Wednesday, September 30, 2015

မနီကလေးအကြောင်း - မင်းနဒီခ



မနီကလေးအကြောင်း



`မနီကလေး ဘယ်ကလာ
အိမ်က ထွက်လို့လာ

မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား´

၁၉၇၈
အမေက သမီးဖြစ်သူကို ကဗျာသင်ပေးနေတယ်
သမီးက အမေသင်ပေးတဲ့အတိုင်း
အမူအယာလုပ်ပြီး ကဗျာကို လိုက်ဆိုလို့။

`စာသင်ကျောင်းက ဘာတွေသင်
စာရေး စာဖတ်သင်

စာရေး စာဖတ် ဘာလုပ်ဖို့
မနီကလေး လိမ္မာဖို့´

၂၀၁၅
အမေက သမီးဖြစ်သူကို ကဗျာသင်ပေးနေတယ်
သမီးက အမေသင်ပေးတဲ့အတိုင်း
ကဗျာကို လိုက်ဆိုရင်း အမူအယာလုပ်လို့။

ဆေးလိပ် တိုခဲ့ပြီ
နေလည်း ညို ခဲ့ပြီ
မနီကလေးဟာ စာသင်ကျောင်းကိုသွားနေတုန်းပဲ
မနီကလေးဟာ လိမ္မာဖို့ စာသင်နေဆဲပဲ
နှစ်များ၊ စနစ်များ၊ ခေတ်များ စီးဆင်းသွားကြပြီ
အမေက သမီးထံသို့
သမီးကနေ မြေးထံသို့
ကဗျာများ ဆက်လက်စီးဆင်းနေဆဲ
နောင်နှစ်များစွာထိ စီးဆင်းမြဲပေါ့။

(ဆရာတင်မိုးသို့ အမှတ်တရ ဂါရ၀)
မင်းနဒီခ
(၂၇၊ ၉၊ ၂၀၁၅)

No comments:

Post a Comment