင်ပါ ဖြစ်လေ့ဖြစ်ထရှိကြောင်း ဆရာ ဇော်ဇော်ထွန်းဆောင်းပါးတစ်ပုဒ်တွင် ဖတ်လိုက်ရဖူးသည်။ စကားလုံးထပ်ကျော့/ မကြာခဏ သုံးစွဲခြင်းသည် ပြဿနာမဟုတ်ပါ။ ကျွန်တော့်အတွက် ထူးခြားမှုတစ်ခုအဖြစ် မြင်တွေ့လိုက်မိခြင်းသက်သက်သာ ဖြစ်သည်။ အဓိကအနေဖြင့် ထိုသုံးစွဲလိုက်သော စကားလုံးသည် သူ့နေရာနှင့်သူ၊ သူ့အဓိပ္ပာယ်နှင့်သူ၊ ကဗျာ၏ နေရာလိုက်တန်ဖိုး၊ အ သုံးချတန်ဖိုးအားဖြင့် ကောင်းမွန်ပြီး ကဗျာအား ပိုမိုရုန်းကြွသက်ဝင်သွားစေဖို့သာ အရေးအကြီးဆုံးဖြစ်ပါသည်။ လင်းသက် ငြိမ် နှင့် ကမ္ဘာအချို့ကို ကျွန်တော်တင်ပြကြည့်ပါမည်။
ချိုးဖြူငှက်များ ပျံသန်းလာကြပြီ တဲ့
အိပ်မက်ထဲ ယောင်ယောင်အော်ဟစ်နေတဲံ
ဒီကနေ့ကမ္ဘာ။
( ဒီကနေ့ကမ္ဘာ ကဗျာမှ)
ယမ်းငွေ့တွေ ပြီးတော့
ပန်းတွေ တကယ်ပွင့်မှာလား
ကမ္ဘာ
(ပျော်ရွှင်ခြင်း ကဗျာမှ)
အားလုံး စနစ်တကျ ကွင်းဆင်းလေ့ကျင်ထားသလို
ဟန်ဆောင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာ
(ဟန်ဆောင်သူများနဲ့ လောက ကဗျာမှ)
အဲဒီကမ္ဘာရဲ့ကောင်းကင်က အမြဲတမ်း ကြည်စင်လင်းသစ်လို့
အဲဒီကမ္ဘာရဲ့ ကျန်းမာရေးက အမြဲတမ်းစိမ်းစိုလန်းဆန်းလို့
(ရိုမာန်တစ် ကမ္ဘာ ကဗျာမှ)
ရယ်သံတွေ မကုန်ဆုံးတဲ့ကမ္ဘာ
ငိုသံတွေ မပြီးဆုံးတဲ့ ကမ္ဘာ
(ပျော်ရွှင်ခြင်းဟာ ငါတို့လည်း ဆိုလို့ရတဲ့ သီချင်း ကဗျာမှ)
အခန်းဆိုတာ အထီးကျန်သူရဲ့ ပိုင်နက်ပဲ
အခန်းဆိုတာ အထီးကျန်သူရဲ့ ကမ္ဘာပဲ
( အခန်း ကဗျာမှ)
ဘယ်သူတွေ တရားပျက်လို့
ရာသီတွေ နရီတွေ ပြောင်းသွားတာလဲ
တစ်နှစ်ထက်တစ်နှစ် ပိုမိုယိုယွင်းဖောက်ပြန်လာတဲ့ကမ္ဘာ
( ဒီဇင်ဘာ ကဗျာမှ)
ပန်းပျိုးရင် ပန်းပွင့်တဲ့ လောကထဲ
ခေတ်အဆက်ဆက် စစ်ပွဲတွေနဲ့ ကမ္ဘာ
(မငြိမ်းချမ်းတဲ့ကမ္ဘာ ကဗျာမှ)
စူပါမန်းတွေ အိုင်းရွန်းမန်းတွေ
ဟယ်ရီပေါ်တာတွေနဲ့ ကမ္ဘာ
(တေးသွား ကဗျာမှ)
နေ့စဉ်ဖြတ်သန်းနေရသည့် လူမှုဘ၀ရိုက်ခတ်မှုများသည် များပြားလွန်းလှသည်။ ခေတ်နှင့် စနစ်၏ ဖိနှိပ်မှု အောက် မှ တွန်းထွက်လာသော ကဗျာများ၏ ရုန်းကန်မှုသည် ကဗျာဖတ်သူကို ဒေါသသင့်စေလိမ့်မည်မှာလည်း အမှန်ပင် ဖြစ်သည်။ သို့သော် မတတ်နိုင်။ ကဗျာဆရာသည် သူ့အပေါ်ရိုက်ခတ်မှုများအား ကဗျာဖြင့် ပြန်လည်မွေးဖွားခြင်း သက် သက် ဖြစ်သည်။ အနုမြူကမ္ဘာစစ်၊ အစ္စရေးနှင့် ဂါဇာ၊ အီဘိုလာနှင့် ဂျပန်ငလျင်၊ ပြည်တွင်းစစ်၊ တိုင်းပြည်၏ သယံဇာတ၊ သဘာဝ ပတ်ဝန်း ကျင်၊ အုပ်ချုပ်သူလူတန်းစား၏ တရားမျှတမှု၊ ဥပဒေအထက်တွင် မည်သူရှိသလဲ မေးခွန်း၊ ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် အစီရင်စာ၊ ဆင်းရဲမွဲတေမှုပပျောက်ရေးနှင့် သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေး၊ မပြီးဆုံးသေးသော တော်လှန်ရေး နှင့် စီးပွားရေးနယ်ချဲ့ဝါးမြိုမှု၊ လူမျိုးခြားကြီးစိုးမှုနှင့် အမျိုးဘာသာသာသနာထိန်းသိမ်းရေး စသည်ဖြင့် မိမိရောက်ရှိနေသော ခေတ်ကြီးက ပခုံးပေါ်တင်ပေးလိုက်သည့် ဒုက္ခတရားကို ကဗျာဖြင့် နာနာကျင်ကျင် တိုက်ပွဲဝင် ကြရဦးမည်သာ ဖြစ်သည်။ ပန်းတို့ ပွင့်နေသည်။ ပန်းတို့အကြောင်း ကဗျာမရေးနိုင်၊ စမ်းရေ ကြည်နေသည်။ စမ်းရေ အကြောင်း တေးမသီနိုင်။ ခေတ်စနစ်၏ ပွန်းပဲပြတ်ရှရာများအတွက် အုတ်တစ်ချပ်ဖြစ်စေ ကိုယ်နိုင်ရာ ၀န်အဖြစ် ကဗျာဖြင့် ပခုံးထမ်းကြရသည်။ ခေတ် ပေါ်ဖြစ်စေ၊ ခေတ်ပြိုင်ဖြစ်စေ၊ နိုင်ငံရေး ကဗျာဖြစ်စေ၊ အချစ်ကဗျာဖြစ်စေ ကဗျာ၏ အဆုံးသတ်တန်ဖိုးမှာ ကဗျာ မြောက် မှုသာ ဖြစ်သည်ဟု ကျွန်တော်ဖြင့် ခံယူမိသည်။ ခေတ်အဆက်ဆက် မပစ်ရက်သည့် ကဗျာများနှင့် ကဗျာဆရာများထဲတွင် လင်းသက်ငြိမ်နှင့် သူ၏ ကဗျာများ ကို ပါဝင်နေစေချင်ပါသည်။ ဤသို့ဖြင့် မနေ့က လင်းသက်ငြိမ် ကျန်းမာပျော်ရွှင်ပါစေ ကြောင်းနှင့် ကဗျာများ ဆက်လက် ရေးသားကာ ကဗျာဝန်ထမ်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါသည်။
မင်းနဒီခ
၃၁၊ ၈၊ ၂၀၁၄
No comments:
Post a Comment